အခုတလော ကလေးများနှင့် သက်ဆိုင်သော Child Psycho အကြောင်းတွေသည် ကျွန်မ၏ စိတ်အတွေးတွေကို အချိန်တော်တော်များများ လွှမ်းမိုးနေသောကြောင့် ဤပိုစ့်များကို ရေးနေခြင်း ဖြစ်ပါသည်။ အခြား တောင်တောင်အီအီများကို မတွေးစေချင်ပါ…။
အခြားသော လူမျိုးခြား နိုင်ငံသားများ၏ ယဉ်ကျေးမှုများကို ကျွန်မ အများကြီး မသိပါ။ သူတို့ ၏ ပါတ်ဝန်းကျင်၊ သူတို့ ၏ ယဉ်ကျေးမှု၊ သူတို့ ၏ နေ့ စဉ် ရှင်သန်နေထိုင်ပုံ၊ အထူးသဖြင့်တော့ သူတို့ ၏ မိသားစု ဆက်ဆံရေး… လူကြီးနှင့် လူငယ်တို့ ၏ ဆက်ဆံရေး… မိဘနှင့် သားသမီး ဆက်ဆံရေး…။ ထိုအကြောင်းအရာများကို ကျွန်မ အလွန် စိတ်ဝင်စားလှသော်လည်း အတန်အသင့်သာ လေ့လာဖူး၊ တွေ့ ဖူး မြင်ဖူး ကြားဖူးပါသည်။
သို့ သော် ကျွန်မသိသမျှ တွေ့ ဖူး မြင်ဖူးသမျှထဲတွင် ကျွန်မတို့  မြန်မာလူမျိုးတွေသည် ကလေးများ၏ ခံစားချက် သေးသေးလေးများကို၊ သူတို့ ၏ စိတ်ဓါတ်ရေးရာများကို တော်တော်ပင် လျှစ်လျှူရှုတတ်ကြသူများ ဟု ထင်မြင်မိပါသည်။ ထိုထင်မြင် ယူဆချက်သည် ကျွန်မတစ်ဦးတည်း၏ ထင်မြင်ချက်သည် ဖြစ်သောကြောင့် မှားချင်လဲ မှားနေပါလိမ့်မည်။ လက်မခံနိုင်သူများ ဝေဖန်ချင်က ဝေဖန်နိုင်ပါသည်…။
“အဲဒီနားမှာ မကစားရဘူး သစ်ပင်ပေါ်မှာ သရဲကြီး ရှိတယ်…”
“ဒီကစားကွင်းမှာ သရဲကြီး စောင့်နေတယ် လာကစားတဲ့ ကလေးလေးတွေကို ဖမ်းမလို့ တဲ့…”
“ညကျ စောစောမအိပ်ရင် ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး လာဖမ်းလိမ့်မယ်…”
“ဟော.. ဟိုမှာ ပီပီ ပီပီ နဲ့  မှုတ်နေတဲ့ လူကြီး လာနေပြီ ဆိုးတဲ့ ကလေးတွေကို ဖမ်းမလို့တဲ့…”
“သား ဆိုးနေရင် မေမေ အိမ်ပြန်မလာတော့ဘူး ရုံးမှာဘဲ နေ နေတော့မယ်…”
“သမီး မေမေတော့ ကုလားကြီးနောက် လိုက်သွားပြီ…”
“သား ဖေဖေတော့ ကုလားမကြီးက လာခေါ်သွားပြီ…”
အစရှိတဲ့ စကားစုတွေကို လူတော်တော်များများ ကြားဖူးကြလိမ့်မည် ထင်ပါတယ်။ ကြားဖူးရုံတင်မက အဲဒီလိုရော ပြောဖူးကြပါသလား… အဲဒီလို စကားတွေကိုသုံးပြီး ကိုယ့်ကလေးကိုပဲ ဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်းများ၏ ကလေးများ၊ မိမိပါတ်ဝန်းကျင်မှ ကလေးတွေကို ခြိမ်းခြောက်ဖူးကြပါသလား….။
ကျွန်မ သတိထားမိသလောက် လူကြီးတွေက ကလေးတွေကို စသလို နောက်သလို နှင့်ဖြစ်စေ၊ တကယ် ကြောက်လန့်  စေလိုသောကြောင့် ဖြစ်စေ ဤစကားမျိုးကို ပြောတတ်ကြပါသည်။ အပေါ်ယံအားဖြင့်ကြည့်လျှင် ထိုစကားတို့ သည် ဘာမှမဖြစ်လောက်ပါဘူး ဟု ခပ်လွယ်လွယ် ထင်ရသော်လည်း စိတ်ဓါတ်အားဖြင့် ပျော့ပျောင်း နုနယ်လှသော ကလေးများအဖို့  သူတို့ လေးတွေ၏ စိတ်ထဲတွင် တော်တော်ပင် ထိတ်လန့်  တုန်လှုပ် ကြောက်ရွံ့ သွားတတ်ကြသည်ကို သတိပြုကြစေချင်ပါသည်။ ထိုကြောက်စိတ်မှာလဲ အချိန်ကာလ အတော်ကြာသည့်အထိ မမေ့ပျောက်နိုင်ဘဲ စွဲစွဲလမ်းလမ်းဖြင့် ကြောက်နေတတ်ကြသည့် ကလေးငယ်များကို ကိုယ်တိုင်တွေ့ ဖူးခဲ့ပါသည်။ တကယ်လဲ ထိုကြောက်စိတ် နှင့် ထိုအစွဲအလမ်းများသည် တော်တော်နှင့် ဖျောက်ဖျက်ပြစ်၍ မရပါ…။ သူတို့ စိတ်ထဲတွင် မမြင်တွေ့ ဖူးသော သရဲကြီး၊ ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး၊ ကုလားကြီး တို့ ကို ကြောက်မက်ဖွယ်ရာ ရုပ်ဆိုးဆိုး ပုံပန်းများဖြင့် စိတ်ကူးပုံဖေါ် မြင်ယောင်ကြည့်ကာ ကြောက်လန့် စိတ်များ တစ်စထက် တစ်စ တိုးပွား နေတတ်ကြသည်။ တွေးကြည့်လျှင် သနားစရာလဲ အလွန်ကောင်းပါသည်။
သူတို့ သည် အသက်အရွယ် တော်တော်ရလာပြီး အစစအရာရာကို တော်တော်လေး နားလည်လာသော အရွယ်လောက်တွင်မှသာ သူတို့ ငယ်ငယ်က ကြောက်ရွံ့ခဲ့ဖူးသော ထို သရဲကြီး၊ ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး၊ ကုလားကြီး ဆိုသူများသည် တကယ်မရှိကြောင်း၊ လူကြီးများ တမင် ခြောက်လှန့် ကြကြောင်း ကို နားလည်သိမြင် လာနိုင်ပါသည်…။
ပြောပြရလျှင် ကျွန်မ ငယ်ငယ်က (၆ နှစ်သမီးလောက်ဟု ထင်ပါသည်) မိဘများနှင့် ခင်မင်ရင်းနှီးသော ကျွန်မနှင့်လည်း ဦးလေးတစ်ယောက်လို ရင်းနှီးသော သူတစ်ယောက် အိမ်ကိုအလည်လာရင်း တခုခုကို အလိုမကျ၍ နဲနဲဂျီတိုက်နေသော ကျွန်မကို စသလို နောက်သလိုဖြင့် “ဒီလိုဆိုးနေရင် ကျောပေါက်ကြီး လာဖမ်းလိမ့်မယ်နော်” ဟု ထပ်ခါ ထပ်ခါ (၄, ၅ ကြိမ်ထက်မနဲ...) ပြောလေသည်။ ထိုအခါ ကျွန်မသည် တစ်ခါမှ မသိဖူး မကြားဖူး မမြင်ဖူးသော ထို ကျောပေါက်ကြီး ဟူသော လူကို ထိတ်လန့် စွာဖြင့် မရဲတရဲ ပုံဖေါ်ကြည့်ရင်း တုန်လှုပ် ကြောက်ရွံ့စိတ်များ တစ်ဖွားဖွား ပေါ်လာပေတော့သည်။
ည အိပ်ရာဝင်ချိန်များတွင် သော်လည်းကောင်း၊ မေမေတို့  အလုပ်သွား၍ အိမ်မှာ အဖိုးနှင့် နှစ်ယောက်တည်း ကျန်ခဲ့ချိန်များတွင် သော်လည်းကောင်း၊ ဘာမှလုပ်စရာမရှိသည့် အချိန်များတွင် ထောင့်လေးတစ်ထောင့်တွင် ငြိမ်သက်စွာ ထိုင်နေရင်း သော်လည်းကောင်း နက်နက်နဲနဲ တွေးနေမိသည်မှာ ထိုကျောပေါက်ကြီး အကြောင်းပင်...။ ကျောကြီးက ဘယ်လိုပေါက်နေတာလဲ… ကျောကုန်းမှာ အပေါက်ကြီး ရှိနေရက်သားနဲ့  ဘာကြောင့်မို့ အသက်ရှင်နေနိုင်တာလဲ… ပေါက်နေသော ကျောပြင်မှနေ၍ ဗိုက်ထဲက အသဲတို့  နှလုံးတို့ ကိုရော မြင်နေရမှာလား… နီနီရဲရဲ သွေးတွေရော ထွက်နေမှာလား… စသဖြင့်…။ ထိုစဉ်က မိုးတွင်းကာလ ဖြစ်သောကြောင့် မိုးများမှောင်မဲ၍ ရွာသောအချိန်တွင်မူ ကျွန်မ၏ ကြောက်စိတ်မှာ အထွတ်အထိပ်သို့ ရောက်နေပါသည်…။ ဘယ်ထောင့်ကများ ကျောပေါက်ကြီး ပေါ်လာလိမ့်မလဲ ဟု ဟိုကြည့် သည်ကြည့်ဖြင့် ကျောချမ်းနေခဲ့ဖူးသည်မှာ ပြန်တွေးကြည့်တော့ တော်တော် သနားစရာကောင်းလှပါသည်။
အလုပ်မှ မောမောပန်းပန်းပြန်လာသော ဖေဖေနှင့် မေမေ့၏ အရိပ်အကဲကိုကြည့်၍ မရဲတရဲနှင့် ထိုကျောပေါက်ကြီး အကြောင်းကို မေးကြည့်သောအခါတွင်လည်း မေမေက အရေးမဟုတ်တာ အရေး လုပ်နေရပါ့မလား… အဓိပ္ပါယ်မရှိ အပိုတွေ တွေးကြောက်နေရလား… ဟူသော ပုံစံမျိုးဖြင့် ကျွန်မလိုချင်သော “ကျောပေါက်ကြီး ဆိုသည်မှာ အပြင်လောကတွင် တကယ်မရှိကြောင်း၊ ဘာမှကြောက်စရာ မလိုကြောင်း…” စသည့် လုံလောက် တိကျ နွေးထွေးသော အဖြေမျိုးကို မရခဲ့ပါ။
တကယ်ကတော့ လူကြီးတွေ၏ စိတ်ထဲတွင် ကျွန်မ ဒီလောက် စွဲစွဲလမ်းလမ်း ကြောက်နေမည်ဟု တွေးထင် မထားသောကြောင့် ခပ်ပေါ့ပေါ့သာ သဘောထား ဖြေကြားသည်ဟု ယူဆမိပါသည်။ သို့ သော်လည်း ကျွန်မ၏ စိတ်ထဲမှာတော့ ဘာမဟုတ်တဲ့ ထိုစကားလေး တစ်ခွန်းကြောင့် တော်တော်လေး စိတ်ဆင်းရဲ ဒုက္ခ ရောက်ခဲ့ရသည်မှာ တသက် မမေ့ဖွယ်ရာပင်…။
ထိုကဲ့သို့  ကလေးများကို ခြောက်လှန့် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အကျိုးဆက် နှင့် နုနယ်လှသော ကလေးများ၏ စိတ်ခံစားချက်တို့ ကို အလေးအနက်ထား ထည့်သွင်း စဉ်းစားကာ မိမိတို့ ကိုယ်တိုင်လဲ ကလေးများကို အမှန်တကယ် ကြောက်စေချင်၍ ဖြစ်စေ၊ စချင် နောက်ချင်၍ ဖြစ်စေ... သူတို့လေးတွေ၏ စိတ်ထဲ၌ စွဲစွဲလမ်းလမ်း ကြောက်ရွံ့  သွားနိုင်ချေရှိသော စကားစုများကို ဝေးဝေးမှ ရှောင်ရှားကြပါ ဟု အလေးအနက်ထား တိုက်တွန်းချင်ပါသည်။
အနာဂတ်ကာလတွင် တိုးတက်သော လူ့ ဘောင်လောကကြီးထဲသို့  အနေအထားအမျိုးစုံ၊ ပုံပန်းသဏ္ဍာန် အမျိုးစုံဖြင့် လူတန်းစား အလွှာအသီးသီးသို့  ရှင်သန်ဝင်ရောက်လာမည့် လူသားလေးများ၏ နုနယ်သော စိတ်အတွေးလေးများကို အတတ်နိုင်ဆုံး အလေးအနက်ပြု ဂရုစိုက်ကြစေချင်ပါသည်။

အစ်မခင်ဗျား
ReplyDeleteမြန်မာအသိုင်းအ၀ိုင်းမှာတော့ ဒီလိုပဲ ပြောဆို၊ သွန်သင်နေတာတော့ ဓလေ့ထုံးတမ်း တစ်ခုလို ဖြစ်နေပါပြီ။ စိတ်ထဲ တစ်ကယ်ရှိလို့တော့ မဟုတ်ဘူးလို့ ထင်မိပါတယ်။ ကလေးက ငယ်နေမယ်၊ ထိန်းတဲ့ လူကြီးက အဒေါ်၊ ကြီးဒေါ်၊ အဖွား တို့ဆိုရင်တော့ ဒီထက် တောင် ပိုပြောကြမယ် ထင်ပါတယ်။ ကျွန်တော်ငယ်တုန်းက အဖိုးနဲ့ အဖွား ပြောဆို ခဲ့တာတွေက ကနေ့အချိန်မှာ ပြန်တွေးကြည့်ရင် ကောင်းစေချင်တဲ့ အမူအကျင့်ကို ဖြစ်စေချင်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။ ရှမ်းအိမ်ဆိုတော့ မြေအိုးလေးတွေ သုံးပါတယ်။ မြေအိုးဆိုတော့ အဖုံးက မြေစလောင်းဖုန်းပါပဲ။ ကလေးဆိုတော့ မြေစလောင်း ၂ ခုကို လင်းကွင်းတီးသလို တီးကစားပါတယ်။ လူကြီးက ကွဲမှာစိုးတာကြောင့် လင်းကွင်းတီးရင် ကျားကြီးထွက်လာ လိမ့်မယ် လို့ ခြိမ်းခြောက် တတ်ပါတယ်။ ဒီလို သဘော ဖြစ်မယ်ထင်ပါတယ်။ တစ်ချို့ လူကြီးတွေက လည်း အစ်မပြောသလို လွန်လွန်ကျူးကျူး ခြိမ်းခြောက် (အစကျူးတာ) တာ တွေ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် နုနုယ်ငယ်ရွယ် တဲ့ ကလေးတွေကိုတော့ ကြောက်စိတ်ဝင် အောင် မစ၊ မနောက်သင့်ဘူး လို့ ထင်မိပါတယ်။ မကောင်းတဲ့ အစွဲထင်ကျန်ရစ် ခဲ့ရင်တော့ ကလေးအတွက် မကောင်းဘူးပေါ့ နော်၊ အမှားအယွင်းရှိရင် ခွင့်လွှတ် စေချင်ပါတယ်။
လေးစားလျက်..
http://winzaw-mdy.blogspot.com
အစ်မခင်ဗျား
ReplyDeleteကလေးတွေအပေါ်ထားရှိတဲ့ အစ်မရဲ့ စေတနာ၊ သံယောဇဉ်၊ မိခင်တစ်ယောက်ရဲ့ စိတ်သောက ၊ စိုးရိမ်စိတ် တွေကို ကွက်ကွက်ကွင်းကွင်း တွေ့နေရပါတယ်။ ဒီလို ပညာပေး ပို့စ်လေး တွေကို ဘ၀အတွေ့အကြုံနဲ့ ယှဉ်ပြီး ရေးသား ဖော်ပြ ပေးတဲ့အတွက် အတိုင်းမသိ ၀မ်းသာပါ တယ်။
အားပေးလျက်ပါ။
http://winzaw-mdy.blogspot.com
ဟုတ်တယ် အမရေ...
ReplyDeleteအကျိုးသင့်အကြောင်းသင့် ကို ရှင်းပြနိုင်တာ ကောင်းတယ်
ခြောက်တာတော့ မကောင်းဘူး....
ကလေးတွေရဲ့ စိတ်က သိပ်နုနယ်တာကိုး...
မဟုတ်တာကြီး စိတ်မှာ နှောက်ယှက်တာ ခံနေရတာ ဘယ်ကောင်းမလဲနော်။
kom: တို့ကရုပ်ဆိုးတယ် အစ်မတွေက လှလှပပ။ လူကြီးတွေ ကနင့်ကို အမှိုက့်ပုံထဲက ကောက်လာတယ် လို့ ပြောတာ တကယ်ထင်လုီ့ ဝမ်းနည်းခဲ့ဘူးတယ်။
ReplyDelete11 Nov 08, 22:56
kom: တောင်တောင်အီအီတွေးပြီးပါပြီ။ :P
hi mama, i agreed with u
ReplyDeleteကျနော်တို့ ငယ်ငယ်တုန်းကလည်း အမေက ထမင်းခွှံ့ကျွေးရင် ကလေးဆိုတော့ မသိဘူး.. ကြမ်းပြင်ပေါ်မှာ လူးလိမ့်ပြီး ထမင်းစားရင်းဆော့လို့.. ထမင်းစားရင် မအိပ်ရဘူး မလှဲရဘူး.. လှဲရင် မြွေဖြစ်တတ်တယ်ဆိုလို့ ကြောက်လိုက်တာမှ အရမ်းပဲ.. နောက်ပြီး ဆီးစေ့တွေ ဘာတွေ မမြိုချရဘူးနော်.. ဗိုက်ထဲ အပင်ပေါက်တတ်တယ်ဆိုလို့ ယောင်ပြီးများ မြိုချမိရင် ဘယ်တော့အပင်ပေါက်လာမလဲ ဆိုပြီး တွေးကြောက်ရတာ။ ၂ ရက် ၃ ရက်လောက်ကြာပြီး ဘာမှ မဖြစ်တော့မှ သက်ပြင်းချရတယ်... ပြီးတော့ ထမင်းကုန်အောင် မစားရင် အသက်ကြီးလာရင်မျက်နှာမှာ ထမင်းလုံးတွေ ကျန်နေသလိုပဲ ကျောက်ပေါက်မာတွေ ထွက်လာလိမ့်မယ်ဆိုလို့ ထမင်းကို ပန်းကန်ထဲမှာ အကုန်ပြောင်အောင်စားရတာ မှတ်မိသေးတယ်.. ရှိသေးတယ်.. လူကြီးတွေ မသိပဲ အပြင်မထွက်ရဘူး.. ဦးလာဘ ဖမ်းသွားလိမ့်မယ်ဆိုတာ ငယ်ငယ်က ခဏခဏ ကြားနေရတယ်.... တချို့ဟာတွေကျတော့လည်း ကလေးတွေ မလုပ်စေချင်ရင် အဲဒီလိုမျိုး ခြောက်ပြောတာတူပါရဲ့ အမရယ်.. အရမ်းကြီး ကြောက်လန့်အောင်တော့ မခြောက်သင့်ဘူးပေါ့နော.်.
ReplyDeleteဆက်လက်လေ့လာနေပါကြောင်း သတင်းကောင်း
ReplyDeleteအိမ်ကပြောတာကတော့ "နင့်ကိုလှည်းလမ်းကြောင်းထဲက ကောက်လာတာ" တဲ့..
ReplyDeleteတစ်အိမ်လုံး အသားဖြူပြီး ကိုယ့်ကျမှ မဲနေတာကိုးးးးးးး
သက်ဝေရေ… ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာဖြစ်နေလို့  ဟိုတနေ့ က တခါဖတ်ပြီး ခုနောက်တခေါက် ပြန်ဖတ်ရင်း ကော်မန့် ပေးလိုက်တာပါ… သက်ဝေကြောက်တဲ့ ကျောပေါက်ကြီးတို့ လဲကြောက်တယ်… အဲဒီတုန်းက လသာ၂မှာ ကျောပေါက်ကြီး ဇာတ်လမ်းအချင်းချင်းပြောပြရင်း ကြောက်သွားတာ… ဒါပေမယ့် ကျောပေါက်ကြီးက ကျောင်းမှာပဲနေတာဆိုလို့  အိမ်ရောက်ရင် စိတ်ချလက်ချနေနိုင်တာ… ငယ်ငယ်က အတူနေတဲ့ အဒေါ်က သရဲကြောင်းပြောတဲ့ နေရာ၊ ခြောက်တဲ့နေရာမှာ ပထမတန်း… ဒါကြောင့် တို့ ဘယ်လောက် ကြောက်တတ်လဲဆို တက္ကသိုလ်ပထမနှစ်အထိ အနားမှာ စာကျက်ရင် တယောက် စောင့်ပေးရတုန်း… သက်ဝေပြောသလို ရင်ထဲ စွဲသွားတဲ့ အကြောက်… သားကျတော့ အဲဒီလို မခြောက်ခဲ့ဘူး.. အရာအားလုံးကို အကျိုးသင့်ရှင်းပြတယ်… တခုက သားက အကြောက်လုံးလုံးမရှိတော့ ဆုံးမရတာခက်သလိုပဲ… ခုတလော တို့ ခြောက်မိပါတယ် သက်ဝေ… သူစည်းကမ်းရှိပါစေတော့ ယဉ်ကျေးသိမ်မွေ့ ပါစေတော့ ဆိုပြီး… ခြောက်ပြီး ကိုယ့်ဘာသာ နောင်တ ရပြန်ရော… သက်ဝေရဲ့ ဒီပို့ စ်လေးဖတ်ပြီး နောက် မခြောက်မိအောင် ကြိုးစားဖို့  သတိထားမိပါတယ်… ကျေးဇူးပါသက်ဝေ….
ReplyDeleteပင်ကိုယ် စရိုက် ဗီဇက ကြောက်တတ်သူကို ပတ်ဝန်းကျင်ရဲ့ ခြောက်လှန့်မှုတွေကြောင့် confidenence နည်းပြီး အရာရာမှာ စိုးရိမ် ကြောက်ရွံ့စိတ်တွေ စိုးမိုးလို့ လူတော ထင်တိုင်း မတိုးတော့တာ ကိုယ်တွေ့ပါ
ReplyDeleteကိုဝင်းဇော်... အမှားအယွင်း ဘာမှမရှိပါ။ အမြဲလာဖတ်ပြီး ဆွေးနွေးတာတွေအတွက် ကျေးဇူးအထူး။
ReplyDeleteနိနိ နဲ့  နု... ဟုတ်တယ်။ ခြောက်တာ မကောင်းဘူး...။ ကလေးတွေ သနားစရာကောင်းတယ်...။
မမခင်ဦး... ဟွန်း.. တောင်တောင်အီအီ ဘာတွေ တွေးသွားလဲ.. ပြော...
(ကို/မ) မောင်... Thanks.
ကိုလူသစ်... ကျေးဇူး...။
Sin.. အင်း.. အဲဒီအပြောမျိုး ကလေးတွေကို တော်တော်ပြောကြတာ ကြားဖူးတယ်...။ သိပ်အစွဲအလမ်းမကြီးတဲ့ ကလေးတွေဆို တော်သေးတယ်...။ စိတ်ထဲမှာ ထိခိုက်လွယ်တတ်တဲ့ ကလေးတွေအတွက်ဆို သိပ်တော့ မကောင်းဖူးနော်...။
တန်ခူးရေ... ခုတလော တို့ ခြောက်မိပါတယ် တဲ့လား...။
ရေးထားတာကိုက ချစ်စရာ...။
တခါတခါကျတော့လဲ ဒီလိုဘဲ ဖြစ်တတ်တာပေါ့။ ဒါပေမယ့် ခြောက်နည်းတမျိုးကို ထပ်ခါထပ်ခါ ခြောက်ရင် ကလေးစိတ်ထဲမှာ သိပ်စွဲသွားမှာစိုးတာ တခုပါဘဲ...။ နဲနဲပါးပါးဆိုရင်တော့ ရပါတယ်လေ...။ ;-)
မသီတာ... တစ်ယောက်နဲ့  တစ်ယောက် မတူကြတဲ့ ငယ်ဘ၀တွေပေါ့နော်...။
ကိုယ့်အလှည့်မှာတော့ သူတို့ လေးတွေကို အကောင်းဆုံးနဲ့  အပြေလည်ဆုံး ကိုင်တွယ် ဆုံးမနိုင်အောင် ကြိုးစားကြတာပေါ့နော်...။
မလုပ်သင့်တာကို အကျိုးအကြောင်းသင့် ရှင်းမပြပဲ အလွယ်နည်းနဲ့ ခြောက်ကြတာလို့ မြင်ပါတယ်။ ကျိုးကြောင်းဆက်စပ်ပြီးမှ နားလည်လက်ခံတတ်တဲ့ ရေရှည်အတွက် အင်မတန် အရေးကြီးတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုကို ငယ်ငယ်တည်းက ရိုက်ချိုးလိုက်တာနဲ့ တူနေတယ်။ ကိုယ်လည်း နားမလည်ခင်က ကိုယ့်ထက် ငယ်သူတွေကို လုပ်ခဲ့မိတာပဲ။ အများက လုပ်တိုင်း ကောင်းတဲ့ မှန်တဲ့ အကျင့်တစ်ခု မဟုတ်ဘူးဆိုတာ သိတဲ့သူ များလာတာနဲ့အမျှ ဒီအကျင့်မျိုးတွေ လျော့လာမယ် မျှော်လင့်မိတယ်။ ကိုယ်ကလည်း တတ်နိုင်သလောက် မျှဝေရမှာပေါ့လေ။ အဖိုးတန်တဲ့ ပို့စ်လေးအတွက် ကျေးဇူး။
ReplyDeleteညီမ ကတော့ ဒီလိုဆို မချစ်ချင်တော့ဘူးဆိုတဲ့စကားကို အခုတလော ဟေမာ့ကို ခဏခဏ ပြောမိတယ် အမသက် :(
ReplyDelete