သိပ်မကြာသေးခင်က အလွန်ရင်းနှီး ချစ်ခင်တဲ့ သူငယ်ချင်းတစ်ယောက်အိမ်ကို သွားလည်တုံးက သူတို့ အိမ် နေရာ တော်တော်များများမှာ Photo Copy ဆွဲပြီး ကပ်ထားတဲ့ စာလေးတစ်စောင်ကို တွေ့ ရပါတယ်။ ကုတင်ခေါင်းရင်းမှာ၊ စာကြည့်စားပွဲ ရှေ့ မှာ၊ ဧည့်ခန်းစားပွဲက မှန်ချပ်ရဲ့  အောက်မှာ ၊ ထမင်းစားခန်း နံရံပေါ်မှာ၊ နောက်ဆုံး မီးဖိုချောင်က နံရံကပ် ဘီဒိုပေါ်မှာ…။
ဟိုးရှေးရှေးက လူကြီးလက်ရေးလေးနဲ့  ရှေးဆန်ဆန် ရေးထားတဲ့ စာလေးပါ။ စာအရ သူတို့  မေမေ ဒီကိုလာလည်ပြီး ပြန်ခါနီးက ရေးထားခဲ့တာ လို့ သိရပါတယ်။ အဲဒီစာကိုဖတ်ပြီး မေမေနဲ့ ဖေဖေကို လွမ်းတဲ့စိတ်နဲ့ ကိုယ် မျက်ရည်ဝဲခဲ့ရပါတယ်။
ချစ်စရာ ကြည်နူးစရာ ဝမ်းသာ ဝမ်းနည်းစရာ မိဘမေတ္တာတွေ အကြင်နာ စေတနာတွေ အပြည့်အဝ လှလှပပ ပေါ်လွင်နေတဲ့ အဲဒီစာလေးကို အမှန်ကတော့ လက်ရေးမူရင်း စာလေး အတိုင်းတင်ချင်တာပါ။ ဒါပေမယ့်လဲ ကပ်ထားတဲ့စာတွေကို တောင်းခွာပြီး Scan လုပ်ရမှာ အားနာတာမို့  နှစ်ခေါက် သုံးခေါက် အလွတ်ရအောင် စိတ်ထဲကပဲ မှတ်လာခဲ့ပါတယ်။
အခု အဲဒီစာလေးကို မှတ်မိသမျှ အနီးစပ်ဆုံး ပြန်ရေးထားပါတယ်။ ချစ်ရတဲ့ မိဘတွေနဲ့  ဝေးနေရတဲ့ သူတိုင်း၊ မိဘတွေကို လွမ်းဆွတ်နေတဲ့သူတိုင်း ခံစားနိုင်ကြလိမ့်မယ်လို့  ယုံကြည်ပါတယ်။ ဖတ်ကြည့်ပါနော်…။
* * * * * * * * *
ချစ်သမီးတို့ ..
ဖေဖေ မေမေ တို့  သမီးတို့ ဆီမှာ လာနေစဉ် တစ်လျှောက်လုံးမှာ မေမေတို့ ကို လိုအပ်သမျှ ဂရုတစိုက် ပြုစုစောင့်ရှောက်ကြတာ အလွန်ပဲ ဝမ်းသာ ကျေးဇူးတင်ပါတယ်။ သမီးတို့  ညီအစ်မနှစ်ယောက်လဲ အခုလို တစ်ယောက် ကို တစ်ယောက် စောင့်ရှောက်ရင်း ချစ်ချစ်ခင်ခင် နေထိုင်ကြတာ၊ ကိုယ်နေထိုင်ရာ အိမ်ခန်းကလေးကိုလဲ အတတ်နိုင်ဆုံး သပ်ရပ် သန့် ရှင်းစွာနဲ့  စည်းကမ်းတကျ နေထိုင်ကြတာ တွေ့ ရလို့  မေမေ ကျေနပ်မဆုံးပါ။ သမီးတို့ ကို မေမေ ထွေထွေထူးထူး မှာကြား ဆိုဆုံးမစရာ ဘာမှ မတွေ့ ရပါ။
သို့ သော် မေမေမှာလိုသည်မှာ ဘုရား တရား သံဃာ မိဘ ဆရာသမားများရဲ့ ဂုဏ်ကျေးဇူးကို အစဉ် အောက်မေ့ သတိရကြပါ။ ဘုရားကို မှန်မှန် ဝတ်ပြု ပူဇော်ပါ။ ငါးပါးသီလကို အတတ်နိုင်ဆုံး လုံခြုံအောင် ထိန်းသိမ်းကြပါ။ ဘုရား သောက်တော်ရေ ကို နံနက်တိုင်း မှန်မှန်လဲ၊ ဆွမ်းတော်ကိုလဲ တတ်အားသရွေ့ နေ့ စဉ် ကပ်ကြပါ။ မေမေ ဘုရားကပ်ထားတဲ့ သပြေပင်လေးတွေ အခုဆို အရွက်နုလေးတွေ အညွန့်လေးတွေတောင် ထွက်နေပြီ၊ သူတို့ ကိုလဲ ရေမှန်မှန်လဲပေးပါ။ ရေမှန်မှန်လဲပေးရင် အစဉ်လန်းဆန်းပြီး အကြာကြီး ဘုရားတင်လို့ ရတယ်။ သပြေပင်ကလေးတွေ ဘုရားကပ်ရတာ အိမ်လဲ အလွန် ကျက်သရေရှိတယ်။
ကိုယ့်ရဲ့ လက်ရှိ အလုပ်ကိုလဲ လေးလေးစားစား ကြိုးကြိုးစားစား လုပ်ကြပါ။ သူများတွေကို မနာလို စိတ်မျိုးတွေ မထားပါနဲ့ ၊ မယှဉ်ပြိုင်ပါနဲ့ ၊ ကိုယ့်ကိုကိုယ်သာ ယှဉ်ပြိုင်ပါ။ လူတိုင်းအပေါ် စိတ်ကောင်း စေတနာကောင်း ထားကြပါ။ လူတိုင်းကို တတ်အားသမျှ ကူညီပါ။
သမီးတို့  ကျန်းမာရေးကိုလဲ အထူး ဂရုစိုက်ကြ စေလိုပါတယ်။ အချိန်မှန်မှန် အိပ်ရာဝင်ကြပါ။ အစားအစာများကို အဟာရ သင့်တင့် မျှတအောင် စားကြပါ။ ကြိုးစားပြီး အချိန်မှန်မှန် စားကြပါ။ အချိန်ရရင် ထမင်းဟင်းကို အိမ်မှာ ချက်စားကြပါ။ နေ့ တိုင်း အပြင်မှာဝယ်စားရတာ ငွေ ကုန်ရုံတင်မက ရည်ရှည်မှာ ကျန်းမာရေး အတွက်လဲ မကောင်းပါ။ ဟင်းသီးဟင်းရွက်တွေကို မကုန်နိုင်ဘဲနဲ့  အများကြီးတစ်ခါတည်း ဝယ်မထားပါနှင့်။ ကြာကြာထားလျှင် မလတ်ဆတ်တော့ပါ။
သမီးတို့  အစစအရာရာ အဆင်ပြေကြပါစေ။ ပတ်ဝန်းကျင်မှာ ဂုဏ်ကျက်သရေရှိသော တင့်တယ်သော အမျိုးကောင်းသမီးများ ဖြစ်ကြပါစေ။ ရောက်လေရာအရပ်မှာ သူတော်ကောင်းများ မိတ်ဆွေကောင်း မိတ်ဆွေစစ်များနှင့်သာ တွေ့ ကြပါစေ။ သမီးနှစ်ယောက်စလုံး ဘေးဥပါဒ် အန္တရာယ်များ ကင်းဝေးပြီး ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြစေရန် ဖေဖေနှင့်မေမေ က အစဉ်သဖြင့် ဆုတောင်း မေတ္တာပို့သနေပါမည်။
ချစ်သော ဖေဖေ နှင့် မေမေ

(ချစ်ရတဲ့ သူငယ်ချင်း အတွက် အမှတ်တရ…)