Tuesday, November 4, 2008

ကလေးများကို ရိုက်နှက်၍ ဆုံးမခြင်း

ကျွန်မတို့  မြန်မာမိဘ အများစုသည် မိမိတို့ ၏ကလေးများကို ရိုက်၍ ဆုံးမလေ့ရှိကြသည်။ အချို့ သော ကျောင်းဆရာ ဆရာမ များသည်လည်း ကျောင်းသားများကို ရိုက်ခြင်းဖြင့် အပြစ်ဒါဏ် ပေးလေ့ရှိကြသည်။ ထိုသို့ဆုံးမတတ်ကြပုံကို ဟိုးရှေးရှေးခေတ်က ပုံဝတ္ထုများ၊ သမိုင်းကြောင်းများတွင် အထင်အရှားတွေ့ နိုင်ပါသည်။ ဘာကြောင့် ထိုသို့  ရိုက်နှက် ဆုံးမရသည်ကို သူတို့ ကို မေးကြည့်ပါက တစ်ယောက်နှင့် တစ်ယောက် မတူညီကြသော အကြောင်းပြချက် ပေါင်းစုံကို ကြားသိရမည်ဖြစ်သည်။

မိဘများသည် မိမိတို့ ၏ သား သမီး ကလေးများကို စာမကျက်၍ ရိုက်သည်။ စာဆိုခိုင်းလျှင် မရသဖြင့် ရိုက်သည်။ သင်္ချာပုစ္ဆာများ အဖြေမှားသဖြင့် ရိုက်သည်။ စာကျက်ရမည့် အချိန်တွင် စာမကျက်ဘဲ တီဗွီထိုင်ကြည့်နေသောကြောင့် ရိုက်သည်။ အချိန်မဟုတ်ပဲ Computer Game ဆော့နေ၍ ရိုက်သည်။ ကျောင်းမှ လစဉ် စာမေးပွဲ မှတ်တမ်းတွင် အမှတ်နည်း၍ ရိုက်သည်။ ပြောစကား နားမထောင်၍ ရိုက်သည်။ အမှားအယွင်း တစ်ခုခု ပြုမိသောကြောင့် ရိုက်သည်။ တစ်ခါတစ်ရံတွင် ကလေးလက်ထဲတွင် ကိုင်ထားသော ဖန်ခွက် (သို့ ) ပန်းကန်လုံး မတော်တဆ လွတ်ကျ၍ ကွဲသွားသည်ကိုပင် အပြစ်ယူကာ ရိုက်တတ်ကြသည်ကို တွေ့ ခဲ့ဖူးပါသည်။

ထိုသို့ ဆိုလျှင် ကလေးများကို ရိုက်ရခြင်း၏ အဓိက အကြောင်းအရင်းခံမှာ အခြေအနေ တစ်ခုခုတွင် မိမိတို့ ဖြစ်စေချင်သလို အနေအထားမျိုး ဖြစ်မလာသောအခါ၊ မိမိတို့ ၏ လျာထားချက် (သို့ ) သတ်မှတ်ချက် တစ်ခုခု၊ မိမိတို့ မျှော်မှန်းထားသော စံချိန် စံညွှန်း တစ်ခုခုနှင့် မကိုက်ညီကြသောအခါတွင် ရိုက်လေ့ရှိကြသည် ဟု ယေဘုယျအားဖြင့် ကောက်ချက်ချချင်ပါသည်။ သဘောတူကြပါသလား…။

ထိုအခါ မိဘတစ်ဦးအနေဖြင့် ပြန်လည်ချေပ ဆင်ခြေပေးနိုင်သည်မှာ မိမိတို့ သည် မိမိတို့ ၏ ရင်မှဖြစ်သော သား သမီးတို့ ကို တော်စေ တတ်စေ လိမ္မာစေ ကောင်းစေချင်သော ဆန္ဒ၊ အမှားကင်းစေလိုသော ဆန္ဒတို့ ဖြင့် ဆိုဆုံးမကြရင်း တစ်ခါတစ်ရံ စိတ်အခန့် မသင့်သော အခါတွင် ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမ မိပါသည်ဟု…။ ထိုသူတို့ သည် မိမိတို့ ၏ အတ္တတရားကို ဒေါသစိတ်များနှင့် ဖုံးလွှမ်းရန် ကြိုးစားကြသူများဟု စွတ်စွဲကြည့်ချင်ပါသည်။

တကယ်ကတော့ မိဘဆိုသည်မှာ တချိန်တုန်းကတော့ ကလေးများပင်…။ ထိုအခါ မိဘများအနေဖြင့် အနည်းငယ် စဉ်းစားကြည့်သင့်သည်မှာ မိမိတို့ ငယ်စဉ် ကလေးအရွယ်၌ရော ထိုအမှားမျိုးကို မကြုံခဲ့ကြဘူးသလော…။ မွေးစအရွယ်မှ စတင်ကာ အရာရာကို အမှန်တွေချည်းသာ သိမြင် နားလည် ပြုမူ နေထိုင် ကျင့်ကြံခဲ့ကြသူများ ဖြစ်ကြကုန်သလောဟူ၍ပင်...။

အမှား ဆိုသည်မှာ လူတိုင်းနှင့် မကင်းသော အရာတစ်ခုဖြစ်ပါသည်။ ငယ်ရွယ်သော ကလေးများတွင်သာမက လူကြီးများတွင်လည်း အမှား ဆိုသည်မှာ အနည်းနှင့် အများ ရှိနိုင်ကြသော အရာတစ်ခုပင်။ ယုတ်စွအဆုံး ထိုကလေးများကို ရိုက်၍ဆုံးမနေသော မိဘကိုယ်တိုင်ကပင် အမှားများ ကင်းစင်ပါရဲ့ လော…။ စဉ်းစားစရာ…။

အလားတူပင် အမှားပြင်ဆင်ချက် ဆိုသည်မှာလည်း လူတိုင်းတွင်ရှိတတ်ကြသော လူတိုင်းနှင့် မကင်းနိုင်သော အရာတစ်ခု ဖြစ်ပါသည်။ မိမိ၏ လုပ်ရပ်တစ်ခုကို အမှားဟု သိမြင်လာသောအခါ အမှန်ကို ရှာဖွေ၍ ကိုယ့်ကိုယ်ကိုယ် အချိန်မှီ ပြုပြင်နိုင်သောသူသည် လူတော်တစ်ယောက်ဖြစ်သည်။ သို့ သော် ထိုကဲ့သို့ ပြုပြင်နိုင်သော အသိဥာဏ်ပညာတို့ သည် အရွယ်ရောက်နေသော လူများတွင် မုချဖြစ်နိုင်သော်လည်း နုနယ် ငယ်ရွယ်လှသေးသော ကလေးအရွယ်တွင်မူ အနည်းငယ် အခက်အခဲ ဖြစ်ကောင်း ဖြစ်နေနိုင်ပါလိမ့်မည်။ ထိုအခါတွင် အမှားအယွင်းများ ပြုလုပ်မိသော ကလေးများကို လူကြီး မိဘများ အနေဖြင့် ကြိုးစားနားလည်ပေး ခွင့်လွှတ်ပေးကာ လမ်းကြောင်းအမှန်ကို ရောက်ရန် နာကျင်အောင် ရိုက်နှက်၍ ဆုံးမမည့်အစား ချိုသာသော နည်းဖြင့် ဆုံးမ တည့်မတ်ပေးသင့်သည်ဟု ထင်မြင်မိပါသည်။

မိဘ ကလေးများကို ရိုက်နှက် အပြစ်ပေးကြမည့်အစား ဥပမာ.. စာကျက်ချိန်တွင် စာမကျက်လိုသော ကလေးများကို

“သား ဒီစာတစ်ပုဒ်ကို ရအောင်ကျက်ရင် Computer Game တစ်နာရီ ကစားခွင့် ပေးမယ်…”

“သမီး ခုနကတွက်တဲ့ သင်္ချာအပုဒ် ၂၀ ထဲမှာ ၅ ပုဒ်မှားနေလို့  နောက်ထပ် အပုဒ် ၂၀ ထပ်တွက်ရမယ်”

“ ဒီလ Chapter End Test မှာ အင်္ဂလိပ်စာ အမှတ်နဲလို့  ဒီလအတွက် ကစားစရာ မ၀ယ်ပေးနိုင်ဘူး…”

စသည်ဖြင့် ချော့တခါ ခြောက်တလှည့် ဖြင့်လည်းကောင်း၊ ဆုပေး ဒါဏ်ပေး စနစ်ကို ကျင့်သုံး၍လည်းကောင်း ထိန်းကျောင်းပြုပြင်သင့်ပါသည်။ ဆရာ ဆရာမများသည်လည်း အတန်းထဲတွင် အပြစ်ရှိသော ကလေးများကို ခုံပေါ်တက် မတ်တပ်ရပ်ခြင်း (သို့ ) အတန်းရှေ့ ထွက်၍ မတ်တပ်ရပ်စေခြင်း (သို့ ) ထိုင်ထ လုပ်ခိုင်းခြင်း စသည်ဖြင့် အပြစ်ပေးကြစေချင်ပါသည်။

အဓိက အချက်မှာ အနာဂတ်၏ အညွန့် အဖူးကလေးများ ဖြစ်သော စိတ်ဓါတ်အားဖြင့် နုနယ်လှသော ကလေးငယ်များကို မိမိဆန္ဒနှင့် မတိုက်ဆိုင်တိုင်း၊ မိမိမျှော်လင့်ချက် မပြည့်ဝတိုင်း၊ မိမိ၏ အတ္တစိတ်၊ မိမိ၏ ဒေါသစိတ်တို့ ကို ရှေ့ တန်းမတင်ကြပဲ စိတ်ရှည်လက်ရှည် နူးညံ့ပျော့ပျောင်းစွာ ကိုင်တွယ် ဆုံးမ ကြစေရန် တိုက်တွန်းလိုပါသည်။


* * * * * * * * * * * * * * * *

ဝန်ခံချက် ။ ။ ကလေးကိုရိုက်နှက် ဆုံးမမှ ကလေးလဲ လိမ္မာ ကိုယ်တိုင်ကလဲ မိဘ ၀တ္တရား ကျေပွန်သည် ဟု ထင်မြင်ယူဆထားသော လူတစ်ချို့နှင့် စကားပြောအပြီးမှာ ပေါ်ပေါက်လာသော အတွေးစု ဖြစ်ပါကြောင်း…။





9 comments:

  1. တကယ်တော့ လူကြီးတွေရဲ့ value နဲ့ ကလေးကို မမီမကမ်း လိုက်တန်းညှိရာက ဒီလို အတင်းအကြပ် အာဏာသုံး ရိုက်နှက်ကြတယ်လို့ မြင်ပါတယ်။ လူကြီးတွေနဲ့ ကလေးတွေ ဘယ်လိုလုပ် တန်ဖိုးချင်း၊ စံချင်း တူနိုင်ပါ့မလဲ။
    လူကြီးတွေရဲ့ စေတနာမေတ္တာကို နားလည်ပါတယ်။ ဒါပေမဲ့ ကလေးဆိုတာ အသေအချာ ရှင်းပြရင် နားလည် လက်ခံတတ်တယ်လို့ ထင်ပါတယ်လေ။

    ReplyDelete
  2. အပြည့်အ၀ ထောက်ခံပါသည်။
    မိဘတိုင်း အမှန်မြင်နိုင်ကြပါစေ..။

    ကိုယ် ဖြတ်သန်းခဲ့ရသောငယ်ဘဝကို အခြေခံ၍ ပညာတတ်သူများပီပီ မိမိတို့ကလေးကို မှန်ကန်သောနည်းလမ်းဖြင့် ဆုံးမမည်ဆိုလျှင်..
    အဘယ်မျှကောင်းပါမည်နည်းးး။

    မြတ်နိုးငယ်ငယ်က အရိုက်သိပ်မခံခဲ့ရဘူးပါ။ အခန့်မသင့်၍ မိဘကရိုက်လျှင် ၇ီုက်သည့်နေရာကို သွေးထွက်သည်အထိ မိမိဘာသာ ပြုလုပ်ပါသည်။ ၃ပတ်လောက် စကားလုံးဝမပြောတော့ပါ။ ထို့ကြောင့် မရိုက်ခြင်းဖြစ်ပါသည်။
    ကျောင်းတွင်မှတ်မှတ်ရရ ၆တန်းနှစ်တွင်တခါ ၇တန်းနှစ်တွင်တတန်လုံးကိုရိုက်ခြင်းတခါ ရှိခဲ့ပါသည်။ မနာကျင်သော်လည်း ဆရာမနာမည်နှင့်တကွ မှတ်မိနေပါသည်။
    နောက်၉တန်းနှစ်တခါကတော့ အလွန်နာကျင်ပါသည်။ ဆရာက ဆေးသောက်သည်ကို မစူးစမ်းပဲ မုန့်စားသည်ထင်ကာ
    ခေါင်းလာခေါက်သည်။ ထိုနေ့က အခန်းထဲမှ အပြင်ကို ချက်ချင်းထွက်သွားသလို အဲ့ဒီဆရာ သင်ချိန်တွင် အတန်းနောက်တွင်သွားထိုင်၍ ကာတွန်းစာအုပ်ဖတ်ခြင်း အိမ်သာသို့သွားကာ အချိန်ဖြုန်းခဲ့သည်မှာ နှစ်ကုန်သည်အထိပင်။ အဲဒီဆရာကို မြတ်နိုးလုံးဝမကျေနပ်ခဲ့ပါ။ ယခုလည်းမကျေနပ်နိုင်ပါ။
    အမှတ်ကြီးတဲ့ မြတ်နိုးတို့လိုကလေးမျိုးကား ပို၍ ရိုက်နှက်ဆုံးမရန် မသင့်ပေ..။

    ကလေးများကို နားလည်လက်ခံလာအောင် ပြောဆိုစည်းရုံးဆုံးမနိုင်သလို တခြားသောနည်းများဖြစ်သည့် အိမ်စာပိုလုပ်ခိုင်းခြင်း
    ကလေးတို့ကြိုက်နှစ်သက်သော ဖျားယောင်ခြင်းများဖြင့် ဆိုဆုံးမနိုင်သည်ကို မြန်မာပြည်ရှိ လူကြီးမိဘများသိစေချင်လှပါသည်..။



ီးပို့စ်လေးအရမ်းကောင်းပါသည်။

    ReplyDelete
  3. အစ်မခင်ဗျား
    အဖေအမေတို့ကတော့ ကိုယ့်သားသမီးကို တော်စေချင်၊ ထူးချွန်စေချင်၊ လိမ္မာစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ရိုက်နှက်ဆုံးမတာပဲလို့ ကျွန်တော်မြင်ပါတယ်။ တစ်ဖက်ကလည်း ရိုက်ရတဲ့အပြင် တစ်ဖက်ကလည်း စည်းရုံးရေး ၀င်ရတာလည်း ရှိပါတယ်၊ ပြန်ချော့တဲ့ ဒီလိုအချိန်ကျရင် အဖေအမေတို့ကို သိပ်ချစ်ခဲ့ရပါတယ်။
    သိပ်ကောင်းတဲ့ အသိပညာပေးပို့စ်လေးပါ
    လေးစားလျက်
    http://winzaw-mdy.blogspot.com

    ReplyDelete
  4. မရေ.. ငယ်ငယ်ကတော့ အရိုက်ခံရတယ်.. အမေက စိတ်မထင်ရင် မထင်သလို ဆော်ပလော်တီးတာ... အမေ့ကိုတော့ ငယ်ငယ်တုန်းက စိတ်ဆိုးပေမယ့် အခုချိန်ကျတော့ ဘယ်လိုမှ မခံစားရတော့ဘူး... ကျောင်းတက်တော့လည်း ၁၀ တန်းတုန်းက Bio ဆရာမက ပုံဆွဲတာ မလှလို့ဆိုပြီး ဗိုက်ခေါက်ကို ဆွဲလိမ်ခံရတာ အရေပြားမှာတောင် သွေးခြေဥတယ်.. စိတ်နာတယ် မဟုတ်ပေမယ့် တခါတလေတော့လည်း မလုပ်သင့်ဘူးလို့ တွေးမိတာပဲ.. ကလေးတွေရဲ့ စိတ်က အင်မတန် နုနယ်ပါတယ်... ကိုယ့်ကလေးရဲ့ အခြေအနေကို ကြည့်ပြီး လိမ္မာအောင် သွန်သင်ဆုံးမတာ အကောင်းဆုံးပါပဲ အမရယ်..

    ReplyDelete
  5. မသက်ဝေ....
    လေးလေးစားစား ဖတ်ပြီး လေးလေးစားစား
    ချီးကျူးပါတယ်ဗျာ...။
    ကျနော်က ရိုက်နှက်မှုဒီဇိုင်းမျိုးစုံကို ခံစားရင်း...
    ငယ်ငယ်လေးနဲ့  ဘ၀လမ်းပေါ်ရောက်ခဲ့ ရတာပါ..။
    ကျနော်ငယ်တုန်းက ဖတ်ရတဲ့ စာအုပ်တစ်အုပ်ရှိပါတယ်..
    စာပေဗိမ္မာန် အမျိုးသားစာပေဆု ရသွားတဲ့ 
    ဆရာမင်းကျော်ရဲ့ ...............
    “ အဖြူကိုမည်သူ အနက်ဆိုးသနည်း” စာအုပ်ပါ..။
    ကျနော့်ကို ရိုက်ပြီးတိုင်း အဖေဖတ်စေချင်လို့ 
    ဘေးနားမှာ မယောင်မလည် ချပေးထားပေမယ့် အဖေတို့ က မဖတ်ဘူးဗျာ...
    မိဘတွေကို ဒီလိုစာတွေ ပေးဖတ်ချင်ပါတယ်..။
    ကလေးတွေရဲ့ နာကျင်မှုကနေ ထပ်ဆင့် ဖြစ်ပွားတာတွေကို ရေးထားတာပါ..။
    အင်မတန်ကောင်းတဲ့ ပို့ စ်လေးပါ...။

    ReplyDelete
  6. ငယ်ငယ်တုန်းက အမေက တစ်ခါတစ်ခါ ကြိမ်လုံးနဲ့ ခပ်စပ်စပ်လေး ရိုက်တတ်တယ်။ တွေ့ကရာနဲ့တော့ ဘယ်တော့မှ မရိုက်ဘူး။ သူများတွေ တံမျက်စည်းတို့ ဘာတို့နဲ့ ရိုက်နေတာတွေ့ရင်လည်း အမေက မကြိုက်ဘူး။ ညီးတို့ ကလေးကို ကျွဲရိုက်၊ နွားရိုက် မရိုက်ပါနဲ့အေ လို့ ၀င်ဆွဲတတ်တယ်။
    အဖေကတော့ တစ်ခါပဲ ရိုက်ခဲ့ဖူးတယ်။ နေ့တိုင်းတော့ လက်ချာပေးတယ်။ အဖေ ဘာတွေ ပြောခဲ့သလဲဆိုတာ ပြန်ပြောပြလို့ရအောင်တော့ မမှတ်မိတော့ဘူး။ နားမထောင်ချင်ဘဲ ပေနားထောင်ခဲ့ရတာကိုး။ လိုအပ်လို့ ပြောခဲ့တာဆိုတာ အခုတော့ သိပြီ။ (စကားလုံးတွေက စွမ်းအင်အဖြစ် ပြောင်းပြီး... သွေးကြောထဲ အနှံ စီးဝင်လှုပ်ရှား)။
    သားတို့အတွက် အိမ်မှာ ကြိမ်လုံးတော့ ဆောင်ထားတယ်။ သားကြီးက တုတ်ခုန်တိုးတတ်တယ်။ သားငယ်ကတော့ အကင်းပါးတယ်။

    ReplyDelete
  7. သက်ဝေရေ… ပျောက်နေတာ အလုပ်ရှုပ်နေလို့ ရယ် လူက အတော်ဒေါင်းနေလို့ ပါ…
    ဟိုတပတ် သားဆေးရုံတက်ကတည်းက အိပ်ရေး ဆက်တိုက်ပျက်တော့ တော်တော်weakဖြစ်သွားတယ်…
    ဒီပို့ စ်လေးကို စနေနေ့ မနက်ကတည်းက ဖတ်ပြီး ကော်မန့် ပေးမလုပ်လုပ်တုန်း သားနိုးလာလို့  မပေးလိုက်ရဘူး…

    သက်ဝေရေးထားတာလေးကို သဘောတူပါတယ်…
    တို့ လဲ သားကို တတ်နိုင်သမျှ မရိုက်ပါဘူး…
    ရိုက်တာထက် သူနားလည်အောင် ပြောတာက ပိုအကျိုးရှိတယ်ဆိုတာ လက်တွေ့ သိသွားလို့ ပါ…
    ခု သက်ဝေပြောသလို give and take နဲ့  ဟုတ်နေတယ်…
    တို့  ငယ်ငယ်က အတော်ကို အရိုက်ခံခဲ့ရတာ…
    အဖေက ဒေါသကြီး အရိုက်ကြမ်းတဲ့အပြင် တို့ က ခေါင်းမာတော့ ပွဲတွေကြမ်းကုန်ရော…
    တခါတခါရိုက်ရင် တံမြက်စည်းတချောင်းကုန်တယ်… အရှိုးရာတွေ ဆနွင်းသိပ်ယူရတယ်…
    ခုပြန်တွေးကြည့်တော့ မိဘ အဲဒီလို ဒေါသထွက်အောင် ကိုယ်ကလဲ မှန်တယ်ထင်ရင် ရှေ့ တိုးလုပ်ခဲ့တာကို… တခါတလေ တံမြက်စည်းတချောင်းကုန်တဲ့အထိ မျက်ရည်တစက်မှ မကျအောင် ရွတ်တတ်သေးတာ…
    အဲဒီလို ခေါင်းမာတဲ့ တို့ က တခါတလေ အဖေ့စကားတခွန်းနဲ့ တင် မျက်ရည်ပေါက်ပေါက်ကျတတ်သေးတယ်…
    တကယ်တော့… အဖေက မရိပ်မိတာပါ… ရိုက်တဲ့နည်းက တို့ ကို ဘာမှ မတိုးတက်စေဘူးလေ…
    အဖေပါးစပ်နဲ့ ဆိုဆုံးမတာမှ နှလုံးသားကို ထိသေးတယ်…
    သက်ဝေရေ… ခုတော့ ၀ဋ်လည်တယ် ဆိုရမလား…
    သားလေးက တို့ လို ခေါင်းအတော်မာတယ်…
    တို့ က အတွေ့ အကြုံအရ မရိုက်တဲ့ တခြားနည်းကို စဉ်းစားတယ်…
    ဒီပို့ စ်လေး အတွက် ကျေးဇူးပါ…

    ReplyDelete
  8. ချိုသင်း၊ မြတ်နိုး၊ ကိုဝင်းဇော်၊ မမခင်ဦး၊ နုစံ၊ ကိုဆူး၊ မသီတာ နဲ့  တန်ခူး... ရင်းနှီးခင်မင်စွာ အားပေးကြ၊ စိတ်ပါဝင်စားစွာ အကြံပြုကြ၊ ဆွေးနွေးကြ၊
    အတွေ့ အကြုံတွေ ဖလှယ်ခဲ့ကြတာတွေ အတွက် ကျေးဇူးတွေ အများကြီးတင်ပါတယ်...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...