Friday, March 13, 2020

ကောင်းကင်ခရီး

နေက ပြင်းလိုက်တာ အလင်းတန်းတွေကလည်း စူးစူးရဲရဲ။ လေယာဉ်ပြတင်းကနေ မြင်ရသမျှကို ငေးကြည့်နေရင်းက မျက်လုံးတွေ ပြာဝေလာတယ်။ နေ့လည် တစ်နာရီ ဆယ်မိနစ်ဆိုတော့လည်း အပူရောင်တွေက တရှိန်ရှိန်နဲ့ တောက်ပနေတာပေါ့။ ကိုယ်တိုင်ကလည်း ပူလောင်နေခဲ့တာ ပါမယ်။ အပြန်လမ်းဟာ ထုတ်ပိုးသိမ်းဆည်းခဲ့ရတဲ့ ခံစားချက်တွေ တနင့်တပိုးနဲ့ရယ်။ မနည်း ဖြတ်တောက်ပြီး ချန်ထားခဲ့ရတဲ့ ကြိုးစတွေ။ အဲဒါတွေ မတွေးချင်ဘူး… ဒါပေမယ့် မေ့လို့လည်း မရဘူး။ သေသေချာချာ ရွေးချယ်ဝယ်ယူခဲ့တဲ့ ပြတင်းတံခါးနဲ့ အနီးဆုံးခုံမှာ ထိုင်ရင်း ပြတင်းဘောင်ကို မီပြီး မျက်လုံးကို စုံမှိတ်ထားလိုက်တယ်။ မျက်လုံးမှိတ်ထားပေမယ့် စိတ်ကိုတော့ မှိတ်ထားလို့မှ မရတာနော်... ရောက်ချင်တဲ့ဆီကို ရောက်စေတော့ လို့ အသာတကြည် လွှတ်ပေးလိုက်ရတယ်။ လွှတ်ပေးလိုက်တယ်ဆိုရင်ပဲ စိတ်က သူသွားလိုရာဆီကို တည့်တည့်မတ်မတ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပြီး အဲဒီနေရာမှာတင် ရပ်တန့်သွားခဲ့တယ်။ စိတ် ရပ်တန့်နေတဲ့နေရာ… တရေးရေး ပြန်မြင်ယောင်လာတာကတော့ ပွဲတော်ည ပဲ။

ပွဲတော်ည...
ညက တိတိပပ အမှောင်ကျနေခဲ့ချိန်... ဆူညံသံတစ်ချို့၊ ရင်းနှီးနေတဲ့ တေးသွားတစ်ချို့နဲ့ ပျော်ရွှင်မှုတစ်ချို့ဟာ မလှမ်းမကမ်း ပွဲခင်းထဲကနေ အပြင်ဖက်ကို ဖိတ်လျှံနေခဲ့တယ်။ ဟိုးမှာမြင်နေရတဲ့ မီးတိုင်တွေဆီက အလင်းစက်ငယ်လေးတွေဟာ ကြယ်ပွင့်လေးတွေလိုပဲ လင်းတစ်ခါ မှိန်တစ်လှည့်နဲ့။ အဲဒီညထဲမှာ အများသူငါတွေနဲ့အတူ ပျော်ရွှင်ရယ်မောဖို့ ရောက်လာတဲ့ အရိပ်နှစ်ခုရဲ့ ဦးတည်ရာကတော့ ဝေဝေဝါးဝါး။ ကောင်းကင်ပေါ်က ကြယ်လေးတွေကို အတူတူ ရေတွက်ကြည့်ကြဖို့၊ ကြယ်ကြွေချိန်မှာ အတူတူ ဆုတောင်းကြဖို့ ဆိုတဲ့ စိတ်ကူးတွေမှာ သူတို့မှာ ရှိမနေဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ဒါပေမယ့် ဝန်းကျင်တစ်ခုလုံးက လိုတာထက်ပိုပြီး လင်းလက်လွန်းတော့ ကြယ်ပွင့်တွေကို မမြင်ရဘူး။ ဒီလိုနဲ့ပဲ ဆန္ဒတစ်ချို့နဲ့ မတောင်းဖြစ်လိုက်တဲ့ ဆုတောင်းတွေကို ရင်ထဲမှာ တိတ်တဆိတ် ပြန်သိမ်းထားလိုက်ရတယ်။ အလင်းစက်တွေကို ရှောင်ရှား၊ ဆူညံသံတွေကို ဆန့်ကျင်ပြီး လူတွေနဲ့ ဝေးရာကို ဦးတည်ချင်နေတဲ့ ခြေလှမ်းတွေကိုလည်း (တိုင်ပင်စရာမလိုပဲ) အလိုက်တသိ ရုတ်သိမ်းရင်း အနောက်ကို ပြန်လှည့်ခဲ့ကြတယ်။ ဝမ်းနည်းစရာကောင်းတာပေါ့နော်။ အဲဒီနောက်မှာတော့ မြူးကြွနေတဲ့ ဂီတသံတွေ၊ အပျော်သံတွေနဲ့ လိုအပ်တာထက် ပိုလင်းနေတဲ့ အလင်းထုရဲ့အောက်ထဲကို (တစ်ယောက်နဲ့တစ်ယောက် စကား မဆိုဖြစ်တော့ပဲ) တရွေ့ရွေ့ တိုးဝင်သွားလိုက်ကြတယ်။ နီးနီးလေးမှာ အတူတူရှိနေပါရက်နဲ့ အများကြီး လွမ်းနေခဲ့ရတဲ့ အခိုက်အတံ့ငယ်တစ်ခုပါပဲ။ လမ်းတလျောက် မျက်နှာချင်းဆိုင် မြင်တွေ့သမျှသူတိုင်းကို အရယ်အပြုံးမပျက် နှုတ်ဆက်စကားဆိုရင်း ပွဲခင်းထဲကို ရောက်သွားတော့ ပျားပန်းခတ် လှုပ်ရှားနေတဲ့ လူတွေကြားမှာ အရိပ်နှစ်ခုဟာ တကွဲစီဖြစ်သွားခဲ့တယ်။ တစ်ယောက်ကို တစ်ယောက်က ရှာလို့မတွေ့နိုင်တော့ဘူး။ ရှာလည်း မရှာဖြစ်ကြတော့ဘူး... ပွဲတော်ညရဲ့ နိဂုံးဟာ အဲဒီလို။

အတွေးတွေထဲမှာ မြင်ယောင်ရင်း သတိတရ လွမ်းတမ်းတတဲ့စိတ်တွေ ဖိတ်လျှံကျလာခဲ့တယ်။ ဝမ်းနည်းစိတ်တွေဟာ နှလုံးခုန်သံကို အကြောင်းမဲ့ မြန်ဆန်လာစေခဲ့ပြန်တယ်။ မဖြစ်သေးပါဘူး ဆိုပြီး တွေးလက်စနေရာကို ခဲရာခဲဆစ် ကျော်လွှားပစ်ရပြန်တယ်။ ထားခဲ့လိုက်မယ်လေ... အဲဒီစိတ်အတွေးကို ဒီနေရာအထိ ခေါ်လာလို့ မရဘူး၊ ခေါ်လာခဲ့ဖို့လည်း မကောင်းဘူး မဟုတ်လား။

ဘာတွေးရရင် ကောင်းမလဲ… ကိုယ်သွားခဲ့ဖူးတဲ့ ခရီးစဉ်တွေ အကြောင်းနဲ့ အဲဒီ နေရာဒေသတွေက နာမည်ကျော် စားစရာတွေအကြောင်းဆီကို စိတ်ကို ပို့လွှတ် ကြည့်တယ်။ မဆိုစလောက်တော့ ပျော်ရွှင်လန်းဆန်းလာသလိုပါပဲ။ တစ်ထိုင်တည်း နေရာအနှံ့ ရောက်သွားပြီး စားစရာတွေ မြည်းစမ်းကြည့်လိုက်ရတာ ပျော်မယ်ဆို ပျော်ချင်စရာ။

အဲဒီတုန်းမှာ ဘေးနားမှာ နည်းနည်း လှုပ်လှုပ်ရှားရှားဖြစ်သွားတာကို သိလိုက်တယ်။ ကပ်လျက်ခုံမှာ ခရီးသည် တစ်ယောက်ယောက် လာထိုင်တာပဲ ဖြစ်မှာပေါ့။ ခါတိုင်းလိုဆို ကိုယ့်ဘေးနားအတူထိုင်ပြီး တစ်ခရီးတည်း သွားရမယ့်သူကို ကိုယ် သိပ်စိတ်ဝင်စားတတ်တယ်။ အထူးသဖြင့် နာရီပေါင်းများစွာ စီးရမယ့် ခရီးစဉ်မျိုးမှာပေါ့။ ကိုယ်နဲ့ လမ်းခရီးတလျောက် အတူသွားရမယ့်သူဟာ ယောက်ျားလား မိန်းမလား၊ ဖြူသလား မည်းသလား၊ ပိန်သလား ဝသလား၊ ကြီးသလား ငယ်သလား၊ တစ်ယောက်တည်းလား အဖေါ်နဲ့လား၊ ကလေးငယ် ပါသလား ဆိုတာမျိုးက စလို့ စာအုပ်တစ်အုပ်တလေ ကိုင်ဆောင်လာသလား ငြိမ်ငြိမ်သက်သက် စာဖတ်နေမယ့်သူမျိုးလား၊ လက်ပ်တော့တစ်လုံးဖွင့်ပြီး တချောက်ချောက်နဲ့ တစ်လမ်းလုံး အလုပ်လုပ်နေမယ့်သူမျိုးလား၊ အငြိမ်မနေပဲ တလှုပ်လှုပ်နဲ့ ထိုင်လိုက် ထလိုက်၊ ရေတောင်းသောက်လိုက် စားစရာတောင်းလိုက် ဒါမှမဟုတ် ဘီယာတွေ ဝိုင်တွေ တစ်ခွက်ပြီးတစ်ခွက် တောင်းသောက်ရင်း ခရီးတစ်လျောက် မူးမူးမိန်းမိန်း ဖြစ်နေမယ့်သူမျိုးလား၊ တစ်လမ်းလုံး မိတ်ကပ်ဘူးဖွင့်ပြီး အလှပြင်နေတတ်၊ လက်သည်းနီဆိုးနေတတ်တဲ့ အမျိုးသမီးတစ်ယောက်များလား၊ ရှေ့က တီဗီစခရင် သေးသေးလေးက ရုပ်ရှင်တွေကို တစ်ကားပြီး တစ်ကား ဆက်တိုက် ကြည့်နေမယ့်သူလား၊ တစ်လမ်းလုံး အိပ်မောကျပြီး အသက်ရှူသံပြင်းပြင်းနဲ့ ဟောက်နေတတ်တဲ့သူမျိုးလား... ဖြစ်နိုင်ခြေတွေဟာ များပြားသလောက် အင်မတန်လည်း စိတ်ဝင်စားစရာကောင်းလှတယ်။

လေယာဉ်ပေါ်ရောက်ပြီး ကိုယ့်နေရာမှာ နေသားတကျ ထိုင်ပြီးတာနဲ့ ဘေးကို ရောက်လာတဲ့သူကို မျက်လုံးထောင့်စွန်းကနေ မြင်ရသမျှ ကြည့်ပြီး တစ်ထိုင်တည်း ခပ်မြန်မြန် အကဲခတ်ရတယ်။ ကိုယ့်စိတ်ထဲ အကဲခတ်ရင်း တွေးထားတာနဲ့ ခရီးစဉ်တလျောက် သူ ပြုမူနေတာတွေနဲ့ ကိုက်ညီရင် တယ်ဟုတ်တဲ့ ငါပါလား လို့ စိတ်ကြီးဝင်ရသလို မှန်းချက်နဲ့ တလွဲတချော်တွေ ဖြစ်တဲ့ အခါမျိုးကျတော့ ခေါင်းကို တွင်တွင်ခါရင်း စိတ်ပျက်လက်ပျက် ရယ်မောနေရတယ်၊ နေရာပြောင်းလို့ ရတဲ့အခါဆို ပြောင်းထိုင်၊ မရတဲ့ အခါတော့လည်း မတတ်သာ ဒီလိုပဲ သည်းခံရပြန်တယ်။ တစ်ခရီးတည်း သွားသူတွေ တစ်နေရာတည်းကို ရည်ရွယ်သူတွေ မဟုတ်လား... ဒါပေမယ့် အခုခရီးကတော့ သုံးနာရီ ကျော်ကျော်ရယ်။ ပြီးတော့ အနားမှာ ဘယ်သူလာလာ အရေးစိုက်ချင်စိတ်မရှိလောက်အောင် ကိုယ့်စိတ်တွေက ညောင်းညာ ကိုက်ခဲနေခဲ့ချိန်။ မျက်စိကို ဖွင့်မကြည့်ချင်တာနဲ့ ဒီတိုင်းပဲ ဆက်နေလိုက်တယ်။ ဘယ်လိုလူ ဖြစ်ဖြစ်ကွာ... လာချင်တဲ့သူသာ လာပါတော့။

ဒါပေမယ့် ထင်သလောက်တော့ ဆိုးပုံမရဘူး။ ဘေးနားမှာ ငြိမ်ငြိမ်သက်သက်ပဲ ဝင်ထိုင်လိုက်တယ်၊ ပြီးတော့ ထိုင်ခုံ ခါးပတ် ပတ်တဲ့ အသံကို ကြားလိုက်တယ်… ညင်ညင်သာသာပဲ။ ရေမွှေးနံ့ ဘာညာ ဘာမှ မရပုံထောက်ရင် အမျိုးသားတစ်ယောက် ဖြစ်နိုင်တယ်လို့ ယူဆမိတယ်။ မျက်လုံးတစ်ချက်ဖွင့်ကြည့်လိုက်ရင် အဖြူအမည်း သဲသဲကွဲကွဲ သိရမယ့်ကိစ္စကို မျက်မမြင်တစ်ယောက်လို ဒီတိုင်း မှန်းကြည့်နေမိတာ တော်တော်တော့ ပေတိပေတေ နိုင်လှတယ်နော်။ ကိုယ့်ကိုယ်ကိုယ် သဘောကျပြီး ရယ်ချင်သွားတယ်။

တစ်ဖက်မှာလည်း ဘေးကလူက ခရီးစဉ် မစရသေးခင်မှာတင် ဘေးနံရံကို ခေါင်းထိုးမှီပြီး မျက်စိစုံမှိတ်လို့ လျော့တိလျော့ရဲ ထိုင်နေတဲ့ မိန်းကလေး ခရီးသွားတစ်ယောက်ကို မြင်လိုက်ရချိန်မှာ စိတ်ပျက်လက်ပျက်များ ဖြစ်နေမလား မသိ လို့ တွေးလိုက်တော့ ပိုပြီး ရယ်ချင်သွားတယ်။ မတတ်နိုင်ဘူး စိတ်တွေ သက်သာရာ မရဖြစ်နေချိန်မှာ လူသက်သာဖို့ အရေးကြီးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ... လေယာဉ်တက်ပြီး ခါးပတ်ဖြုတ်လို့ရပြီ၊ သက်တောင့်သက်သာ အနေအထား ဖြစ်သွားပြီ ဆိုရင်တော့ ကိုယ်နဲ့ တစ်ခရီးတည်း သွားရမယ့်သူကို တစ်ချက်တော့ ပြုံးပြ နှုတ်ဆက်ဖို့ စိတ်ကူးထားပါတယ်။

လေယာဉ် အင်ဂျင်သံက တဖြည်းဖြည်း အရှိန်မြင့်လာတယ်။ လေယာဉ်စီးတိုင်း ပြုနေကျ... ဘုရားကို ခဏ အာရုံပြုတယ်။ လေယာဉ်မယ်လေးက ခုံတွေ မတ်မတ်ထားဖို့၊ ပြတင်းတံခါးတွေ ဖွင့်ထားဖို့နဲ့ ခါးပတ်ကို သေသေချာချာ ပတ်ထားဖို့ ကြေငြာတယ်။ နာရီကြည့်မလို့ အလုပ်မှာ လေယာဉ်မယ်လေးက ဒီက ဒေသစံတော်ချိန် တစ်နာရီခွဲ၊ အပူချိန် သုံးဆယ့်နှစ် ဒီဂရီ ဖာရင်ဟိုက် ပါ လို့ ကြေငြာတယ်။ ဒါနဲ့ နာရီကြည့်ဖို့ မျက်လုံး မဖွင့်ဖြစ်တော့ပြန်ဘူး...

လေယာဉ်ပျံဟာ ပြေးလမ်းကနေ အရှိန်ယူရင်း ဦးမော့ပြီး သိမ့်ကနဲ ထိုးတက်သွားတယ်။ ရင်ထဲမှာ လစ်ဟာ သွားတယ်။ ပိုဝေးသွားပြီ မဟုတ်လား။ ဘဝမှာ ကိုယ်အကြိုက်ဆုံး အနှစ်သက်ဆုံး အခိုက်အတံ့ တစ်ခုကို ပြပါဆို အဲဒီလို လေယာဉ်တက်တဲ့ အချိန်ကို ပြရမှာပဲ။ ဒီတစ်ခါတော့ သိပ်ကြိုက်ပါတယ် ဆိုတဲ့ လေယာဉ်တက်ချိန်ကတောင် ကိုယ့်ကို နည်းနည်းမှ လှုပ်ရှားစေခဲ့ဘူး။ နှလုံးသားဟာ အတော်ကို အေးစက် မာကျောနေခဲ့ပုံပါပဲ။ လေယာဉ်ဟာ တဖြည်းဖြည်း အရှိန်ယူရင်း မြင့်သည်ထက် မြင့်တဲ့ နေရာဆီကို တိုးဝင်သွားနေမှန်း သိနေတယ်။ နားထဲမှာ အသံတွေ ဝေဝါးသွားတယ်... ဒါ လေထုရဲ့ဖိအား အပြောင်းအလဲကြောင့် နားအူလာတာပဲ။ တဒုတ်ဒုတ်နဲ့ သွေးခုန်နှုန်း မြန်လာတာကို သိသိသာသာခံစားရတယ်။ နားထင်ကို လက်နဲ့ ထောက်ပြီး ခန္ဓာကိုယ်ကို နည်းနည်း မတ်မတ် ပြင်ထိုင်လိုက်တယ်။


ရုတ်တရက်...
ရုတ်တရက် နားထင်ကို ထောက်ထားတဲ့ ကိုယ့်လက်ချောင်းအေးစက်စက်တွေပေါ်ကို နွေးထွေးတဲ့ လက်တစ်စုံက လာဆုတ်ကိုင်လိုက်တာ… မျက်လုံးကို ချက်ချင်း ဖွင့်လိုက်တယ်။

ဝမ်းသာတာလား ပျော်ရွှင်တာလား အံ့သြတာလား မယုံနိုင်တာလား… ခံစားချက်ကို စာဖွဲ့မပြတတ်ဘူး။ ကိုယ့်ဘေးမှာ သက်တောင့်သက်သာ ထိုင်နေတဲ့သူကို တစ်ခါမှ မမြင်ဖူးသူတစ်ယောက်လို ငေးကြည့်ရင်းက သူ့လက်ကို ပြန်ဆုတ်ကိုင်လိုက်မိတယ် (ထင်တယ်)။ ပြီးတော့ ကိုကို လို့ တိုးတိုးခေါ်လိုက်မိတယ် (ထင်တယ်)။ အသံ ထွက်သလား အသံမထွက်ပဲ ပါးစပ်ပဲ လှုပ်ရုံ လှုပ်သွားသလား... မသိတော့ဘူး။။ မေးစရာ မေးခွန်းလည်း မရှိ၊ ပြောစရာ စကားလည်း မရှာတတ်။ တကယ်ကတော့လည်း ဘာဆို ဘာမှ မေးစရာ ပြောစရာ မလိုတော့အောင် အရာရာ ပြည့်စုံသွားခဲ့ပြီပဲ။ အဲဒီအချိန်မှာ သူ ပြုံးနေတာကို မြင်လိုက်ရတော့ ခုနက မျက်စိစုံမှိတ်ထားခဲ့ချိန်တွေအတွက် နောင်တရရင်း ကိုယ်လည်း လှစ်ကနဲ ပြုံးလိုက်မိတယ်။ ပြုံးနေရင်းက လေယာဉ်ပြတင်းဖက်ကို အကြည့်ရောက်သွားတော့ လေယာဉ်ပျံကြီးက ထူထပ် သိပ်သည်းပြီး သိပ်လှတဲ့ တိမ်တိုက်တွေထဲကို ညင်ညင်သာသာ တိုးဝင်နေခဲ့ပြီ…

သက်ဝေ
(၂၉ ဖေဖေါ်ဝါရီ ၂၀၂၀)

1 comment:

  1. မမ လာလည်ပြီး စာတွေဖတ်ခဲ့ပါတယ်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...