ကိုယ်အားပေးသော အင်္ဂလန်၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ အီတလီ စသည့် အသင်းကြီးတွေ တသင်းပြီး တသင်း ထွက်ကုန်ပြီး ကိုယ် သိပ်မနှစ်သက်လှသော အသင်းတွေသာ ကျန်နေခဲ့သောကြောင့် ကြည့်ရတာ အားမရလှ။ အင်း… ရှိပါစေတော့လေ… ကိုယ်တိုင်လဲ ဝင်မှ မကန်နိုင်တာ… ။ သည်နှစ်ပွဲမှာ ထူးထူးခြားခြား အမှတ်တရ ဖြစ်စေသော အကြောင်းတခုကတော့ ကိုယ့်လို ဝါသနာတူ သူငယ်ချင်း မိတ်ဆွေများနှင့် မျက်နှာစာအုပ်မှာ အတူ ဝေဖန်ရင်း လေကန်ရင်း ဘောလုံးပွဲတွေ ကြည့်ခဲ့ရခြင်းပင်။ အမှန်တကယ်ကို အမှတ်တရနှင့် အလွန် ပျော်စရာကောင်းခဲ့သည်။
ပြောပြရရင် ယုံမယ်မထင်... ဘောလုံးပွဲကို မျက်နှာစာအုပ်နှင့် အတူတူ ကြည့်ရှုအားပေးသူများအနက် အများစု (အများစု) မှာ မိန်းကလေးများ ဖြစ်ကြသည်။ ယောင်္ကျားလေးတွေ ဘယ်ဆီ ဘယ်ဝယ် ရောက်နေကြသည် မသိ…။ (တကယ် မသိပါ… ကာယကံရှင်များနှင့် သိသူများ ပြောပြကြပါရန်…)
ဘောလုံးပွဲ မစခင် ညဦးပိုင်းတွေမှာ တယောက်ကို တယောက် ကြည့်မယ် မကြည့်ဖူး သတိပေး သတင်းမေးကြသည်။ ဘောလုံးပွဲကြည့်ရင်း အပျင်းပြေ အိပ်ချင်ပြေ စားစရာ အစားအသောက်လေးများ စီစဉ်ပြီး မျက်နှာစာအုပ်ပေါ်တွင် (မစားရ ဝခမန်း) မျှဝေ ကျွေးမွေးကြသည်။ မနက်စောစော နှစ်နာရီခွဲပွဲတွေမှာ တယောက်ကို တယောက် နိုးပလားဟေ့ ဟု လှမ်းမေးကြသည်။ ပြီးတော့ ဘောလုံးပွဲကို သဲသဲမဲမဲ ကြည့်နေရတာက တဖက်၊ အိပ်ချင်ပြေ စားစရာ သောက်စရာတွေ စားနေ သောက်နေရတာက တဖက်၊ ပြီးတော့ လက်ထဲမှ ဖုန်းဖြင့် (အလွယ်တကူ) Twitter က တဆင့် Status Update လုပ်ရတာက တမျိုး၊ ပထမပိုင်းအပြီး အားလပ်ချိန်များမှာ မိမိ၏ ထင်မြင်ယူဆချက်များ၊ မကျေနပ်ချက်များကို မျက်နှာစာအုပ်မှာ ကော်မန့်တွေရေးပြီး ပေါက်ကွဲရသည်က တဖုံ၊ ပွဲပြီးသွားချိန်များ၊ နောက်တနေ့ မနက်တွေမှာလဲ မိမိတို့ စိတ်ထဲ ကျန်ရှိနေသေးသည်များကို အခဲမကြေနိုင်သေးပဲ အပြန်အလှန် ပြောကြ ဆိုကြနှင့်… ညကြီးအချိန်မတော်မှာ ကိုယ့်တွေထက် အလုပ်များသူတွေ ရှိနိုင်မည် မထင်။ အဲဒီဘောလုံးပွဲတွေက တလထဲ မို့သာပဲ... နှစ်လလောက်ဆိုရင် လူတွေလဲ ရူးကြောင် မူးကြောင် ဖြစ်သွားနိုင်သည်...။
ကိုယ့်အတွက်ကတော့ ဒါတွေတင်မက… နောက်တနေ့ အိပ်ချင်မူးတူးနှင့် ရုံးကိုရောက်… အားပေးသော အသင်းချင်း မတူသော လုပ်ဖေါ်ကိုင်ဖက်များနှင့်လည်း အငြင်းပွားရင်း ရန်လုပ်ရသေးသည်။ KFC ကျွေးကြေး အလောင်းအစား ပြုကြသေးသည်။ ဆိုးသည်ဟု ဆိုချင်ဆို… ဂျာမဏီကိုတော့ နဲနဲလေးမှ မေတ္တာမရှိ။ သူတို့ အသင်းက ဘောလုံးကန် ကောင်းသော်လည်း အလိုလိုနေရင်း အကြောင်းမဲ့ အသားလွတ် ဂျာမဏီကို မုန်းသောသူထဲမှာ ကိုယ်က ထိပ်ဆုံးက…။ သူကလွဲလျှင် ဘယ်သူနိုင်နိုင် ဟု သဘောထားသည်။ ရုံးမှ ဂျာမဏီကို အမာခံ အားပေးသူတယောက်နှင့်ဆို အချိန်ရသ၍ ရန်ဖြစ်နေမိသည်။ သူ ဂျာမဏီအသင်း၏ အမှတ်တံဆိပ်ပါသော ဘောလုံးအင်္ကျီ ဝတ်လာသောနေ့က လုံးဝကို အခေါ်အပြော မလုပ်ဖြစ်…။ ဂျာမဏီအသင်း ပြုတ်သွားပြီးမှ သနားပါတယ်… တတိယနေရာလောက်ကတော့ ပေးလိုက်ပါ့မယ်လေ ဟု တွေးကာ ပြန်ခေါ်လိုက်သည်…။


ဘယ်လိုပဲ ဖြစ်စေကာမူ သည်နှစ်အတွက် ကိုယ့်အကြိုက် အသင်းများ မနိုင်သော်လည်း ဟော်လန်နှင့်စာလျှင် စပိန်အသင်း နိုင်သည်ကို ဝမ်းသာမိသည်။ အရေးထဲ ခြေကားယား လက်ကားယား ရေဘဝဲကောင်လေးကလဲ ဒီနှစ်ကမ္ဘာ့ဖလားမှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသေးသည်…။ သူလေးကို မေတ္တာထားကြသူများကလဲ အများသား… ကံကောင်းထောက်မ၍ ခုထိတော့ ဘာဘီကျူး ရေဘဝဲ မဖြစ်သေး…။ ကိုယ်သာ ဘောလုံးသမားဆိုလျှင်လည်း မကန်ရသေးခင် ကိုယ့်ကို နိုင်မည် ရှုံးမည်ဟု ဦးဦးဖျားဖျား ကြိုတင် နမိတ်ဖတ်နေသော သည်အကောင်ကို အမှုန့်ခြေချင်မည်မှာ မလွဲ…။ တော်တော်ဆိုးတဲ့ အကောင်လေး…
ဘယ်လိုပဲ ဖြစ်ဖြစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး သည်တချီတော့ ပြီးသွားခဲ့လေပြီ။ အသင်းလိုက်ကို သော်လည်းကောင်း၊ ဘောလုံးသမားများ တယောက်ချင်းစီကို သော်လည်းကောင်း ကန်သူမသိတဲ့ အချစ်တွေနှင့် လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ပြီးပြီ။ နောက် လေးနှစ်အကြာ ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးကို ၂၀၁၄ မှာ ဘရာဇီးမှာ ကျင်းပမည်တဲ့…။ ဝါသနာ မပါရှာပုံကတော့ အချိန်တွေ ကန့်လန့်တိုက်ပြီး ရုံးချိန်တွေ ဖြစ်နေလျှင် ကြည့်ရခက်နေမယ်လေဟု ဆိုကာ ဘရာဇီး နှင့် စကာင်္ပူ အချိန်ကွာခြားချက်ကို ရှာဖွေကာ တွက်ချက် ကြည့်လိုက်မိသေးသည်။ သူတို့က စလုံးထက် ၁၁ နာရီ တိတိ နောက်ကျသည်။ နေ့နဲ့ ည ပြောင်းပြန်နီးပါးပင်…။ သည်တော့ ကြည့်ရတာ အဆင်ပြေလောက်သည်…။
အဲဒီ ၂၀၁၄ ကမ္ဘာ့ဖလားပွဲ ကျရင်လဲ ဝါသနာတူ ဒီသူငယ်ချင်း ဒီမိတ်ဆွေတွေနဲ့ ဒီနေရာမှာ ဒီလိုပဲ လူစုံ တက်စုံ အတူတကွ ပျော်ပျော်ပါးပါး ကြည့်နိုင်ကြစေရန် ဆုတောင်းမိပါသည်။ တို့ ပြန်လည် ဆုံတွေ့ကြပါစို့…။
မှတ်ချက် ။ ။ ဘောလုံးပွဲ အမှတ်တရ နှင့် အမာခံ ဝါသနာတူ သူငယ်ချင်း မိတ်ဆွေများအတွက် မှတ်တမ်းတင် ဂုဏ်ပြုစကားကို ဒီမှာ လဲ ဖတ်ကြည့်နိုင်သေးသည်။
