Saturday, May 2, 2015

သာတဲ့ ပုဂံမြေ (၃)

နေမြင့်လာတော့ နည်းနည်းပူသလို ထင်ရတယ်။ ဒါပေမဲ့ ညင်ညင်သာသာ တိုက်နေတဲ့ လေလေးကတော့ အေးနေတာပဲ။ ဒီမှာ ကြည့်ပါအုံး ခြောက်သွေ့မှုနဲ့ စိန်းလမ်းမှု  နှစ်မျိုး ရောယှက်နေတဲ့ကြားမှာ လှပနေတဲ့ ပုဂံ...
မြစေတီဘုရားပြီးတော့ ဖူးရတဲ့ဘုရားကတော့ ထုမှာ ဓမ္မရံ လို့ ဆိုကြတဲ့ ဓမ္မရံကြီးလှိုဏ်ဂူတော်ကြီးပါ။ ပုဂံမှာ ရှိတဲ့ ထုထည်အကြီးမားဆုံး ဘုရားတွေထဲမှာ တခုအပါအဝင်လို့ သိရပါတယ်။
ဒီလှိုဏ်ဂူတော်ကြီးရဲ့ ထူးခြားချက်ကတော့ အုတ် အင်္ဂတေ ပန်းရန် ဗိသုကာ လက်ရာပါ။ အုတ်စီပုံစီနည်းက ဓါးစီခုတ် လို့ခေါ်တဲ့ ဓါးနဲ့ ရွေခုတ်ပြီးမှ အင်္ဂတေ ညှပ်ပြီး စီတာဖြစ်လို့ အပ်တောင် ထိုးလို့ မဝင်အောင် စေ့စပ်တယ်၊ ပေါင်းကူးနဲ့ နံရံတွေလည်း အင်မတန် ခိုင်ခံ့တယ်လို့ သိရပါတယ်။ ကြည့်ပါအုံး ဟိုးရှေးရှေးက ခန်းနားလှပတဲ့ လက်ရာ...
ဓမ္မရံကြီးလှိုဏ်ဂူတော်ကြီးက အပြန်မှာ တုရင်တောင် စွယ်တော်ရှင်စေတီကို သွားဖူးရမယ်လို့ သိရပါတယ်။ တုရင်တောင်ကို အသွားလမ်းမှာ ဝင်ရောက်ဖူးမျှော်ခဲ့ရတာကတော့ စူဠာမဏိ စေတီပါ။ မှန်နန်းမဟာရာဇဝင်တော်ကြီးမှာ ပြည်သူ လူတကာတို့ စီးပွားကို ဆောင်တော်မူ၍ နိဗ္ဗာန်မဂ်ဖိုလ် အလို့ငှာ လိုဏ်နှစ်ဆင့်ရှိသော ကြီးစွာသော ကောင်းမှုတော်ကို တည်တော်မူ၍ စူုဠာမဏိဟူသော အမည်ကို သမုတ်တော်မူ၏ လို့ ရေးထားကြောင်း မှတ်သားခဲ့ရပါတယ်။
ဒါကတော့ စုဠာမဏိစေတီ အဝင် လမ်းကလေးပါ။
စူဠာမဏိ စေတီက အထွက်မှာ ကြေးစည်လေးတွေနဲ့ ခေါင်းလောင်းတွေ ရောင်းတဲ့ ဆိုင်လေး တွေ့ခဲ့ရတယ်။ အင်မတန်မှ အသံသာတဲ့ ကြေးခေါင်းလောင်း ညိုဝါဝါလေးတွေ။
ချစ်စရာ ခေါင်းလောင်းလေးတွေကို ဓါတ်ပုံရိုက်ပြီးတော့ စွယ်တော်ရှင်စေတီကို ဖူးမျှော်ဖို့အတွက် တုရင်တောင်ကို ဆက်သွားကြပါတယ်။ တုရင်တောင်ကိုရောက်ဖို့ တော်တော်လေးတော့ မောင်းသွားရတယ်။ တောင်ပေါ်ရောက်တော့ စွယ်တော်ရှင် အလိုတော်ပြည့် စေတီကို သာယာကြည်လင်တဲ့ ကောင်းကင်ကြီးအောက်မှာ အခုလို သပ္ဗါယ်စွာ ဖူးတွေ့ရပါတယ်။ 
ပြီးတော့ မြကန်သာ… တုရင်တောင်ပေါ်က တွေ့ရတဲ့ မြကန်သာပါ။ မြကန်သာ တောင်ကျ ချောင်းတေး ရေဝင်ပြေးလှည့် ရေအေးကြည်စွာ လို့ ဖတ် မှတ်ခဲ့ရဖူးတယ်။ အခုတော့ ဒီလိုပဲ ခြောက်ခြောက်သွေ့သွေ့ မြင်ခဲ့ရပါတယ်။
တုရင်တောင် အပြန်လမ်းတနေရာမှာ တွေ့ခဲ့ရတဲ့ ထန်းတောတွေပါ။
တုရင်တောင်ကနေ ပြန်လာတော့ မဟာငှက်ပစ်တောင် မြတ်စွာဘုရားကို ဝင်ဖူးပါတယ်။ အဲဒီဘုရားအတွင်းဖက်မှာ တနေရာနဲ့ တနေရာကို ဥမင်လိုဏ်ခေါင်း နိမ့်နိမ့်လေးတွေနဲ့ ဆက်သွယ်ထားပါတယ်။ အရင်ကတော့ ငှက်တွေ ရှိတယ် လို့ ပြောတယ်။ အခုတော့ ဘာငှက်မှ မတွေ့ခဲ့ရပါဘူး။ ပုံထဲမှာ တွေ့တဲ့ ငှက်ကြီးသို့ ဆိုတဲ့ စာပဲ တွေ့ခဲ့ရပါတယ်။
အဲဒီကအပြန်မှာ ရှင်အရဟံ အုတ်ကျောင်းကို ရောက်တော့ ငြမ်းတွေနဲ့ အဆောက်အဦးကို ပြန်လည်ပြင်ဆင်နေတာမို့ အထဲကို မဝင်နိုင်ခဲ့ပါဘူး။
အဲဒီကနေ ဆက်သွားဖြစ်တာကတော့ မင်းကျန်စစ်ရဲ့ ကောင်းမှုတော် အာနန္ဒာလိုဏ်ဂူ ဘုရားပါ။
ဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူခဲ့ပြီးဖြစ်တဲ့ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ နဲ့ ဂေါတမ ဘုရားလေးဆူကို ရည်မှန်းထုလုပ်ထားတဲ့ ပေသုံးဆယ်ခန့် အမြင့်ရှိတဲ့ မတ်ရပ်ရုပ်ပွားတော်ကြီး လေးဆူကို ဖူးတွေ့နိုင်ပါတယ်။ (အလင်းအမှောင်ကြောင့် ရုပ်ပွားတော်တွေရဲ့ အရောင်ကို တညီတညာထဲ တူအောင် ညှိလို့မရ ဖြစ်သွားပါတယ်။)
ပျဉ်ပြားမင်းဟာ ပုဂံမြို့ကို ကျုံး မြို့ရိုး အပြည့်အစုံနဲ့ တည်ထားခဲ့ရာမှာ ပုဂံမြို့ရိုးမှာ စုစုပေါင်း တံခါးပေါက် တဆယ့်နှစ်ခု ရှိခဲ့ဖူးပါတယ်။ ဧရာဝတီမြစ်ရဲ့ တိုက်စားမှုကြောင့် အခုအခါမှာ အရှေ့ဖက် တံခါးပေါက် တခုသာ ထင်ထင်ရှားရှား ကျန်ပါတယ်။ အဲဒီတံခါးပေါက်ကို သရပါ လို့ အမည်တွင်စေပါတယ်။ သရပါ ဆိုတာ မြားကို ဆီးကာသော တံခါး လို့ အနက်ရှိကြောင်း မှတ်သားခဲ့ရပါတယ်။

ဘယ်နေရာကို ရောက်ရောက် ပြတင်းပေါက်တွေနဲ့ တံခါးတွေကို အမြဲသဘောကျလေ့ရှိတဲ့သူမို့ သရပါတံခါးကို ဓါတ်ပုံတွေ အများကြီး ရိုက်ဖြစ်ပါတယ်။ ကားတွေ၊ လူတွေ၊ စက်ဘီးတွေ၊ မြင်းလှည်းတွေ ဥဒဟို ဖြတ်သန်းသွားလာနေတာမို့ ဓါတ်ပုံရိုက်ဖို့ အချိန်တော်တော် စောင့်ရပါတယ်။ သရပါနားမှာ ရိုက်ဖြစ်တဲ့ပုံတွေထဲမှာတော့ အခုလို မြင်းလှည်းလေးတစီးထဲ ရှင်းရှင်းလင်းလင်း ပါအောင် စောင့်ရိုက်ထားတဲ့ ဒီပုံလေးကို အကြိုက်ဆုံးပါပဲ။
သရပါကနေ ပြန်တော့ နေ့လည်စာ စားဖို့ အချိန်တောင် အတော် လွန်နေပြီ။ ဒါနဲ့ အပြန်လမ်းမှာ ရှိတဲ့၊ ဟင်းအမည်စုံုံစုံလင်လင်ရတယ်လို့ နာမည်ကြီးတဲ့ မျိုးမျိုး ထမင်းဆိုင်လေးမှာ ဝင်စားကြပါတယ်။ ဟင်းတွေကို တယောက်စာ ပန်းကန်သေးသေးလေးတွေမှာ ထည့်ထားပြီး ကိုယ်ကြိုက်တာ ကိုယ်စား၊ ပန်းကန်အရေအတွက်နဲ့ ပိုက်ဆံရှင်းရတဲ့ ဆိုင်လေးပါ။ ကိုယ်ကသာ တချို့ဟင်းတွေ သိပ်မစားတတ်ပေမဲ့ လူကြီးတွေကတော့ ချဉ်ပေါင်ဖူးထောင်းတို့ နှမ်းဖတ်ချဉ်တို့ တွေနဲ့ စားပြီး မြိန်တယ်လို့ ပြောကြတယ်။
ထမင်းစားပြီးရင် ခဏနားမယ်နော်… နေကလည်း အတော်လေး ပူနေပြီ။ ညနေစောင်းမှ ဘုရားဖူးပြန်ထွက်ကြတာပေါ့။

သက်ဝေ
(၂ မေ ၂၀၁၅)

4 comments:

  1. အ များ နဲ့ မ တူ တဲ့ ဓါ တ် ပုံေ တွ ကြ ည့် ရ တာေ ကျ န ပ် စ ရာ ပါ ။
    သ ရ ပါ တံ ခါး အ နီး မှာ မြ င်း လှ ည်းေ မာ င်း သွား တဲ့
    ကို သ က်ေ ဝ ကို မြ င် လို က် မိ သ လို ပါ ပဲ ။

    ReplyDelete
  2. အမသက်ဝေ ဓါတ်ပုံတွေက ကောင်းလိုက်တာ။ ပုဂံရှုခင်းပုံတွေ တစုတစည်းတည်း ကြည့်လိုက်ရလို့ ကျေးဇူးတင်ပါတယ်။ အဲလို စိတ်ရှည်လက်ရှည် တခါမှမရိုက်ဖူးဘူး။ ပုဂံရောက်တိုင်း ဓမ္မရံကြီးဘုရားဝင်းထဲမှာ အရိပ်ခိုပြီး အးအေးဆေးဆေးသွားထိုင်နေကျ။ မြန်မာပြည်ထဲမှာပဲနေရင်း ပုဂံကိုလွမ်းသွားတယ်။

    ReplyDelete
  3. တော်လိုက်တာ အမသက်ရယ်... ဓါတ်ပုံတွေက အရမ်းကောင်းတာပဲ

    ReplyDelete
  4. ပြတင်းပေါက်တွေနဲ့ တံခါးတွေကိုကြိုက်တတ်တာတော့ တူသွားပြီ အမသက်ရေ။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...