Monday, August 18, 2008

တနင်္လာနေ့ 

ဒီနေ့ 
တနင်္လာနေ့ 
စိတ်ဓါတ်တွေ သူ့ အလိုလိုနေရင်း
ဆေးခြယ်ထားတာက
တိမ်တွေလို အပြာရောင် လှလှ…။

လေးလံလှတဲ့ ဖိစီးမှုတွေရဲ့ ဝေးရာ
ဘယ်လိုမှ ရှောင်ကွင်းလို့ မရတဲ့အဆုံး
Panadol တစ်လုံးကို ကော်ဖီပူပူနဲ့  အတူတူ မျိုချ
ဝေေ၀၀ါးဝါး စိတ်တွေကို ကြိုးစားစုစည်း
အာရုံကို တည်ငြိမ်အောင်ထား
အင်း… လုပ်ငန်းကို စမှ.. စမှ…။

လွတ်မြောက်ရာလမ်း
ဘယ်မှာရယ် မှန်းလို့ မမြင်သေးသမျှ
ရွေးစရာမရှိ တဲ့ တနင်္လာနေ့ တွေမှာ
ဒီအတိုင်းသာ ကြိုးစားပမ်းစား
သည်းခံပေအုံးတော့ပေါ့…။

Tuesday, August 12, 2008

သူမ၏အခန်း

သူမ
သူမသည် တစ်ယောက်တည်း တိတ်ဆိတ်စွာ နေတတ်ခြင်းကို နှစ်သက် မြတ်နိုးတတ်သော သူတစ်ယောက် ဖြစ်သည်။ စကားနည်းခြင်း၊ ပေါင်းသင်း ဆက်ဆံရေး ညံ့ဖျင်းခြင်းတို့ ကြောင့် သူငယ်ချင်း အနည်းအကျဉ်းသာ ရှိသော သူမအတွက်တော့ အားလပ်ချိန် တော်တော်များများမှာ အပြင်မထွက်ဖြစ်ဘဲ သူမ၏ အခန်းငယ် ကလေးထဲတွင်သာ တစ်ယောက်တည်း တိတ်တဆိတ် နေဖြစ်သည်က များပါသည်။

အခန်း
အခန်း ဟုဆိုရသော်လည်း သိပ်ကြီးကြီးကျယ်ကျယ် တော့မဟုတ်ပါ။ မြင်သာအောင် ပြောရမည်ဆိုပါက တံခါးတစ်ချပ်နှင့် လေးပေါက်တွဲ ပြူတင်းပေါက် ခပ်ရှည်ရှည် တစ်ပေါက် ပါရှိသော၊ ၁၂ ပေ ပတ်လည်ခန့် သာ ကျယ်ဝန်းသော အခန်းငယ် တစ်ခုပင်…။ စာအုပ်စင်ပါတွဲလျက် ပါရှိသော စန္ဒယားပုံ စာကြည့်စားပွဲ တစ်လုံး၊ တစ်ယောက်အိပ် ကုတင် တစ်လုံး၊ အ၀တ်ထည့်ရန် ဘီဒိုတစ်လုံး၊ မှန်တင်ခုံ ခပ်ရွယ်ရွယ် တစ်လုံး နှင့် အခန်းထောင့် တစ်နေရာမှာ ပန်းအိုးလေး တစ်လုံး နှင့် ကက်ဆက် တင်သည့် လေးထောင့်စပ်စပ် ခပ်နိမ့်နိမ့် စားပွဲ တစ်လုံး…။ ဒါ အကုန်ပါဘဲ..။

ထိုအခန်း
ထိုအခန်းသည် သေးငယ်သော်လည်း သူမအတွက် နွေးထွေးစွာဖြင့် လုံခြုံမှု ကို ပေးစွမ်း၏။ တခါတခါ တစ်ယောက်တည်း အထီးကျန်နေတတ်သော သူမအတွက် ထိုအခန်းသည် ခိုဝင်နားနေစရာ ရင်ခွင်တစ်ခုပင်။ ထိုအခန်းထဲတွင် ကျောင်းသင်ခန်းစာများကို အပတ်တကုတ် ကြိုးစားပမ်းစား ကျက်မှတ်နိုင်သည်။ စိတ်များ နောက်ကျိ ရှုပ်ထွေးနေချိန်များတွင် ခင်မောင်တိုး (သို့ မဟုတ်) မီမီဝင်းဖေ ၏ အလွမ်းသီချင်းများကို ခပ်တိုးတိုးဖွင့်ကာ သီချင်းနဲ့ အတူ မျောစီး လွင့်ပါနိုင်သည်။ ဒါမှမဟုတ် တခုခုကို စိတ်နှင့်မတွေ့ သော၊ စိတ်တိုင်းမကျသော အချိန်များတွင် စိတ်ထဲ မတွေ့ သည်များကို LinKin Park ၏ ဆူဆူညံညံ တေးသွားများနှင့်အတူ လွတ်လပ်စွာ ပေါက်ကွဲနိုင်သည်။ အချိန်မတော်မှာ ခဏခဏ ဆာလောင်တတ်သော သူမအဖို့  ထိုအခန်းထဲတွင် ကော်ဖီကျကျ ခါးခါး နှင့် ဘီစကစ်တို့ လဲ အမြဲတမ်းရနိုင်သည်။ တရေးနိုးပြီး ပြန်အိပ်မရသော အချိန်မျိုးတွင် မီးချောင်းကို ထိန်လင်းစွာဖွင့်ပြီး ၀တ္ထု (သို့ မဟုတ်) မဂ္ဂဇင်းများကို စိတ်ကြိုက် လွတ်လွတ်လပ်လပ် ဖတ်ကာ မိုးလင်းစေနိုင်သည်။ မိုးရာသီများကို နှစ်သက်တတ်သော သူမအဖို့  မိုးသည်းချိန်များတွင် ဖွင့်ထားသော ပြူတင်းပေါက်မှတဆင့် မိုးစက်မိုးမှုန်များကို ထိတွေ့ ခံစား နိုင်သေးသည်။ တစ်ခါတရံတွင် အစာရှာထွက်ရင်းမှ မျက်စေ့လည် လမ်းမှားကာ ပျံသန်း ၀င်ရောက်လာသော စာကလေးများ၊ ဆက်ရက်ကလေးများနှင့်ပင် မျက်လုံးချင်းဆုံနိုင်သေးသည်။ လပြည့်ညများတွင် ထိန်ထိန်သာနေသော လရောင်ကို စိန်ပြေနပြေ ကြည့်ရှုခံစားခွင့်လည်း ရနိုင်သေးသည်။
ဤမျှ နွေးထွေး ချစ်ခင်ဖွယ်ကောင်းလှသော၊ လွတ်လပ်ခြင်းတို့ ပြည့်နှက်နေသော အခန်းလေးသည် သူမ၏ ကမ္ဘာငယ်တစ်ခု…။

ကိုကို
ကိုကိုနှင့် မမျှော်လင့်ဘဲ ဆုံဆည်းခဲ့ရသည်။ ကိုကိုက သူမကို ကလေးငယ် တစ်ယောက်သဖွယ် ယုယစွာ ကြင်နာမြတ်နိုး ချစ်ခင်ခဲ့သည်။ သူမကလဲ ကိုကို့ ကို အားကိုးစွာ တွယ်တာ ချစ်ခင်ခဲ့သည်။ ထို့ နောက် နှစ်ဖက်မိဘများ၏ သဘောတူ ခွင့်ပြုချက်အရ မိုးလေကင်းစင်သော တစ်နေ့ မှာ သူမနှင့် ကိုကို လက်ထပ်ကြသည်။ ပြီးတော့ ယောင်နောက် ဆံထုံးပါ ဟူသော ဆိုရိုးစကားနှင့်အညီ ကိုကို့ နောက်ကို သူမ လိုက်ခဲ့ရသည်။ အစစ အရာရာ ပြည့်စုံ လှပ ခန်းနားသော ဘ၀လေး တစ်ခုကို ကိုကို နှင့် အတူတူ ကြည်နူး ပျော်ရွှင်စွာ တည်ဆောက်ခွင့်ရခဲ့သည်။ အချို့ သော သူငယ်ချင်းများက လှပသော သူမဘ၀ကို အလွန်အားကျသည်ဟု ပြောကြသည်။ ဟုတ်ပါတယ်လေ…။ ဒါကို သူမ လက်ခံပါတယ်...။

ဒါပေမယ့်
ဒါပေမယ့် သူမရဲ့ သေးကွေးသော်လည်း မတူညီသော နွေးထွေးမှု၊ ကွာခြားလှသော လွတ်လပ်မှုကို ပေးစွမ်းနိုင်သော သူမ၏ ထိုအခန်းငယ်ကလေး ကို သူမ နေ့ စဉ်နေ့ တိုင်း တမ်းတမ်းတတ လွမ်းဆွတ်နေပါသည် ဟုဆိုပါက သူမ မှားသည်ဟု ပြောကြမည်လော…။

* * * * * * * * * * * *

Friday, August 8, 2008

အတွေး


တွေးချင်သလိုသာ တွေးပြီး မှတ်ချက်ကလေးတွေ ရေးသွားကြပါတော့…။

Friday, August 1, 2008

တနေ့ တာ ဒိုင်ယာရီ

၆ နာရီ ၃၀ မိနစ် ။ ။ အိပ်ပုတ်လေး.. ထတော့.. ထတော့.. တဲ့။ နှိုးနေပြီ..။
ဝါး.. မနိပ်ပါလား.. အိပ်ရာက ထဖို့ ဆို ဘယ်လိုပျင်းမှန်းမသိပါဘူး။ ဒါပေမယ့်လဲ အိပ်ရေးထက် စားရေးခက် ဆိုသလိုပါဘဲ…။ ထမှ.. ထမှ…။ အလုပ်မရှိ အစားမရှိ လို့  ခဏခဏ နောက်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရပြီး ပြုံးဖြဲဖြဲဖြစ်သွားမိ။ ဒါပေမယ့် ခဏလောက်တော့ ဆက်နှပ်လိုက်အုံးမယ်ကွယ်..။

၆ နာရီ ၅၀ မိနစ် ။ ။ ရေချိုးခန်းထဲက သစ်ပင်ပေါက်စကလေးတွေကို ရေနဲနဲလောင်း..။ တစ်ကိုယ်ရေ သန့် ရှင်းရေးတွေ ဘာညာ ဘာညာတွေလုပ်..။ ရေချိုး..။ ဒီနေ့ ရုံးကို ဘာဝတ်သွားရပါ့မလဲ လို့ ပါ တစ်ဆက်တည်း စဉ်းစား..။ ခေါင်းများတောင် ခြောက်ရပါဘိတော့…။

၇ နာရီ ၂၀ မိနစ် ။ ။ သိပ်လှသွားပြီလို့  ကိုယ့်ကိုယ်ကိုယ် ကျေနပ် အားရသွားတဲ့ အချိန်မှာ ပေါက်ထွက်တော့မတတ် အထပ်ထပ် ကြည့်ထားတဲ့ မှန်ရှေ့ ကခွာ…။ ဒီအချိန်မှာ သူက ထမင်းစားပွဲမှာ ကော်ကော် နှစ်ခွက်နဲ့  ပေါင်မုန့် တွေနဲ့  ဟီးဟီး.. အဆင်သင့် စောင့်နေပြီပေါ့…။ မစားခင် ဘုရားကို ဘိုဆန်ဆန်ဘဲ Coffee နဲ့  ပေါင်မုန့် ကပ်ရင်း ဘုရားရှိခိုး..။ ဘာဆုတွေတောင်းသေးလဲ.. ဟုတ်လား..။ ဟင့်အင်း... မပြောပြဘူး..။

၇ နာရီ ၃၅ မိနစ် ။ ။ မုန့် စားတော့ ထုံးစံအတိုင်းဘဲပေါ့.. လောနေပြီ။ ဒီနေ့  ရုံးမှာ အစည်းအဝေးရှိတယ်တဲ့၊ မြန်မြန်စားနော် တဲ့၊ အိပ်ပုတ်လိုက်တာကလဲ လွန်ရောဘဲ တဲ့…။ စကားမစပ်.. သူက အမြဲတမ်း မနက်ဆို ၆ နာရီဆို ထ.. ရေမိုးချိုး.. TV မှာလာတဲ့ သတင်းတွေကြည့်.. Breakfast အဆင်သင့်ပြင်ပြီး စောင့်နေကျ..။ လိမ္မာတယ်နော်… ဟီဟိ..။ (ကြုံကြွား…)

၇ နာရီ ၅၀ မိနစ် ။ ။ စားပြီးတော့မှ နှုတ်ခမ်းနီဆိုး… ညကထဲက အဆင်သင့်ပြင်ထားတဲ့ ပိုက်ဆံအိပ်ကို ဆွဲပြီး အိမ်ကထွက်ကြတယ်..။ ကံကောင်းတာတစ်ခုက နှစ်ယောက်စလုံး အလုပ်သွားရတဲ့ နေရာက မနီးမဝေးတွေမို့  အသွားအပြန် အတူတူ သွားလို့ ရတာပေါ့..။

၈ နာရီ ၂၀ မိနစ် ။ ။ ရုံးရောက်တော့ အလုပ်တွေက စားပွဲပေါ်မှာ ကိုယ့်ထက်အရင်စောပြီး မိန့် မိန့် ကြီး နေရာယူနေကြပြီ..။ ဘာမှ စမလုပ်သေးခင် Computer အရင်ဖွင့် G Talk နဲ့  MSN Messenger ကို Sign In အရင်လုပ်..။ Class 95 FM ကို ခပ်တိုးတိုးဖွင့်..။ ဘုရားစူးပါ.. ဒီနေ့  သက်ဝေ အလုပ် အရမ်း အရမ်းကို များမှာမို့ လို့  ဒါတွေကို စောစောစီးစီးပြီးအောင် အရင်ကြိုလုပ်ထားတာပါ။ ဝီရိယလေ… ဝီရိယပေါ့..။ တစ်မျိုးမထင်ကြပါနဲ့ နော်…။

၈ နာရီ ၃၀ မိနစ် ။ ။ Pantry ကိုသွား.. လမ်းမှာ ဟိုလူ ဒီလူတွေနဲ့  ဟိုပြော ဒီပြောတွေပြော.. Coffee Mug ခပ်ကြီးကြီးနဲ့  Coffee ကျကျ တစ်ခွက်ဖျော်.. (သောက်နိုင်လှချည်လားလို့  မမေးပါနဲ့ .. တစ်နေ့ လုံးစာပါ..) ။ သောက်ရေဗူးထဲကို ရေဖြည့် ၊ အသားအရေ နူးညံ့ ချောမွေ့ စိုပြေ လှပဖို့ အတွက် တစ်နေ့ ကို ရေ ၁ လီတာလောက်တော့ အနဲဆုံး သောက်ရမယ် လို့  စာအုပ်ထဲမှာ ဖတ်ထားတယ်လေ..။ စည်းကမ်းလိုက်နာ ဘေးကင်းကွာ မဟုတ်လား…။ အိုး… ဟို Admin က တရုပ်မက ဒီနေ့  အလှတွေ တော်တော်ပြင်လာပါ့လား..။ မဟုတ်မှလွဲရော.. ဒီညနေ ရီးစားနဲ့  ချိန်းထားလို့ ဖြစ်လိမ့်မယ်။ ဟွန်း.. ရုပ်ကိုက…။ အောင်မယ်.. ဟိုခေါင်းမြီးခြုံကလဲ ဒီနေ့  အစောကြီး ရောက်နေပါပေါ့လား..။ ခါတိုင်းဆို အကြောင်းမျိုးစုံနဲ့  အမြဲနောက်ကျတတ်တာ။

၁၀ နာရီ ၃၀ မိနစ် ။ ။ တလစပ်ဝင်လာတဲ့ တယ်လီဖုန်းတွေ ဖြေရင်း.. လက်ကလဲ အဆက်မပြတ်လှုပ်ရှား၊ ခေါင်းထဲကလဲ စဉ်းစား..၊ မော်နီတာကိုလဲ ပြူးပြဲပြီးကြည့်..။ Design တစ်ခုရဖို့  ဒီပစ္စည်းကို ဟိုနားလေးရွှေ့ ကြည့်လိုက်.. ဟိုပစ္စည်းကို ဒီနားလေးပို့ကြည့်လိုက်နဲ့  လုပ်လိုက်ရတာ.. လူကို မောလို့ ..။ တွေးမိတယ်.. သြော်.. ဘ၀.. ဘ၀.. ကြွက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘ၀ ပါလားနော်လို့ ..။ (ကြွက် = Mouse)

၁၁ နာရီ ၃၀ မိနစ် ။ ။ ရေသောက်ဖို့ မေ့နေတာ.. သတိရတော့ ကဗျာကရာ သောက်ရတယ်။ ဟဲ့.. ပလုတ်တုတ်… Taskbar မှာ လိမ္မော်ရောင်လေးတွေ ပလပ် ပလပ်နဲ့  ပေါ်နေပါလား..။ MSN က သူငယ်ချင်းတစ်ယောက် ခေါ်နေတာ..။ ဘယ်သူများလဲ ဆိုတော့ မျက်စောင်းထိုး စားပွဲက ကိုယ့် Colleague.. နေ့ လည်စာ ဘယ်သွား၊ ဘာစားကြမလဲတဲ့.. မေးနေတာ။ တယ်လဲ ၀ီရိယ ကောင်းနေကြပါလား လို့ တွေးပြီး ရယ်မိသေး..။ ရယ်လိုက်တာ အသံပါထွက်သွားလို့  သူလှည့်ကြည့်ပြီး မျက်စောင်းထိုးတာကို မသိချင်ယောင် ဆောင်လိုက်တယ်။ ခပ်တည်တည်ဘဲ ဆရာ..။

၁၂ နာရီ ၃၀ မိနစ် ။ ။ စားမည်.. ၀ါးမည်..။ Slice Fish Bee Hon လို့ ခေါ်ကြတဲ့ ကြာဆံနဲ့  ငါးနဲ့  ပြုတ်ထားတဲ့ ဖြူဖျက်ဖျက် ပေါ့ရွှတ်ရွှတ် အပြုတ်ကိုသောက်..။ ဖြစ်နိုင်ရင်တော့ စိတ်ထဲမှာ အင်းလေးကို အပြေးသွားပြီး ကြေးအိုးကလေးသောက်ချင်၊ ဘူးသီးကြော်လေး စားချင်တာပေါ့လေ…။ ဒါပေမယ့်လဲ… ဆန္ဒတွေကို မြိုချထားရတာ…။ ရင်ဘတ် တစ်ခုလုံးနဲ့  အပြည့်...။

၁ နာရီ ၁၅ မိနစ် ။ ။ ရုံးကိုပြန်ရောက်တော့ ရတုန်းရခိုက် အချိန်လေးကို အကျိုးရှိရှိအသုံးချ…။ ဘာလုပ်သလဲ သိချင်တယ်မဟုတ်လား..။ ဟဲဟဲ.. ဘာရှိရမှာတုန်း..။ ဘလော့ဂ်တွေ လည်တာပေါ့..။ ဒီနေ့  တန်ခူး ဆီမှာလဲ အသစ်တင်ထားတယ်.. မောင်နဲ့  ကျွန်မ တဲ့..။ ရေးထားလိုက်တာ.. ချစ်စရာ..။ မပန် ကလဲ ဘာတဲ့... သင်္ကေတများကို ဖြတ်ကျော်စဉ်ဆိုဘဲ.. ။ တွေးမိပါတယ်… မပန်က နှုတ်စကားကြားမှ ယုံလိုသူ တစ်ယောက်တော့ မဟုတ်တန်ရာပါ လို့ …။ သြော်.. နုစံ ရဲ့ Totoro ကို ဖတ်ပြီးတော့လဲ အဲဒီ ချစ်စရာ မွေးပွကောင်ကို လိုချင်တဲ့ လောဘစိတ်တွေက ရင်ထဲမှာ တဖွားဖွား..။ သူတို့ ဆီမှာ Comment တွေ ၀င်ရေး..။ အချိန်ကြည့်လိုက်တော့… လုပ်ငန်းပြန်စဖို့  အချိန်တော်ပြီမို့ …။

၂ နာရီ ၃၀ မိနစ် ။ ။ ဗိုက်တွေလေးပြီး ကြီးစိုးစပြုလာတဲ့ အိပ်ချင်စိတ်တွေကို ရန်ကုန်က သူငယ်ချင်းတွေ ပို့ ထားတဲ့ အချဉ်ထုတ်တွေနဲ့  ကြိုးစားပမ်းစားဖြေဖျောက်..။ ဒီ့ထက်နဲနဲ ပိုဆိုးလာရင် ရုံးထဲမှာ.. ဟိုအခန်းလျှောက် ဒီအခန်းလျှောက်နဲ့  လမ်းနဲနဲသလား.. ဟိုလူ ဒီလူတွေနဲ့  လေနဲနဲပေါ…။ မဆိုးဘူး.. အလုပ်ဖြစ်တယ်..။ အိပ်ချင်ပြေသွားပြီ။

၃ နာရီ ၃၀ မိနစ် ။ ။ ပျင်းရိလေးကန်.. အချိန်တွေက ကုန်ခဲလွန်း..။ ပျော်စရာကောင်းလာအောင် ဘာအကြောင်းတွေးရပါ့…။ ဟိုမိန်းမနှစ်ယောက်ဆီ ဖုန်းဆက်ပြီးတော့ စနေနေ့  Orchard သွားကြရအောင်လို့  လှမ်းချိန်းမလို့  စဉ်းစားမိ..။ အိုး.. မဖြစ်ဖူး.. မဖြစ်ဖူး.. ဒီစနေမှာ သွားစရာတစ်ခု ချိန်းထားတာ ခပ်မြန်မြန်သတိရလိုက်တယ်..။ မဟုတ်ရင် မအားဘဲနဲ့  ရှည်ကဲပြီး သူတို့ ကို ချိန်းရသလားလို့  ရွှေစိတ်တော်တွေ ကောက်ကြအုံးမှာ..။

၅ နာရီ ၃၀ မိနစ် ။ ။ ပြန်ရတော့မယ်..။ ရာသီဥတုကတော့ အားသစားသမားတွေ အကြိုက်ပါဘဲ..။ မိုးမရွာ.. နေမပူ.. မအေးလွန်း.. မပူလွန်း..။ ဘေးနားက Colleague တွေအားလုံးလဲ Coffee ပန်းကန်တွေ ဆေးတဲ့သူနဲ့  ၊ ခေါင်းဖြီးတဲ့သူနဲ့  ၊ အလှတွေ ပြန်ပြင်နေကြတဲ့သူနဲ့  ပြန်ကြဖို့ ပြင်နေကြပြီ…။ ရေး.. ရေး… အိမ်ပြန်ရတော့မယ်…။

၆ နာရီ ၃၀ မိနစ် ။ ။ ဒီနေ့ ရုံးမှာ ပင်ပန်းလိုက်တာ.. ထမင်းတောင် စားချင်စိတ် မရှိပါဘူးလို့  သနားစရာရုပ်လေးနဲ့  ပြောလိုက်တော့ ဒါဆိုရင် အပြင်မှာ သွားစားကြမယ်လေတဲ့…။ ဟီး.. ဒီစကားကို စောင့်နေတာ လို့ တော့ မပြောဖြစ်လိုက်ပါဘူး..။ စိတ်ပြောင်းသွားမှာစိုးလို့ ..။ ဒါဆို ရေမြန်မြန်ချိုးမှ..။

၉ နာရီ ၃၀ မိနစ် ။ ။ ဘလော့ဂ်တွေထဲကို လည်လည်သွားရန် အချိန်အခါသင့်ပြီမို့ ..။ အသစ်ရေးဖို့ ကတော့ ခေါင်းထဲက ဘယ်လိုမှ စဉ်းစားလို့ မရ..။ အကြံတုံး ဥာဏ်တုံး.. ဘာဆို ဘာတစ်လုံးမှ မထွက်လာ..။ သူများတွေ ရေးထားတာတွေဘဲ ဖတ်ကောင်းကောင်းနဲ့  လိုက်ဖတ်နေလိုက်တာ.. ၁၁ နာရီကို ဘယ်လို ထိုးသွားမှန်းတောင် မသိလိုက်..။

၁၁ နာရီ ၁၀ မိနစ် ။ ။ ဘုရားရှိခိုး..။ ကွန်ပြူတာပိတ်..။ မီးတွေပိတ်..။ အိပ်ပြီဗျို့ ….။ Good Night...!!! သူကလား.. သူက အိပ်နေတာ ကြာလှပေါ့…။ တကယ်ပြောတာပါ…။

အင်း.. နောက်တစ်နေ့ လဲ ထုံးစံအတိုင်း ပုံစံခွက်ထဲကအတိုင်း အချိန်ဇယားတွေအတိုင်း စက်ရုပ်လူသားတွေလို ကျင်လည် လှုပ်ရှားရအုံးမှာပါလား လို့ တွေးတွေးပြီး မော…။ မောနေလို့ တော့ဖြင့်လဲ မပြီးသေး…။ ဘ၀ဆိုတာ.. ဒီလိုပါဘဲလေ လို့ .. ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ရင်း…။


ဝန်ခံချက် ။ ။ အိပ်မပျော်တဲ့ တစ်ညက Bridget Jone’s Diary ၀တ္ထုကို ပြန်ဖတ်ရင်း ဖန်တီးထားသော ပိုစ့်တစ်ခုဖြစ်ပါသည်။

Tuesday, July 22, 2008

ရောက်မလာတော့မယ့်ချစ်ခြင်းကို စောင့်နေတဲ့ချစ်ခြင်း

သက်ဝေရဲ့ တံခါး နဲ့  ပတ်သက်တဲ့ ပိုစ့်တွေတိုင်းမှာ အမြဲတမ်း လာဖတ်ပြီး စိတ်ဝင်စားစွာ Comment တွေ ရေးခဲ့ကြတဲ့ သူငယ်ချင်းများကို ကျေးဇူး အထူးပါ။ အဲဒီ Comment တွေထဲက မုတ်သုန်လေ ရဲ့  Comment ရှည်ကြီးနဲ့  တကွ လက်ဆောင်ပေးခဲ့တဲ့ ကဗျာလေးကို ပိုစ့်တစ်ခု အဖြစ် ပြန်တင်ပေးလိုက်ပါတယ်။

မုတ်သုန်ရဲ့  Comment..

စာကအဆုံးသတ်သွားပြီလား... ဆက်ရှိနေသေးလား... ဆက်ရေးဖို့ကျန်နေသေးလား...
အဲဒါကိုသိချင်ပါတယ်အစ်မ။

ပြီးသွားပြီဆိုရင်တော့ သုံးခုလုံးပေါင်းပြီး တစ်ပုဒ်အနေနဲ့ပြန်တင်ပေးပါလား...
မချစ်တာ၊ မချစ်နိုင်တာ အဲတာတွေက အပြစ်မှ မဟုတ်တာပဲလေ။
အချစ်ဆိုတာမျိုးက ငါပေးတယ် နင်လည်း ငါ့ပြန်ပေးလို့ပြောလို့မရသလို ကလေးတွေရန်ဖြစ်လို့ငါကျွေးထားတဲ့မုန့် တွေ ပြန်ပေးလို့ ပြောလို့ရနိုင်တာလည်းမဟုတ်ဘူး။
ချစ်တာတွေအတွက် ချစ်တဲ့သူရော၊ ပြန်မချစ်နိုင်လို့ မချစ်ခဲ့လေတဲ့ အချစ်ခံရသူရော၊ ဘယ်သူမှာမှ အပြစ်မရှိပါဘူး..။

နောက်ဆုံး မတွေ့ကြရတော့လို့အမှတ်ရစရာတွေ ပြန်လွမ်းဆွတ်မိတယ်ဆိုရုံနဲ့ပဲ အချစ်ဟာ လိုချင်တက်မက်မှု၊ ဖြည့်ဆည်းလိုက်မှုတွေထက် ပိုသော သံယောဇဉ်တစ်ခု အသွင်ပြောင်းသွားတာ ဘယ်လောက်လှလဲအစ်မ။

ဇာတ်လမ်းထဲက မိန်းကလေးအနေနဲ့လည်း အပြစ်တင်နေစရာ မလိုသလို ဇာတ်လမ်းထဲက ကောင်လေးအနေနဲ့ကလည်း အပြစ်တင်နေစရာ မလိုပါဘူး။
အဲဒါက အပြစ်ကင်းတဲ့ချစ်ခြင်းလေ...။ ဘယ်သူ့မှာမှအပြစ်မရှိပါဘူး။
လှတဲ့ချစ်ခြင်းကို ပိုလှသွားအောင် အရောင်တင်ပေးလိုက်တာကိုက အရမ်းကို လှသွားပါတယ်။ ကောင်လေးနေရာကလို့ဆိုနိုင်မလား...
ကျွန်တော် ကဗျာတစ်ပုဒ် ရေးခဲ့ဖူးတယ်။
အစ်မအတွက် လက်ဆောင်ပေးလိုက်ပါတယ်...။


ရောက်မလာတော့မယ့် ချစ်ခြင်းကို စောင့်နေတဲ့ ချစ်ခြင်း

(၁)
မသေဆုံးတဲ့ ပင်လယ်မှာ
အဆုံးမသတ်တဲ့ လှိုင်းတွေရှိသလို
မသေဆုံးသေးတဲ့ လူတွေမှာလည်း
အဆုံးမရှိတဲ့ အချစ်တွေရှိနေမယ်။

(၂)
ဖြူစင်တဲ့ ချစ်ခြင်းတရား
ရှင်းသန့်တဲ့ ချစ်ခြင်းတရား
လှပတဲ့ ချစ်ခြင်းတရား
ရိုးသားတဲ့ ချစ်ခြင်းတရား
ချစ်ခြင်းတရားတွေ အဖြေရှာ
အားလုံး သေဆုံးသွားတောင်
ရှင်သန်နေဦးမယ့် ချစ်ခြင်းတရား
အမြဲလှပ နေမှာလား။

(၃)
ချစ်ခြင်းတရားကို ပိုင်ဆိုင်သူများနဲ့
ချစ်ခြင်းတရားကို မွတ်သိပ်သူတို့ရဲ့
နေသားအကျ မရှိခဲ့ခြင်းများ
အလွမ်းရောင် ထင်ဟပ်
ပြည့်စုံခဲ့ပါသလား... ချစ်ခြင်း။

(၄)
ရင့်နေတဲ့ အလွမ်းတွေနဲ့
မဆုံးနိုင်သော အချစ်တွေနောက်က
မရပ်တန့်သော အတွေးစက်ဝန်းများ
အဆွေးရောင်တို့လွန်ခဲ့ပြီ။

(၅)
တစ်ရံတခါ
မလှပခဲ့ရတဲ့ ချစ်ခြင်းတရား
ဘယ်လိုကြုံတွေ့ကြပါစေ
ဖြစ်သူတွေသာ ဟောင်းခဲ့ရပေါ့။
အလွမ်းတွေနောက်ပြန်လှည့်
ချစ်ခြင်းပြန်လာမယ်။

(၆)
မွတ်သိပ်ဆန္ဒတွေ
မွန်းကျပ် စိတ်အနေတွေနဲ့
လွဲချော် ဆုံမှတ်တို့အတွက်
မဆုံးသေးတဲ့ ချစ်ခြင်းတရား
တစ်နေ့ ပြန်လာခဲ့မယ်တဲ့....။
ရောက်မလာသေးတဲ့ အချစ်အတွက်
မျှော်စောင့်နေရင်း
ခါးသီးနေ့ရက်တွေဆန်တက်
အပြန်ခရီးအလှည့်မှာ
ကမ်းလင့်နေမယ့် အချစ်များ
တလက်လက်တောက်ပလို့။ ။

မုတ်သုန်လေ [25-Oct-2007]

စာကြွင်း ။ ။ မုတ်သုန်ရေးထားခဲ့တဲ့ Comment ကို သေသေချာချာဖတ်ပြီး.. စဉ်းစားနေတုန်းဘဲ..။
တံခါး ၃ ပုဒ်ကို ကျစ်ကျစ်လစ်လစ် ပေါင်းစည်းဖို့  ကိုလဲ ကြိုးစားကြည့်ပါအုံးမယ်။
စိတ်ထဲမှာတော့ နောက်ထပ် တံခါးတွေအကြောင်းလဲ ဆက်ရေးချင်နေသေးတယ်လေ..။
တကယ်တော့ စိတ်ဆိုတာ တံခါးရွက်တွေနဲ့  ပိတ်ဆီး ကာရံလို့ မရတဲ့ အရာတစ်ခု ဖြစ်တာမို့  စိတ်ထဲမှာ အတွေးစိတ်ကူးတွေ ရှိလာတဲ့ အချိန်တိုင်းမှာ တံခါးတွေ ပိတ်ထားသည်ဖြစ်စေ၊ ဖွင့်ထားသည်ဖြစ်စေ.. ရေးမိနေအုံးမယ် လို့ ထင်ပါတယ်။

ဒီအတိုင်းပါဘဲ… အချစ်ဆိုတာလဲ ဘယ်လိုမှ တားဆီးပိတ်ပင်ထားလို့  မရတဲ့ သဘာဝ ရှိတာမို့  နှလုံးသား တံခါးတွေ ပိတ်ထားသည်ဖြစ်စေ၊ ဖွင့်ထားသည်ဖြစ်စေ.. ပွင့်ပွင့်လင်းလင်း ချစ်ဖို့  အခွင့်အရေးရှိသူတွေက လူသိရှင်ကြား ချစ်ကြပြီး.. ဒီအခွင့်အရေးနဲ့  ဝေးဝေးရောက်နေတဲ့ သူတွေကတော့ ရင်ထဲကနေဘဲ သိုသို သိပ်သိပ် ချစ်ကြရတယ်ပေါ့..။
အဲဒါတွေကို တွေးတောခံစားကြည့်ရင်း အဲဒီ တံခါးတွေ အကြောင်းကို ရေးဖြစ်နေတာပါ..။