Thursday, November 6, 2008

ကလေးများ၏ စိတ်ကို လေ့လာခြင်း

ကျွန်မတွေ့ ဖူးသမျှထဲတွင် မြန်မာမိဘ တော်တော်များများသည် ကလေးတို့ ၏ စိတ်ခံစားချက်များကို အရေးမထားတတ်ကြ၊ အလေးအနက် မယူတတ်ကြပေ။ ကလေးတို့ ကို “ အို… သူတို့ က ကလေးတွေဘဲ… ဘာသိတာလိုက်လို့ … ထားလိုက်ပါကွာ... ကိစ္စမရှိပါဘူး… သိပ်အရေးမကြီးလှပါဘူး… ငယ်ပါသေးတယ်..“ စသည်ဖြင့် လွယ်လွယ်ကူကူ ပေါ့ပေါ့ဆဆ သဘောထားတတ်ကြပုံများ ကျွန်မမျက်စေ့ရှေ့ တွင် မကြာခဏ တွေ့ မြင်နေရသည်။

ကလေးဆိုသည်မှာ ပန်းပွင့်ကလေးတစ်ပွင့်ကဲ့သို့  နုနယ်လှသည်။ ဖယောင်းကလေးများသဖွယ် ပျော့ပျောင်းလှသည်။ ဖယောင်းရည်လေးများ မာတင်းသွားသည့် အချိန်မရောက်ခင်အထိ သူတို့ လေးတွေကို လိုရာကို ပုံသွင်း ထုဆစ်နိုင်သည်။

သာမန်အားဖြင့် သူတို့ ၏ စိတ်ခံစားချက်ကလေးများကို သိသာအောင် မဖေါ်ပြတတ်ကြဟု ထင်ရသော်လည်း တကယ့် လက်တွေ့ တွင် ကလေးငယ်များကို သေသေချာချာ နီးနီးကပ်ကပ် လေ့လာကြည့်ပါက သူတို့ ၏ စိတ်ခံစားမှုကလေးများကို သူတို့ ၏ အသက်အရွယ် အပိုင်းအခြားအလိုက် ထင်ထင်ရှားရှားပင် ပြသတတ်ကြသည်ကို တွေ့ မြင်နိုင်ပါသည်။

သူတို့ သည် စကားမပြောတတ်သေးခင် အချိန်လေးတွေမှာပင် သူတို့ ၏ စိတ်ခံစားမှုများ၊ သူတို့ ၏ လိုအင်ဆန္ဒများကို အမူအရာလေးများ၊ မပီမသ ၀ူးဝူးဝါးဝါး အသံကလေးများနှင့် ချစ်စဖွယ် ထုတ်ဖေါ်ပြသတတ်ကြသည်။ အလိုဆန္ဒမပြည့်ဝလျှင် ငိုတတ်လာကြသည်။ အသက် တစ်နှစ်ဝန်းကျင် စကား စတင် ပြောတတ်လာသော အရွယ်၌ သူတို့ ၏ ဆန္ဒများကို စကားလုံးလေးများဖြင့် ပုံဖေါ် ပြသတတ်လာကြသည်။ လွယ်လွယ်ကူကူ အသံထွက်လို့  ပြောလို့ ရသော Verbs များ ကို အသုံးချ၍ လူကြီးများကို လက်ညှိုးကလေးတွေ တညွှန်ညွှန်ဖြင့် သူတို့ လိုရာကို တောင်းဆိုတတ်လာကြသည်။ ကလေးများသည် အသက် ၆ လမှ ၁၈ လ အတွင်းတွင် အပြစ်အကင်းစင်ဆုံး၊ ချစ်စရာ အကောင်းဆုံး ကာလ အပိုင်းအခြားအဖြစ် တွေ့ မြင်ရတတ်သည်။ ထိုအချိန်လောက်အထိတော့ မိဘနှင့် ကလေးတို့ အကြားတွင် ပြဿနာ ကြီးကြီးမားမား မရှိတတ်ကြသေးပေ။

ကျောင်းနေချိန် အသက် ၄နှစ် ၅ နှစ် အရွယ်တွင် ပြဿနာ အချို့  စတင်လေပြီ…။ ကျောင်းမသွားချင်သောကြောင့် မနက်တိုင်း ငိုငိုနေသော ကလေးများ၊ ကျောင်းမှာ စာလိုက်မရေးသော ကလေးများ၊ ကျောင်းကို ထည့်ပေးလိုက်သော ထမင်းဘူးကို လုံးလုံးမှ မထိ မတို့ သော ကလေးများ၊ ကျောင်းမှာ စာအုပ်ပျောက် ခဲတံပျောက် ခဲဖျက်ပျောက်၊ ကျောင်းမှာ ဟိုဟာကျန်ခဲ့ ဒီဟာကျန်ခဲ့နှင့် မေ့ကျန်တတ်ကြသော ကလေးများ…. များစွာရှိကြသည်။ ထိုအခါ မိဘတို့ ၏ အားမလို အားမရမှု၊ အလိုမကျမှု၊ စိတ်တိုမှုများနှင့် အတူတူ ဒေါသစိတ်တို့  စတင်ဖြစ်ထွန်းလာကြလေသည်။

အမှန်ဆိုပါက ထိုဒေါသတို့ ကို နောက်မှာ ခဏထားပြီး အကြောင်းရင်း အခြေခံကို ဦးစွာ ဖွေရှာသင့်သည်ဟု ထင်မြင်မိပါသည်။ ဤအသက်အရွယ်လေးတွင် မိဘတို့ ရင်ခွင်မှ ခွဲခွာကာ တစိမ်းများကြားထဲသို့  စ စချင်း ၀င်ရောက်ရသော အချိန်တွင် ကလေးငယ်တို့ အနေဖြင့် ထိုအနေအထားကို ချက်ချင်း လက်သင့်မခံနိုင်၊ အဆင်သင့်မဖြစ်နိုင် သေးသည်မှာ သူတို့ ၏ အပြစ် စိုးစဉ်းမျှ မရှိချေ။

ကလေး ဆေးပညာ စာတမ်းများထဲတွင် ကျောင်းစနေစဉ်အချိန်များတွင် ကလေးများသည် လက်စုတ်တတ်ခြင်း၊ လက်သည်းကိုက်ခြင်း၊ အင်္ကျီ ကြယ်သီးများကို ကိုက်ခြင်း၊ ခဲတံများကို ပါးစပ်တွင်း၌ ငုံထားတတ်ခြင်း၊ အိမ်မှထည့်ပေးလိုက်သော ခဲဖျက်များကို တစ်စစီ ချိုးဖဲ့ပစ်တတ်ခြင်း၊ ဗလာစာအုပ်မှ စာရွက်များကို အသားလွတ် ဆုတ်ဖြဲပစ်တတ်ခြင်း စသည့်အပြုအမူတို့ ကို လုပ်ဆောင်တတ်ကြသည်ဟု ဖတ်ခဲ့ဖူးသည်။


ကလေး အများစုသည် အိမ်မှာ မိဘ ဖိုးဖွား ဦးလေး အဒေါ် အကို အမတို့  အနည်းဆုံးတော့ ကလေးထိန်း၊ တစ်ဦးမဟုတ် တစ်ဦးတို့ ၏ ဂရုစိုက် စောင့်ရှောက်မှုများအောက်တွင် ကြီးပြင်းလာရသောကြောင့် ကျောင်းတွင် ကျောင်းသား အယောက် ၃၀၊ ၄၀ တို့ ကို ဆရာမ တစ်ဦး နှစ်ဦး တို့ က အုပ်ထိန်းကြရသောအခါ သူတို့  အတွက် လိုအပ်သလောက် လုံလောက်သော ဂရုစိုက်မှု (Attention) ကိုမရကြသောအခါတွင် လုပ်မိလုပ်ရာကို လုပ်ကြသော သဘောပင်…။ ထိုအချက်ကို မိဘများအနေဖြင့် ကောင်းကောင်းကြီး နားလည်မှုရှိသင့်ပြီး ကျောင်းမှ ရလာသော အပြစ်လေးများကို ဒေါသနှင့် ဆီးကြိုကြမည့်အစား စိတ်ရှည် နားလည်မှုလေးများဖြင့် အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပေးသင့်ပါသည်။

ကျောင်းနေပြီး အတန်းအနည်းငယ်ရလာသောအခါ ကျောင်းစာနှင့်ပတ်သက်သော ပြဿနာ၊ စာမေးပွဲ နှင့် ရမှတ် အနည်းအများ ပြဿနာများ ကလေးနှင့် မိဘတို့ ကြားတွင် ရောက်ရှိလာလေပြီ….။ ထိုအချိန်မျိုးတွင် ပညာတတ်သော မိဘနှင့် ပညာမတတ်သော မိဘ… မည်သည့် မိဘမျိုးမဆို မိဘတိုင်း၏ တူညီသော အတ္တတစ်ခုမှာ မိမိတို့ ၏ သားသမီးများအပေါ်တွင် ပညာရေးနှင့် ပတ်သက်ပြီး အလွန့်  အလွန် ထူးချွန်စေချင်ကြခြင်းပင်။


ပညာတတ်သောမိဘများသည် ကလေးများကို “ဒါလေးတောင် မတတ်ရကောင်းလား… ဒီလောက်လေးတောင် မသိရကောင်းလား… လွယ်လွယ်လေးကို မှားခဲ့ရသလား…” ဟူသော စကားလုံးပေါင်း မြောက်များစွာဖြင့် ပြစ်တင်ရှုံ့ ချ ဆူပူ ကြိမ်းမောင်း တတ်ကြသည်။ ပညာမတတ်သော မိဘများကမူ ကိုယ်တိုင်က ပညာ အခြေခံနည်းခဲ့၌ သော်လည်းကောင်း၊ အခြေအနေ မပေးခဲ့ကြ၍ သော်လည်းကောင်း အတန်းပညာ၌ ကောင်းမွန်စွာ မတတ်ခဲ့ကြသောကြောင့် သားသမီးများအလှည့်တွင် အရမ်းကို တော်စေ တတ်စေ ထူးချွန်စေချင်ကြပြီး မျှော်မှန်းထားသလို ဖြစ်မလာသောအခါ အမျက်ဒေါသများ အလွန်အကျွံ ထွက်ပေါ် လာတတ်ကြလေသည်။

စာမေးပွဲတို့ တွင် ရမှတ် ၁၀၀ မပြည့်မချင်း ကလေးများ၏ ကြိုးစား အားထုတ်မှုအပေါ်တွင် လုံးလုံးမှ မကျေနပ်တတ်ကြချေ။ စာမေးပွဲတွင် သင်္ချာ အမှတ် ၉၀ ရခဲ့သောကလေးကို “အော်… သမီးလေးက တော်လိုက်တာ… အမှတ် ၉၀ တောင်ရခဲ့တယ် ဟုတ်လား… (သို့ ) အို… ကြည့်စမ်း.. သားလေးက သင်္ချာမှာ အမှတ် ၉၀ ရခဲ့တယ်.. မေမေ ဆုချရတော့မှာပေါ့…” ဟု အားရ၀မ်းသာဖြင့် ချီးကျူးစကားပြောတတ်သော မိဘမျိုး အယောက် ၁၀၀ တွင် ၁၀ ယောက်မှ ရှိပါလေစ ဟု ကျွန်မ သံသယကြီးစွာ ၀င်မိပါသည်။ “ကြည့်စမ်း.. ဒီလောက်တောင် သင်ထား ပြောထားတဲ့ကြားက ၁၀ မှတ်တောင်ရော့လာခဲ့တယ်… မင်းက တယ်ရှမ်းသကိုး… (သို့ ) အဖြေတွေရရင် သေသေချာချာ ပြန်စစ်ခဲ့ပါလို မေမေ မှာထားရဲ့ သားနဲ့  ခုတော့ ကြည့်စမ်းပါအုံး… ၁၀ မှတ်ဖိုးကြီးများတောင် တောင် မှားခဲ့တယ်… (သို့ ) ၁၀ မှတ်ဆိုတာ နဲတဲ့ အမှတ်လား… သွား.. ယူမလာခဲ့နဲ့  Report Book… မေမေ လက်မှတ်ထိုးမပေးနိုင်ဘူး” ဟု ဆူပူတတ်သော မိဘမျိုး ဒီလောကကြီးမှာ ဘယ်နှစ်ယောက် တောင်ရှိနေပါသလဲ…။

ထိုကဲ့သို့  မိဘများ အပြစ်တင် ဆူပူနေသောအချိန်တွင် ကလေးများအနေဖြင့် ပြန်လည် ခွန်းတုံ့ ပြန် နှုတ်လှန်ထိုး၍ ပြောစရာ အခွင့်အရေးမရှိပါ။ အထူးသဖြင့် ကျွန်မတို့  မြန်မာ့ယဉ်ကျေးမှု ထုံးထမ်းစဉ်လာအရ လူကြီးတွေကို ပြန်မပြောရ… ငရဲကြီးတတ်သည်... ဆိုတာ သူတို့ လေးတွေ စိတ်ထဲမှာ အရိုးစွဲလို့  နေကြသည်။ ပြန်ပြောပါက မိဘတို့  ပိုပို ဒေါသထွက်ရုံသာရှိလိမ့်မည်ကို သူတို့ လေးတွေ နားလည်ကြသည်။ ထို့ ကြောင့် ဘာမှပြန်မပြောဘဲ ဆူသမျှခံကာ အသာငြိမ်နေတတ်ကြသည်။ ၀မ်းနည်းစွာဖြင့် ငိုချင်လဲ ငိုနေနိုင်ပါသည်။

သို့ သော် သူတို့ လေးတွေရဲ့  စိတ်ထဲမှာ၊ ရင်ထဲမှာ သူတို့ လေးတွေရဲ့  ပါးစပ်ဖျားမှာ စကားလုံးပေါင်း မြောက်များစွာ၊ ဆင်ခြေ (သို့ ) ဖြေရှင်းချက် တစ်ခုခုရှိကောင်း ရှိနေနိုင်သည်ဟု ဘယ်မိဘမှ ရိပ်မိ သတိထားမိကြမည် မထင်။ သတိထားမိလဲ အရေးအရာလုပ်ကာ အလေးအနက်ထား မေးမြန်း ပြောဆို နားထောင်ကြလိမ့်မည် မထင်။ မိဘများအနေဖြင့် သူတို့ တွေရဲ့  အမှတ် ၉၀ တန် ကြိုးစားမှုလေးအပေါ်မှာ ၀မ်းမြောက် ၀မ်းသာ အသိအမှတ်ပြုကြရမယ့်အစား ၁၀ မှတ်တန် အမှားလေးပေါ်မှာ စကားလုံးပေါင်း၊ ဒေါသပေါင်း များစွာဖြင့် အဆုံးသတ် သင့်ပါသလော…။

ထိုအခြင်းအရာ၏ နောက်ဆက်တွဲ အကျိုးဆက်နှင့် ကလေးများ၏ စိတ်ခံစားချက်တို့ ကို အလေးအနက်ထား၍ ထည့်သွင်း စဉ်းစား ကြည့်ကြစေချင်ပါသည်…။ အနာဂတ်ကာလတွင် တိုးတက်သော လူ့ ဘောင် လောကကြီးထဲသို့  အနေအထားအမျိုးစုံ ၊ ပုံပန်းသဏ္ဍာန် အမျိုးစုံဖြင့် လူတန်းစား အလွှာအသီးသီးသို့  ရှင်သန်ဝင်ရောက်လာမည့် လူသားလေးများ၏ နုနယ်သော စိတ်အတွေးလေးများကို အတတ်နိုင်ဆုံး အလေးအနက်ထား ဂရုစိုက်ကာ အခွင့်အရေးများ ပေးကြစေချင်ပါသည်။



ဆက်ရေးပါဦးမည်။


12 comments:

  1. အစ်မရေ..
    ကိုယ့်အလှည့်မှာ ဒီလိုမိဘမျိုးမဖြစ်အောင် ဆင်ခြင်မယ်။ ဆက်ရန်ကို စောင့်ဖတ်နေပါတယ်..

    ReplyDelete
  2. ဆက်ပါ သက်ဝေ။
    စိတ်ဝင်စားစွာ စောင့်မျှော်လျက်ပါ။

    ReplyDelete
  3. အစ်မရေ
    ဒီနေရာမှာ မိဘတွေရဲ့ Education နဲ့ Knowledge နဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ သိပ်တော့နားမလည်ပေမယ့် ၀င်ပွားတာပါ။
    ကလေးတွေကတော့ ဖြူစင်ပါတယ်။
    အနာဂတ်လူတော်လူကောင်းဖြစ်ဖို့ လက်ဦးဆရာ ဖြစ်တဲ့ မိဘရဲ့ ပဲထိန်းမှု၊ လမ်းညွှန်မှု၊ ကိုင်တွယ် မှုပေါ် အများကြီး မှီတည်ပါတယ်ဆိုတာ ....
    http://winzaw-mdy.blogspot.com

    ReplyDelete
  4. u r right.
    i agreed with u

    ReplyDelete
  5. အမ ရေလည်ကောင်းတယ်..
    ကလေးအမေတွေ ဖတ်ကြပါဗျို့...
    မိဘတွေဆိုတာ ကလေးဘဝကို ဖြတ်ပီးမှ မိဘ ဘဝရောက်တာပါဗျို့..။ ကိုယ့်အလှည့်မှာခံစားရတဲ့ အရာလေးတွေကို နှိုင်းယှဉ်သုံးသပ်ပီး ကိုယ့်ကလေးတွေကို ကိုယ့်ငယ်ဘဝထက် သာအောင်ထားနိုင်ကြပါစေ ။ ဆုံးမနိုင်ကြပါစေလို့ မြတ်နိုးလဲ ထောက်ခံပါရစေဗျို့..။

    အမရေ.. မြတ်နိုးလဲ အဲလိုမျိုးစာအုပ် ဖတ်ဖူးတယ် ကလေးဆရာဝန်တယောက်ပဲ စာရေးသူနာမည်မှတ်မိတော့ဘူး

    ကလေးများကိုပြုစုပျိုးထောင်ခြင်း ဆိုတဲ့ စာအုပ်ပါအမ
    ကလေးအမေတိုင်းဖတ်သင့်တဲ့ စာအုပ်လေးပါ။
    အဟီး မြတ်နိုး ငယ်ငယ်က လျှောက်ဖတ်တာ စာဆို တွေ့သမျှ အကုန်ဖတ်တယ်..

    ReplyDelete
  6. မြတ်နိုးညွှန်းလို့ လာဖတ်ပါတယ်ဗျား။ ဆက်ရေးပါဦး။ မသိတာလေးတွေလဲ သိလာရတာပေါ့။ ခုထိတော့ ကလေးတွေကိုဆူပူဖို့နဲ့ ရိုက်ဖို့ကိစ္စတွေကတော့ ကလူသစ်ရှောင်ရန်ထဲမှာ ပါပါတယ်။ နားလည်မှုရဖို့အရေးကြီးတယ်လို့ ယူဆပါတယ်။

    ReplyDelete
  7. အမရေ ကလေးတွေကို ပြုစုပျိုးထောင်ပုံနည်းတွေကို စိတ်ဝင်စားပါတယ် အမရေ...
    ဆက်ဖတ်ဖို့ စောင့်နေပါတယ်...

    အမ Pan Nwe ဆီမှာ လည်း ရေးထားတာရှိတယ်..
    http://jewelofjewel.blogspot.com/2008/09/your-child-is-interrupting.html

    စာညွှန်းတာပါ အမ..
း)

    ReplyDelete
  8. အမရေ..
    မသက်ဝေက ကျနော် မကေအိုအမ်ဖက်မှာတွေ့တဲ့
    မသက်ဝေ လားတော့မသိ..
    ကျနော်..အစကတော့ သမီးရဲ့ အမှတ်များခြင်း
    နည်းခြင်းကို မတောင်းဆိုပါဘူး။။
    အပြုအမူ။ အနေအထိုင် (ဥပမာ ပေါင်စေ့ထိုင်ခြင်း)
    အပြောအဆို တွေကိုပဲ တောင်းဆိုပါတယ်။
    ဒါပေမယ့်...ဒီနှစ်မှာ အမှတ်ကိုပါတောင်းဆိုမိပါတယ်။။
    ကိုယ်က မတောင်းဆိုတော့..သူက ပိုပြီးပေါ့လျှော့ပါတယ်။။ အခုချိန်ထိတော့ ကလေးကိုအမှတ်နည်းလို့ မရိုက်မိသေးပါဘူး။။
    ကလေးတွေကို ရိုက်တိုင်း မလိမ္မာပါဘူး။
    ပိုပြီးဆိုးလာတွေလည်း ဒုနဲ့ဒေးပါ..
    (ကိုယ်တွေ့...အခုမရိုက်တော့ဘူး..၀န်ခံရရင်
    အရင်က နည်းနည်းဆို ရိုက်တတ်ပါတယ်..အခုတော့
    တက်လာတဲ့ဒေါသကို ရေဖျန်းပြီး..ကလေးနားလည်အောင်ဆွေးနွေးပါတယ်)

    ReplyDelete
  9. သက်ဝေရေ… တို့ RIT ပထမနှစ် တလျှောက်လုံး စိတ်ဆင်းရဲခဲ့ရတာကို သတိသွားရတယ်…
    ဆရာဝန်ဖြစ်စေချင်တဲ့ အဖေရည်မှန်းချက်ကို တို့ မဖြည့်ပေးနိုင်ခဲ့လို့  အဖေက နေ့ တိုင်းလိုလို ဆူတယ်… အဖေက သားသမီးကို မိဘထက် ထူးချွန်ရမယ်… အဲဒါမှ generation မြင့်မြင့်လာမယ်လို့  စိတ်အားပြင်းထန်ခဲ့တာ….
    အမေကတော့ ရောက်ရာနေရာ ထူးချွန်အောင်လုပ်လို့  ဆုံးမတယ်…
    ပထမနှစ်ကလေလိုက်တဲ့စိတ်… ဒုတိယနှစ်ရောက်တော့ Section Bတောင် ရောက်သွားတယ်…
    အမေက အားပေးတယ်… စိတ်မလေပဲ ရောက်ရာနေရာမှာ ထူးချွန်အောင် ကြိုးစားရင် အောင်မြင်တဲ့သူ ဖြစ်မှာပဲတဲ့…
    ဒုတိယနှစ်ကျတော့ ပြန်ကြိုးစားခဲ့တော့ အမှတ်တွေ ပြန်ကောင်းပြီး အဖေလဲ မဆူတော့ဘူး…
    တို့ စိတ်ထဲမှာ ဆရာဝန်ကို အဖေ့အတွက်သာ လိုချင်ခဲ့တာ… သိပ်မက်မက်မောမော မရှိလှဘူး… ၀ါသနာကလဲမပါဘူး….
    ကိုယ့်အလှည့်ကျတော့ သားလေးကို သူဝါသနာပါရာပဲ ထူးချွန်အောင် မြေတောင်မြှောက်ပေးမယ်လို့  စိတ်ကူးထားတယ်… ကိုယ့်ဖြစ်ချင်တာကို သူ့ ကို လုပ်ခိုင်းတာ သူ့ အပေါ်မတရားသလိုပဲလေ….

    ReplyDelete
  10. ချိုသင်း မိဘကတော့ ကလေးတွေအပေါ်မှာ သိပ်မလွှမ်းမိုးဘူး။ ဘာမှ force နဲ့ မပြော၊ မလုပ်ခိုင်းဘူး။ ဒါကြောင့်များ ချိုသင်းလဲ တတ်နိုင်သမျှ ကိုယ့်ကိုယ်ကို ညှာခဲ့လေသလား၊ အချောင်ခိုခဲ့လေသလား တွေးမိတယ်။
    ဒါပေမဲ့ မတန်ခူး comment လေးကို ဖတ်ပြီး စိတ်မကောင်းဘူး။ ချိုသင်းရဲ့ သူငယ်ချင်းတွေမှာလဲ အဲဒီလိုအဖြစ်မျိုးတွေ အများကြီးရှိကြတာ တွေ့ဖူးပါတယ်။

    ReplyDelete
  11. မသက်ဝေ.. ကလေးတွေအကြောင်း ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းသလို ကိုယ်တိုင်လည်း တချိန်မဟုတ် တချိန် ကြုံတွေ့ရမှာမို့ သေချာဖတ်နေတယ် အမ (မုန့်ဆီကြော်တော့ မရှိသေးဘူး... အဟီး.. )

    ကျနော်တို့ ငယ်ငယ်ကတည်းက အဖေက လုံးဝ မရိုက်ဘူး.. ဘာလုပ်ရမယ်လို့လည်း မတောင်းဆိုဘူး.. အမေကတော့ ပြောစကား နားမထောင်ရင် သူမကြိုက်တာ လုပ်ရင် ရိုက်ပြီး ဆုံးမတယ်... ဒါပေမယ့် အဖေရော အမေရော ပြောတာက စာကြိုးစားဖို့ပဲ ပြောတယ်.. အဆင့် ဘယ်လောက်ရမှ ရမယ်တို့ ဘာတို့မပြောဘူး.. မကျရင် ရပြီ။ အဟီး ... :D

    ReplyDelete
  12. Sin.. အားပေးတာ ကျေးဇူးပါ။ ညီမကို ဘယ်လိုခေါ်ရမလဲ ဆိုတာလေး မြန်မာလို ပြောပြပေးစေချင်ပါတယ်။

    မသီတာ... အားပေးတာ ကျေးဇူးပါ။ ဆက်ရေးထားပါပြီနော်...။

    ကိုဝင်းဇော်... ၀င်ပွားတာလို့  မယူဆပါဘူး၊ ကိုယ်နားလည်သလို ပြောကြည့်ကြတာပေါ့...။ အမြဲလာဖတ်ပြီး စာမူခပေးခဲ့တဲ့အတွက် ကျေးဇူးပါ...။

    (ကို/မ) မောင်... ကျေးဇူး။

    မြတ်နိုးရေ... စာလာဖတ်၊ စာမူခပေး၊ ညွှန်းပေးတာ ကျေးဇူးနော်...။ အကြာကြီး ခွဲမထားနဲ့ လေ.. အချိန်ရတာနဲ့  မြန်မြန်ပြန်လာခဲ့နော်...။ မျှော်နေမယ်...။

    သမီးရှင် ကိုလူသစ်... ကြိုဆိုပါ၏။ ဆက်ရေးထားပြီနော်... ဖတ်ပြီး ဆွေးနွေးပါအုံးလေ...။

    နိနိ... ကြိုတင်လေ့လာနေသည်ပေါ့... ဟုတ်စ...။ ညီမ ညွှန်းထားတာလဲ ဖတ်ပြီးပါပြီ။ ကျေးဇူးနော်...။

    ပေါက်ရေ... ဟုတ်ပါတယ်။ ကလေးဆိုတာ ကိုယ်ရိုက်ရင်လဲ ခံကြရမှာပဲလေ...။ ရိုက်ပြီးမှ နောင်တရကြမယ့်အစား မရိုက်ခင်မှာ ဒေါသကို ရေဖြန်းကြတာပေါ့နော်...။

    တန်ခူးရေ... တန်ခူးရဲ့  Comment လေး ဖတ်ရတာ စိတ်မကောင်းဘူး။ မိဘဆိုတာတော့ ကိုယ့်သားသမီးကို အကောင်းဆုံးတွေ ဖြစ်စေချင်ကြတာပေါ့နော်...။ တန်ခူးရဲ့  ဖေဖေကို တချိန်ကြရင်... (ဥပမာ.. တန်ခူး သားလေး အတန်းကျောင်းတက်ပြီး အမှတ်တွေ ထွက်လာတဲ့ အချိန်မျိုး) တန်ခူး ကိုယ်တိုင် နားလည်လာပါလိမ့်မယ်။
    ကိုယ့်တွေ အလှည့်ကျရင်သာ သူတို့ ဆန္ဒလေးတွေ၊ သူတို့  ၀ါသနာလေးတွေကို လိုက်လျောနိုင်အောင်၊ မြေတောင်မြှောက် ပေးနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြည့် ကြတာပေါ့နော်...။

    ချိုသင်း... တို့ တွေ့ ဖူးတဲ့ တချို့ မိဘတွေက ကိုယ့်သားသမီးကို ယုံကြည်မှု ရှိကြတယ် လွတ်လပ်ခွင့်တွေပေးထားတယ်.. ဒါပေမယ့် အခွင့်အရေးကို အလွဲသုံးစားတော့ မလုပ်ရဖူးလို့  ပြောထားကြတယ်။ တို့ မိဘတွေကတော့ အဲဒီလောက် မလျှော့ဖူး၊ ဒါပေမယ့် တအားတော့ တဖက်စွန်း ရောက်အောင် မတင်းကြပ်လှပါဘူး...။ အလယ်အလပ်ပေါ့...။

    နုရေ... ကြိုလေ့လာထားတော့ ကောင်းတာပေါ့...။ မုန့် ဆီကြော်လေး ရှိလာအောင် ဆုတောင်းပေးတယ်နော်...။ ဟီဟိ...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...