Wednesday, July 1, 2015

အ နီ ေ ရ ာ င် နှ င်း ဆီ ပွ င့် များ နှ င့် အ တူ - ၁

မင်း ရောက်တဲ့နေရာတိုင်းမှာ အနီရောင်ရင့်ရင့် နှင်းဆီပွင့်လေးတွေကို ရှာကြည့်ပါ… ပန်းကလေးတွေဟာ ကိုယ့် ကိုယ်စား မင်းကို နှုတ်ဆက်နေကြလိမ့်မယ်လို့ သူက ဆိုခဲ့တယ်။ ဆိုခဲ့တဲ့အတိုင်းပါပဲ… ဟိုတယ်ထဲကို ၀င်ဝင်ချင်း ကျွန်မ တွေ့လိုက်ရတာက ကြက်သွေးရောင်ဖက်ကို ရောက်လု ရောက်ခင်ဖြစ်နေတဲ့ ချစ်စဖွယ် နှင်းဆီပွင့်တွေ။ ခရီးစဉ်အတွက် စိတ်လှုပ်ရှား ပျော်ရွှင်မှုရယ်၊ နှင်းဆီနီတွေကို မြင်လိုက်ရလို့ ၀မ်းသာကြည်နူးမှုတွေရယ်က ကျွန်မရဲ့ ညနေခင်းကို ပြည့်စုံလှပသွားစေတယ်။ ကျွန်မ နှင်းဆီတွေအနားကို သွားပြီး ချစ်စရာ ပွင့်ဖတ် နီညိုလေးတွေကို အသာ ထိတွေ့လို့ နှုတ်ဆက်လိုက်တယ်။ ပြီးတော့ ပျော်ရွှင်ကြည်နူးတဲ့ စိတ်အစဉ်နဲ့ ကျေးဇူးတင်ပါတယ် နှင်းဆီတွေရယ် လို့ ပြောခဲ့လိုက်တယ်။
(ကျွန်မကို ကြိုနေကြတဲ့ နှင်းဆီတွေထဲက ချစ်စရာ နှင်းဆီ နှစ်ပွင့်)

တကယ်ဆို ကျွန်မ ရောက်နေတဲ့နေရာဟာ နှင်းဆီတွေနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ ဆိုရမဲ့ နေရာ။ အဲဒီလို မသက်ဆိုင်တဲ့နေရာမှာ သူ စေလွှတ်ထားတဲ့ နှင်းဆီတွေ ကျွန်မအနားကို ကြိုရောက်နေကြတာ ဘယ်လောက်အံ့သြစရာ ကောင်းလိုက်သလဲနော်။ ဟုတ်ပါတယ်… ကျွန်မ အခု ရောက်နေတဲ့နေရာက အင်ဒိုနီးရှားနိုင်ငံရဲ့ အထင်ကရ ကမ်းခြေလေးတခု၊ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေနဲ့ အစဉ်အမြဲစည်ကားနေတဲ့ ဘာလီ ကမ်းခြေပါ။

မြို့တော် Denpasar မှာ ရှိတဲ့ လေယာဉ်ကွင်းကို ဆင်းဆင်းချင်း တွေ့လိုက်ရတာက ထုထည်ကြီးမားခိုင်ခံ့ပြီး အနုပညာလက်ရာမြောက် ထွင်းထုထားတဲ့ အုတ်တံတိုင်း အနီရောင်တွေ၊ ဟိုတယ်ကို အသွား လမ်းတလျောက်မှာ တွေ့ရတဲ့ လူနေအိမ်တွေ ရုံးတွေ စာသင်ကျောင်းတွေ အားလုံးမှာ အဲဒီလို အုတ်ရိုးတွေ ကိုယ်စီကာလို့။ တကယ်ကို လက်မှုပညာ အနုအလှလက်ရာတွေနဲ့ တည်ထားတဲ့ စိတ်ဝင်စားစရာ ကျွန်းမြို့ကလေး တမြို့ပါလားလို့ သဘောတကျ တွေးနေမိတယ်။
(ဘာလီကျွန်းလေးရဲ့ မြို့တော် Denpasar မှာ ရှိတဲ့ လေယာဉ်ကွင်းက အထွက်)
(ဒါကတော့ ကျွန်မ တည်းခိုမဲ့ Kuta Paradiso Hotel ပါ)

ပြောခဲ့သလိုပါပဲ… ဟိုတယ်ကိုရောက်တော့ ကျွန်မကို ကြိုနေတဲ့ နှင်းဆီတွေကို နှုတ်ဆက်ပြီး ကျွန်မ နေရမဲ့ အခန်းထဲကို ၀င်လာခဲ့တယ်။ အခန်းထဲကို ၀င်ဝင်ခြင်း တွေ့လိုက်ရတာက ကြက်သွေးရောင်ရင့်ရင့် ပန်းတပွင့်ပါတဲ့ ပန်းအိုးအပြာကလေး။ အို... ဒါကရော သူ ပို့ထားတဲ့ ပန်းကလေးပဲလားလို့ တွေးပြီး ကျွန်မ ကြည်နူး ပျော်ရွှင်သွားပြန်တယ်။ ဒီမှာကြည့်ပါအုံး...
(ကျွန်မ နေရမဲ့ အခန်းထဲက ပန်းအိုးကလေး)

အခန်းထဲမှာ ပစ္စည်းတွေကို နေရာချနေစဉ်မှာပဲ တံခါးခေါက်သံကြားတယ်။ ဖွင့်ကြည့်လိုက်တော့ Kuta Paradiso Hotel က လှိုက်လှဲစွာ ကြိုဆိုပါတယ် လို့ ခေါင်းလေးညွှတ်ရင်း ပြောပြီး Welcome Drinks လာပေးနေတဲ့ ဘာလီကျွန်းသူလေး နှစ်ယောက်ကို တွေ့ရတယ်။ သူတို့ကို ကျေးဇူးတင်စကားပြောပြီး သူတို့ယူလာပေးတဲ့ နာနတ်ဖျော်ရည် နှစ်ခွက် ကြည့်ရင်း သူ တခွက် ကိုယ်တခွက်ပေါ့ အခန့်သင့်လိုက်လေ လို့ တွေးပြီး သဘောတကျ ပြုံးရပြန်တယ်။
(Welcome Drinks နာနတ်သီးဖျော်ရည်)

အရသာရှိတဲ့ နာနတ်ဖျော်ရည်ကို သောက်၊ ခဏ နားပြီး နောက်ရက်တွေအတွက် ခရီးစဉ်ဆွဲဖို့ အောက်ကို ပြန်ဆင်းလာခဲ့တယ်။ ဒီခရီးအတွက် ကျွန်မ စီစဉ်ခဲ့တာက အသွားအပြန် လေယာဉ်ပျံလက်မှတ်ရယ်၊ လေးရက်စာ ဟိုတယ်အခန်းရယ်ပါ။ ကျွန်မ သွားချင်တဲ့နေရာတွေကို လွတ်လွတ်လပ်လပ် သွားနိုင်ဖို့အတွက် Package Tour ကို ကြိုတင် မစီစဉ်ခဲ့ပါဘူး။ Free & Easy ပဲ ဆိုပါတော့။

ဟိုတယ်အောက်ထပ်မှာ အစီအရီရှိနေတဲ့ စားပွဲလေးတွေကို တခုချင်း လိုက်လေ့လာလိုက်တော့ Spa ရယ်၊ Javanese Massage ရယ်၊ လက်သည်း ခြေသည်း အလှပြုပြင်တာတွေရယ်၊ နောက်ဆုံးမှာတော့ လက်ကမ်းကြော်ငြာလေးတွေ ထပ်ထားတဲ့ ခရီးသွားဝန်ဆောင်မှု။ ကျွန်မက သူတို့ ပြတဲ့နေရာတွေနဲ့ သူတို့ပြောတဲ့ Water Activity တွေကို စိတ်မ၀င်စားပဲ ကျွန်မ သွားချင်တဲ့နေရာတွေကို ပြောပြပြီး Tour Guide လည်း မလိုဘူးလို့ ဆိုတော့ ပထမ သူတို့ ကြောင်နေကြတယ်။ အင်္ဂလိပ်စကားကို ဖြေးဖြေးနဲ့ မှန်မှန် ကြိုးစားပြီး ပြောနေကြတဲ့ ဘာလီကျွန်းသူလေး နှစ်ယောက်၊ နောက်တော့ သူတို့ သဘောပေါက်သွားကြတယ်။ ကျွန်မကို ကားဆရာနဲ့ ကားတစီး မနက် ရှစ်နာရီကနေ ညနေ ခြောက်နာရီအထိ စီစဉ်ပေးမယ်၊ တရက်ကို ယူအက်စ်ဒေါ်လာ ခြောက်ဆယ်လို့ ဆိုတယ်။ ကျွန်မက နှစ်ရက် ငှားမယ်ဆိုတော့ သဘောကောင်းစွာနဲ့ တဆယ်လျှော့ပေးလိုက်လို့ နှစ်ရက်ကို ဒေါ်လာတရာနဲ့ ဈေးတည့်သွားခဲ့တယ်။

အဲဒီညနေမှာတော့ ကျွန်မ နေတဲ့ Kuta ဆိုတဲ့နေရာ အနီးတ၀ိုက်ကို လမ်းလျှောက်ကြည့်ပါတယ်။ ကမ်းခြေကို လျှောက်သွားတဲ့လမ်းပေါ်မှာ နေရောင်ခြည်က တလက်လက်တောက်ပနေတုန်းပဲ။ နေပူနေပေမဲ့ ကမ်းခြေကနေ ဖြတ်တိုက်လာတဲ့ လေကြောင့် ထူးထူးခြားခြား ပူနေတယ်လို့ မခံစားရဘူး။ အဲဒီ Kuta Beach မှာ နေ၀င်ချိန်ကို စောင့်ပြီး ဓါတ်ပုံရိုက်လို့ရတယ် လို့ ခုနက ဘာလီကျွန်းသူလေးနှစ်ယောက်က ပြောလိုက်တယ်။ သို့သော် ကူတာ ကမ်းခြေကို ရောက်သွားတဲ့အချိန်မှာ ကျွန်မ တော်တော် စိတ်ပျက်သွားတယ်။ ဒါလားဟဲ့ ဘာလီ လို့ အခါတသိန်း ရေရွတ်မိတယ်။ ကမ်းခြေတလျောက်မှာ ပြည့်နှက်နေတဲ့ လူတွေရယ်၊ ရောင်စုံ ပလတ်စတစ်အိတ်ခွံတွေ၊ ရေသန့်ဗူး အအေးဗူး အခွံတွေ နဲ့ ရုပ်ဆိုး အကျည်းတန်နေတဲ့ Kuta ကမ်းခြေပါ။
(လူတွေရဲ့ စည်းကမ်းမဲ့မှုကြောင့် အကျည်းတန်နေတဲ့ ကူတာ ကမ်းခြေ တနေရာ)

ဒီလောက်များတဲ့လူတွေကြားမှာ နေ၀င်ချိန်ကို ဓါတ်ပုံရိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တာ သေချာနေတဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့ ကင်မရာကို အဖုံးပြန်ဖုံးလိုက်မိတယ်။ ပြီးတော့ ဒီလိုပဲ လူတွေကြားထဲ ဟိုကြည့်ဒီကြည့်နဲ့ လျှောက်လာခဲ့တယ်။ ကျွန်မ ချစ်တဲ့တိမ်တွေကတော့ အုပ်စုဖွဲ့လို့ လှလှပပ ကြိုဆိုနေကြပါတယ်။ ဒီအချိန်မှာတော့ တိမ်တွေကိုပဲ ကျွန်မ တိုးလို့ ချစ်သွားမိတယ်။ တော်တော် လှမ်းလှမ်းရောက်တော့ အမှိုက်သရိုက်ကင်းစင်တဲ့ ရေစပ်နဲ့ သဲပြင်ကိုတွေ့မှ ကျွန်မ နည်းနည်း ပြုံးနိုင်တော့တယ်။ လူတွေကတော့ ပြောမပြတတ်အောင် များနေတုန်းပဲ။ ဘာပဲဖြစ်ဖြစ် ရောက်တုန်း ခဏထိုင်မယ် ဆိုပြီး မျက်စိကစားလိုက်တော့ အအေးတို့ အုန်းရည်တို့ ဘီယာတို့ ရောင်းတဲ့ ဆိုင်ကလေးတွေ တွေ့တယ်။ သူတို့ဆီမှာ ၀ယ်ရင် အဲဒီနားမှာ ခင်းထားတဲ့ ခုံကလေးတွေမှာ ထိုင်လို့ရမယ် ဆိုတာနဲ့ လိမ်မော်ရည်တဗူးဝယ်ပြီး ထိုင်နေလိုက်တယ်။ ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်တော့ ကမ်းခြေမှာ ရေကူးနေတဲ့သူတွေ၊ ရေစိမ်နေတဲ့သူတွေ၊ သဲတွေနဲ့ ဆော့နေတဲ့ ကလေးငယ်ကိုယ်စီနဲ့ မိသားစုတွေ၊ စွန်လွှတ်နေတဲ့လူကြီးတချို့နဲ့ လမ်းလျှောက်နေတဲ့ လူမျိုးခြား ခရီးသွားဧည့်သည်တွေကို တွေ့ရတယ်။

ခုံလေးမှာ ထိုင်၊ အအေးသောက်ရင်း ပင်လယ်ကို ငေးနေချိန်မှာ ပြဿနာက စ ပါတော့တယ်။ ခုံကလေးတွေမှာ ထိုင်လိုက်တာနဲ့ ကျွန်မအနားကို ၀ိုင်းအုံပြီး ရောက်လာကြတာကတော့ ခြေထောက်တွေ နှိပ်ပေးမယ် နှစ်ဒေါ်လာပဲ ပေးပါ လို့ ခြေဟန်လက်ဟန်နဲ့ ပြပြီး လာပြောတဲ့ အသက်ကြီးကြီး အမျိုးသမီးနှစ်ယောက်၊ ကျွန်မ အနောက်မှာရပ်နေတဲ့ တယောက်ကတော့ သိပ်မကြီးသေးဘူး၊ ဇက်ကို နှိပ်ပေးမယ် တဒေါ်လာပဲ ပေးပါ တဲ့။ ဘေးမှာကျပြန်တော့ ဘာလီရိုးရာ အ၀တ်အထည်တွေ၊ လုံချည်လို Wrap Around တွေရောင်းတဲ့ အမျိုးသမီးကြီး နှစ်ယောက် နဲ့ လက်မှာပတ်ရတဲ့ ကြိုးရောင်စုံလေးတွေ ရောင်းတဲ့ ကလေး နှစ်ယောက်။ ဒီကြားထဲ လေးနဲ့ မြား ရောင်းတဲ့ အမျိုးသားကြီးတယောက်တောင် အဆစ်ပါလိုက်သေး။ တယောက်ချင်းစီကို ဆယ်ခွန်းလောက် နိုး နိုး လို့ ငြင်းလိုက်ပြီး မျက်စိမျက်နှာ မကောင်းလှစွာနဲ့ သူတို့အားလုံး တရွေ့ရွေ့နဲ့ ထွက်သွားကြတဲ့အချိန်မှာ ကျွန်မ တော်တော်ကြီးကို အားကုန်သွားပါတယ်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ ကျွန်မလို ခုံလေးတွေမှာထိုင်နေတဲ့ လူတွေအားလုံးဟာ ခြေထောက်အနှိပ်ခံတဲ့သူနဲ့ ဇက်တွေ ပုခုံးတွေ အနှိပ်ခံနေတဲ့သူတွေချည်း ဖြစ်နေတာ တွေ့ရတယ်။ ဘဝကို ဒီလိုနည်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ အနှိပ်သည်တွေကို စိတ်ထဲ သနား ဂရုဏာဖြစ်သလို လိုက်ကြည့်နေမိတယ်။ ဒါပေမဲ့သူတို့ကိုကြည့်ရတာ စိတ်ညစ်နေတဲ့ပုံ၊ သူတို့ရဲ့ အနေအထားကို စိတ်တိုင်းမကျဖြစ်နေတဲ့ပုံ၊ စိတ်ပျက်နေတဲ့ပုံ နည်းနည်းမှ မပေါက်ပဲ အေးအေးဆေးဆေး သက်တောင့်သက်သာ ရှိလှတာ သတိထားမိတယ်။ သူတို့ရဲ့ နှစ်သိမ့် ရောင့်ရဲနိုင်မှုဟာ သူတို့စိတ်တွေကို အေးချမ်းစေဟန်တူရဲ့။  အတုယူမယ်ဆို ယူချင်စရာပါ။

ဒီလိုနဲ့ ကမ်းခြေမှာ တနာရီလောက် လေတိုက်ခံပြီး ပြန်လာခဲ့တယ်။ လူတွေကြားထဲ ကင်မရာ မချိန်ရဲတာကြောင့် ဓါတ်ပုံကောင်းကောင်း မရိုက်ခဲ့ရပါဘူး။ အဲ… ဒါပေမဲ့ မှတ်မှတ်ရရ ဒါလေး တပုံတော့ ရခဲ့တယ်။ 
(ပုံထဲမှာပါတဲ့သူက ကျွန်မ ခုနက ပြောခဲ့တဲ့ လေးနဲ့ မြားတွေ လိုက်ရောင်းနေတဲ့သူပေါ့)

မြေပုံထဲမှာပါတဲ့ အညွှန်းအရ ကုတာ ကမ်းခြေနဲ့ မနီးမဝေးမှာရှိတဲ့ Beach Walk ဆိုတဲ့ စတိုးဆိုင်ကြီးရှိရာကို ညစာစားဖို့ လမ်းလျှောက်လာခဲ့တယ်။ လမ်းတလျှောက်မှာတော့ ဆိုင်ကယ်တွေ ကားတွေ လမ်းသွား လမ်းလာတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားနေလိုက်တာ။ လမ်းလျှောက်နေရင်းကနေ တနေရာရာမှာများ နှင်းဆီပွင့်တွေ တွေ့လေအုံးမလားလို့ မျက်စိကစားရင်း လိုက်ရှာနေမိသေးတယ်။ နှင်းဆီတွေတော့ မတွေ့ဘူး ဒါပေမဲ့ Starbucks ကော်ဖီဆိုင်တွေကိုတော့ တဆိုင်ပြီး တဆိုင် တွေ့ရတယ်။ StarBucks တဆိုင်တွေ့တိုင်း နှင်းဆီနီတပွင့်တွေ့သလို ပျော်ရွှင်မိတယ်။ အလွမ်းဆိုတဲ့ စကားလုံးကလည်း မဆီမဆိုင် ကျွန်မအနားမှာ တရစ်ဝဲ၀ဲနဲ့။ လမ်းတလျှောက် တွေ့သမျှ ကော်ဖီဆိုင်တိုင်းမှာ လူတွေကတော့ အပြည့်ပဲ။ ထမင်းမစားရသေးခင် ကော်ဖီသောက်ချင်နေတဲ့စိတ်ကို မြိုသိပ်ရင်း လမ်းဆက်လျှောက်လာခဲ့တယ်။
(ကူတာ ကမ်းခြေက ကော်ဖီဆိုင်တွေတန်းစီနေတဲ့ လမ်းမတနေရာ)

လမ်းတလျောက်မှာ ကျွန်မကို ဒုက္ခပေးတာကတော့ အများသူငါ သောက်သုံးနေကြတဲ့ စီးကရက် မီးခိုးငွေ့တွေပါ။ စီးကရက်ကို ကြိုက်တတ်ရင် စီးကရက်မီးခိုး မျက်စိထဲ ၀င်တာလောက်တော့ ခံနိုင်ရည်ရှိပါတယ်… ဆိုပေမဲ့ ကျွန်မမှ စီးကရက် မကြိုက်တတ်တာ၊ မီးခိုးနံ့တွေလည်း ဘယ် ခံနိုင်ပါ့မလဲ။ လမ်းကို သွက်သွက်လျောက်လာရင်း နောက်ဆုံးမှာ Beach Walk ကို ရောက်ခဲ့တယ်။ Zara / Mango / Pull & Bear / Tony Roma စတဲ့ ဆိုင်တွေ တွေ့တော့ ပြုံးမိတယ်။ အင်း.. သူတို့လည်း ဒီမှာ ရောက်နေကြပါလား လို့။ မိန်းမပီပီ ဈေးနှုန်းတွေ သိချင်စိတ်နဲ့ Zara ကို ၀င်ကြည့်မိတယ်။ ခေါင်းထဲက ဂဏန်းပေါင်းစက်တွေ အလုပ်လုပ်လို့ အပြီးမှာ စကာင်္ပူနဲ့ ဈေး အတူတူပဲ ဆိုတာ သိလိုက်တော့ ကျေနပ်သွားတယ်။ ဈေးသက်သာတယ်ဆို ဝယ်နေမိအုံးမှာလေ။

အဲဒီ ဆိုင်တွေကြည့်ပြီးတော့ ဘာလီကျွန်းရဲ့ အမှတ်တရပစ္စည်းတွေချည်းပဲ ရောင်းတဲ့ ဆိုင်တဆိုင်ကို တွေ့လို့ ၀င်ကြည့်ခဲ့ပါတယ်။ ကြိမ်၊ ၀ါး၊ သစ်သား၊ အုန်းသား၊ အုန်းလက် အစရှိတာတွေနဲ့ ပြုလုပ်ထားတဲ့ အမှတ်တရ ပစ္စည်းတွေ၊ ဆွဲကြိုး ပုတီး၊ လက်ကောက်တွေ၊ ဘာလီ ရဲ့ အထိမ်းအမှတ် စာတမ်းပါ ဦးထုပ် တီရှပ် ယပ်တောင် နဲ့ ပုဝါတွေ၊ ပြီးတော့ ဘာလီရဲ့ နာမည်ကျော် အရောင်အသွေး၊ အဆင်ဒီဇိုင်း စုံလင်စွာနဲ့ လှပပြီး အရည်အသွေးအမျိုးမျိုးနဲ့ ဈေးအမျိုးမျိုး မတူ ကွဲပြားတဲ့ ပါတိတ်လုံချည်တွေ အများကြီးပဲ တွေ့ခဲ့ရပါတယ်။ ဈေးသိပ်မကြီးတဲ့ ပါတိတ်လုံချည် နည်းနည်းနဲ့ ပိုးပုဝါလေး နှစ်ထည်ကို အမှတ်တရ လက်ဆောင်ပေးဖို့ ၀ယ်လာဖြစ်ပါတယ်။
(ဈေးသိပ်မကြီးတဲ့ ချစ်စရာ ချည်သား ပါတိတ်လေးတွေ)
(လက်မှုပစ္စည်းမျိုးစုံ၊ အမှတ်တရပစ္စည်းမျိုးစုံနဲ့ ချစ်စရာ အခင်းအကျင်း)

ပါတိတ်ဆိုင်က ထွက်တော့ ညနေစာ စားချိန်ရောက်နေပြီ။ အဲဒီ Beach Walk မှာ ဘာစားရင်ကောင်းမလဲ ဟို ဒီ လိုက်ကြည့်ရင်း ကျွန်မတို့ဆီက Food Republic လို ဆင်ဆင်တူတဲ့ စားသောက်ဆိုင်တန်းကြီးကို သွားတွေ့တယ်။ ယိုးဒယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဂျပန် စတဲ့ နိုင်ငံတကာ အစားအစာတွေနဲ့အတူ မရိုးနိုင်တဲ့ စင်္ကာပူစာ ကြက်ဆီထမင်းနဲ့ ချာကွေ့တယောင်ဆိုင်ကိုလည်း တွေ့ခဲ့ပါသေးတယ်။
(Beach Walk က စားသောက်ဆိုင်တန်းလေးရဲ့ အပြင်အဆင်ကို အဝေးကနေ လှမ်းပြင်ရတဲ့ပုံလေးပါ)

အဲဒီမှာ ကျွန်မ ဗီယက်နမ်စာ Chicken Pho စားခဲ့တယ်။ အရသာ ကောင်းပြီး စားလို့ အဆင်ပြေခဲ့ပါတယ်။ ဈေးကလည်း စကာင်္ပူဈေးထက် နည်းနည်း သက်သာပါတယ်။ စားပြီး ကော်ဖီသောက်ချင်တာ ဆိုင်မှာ ထိုင်သောက်ဖို့ကတော့ စီးကရက် မီးခိုးတွေနဲ့ မဖြစ်နိုင်တာမို့ Espresso Double Shot တခွက် ဝယ်ပြီး ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။ အတွေးထဲမှာတော့ နှင်းဆီနီတွေနဲ့ ကော်ဖီခါးခါးနဲ့ ရောလို့... ရီဝေေ၀။

အပြန်လမ်းတလျောက်မှာ ငါးနှစ် ခြောက်နှစ်အရွယ် ကလေးငယ်တသိုက် လက်မှာ အလှပတ်ရတဲ့ ကြိုးရောင်စုံလေးတွေကိုကိုင်ရင်း လမ်းသွားလမ်းလာတွေကို သူ့ထက်ငါ လုပြီး ရောင်းနေကြတယ်။ သူတို့မျက်နှာလေးတွေက အပြစ်ကင်းကင်းနဲ့ ကြည်ကြည်လင်လင်လေးတွေ၊ တကယ်ပဲ ဒါလေးတွေ ရောင်းပြီး အသက်မွေးဝမ်းကျောင်းနေကြရတာလား၊ ဒါမှမဟုတ် ခုန်ရင်း ပေါက်ရင်း ဆော့ကစားရင်း ပေါ့ပေါ့ပါးပါး ရောင်းနေကြတာလား ဆိုတာကိုတော့ ခွဲခြားရ ခက်လှတယ်။

မှောင်ရီရီလမ်းမပေါ်မှာ ကားအသွားအလာ ရှင်းစပြုပေမဲ့ လမ်းတလျောက်က ဆိုင်တွေမှာတော့ လူတွေ ပိုစည်ကားလာတယ်။ နာမည်ကျော် Hard Rock Café ကိုလည်း တွေ့ခဲ့တယ်။ အဲဒီထဲက သီချင်းသံတွေက အပြင်ကို လျှံထွက်လို့ရယ်။ အဲဒါတွေအပြင် လမ်းထောင့်တနေရာက ဟိုတယ်ကြီးတခုရဲ့ ခြံစည်းရိုး အုတ်တံတိုင်းမှာ အမှောင်ရိပ်ကျနေတာကို အမှီပြုရင်း တောင်းရမ်းနေတဲ့ အမျိုးသမီး လေး စုလောက် တွေ့ခဲ့သေးတယ်။ နိုင်ငံတိုင်း နေရာတိုင်းမှာ ဒီလိုလူတန်းစားကွာဟချက်တွေ ရှိနေတာပါပဲလားလို့ အတွေးဝင်မိတယ်။

ဟိုတယ်အ၀င်မှာ တွေ့တဲ့ နှင်းဆီနီတွေကို ကောင်းသောညပါလို့ နှုတ်ဆက်၊ နှင်းဆီတွေကို သတိတရ ပို့ပေးတဲ့သူကိုလည်း တခါတည်း လှမ်းနှုတ်ဆက်ရင်း အခန်းကို ပြန်လာခဲ့တယ်။ ဒီညအဖို့တော့ ရေမိုးချိုး၊ ကော်ဖီသောက်၊ အေးအေးဆေးဆေး နားနေရင်း မနက်ဖြန်အတွက် ကင်မရာ၊ ဖုန်းတွေ ဘက်ထရီ ပြည့်အောင် ဖြည့်၊ မနက်ဖြန်ယူသွားစရာ စာအုပ်၊ ဘောပင်၊ ပုဝါ၊ ဦးထုပ် အစရှိတဲ့ လိုမယ်ထင်တာလေးတွေ စီစစ်ပြီး စောစောပဲ အိပ်ရာဝင်ခဲ့တယ်။ မနက်ဖြန်ကျရင် မီးတောင်တွေရှိတဲ့နေရာကို သွားဖို့ စီစဉ်ထားပါတယ်။ ကျွန်မနဲ့ အတူတူ မီးတောင်ရှိရာဆီကို အလည်လိုက်ခဲ့ကြပါအုံးနော်။

သက်ဝေ
(၁ ဇူလိုင် ၂၀၁၅)

6 comments:

  1.ေ ရာ က် ဖူး တဲ့ သူ န ည်း တဲ့ ခ ရီး လို့ေ တွး မိ ပါ တ ယ်
    တ စ် ခြား ေ ဒ သ ခ ရီ း သြ ာ း အ ေ တြ႕ အ ႀကံဳ စ ာ ေ တြ ဖ တ် ခဲ့ ဖူး ပါ တ ယ်
    တ စ် မျိုး စီ ေ ပါ့ ေ လ ...... ခု ဖ တ် ရ တာ စိ တ် လှု ပ် ရှား စ ရာ
    သိ ချ င် စိ တ် မ် ာ း စ ရ ာ ေ တြ နဲ့ မို့ေ ကျ န ပ် မိ တ ယ်
    ဆ က်ေ ရး ပါ ဦး

    ReplyDelete
  2. ဟုတ်တယ် အစ်မရေ ညီမတို့ သွားတုန်းကလဲ Bali beach ဆိုတာ ဒါလားဆိုပြီး စိတ်ပျက်ခဲ့ရတယ်။ အစ်မက ကားချည်းပဲ ငှားလိုက်တာ ကောင်းတယ်။ ညီမတို့တုန်းက အဲလို ငှားလို့ရမှန်း မသိဘူး။ ဂိုက်ပါပါတယ်။ လူကို ကျောက်ခဲ ရေညှစ်သလို ညှစ်တာ စိတ်ညစ်ဖို့ အတော်ကောင်းတယ်။ ဟော်တယ်က မနက်စာကလဲ Phuket လို စားမကောင်းဘူး။ Starbuck တစ်ဆိုင်ကို နှင်းဆီတစ်ပွင့်တွေ့သလို ပျော်တယ်လို့ ရေးထားတာ သဘောကျမိတယ်။ ဟုတ်တယ် သွားတဲ့ နိုင်ငံတွေမှာ Starbuck တွေ့ရင် ကိုယ့်အမျိုးတွေ့သလိုပဲ။

    ReplyDelete
  3. အစ်မရေ ကျွန်တော်တို့ ပြီးခဲ့တဲ့လ သွားတုန်းက ကားဆရာ လေဆိပ်ကနေ ကုတ ကို ၁ သိန်းခွဲတောင်းလို့ ပေးလိုက်မိပြီး အပြန်လည်းကျရော ငှက်ပြာတက်စီက ၄ သောင်းကျော်ပဲ ကျတယ်

    TZN

    ReplyDelete
  4. လာလည်​သွားပါတ်​ မမသက်​​ဝေ.. အရမ်းဗဟုသုတရပြီး ကိုယ်​တိုင်​ဘာလီ​ရောက်​သွားသလိုခံစားရပါတယ်​.. အမှတ်​တရ​ရေးခဲ့ကြပါဆိုတာ​လေး သတိရသွားလို့ပါ.. ��

    ReplyDelete
  5. ဒီပို့စ်ကိုဖတ်ခဲ့တုန်းကထဲက သိတ်သွားချင်ခဲ့တဲ့နေရာလေးပေါ့ မသက်ရေ...
    ဒီကနေ့တစ်ခေါက် ပြန်ဖတ်သွားတယ်...
    စာအရေးအသားကောင်းပြီး ပုံလေးတွေ သပ်သပ်တင်ထားတာ ဖတ်ရတာပိုနှစ်သက်ပြီး စိတ်ဝင်စားစရာကောင်းတယ် ... ♥♥♥

    ReplyDelete
  6. 'ပုံလေးတွေ သပ်သပ်ရပ်ရပ် တင်ထားတာ' လို့ရေးတာ 'ရပ်ရပ်' ကျန်ခဲ့လို့ .... :P ♥

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...