မိုးတွေ စွေနေတဲ့ ညနေခင်းတစ်ခုပါ။ ပတ်ဝန်းကျင်မှာ မိုးသံတစ်ဖျောက်ဖျောက်ကလွဲလို့ ကျန်တဲ့ လူသံ သူသံ ဆူညံသံ အားလုံး တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ ညနေစောင်း အိပ်တန်းတက်ချိန်ဆို စူးစူးရှရှ အော်နေကျ ဥသြငှက်တွေတောင် ဒီနေ့တော့ ထူးထူးခြားခြား အသံတိတ်လို့။ စိတ်လှုပ်ရှားစရာ ကင်းမဲ့လှတဲ့ အခုလို ညနေခင်းမျိုးမှာ ကျွန်မရဲ့ အိပ်ရာဘေးက စားပွဲပေါ်မှာ စိတ်ဝင်စားစရာ ပစ္စည်းတစ်ခု ရှိနေပါတယ်။ စိတ်ဝင်စားစရာ လို့သာ သုံးနှုန်းလိုက်ရတယ်… တကယ်တမ်းမှာ စိတ်ဝင်စားစရာ ကောင်း မကောင်းဆိုတာတော့ သိပ်မသေချာဘူး။ ဖွင့်ကြည့်မှ သိနိုင်မှာပဲ။
ဒီလိုလေ… ညနေ အလုပ်က ပြန်ရောက်တော့ အခန်းတံခါးကို သော့ဖွင့်နေတဲ့အချိန်မှာ ဘေးခန်းက အမျိုးသမီးက ဖျတ်ဆို အနားကိုရောက်လာတယ်။ သူ့ကြည့်ရတာ ကျွန်မ ပြန်အလာကို တစ်ချိန်လုံး အရေးတကြီးနဲ့ စောင့်ကြည့်နေသူ တစ်ယောက်လို။ အနားရောက်တော့ စက္ကူအဖြူရောင် ပတ်ထားတဲ့ အထုတ်တစ်ခုကို လှမ်းပေးတယ်။ လေးထောင့်မကျတကျ အထုတ်ပေါ်မှာ ရေးထားတာကို လက်နဲ့ ထောက်ပြနေသေးတယ်။ ရုတ်တရက် ဘာမှန်းမသိတော့ အံ့သြပြီး သူ့မျက်နှာကို ကြည့်နေရာက သူပြနေတာကို ငုံ့ကြည့်လိုက်တော့ မြန်မာလက်ရေးနဲ့ သေသေသပ်သပ် ရေးထားတဲ့ “သို့” ဆိုတဲ့ စာလုံးလေးး။ အဲဒါကိုပဲ သူက နာမည်လို့ ထင်နေပုံရတယ်။ အဲဒါ (To…) ဆိုတာကို ရေးထားတာ နာမည် မဟုတ်ဘူး လို့ ရှင်းပြပေမယ့်လည်း သူက နားလည်ပုံ မရ၊ လက်ခံချင်ပုံလည်း မရ။ ပြီးတော့ ပြောရရင် ဒီဝင်းထဲမှာနေကြသူတွေထဲ မြန်မာဆိုလို့ ကျွန်မ တစ်ယောက်တည်းရှိတာ၊ ဒါကြောင့်မို့ ဒါပစ္စည်းဟာ ကျွန်မနဲ့သာ သက်ဆိုင်တယ်လို့ သူက တထစ်ချ မှတ်ယူဟန်တူပြီး လက်ထဲကို တန်းတန်းမတ်မတ် လာထည့်တော့တာပဲ။ ဘယ်ကလဲ ဘယ်သူက ပို့တာလဲ ဘာညာ မေးပေမယ့် သူ မသိဘူး၊ မြန်မာ မြန်မာ ဆိုတာကို တွင်တွင်ပြောပြီး လက်ထဲကို အတင်းထိုးထည့်၊ နှုတ်ဆက်ပြီး သူ့အခန်းဖက်ကို ဆတ်တောက် ဆတ်တောက်နဲ့ လှည့်ပြန်သွားပါတော့တယ်။ ဒီလိုနဲ့ ဘာမှန်း ညာမှန်းမသိတဲ့ အထုတ်ကို ယူပြီး အခန်းထဲ ဝင်လာခဲ့ရတယ်။ ဒီစာအိတ်ဟာ ကိုယ့်အတွက် ရည်ညွှန်းထားတာ မဟုတ်လေတော့ ကိုယ်နဲ့ မသက်ဆိုင်သလို ခံစားနေရတာမို့ အလောတကြီး ဖွင့်ဖေါက်ကြည့်ဖို့ ဆန္ဒမရှိဘူး။ ဒါနဲ့ အိပ်ရာဘေးက စားပွဲပေါ် သွားတင်ထားလိုက်တယ်။ နောက် အေးအေးဆေးဆေးမှ ဖွင့်ကြည့်တာပေါ့။
အိမ်ရောက်ပြီး လုပ်စရာရှိတာလုပ် ညစာစားအပြီးမှာ ကော်ဖီတစ်ခွက်ဖျော်ပြီး အိပ်ခန်းထဲ ဝင်လာခဲ့တယ်။ မွှေးနေတဲ့ ကော်ဖီပူပူဟာ ဟောဒီလို မိုးညနေနဲ့ အလိုက်ဖက်ဆုံးပဲ။ အိပ်ရာဘေးကိုရောက်တော့ ညနေက အထုတ်ကို လှမ်းမြင်လိုက်တယ်။ ဟုတ်သားပဲ… ဒီအထုတ်ကို ဖွင့်ကြည့်ရဦးမယ်။ ဒါနဲ့ သောက်မယ့်ဆဲဆဲ ကော်ဖီပန်းကန်ကို အသာချ၊ စာကြည့်စားပွဲပေါ်က စက္ကူဖြတ်တဲ့ ဓါးပါးလေးယူပြီး အထုတ်ကို ဖေါက်ဖို့ ပြင်ရတယ်။ မဖေါက်ခင် အထုတ်ကို သေချာအောင် စေ့စေ့စပ်စပ် လှည့်ပတ်ကြည့်လိုက်သေးတယ်။ လက်တစ်လုံးသာသာ အထူရှိပြီး မှန်းကြည့်ရသလောက်ကတော့ အထဲမှာ စာအုပ်လို စာရွက်တွေလို အဲဒီလို ဆန်ဆန်ုပဲ။ အထုတ်တစ်ထုတ်လုံးပေါ်မှာ မြန်မာလို ရေးထားတဲ့ “သို့” ဆိုတဲ့ စာလုံးကလွဲရင် ဘာဆို ဘာမှ မပါဘူး။ အဲဒီပစ္စည်းထုတ်ကို ဖေါက်မယ်ကြံပြီးမှ စိတ်ထဲမှာ တစ်မျိုးဖြစ်နေပြန်တယ်။ ဖေါက်ရရင်ကောင်းမလား၊ မဖေါက်ရင်ကောင်းမလား၊ မဖေါက်ပဲထားတော့ရော တစ်ခုခုဆို ဘယ်ဆီ ဘယ်ဝယ်ကို ပို့ပေးရမှာလဲ… ဘာ သဲလွန်စမှ ရှာမရတဲ့အတူတော့ ဖေါက်လိုက်ရင် တစ်ခုခု သိနိုင်တန်ကောင်းရဲ့၊ လိုအပ်ရင် တစ်ခုခု ဆက်လုပ်ပေးနိုင်တန်ကောင်းရဲ့။ အဲဒီစိတ်နဲ့ပဲ ဖေါက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်၊ အထုတ်ပေါ်မှာ တိပ် အကြည်နဲ့ သေသေသပ်သပ် ပတ်ထားတဲ့ စက္ကူကို ဓါးနဲ့ ရှပ်ပြီး ဖြတ်လိုက်တယ်။
ပတ်ထားတဲ့ စက္ကူတွေ ကွာသွားတော့ အဝါရောင် စာအိတ်ထူတစ်လုံးကို တွေ့ရတယ်။ ဘာအမှတ်အသားမှ မပါတဲ့ ရိုးရိုး စာအိတ်တစ်လုံးပါပဲ။ စာအိတ်ကို ဘာနဲ့မှ ပိတ်မထားဘူး။ ဒါနဲ့ အထဲကို ကြည့်လိုက်တော့ စာအိတ်ညိုလေးတွေ၊ ရေကြည့်လိုက်တော့ စာအိတ် စုစုပေါင်း ဆယ့်လေးအိတ်တွေ့ရတယ်။ ရေတွက်နေရင်း သတိထားမိတာက စာအိတ်တွေက နည်းနည်းတော့ နွမ်းနေသလိုပဲ။ စာအိတ်ပေါ်မှာ တစ်စုံတစ်ယောက်ကို ပေးပို့ဖို့ ရည်ရွယ်တဲ့ နာမည်၊ နေရပ်လိပ်စာ ဘာတစ်ခုမှ ရေးမထားဘူး။ ဒါပေမယ့် စင်္ကာပူ တစ်ဒေါ်လာတန် တံဆိပ်ခေါင်းကိုတော့ ကပ်ထားတယ်။ ပြီးတော့ စာအိတ်တွေကို အကုန် ပိတ်ထားတယ်။ စာတိုက်မှာ ထည့်ဖို့ အဆင်သင့် ပြင်ထားတဲ့ စာအိတ်တွေ။
စာအိတ်တွေကို ဒီတိုင်းလက်နဲ့ ဖြဲလိုက်ဖို့ အားနာပြီး ကပ်ကြေးတစ်လက် ထယူရပြန်တယ်။ အပေါ်ဆုံးက တစ်အိတ်ကို စဖေါက်ပြီး အထဲက စာရွက်ကို ဆွဲထုတ်လိုက်တယ်။ အဲဒီအချိန်မှာ “ကိုယ့်နာမည် မြတ်နိုးဝေ ပါ…” လို့ အစချီတဲ့ စာတစ်စောင်ဟာ အဲဒီ စာအိတ်ညိုလေးထဲက ထွက်ကျလာခဲ့တာပဲ။ အထုတ်ပေါ်က သို့ ဆိုတဲ့ လက်ရေးနဲ့ စာထဲမှာပါတဲ့ လက်ရေးက ခပ်ဆင်ဆင် တူတယ်။ မင်အပြာရောင်နဲ့ ရေးထားပြီး ခပ်ဝိုင်းဝိုင်း ပေမယ့် လက်ရေးက သပ်သပ်ရပ်ရပ်ရှိလှတယ်။ စာအိတ်ပေါ်မှာကပ်ထားတဲ့ တံဆိပ်ခေါင်းနဲ့ စာအိတ်ရဲ့ ပုံသဏ္ဍာန်ကို စေ့စေ့စပ်စပ် ကြည့်လိုက်တော့ ဒါ နှစ်နည်းနည်း ကြာခဲ့ပြီဆိုတာ ခန့်မှန်းသိနဲ့ သိနိုင်တယ်။ စာရေးထားတဲ့ စာရွက်ခေါက်က သာမန် ကျောင်းသုံးဗလာစာအုပ်ရဲ့ အလယ်က ဖြုတ်ထားတဲ့ စာရွက်၊ စာမျက်နှာ လေးမျက်နှာရှိပေမယ့် သူရေးထားတာက မြန်မာ စာကြောင်းနည်းနည်းပဲ။ “ကိုယ့်နာမည် မြတ်နိုးဝေပါ၊ မင်းက ကိုယ့်ကို မသိပေမယ့် ကိုယ်က မင်းကို သိနေပါတယ်။ တစ်ချိန်ကျရင် ကိုယ်တို့ တွေ့ကြမှာပါ...” စာက အဲဒါအကုန်ပဲ။ အဲဒီ စာတိုတိုရဲ့ အဆုံးမှာ မင်းရဲ့ လို့ ရေးထားပြီး မြတ်နိုးဝေ လို့ သိသိသာသာ ဖတ်လို့ရတဲ့ လက်မှတ်ကို မြန်မာလို ရေးထိုးထားတယ်။ စာကို ကြည့်ပြီး ထူးဆန်းနေမိတယ်။
ထပ်ထားတဲ့ စာအိတ်တွေထဲက နောက်စာတစ်အိတ်ကို ယူပြီး စာကို ဆွဲထုတ်လိုက်တယ်။ ဒီစာထဲမှာလည်း ဒီအတိုင်းပဲ “ကိုယ့်နာမည် မြတ်နိုးဝေပါ... မင်း နေကောင်းတယ် မဟုတ်လား စာမှန်မှန်ကျက်နော် စာမေးပွဲ ဖြေနိုင်ပါစေ” လို့ ရေးထားတယ်။ အောက်ခြေမှာ မင်းရဲ့ လို့ ရေးပြီး မြတ်နိုးဝေ လို့ လက်မှတ်ထိုးထားတယ်။ စာရွက်ကလည်း ကျောင်းသုံးစာအုပ် အလယ်ခေါင်က ဖြုတ်ထားတဲ့ စာရွက်၊ စာအိတ် ကလည်း အရောင်အသွေး အတူတူ၊ တံဆိပ်ခေါင်းကလည်း ဆင်တူပဲ။ ငှက်ကလေး သစ်ကိုင်းမှာ နားနေတဲ့ပုံနဲ့ တံဆိပ်ခေါင်း။ ထူးခြားတာက လက်တစ်လုံးလောက်ရှိတဲ့ ခပ်မာမာ ရှည်မျောမျော လေးထောင့်မကျ စတုရန်းမကျ ပုံသဏ္ဍာန်ရေရေရာရာ မပြောပြတတ်တဲ့ ကဒ်ထူလိုလို စာရွက်ထူတစ်ခု အပိုပါလာတာပဲ။ အဲဒီစာရွက်ထူရဲ့ တစ်ဖက်က အဖြူရောင်၊ နောက်တစ်ဖက်က စာရွက်ချောချော အရောင်က ဝါတာတာလေး။
နောက်စာအိတ်တစ်အိပ်ကို ကြည့်မိတော့ စာအိတ်ရဲ့ နောက်ကျော ညာဖက် ထောင့်မှာ ရေးထားတဲ့ စာလုံး တစ်လုံးကို အမှတ်မထင် တွေ့လိုက်ရတယ်။ သုံး တဲ့။ ဒါနဲ့ ပထမ ကြည့်ခဲ့တဲ့ စာအိတ်တွေရဲ့ နောက်ကျောကို ပြန်ကြည့်တော့ တစ် နဲ့ လေး ကို တွေ့တယ်။ ဟာ... စာအိတ်တွေက အမှတ်စဉ် စီထားတာပဲ။ အဲဒါနဲ့ စာအိတ်တွေကို နံပါတ်စဉ် ပြန်စီရတယ်။
စုစုပေါင်း စာအိတ် ဆယ့်လေးအိတ်မှာ အမှတ်စဉ် တစ်ကနေ စပြီး နောက်ဆုံးအိတ်က ဆယ့်ငါး ဖြစ်နေတယ်။ ပြန်ကြည့်တော့မှ နံပါတ် ရှစ်က ပျောက်နေတာ တွေ့ရတယ်။ စာအိတ်တွေရဲ့ အစဉ်အတိုင်း စာတွေကို ထုတ်ပြီး စီလိုက်တယ်။ စာ နံပါတ် တစ်မှာ စာချည်းသက်သက်ပဲ။ နောက်စာအိတ်တွေထဲမှာတော့ ခုနက ပြောခဲ့တဲ့ ပုံသဏ္ဍာန် အတည်တကျ ပြောလို့ မရတဲ့ စာရွက်ထူထူ လေး တစ်ခုပါနေတာ တွေ့ရတယ်။ စာတွေအကုန်လုံးက ကိုယ့်နာမည် မြတ်နိုးဝေပါ... ဆိုတာနဲ့ စတယ်။ စာတိုလေး လေး ငါးကြောင်း ရေးတယ်။ အများအားဖြင့်တော့ နေကောင်းလား ဆိုတာမျိုးနဲ့ စာကျက်ဖို့ စာမေးပွဲ ဖြေနိုင်စေဖို့ အားပေး ဆုတောင်းတဲ့ စာမျိုးတွေဖြစ်တာကြောင့် ကျွန်မလို စာမကျက် ကျောင်းမတက်၊ အလုပ်လုပ်နေသူမျိုးနဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူးဆိုတာာ သိသာလှတယ်။ စာရဲ့ အောက်ခြေမှာ မင်းရဲ့ လို့ ရေးပြီး မြတ်နိုးဝေ လို့ လက်မှတ်ထိုးတယ်။ အားလုံးက ပုံစံတူတွေချည်းပဲ။
ဒါပေမယ့် မတူတာတွေက ရှိနေတယ်။ အဲဒါကတော့ စာအိတ်ထဲမှ ပါလာတဲ့ စာရွက်ထူထူလေးတွေ။ ကပ်ကြေးနဲ့ ကလေးကစားသလို ညှပ်ထားတဲ့ ပုံမကျ ပန်းမကျ စာရွက်ထူလေးတွေကို ကြည့်ပြီး ဘာတွေမှန်းမသိ တွေးလို့လည်း မရဖြစ်နေခဲ့တယ်။
ခုနက ဖျော်ပြီးယူလာခဲ့တဲ့ ကော်ဖီတွေ အေးစက်နေကြပြီ။ မိုးသံကလွဲရင် အားလုံးက လိုအပ်တာထက် ပိုတောင် တိတ်ဆိတ်နေသေးတယ်။ မြတ်နိုးဝေ ဆိုတဲ့ နာမည်ကို တိုးတိုး ရွတ်ကြည့်မိတယ်။ လှပပြီး ချစ်စရာကောင်းတဲ့ နာမည်ပဲ။ ကျွန်မ အသိတွေထဲမှာ၊ ကျွန်မ ပတ်ဝန်းကျင်မှာ ဒီလိုနာမည်မျိုး မရှိတာတော့ သေချာတယ်။ အေးစက်စက် ကော်ဖီကိုပဲ မော့ချလိုက်ပြီး နာရီကြည့်လိုက်တော့ သန်းခေါင်တိုင်တော့မယ်။ စားပွဲပေါ်က စာတစ်ထပ်ရယ်၊ စာအိတ်တွေရယ်နဲ့ စာရွက်ထူလေးတွေရယ်ကို တစ်ချက်ကြည့်ပြီး ဘာမှ ဆက်မလုပ်တတ်တော့သလို ခေါင်းကို ခါယမ်းနေမိတယ်။ ဒါပေမယ့် အိပ်ရတော့မယ်... အိပ်ရေးမဝတိုင်း မနက်ကျ ကိုက်နေတတ်တဲ့ ခေါင်းကို ညှာတာသောအားဖြင့် အိပ်မှ ဖြစ်မယ်။ အခန်းမီးကို မှိန်ချလိုက်တယ်။ လေအေးပေးစက်ရဲ့ အပူချိန်ကို ညှိပြီး အိပ်ပျော်ဖို့ ကြိုးစားရတယ်။
အိပ်ပျော်သွားပါတယ်... ဒါပေမယ့် ရုတ်တရက် လန့်နိုးလာတယ်။ အိပ်မက် မက်တယ်။ မြတ်နိုးဝေက အိပ်မက်ထဲမှာ သူ့ကို သိပြီလား လို့ လာမေးနေတာ... ဟင့်အင်း မြတ်နိုးဝေကို ကျွန်မ မသိပါဘူး… ကျွန်မ မသိပါဘူး… လို့ တွင်တွင်ငြင်းနေခဲ့တယ်။ သိမှာပါ မကြာခင် သိရမှာပါ လို့ ပြောပြီး တစ်ဖက်ကို လှည့်ထွက်သွားသူကို မြတ်နိုးဝေ မြတ်နိုးဝေ… လို့ ခပ်ကျယ်ကျယ် လှမ်းအော်ခေါ်ရင်း အိပ်မက်က လန့်နိုးလာခဲ့တာပဲ။ နာရီကို ကြည့်လိုက်တော့ မနက် သုံးနာရီ လေးဆယ့်ငါးမိနစ်။ အိပ်ရာဘေးက စားပွဲပေါ်မှာ မြတ်နိုးဝေရဲ့ စာတွေ။ လှဲနေရာက ထထိုင်ပြီး စာတွေကို ပြန်ဖတ်နေမိတယ်။ စာတွေနဲ့ စာအိတ်တွေကို ယူလိုက်တော့ စားပွဲပေါ်မှာ ဖြတ်စလေးတွေချည်း ကျန်နေခဲ့တယ်။ အဲဒါလေးတွေကို တစ်ခုချင်း ကိုင်ကြည့်ရင်း ဟိုရွှေ့ကြည့် ဒီရွှေ့ကြည့်နဲ့ ရွှေ့နေမိတယ်။ အဲဒီလို ရွှေ့ကြည့်နေရင်းမှာ အရောင်ဆင်ဆင်တူတာလေးတွေကို မြင်တော့ ရုတ်တရက် အတွေးထဲမှာ Jigsaw Puzzle တွေကို သတိရသွားတယ်။ အချိန်တွေ ကုန်ခဲလှတဲ့အခါ (သို့မဟုတ်) အချိန်ကုန်ဖို့ လိုအပ်လာတဲ့ အခါတွေတိုင်းမှာ ကျွန်မ လုပ်နေကျ အလုပ်တစ်ခုက Jigsaw Puzzle တွေ ဆက်တာပဲ။ အဲဒါနဲ့ ခုနက ဖြတ်စ ထူထူလေးတွေကို Jigsaw အစတွေလို သဘောထားပြီး အရောင်တူရာလေးတွေ ဆက်စပ်ကြည့်လိုက်တယ်။ ဥာဏ်နည်းနည်းလေး ထပ်သုံးလိုက်တဲ့အခါ ဖြတ်စလေး ဆယ့်လေးခုဟာ မမျှော်လင့်ပဲ ရုပ်လုံးပေါ်လာခဲ့တယ်။ အံ့သြစရာ… ကျွန်မပါးစပ်က ပါးစပ်က ဘုရားရေ လို့ ရေရွတ်လိုက်မိတယ်။ လေးလက်မ ခြောက်လက်မ အဖြူအမည်း ဓါတ်ပုံတစ်ပုံကို ကန့်လန့်ဖြတ် ဒေါင်လိုက်ဖြတ်... ဟိုလို ဒီလို ဖြတ်ထားတဲ့ အပိုင်းအစတွေ။ Jigsaw Puzzle ဆက်သလို ဆက်လိုက်တော့ ချောမောလှပတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ မျက်နှာ... စာနံပါတ် ရှစ် ပါမလာခဲ့တော့ ညာဖက် မျက်ခုံးနဲ့ နဖူးနေရာမှာ လွတ်နေခဲ့တယ်။ ဒါပေမယ့် မျက်ခုံး မျက်လုံး နှာတံ နှုတ်ခမ်း အားလုံး ထင်ရှားပေါ်လွင်ပြီး သိသိသာသာ ချောမောလှပတဲ့ အမျိုးသမီးငယ် တစ်ယောက်ရဲ့ မျက်နှာဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ဘူး။ ဒါ မြတ်နိုးဝေ လား... ဟုတ်ပါတယ်၊ ဒါ မြတ်နိုးဝေ ပဲ ဖြစ်မှာပါ... တစ်ယောက်တည်း မေး လိုက် ဖြေလိုက်လုပ်ရင်း မြတ်နိုးဝေရဲ့ ဓါတ်ပုံကို သေသေချာချာ ကြည့်နေခဲ့မိတယ်၊ ကျွန်မ သူ့ကို လုံးဝ မကြုံဖူး မဆုံဖူးခဲ့တာ၊ ဘယ်နေရာမှာမှ မသိခဲ့ဖူးတာလည်း သေချာနေခဲ့တယ်။
အံ့သြစရာ မိန်းကလေး မြတ်နိုးဝေ... သူ့ကိုယ်သူ ကိုယ် မြတ်နိုးဝေ ပါ လို့ မိတ်ဆက်ပြီး စာလေးတွေရေး၊ စာတွေထဲမှာ သူ့ဓါတ်ပုံကို တစ်စချင်းစီ လျှို့လျှို့ဝှက်ဝှက် ထည့်ပေးခဲ့သူ မြတ်နိုးဝေ။ တကယ်ဆို ဒီစာတွေက သူရည်ရွယ်ထားသူ တစ်ယောက်ဆီ တစ်စောင်ပြီး တစ်စောင် ရောက်သွားဖို့။ အခုတော့ တံဆိပ်ခေါင်းတောင် ကပ်ပြီးကာမှ ရည်ညွှန်းသူမပါ၊ လိပ်စာမပါ တဲ့ စာတွေ။ မြတ်နိုးဝေ… ဘာတွေများ လွဲချော်ခဲ့ပြီး အချိန်တွေလွန်မှ အစုလိုက် အထပ်လိုက် မဆီမဆိုင် ကျွန်မလက်ထဲကို ရောက်လာရတာပါလိမ့်။ ဘာသဲလွန်စမှ မရှိ ဘယ်လိုမှ ဆက်စဉ်းစားလို့ မရတော့ပေမယ့် မြတ်နိုးဝေ ဆိုတဲ့ နာမည်နဲ့ အဖြစ်အပျက်ကို ခေါင်းထဲက ဘယ်လိုမှ ထုတ်လို့ မရဘူး။ ဒီလိုနဲ့ မိုးစင်စင်လင်းခဲ့တယ်။
မနက်ကျတော့ စာတွေကို သူခေါက်ထားသလို အသေအချာ ပြန်ခေါက်ပြီး စာအိတ်တွေထဲကို ပြန်ထည့်တယ်။ ဓါတ်ပုံ ဖြတ်စလေးတွေကို စာအိတ်အသစ်တစ်လုံး ယူပြီး သပ်သပ် ထည့်လိုက်တယ်။ အဲဒါတွေအားလုံးကို (အလာတုန်းကလိုပဲ) စာအိတ်ဖြူတစ်အိတ်ထဲ ထည့် သေသေသပ်သပ် ကော်ကပ်ပြီး ပိတ်လိုက်တယ်။
တကယ်လို့များ… ကျွန်မရဲ့စာကို ဖတ်မိတဲ့ စာဖတ်သူတွေထဲမှာ မြတ်နိုးဝေကို သိတဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေ ရှိနေခဲ့ရင် မျက်နှာစာအုပ်ကနေပဲဖြစ်ဖြစ်၊ အိုင်ဒီယာ မဂ္ဂဇင်းတိုက်ကနေတဆင့်ပဲ ဖြစ်ဖြစ် ကျွန်မကို ဆက်သွယ်ပေးစေချင်ပါတယ်။ သူ - မြတ်နိုးဝေ - နဲ့သာ သက်ဆိုင်တဲ့ စာအိတ်ကို သူ့လက်ထဲ ရောက်အောင် ကျွန်မ ပြန်ပို့ပေးချင်လို့ပါ။ ဒီအတွက် ကြိုတင် ကျေးဇူးတင်နေပါ့မယ်။
ဒီလိုမှမဟုတ်ပဲ မြတ်နိုးဝေ ကိုယ်တိုင်က (တိုက်တိုက်ဆိုင်ဆိုင်) ဖတ်မိပြီး စာတွေနဲ့ ဓါတ်ပုံအပိုင်းအစလေးတွေကို ရည်ရွယ်ထားသူဆီကို အရောက်ပို့ပေးစေချင်တယ် ဆိုရင်လည်း ကျွန်မကို ဆက်သွယ်ပေးပါ။ မြတ်နိုးဝေ ရောက်စေချင်တဲ့ နေရာကို အရောက်ပို့ပေးဖို့ ကျွန်မ တာဝန်ယူနိုင်ပါလိမ့်မယ်။
သက်ဝေ
(၀၃ ဇန်နဝါရီ ၂၀၂၀)
- ၂၀၂၀ မတ်လ ထုတ် Idea Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။
ဖတ်ပြီးမျောသွားတယ် ထုံးစံအတိုင်း မမသက်ဝေစာတွေပြန်ရေးလို ဝမ်းသာရတယ်....။ နောက်ထပ် အက်ဆေးတွေ ထပ်ဖတ်ရဖို့ မျှော်နေမယ်နော်.. မြတ်နိုးဝေနဲ့ အမြန်ဆုံးအဆက်သွယ်ရပါစေလို့ ဆုတောင်းပေးပါတယ်...။
ReplyDeleteမိုးငွေ့