Sunday, March 13, 2011

ကျွန်မ၏ ညနေ

ညနေခင်းသည် လေပြေနှင့်အတူ အနားကို ရောက်လာ၏။
ညနေခင်းတွေကို ချစ်သည်… ညနေခင်း လေပြေတွေကို ချစ်သည်။

ထိုလေပြေတွေက မျက်နှာနှင့် ကျောလယ် မရောက်တရောက် ခေါင်းလျှော်ပြီးစ ဆံပင်များကို လာရောက် တိုးဝှေ့သောအခါ လွင့်သွားသော ဆံနွယ်များကြားမှာ တယောက်တည်း ပြုံးရယ်မိသည်။ အိမ်မှာမွေးထားသော အမွေးဖွားဖွားနှင့် ခွေးပုကလေးကို ကားပေါ်တင်ခေါ်သွားတိုင်း သူက ပြူတင်းပေါက်မှာ မေးတင်၊ ခေါင်းကလေး အပြင်ထုတ်ပြီး စီးရမှ ကျေနပ်သည်။ တိုးဝင်လာသော လေအရှိန်ကြောင့် သူ့အမွေးလေးများ တလွင့်လွင့်နှင့်… ပြီးတော့ ထိုလေတွေကို သူက ပါးစပ်ဖြင့် လိုက် လိုက်ဟပ်ရင်း ဆော့ကစားတတ်သေးသည်။ ထိုအကြောင်းကို သတိရသွား၍ ပြုံးရယ်မိခြင်း ဖြစ်သည်။

တခဏအကြာမှာ လေပြေနှင့်အတူ အနံ့တမျိုး ရလာသည်။ ငါးတွေကို ဆီများများထဲမှာ ထည့်ကြော်နေသော ဆီညှော်နံ့…။ အပေါ်ထပ်က လာတာလား… အောက်ထပ်ကလာ တာလား မခွဲခြားတတ်။ ပြောရရင် သည်အနံ့က နည်းနည်းတော့ ခေါင်းကိုက်ချင်စရာ ကောင်းလှသည်။ သို့သော်လည်း ပြုံးမိသည်။ ငယ်ငယ်က အရပ်ထဲမှာ ဟောဒီက ညှော်ကြမယ်ရှင့် ဟု ခပ်ကျယ်ကျယ် (ခပ်ကြွားကြွားလေး) အော်တတ်သော အဒေါ်ကြီးတယောက်ကို သတိရမိ၍ ပြုံးခြင်းဖြစ်သည်။ ဆီဈေး ကြီးမြင့်သော ကာလတွင် အိမ်မှာ အကြော်ကြော်နိုင်သည်မှာ ကြွားဝါချင်စရာအကြောင်းတခု ဖြစ်ခဲ့ဖူးသည်ပဲ။

နောက်တခါ လေပြေနှင့်အတူပါလာသည်က မြက်ခင်းများကို စက်ဖြင့် ရိတ်ဖြတ်ပြီးကာစမှာ ရတတ်သော စိမ်းရွှေရွှေအနံ့…။ နေ့လည်က အလုပ်သမားတချို့ အိမ်နားက မြက်တွေကို လာရိတ်သွားဟန် တူသည်။ ထိုအနံ့ကို မနှစ်သက်သော်လည်း နေ့စဉ်နဲ့ အမျှ ကျင်လည်နေရသော စက်ရုပ်လူသား ဘဝ၊ ပြီးတော့ ရုပ်ဝတ္ထု ပစ္စည်းတွေသာ လွှမ်းမိုးသော အနေအထားမှာ မြက်ခင်းများမှ လာသော အနံ့သည် သဘာဝနှင့် အလွန် နီးစပ်လှသဖြင့် လက်ခံနိုင်သည်။

စိတ်ကူးအတွေးထဲမှာတော့ ညနေခင်း၏ လေပြေတွေသည် စကားပန်း၊ စပါယ်ပန်း သို့မဟုတ် ခရေပန်းနံ့များကို သယ်ဆောင်လာသင့်သည်ဟု ထင်မိသည်။ သည်လိုဆို ညနေခင်းသည် ဘယ်လောက် ကြည်နူးစရာ ကောင်းလေမလဲ…။ အခုတော့ လေပြေတွေသည် သူနှင့်အတူ ဘာတွေကို သယ်ယူလာပါလိမ့်…။

မျက်မှောင်ကြုတ်ပြီး စဉ်းစားနေစဉ်မှာပင် ညှော်ညစ်ညစ် အနံ့တမျိုး နှာခေါင်းထဲ ရောက်လာသည်။ သည်အနံ့ကို ကောင်းကောင်းမသိ၊ ညှော်နံ့ဖြစ်သော်လည်း မီးဖိုချောင်တွေမှလာသော အညှော်မျိုးတော့ မဟုတ်။ တွေးမရသဖြင့် နေရာမှထကာ ပြူတင်းတံခါးမှ ဟိုဟိုဒီဒီ ကြည့်လိုက်သည်။ အောက်က မြက်ခင်းစပ်တွင် လူတချို့ စည်ပိုင်းပြတ်တခုဘေးမှာ၊ လှုပ်လှုပ်ရွရွနှင့် မီးခိုးတွေကလဲ တအူအူ…။ ဘာဘီကျူးများ ကင်စားနေကြတာလား၊ အနံ့ကတော့ ဘာဘီကျူးနံ့ မဟုတ်ချေ။ သေသေချာချာ ကြည့်မိတော့မှ သူတို့တွေသည် စက္ကူချပ်တွေကို မီးရှို့နေကြသည်ပဲ…။ သိပြီ… ဒါ သူတို့ ရိုးရာဓလေ့… သူတို့ဆီမှာ ရောက်နေမှတော့ သူတို့၏ ရိုးရာတွေကို ဒီအတိုင်း ကြည့်နေလိုက်ရုံသာ။ သို့သော် ညနေခင်း၏ လေပြေမှာ အနည်းငယ်တော့ ညစ်နွမ်း အကျည်းတန်သွားလေသည်။

ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့ အပြာရောင် နောက်ခံမှာ ဝါဂွမ်းလို ဖွေးနုနေသော တိမ်တိုက်တွေ ဖြေးညှင်းစွာ ရွေ့လျားနေကြသည်။ တိမ်တိုက်တွေကိုတောင် ရွေ့လျားအောင် တတ်နိုင်သော လေပြေတွေဟု တွေးကာ စိတ်ထဲမှာ ကျေနပ်ရပြန်သည်။ သူတို့တွေကြောင့်သာ တိမ်တိုက်တွေလည်း ပုံသဏ္ဍါန် အမျိုးမျိုးဖြင့် လှလှပပ ပြောင်းလဲ ဖွဲ့တည်နိုင်တာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လေငြိမ်ငြိမ်နှင့် ခြောက်သွေ့သော အိုက်စပ်စပ် ညနေခင်းအစား လေတဖြူးဖြူးနှင့် လှုပ်ခတ်နေသော အေးချမ်းသော ညနေခင်းက များစွာ အသက်ဝင်ပါသေးသည်။ ထို့ကြောင့်လည်း ညနေခင်း၏ လေပြေတွေကို သိပ်ချစ်မိတာ ဖြစ်သည်။

လေပြေအကြောင်းကို တွေးနေမိသည်မှာ အချိန်အတော်ကြာသွားသည်။ သည်လိုနေလို့တော့ မဖြစ်… ည မမှောင်ခင် လုပ်စရာရှိတာလေးတွေ လုပ်မှ ဖြစ်မည်ဟု တွေးကာ နေရာမှ ထလိုက်သည်။ မီးပူတိုက်စရာတွေ ရှိနေသော်လည်း ပျင်းသည်။ မီးပူတိုက်ခြင်းသည် ကမ္ဘာပေါ်တွင် ပျင်းစရာအကောင်းဆုံး အလုပ်ဟု သတ်မှတ်ကာ အတတ်နိုင်ဆုံး လက်ရှောင်တတ်သည်။ နောက်ဆုံးမိနစ် ဆိုသည်မှာ နား အကြားဆိုးသော်လည်း လူနှင့် စိတ်ကိုတော့ တနည်းတဖုံ သက်သာရာ ရစေသလိုလို…။

နောက်ဆုံးတော့ အိမ်သန့်ရှင်းရေးလုပ်ရန် ဖုန်စုတ်စက်ကို ထုတ်လိုက်သည်။ မီးခလုတ်ကို ဖွင့်ပြီးကာမှ ဝရန်တာမှာ ကြွေကျနေသော သစ်ရွက်ခြောက်တချို့၊ တစ်ရှုးစ တချို့နှင့် ဆံပင်ချည် တစ နှစ်စကို တွေ့သောကြောင့် ဖုန်မစုတ်ခင် တံမြက်စည်းလေးတော့ အရင် လှည်းလိုက်ဦးမှပါလေဟု တွေးကာ တံမြက်စည်းနှင့် ခါးကိုင်းစရာမလိုပဲ အသုံးပြုနိုင်သော ဂေါ်ပြားကို ယူလိုက်သည်။ အမှိုက်တွေကို စုစည်း လှည်းကျင်းပြီး ဂေါ်ပြားနှင့် ထည့်ဖို့ ပြင်သည်။ ထိုစဉ် လေ ခပ်ပြင်းပြင်း တချက် တိုက်လိုက်ရာ အမှိုက် နှင့် ဂေါ်ပြား တခြားစီ ဖြစ်သွာသည်။ လေတွေ… လေတွေ… ဟု ရေရွတ်ကာ ဖျတ်ကနဲ ပြုံးလိုက်မိသည်။

ပြီးတော့ ခုနက လွင့်ပျံသွားသော အမှိုက်စတွေကို ဂေါ်ပြားထဲ ရောက်အောင် တံမြက်စည်းဖြင့် ဆွဲယူလိုက်သည်။ လွင့်ထွက်သွားမှာစိုးပြီး သေသေချာချာ ဂရုတစိုက် ဆွဲယူလာသည်။ သို့သော် ဂေါ်ပြားနား မရောက်ခင်မှာပင် လေက ဝှေ့ယမ်းတိုက်ခတ် လိုက်သောကြောင့် အမှိုက်များ ကစင့်ကလျား လွင့်သွားကြတော့သည်။ ဒီတကြိမ်မှာတော့ လေပြေကို စိတ်အနည်းငယ် တိုစပြုလာပြီ။ ကျွတ် ဟု စုတ်သတ်လိုက်မိသောကြောင့် မလှမ်းမကမ်းမှာ စာထိုင်ဖတ်နေသော သူက တချက်လှည့်ကြည့်သည်။ ဘာမှတော့ မပြော…

တိုစပြုနေသော စိတ်ကို အတတ်နိုင်ဆုံး ဆွဲဆန့်လိုက်သည်။ ညနေခင်းနှင့် လေပြေကို စိတ်မတိုချင်ပါ။ တိုချင်းတို လွင့်သွားသော အမှိုက်စများပေါ်တွင်သာ စိတ်တိုလိုက်မည်။ အချစ်သည် မျက်နှာလိုက်တတ်သည် ဆိုသောစကားကို မယုံကြည်သူများ ရှိပါသလား…

ထို့နောက် အမှိုက်များကို စိတ်ရှည်လက်ရှည် လှည်းကျင်းပြီး ပြန်လည် စုစည်းလိုက်သည်။ သည်တခါတော့ ဂေါ်ပြားထဲကို အမှိုက်များ အောင်မြင်စွာ ရောက်ရှိသွားကြသည်။ ကျေနပ်သွားပြီး တံမြက်စည်းကို နံရံတွင် အသာ မှီထားလိုက်ပြီး ဂေါ်ပြားထဲမှ အမှိုက်များကို သွားသွန်မည်အလုပ်… လေတိုက်လိုက်သောကြောင့် ဆံပင်တွေ မျက်နှာပေါ်ရောက်လာသည်ကို လက်ဖြင့် သပ်ဖယ်ပြီး လက်ကို ပြန်အချ…

ထိုလက်က ဂေါ်ပြားကို ရိုက်ချလိုက်သလို ဖြစ်ပြီး မထင်မှတ်ပဲ ဂေါ်ပြား လဲကျသွားသည်။ ထိုအခါ ခုနက မဝင်ချင့် ဝင်ချင်ဖြင့် ဂေါ်ပြားထဲ ဝင်နေကြရရှာသော အမှိုက်စများသည် လွတ်ပြီ ကျွတ်ပြီဟု အော်မြည် ဟစ်ကြွေးကာ လေယူရာကို အပြေးတပိုင်း ခုန်ပေါက် လွင့်ပျံသွားကြလေတော့သည်။

အကျယ်ချဲ့ပြီး ရှည်ရှည်ဝေးဝေး ပြောနေစရာမလို…။
စိတ်သည် ဒီဂရီ အမြင့်ဆုံးနှုန်းဖြင့် တိုနေလေပြီ…။ သည်အချိန်မှာ အေးအေးသက်သာ စာဖတ်နေနိုင်သော သူ့ကို ပြူတင်းပေါက်တွေကို အခုချက်ချင်း ပိတ်ပေးရန်နှင့် ဒီပြူတင်းပေါက်တွေကြောင့် လေတွေ တလစပ်တိုးဝင်ကာ အနံ့တွေပေါင်းစုံ ဝင်၊ အမှိုက်စတွေ၊ သစ်ရွက်ခြောက်တွေလဲ ဝင်၊ အိမ်မှာလည်း ဖုံတွေတက်တာ မြန်၊ အခုလဲ ကြည့်… အမှိုက်တွေကို တံမြက်စည်းတောင် သေသေချာချာ လှည်းလို့မရ… ဟု မကျေမချမ်း လှည့်ပြီး ရန်ရှာမိတော့သည်။

သူက ဘာမှ ပြန်မပြော…။ စာဖတ်နေရာမှထကာ ပြုံးစိစိဖြင့် ပြူတင်းပေါက်တွေကို လိုက်ပိတ်ပေးနေသည်။ ခင်ဗျားလေးပဲ လေတွေ တိုက်တာကို ချစ်တယ်ဆို… လေတွေဝင်တဲ့ ပြူတင်းပေါက် များများနဲ့ အိမ်မို့ ကြိုက်လှချည်ရဲ့ဆို... ညနေတွေဆို လေတဖြူးဖြူးနဲ့ ဆံပင်တွေ တလွင့်လွင့်နဲ့ စာဖတ်ရ၊ စာရေးရတာ အလွန်ကောင်းဆို… ဟူသော စကားတွေကိုများ ပြောလာလေမလားဟု တွေးရင်း သူ့ကို မသိမသာ အကဲခတ်လိုက်သောအခါ သူက ဘာမှမဖြစ်သလို အေးအေးဆေးဆေး…။ ဒီတော့ ပြဿနာရှာပြီး ရစ်ချင်သော စိတ်ထဲ မချင့်မရဲ ဖြစ်သွားသည်။ အဲဒီလိုပဲ… သူက အမြဲတမ်း စကားနည်း ရန်စဲသမား…။

နောက်ဆုံးတော့ တယောက်တည်း စိတ်တွေတိုနေပြီး အမှိုက်တွေကို ခပ်မြန်မြန် လှည်းကျင်း သိမ်းဆည်းပစ်လိုက်သည်။ သူ့ကိုလည်း မကြည့်ချင်တော့… ဖုန်စုတ်စက်ကိုလည်း မထိချင်တော့…။ ပြီးတာနှင့် ကွန်ပျူတာကို လာဖွင့်ကာ စာလုံးတွေကို အခုလို သွက်သွက်လက်လက် ရိုက်ချလိုက်သည်။ ဒါ အကောင်းဆုံးပဲ…။

အရှိန်အမျိုးမျိုးနှင့် တိုက်ခတ်နေတတ်သော လေတွေက အရာတော်တော်များများကို ဟိုဟို ဒီဒီ လွင့်စင်သွားစေနိုင်သော်လည်း ကွန်ပျူတာ၊ မော်နီတာပေါ်က စာလုံးများကတော့ လေတွေ ဘယ်လောက် တိုက်တိုက် စာလုံး တလုံးချင်းစီ လိုက်ကောက်ရအောင် လွင့်ပါမသွားနိုင်တာ သေချာနေသည် မဟုတ်ပါလား…။

ညနေခင်းသည် လေပြေနှင့်အတူ အနားကို ရောက်လာ၏။
ညနေခင်းတွေကို ချစ်သည်… ညနေခင်း လေပြေတွေကို ချစ်သည်။
ညနေခင်း၏ လေပြေကြောင့် စာတပုဒ် ရလိုက်သည်။
ဤစာတပုဒ်သည် ကျွန်မ၏ ညနေ ဖြစ်၏။



20 comments:

  1. မေဓာဝီMarch 13, 2011 at 7:18 PM

    ဟိဟိ လေတိုက်တာလဲ စာတပုဒ်ဖြစ်သွားတာပဲနော် အမသက်ဝေ ...
    လေတိုက်လို့ စိတ်တိုတာကို အကြောင်းပြပြီး သန့်ရှင်းရေးမလုပ် ဖုန်မစုပ်တာတော့ ဆိုးတယ်နော် ... :))

    ReplyDelete
  2. ညီမလေးMarch 13, 2011 at 7:32 PM

    ညနေခင်းရဲ့ လေပြေထဲမှာ ...♪

    ReplyDelete
  3. အမသက်ဝေရဲ့ အတွေးလေးတွေ အရေးလေးတွေက အရမ်းချစ်ဘို့ကောင်းတယ်...

    ReplyDelete
  4. ချစ်ကြည်အေးMarch 13, 2011 at 8:08 PM

    သူများတွေများ...လေတိုက်တဲ့ အကြောင်းတောင် စာတပုဒ် ဖြစ်သွားအောင် ရေးတတ်ပါပေ့တော်.... အေးလေ...ငါ့ သယ်ရင်းပဲဟာ....ဟိ :)

    ReplyDelete
  5. မီးပူလဲ မတိုက်သွားဘူး.
    ပုံ
    မီးပူတိုက်ရန်ဝါသနာပါသူ။

    ReplyDelete
  6. ချစ်စရာလေးး)

    ReplyDelete
  7. ညီလင်းသစ်March 13, 2011 at 9:46 PM

    စာတစ်ပုဒ်လုံးက သုတ်ကနဲ သုတ်ကနဲ နဲ့ ဝေ့ဝိုက်၊ တိုက်ခတ်သွားလိုက်တာ...၊ Forrest Gump ထဲမှာ တွေ့ရတဲ့ ငှက်မွေးလေးလိုပဲ..လွင့်ကနဲ မြောက်ပါသွားတယ်။

    ReplyDelete
  8. ကျောက်၏ညသန်းကောင်March 13, 2011 at 10:25 PM

    ထိုလေပြေတွေက မျက်နှာနှင့် ကျောလယ် မရောက်တရောက် ခေါင်းလျှော်ပြီးစ ဆံပင်များကို လာရောက် တိုးဝှေ့သောအခါ လွင့်သွားသော ဆံနွယ်များကြားမှာ တယောက်တည်း ပြုံးရယ်မိသည်။ ....အဘယ့်ကြောင့်ဆိုသော်..ဆံနွယ်များမှာ ဖြူတာကဖြူ မဲတာကမဲ ..ဖြစ်နေသောကြောင့်ဖြစ်၏။

    ReplyDelete
  9. ချော(အစိမ်းရောင်လွင်ပြင်)March 13, 2011 at 10:45 PM

    ချစ်စရာ ညနေခင်းလေးကို ပြူတင်းတံခါးလေးဖွင့်လို့ လာရောက်ခံစားပါတယ်..
    ညနေရဲ့ ခပ်အေးအေး လေပြေညင်းရဲ့ ရနံ့လေးတွေပါ ရလိုက်သလိုလို ခံစားရပါတယ်..

    ReplyDelete
  10. ဒီလိုမျိုးလေး ဖတ်ရတာ ကောင်းလိုက်တာ။
    လေညှင်းလေပြေလေးတွေနဲ့ အသက်ဝင်တဲ့ ညနေခင်းကို ဖွဲ့သွားတာလေးကိုတောင် လိုက်ပြီး မြင်ယောင်မိတယ်၊
    ချစ်တဲ့ လေညှင်းလေး မသက်ဝေရေ။

    ဒီလိုမျိုးလေး ကိုယ်တိုင် မရေးဖြစ်တာကြာပြီ၊

    ReplyDelete
  11. ညနေခင်းရဲ့ လေပြည်ထဲမှာ
    မင်းဆံနွယ်တွေ အတောင်ပံဖြန့်တဲ့အခါ
    အမှိုက်တွေလည်း လွင့်မျောကာ
    ချစ်စရာ အက်ဆေးလေးတစ်ပုဒ်ဖြစ်သွားတာ :)

    ReplyDelete
  12. အစ်မရဲ့ ညနေခင်းလေးက ချစ်စရာကောင်းလိုက်တာ အစ်ကိုကြီး ဘာမှမပြောတာ ဆံနွယ်လေးတွေ ကပိုကရိုနဲ့လှနေတဲ့ အစ်မကို ကြည့်မ၀လို့ တိတ်တိတ်ကလေး ခိုးကြည့်နေတာလည်းဖြစ်နိုင်တာပဲး)

    ReplyDelete
  13. ကိုအောင်(ပျူနိုင်ငံ)March 14, 2011 at 12:45 AM

    လေတိုက်တာတော့ ကောင်းတယ် အမ၊
    ရေပါလာရင် ကျနော်တို့ ပြေးနေရအုံးမယ်
    ... :))

    ReplyDelete
  14. စာရေးကောင်းသူသူတွက်၊လေပြေညင်းနဲ့
    ဝိုင်တခွပ်လက်ဆောင်ထား ခဲ့ကြောင်း.. :)

    ReplyDelete
  15. ပန်ပန့်ကဖျာလေးကကောင်းသား၊
    ဆံပင်တွေဖြန့်ပြီးအမှိုက်တွေနဲ့
    ကမြောနေတယ်များပြောသလား,,, :)

    ReplyDelete
  16. ချစ်သူ ညနေ..❤♫
    တို့ညနေ ♪♪
    ♫♪ ကျွန်မ၏ ညနေ ♫♪

    ဆိုင်ဆိုင် မဆိုင်ဆိုင်အေ
    သူများတွေ သီချင်းဆိုသွားတော့
    ကိုယ်လည်း ကိုယ်ရတာ ကိုယ်ဆိုတာ

    ReplyDelete
  17. ရေးတတ်သူများကျတော့ လေတိုက်တာတောင်မှ စာတပုဒ်ဖြစ်သေးတယ်။

    ReplyDelete
  18. တိုက်တာချင်းအတူတူ..
    လေတိုက်တာတော့ကြိုက်တယ်..?
    မီးပူတိုက်တာတော့မကြိုက်ဘူး..?
    Iora

    ReplyDelete
  19. ဖတ်ပြီး ပြုံးနေမိတယ်... အစ်မသက်ဝေ စိတ်တိုပုံက ချစ်စရာကောင်းတယ် (ညီမတို့လည်း စိတ်ဝင်စားစရာ စာတစ်ပုဒ် ဖတ်ရတယ်း) ညီမလည်း ညနေခင်းလေပြေကို ချစ်တယ် အစ်မ။

    ReplyDelete
  20. လေပြေတွေကို မသိတော့တဲ့ ညနေခင်းတွေ
    လေပြေတွကို မထိခတ်ရတော့တဲ့ ညနေခင်းတွေကို
    ကျွန်တော် ဒီနေရာမှာ ရှာတွေ့သွားတယ်..။
    ပျော်လိုက်တာ....။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...