Tuesday, November 11, 2008

ကလေးများကို ခြိမ်းခြောက်ခြင်း

အခုတလော ကလေးများနှင့် သက်ဆိုင်သော Child Psycho အကြောင်းတွေသည် ကျွန်မ၏ စိတ်အတွေးတွေကို အချိန်တော်တော်များများ လွှမ်းမိုးနေသောကြောင့် ဤပိုစ့်များကို ရေးနေခြင်း ဖြစ်ပါသည်။ အခြား တောင်တောင်အီအီများကို မတွေးစေချင်ပါ…။

အခြားသော လူမျိုးခြား နိုင်ငံသားများ၏ ယဉ်ကျေးမှုများကို ကျွန်မ အများကြီး မသိပါ။ သူတို့ ၏ ပါတ်ဝန်းကျင်၊ သူတို့ ၏ ယဉ်ကျေးမှု၊ သူတို့ ၏ နေ့ စဉ် ရှင်သန်နေထိုင်ပုံ၊ အထူးသဖြင့်တော့ သူတို့ ၏ မိသားစု ဆက်ဆံရေး… လူကြီးနှင့် လူငယ်တို့ ၏ ဆက်ဆံရေး… မိဘနှင့် သားသမီး ဆက်ဆံရေး…။ ထိုအကြောင်းအရာများကို ကျွန်မ အလွန် စိတ်ဝင်စားလှသော်လည်း အတန်အသင့်သာ လေ့လာဖူး၊ တွေ့ ဖူး မြင်ဖူး ကြားဖူးပါသည်။

သို့ သော် ကျွန်မသိသမျှ တွေ့ ဖူး မြင်ဖူးသမျှထဲတွင် ကျွန်မတို့  မြန်မာလူမျိုးတွေသည် ကလေးများ၏ ခံစားချက် သေးသေးလေးများကို၊ သူတို့ ၏ စိတ်ဓါတ်ရေးရာများကို တော်တော်ပင် လျှစ်လျှူရှုတတ်ကြသူများ ဟု ထင်မြင်မိပါသည်။ ထိုထင်မြင် ယူဆချက်သည် ကျွန်မတစ်ဦးတည်း၏ ထင်မြင်ချက်သည် ဖြစ်သောကြောင့် မှားချင်လဲ မှားနေပါလိမ့်မည်။ လက်မခံနိုင်သူများ ဝေဖန်ချင်က ဝေဖန်နိုင်ပါသည်…။

“အဲဒီနားမှာ မကစားရဘူး သစ်ပင်ပေါ်မှာ သရဲကြီး ရှိတယ်…”

“ဒီကစားကွင်းမှာ သရဲကြီး စောင့်နေတယ် လာကစားတဲ့ ကလေးလေးတွေကို ဖမ်းမလို့ တဲ့…”

“ညကျ စောစောမအိပ်ရင် ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး လာဖမ်းလိမ့်မယ်…”

“ဟော.. ဟိုမှာ ပီပီ ပီပီ နဲ့  မှုတ်နေတဲ့ လူကြီး လာနေပြီ ဆိုးတဲ့ ကလေးတွေကို ဖမ်းမလို့တဲ့…”

“သား ဆိုးနေရင် မေမေ အိမ်ပြန်မလာတော့ဘူး ရုံးမှာဘဲ နေ နေတော့မယ်…”

“သမီး မေမေတော့ ကုလားကြီးနောက် လိုက်သွားပြီ…”

“သား ဖေဖေတော့ ကုလားမကြီးက လာခေါ်သွားပြီ…”

အစရှိတဲ့ စကားစုတွေကို လူတော်တော်များများ ကြားဖူးကြလိမ့်မည် ထင်ပါတယ်။ ကြားဖူးရုံတင်မက အဲဒီလိုရော ပြောဖူးကြပါသလား… အဲဒီလို စကားတွေကိုသုံးပြီး ကိုယ့်ကလေးကိုပဲ ဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်းများ၏ ကလေးများ၊ မိမိပါတ်ဝန်းကျင်မှ ကလေးတွေကို ခြိမ်းခြောက်ဖူးကြပါသလား….။

ကျွန်မ သတိထားမိသလောက် လူကြီးတွေက ကလေးတွေကို စသလို နောက်သလို နှင့်ဖြစ်စေ၊ တကယ် ကြောက်လန့်  စေလိုသောကြောင့် ဖြစ်စေ ဤစကားမျိုးကို ပြောတတ်ကြပါသည်။ အပေါ်ယံအားဖြင့်ကြည့်လျှင် ထိုစကားတို့ သည် ဘာမှမဖြစ်လောက်ပါဘူး ဟု ခပ်လွယ်လွယ် ထင်ရသော်လည်း စိတ်ဓါတ်အားဖြင့် ပျော့ပျောင်း နုနယ်လှသော ကလေးများအဖို့  သူတို့ လေးတွေ၏ စိတ်ထဲတွင် တော်တော်ပင် ထိတ်လန့်  တုန်လှုပ် ကြောက်ရွံ့ သွားတတ်ကြသည်ကို သတိပြုကြစေချင်ပါသည်။ ထိုကြောက်စိတ်မှာလဲ အချိန်ကာလ အတော်ကြာသည့်အထိ မမေ့ပျောက်နိုင်ဘဲ စွဲစွဲလမ်းလမ်းဖြင့် ကြောက်နေတတ်ကြသည့် ကလေးငယ်များကို ကိုယ်တိုင်တွေ့ ဖူးခဲ့ပါသည်။ တကယ်လဲ ထိုကြောက်စိတ် နှင့် ထိုအစွဲအလမ်းများသည် တော်တော်နှင့် ဖျောက်ဖျက်ပြစ်၍ မရပါ…။ သူတို့ စိတ်ထဲတွင် မမြင်တွေ့ ဖူးသော သရဲကြီး၊ ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး၊ ကုလားကြီး တို့ ကို ကြောက်မက်ဖွယ်ရာ ရုပ်ဆိုးဆိုး ပုံပန်းများဖြင့် စိတ်ကူးပုံဖေါ် မြင်ယောင်ကြည့်ကာ ကြောက်လန့် စိတ်များ တစ်စထက် တစ်စ တိုးပွား နေတတ်ကြသည်။ တွေးကြည့်လျှင် သနားစရာလဲ အလွန်ကောင်းပါသည်။

သူတို့ သည် အသက်အရွယ် တော်တော်ရလာပြီး အစစအရာရာကို တော်တော်လေး နားလည်လာသော အရွယ်လောက်တွင်မှသာ သူတို့ ငယ်ငယ်က ကြောက်ရွံ့ခဲ့ဖူးသော ထို သရဲကြီး၊ ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး၊ ကုလားကြီး ဆိုသူများသည် တကယ်မရှိကြောင်း၊ လူကြီးများ တမင် ခြောက်လှန့် ကြကြောင်း ကို နားလည်သိမြင် လာနိုင်ပါသည်…။

ပြောပြရလျှင် ကျွန်မ ငယ်ငယ်က (၆ နှစ်သမီးလောက်ဟု ထင်ပါသည်) မိဘများနှင့် ခင်မင်ရင်းနှီးသော ကျွန်မနှင့်လည်း ဦးလေးတစ်ယောက်လို ရင်းနှီးသော သူတစ်ယောက် အိမ်ကိုအလည်လာရင်း တခုခုကို အလိုမကျ၍ နဲနဲဂျီတိုက်နေသော ကျွန်မကို စသလို နောက်သလိုဖြင့် “ဒီလိုဆိုးနေရင် ကျောပေါက်ကြီး လာဖမ်းလိမ့်မယ်နော်” ဟု ထပ်ခါ ထပ်ခါ (၄, ၅ ကြိမ်ထက်မနဲ...) ပြောလေသည်။ ထိုအခါ ကျွန်မသည် တစ်ခါမှ မသိဖူး မကြားဖူး မမြင်ဖူးသော ထို ကျောပေါက်ကြီး ဟူသော လူကို ထိတ်လန့် စွာဖြင့် မရဲတရဲ ပုံဖေါ်ကြည့်ရင်း တုန်လှုပ် ကြောက်ရွံ့စိတ်များ တစ်ဖွားဖွား ပေါ်လာပေတော့သည်။


ည အိပ်ရာဝင်ချိန်များတွင် သော်လည်းကောင်း၊ မေမေတို့  အလုပ်သွား၍ အိမ်မှာ အဖိုးနှင့် နှစ်ယောက်တည်း ကျန်ခဲ့ချိန်များတွင် သော်လည်းကောင်း၊ ဘာမှလုပ်စရာမရှိသည့် အချိန်များတွင် ထောင့်လေးတစ်ထောင့်တွင် ငြိမ်သက်စွာ ထိုင်နေရင်း သော်လည်းကောင်း နက်နက်နဲနဲ တွေးနေမိသည်မှာ ထိုကျောပေါက်ကြီး အကြောင်းပင်...။ ကျောကြီးက ဘယ်လိုပေါက်နေတာလဲ… ကျောကုန်းမှာ အပေါက်ကြီး ရှိနေရက်သားနဲ့  ဘာကြောင့်မို့ အသက်ရှင်နေနိုင်တာလဲ… ပေါက်နေသော ကျောပြင်မှနေ၍ ဗိုက်ထဲက အသဲတို့  နှလုံးတို့ ကိုရော မြင်နေရမှာလား… နီနီရဲရဲ သွေးတွေရော ထွက်နေမှာလား… စသဖြင့်…။ ထိုစဉ်က မိုးတွင်းကာလ ဖြစ်သောကြောင့် မိုးများမှောင်မဲ၍ ရွာသောအချိန်တွင်မူ ကျွန်မ၏ ကြောက်စိတ်မှာ အထွတ်အထိပ်သို့ ရောက်နေပါသည်…။ ဘယ်ထောင့်ကများ ကျောပေါက်ကြီး ပေါ်လာလိမ့်မလဲ ဟု ဟိုကြည့် သည်ကြည့်ဖြင့် ကျောချမ်းနေခဲ့ဖူးသည်မှာ ပြန်တွေးကြည့်တော့ တော်တော် သနားစရာကောင်းလှပါသည်။

အလုပ်မှ မောမောပန်းပန်းပြန်လာသော ဖေဖေနှင့် မေမေ့၏ အရိပ်အကဲကိုကြည့်၍ မရဲတရဲနှင့် ထိုကျောပေါက်ကြီး အကြောင်းကို မေးကြည့်သောအခါတွင်လည်း မေမေက အရေးမဟုတ်တာ အရေး လုပ်နေရပါ့မလား… အဓိပ္ပါယ်မရှိ အပိုတွေ တွေးကြောက်နေရလား… ဟူသော ပုံစံမျိုးဖြင့် ကျွန်မလိုချင်သော “ကျောပေါက်ကြီး ဆိုသည်မှာ အပြင်လောကတွင် တကယ်မရှိကြောင်း၊ ဘာမှကြောက်စရာ မလိုကြောင်း…” စသည့် လုံလောက် တိကျ နွေးထွေးသော အဖြေမျိုးကို မရခဲ့ပါ။

တကယ်ကတော့ လူကြီးတွေ၏ စိတ်ထဲတွင် ကျွန်မ ဒီလောက် စွဲစွဲလမ်းလမ်း ကြောက်နေမည်ဟု တွေးထင် မထားသောကြောင့် ခပ်ပေါ့ပေါ့သာ သဘောထား ဖြေကြားသည်ဟု ယူဆမိပါသည်။ သို့ သော်လည်း ကျွန်မ၏ စိတ်ထဲမှာတော့ ဘာမဟုတ်တဲ့ ထိုစကားလေး တစ်ခွန်းကြောင့် တော်တော်လေး စိတ်ဆင်းရဲ ဒုက္ခ ရောက်ခဲ့ရသည်မှာ တသက် မမေ့ဖွယ်ရာပင်…။

ထိုကဲ့သို့  ကလေးများကို ခြောက်လှန့် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အကျိုးဆက် နှင့် နုနယ်လှသော ကလေးများ၏ စိတ်ခံစားချက်တို့ ကို အလေးအနက်ထား ထည့်သွင်း စဉ်းစားကာ မိမိတို့ ကိုယ်တိုင်လဲ ကလေးများကို အမှန်တကယ် ကြောက်စေချင်၍ ဖြစ်စေ၊ စချင် နောက်ချင်၍ ဖြစ်စေ... သူတို့လေးတွေ၏ စိတ်ထဲ၌ စွဲစွဲလမ်းလမ်း ကြောက်ရွံ့  သွားနိုင်ချေရှိသော စကားစုများကို ဝေးဝေးမှ ရှောင်ရှားကြပါ ဟု အလေးအနက်ထား တိုက်တွန်းချင်ပါသည်။

အနာဂတ်ကာလတွင် တိုးတက်သော လူ့ ဘောင်လောကကြီးထဲသို့  အနေအထားအမျိုးစုံ၊ ပုံပန်းသဏ္ဍာန် အမျိုးစုံဖြင့် လူတန်းစား အလွှာအသီးသီးသို့  ရှင်သန်ဝင်ရောက်လာမည့် လူသားလေးများ၏ နုနယ်သော စိတ်အတွေးလေးများကို အတတ်နိုင်ဆုံး အလေးအနက်ပြု ဂရုစိုက်ကြစေချင်ပါသည်။



Thursday, November 6, 2008

ကလေးများ၏ စိတ်ကို လေ့လာခြင်း

ကျွန်မတွေ့ ဖူးသမျှထဲတွင် မြန်မာမိဘ တော်တော်များများသည် ကလေးတို့ ၏ စိတ်ခံစားချက်များကို အရေးမထားတတ်ကြ၊ အလေးအနက် မယူတတ်ကြပေ။ ကလေးတို့ ကို “ အို… သူတို့ က ကလေးတွေဘဲ… ဘာသိတာလိုက်လို့ … ထားလိုက်ပါကွာ... ကိစ္စမရှိပါဘူး… သိပ်အရေးမကြီးလှပါဘူး… ငယ်ပါသေးတယ်..“ စသည်ဖြင့် လွယ်လွယ်ကူကူ ပေါ့ပေါ့ဆဆ သဘောထားတတ်ကြပုံများ ကျွန်မမျက်စေ့ရှေ့ တွင် မကြာခဏ တွေ့ မြင်နေရသည်။

ကလေးဆိုသည်မှာ ပန်းပွင့်ကလေးတစ်ပွင့်ကဲ့သို့  နုနယ်လှသည်။ ဖယောင်းကလေးများသဖွယ် ပျော့ပျောင်းလှသည်။ ဖယောင်းရည်လေးများ မာတင်းသွားသည့် အချိန်မရောက်ခင်အထိ သူတို့ လေးတွေကို လိုရာကို ပုံသွင်း ထုဆစ်နိုင်သည်။

သာမန်အားဖြင့် သူတို့ ၏ စိတ်ခံစားချက်ကလေးများကို သိသာအောင် မဖေါ်ပြတတ်ကြဟု ထင်ရသော်လည်း တကယ့် လက်တွေ့ တွင် ကလေးငယ်များကို သေသေချာချာ နီးနီးကပ်ကပ် လေ့လာကြည့်ပါက သူတို့ ၏ စိတ်ခံစားမှုကလေးများကို သူတို့ ၏ အသက်အရွယ် အပိုင်းအခြားအလိုက် ထင်ထင်ရှားရှားပင် ပြသတတ်ကြသည်ကို တွေ့ မြင်နိုင်ပါသည်။

သူတို့ သည် စကားမပြောတတ်သေးခင် အချိန်လေးတွေမှာပင် သူတို့ ၏ စိတ်ခံစားမှုများ၊ သူတို့ ၏ လိုအင်ဆန္ဒများကို အမူအရာလေးများ၊ မပီမသ ၀ူးဝူးဝါးဝါး အသံကလေးများနှင့် ချစ်စဖွယ် ထုတ်ဖေါ်ပြသတတ်ကြသည်။ အလိုဆန္ဒမပြည့်ဝလျှင် ငိုတတ်လာကြသည်။ အသက် တစ်နှစ်ဝန်းကျင် စကား စတင် ပြောတတ်လာသော အရွယ်၌ သူတို့ ၏ ဆန္ဒများကို စကားလုံးလေးများဖြင့် ပုံဖေါ် ပြသတတ်လာကြသည်။ လွယ်လွယ်ကူကူ အသံထွက်လို့  ပြောလို့ ရသော Verbs များ ကို အသုံးချ၍ လူကြီးများကို လက်ညှိုးကလေးတွေ တညွှန်ညွှန်ဖြင့် သူတို့ လိုရာကို တောင်းဆိုတတ်လာကြသည်။ ကလေးများသည် အသက် ၆ လမှ ၁၈ လ အတွင်းတွင် အပြစ်အကင်းစင်ဆုံး၊ ချစ်စရာ အကောင်းဆုံး ကာလ အပိုင်းအခြားအဖြစ် တွေ့ မြင်ရတတ်သည်။ ထိုအချိန်လောက်အထိတော့ မိဘနှင့် ကလေးတို့ အကြားတွင် ပြဿနာ ကြီးကြီးမားမား မရှိတတ်ကြသေးပေ။

ကျောင်းနေချိန် အသက် ၄နှစ် ၅ နှစ် အရွယ်တွင် ပြဿနာ အချို့  စတင်လေပြီ…။ ကျောင်းမသွားချင်သောကြောင့် မနက်တိုင်း ငိုငိုနေသော ကလေးများ၊ ကျောင်းမှာ စာလိုက်မရေးသော ကလေးများ၊ ကျောင်းကို ထည့်ပေးလိုက်သော ထမင်းဘူးကို လုံးလုံးမှ မထိ မတို့ သော ကလေးများ၊ ကျောင်းမှာ စာအုပ်ပျောက် ခဲတံပျောက် ခဲဖျက်ပျောက်၊ ကျောင်းမှာ ဟိုဟာကျန်ခဲ့ ဒီဟာကျန်ခဲ့နှင့် မေ့ကျန်တတ်ကြသော ကလေးများ…. များစွာရှိကြသည်။ ထိုအခါ မိဘတို့ ၏ အားမလို အားမရမှု၊ အလိုမကျမှု၊ စိတ်တိုမှုများနှင့် အတူတူ ဒေါသစိတ်တို့  စတင်ဖြစ်ထွန်းလာကြလေသည်။

အမှန်ဆိုပါက ထိုဒေါသတို့ ကို နောက်မှာ ခဏထားပြီး အကြောင်းရင်း အခြေခံကို ဦးစွာ ဖွေရှာသင့်သည်ဟု ထင်မြင်မိပါသည်။ ဤအသက်အရွယ်လေးတွင် မိဘတို့ ရင်ခွင်မှ ခွဲခွာကာ တစိမ်းများကြားထဲသို့  စ စချင်း ၀င်ရောက်ရသော အချိန်တွင် ကလေးငယ်တို့ အနေဖြင့် ထိုအနေအထားကို ချက်ချင်း လက်သင့်မခံနိုင်၊ အဆင်သင့်မဖြစ်နိုင် သေးသည်မှာ သူတို့ ၏ အပြစ် စိုးစဉ်းမျှ မရှိချေ။

ကလေး ဆေးပညာ စာတမ်းများထဲတွင် ကျောင်းစနေစဉ်အချိန်များတွင် ကလေးများသည် လက်စုတ်တတ်ခြင်း၊ လက်သည်းကိုက်ခြင်း၊ အင်္ကျီ ကြယ်သီးများကို ကိုက်ခြင်း၊ ခဲတံများကို ပါးစပ်တွင်း၌ ငုံထားတတ်ခြင်း၊ အိမ်မှထည့်ပေးလိုက်သော ခဲဖျက်များကို တစ်စစီ ချိုးဖဲ့ပစ်တတ်ခြင်း၊ ဗလာစာအုပ်မှ စာရွက်များကို အသားလွတ် ဆုတ်ဖြဲပစ်တတ်ခြင်း စသည့်အပြုအမူတို့ ကို လုပ်ဆောင်တတ်ကြသည်ဟု ဖတ်ခဲ့ဖူးသည်။


ကလေး အများစုသည် အိမ်မှာ မိဘ ဖိုးဖွား ဦးလေး အဒေါ် အကို အမတို့  အနည်းဆုံးတော့ ကလေးထိန်း၊ တစ်ဦးမဟုတ် တစ်ဦးတို့ ၏ ဂရုစိုက် စောင့်ရှောက်မှုများအောက်တွင် ကြီးပြင်းလာရသောကြောင့် ကျောင်းတွင် ကျောင်းသား အယောက် ၃၀၊ ၄၀ တို့ ကို ဆရာမ တစ်ဦး နှစ်ဦး တို့ က အုပ်ထိန်းကြရသောအခါ သူတို့  အတွက် လိုအပ်သလောက် လုံလောက်သော ဂရုစိုက်မှု (Attention) ကိုမရကြသောအခါတွင် လုပ်မိလုပ်ရာကို လုပ်ကြသော သဘောပင်…။ ထိုအချက်ကို မိဘများအနေဖြင့် ကောင်းကောင်းကြီး နားလည်မှုရှိသင့်ပြီး ကျောင်းမှ ရလာသော အပြစ်လေးများကို ဒေါသနှင့် ဆီးကြိုကြမည့်အစား စိတ်ရှည် နားလည်မှုလေးများဖြင့် အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပေးသင့်ပါသည်။

ကျောင်းနေပြီး အတန်းအနည်းငယ်ရလာသောအခါ ကျောင်းစာနှင့်ပတ်သက်သော ပြဿနာ၊ စာမေးပွဲ နှင့် ရမှတ် အနည်းအများ ပြဿနာများ ကလေးနှင့် မိဘတို့ ကြားတွင် ရောက်ရှိလာလေပြီ….။ ထိုအချိန်မျိုးတွင် ပညာတတ်သော မိဘနှင့် ပညာမတတ်သော မိဘ… မည်သည့် မိဘမျိုးမဆို မိဘတိုင်း၏ တူညီသော အတ္တတစ်ခုမှာ မိမိတို့ ၏ သားသမီးများအပေါ်တွင် ပညာရေးနှင့် ပတ်သက်ပြီး အလွန့်  အလွန် ထူးချွန်စေချင်ကြခြင်းပင်။


ပညာတတ်သောမိဘများသည် ကလေးများကို “ဒါလေးတောင် မတတ်ရကောင်းလား… ဒီလောက်လေးတောင် မသိရကောင်းလား… လွယ်လွယ်လေးကို မှားခဲ့ရသလား…” ဟူသော စကားလုံးပေါင်း မြောက်များစွာဖြင့် ပြစ်တင်ရှုံ့ ချ ဆူပူ ကြိမ်းမောင်း တတ်ကြသည်။ ပညာမတတ်သော မိဘများကမူ ကိုယ်တိုင်က ပညာ အခြေခံနည်းခဲ့၌ သော်လည်းကောင်း၊ အခြေအနေ မပေးခဲ့ကြ၍ သော်လည်းကောင်း အတန်းပညာ၌ ကောင်းမွန်စွာ မတတ်ခဲ့ကြသောကြောင့် သားသမီးများအလှည့်တွင် အရမ်းကို တော်စေ တတ်စေ ထူးချွန်စေချင်ကြပြီး မျှော်မှန်းထားသလို ဖြစ်မလာသောအခါ အမျက်ဒေါသများ အလွန်အကျွံ ထွက်ပေါ် လာတတ်ကြလေသည်။

စာမေးပွဲတို့ တွင် ရမှတ် ၁၀၀ မပြည့်မချင်း ကလေးများ၏ ကြိုးစား အားထုတ်မှုအပေါ်တွင် လုံးလုံးမှ မကျေနပ်တတ်ကြချေ။ စာမေးပွဲတွင် သင်္ချာ အမှတ် ၉၀ ရခဲ့သောကလေးကို “အော်… သမီးလေးက တော်လိုက်တာ… အမှတ် ၉၀ တောင်ရခဲ့တယ် ဟုတ်လား… (သို့ ) အို… ကြည့်စမ်း.. သားလေးက သင်္ချာမှာ အမှတ် ၉၀ ရခဲ့တယ်.. မေမေ ဆုချရတော့မှာပေါ့…” ဟု အားရ၀မ်းသာဖြင့် ချီးကျူးစကားပြောတတ်သော မိဘမျိုး အယောက် ၁၀၀ တွင် ၁၀ ယောက်မှ ရှိပါလေစ ဟု ကျွန်မ သံသယကြီးစွာ ၀င်မိပါသည်။ “ကြည့်စမ်း.. ဒီလောက်တောင် သင်ထား ပြောထားတဲ့ကြားက ၁၀ မှတ်တောင်ရော့လာခဲ့တယ်… မင်းက တယ်ရှမ်းသကိုး… (သို့ ) အဖြေတွေရရင် သေသေချာချာ ပြန်စစ်ခဲ့ပါလို မေမေ မှာထားရဲ့ သားနဲ့  ခုတော့ ကြည့်စမ်းပါအုံး… ၁၀ မှတ်ဖိုးကြီးများတောင် တောင် မှားခဲ့တယ်… (သို့ ) ၁၀ မှတ်ဆိုတာ နဲတဲ့ အမှတ်လား… သွား.. ယူမလာခဲ့နဲ့  Report Book… မေမေ လက်မှတ်ထိုးမပေးနိုင်ဘူး” ဟု ဆူပူတတ်သော မိဘမျိုး ဒီလောကကြီးမှာ ဘယ်နှစ်ယောက် တောင်ရှိနေပါသလဲ…။

ထိုကဲ့သို့  မိဘများ အပြစ်တင် ဆူပူနေသောအချိန်တွင် ကလေးများအနေဖြင့် ပြန်လည် ခွန်းတုံ့ ပြန် နှုတ်လှန်ထိုး၍ ပြောစရာ အခွင့်အရေးမရှိပါ။ အထူးသဖြင့် ကျွန်မတို့  မြန်မာ့ယဉ်ကျေးမှု ထုံးထမ်းစဉ်လာအရ လူကြီးတွေကို ပြန်မပြောရ… ငရဲကြီးတတ်သည်... ဆိုတာ သူတို့ လေးတွေ စိတ်ထဲမှာ အရိုးစွဲလို့  နေကြသည်။ ပြန်ပြောပါက မိဘတို့  ပိုပို ဒေါသထွက်ရုံသာရှိလိမ့်မည်ကို သူတို့ လေးတွေ နားလည်ကြသည်။ ထို့ ကြောင့် ဘာမှပြန်မပြောဘဲ ဆူသမျှခံကာ အသာငြိမ်နေတတ်ကြသည်။ ၀မ်းနည်းစွာဖြင့် ငိုချင်လဲ ငိုနေနိုင်ပါသည်။

သို့ သော် သူတို့ လေးတွေရဲ့  စိတ်ထဲမှာ၊ ရင်ထဲမှာ သူတို့ လေးတွေရဲ့  ပါးစပ်ဖျားမှာ စကားလုံးပေါင်း မြောက်များစွာ၊ ဆင်ခြေ (သို့ ) ဖြေရှင်းချက် တစ်ခုခုရှိကောင်း ရှိနေနိုင်သည်ဟု ဘယ်မိဘမှ ရိပ်မိ သတိထားမိကြမည် မထင်။ သတိထားမိလဲ အရေးအရာလုပ်ကာ အလေးအနက်ထား မေးမြန်း ပြောဆို နားထောင်ကြလိမ့်မည် မထင်။ မိဘများအနေဖြင့် သူတို့ တွေရဲ့  အမှတ် ၉၀ တန် ကြိုးစားမှုလေးအပေါ်မှာ ၀မ်းမြောက် ၀မ်းသာ အသိအမှတ်ပြုကြရမယ့်အစား ၁၀ မှတ်တန် အမှားလေးပေါ်မှာ စကားလုံးပေါင်း၊ ဒေါသပေါင်း များစွာဖြင့် အဆုံးသတ် သင့်ပါသလော…။

ထိုအခြင်းအရာ၏ နောက်ဆက်တွဲ အကျိုးဆက်နှင့် ကလေးများ၏ စိတ်ခံစားချက်တို့ ကို အလေးအနက်ထား၍ ထည့်သွင်း စဉ်းစား ကြည့်ကြစေချင်ပါသည်…။ အနာဂတ်ကာလတွင် တိုးတက်သော လူ့ ဘောင် လောကကြီးထဲသို့  အနေအထားအမျိုးစုံ ၊ ပုံပန်းသဏ္ဍာန် အမျိုးစုံဖြင့် လူတန်းစား အလွှာအသီးသီးသို့  ရှင်သန်ဝင်ရောက်လာမည့် လူသားလေးများ၏ နုနယ်သော စိတ်အတွေးလေးများကို အတတ်နိုင်ဆုံး အလေးအနက်ထား ဂရုစိုက်ကာ အခွင့်အရေးများ ပေးကြစေချင်ပါသည်။



ဆက်ရေးပါဦးမည်။


Wednesday, November 5, 2008

ကလေးများကို ရိုက်နှက်၍ ဆုံးမခြင်း - နောက်ဆက်တွဲ

မနေ့ က တင်ခဲ့တဲ့ ကလေးများကို ရိုက်နှက်၍ ဆုံးမခြင်း ပိုစ့်လေးမှာ ကိုဝင်းဇော် ရေးခဲ့တဲ့ Comment လေးကို ဖတ်ပြီး နဲနဲလေး ထပ်ဖြည့်ပါရစေ…။ သူရေးခဲ့တာက…

အစ်မခင်ဗျား
အဖေအမေတို့ကတော့ ကိုယ့်သားသမီးကို တော်စေချင်၊ ထူးချွန်စေချင်၊ လိမ္မာစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ရိုက်နှက်ဆုံးမတာပဲလို့ ကျွန်တော်မြင်ပါတယ်။ တစ်ဖက်ကလည်း ရိုက်ရတဲ့အပြင် တစ်ဖက်ကလည်း စည်းရုံးရေး ၀င်ရတာလည်း ရှိပါတယ်၊ ပြန်ချော့တဲ့ ဒီလိုအချိန်ကျရင် အဖေအမေတို့ကို သိပ်ချစ်ခဲ့ရပါတယ်။
သိပ်ကောင်းတဲ့ အသိပညာပေးပို့စ်လေးပါ
လေးစားလျက်
http://winzaw-mdy.blogspot.com

တကယ်တော့ ဒီပိုစ့်လေးကို ရေးတဲ့အချိန်တုံးက စာမေးပွဲမှာ အမှတ်နည်းလို့ ကလေးကို ရိုက်ခဲ့တယ်…။ နောက်ထပ် တခြားဘာသာတွေမှာ အမှတ်တွေသိရရင်လဲ ရိုက်ကို ရိုက်အုံးမှာ လို့  ဆိုလာတဲ့ သူတစ်ယောက်ကို စိတ်အချဉ်ပေါက်ပြီး ရုတ်တရက်ဖြစ်လာတဲ့ အတွေးနဲ့ ရေးခဲ့တာပါ။ အမှန်အတိုင်းပြောရရင် ဒေါသလဲ နဲနဲပါ ပါတယ်။

ရေးချင်ရာကို စိတ်မြန်လက်မြန်နဲ့  ရေးချခဲ့ပြီးမှ ကိုဝင်းဇော် ထောက်ပြပေးလို့  အတွေးတွေ နဲနဲ ယောက်ယက်ခတ် သွားပါတယ်။ ဟုတ်ပါတယ်… ကျေးဇူး အများကြီးတင်ပါတယ် ကိုဝင်းဇော်ရေ့ … မကျေနပ်တဲ့စိတ်တစ်ခုကို ရှေ့ တန်းတင်ပြီး အလောသုံးဆယ် ရေးမိတာမို့ မိဘတွေရဲ့ ရင်ထဲက စေတနာနဲ့  မေတ္တာတရားကို ထည့်သွင်း စဉ်းစားဖေါ်ပြပေးဖို့  ကျန်နေခဲ့ပါတယ်။ မိဘတွေတိုင်းဟာ ကိုယ့်ရဲ့  သားသမီးတွေအပေါ် ချစ်မြတ်နိုးတဲ့စိတ်၊ တော်စေချင်၊ ထူးချွန်စေချင်၊ လိမ္မာစေချင်တဲ့ ဆန္ဒတစ်ခုတွေနဲ့  တစ်ခါတစ်ရံမှာ ရိုက်နှက်ဆုံးမ မိတာလို့  ကျွန်မ လုံးဝ သံသယမရှိပဲ အပြည့်အဝ လက်ခံယုံကြည်ပါတယ်။

အခုလို ကျွန်မရဲ့ပိုစ့်လေးကို စိတ်ဝင်တစား ဖတ်ပြီး လိုအပ်ချက်ကလေးကို ထောက်ပြပြောဆိုသွားတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်…။ နောင်ကိုလဲ အခုလိုဘဲ ထောက်ပြ ဝေဖန်ပေးစေချင်ပါတယ်…။



Tuesday, November 4, 2008

ကလေးများကို ရိုက်နှက်၍ ဆုံးမခြင်း

ကျွန်မတို့  မြန်မာမိဘ အများစုသည် မိမိတို့ ၏ကလေးများကို ရိုက်၍ ဆုံးမလေ့ရှိကြသည်။ အချို့ သော ကျောင်းဆရာ ဆရာမ များသည်လည်း ကျောင်းသားများကို ရိုက်ခြင်းဖြင့် အပြစ်ဒါဏ် ပေးလေ့ရှိကြသည်။ ထိုသို့ဆုံးမတတ်ကြပုံကို ဟိုးရှေးရှေးခေတ်က ပုံဝတ္ထုများ၊ သမိုင်းကြောင်းများတွင် အထင်အရှားတွေ့ နိုင်ပါသည်။ ဘာကြောင့် ထိုသို့  ရိုက်နှက် ဆုံးမရသည်ကို သူတို့ ကို မေးကြည့်ပါက တစ်ယောက်နှင့် တစ်ယောက် မတူညီကြသော အကြောင်းပြချက် ပေါင်းစုံကို ကြားသိရမည်ဖြစ်သည်။

မိဘများသည် မိမိတို့ ၏ သား သမီး ကလေးများကို စာမကျက်၍ ရိုက်သည်။ စာဆိုခိုင်းလျှင် မရသဖြင့် ရိုက်သည်။ သင်္ချာပုစ္ဆာများ အဖြေမှားသဖြင့် ရိုက်သည်။ စာကျက်ရမည့် အချိန်တွင် စာမကျက်ဘဲ တီဗွီထိုင်ကြည့်နေသောကြောင့် ရိုက်သည်။ အချိန်မဟုတ်ပဲ Computer Game ဆော့နေ၍ ရိုက်သည်။ ကျောင်းမှ လစဉ် စာမေးပွဲ မှတ်တမ်းတွင် အမှတ်နည်း၍ ရိုက်သည်။ ပြောစကား နားမထောင်၍ ရိုက်သည်။ အမှားအယွင်း တစ်ခုခု ပြုမိသောကြောင့် ရိုက်သည်။ တစ်ခါတစ်ရံတွင် ကလေးလက်ထဲတွင် ကိုင်ထားသော ဖန်ခွက် (သို့ ) ပန်းကန်လုံး မတော်တဆ လွတ်ကျ၍ ကွဲသွားသည်ကိုပင် အပြစ်ယူကာ ရိုက်တတ်ကြသည်ကို တွေ့ ခဲ့ဖူးပါသည်။

ထိုသို့ ဆိုလျှင် ကလေးများကို ရိုက်ရခြင်း၏ အဓိက အကြောင်းအရင်းခံမှာ အခြေအနေ တစ်ခုခုတွင် မိမိတို့ ဖြစ်စေချင်သလို အနေအထားမျိုး ဖြစ်မလာသောအခါ၊ မိမိတို့ ၏ လျာထားချက် (သို့ ) သတ်မှတ်ချက် တစ်ခုခု၊ မိမိတို့ မျှော်မှန်းထားသော စံချိန် စံညွှန်း တစ်ခုခုနှင့် မကိုက်ညီကြသောအခါတွင် ရိုက်လေ့ရှိကြသည် ဟု ယေဘုယျအားဖြင့် ကောက်ချက်ချချင်ပါသည်။ သဘောတူကြပါသလား…။

ထိုအခါ မိဘတစ်ဦးအနေဖြင့် ပြန်လည်ချေပ ဆင်ခြေပေးနိုင်သည်မှာ မိမိတို့ သည် မိမိတို့ ၏ ရင်မှဖြစ်သော သား သမီးတို့ ကို တော်စေ တတ်စေ လိမ္မာစေ ကောင်းစေချင်သော ဆန္ဒ၊ အမှားကင်းစေလိုသော ဆန္ဒတို့ ဖြင့် ဆိုဆုံးမကြရင်း တစ်ခါတစ်ရံ စိတ်အခန့် မသင့်သော အခါတွင် ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမ မိပါသည်ဟု…။ ထိုသူတို့ သည် မိမိတို့ ၏ အတ္တတရားကို ဒေါသစိတ်များနှင့် ဖုံးလွှမ်းရန် ကြိုးစားကြသူများဟု စွတ်စွဲကြည့်ချင်ပါသည်။

တကယ်ကတော့ မိဘဆိုသည်မှာ တချိန်တုန်းကတော့ ကလေးများပင်…။ ထိုအခါ မိဘများအနေဖြင့် အနည်းငယ် စဉ်းစားကြည့်သင့်သည်မှာ မိမိတို့ ငယ်စဉ် ကလေးအရွယ်၌ရော ထိုအမှားမျိုးကို မကြုံခဲ့ကြဘူးသလော…။ မွေးစအရွယ်မှ စတင်ကာ အရာရာကို အမှန်တွေချည်းသာ သိမြင် နားလည် ပြုမူ နေထိုင် ကျင့်ကြံခဲ့ကြသူများ ဖြစ်ကြကုန်သလောဟူ၍ပင်...။

အမှား ဆိုသည်မှာ လူတိုင်းနှင့် မကင်းသော အရာတစ်ခုဖြစ်ပါသည်။ ငယ်ရွယ်သော ကလေးများတွင်သာမက လူကြီးများတွင်လည်း အမှား ဆိုသည်မှာ အနည်းနှင့် အများ ရှိနိုင်ကြသော အရာတစ်ခုပင်။ ယုတ်စွအဆုံး ထိုကလေးများကို ရိုက်၍ဆုံးမနေသော မိဘကိုယ်တိုင်ကပင် အမှားများ ကင်းစင်ပါရဲ့ လော…။ စဉ်းစားစရာ…။

အလားတူပင် အမှားပြင်ဆင်ချက် ဆိုသည်မှာလည်း လူတိုင်းတွင်ရှိတတ်ကြသော လူတိုင်းနှင့် မကင်းနိုင်သော အရာတစ်ခု ဖြစ်ပါသည်။ မိမိ၏ လုပ်ရပ်တစ်ခုကို အမှားဟု သိမြင်လာသောအခါ အမှန်ကို ရှာဖွေ၍ ကိုယ့်ကိုယ်ကိုယ် အချိန်မှီ ပြုပြင်နိုင်သောသူသည် လူတော်တစ်ယောက်ဖြစ်သည်။ သို့ သော် ထိုကဲ့သို့ ပြုပြင်နိုင်သော အသိဥာဏ်ပညာတို့ သည် အရွယ်ရောက်နေသော လူများတွင် မုချဖြစ်နိုင်သော်လည်း နုနယ် ငယ်ရွယ်လှသေးသော ကလေးအရွယ်တွင်မူ အနည်းငယ် အခက်အခဲ ဖြစ်ကောင်း ဖြစ်နေနိုင်ပါလိမ့်မည်။ ထိုအခါတွင် အမှားအယွင်းများ ပြုလုပ်မိသော ကလေးများကို လူကြီး မိဘများ အနေဖြင့် ကြိုးစားနားလည်ပေး ခွင့်လွှတ်ပေးကာ လမ်းကြောင်းအမှန်ကို ရောက်ရန် နာကျင်အောင် ရိုက်နှက်၍ ဆုံးမမည့်အစား ချိုသာသော နည်းဖြင့် ဆုံးမ တည့်မတ်ပေးသင့်သည်ဟု ထင်မြင်မိပါသည်။

မိဘ ကလေးများကို ရိုက်နှက် အပြစ်ပေးကြမည့်အစား ဥပမာ.. စာကျက်ချိန်တွင် စာမကျက်လိုသော ကလေးများကို

“သား ဒီစာတစ်ပုဒ်ကို ရအောင်ကျက်ရင် Computer Game တစ်နာရီ ကစားခွင့် ပေးမယ်…”

“သမီး ခုနကတွက်တဲ့ သင်္ချာအပုဒ် ၂၀ ထဲမှာ ၅ ပုဒ်မှားနေလို့  နောက်ထပ် အပုဒ် ၂၀ ထပ်တွက်ရမယ်”

“ ဒီလ Chapter End Test မှာ အင်္ဂလိပ်စာ အမှတ်နဲလို့  ဒီလအတွက် ကစားစရာ မ၀ယ်ပေးနိုင်ဘူး…”

စသည်ဖြင့် ချော့တခါ ခြောက်တလှည့် ဖြင့်လည်းကောင်း၊ ဆုပေး ဒါဏ်ပေး စနစ်ကို ကျင့်သုံး၍လည်းကောင်း ထိန်းကျောင်းပြုပြင်သင့်ပါသည်။ ဆရာ ဆရာမများသည်လည်း အတန်းထဲတွင် အပြစ်ရှိသော ကလေးများကို ခုံပေါ်တက် မတ်တပ်ရပ်ခြင်း (သို့ ) အတန်းရှေ့ ထွက်၍ မတ်တပ်ရပ်စေခြင်း (သို့ ) ထိုင်ထ လုပ်ခိုင်းခြင်း စသည်ဖြင့် အပြစ်ပေးကြစေချင်ပါသည်။

အဓိက အချက်မှာ အနာဂတ်၏ အညွန့် အဖူးကလေးများ ဖြစ်သော စိတ်ဓါတ်အားဖြင့် နုနယ်လှသော ကလေးငယ်များကို မိမိဆန္ဒနှင့် မတိုက်ဆိုင်တိုင်း၊ မိမိမျှော်လင့်ချက် မပြည့်ဝတိုင်း၊ မိမိ၏ အတ္တစိတ်၊ မိမိ၏ ဒေါသစိတ်တို့ ကို ရှေ့ တန်းမတင်ကြပဲ စိတ်ရှည်လက်ရှည် နူးညံ့ပျော့ပျောင်းစွာ ကိုင်တွယ် ဆုံးမ ကြစေရန် တိုက်တွန်းလိုပါသည်။


* * * * * * * * * * * * * * * *

ဝန်ခံချက် ။ ။ ကလေးကိုရိုက်နှက် ဆုံးမမှ ကလေးလဲ လိမ္မာ ကိုယ်တိုင်ကလဲ မိဘ ၀တ္တရား ကျေပွန်သည် ဟု ထင်မြင်ယူဆထားသော လူတစ်ချို့နှင့် စကားပြောအပြီးမှာ ပေါ်ပေါက်လာသော အတွေးစု ဖြစ်ပါကြောင်း…။





Monday, November 3, 2008

သတင်းစကား

စိတ်မအား လူမအားနဲ့ ဒီရက်တွေမှာ ကိုယ့် ဘလော့ဂ်လေးနဲ့  ဝေးနေခဲ့တာ ရက်တွေ တော်တော်တောင် ကြာလှပေါ့လို့  တွေးနေမိတုန်း ချစ်ရတဲ့ မမခင်ဦးမေက C Box လေးမှာ လာအော်သွားတယ်။ သက်ဝေ စာမရေးတာ ၁၆ ရက်ရှိပြီဆိုဘဲ…။ ချစ်သူငယ်ချင်း တန်ခူးကလဲ လွမ်းလို့  လာငေးသွားပါတယ်တဲ့…။ မြတ်နိုးလေးကတော့ Get Up လို့  အကျယ်ကြီး လာအော်သွားသေးတာ…။ မသီတာကတော့ လာချောင်းလိုက် ပြန်သွားလိုက် တဲ့…။ ချိုသင်းကတော့ သူ့ ဆီကို အလည်မရောက်တာ ကြာသွားလို့ ထင်ပါ့... သက်ဝေ သူ့ ကို မခင်တော့ဘူးလား ထင်ပြီး စိတ်မကောင်းဖြစ်နေတာတဲ့...။ တခြားသူငယ်ချင်းတွေကလဲ ကြိုကြား ကြိုကြား လာလာလည်ကြပါတယ်…။ ဒါပေမယ့် ဘာအသစ်မှ မရှိတော့လဲ… အင်း… အားနာစရာတော့ တော်တော်ကောင်းတာပါ။

တကယ်တော့ လူနဲ့  ဘလော့ဂ်နဲ့  ဝေးနေတယ်ဆိုတာထက် ဘလော့ဂ်မှာတင်စရာ စာအသစ် မရေးနိုင်တာက ပိုများနေတာပါ။ သူငယ်ချင်းတွေရဲ့  ဘလော့ဂ်တွေကိုတော့ အချိန်ရရင်ရသလို စာဝင်ဝင်ဖတ်ဖြစ်ပါတယ်။ စာဖတ်ရင်း အချိန်လေး နဲနဲပိုရရင် Comment လေးတွေရေး.. အချိန်မရရင်တော့ ဒီအတိုင်းလေး လှည့်ပြန်…။ ဒီလိုနဲ့ ဘဲ ရက်တွေ တော်တော်လေး ကြာသွားပါလား လို့  ကိုယ့်ကိုယ်ကိုယ် သတိထားလိုက်မိတော့… အဲ.. ဘာမှ အသစ် တင်စရာမရှိရင်တောင် အနဲဆုံးတော့ လာလည်ကြတဲ့ သူငယ်ချင်းတွေအတွက် နှုတ်ဆက် သတင်းစကားလေးဖြစ်ဖြစ် ရေးနိုင်ရင် မဆိုးဘူးလေ ဆိုပြီး ဒီပိုစ့်လေးကို ရေးလိုက်တာပါ…။

ဒီရက်တွေမှာ ရုံးအလုပ် တစ်ဖက်၊ အိမ်အလုပ်တစ်ဖက်နဲ့  တော်တော်ကို အလုပ်များနေတာ အမှန်ပါ။ နှစ်ဖက်မိသားစုရဲ့  မောင်နှမတွေထဲမှာ ကိုယ်တို့နှစ်ယောက်က အကြီးဆုံးတွေ ဖြစ်နေကြတာမို့  ကိုယ့်မိဘတွေရဲ့  ဝေယျာဝစ္စတွေ အပြင် ကိုယ့်ထက် အငယ် မောင်တွေ ညီမတွေရဲ ကိစ္စအဝဝကိုလဲ တတ်အားသ၍ ကူညီ လုပ်ကိုင်ကြရသေးတယ်လေ…။ ဒီ ၂၀၀၈ ထဲမှာ ဘယ်က ဘယ်လို ဓါတ်ကျတယ်မသိ… နှစ်ဖက်စလုံးက မောင်တွေ ညီမတွေက မိသားစုလိုက် တစ်ခေါက်ခြင်းစီ အလှည့်ကျ လာလည် နေကြတယ်လေ…။ ဒီတော့ ကိုယ်တွေက အကြီးတွေပီပီ သူတို့ လေးတွေရဲ့  နေရေးထိုင်ရေး၊ စားရေးသောက်ရေး တွေအပြင် စင်္ကာပူ ရွှေမြို့ တော်ကြီးရဲ့  အထင်ကရ နေရာတွေ၊ ရောက်သင့် ရောက်ထိုက်တဲ့ နေရာတွေကိုလဲ ရုံးက ခွင့်တွေယူပြီး Tourist Guide တစ်ယောက်လို မမောနိုင် မပန်းနိုင် လိုက်လံပို့ ဆောင် ရပြန်ပါတယ်။

Singapore Zoo, Jurong Bird Park, Night Safari နဲ့  Esplanade တို့ ၊ East Coast နဲ့ Singapore River တို့ ၊ Sentosa ထဲက Merlion နဲ့  Underwater World, Dolphin Lagoon တို့  ဆိုရင် မရောက်ချင်မှ အဆုံး၊ Sentosa ရဲ့  ညဖက်တွေမှာ ပြလေ့ရှိတဲ့ Songs of the Sea ဆိုရင် ရေပန်းတွေကြားထဲက ပေါ်လာမယ့် အရုပ်တွေနဲ့ သူတို့တွေ ရွတ်ဆို ကပြသမျှ ကိုယ်က အလွတ်တွေကို ရလို့ ။ Singapore Zoo ထဲက ကောင်ကောင်လေးတွေ အခုလောက်ဆို ကိုယ့်ကို မှတ်တောင် မှတ်မိနေလောက်ပြီ ထင်ရဲ့ ၊ သူတို့ လေးတွေ စကားသာ ပြောတတ်လို့ ကတော့ ကိုယ့်ကိုတွေ့ တာနဲ့  ဟော… ဟိုအစ်မကြီး လာပြန်ပဟေ့ လို့ များ သူတို့ အချင်းချင်း ပြောနေကြမလား မသိဘူး လို့ တောင် ပေါက်ပေါက်ရှာရှာ တွေးနေမိသေး…။

Takashimaya တို့  Robinson တို့  OG တို Paragon တို့ စတဲ့ Shopping Center တွေကိုလဲ ချောင်းပေါက်မတတ် အခေါက်ခေါက်၊ ဆိုင်တွေက တချို့  အရောင်း စာရေးမလေးတွေနဲ့ ဆို အသိ မိတ်ဆွေတွေတောင် ဖြစ်လုလု၊ ဘာပစ္စည်း ၀ယ်လို့  ဘယ်လောက်ဖိုး ပြည့်ရင် ဘယ်လို လက်ဆောင်၊ ဘယ်လို Promotion တွေရှိတယ် ဆိုတာမျိုးကအစ သူတို့ လေးတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ သတင်းတွေလဲ ပေးတတ်ကြသေးတယ်။ တစ်ရှည်တစ်လျား Orchard လမ်းမကြီးပေါ်ဆိုလဲ နေ့ နေ့  ညည လူတွေ တစ်သီကြီးနဲ့ ခဏ ခဏ သွားလိုက်ရတာ ဆိုတာ ဘုရားပွဲများ လှည့်နေသည့်အတိုင်း၊ ဒီကိုရောက်ရင် မဖြစ်မနေ စားကို စားရမှဖြစ်မယ် ဆိုတဲ့ ဒါးလှီး ရေခဲမုန့် ကို ဝေဖါချပ် (သို့ ) ပေါင်မုန့် ထဲမှာ ညှပ်ထားတဲ့ဟာ ကိုလဲ ရှာရှာဖွေဖွေ ၀ယ်ကျွေးရသေး (ကြံကြံဖန်ဖန်... သူတို့ ဘဲ သိ သိနိုင်လွန်း...)၊ Mc Donald, KFC နဲ့  Burger King တို့ တွေဆိုလဲ အနံ့တောင် မခံချင်တော့တဲ့ အထိ၊ ကိုယ်တိုင်က ငရဲကြီးမှာ ကြောက်လို့  ဘယ်တော့မှ မှာ မစားရဲတဲ့ (မှန်ပုံးထဲက အရှင်တွေကို လက်ညှိုးထိုးပြီး အလေးချိန် ကီလို နဲ့ ချက်ချင်း ၀ယ်ချက်ခိုင်းရတဲ့) နာမယ်ကြီး Chilli Crab လေးများလဲ စားချင်ကြသေးသတဲ့ (လုပ်ချလိုက်ကြပုံ များကတော့...)၊ အချိန်တိုင်းမှာ လားလားတွေ များလွန်းလို့  ကိုယ်တိုင်တောင် မသွားဖြစ်တဲ့ Mustafa ဆိုရင်လဲ နာမည်ကြီးဆိုင်မို့  သူတို့ တတွေက ရောက်ကို ရောက်ရမှ ဖြစ်မတဲ့...။ အချိန်မရွေး သွားလို့ ရသတဲ့... ၂၄ နာရီလုံးလုံး ဖွင့်သတဲ့... ကြည့်အုံး... သူတို့ က ကိုယ့်ထက်တောင် ဗဟုသုတ စုံလင်နေသေးတော့...။ ကဲ.. ဒီလိုဆိုတော့လဲ ဘာညာ မပြောနဲ့  လိုက်ပို့ ပေအုံးတော့ပေါ့...။ ဒါတင်မက ကလေးငယ်တို့ ပျော်စံရာ လူကြီးများတို့  စိတ်ညစ်ရာ Toys R Us လိုနေရာမျိုးမှာလဲ အုံးအုံးကြွက်ကြွက် ကလေးတစ်သိုက်နဲ့ အတူ ကြည့်ချင်ချင် မချင်ချင် မြင်သမျှ တွေ့ သမျှတွေ ကြည့်ရင်းနဲ့ အချိန်တွေကုန်…။ ဒီလိုနဲ့ ... ဒီလိုနဲ့ ... တစ်ခေါက်နဲ့ တစ်ခေါက် ပါလာတဲ့သူတွေသာ တစ်စုပြီး တစ်စု ပြောင်းသွားမယ်... သက်ဝေ တယောက်ကတော့ ပင်တိုင်ပေါ့...။

ဒီကြားထဲ မိဘတွေရဲ့  မိတ်ဆွေတွေ ဒီကို အလည်အပတ်လာကြရင်လဲ လေဆိပ်မှာ ကြိုသင့်တဲ့သူတွေဆို လေဆိပ်ကို သွားကြို ပြန်ပို့ …။ အိမ်အလည်ခေါ် ထမင်း ဖိတ်ကျွေးသင့်တဲ့ သူတွေဆို ထမင်းဖိတ်ကျွေး…။ အပြင်လိုက်ပို့ ရင်း တခုခုကျွေးသင့်တဲ့ သူတွေဆိုလဲ အချိန်လုပြီး လိုအပ်သလို ဆောင်ရွက်…။ ဒီမှာ ကြာကြာနေတဲ့ လူကြီးတွေဆီကိုကျပြန်တော့ အနည်းဆုံး နှစ်ပါတ်ကို တစ်ခေါက်လောက် ရောက်အောင်သွား… လူကြီးတွေ ကြိုက်နှစ်သက်နိုင်မယ့် မြန်မာ အစား အသောက်လေးတွေ ချက်ပြုတ်ယူသွား… အမျိုးသားကတော့ လူကြီးတွေကို Pressure လေး ဘာလေး တိုင်းပေး… နားကြပ်လေးနဲ့  ဟိုထောက် ဒီထောက်နဲ့  ကျန်းမာရေး စောင့်ရှောက်မှု ပေါ့လေ…။ အဲဒီလို လေးတွေလဲ လုပ်ပေးကြရပြန်ပါတယ်။

သူငယ်ချင်း မိတ်ဆွေပေါများတဲ့ အတွက် အနယ်နယ် အရပ်ရပ်က သူငယ်ချင်းတွေကလဲ စင်္ကာပူကို လာလည်တိုင်း ဖုန်းတွေ တတီတီ ဆက်တတ်ကြပါတယ်။ သူငယ်ချင်းတွေ မိတ်ဟောင်းဆွေဟောင်းတွေနဲ့  တွေ့ရတာ ပျော်စရာတော့ ကောင်းပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ စဉ်းစားမိတယ်… ကိုယ်ကဘဲ သူငယ်ချင်း များတာလား… ရန်ကုန်က သူငယ်ချင်းတွေကဘဲ တစ်ယောက်ပြီး တစ်ယောက် လာနေကြတာလား လို့ … ပြီးတော့ ရန်ကုန်မှာရော အင်ဂျင်နီယာတွေ အာခီတက်က်တွေ ကျန်ကော ကျန်ကြသေးရဲ့  လားလို့ …။ တကယ်ကိုပါဘဲ… အခုတလောမှာ အပါတ်တိုင်း သူငယ်ချင်းတွေ လာ လာနေကြတယ်။ ရောက်ဖူးအောင် အလည်သက်သက် လာတဲ့သူတွေရှိသလို အလုပ်အကိုင်လေးများ အဆင်ပြေမလားလို့ လာပြီး စနည်းနာကြတဲ့သူတွေလဲ တစ်ပုံတစ်ပင်…။ အင်း... လာကြတဲ့သူတွေကတော့ တစ်ယောက် တစ်ခေါက်စီပါဘဲ… ဒါပေမယ့် ဒီကသူတွေ မှာတော့….။

ဒီကြားထဲ စနေ တနင်္ဂနွေ တွေဆိုရင်လဲ ဒီမှာရှိတဲ့ သူငယ်ချင်းတွေထဲက သူငယ်ချင်းမွေးနေ့ ၊ ကလေးမွေးနေ့၊ ကလေး ကင်မွန်းတပ်၊ အိမ်တက် မင်္ဂလာ၊ ဘုန်းကြီးဆွမ်းကျွေး၊ မင်္ဂလာဆောင်၊ မင်္ဂလာဆွမ်းကျွေး နဲ့ သူငယ်ချင်းတွေ စုပြီး လုပ်ကြတဲ့ Gathering တွေကလဲ တစ်ပါတ်ပြီး တစ်ပါတ် ဆက်နေတော့ကာ… တွေးသာတွေးကြည့်ကြပါတော့…။

တကယ်တော့ ဒီလိုအခြေအနေမျိုးတွေကို သူငယ်ချင်းတို့ တွေလဲ အတူတူဘဲ မလွဲမသွေ ကြုံတွေ့  နေကြရပါလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့်လဲ သူငယ်ချင်းတို့ ရဲ့  ဘလော့ဂ်လေးတွေမှာ ပိုစ့်အသစ်လေးတွေ ကိုယ်စီနဲ့  ဝေဝေဆာဆာ စည်ကားနေကြတာတွေကို တွေ့ တွေ့ နေရတော့ သူငယ်ချင်းတွေကို အားကျတဲ့ စိတ်ကလေး နဲ့ အတူ ကိုယ့်ကိုယ်ကိုယ်လဲ တော်တော်လေးကို အားမလို အားမရ ဖြစ်မိပါတယ်။ အင်း… သက်ဝေတစ်ယောက် အချိန်ကို စီမံခန့် ခွဲမှု အတတ်ပညာမှာ တော်တော်ကြီးကို ညံ့ဖျင်းနေပါပေါ့လား လို့ လဲ တွေးနေမိပါရဲ့ …။

ဘာဘဲဖြစ်ဖြစ်… ဒီဘလော့ဂ် အသိုင်းအ၀န်းလေးမှာ ရေစက်ဆုံလာကြတဲ့ သူငယ်ချင်းတွေ၊ အချင်းချင်း မမြင်ဖူး မတွေ့ ဖူး ကြသော်ငြားလည်း တစ်ဦးကို တစ်ဦး အပြန်အလှန် ထားရှိကြတဲ့ နွေးထွေးတဲ့ မေတ္တာတွေရယ် ချစ်ခင်မှုလေးတွေရယ်ကို လေးစား တန်ဖိုးထားတဲ့ အနေနဲ့  အတတ်နိုင်ဆုံးတော့ ကြိုးစားပမ်းစား ပိုစ့်လေးတွေတင်ပြီး ကိုယ့်ဘလော့ဂ်လေးကို ဆက်လက် ရှင်သန်နိုင်အောင် အားထုတ်ရင်း…
သူငယ်ချင်းလေးတွေဆီကိုလဲ တတ်နိုင်သလောက် သွားရောက် လည်ပတ်ရင်း…

C Box လေးတွေမှာ နှုတ်ဆက် စကားဆိုရင်း… စာတွေဖတ်၊ စာမူခလေးတွေ ပေးရင်း…
ဘလော့ဂ်ဝန်းကျင်ရဲ့  ချစ်စရာ အလေ့အထလေးတွေဖြစ်တဲ့ ဘလော့ဂ်ပေါ်မှာ မတွေ့တာကြာတဲ့သူတွေ စာအသစ်မရေးတာကြာနေတဲ့ သူငယ်ချင်း ရောင်းရင်းတွေကို C Box မှာ သွားအော်ကြ သွားခေါ်ကြ...နှုတ်ဆက်ကြ... တစ်ယောက် တစ်ယောက် နေထိုင်မကောင်း ဖြစ်နေတယ်ဆိုရင် အပြန်အလှန် သတင်းမေးကြ... တတ်စွမ်းသ၍ မေတ္တာဆေးလေးတွေနဲ့ ကုသပေးကြရင်း...
မိသားစုတွေရဲ့  အလုပ်၊ အိမ်အလုပ်၊ ရုံးအလုပ်၊ လူမှုရေး အလုပ်လေးတွေအပြင် ဘလော့ဂ် အလုပ်လေးကိုပါ မျှမျှတတ ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါး လုပ်ကိုင်နိုင်အောင် ကြိုးစားကြည့်ပါအုံးမည်ဟု…။