Sunday, March 13, 2011

ကျွန်မ၏ ညနေ

ညနေခင်းသည် လေပြေနှင့်အတူ အနားကို ရောက်လာ၏။
ညနေခင်းတွေကို ချစ်သည်… ညနေခင်း လေပြေတွေကို ချစ်သည်။

ထိုလေပြေတွေက မျက်နှာနှင့် ကျောလယ် မရောက်တရောက် ခေါင်းလျှော်ပြီးစ ဆံပင်များကို လာရောက် တိုးဝှေ့သောအခါ လွင့်သွားသော ဆံနွယ်များကြားမှာ တယောက်တည်း ပြုံးရယ်မိသည်။ အိမ်မှာမွေးထားသော အမွေးဖွားဖွားနှင့် ခွေးပုကလေးကို ကားပေါ်တင်ခေါ်သွားတိုင်း သူက ပြူတင်းပေါက်မှာ မေးတင်၊ ခေါင်းကလေး အပြင်ထုတ်ပြီး စီးရမှ ကျေနပ်သည်။ တိုးဝင်လာသော လေအရှိန်ကြောင့် သူ့အမွေးလေးများ တလွင့်လွင့်နှင့်… ပြီးတော့ ထိုလေတွေကို သူက ပါးစပ်ဖြင့် လိုက် လိုက်ဟပ်ရင်း ဆော့ကစားတတ်သေးသည်။ ထိုအကြောင်းကို သတိရသွား၍ ပြုံးရယ်မိခြင်း ဖြစ်သည်။

တခဏအကြာမှာ လေပြေနှင့်အတူ အနံ့တမျိုး ရလာသည်။ ငါးတွေကို ဆီများများထဲမှာ ထည့်ကြော်နေသော ဆီညှော်နံ့…။ အပေါ်ထပ်က လာတာလား… အောက်ထပ်ကလာ တာလား မခွဲခြားတတ်။ ပြောရရင် သည်အနံ့က နည်းနည်းတော့ ခေါင်းကိုက်ချင်စရာ ကောင်းလှသည်။ သို့သော်လည်း ပြုံးမိသည်။ ငယ်ငယ်က အရပ်ထဲမှာ ဟောဒီက ညှော်ကြမယ်ရှင့် ဟု ခပ်ကျယ်ကျယ် (ခပ်ကြွားကြွားလေး) အော်တတ်သော အဒေါ်ကြီးတယောက်ကို သတိရမိ၍ ပြုံးခြင်းဖြစ်သည်။ ဆီဈေး ကြီးမြင့်သော ကာလတွင် အိမ်မှာ အကြော်ကြော်နိုင်သည်မှာ ကြွားဝါချင်စရာအကြောင်းတခု ဖြစ်ခဲ့ဖူးသည်ပဲ။

နောက်တခါ လေပြေနှင့်အတူပါလာသည်က မြက်ခင်းများကို စက်ဖြင့် ရိတ်ဖြတ်ပြီးကာစမှာ ရတတ်သော စိမ်းရွှေရွှေအနံ့…။ နေ့လည်က အလုပ်သမားတချို့ အိမ်နားက မြက်တွေကို လာရိတ်သွားဟန် တူသည်။ ထိုအနံ့ကို မနှစ်သက်သော်လည်း နေ့စဉ်နဲ့ အမျှ ကျင်လည်နေရသော စက်ရုပ်လူသား ဘဝ၊ ပြီးတော့ ရုပ်ဝတ္ထု ပစ္စည်းတွေသာ လွှမ်းမိုးသော အနေအထားမှာ မြက်ခင်းများမှ လာသော အနံ့သည် သဘာဝနှင့် အလွန် နီးစပ်လှသဖြင့် လက်ခံနိုင်သည်။

စိတ်ကူးအတွေးထဲမှာတော့ ညနေခင်း၏ လေပြေတွေသည် စကားပန်း၊ စပါယ်ပန်း သို့မဟုတ် ခရေပန်းနံ့များကို သယ်ဆောင်လာသင့်သည်ဟု ထင်မိသည်။ သည်လိုဆို ညနေခင်းသည် ဘယ်လောက် ကြည်နူးစရာ ကောင်းလေမလဲ…။ အခုတော့ လေပြေတွေသည် သူနှင့်အတူ ဘာတွေကို သယ်ယူလာပါလိမ့်…။

မျက်မှောင်ကြုတ်ပြီး စဉ်းစားနေစဉ်မှာပင် ညှော်ညစ်ညစ် အနံ့တမျိုး နှာခေါင်းထဲ ရောက်လာသည်။ သည်အနံ့ကို ကောင်းကောင်းမသိ၊ ညှော်နံ့ဖြစ်သော်လည်း မီးဖိုချောင်တွေမှလာသော အညှော်မျိုးတော့ မဟုတ်။ တွေးမရသဖြင့် နေရာမှထကာ ပြူတင်းတံခါးမှ ဟိုဟိုဒီဒီ ကြည့်လိုက်သည်။ အောက်က မြက်ခင်းစပ်တွင် လူတချို့ စည်ပိုင်းပြတ်တခုဘေးမှာ၊ လှုပ်လှုပ်ရွရွနှင့် မီးခိုးတွေကလဲ တအူအူ…။ ဘာဘီကျူးများ ကင်စားနေကြတာလား၊ အနံ့ကတော့ ဘာဘီကျူးနံ့ မဟုတ်ချေ။ သေသေချာချာ ကြည့်မိတော့မှ သူတို့တွေသည် စက္ကူချပ်တွေကို မီးရှို့နေကြသည်ပဲ…။ သိပြီ… ဒါ သူတို့ ရိုးရာဓလေ့… သူတို့ဆီမှာ ရောက်နေမှတော့ သူတို့၏ ရိုးရာတွေကို ဒီအတိုင်း ကြည့်နေလိုက်ရုံသာ။ သို့သော် ညနေခင်း၏ လေပြေမှာ အနည်းငယ်တော့ ညစ်နွမ်း အကျည်းတန်သွားလေသည်။

ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့ အပြာရောင် နောက်ခံမှာ ဝါဂွမ်းလို ဖွေးနုနေသော တိမ်တိုက်တွေ ဖြေးညှင်းစွာ ရွေ့လျားနေကြသည်။ တိမ်တိုက်တွေကိုတောင် ရွေ့လျားအောင် တတ်နိုင်သော လေပြေတွေဟု တွေးကာ စိတ်ထဲမှာ ကျေနပ်ရပြန်သည်။ သူတို့တွေကြောင့်သာ တိမ်တိုက်တွေလည်း ပုံသဏ္ဍါန် အမျိုးမျိုးဖြင့် လှလှပပ ပြောင်းလဲ ဖွဲ့တည်နိုင်တာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လေငြိမ်ငြိမ်နှင့် ခြောက်သွေ့သော အိုက်စပ်စပ် ညနေခင်းအစား လေတဖြူးဖြူးနှင့် လှုပ်ခတ်နေသော အေးချမ်းသော ညနေခင်းက များစွာ အသက်ဝင်ပါသေးသည်။ ထို့ကြောင့်လည်း ညနေခင်း၏ လေပြေတွေကို သိပ်ချစ်မိတာ ဖြစ်သည်။

လေပြေအကြောင်းကို တွေးနေမိသည်မှာ အချိန်အတော်ကြာသွားသည်။ သည်လိုနေလို့တော့ မဖြစ်… ည မမှောင်ခင် လုပ်စရာရှိတာလေးတွေ လုပ်မှ ဖြစ်မည်ဟု တွေးကာ နေရာမှ ထလိုက်သည်။ မီးပူတိုက်စရာတွေ ရှိနေသော်လည်း ပျင်းသည်။ မီးပူတိုက်ခြင်းသည် ကမ္ဘာပေါ်တွင် ပျင်းစရာအကောင်းဆုံး အလုပ်ဟု သတ်မှတ်ကာ အတတ်နိုင်ဆုံး လက်ရှောင်တတ်သည်။ နောက်ဆုံးမိနစ် ဆိုသည်မှာ နား အကြားဆိုးသော်လည်း လူနှင့် စိတ်ကိုတော့ တနည်းတဖုံ သက်သာရာ ရစေသလိုလို…။

နောက်ဆုံးတော့ အိမ်သန့်ရှင်းရေးလုပ်ရန် ဖုန်စုတ်စက်ကို ထုတ်လိုက်သည်။ မီးခလုတ်ကို ဖွင့်ပြီးကာမှ ဝရန်တာမှာ ကြွေကျနေသော သစ်ရွက်ခြောက်တချို့၊ တစ်ရှုးစ တချို့နှင့် ဆံပင်ချည် တစ နှစ်စကို တွေ့သောကြောင့် ဖုန်မစုတ်ခင် တံမြက်စည်းလေးတော့ အရင် လှည်းလိုက်ဦးမှပါလေဟု တွေးကာ တံမြက်စည်းနှင့် ခါးကိုင်းစရာမလိုပဲ အသုံးပြုနိုင်သော ဂေါ်ပြားကို ယူလိုက်သည်။ အမှိုက်တွေကို စုစည်း လှည်းကျင်းပြီး ဂေါ်ပြားနှင့် ထည့်ဖို့ ပြင်သည်။ ထိုစဉ် လေ ခပ်ပြင်းပြင်း တချက် တိုက်လိုက်ရာ အမှိုက် နှင့် ဂေါ်ပြား တခြားစီ ဖြစ်သွာသည်။ လေတွေ… လေတွေ… ဟု ရေရွတ်ကာ ဖျတ်ကနဲ ပြုံးလိုက်မိသည်။

ပြီးတော့ ခုနက လွင့်ပျံသွားသော အမှိုက်စတွေကို ဂေါ်ပြားထဲ ရောက်အောင် တံမြက်စည်းဖြင့် ဆွဲယူလိုက်သည်။ လွင့်ထွက်သွားမှာစိုးပြီး သေသေချာချာ ဂရုတစိုက် ဆွဲယူလာသည်။ သို့သော် ဂေါ်ပြားနား မရောက်ခင်မှာပင် လေက ဝှေ့ယမ်းတိုက်ခတ် လိုက်သောကြောင့် အမှိုက်များ ကစင့်ကလျား လွင့်သွားကြတော့သည်။ ဒီတကြိမ်မှာတော့ လေပြေကို စိတ်အနည်းငယ် တိုစပြုလာပြီ။ ကျွတ် ဟု စုတ်သတ်လိုက်မိသောကြောင့် မလှမ်းမကမ်းမှာ စာထိုင်ဖတ်နေသော သူက တချက်လှည့်ကြည့်သည်။ ဘာမှတော့ မပြော…

တိုစပြုနေသော စိတ်ကို အတတ်နိုင်ဆုံး ဆွဲဆန့်လိုက်သည်။ ညနေခင်းနှင့် လေပြေကို စိတ်မတိုချင်ပါ။ တိုချင်းတို လွင့်သွားသော အမှိုက်စများပေါ်တွင်သာ စိတ်တိုလိုက်မည်။ အချစ်သည် မျက်နှာလိုက်တတ်သည် ဆိုသောစကားကို မယုံကြည်သူများ ရှိပါသလား…

ထို့နောက် အမှိုက်များကို စိတ်ရှည်လက်ရှည် လှည်းကျင်းပြီး ပြန်လည် စုစည်းလိုက်သည်။ သည်တခါတော့ ဂေါ်ပြားထဲကို အမှိုက်များ အောင်မြင်စွာ ရောက်ရှိသွားကြသည်။ ကျေနပ်သွားပြီး တံမြက်စည်းကို နံရံတွင် အသာ မှီထားလိုက်ပြီး ဂေါ်ပြားထဲမှ အမှိုက်များကို သွားသွန်မည်အလုပ်… လေတိုက်လိုက်သောကြောင့် ဆံပင်တွေ မျက်နှာပေါ်ရောက်လာသည်ကို လက်ဖြင့် သပ်ဖယ်ပြီး လက်ကို ပြန်အချ…

ထိုလက်က ဂေါ်ပြားကို ရိုက်ချလိုက်သလို ဖြစ်ပြီး မထင်မှတ်ပဲ ဂေါ်ပြား လဲကျသွားသည်။ ထိုအခါ ခုနက မဝင်ချင့် ဝင်ချင်ဖြင့် ဂေါ်ပြားထဲ ဝင်နေကြရရှာသော အမှိုက်စများသည် လွတ်ပြီ ကျွတ်ပြီဟု အော်မြည် ဟစ်ကြွေးကာ လေယူရာကို အပြေးတပိုင်း ခုန်ပေါက် လွင့်ပျံသွားကြလေတော့သည်။

အကျယ်ချဲ့ပြီး ရှည်ရှည်ဝေးဝေး ပြောနေစရာမလို…။
စိတ်သည် ဒီဂရီ အမြင့်ဆုံးနှုန်းဖြင့် တိုနေလေပြီ…။ သည်အချိန်မှာ အေးအေးသက်သာ စာဖတ်နေနိုင်သော သူ့ကို ပြူတင်းပေါက်တွေကို အခုချက်ချင်း ပိတ်ပေးရန်နှင့် ဒီပြူတင်းပေါက်တွေကြောင့် လေတွေ တလစပ်တိုးဝင်ကာ အနံ့တွေပေါင်းစုံ ဝင်၊ အမှိုက်စတွေ၊ သစ်ရွက်ခြောက်တွေလဲ ဝင်၊ အိမ်မှာလည်း ဖုံတွေတက်တာ မြန်၊ အခုလဲ ကြည့်… အမှိုက်တွေကို တံမြက်စည်းတောင် သေသေချာချာ လှည်းလို့မရ… ဟု မကျေမချမ်း လှည့်ပြီး ရန်ရှာမိတော့သည်။

သူက ဘာမှ ပြန်မပြော…။ စာဖတ်နေရာမှထကာ ပြုံးစိစိဖြင့် ပြူတင်းပေါက်တွေကို လိုက်ပိတ်ပေးနေသည်။ ခင်ဗျားလေးပဲ လေတွေ တိုက်တာကို ချစ်တယ်ဆို… လေတွေဝင်တဲ့ ပြူတင်းပေါက် များများနဲ့ အိမ်မို့ ကြိုက်လှချည်ရဲ့ဆို... ညနေတွေဆို လေတဖြူးဖြူးနဲ့ ဆံပင်တွေ တလွင့်လွင့်နဲ့ စာဖတ်ရ၊ စာရေးရတာ အလွန်ကောင်းဆို… ဟူသော စကားတွေကိုများ ပြောလာလေမလားဟု တွေးရင်း သူ့ကို မသိမသာ အကဲခတ်လိုက်သောအခါ သူက ဘာမှမဖြစ်သလို အေးအေးဆေးဆေး…။ ဒီတော့ ပြဿနာရှာပြီး ရစ်ချင်သော စိတ်ထဲ မချင့်မရဲ ဖြစ်သွားသည်။ အဲဒီလိုပဲ… သူက အမြဲတမ်း စကားနည်း ရန်စဲသမား…။

နောက်ဆုံးတော့ တယောက်တည်း စိတ်တွေတိုနေပြီး အမှိုက်တွေကို ခပ်မြန်မြန် လှည်းကျင်း သိမ်းဆည်းပစ်လိုက်သည်။ သူ့ကိုလည်း မကြည့်ချင်တော့… ဖုန်စုတ်စက်ကိုလည်း မထိချင်တော့…။ ပြီးတာနှင့် ကွန်ပျူတာကို လာဖွင့်ကာ စာလုံးတွေကို အခုလို သွက်သွက်လက်လက် ရိုက်ချလိုက်သည်။ ဒါ အကောင်းဆုံးပဲ…။

အရှိန်အမျိုးမျိုးနှင့် တိုက်ခတ်နေတတ်သော လေတွေက အရာတော်တော်များများကို ဟိုဟို ဒီဒီ လွင့်စင်သွားစေနိုင်သော်လည်း ကွန်ပျူတာ၊ မော်နီတာပေါ်က စာလုံးများကတော့ လေတွေ ဘယ်လောက် တိုက်တိုက် စာလုံး တလုံးချင်းစီ လိုက်ကောက်ရအောင် လွင့်ပါမသွားနိုင်တာ သေချာနေသည် မဟုတ်ပါလား…။

ညနေခင်းသည် လေပြေနှင့်အတူ အနားကို ရောက်လာ၏။
ညနေခင်းတွေကို ချစ်သည်… ညနေခင်း လေပြေတွေကို ချစ်သည်။
ညနေခင်း၏ လေပြေကြောင့် စာတပုဒ် ရလိုက်သည်။
ဤစာတပုဒ်သည် ကျွန်မ၏ ညနေ ဖြစ်၏။



Wednesday, March 9, 2011

ပန်းသီချင်း

ဟိုတလောက မသီတာဆီ အလည်သွားတော့ သူက ပန်းလေးတွေကို နောက်ခံ သီချင်းလေးနဲ့ ပန်းကဗျာ ဆိုတဲ့ Video Clip လေး လုပ်ထားတာ တွေ့ခဲ့ရတယ်။ စိတ်ထဲမှာ ကိုယ်ရိုက်ထားတဲ့ သစ်ခွတွေကို အဲလိုလေး လုပ်ရရင်ကောင်းမှာလို့ တွေးနေမိတာ၊ သို့သော်လည်း ကိုယ်တိုင်က မလုပ်တတ်တာမို့ မသီတာကို အဲလိုလေး လုပ်ပေးပါလား လို့ ကော်မန့်မှာ ပူဆာခဲ့ပြီး ဓါတ်ပုံတွေကိုတော့ မျက်နှာစာအုပ်က ယူပါလို့ ပြောခဲ့တယ်။

ချစ်စရာ သူငယ်ချင်း မသီတာက ဒီနေ့ပဲ Video Clip လေး နှစ်ခု ပို့ပေးလာတယ်…။ ပြီးတော့ Terms & Conditions ကလည်း အတူတူ ကပ်လျက်သား…။ အဲဒါက ဘာလဲ ဆိုတော့ ကျေးဇူးတင်ပါတယ်လို့ မပြောရဘူးတဲ့…။

ကိုယ့်ပန်းပုံလေးတွေကို သီချင်းလေးနဲ့အတူ တစုတစည်းထဲ ရလိုက်လို့ တကယ်ကို ကျေးဇူးတင်တာမို့ ကျေးဇူးတင်စကားကို သွက်သွက်လက်လက် ချရေးတော့မယ့်ဆဲဆဲ လက်က တွန့်သွားတယ်…။ အင်းလေ... ကျေးဇူးတင်ကြောင်း မပြောရဘူး ဆိုတော့လည်း ချစ်တဲ့အကြောင်းပဲ ပြောလိုက်ပါတယ်…။ Video Clip လေးတွေကိုလည်း ချစ်၊ နောက်ခံ သီချင်းလေးတွေကိုလည်း ချစ်၊ အချိန်ပေးပြီး စိတ်ရှည်လက်ရှည် လုပ်ပေးခဲ့တဲ့ မသီတာ့ကိုလဲ ချစ် ပေါ့…း))

ကဲ... အချိန်လေး ၅ မိနစ်လောက်ရရင် Video Clip လေးတွေကို ကြည့်သွားကြပါအုံး...
ပထမတခုကို မသီတာက Union လို့ နာမည်ပေးထားပြီး ဒုတိယတခုကိုတော့ Homogenous လို့ နာမည်ပေးထားပါတယ်…။ Union ရဲ့ နောက်ခံသီချင်းက That's what friends are for... ပါ။ Homogenous က နောက်ခံသီချင်းလေးကတော့ … … … ဘာသီချင်းလဲ ဆိုတာ ကိုယ်တိုင်ပဲ နားထောင်ကြည့်လိုက်ပါနော်…။







Monday, March 7, 2011

ရှင်သန်ခွင့်...


လေပြင်းမုန်တိုင်းတိုက်လိုက်သလို… ဝုန်းဝုန်း ဒိုင်းဒိုင်းအသံကြီးကြားလိုက်ရပြီး ခန္ဒာကိုယ်တခုလုံး ကိုင်ပေါက်လိုက်သလို… အမြင့်တနေရာမှ ပြုတ်ကျလာသလို… ခေါင်းထဲမှာ ရီဝေဝေ မူးနောက်နောက်… ကျွန်တော် ဘယ်နေရာကို ရောက်လာတာပါလိမ့်…။

ရုတ်တရက် မျက်စေ့ကို ဖွင့်လို့မရ… ခဏလောက် အသာ ငြိမ်နေပြီးမှ ပတ်ဝန်းကျင်ကို လေ့လာရန် မျက်စေ့ကို ကြိုးစားပမ်းစား ဖွင့်ကြည့်လိုက်သည်။ အိုး… ရုတ်တရက် ပျော်ရွှင်သွားသည်။ ဘေးပတ်ပတ်လည်မှာ ကိုယ့်အမျိုးတူ အဖေါ်အပေါင်းများစွာကို နီးနီးကပ်ကပ်တွေ့လိုက်ရ၍ ပျော်ရွှင်သွားသည်။ သူတို့အားလုံး တလှုပ်လှုပ်နှင့် ကိုယ့်အနားကိုလာပြီး တယောက်တခွန်း ဝိုင်းဝန်း မေးမြန်းနေကြသည်…။

မေးခွန်းတွေကြားမှာ ချာချာလည်နေရင်းက လက်ရှိ အခြေအနေကို တဖြည်းဖြည်း ရိပ်မိလာသည်။ အဆုံးအစမရှိ ကျယ်လွင့်သော ရေပြင်ကြီးထဲတွင် လူးလာခေါက်ပြန် ကူးခတ်သွားခဲ့ချိန်တွေမှာ ရေပြင်ကြီး ဘယ်လောက်ကျယ်လို့ ကျယ်ဝန်းမှန်း သတိမထားနိုင်ခဲ့…။ အခုတော့ လေးထောင့်စပ်စပ် မှန်ပုံးထဲမှာ… အများသူငါတွေနှင့် တိုးတိုးဝှေ့ဝှေ့… တမျိုးတော့လဲ ပျော်စရာအကောင်းသားလား…။

အတွေးတွေနှင့် ပတ်ဝန်းကျင်အသစ်ကို လေ့လာနေတုန်း ဗြုန်းဆို ခပ်ဖြူဖြူအရာတခု မျက်စေ့ရှေ့ရောက်လာသည်။ ကန်ထဲမှရေတွေ တဗွမ်းဗွမ်းနှင့် အပေါင်းအသင်းတွေအားလုံးလဲ ဟိုပြေး ဒီပြေးနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်…။ ဟာ… ဘာတွေ ဖြစ်နေတာပါလိမ့်…။

တွေးလို့မှမဆုံးသေး… ဘေးက သူငယ်ချင်းက လာပြောသည်…။ ဟိုနှစ်ကောင်တော့ ပါသွားပြီကွာ တဲ့…။ သူတို့က ဝတာကိုး ဝတဲ့အကောင် ရွေးသွားတာပေါ့… ဟုလဲ မလှမ်းမကမ်းမှ တယောက်က ပြောနေသေးသည်။ ထိုစကားကိုကြားရတော့ ကိုယ်ကို မသိမသာ ကျုံ့ထားလိုက်မိသည်။ ပြောရရင် ကျွန်တော်လဲ ခပ်ဝဝ အကောင်ပဲ မဟုတ်လား…။

သည်လိုနှင့် တနေ့တနေ့ အပေါင်းအသင်းတွေ နည်းနည်းသွားသည်။ သူငယ်ချင်းအသစ်တွေ တနေ့ကို တကောင်စ နှစ်ကောင်စတော့ ရောက်လာကြသည်။ သို့သော်လည်း အရင်ကလို ပျော်စရာ မကောင်းတော့ချေ။ သူတို့ကလဲ သူတို့၏ အနာဂတ် အလားအလာကို ကြိုတင် ရိပ်မိကြပုံရသည်။ ရောက်လာကတည်းက ခပ်ငြိမ်ငြိမ်…။ အခြေအနေအမှန် အဖြစ်အမှန် အလုံးစုံကို သိလာသောအခါ ကျွန်တော် နေလို့ မပျော်တော့ပါ။ ဘယ်နေ့ ဘယ်အချိန်မှာ ကိုယ့်အလှည့်ရောက်လာလေမည်လဲ ဟု အထိတ်ထိတ် အလန့်လန့်နှင့် တရက်ပြီး တရက် ကုန်ဆုံးခဲ့ရသည်။

သည်လိုနှင့် နောက်ဆုံးမှာ သည် မှန်ပုံးထဲမှာ ကျွန်တော်ရယ် နောက် အဖေါ် တကောင်ရယ်သာ ကျန်တော့သည်။ ထိုအချိန်မှာပဲ ကျွန်တော်တို့ နေထိုင်ရာ မှန်ပုံးနဲ့ တည့်တည့်က စားပွဲကို လူနှစ်ယောက် ရောက်လာခဲ့တာ…။

သူတို့က ကျွန်တော့ကို လာကြည့်ကြသည်…။ ကျွန်တော်ကလည်း သူတို့ကို တွေတွေငေးငေး ပြန်ကြည့်နေမိသည်။ သူတို့ နှစ်ယောက်ထဲမှ ဂျာကင် အညိုရောင်ဝတ်ထားသော တယောက်က ကျွန်တော်တို့ကို အကြာကြီး မျက်လုံးချင်းဆုံကာ လာကြည့်နေသည်…။ သူ့အကြည့်တွေကို ကောင်းမွန်စွာ ဘာသာမပြန်တတ်သော်လည်း စိတ်နှလုံး နူးညံ့ပြီး ကြင်နာတတ်သောသူတယောက် ဖြစ်နိုင်မှန်း ရိပ်မိလိုက်သည်…။ ထိုအခိုက် ကျန်တယောက်က ကျွန်တော်တို့ကို လက်ညှိုးညွှန်ကာ တစုံတခုကို ပြောဆိုလိုက်ရာ မကြာခင်မှာပင် ပိုက်ကွန် ဖြူဖြူတခုက ကျွန်တော်တို့အပေါ် အုပ်မိုး ကျရောက်လာခဲ့တော့သည်။

သိလိုက်ပါပြီ…။ သည်နေ့သည် ကျွန်တော့အတွက် နောက်ဆုံးနေ့ နောက်ဆုံးအချိန်သာ ဖြစ်သည်ကို သေသေချာချာ သိလိုက်ပါပြီ။ ပိုက်ကွန်ထဲတွင် တဖြတ်ဖြတ်လူးခါနေသော အဖေါ်ကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ကြိုးစား တည်ငြိမ်နေမိသည်…။ ပြီးတော့ အသက်ကို ကြိုးစားပမ်းစား ရှုသွင်းနေရခိုက်… မာကျောကျော သစ်သားပြားတခုပေါ်သို့ ကျွန်တော်တို့ကို ကြမ်းတမ်းစွာ ပစ်ချလိုက်လေသည်။

ထိုအချိန်မှာပဲ……….
ထိုအချိန်မှာပဲ………. ခုနက ကျွန်တော်တို့ကို အကြာကြီး လာကြည့်နေသော ဂျာကင် အညိုနဲ့လူ ကျွန်တော်တို့ အနားသို့ အပြေးအလွှားနှင့် ရောက်လာသည်…။ ပြီးတော့ ကျွန်တော်တို့ကိုကြည့်ကာ စကားတွေ ပြောနေသည်…။ ဘာများဖြစ်လို့ပါလိမ့်….။ တခဏအကြာမှာတော့ ကျွန်တော်ရယ် ကျွန်တော့ အဖေါ်ရယ်ကို ရေဖြည့်ထားသည့် ပလတ်စတစ်ဇလုံတခုထဲ ရွှေ့ပြောင်းလိုက်ကြသည်…။ အား….. အသက်ကို တဝကြီး ရှုသွင်းလိုက်ရင်း ဘာတွေများ ဆက်ဖြစ်လာအုံးမည်လဲ ဟု တွေးနေမိသည်။

မကြာခင်မှာ ကျွန်တော်တို့ နှစ်ကောင်ကို ရေအပြည့်ပါသော ပလတ်စတစ်အိပ်ထဲ ထည့်ကာ ထို ဂျာကင် အညိုနဲ့လူက ကားပေါ်တင်ကာ ဘယ်ကိုမှန်းမသိ ခေါ်ဆောင် သွားလေတော့သည်…။ ကားပေါ်မှာ အငြိမ်မနေနိုင် တလူးလူး တလွန့်လွန့် လှုပ်ရှားနေသော အဖေါ်ကို အသာ ငြိမ်ငြိမ်နေရန် သတိပေးရင်း အခြေအနေကို အကဲခတ်နေမိသည်…။ အချိန်အတော်ကြာသောအခါ လေထုထဲတွင် ကိုယ် ရင်းနှီးခဲ့ဖူးသော အငွေ့အသက်တခုကို သတိထားလိုက်မိသည်…။ လေတွေ… လေတွေ… ကျွန်တော့အတွက် အလွန်တရာ ရင်းနှီး ကျွမ်းဝင်ခဲ့ဖူးသော လေထု…

မကြာခင် ကားရပ်သွားသည်… ပြီးတော့ ကျွန်တော်တို့ကို ထည့်ထားသော အိတ်ကို ညင်သာစွာကိုင်တွယ်ပြီး ကားထဲမှ ထုတ်ယူသွားသည်။ ဟော…. တွေ့ပါပြီ…. အဆုံးအစမဲ့သော မိုးကုတ်စက်ဝိုင်းကြီးနှင့်အတူ အဖြူရောင် တိမ်လိပ်တွေ လှပစွာ ဖွဲ့တည်နေသော ကောင်းကင်ပြာပြာကြီးရယ်… အုန်းပင်များ တမျှော်တခေါ် စီတန်းနေသော ကမ်းခြေလှလှရယ်.. ဟိုး… မျက်စိတဆုံး တွေ့မြင်နေရသော စိမ်းပြာပြာ ရေပြင်ကျယ် နှင့် စိုစွတ် အေးမြပြီး ပင်လယ်ရနံ့ သင်းနေသော လေတွေရယ်…

ကမ်းခြေမှ သဲမွမွတွေကို ဖြတ်ကျော်လာပြီး ပင်လယ်ရေတွေနှင့် အနီးဆုံးနေရာသို့ အရောက်မှာ ဂျာကင် အညိုနှင့် လူကို ကျေးဇူးတင် နှုတ်ဆက်သော အကြည့်ဖြင့် မော့ကြည့်လိုက်မိသည်။ သူကတော့ တွေ့ဟန်မတူ… ရီဝေသော မျက်လုံးအစုံသည် ဟိုးခပ်ဝေးဝေးက တောင်တန်း ညိုညိုတွေဆီကို ငေးမောလို့… သူ ဘာတွေ တွေးနေတာပါလိမ့်…။

သည်လိုနှင့် ကျွန်တော့ဘဝ ချမ်းသာရာရခဲ့သည်။
ကျွန်တော့ အသက်ကို ကယ်ခဲ့သော ကြင်နာတတ်သော လူတယောက်၏ ကျေးဇူးကို ကျွန်တော့ တသက် မေ့နိုင်စရာ မရှိပါ။ ဘဝချင်းမတူသော သူလို လူတယောက်ကို ကျွန်တော် ဘယ်လို ရှာဖွေပြီး ဘယ်လို နည်းဖြင့် ကျေးဇူးဆပ်ရမည် မသိ။ သို့သော် ထိုကျေးဇူးတွေကို သတိရမိတိုင်း ကမ်းစပ်အနားသို့ ကူးခတ်လာရင်း ကမ်းစပ်မှာ အနားယူ အပန်းဖြေနေကြသူများ၊ စွန်လွှတ်နေကြသူများ၊ လေညှင်းခံရင်း လမ်းလျှောက်နေကြသူများကြားတွင် ကြင်နာတတ်သော မျက်ဝန်းအစုံနှင့် ဂျာကင်ညိုညိုဝတ် လူတယောက်ကို တိတ်တဆိတ် ရှာဖွေနေမိသည်။ တွေ့နိုင်ရန် အခွင့်အလမ်း လွန်စွာ နည်းပါးလှသော်လည်း တချိန်မှာ တွေ့လိုတွေ့ငြား နေ့စဉ်နေ့တိုင်း လာရောက် ရှာဖွေနေဦးမည်သာ…။



မကြာခဏ စိတ်တိုတတ်၊ စိတ်ဆိုးတတ်သော်လည်း စိတ်ရင်း နူးညံ့ပျော့ပြောင်းပြီး ကြင်နာတတ်သော သူငယ်ချင်းတယောက်အတွက်…။

Friday, March 4, 2011

သရဲ လက်လျှော့ နေလေတော့

ကြာပါပြီ… သရဲတကောင်ဖြစ်ချင်နေတာ… ဒီညတော့ ဆန္ဒတွေ ပြည့်သွားပြီ၊ အခုကစလို့ သရဲဖြစ်ပြီ။ သရဲဆိုတော့ လူတကာ မမြင်သာတဲ့ မွဲခြောက်ခြောက် အရောင်အဆင်းနဲ့ ရုပ်ကလဲ ဆိုးဆိုး၊ ဝတ်ထားတာကလဲ ဝတ်ရုံ မည်းမည်းကြီးနဲ့ပေါ့။ ညညဆို လူတွေကို လိုက်ခြောက်မယ်၊ လိပ်ပြာတော့ မနှုတ်တတ်သေးဘူး၊ သရဲဖြစ်တာ မကြာသေးတော့ သရဲပါး မဝသေး၊ သရဲတို့ တတ်သင့် တတ်ထိုက်တဲ့ ပညာတွေ မစုံသေးဘူးလို့ ခေါ်ရမှာပေါ့…။

အရင်တုန်းကဆို ကိုယ့်အရိပ်တောင် ကိုယ်တိုင် ပြန်ကြောက်တတ်တဲ့ဘဝ၊ အခုတော့ ကိုယ့်ကို အားလုံးက ပြန်ကြောက်ကြရမယ့် ဘဝကို ရောက်ပြီ…။ လေတချက်အဝှေ့မှာ သွားချင်တဲ့နေရာတွေ ခြောက်ချင်တဲ့သူတွေဆီကို ဝှီးကနဲ ဝှီးကနဲ ရောက်သွားနိုင်တဲ့ သရဲဘဝ တယ်လဲ ပျော်စရာ ကောင်းပါလား…။

ကဲကဲ… ပြောနေ ကြာတယ်… ညနက်သန်းခေါင်ကျော်ပြီမို့ သရဲ လုပ်ငန်းစတော့မယ်…။ အထက်လူကြီးက ညွှန်ကြားလိုက်တယ်… ညကြီး အချိန်မတော် လုပ်ချင်ရာ လုပ်နေကြသူတွေ၊ အိပ်ချိန်တန်လို့မှ မအိပ်ကြတဲ့သူတွေကို မှတ်လောက် သားလောက်အောင် ဆုံးမလိုက်ပါတဲ့။ နောက်နောင်ကို ည မှောင်လာပြီဆိုတာနဲ့ သရဲကို ကြောက်ပြီး အချိန်နဲ့ အိပ်ရာဝင်ကြအောင် ခြောက်လှန့် ပညာပေးဖို့ တာဝန်ပေးလိုက်သဗျ…။

လာပြီ… သရဲဆို အသေကြောက်ကြမယ့်သူတွေရှေ့မှာ ဝတ်ရုံမည်း တလွှားလွှားနဲ့ ရိပ်ကနဲ ရိပ်ကနဲ နေအောင် ဖြတ်ပြေးပြလိုက်မယ်… ပြီးရင် ရိုးတိုးရိပ်တိတ်လေး သွားကျီစယ်ပြီး ခြောက်လှန့်လိုက်မယ်… ည ည မအိပ်ကြတဲ့သူတွေ တွေ့ကြသေးတာပေါ့ကွာ… မဲလ်ဝဲထက် ပိုကြောက်စရာကောင်းတဲ့ သရဲ လာချေပြီ… သရဲ လာချေပြီ…။

ကြည့်စမ်း… ဟောဟိုမှာ ညအချိန်မှာ မအိပ်ကြတာ ဘလော့ဂ်ဂါဆိုတဲ့ အံ့ဖွယ်လူသားတွေ ချည်းပါပဲလား…။ သူတို့တွေက ဘလော့ဂ်မှာကျတော့ စာမရေးပဲ မျက်နှာစာအုပ်မှာ တရစ်ဝဲဝဲနဲ့ပါလား… ညကြီးအချိန်မတော် ကွန်ပျူတာကြီး ရှေ့ချပြီး ပြုံးလို့ ရယ်လို့… အမယ် အမယ်… ဟိုတယောက် ခိုးခိုးခစ်ခစ်တောင် အသံထွက် ရယ်မောနေသေး… လာလေရော့… ဒင်းတို့ကို သွားခြောက်ရမယ်….။ ဘလော့ဂ်မှာ စာမှန်မှန်မရေးလို့ ဝဲမဲမဲကြီးက ခြောက်တာတောင် မကြောက်ကြတဲ့သူတွေအတွက်… အမောင် သရဲ လာပြီ…။

ဟမ်… မျက်နှာစာအုပ်ရှေ့မှာ ဘလော့ဂ်ဂါတွေ အများကြီးပါ၊ ဒါပေမယ့် သူတို့ အားလုံး ဘယ်သူမှ သရဲကို မြင်ပုံမရဘူး။ ကွန်ပျူတာကိုပဲ သဲကြီးမဲကြီးနဲ့ ကြည့်နေလိုက်ကြတာ...။ ဟဲလို… ဟဲလို… ဘုရားရေ… ခေါ်နေတာလဲ မကြားကြပါလား… သူတို့ရှေ့မှာ မည်းမည်း မည်းမည်းနဲ့ ဒီလောက် လူးလာခေါက်ပြန် သွားပြနေတာ တွေ့ပုံမရကြပါလား…။ သရဲ ဘဝ မျက်နှာငယ်လိုက်တာနော်…။

ဒီလိုဆို နောက်တနေရာပြောင်းမယ်… အုပ်စုလိုက် ခြောက်တာ မအောင်မြင်တော့ တဦးချင်းစီ လိုက်ခြောက်မယ်။ ဟော… ဟိုမှာတွေ့ပြီ… သူကတော့ သရဲကို ကြောက်မဲ့ပုံရှိတယ်… သူလဲပဲ မော်နီတာ မျက်နှာအပ်လို့ တချောက်ချောက်နဲ့… လက်စသပ်တော့ စာတွေရေးနေတာကိုး… ဒါမှ ဘလော့ဂ်ဂါ အစစ်ဗျား…။ သရဲက သူနောက်ကနေပြီး စာတွေကို လေသံတိုးတိုးလေးနဲ့ လိုက်ဖတ်လိုက်မယ်။ ဒါဆို သူ ကြောက်သွားမှာ သေချာတယ်…။

“ခါတိုင်း မုန့်ဟင်းခါးက တစ်ပွဲ ငါးရာ
ဒီမုန့်ဟင်းခါးက တစ်ပွဲ နစ်ရာငါးဆယ်ကျပ်
ဘာကွာလဲဆိုရင် အကြော် သိတ်မကောင်းဘူး... ဂျုံတွေများတယ်…”

ဟမ်… သူက သရဲအသံကို ကြားပုံမရပါလား…။ သူ့ နားထဲလဲ ဘာနားကြပ်မှ မရှိပါဘူး…။ ရေးနေတဲ့စာထဲ အတော်လေး အာရုံဝင်စားပုံပေါက်တယ်… ခေါ်မကြား အော်မကြား ဘလော့ဂ်ဂါပါလား…။ ပြောရင်းဆိုရင်းပဲ ညကြီးသန်းခေါင် ပိုစ့်အသစ်တင်နေပြီ… ဟာ မုန့်ဟင်းခါးတွေပါလား… သူတင်နေတဲ့ မုန့်ဟင်းခါးပုံတွေ ကြည့်ပြီး ညကြီးမင်းကြီး သရဲတောင် ဗိုက်ဆာသွားတယ်… သူ့ကိုလဲ ဘယ်လိုမှ ခြောက်လို့ဘယ်လိုမှ မရဘူး…။ သရဲ စိတ်ဓါတ်ကျလိုက်တာနော်…။

ဒီတိုင်းဆို သရဲ ထီးဖြူ ဖိနပ်ပါးကိန်းရှိတယ်… မလွဲမသွေ သရဲကြောက်တဲ့ လူစာရင်း လိုက်ကောက်ပြီး အဲဒီလူတွေဆီပဲ တန်းတန်းမတ်မတ်သွားမှ တော်ကာကျလိမ့်မယ်။

ဟော… စာရင်းအရဆို ဒီဘလော့ဂ်ဂါ သူငယ်မကတော့ သရဲကြောက်တတ်တယ် ဆိုပဲ။ မှန်းစမ်း… သူ ဘာလုပ်နေပါလိမ့်…။ အလို… သနပ်ခါးတွေလဲ လိမ်းထားပါကလား… အခန်းထောင့်မှာ ကျောက်ပျဉ် အကြီးကြီးလဲ တွေ့သဗျ…။ သူ့လက်ထဲမှာ လင်းလင်းလက်လက် အရာတခုကိုင်လို့… အခုခေတ်စားနေတဲ့ အိုင် ထဲက တအိုင် ဖြစ်လိမ့်မယ် ထင်တယ်။

အော… လက်စသတ်တော့ သူက ပုံဆွဲနေတာကိုး… တခြားသူတွေကို အမြင်နဲ့ ခြောက်တာ မကြောက်၊ အကြားနဲ့ ခြောက်တာလဲ မကြောက်ကြတော့ သူ့ကိုတော့ လက်ကို သွားဆွဲပြီး ခြောက်ပစ်မယ်… ဒီတခါတော့ အပီပဲ…။ လာလေရော့… သူ အလန့်တကြားထအော်မှာ တွေးမိတော့ သရဲ ပြုံးချင်ချင်တောင် ဖြစ်သွားတယ် ခင်ဗျ။

သို့သော် ဒီတခါလဲ ကျွန်တော် မောင်သရဲ မှန်းချက်နဲ့ နှမ်းထွက် လွဲပြန်ပါတယ်… ဒီသူငယ်မ လက်ကို သွားဆွဲတာ သူက မဖြုံပဲ လာမရှုပ်စမ်းပါနဲ့… ဆိုပြီး လက်နဲ့တောင် ပြန်ပုတ်ချလိုက်သေးသဗျာ…။ ဟင်… ဒီမှာ ကြည့်ပါအုံး… သရဲလေ… သရဲ… ဘာမှတ်လဲ… မကြောက်ဖူးလား…။ ဒီက သရဲကသာ တတွတ်တွတ်ပြောနေတာ ဟိုက ကြားပုံတောင်မရဘူး ပုံလေးတွေ ဆွဲမြဲ ဆွဲလျက်ပဲ…။ သရဲဘဝ တယ် မောရပါလားနော်…။

သရဲ မောလာလို့ အိမ်ပြန်ပြီး ကော်ဖီတခွက် သောက်လိုက်သေးတယ်… ဒါမှ နောက်ပိုင်း ဆက်ခြောက်စရာ အင်အားတွေ ရှိလာမယ်။ အော်… သရဲလဲ ကော်ဖီကြိုက်ပါတယ်ဗျ… အရင်ဘဝက တနေ့ကို လေးငါးခွက် သောက်လာတာ… ည ည ဆို မအိပ်ဘူး။ ဒါကြောင့် ဒီလောက် ညမအိပ်ချင်လွန်းတဲ့ကောင် သွားလေရော့ သရဲဘဝ ဆိုပြီး တွန်းလွှတ်လိုက်လို့ ရောက်လာရတာလေ…။

အိုကေ… ပြောနေကြာတယ်… သရဲ နောက်တနေရာ ပြောင်းမယ်…
ဟိုး… ဟိုး… ဟိုး… တွေ့ပြီဗျား… သူကတော့ ညကြီးမင်းကြီး ချက်နေတာကိုး… ချက်နေတယ်ဆိုလို့ ဟင်းချက်တာနဲ့ မမှားလိုက်ကြပါနဲ့… သူက အလှအပတွေ စာစီကုံးပြီး ချက်နေတာဗျား…။ သူ့နား အသာတိုးပြီး သူတို့ ချက်နေကြတာတွေ လိုက်ဖတ်မိတော့ အံမယ်… ဟိုလိုလို ဒီလိုလိုလေးတွေဗျား… ဖတ်ရင်းနဲ့ သရဲတောင် ပျော်သလိုလို ဖြစ်လာတယ်။ အော်… မဟုတ်သေးပါဘူး၊ သရဲ လာရင်းကိစ္စကို ဆောင်ရွက်ရဦးမှာလေ… သူ့ကို ဘယ်လို ခြောက်ရရင်ကောင်းမလဲ…

သိပြီ… သူ ချက်နေတဲ့ ဝင်းဒိုးတွေ တခုပြီး တခု လိုက်ပိတ်ပစ်မယ်… ဒါဆို သူ လန့်သွားမှာ သေချာတယ်။ သို့သော်…သို့သော်… ဒီတခါလဲ သရဲ မှားပြန်ပါတယ်… သူ့ဝင်းဒိုးတွေက တခုပိတ်လိုက်ရင် နောက်တခုက တုံကနဲနေအောင် တက်လာသဗျ၊ အဲဒီလို တက်လာတဲ့ဟာကို ပိတ်လိုက်ရင် နောက်တခုက ချက်ချင်း တက်လာသဗျ၊ ဘယ်လိုမှကို ပိတ်လို့ မနိုင် နိုင်ဘူး… ဒီလောက် လူအများကြီးနဲ့ သူမို့ တပြိုင်တည်း ချက်နိုင်တယ်… အံ့သြစရာ လူသားပါ…

အဲဒီလူသားဆီကနေ ခေါင်းငိုက်စိုက်ချပြီး အပြန် လမ်းမှာ တွေ့ရသ၍ ညမအိပ်သေးတဲ့ ဘလော့ဂ်ဂါတွေထဲက ဘယ်သူ့ကိုများ ခြောက်လို့ ရနိုင်မလဲလို့ စနည်းနာ ကြည့်မိတယ်ခင်ဗျ…

အင်းလေးရေပြင်မှာ ဇင်ယော်တွေနဲ့ ပျော်နေတဲ့ သူ၊
မောင်ငယ် ညီမငယ်တွေကို ကဗျာနဲ့ ဆူရှီတွေ ရောပြီးကျွေးနေတဲ့သူ၊
ကိုရီးယားမှာ စွတ်ပြုတ်သောက်ပြီး လက်မဆေးတဲ့သူ၊
ကြက်ဥကို အောမလက် ကြော်နေတဲ့သူ၊
ကြက်ဥတွေ၊ ကြာဆံတွေ သုပ်စားနေတဲ့သူ၊
ငါးဟင်းချက်ရင်း ပဲပင်ပေါက်ပါ ကြော်နေတဲ့သူ၊
ပင်နီဆူလာရောက်တုန်း ပဲပြုတ်ဝယ်တဲ့သူ၊
မွေးနေ့နားနီးလို့ သွားရလာရ လည်ရ ပတ်ရနဲ့ အရှုပ်တွေ လုပ်နေတဲ့သူ၊
မျက်နှာစာအုပ်မှာ Like တွေ အကြောင်း ကဗျာရေးနေတဲ့သူ၊
ဆလိမ် နောက်ပစ်အကြောင်း ပြောပြတဲ့သူ၊
ချယ်ရီပင်အောက်မှာ အိပ်မက် မက်နေတဲ့သူ၊
မျက်နှာစာအုပ်မှာ ဓါတ်ပုံမပြလို့ စိတ်ကောက်နေတဲ့သူ၊
ပြောစရာရှိလို့ ဖုန်းနံပါတ်တောင်းတာကို မပေးလို့ စိတ်ဆိုးနေတဲ့သူ၊
ပန်းပွင့်လေးတွေကို သီချင်းလေးနဲ့ ဗီဒီယို လုပ်နေတဲ့သူ၊
ဟိုကိုမသွားနဲ့ ဒီဂိုလာ… ဒီဂိုလာ… လို့ ခေါ်နေတဲ့သူ၊
စာရေးရတာ ပျင်းလာလို့ ငါးပိစိလေးတွေ မွေးနေတဲ့သူ၊
၁၅ နှစ် ၁၅ နှစ်လို့ အော်ရင်း ကြောင်လေးတွေကို အစာကျွေးနေတဲ့သူ၊
ယောင်နောက် ဆံထုံးပါ အသိုက်ပြောင်းမှာမို့ အလုပ်ရှုပ်နေတဲ့သူ၊
အင်္ဂလိပ်စာ တိုးတက်ရေး စာမေးပွဲအတွက် စာကျက်နေတဲ့သူ၊
ဓါတ်ပုံတွေမှာ အရုပ်လေးတွေဖြည့်ပြီး ဆွဲနေတဲ့သူ၊
Stress များလို့ Snack စားရင်း စာမရေးနိုင်တဲ့သူ၊
ရေကန်ဘေး လမ်းလျှောက်ရင်း ဗီဒီယို ရိုက်နေတဲ့သူ၊
တအိုင် အိုင်နဲ့ အိုင် စစ်တမ်းကောက်နေတဲ့သူ၊
အဲဒီလူတွေအပြင် လက်နက်ကြီးတွေ (ကင်မရာ) နဲ့ အလုပ်များနေတဲ့သူတွေ၊
တမလွန်က သူငယ်ချင်းတွေအကြောင်း ရေးနေတဲ့သူတွေပါ တွေ့ခဲ့ရတယ်။

ဒါပေမယ့် အားလုံးက သူတို့ အာရုံနဲ့သူတို့… သရဲကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မမှတ်ကြဘူး ခင်ဗျ…။

လက်လျှော့လိုက်ပါပြီ… သရဲ လက်လျှော့လိုက်ပါပြီ…။
ညမအိပ်တဲ့သူတွေ ခြောက်ဟဲ့ ခြောက်ဟဲ့… ဆိုတော့ ခြောက်စရာဆိုလို့ ညမအိပ်တာ ဘလော့ဂ်ဂါတွေပဲ ရှိတယ်။ သူတို့တတွေကို ခြောက်ရတာလဲ ဘယ်လိုမှ မအောင်မြင်၊ ဘယ်သူကမှ မကြောက်ကြတော့ နောက်ဆုံးမှာ သရဲ ခြေကုန်လက်ပမ်းကျပြီး အမောသာ အဖတ်တင်တယ်…။ နောက်ကို ဘလော့ဂါတွေဆို ကြောက်ပါပြီ… ညမအိပ်ချင်လဲ မအိပ်ပဲသာ နေကြပါ… စာမရေးချင်လဲ မရေးပဲသာ နေကြပါ… ဘယ်တော့မှ (ဘယ်တော့မှ) လာမခြောက်တော့ပါဘူး… လို့ သရဲ သေသေချာချာ ဆုံးဖြတ်လိုက်ပါပြီဗျာ..။

မှတ်ချက်။ ။ မကေရေးသော ပေါက်ကရ ၁၀ နှင့် ပေါက်ကရ ၃၀ ပိုစ့်ကို သဘောကျပြီး လိုက်ရေးပါသည်။ သရဲခြောက်မည့် စာရင်းထဲမပါသေးသူများ စိတ်မပူကြပါနှင့် နောက်တနေ့မှာ သင်တို့ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် အရောက်လာပြီး မကြောက် ကြောက်အောင် ကြိုးစား ခြောက်လှန့်ပါအုံးမည်…။



Wednesday, March 2, 2011

မင်းသမီးပုံပြင်

စာမရေးတာကြာတော့ ဘယ်ကနေ ဘယ်လို စရေးရမှန်းတောင် မသိတော့ဘူး… တကယ်ပြောတာပါ…။ ရေးစရာ ဇာတ်လမ်း ဇာတ်ကွက်တွေ ရှာမရ… ရေးစရာ စကားလုံးတွေ ရှာမရနဲ့… တဖြည်းဖြည်း လက်တွေ နှေးလာလိုက်တာ…။ ဒီနေ့တော့ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး တိုက်တွန်းပြီး ရေးလိုက်တယ်။ တခြားတော့ မဟုတ်ပါဘူး… မကြာသေးခင်က အလည်သွားဖြစ်တဲ့ မလက္ကာမြို့လေး အကြောင်းပါ။ အဲ... မြို့လေးအကြောင်း ဆိုတာထက် အဲဒီမြို့လေးထဲက နေရာလေး တခုအကြောင်း ပြောပြမှာပါ။

မလက္ကာဆိုတဲ့ မြို့သေးသေးလေးဟာ အရှေ့တောင် အာရှမှာ ရေကြောင်း ကုန်သွယ်ရေးမှာ အချက်အချာကျတဲ့ မြို့ ဖြစ်တာရယ်၊ မလေးရှားက Peninsula နဲ့ အင်ဒိုနီးရှားက စူမတြား ကမ်းခြေ နှစ်ခုကြားက ၈၀၅ ကီလိုမီတာ (မိုင် ၅၀၀) ခန့်သာ ကျယ်ဝန်းတဲ့ ရေလက်ကြားကြောင့်ရယ်၊ လှပတဲ့ ကျွန်းတွေ၊ ကမ်းခြေတွေ၊ သမိုင်းဝင် အဆောက်အဦး ဟောင်းဟောင်းလေးတွေ၊ Church တွေ၊ ပေါ်တူဂီ နဲ့ ဒတ်ခ်ျတို့ အုပ်စိုးခဲ့တဲ့ ရာဇဝင်တွေ၊ Peranakan Food (သို့မဟုတ်) Nyonya Food လို့ အမည်ရတဲ့ အရသာရှိတဲ့ အစားအသောက်တွေ… စတဲ့ အကြောင်းတွေကြောင့် နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည်တွေ မျက်စိကျစရာ နေရာ တခု ဖြစ်ခဲ့တယ်။

အဲဒီလို လှပတဲ့ ကျွန်းတွေ ကမ်းခြေတွေထဲမှာ Big Island ဆိုတဲ့ ကျွန်းလေးတခု ရှိတယ်။ ဟိုးရှေးရှေးတုန်းက မင်းသမီးလေးတပါးဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူ မင်းသားလေး ကွယ်လွန်သွားတဲ့အတွက် ပူဆွေးသောကတွေနဲ့ အသည်းကွဲနေခဲ့တယ်။ ခင်ပွန်းမရှိတော့တဲ့ အတွက် သူတဦးတည်း ဆက်လက်နေထိုင်နိုင်ဖို့ ဆန္ဒမရှိတော့တာကြောင့် အနီးက Big Island ဆိုတဲ့ ကျွန်းလေးထဲကို ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်။

အဲဒီအချိန်မှာ မင်းသမီးလေးမှာ ကိုယ်ဝန်ရှိနေခဲ့တာကြောင့် ကွယ်လွန်ပြီး သူ့ရဲ့ Body ရေပေါ် ပေါ်လာတဲ့အခါ အခု အောက်ကပုံမှာ တွေ့ကြတဲ့ ပုံသဏ္ဍါန်အတိုင်း ကျွန်းကလေးတခု ဖြစ်ပေါ်လာခဲ့တယ် တဲ့…။ ဒီမှာ ကြည့်ပါအုံး... သူတို့ ပြောကြတဲ့အတိုင်း တူသလားလို့...



ကဲ... ဘာပဲပြောပြော အဆုံးမရှိ အစမရှိ တုံးတိတိနဲ့ ပိုစ့်တခုတော့ ဖြစ်သွားပြီ…။
နောက်ရက်တွေမှာ အသစ်တင်နိုင်အောင် ကြိုးစားပါအုံးမယ်…။