Monday, March 7, 2011
ရှင်သန်ခွင့်...
လေပြင်းမုန်တိုင်းတိုက်လိုက်သလို… ဝုန်းဝုန်း ဒိုင်းဒိုင်းအသံကြီးကြားလိုက်ရပြီး ခန္ဒာကိုယ်တခုလုံး ကိုင်ပေါက်လိုက်သလို… အမြင့်တနေရာမှ ပြုတ်ကျလာသလို… ခေါင်းထဲမှာ ရီဝေဝေ မူးနောက်နောက်… ကျွန်တော် ဘယ်နေရာကို ရောက်လာတာပါလိမ့်…။
ရုတ်တရက် မျက်စေ့ကို ဖွင့်လို့မရ… ခဏလောက် အသာ ငြိမ်နေပြီးမှ ပတ်ဝန်းကျင်ကို လေ့လာရန် မျက်စေ့ကို ကြိုးစားပမ်းစား ဖွင့်ကြည့်လိုက်သည်။ အိုး… ရုတ်တရက် ပျော်ရွှင်သွားသည်။ ဘေးပတ်ပတ်လည်မှာ ကိုယ့်အမျိုးတူ အဖေါ်အပေါင်းများစွာကို နီးနီးကပ်ကပ်တွေ့လိုက်ရ၍ ပျော်ရွှင်သွားသည်။ သူတို့အားလုံး တလှုပ်လှုပ်နှင့် ကိုယ့်အနားကိုလာပြီး တယောက်တခွန်း ဝိုင်းဝန်း မေးမြန်းနေကြသည်…။
မေးခွန်းတွေကြားမှာ ချာချာလည်နေရင်းက လက်ရှိ အခြေအနေကို တဖြည်းဖြည်း ရိပ်မိလာသည်။ အဆုံးအစမရှိ ကျယ်လွင့်သော ရေပြင်ကြီးထဲတွင် လူးလာခေါက်ပြန် ကူးခတ်သွားခဲ့ချိန်တွေမှာ ရေပြင်ကြီး ဘယ်လောက်ကျယ်လို့ ကျယ်ဝန်းမှန်း သတိမထားနိုင်ခဲ့…။ အခုတော့ လေးထောင့်စပ်စပ် မှန်ပုံးထဲမှာ… အများသူငါတွေနှင့် တိုးတိုးဝှေ့ဝှေ့… တမျိုးတော့လဲ ပျော်စရာအကောင်းသားလား…။
အတွေးတွေနှင့် ပတ်ဝန်းကျင်အသစ်ကို လေ့လာနေတုန်း ဗြုန်းဆို ခပ်ဖြူဖြူအရာတခု မျက်စေ့ရှေ့ရောက်လာသည်။ ကန်ထဲမှရေတွေ တဗွမ်းဗွမ်းနှင့် အပေါင်းအသင်းတွေအားလုံးလဲ ဟိုပြေး ဒီပြေးနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်…။ ဟာ… ဘာတွေ ဖြစ်နေတာပါလိမ့်…။
တွေးလို့မှမဆုံးသေး… ဘေးက သူငယ်ချင်းက လာပြောသည်…။ ဟိုနှစ်ကောင်တော့ ပါသွားပြီကွာ တဲ့…။ သူတို့က ဝတာကိုး ဝတဲ့အကောင် ရွေးသွားတာပေါ့… ဟုလဲ မလှမ်းမကမ်းမှ တယောက်က ပြောနေသေးသည်။ ထိုစကားကိုကြားရတော့ ကိုယ်ကို မသိမသာ ကျုံ့ထားလိုက်မိသည်။ ပြောရရင် ကျွန်တော်လဲ ခပ်ဝဝ အကောင်ပဲ မဟုတ်လား…။
သည်လိုနှင့် တနေ့တနေ့ အပေါင်းအသင်းတွေ နည်းနည်းသွားသည်။ သူငယ်ချင်းအသစ်တွေ တနေ့ကို တကောင်စ နှစ်ကောင်စတော့ ရောက်လာကြသည်။ သို့သော်လည်း အရင်ကလို ပျော်စရာ မကောင်းတော့ချေ။ သူတို့ကလဲ သူတို့၏ အနာဂတ် အလားအလာကို ကြိုတင် ရိပ်မိကြပုံရသည်။ ရောက်လာကတည်းက ခပ်ငြိမ်ငြိမ်…။ အခြေအနေအမှန် အဖြစ်အမှန် အလုံးစုံကို သိလာသောအခါ ကျွန်တော် နေလို့ မပျော်တော့ပါ။ ဘယ်နေ့ ဘယ်အချိန်မှာ ကိုယ့်အလှည့်ရောက်လာလေမည်လဲ ဟု အထိတ်ထိတ် အလန့်လန့်နှင့် တရက်ပြီး တရက် ကုန်ဆုံးခဲ့ရသည်။
သည်လိုနှင့် နောက်ဆုံးမှာ သည် မှန်ပုံးထဲမှာ ကျွန်တော်ရယ် နောက် အဖေါ် တကောင်ရယ်သာ ကျန်တော့သည်။ ထိုအချိန်မှာပဲ ကျွန်တော်တို့ နေထိုင်ရာ မှန်ပုံးနဲ့ တည့်တည့်က စားပွဲကို လူနှစ်ယောက် ရောက်လာခဲ့တာ…။
သူတို့က ကျွန်တော့ကို လာကြည့်ကြသည်…။ ကျွန်တော်ကလည်း သူတို့ကို တွေတွေငေးငေး ပြန်ကြည့်နေမိသည်။ သူတို့ နှစ်ယောက်ထဲမှ ဂျာကင် အညိုရောင်ဝတ်ထားသော တယောက်က ကျွန်တော်တို့ကို အကြာကြီး မျက်လုံးချင်းဆုံကာ လာကြည့်နေသည်…။ သူ့အကြည့်တွေကို ကောင်းမွန်စွာ ဘာသာမပြန်တတ်သော်လည်း စိတ်နှလုံး နူးညံ့ပြီး ကြင်နာတတ်သောသူတယောက် ဖြစ်နိုင်မှန်း ရိပ်မိလိုက်သည်…။ ထိုအခိုက် ကျန်တယောက်က ကျွန်တော်တို့ကို လက်ညှိုးညွှန်ကာ တစုံတခုကို ပြောဆိုလိုက်ရာ မကြာခင်မှာပင် ပိုက်ကွန် ဖြူဖြူတခုက ကျွန်တော်တို့အပေါ် အုပ်မိုး ကျရောက်လာခဲ့တော့သည်။
သိလိုက်ပါပြီ…။ သည်နေ့သည် ကျွန်တော့အတွက် နောက်ဆုံးနေ့ နောက်ဆုံးအချိန်သာ ဖြစ်သည်ကို သေသေချာချာ သိလိုက်ပါပြီ။ ပိုက်ကွန်ထဲတွင် တဖြတ်ဖြတ်လူးခါနေသော အဖေါ်ကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ကြိုးစား တည်ငြိမ်နေမိသည်…။ ပြီးတော့ အသက်ကို ကြိုးစားပမ်းစား ရှုသွင်းနေရခိုက်… မာကျောကျော သစ်သားပြားတခုပေါ်သို့ ကျွန်တော်တို့ကို ကြမ်းတမ်းစွာ ပစ်ချလိုက်လေသည်။
ထိုအချိန်မှာပဲ……….
ထိုအချိန်မှာပဲ………. ခုနက ကျွန်တော်တို့ကို အကြာကြီး လာကြည့်နေသော ဂျာကင် အညိုနဲ့လူ ကျွန်တော်တို့ အနားသို့ အပြေးအလွှားနှင့် ရောက်လာသည်…။ ပြီးတော့ ကျွန်တော်တို့ကိုကြည့်ကာ စကားတွေ ပြောနေသည်…။ ဘာများဖြစ်လို့ပါလိမ့်….။ တခဏအကြာမှာတော့ ကျွန်တော်ရယ် ကျွန်တော့ အဖေါ်ရယ်ကို ရေဖြည့်ထားသည့် ပလတ်စတစ်ဇလုံတခုထဲ ရွှေ့ပြောင်းလိုက်ကြသည်…။ အား….. အသက်ကို တဝကြီး ရှုသွင်းလိုက်ရင်း ဘာတွေများ ဆက်ဖြစ်လာအုံးမည်လဲ ဟု တွေးနေမိသည်။
မကြာခင်မှာ ကျွန်တော်တို့ နှစ်ကောင်ကို ရေအပြည့်ပါသော ပလတ်စတစ်အိပ်ထဲ ထည့်ကာ ထို ဂျာကင် အညိုနဲ့လူက ကားပေါ်တင်ကာ ဘယ်ကိုမှန်းမသိ ခေါ်ဆောင် သွားလေတော့သည်…။ ကားပေါ်မှာ အငြိမ်မနေနိုင် တလူးလူး တလွန့်လွန့် လှုပ်ရှားနေသော အဖေါ်ကို အသာ ငြိမ်ငြိမ်နေရန် သတိပေးရင်း အခြေအနေကို အကဲခတ်နေမိသည်…။ အချိန်အတော်ကြာသောအခါ လေထုထဲတွင် ကိုယ် ရင်းနှီးခဲ့ဖူးသော အငွေ့အသက်တခုကို သတိထားလိုက်မိသည်…။ လေတွေ… လေတွေ… ကျွန်တော့အတွက် အလွန်တရာ ရင်းနှီး ကျွမ်းဝင်ခဲ့ဖူးသော လေထု…
မကြာခင် ကားရပ်သွားသည်… ပြီးတော့ ကျွန်တော်တို့ကို ထည့်ထားသော အိတ်ကို ညင်သာစွာကိုင်တွယ်ပြီး ကားထဲမှ ထုတ်ယူသွားသည်။ ဟော…. တွေ့ပါပြီ…. အဆုံးအစမဲ့သော မိုးကုတ်စက်ဝိုင်းကြီးနှင့်အတူ အဖြူရောင် တိမ်လိပ်တွေ လှပစွာ ဖွဲ့တည်နေသော ကောင်းကင်ပြာပြာကြီးရယ်… အုန်းပင်များ တမျှော်တခေါ် စီတန်းနေသော ကမ်းခြေလှလှရယ်.. ဟိုး… မျက်စိတဆုံး တွေ့မြင်နေရသော စိမ်းပြာပြာ ရေပြင်ကျယ် နှင့် စိုစွတ် အေးမြပြီး ပင်လယ်ရနံ့ သင်းနေသော လေတွေရယ်…
ကမ်းခြေမှ သဲမွမွတွေကို ဖြတ်ကျော်လာပြီး ပင်လယ်ရေတွေနှင့် အနီးဆုံးနေရာသို့ အရောက်မှာ ဂျာကင် အညိုနှင့် လူကို ကျေးဇူးတင် နှုတ်ဆက်သော အကြည့်ဖြင့် မော့ကြည့်လိုက်မိသည်။ သူကတော့ တွေ့ဟန်မတူ… ရီဝေသော မျက်လုံးအစုံသည် ဟိုးခပ်ဝေးဝေးက တောင်တန်း ညိုညိုတွေဆီကို ငေးမောလို့… သူ ဘာတွေ တွေးနေတာပါလိမ့်…။
သည်လိုနှင့် ကျွန်တော့ဘဝ ချမ်းသာရာရခဲ့သည်။
ကျွန်တော့ အသက်ကို ကယ်ခဲ့သော ကြင်နာတတ်သော လူတယောက်၏ ကျေးဇူးကို ကျွန်တော့ တသက် မေ့နိုင်စရာ မရှိပါ။ ဘဝချင်းမတူသော သူလို လူတယောက်ကို ကျွန်တော် ဘယ်လို ရှာဖွေပြီး ဘယ်လို နည်းဖြင့် ကျေးဇူးဆပ်ရမည် မသိ။ သို့သော် ထိုကျေးဇူးတွေကို သတိရမိတိုင်း ကမ်းစပ်အနားသို့ ကူးခတ်လာရင်း ကမ်းစပ်မှာ အနားယူ အပန်းဖြေနေကြသူများ၊ စွန်လွှတ်နေကြသူများ၊ လေညှင်းခံရင်း လမ်းလျှောက်နေကြသူများကြားတွင် ကြင်နာတတ်သော မျက်ဝန်းအစုံနှင့် ဂျာကင်ညိုညိုဝတ် လူတယောက်ကို တိတ်တဆိတ် ရှာဖွေနေမိသည်။ တွေ့နိုင်ရန် အခွင့်အလမ်း လွန်စွာ နည်းပါးလှသော်လည်း တချိန်မှာ တွေ့လိုတွေ့ငြား နေ့စဉ်နေ့တိုင်း လာရောက် ရှာဖွေနေဦးမည်သာ…။
မကြာခဏ စိတ်တိုတတ်၊ စိတ်ဆိုးတတ်သော်လည်း စိတ်ရင်း နူးညံ့ပျော့ပြောင်းပြီး ကြင်နာတတ်သော သူငယ်ချင်းတယောက်အတွက်…။
Labels:
အက်ဆေး
Subscribe to:
Post Comments (Atom)
တော်သေးတာပေါ့၊ မြစ်ထဲကငါးကို ပင်လယ်ထဲ၊ ပင်လဲထဲကငါးကို မြစ်ထဲ မလွတ်မိလို့။
ReplyDeleteကြိုက် Likeး)
ReplyDeleteဘာငါးလဲဟင်...တူနာ ဆိုရင် ဆရှီးမီလုပ်စားချင်လို့..
ReplyDeleteစိတ်ကောင်းရှိတဲ့ သက်ဝေ သူငယ်ချင်းက နင့်အသက် တခါလွှတ်... ငါ့အသက် ဆယ်ခါလွတ်လို့ (မတရားသဖြင့်စကားမျိုး) မပြောလိုက်ဘူး မဟုတ်လားဟင်...
ReplyDeleteချစ်စရာကောင်းတဲ့ ပိုစ့်လေးပါ...
အော် စိတ်ကူးတတ်တယ်နော်
ReplyDeleteလူဝရင်တော့ ရော .. .. .. :P
Thet Wai..
ReplyDeleteI copy from Facebook... :)
Kay Htwe : အဲ..စိတ်ရင်းနူးညံ့တယ်ဆိုတော့..စိတ်ဖျား.မာကျောတယ်ပေါ့..း)
Sanda Hlaing : ရှင်သန်ခွင့်အတွက်.. ကြင်နာတတ်သော စိတ်ရင်းကောင်းသော လူစားမျိုးတွေ ရှိသလို.. မကြင်နာတတ်သော စိတ်ရင်းမကောင်းသော ကိုယ်ချင်း မစာနာတတ် သော လူမျိုးတွေလည်း တစ်ပုံတစ်ပင်ဆိုတော့.. ကြင်နာတတ်သော မျက်ဝန်း တစ်စုံနဲ့ လူများအား ကြိုဆိုပါတယ်ပေါ့နော်..။ :)
May Nyo : မာလာငါးဆိုင် ရောက်ခဲံ့တယ်ထင်ပါ့ ငါ့အစ်မ အင်း ဒီမှာသာတွေ့ ရရင်လိပ်ကလေးတွေ ငါးပူတင်းတွေပါ ပါလာနိုင်တယ်။ လိပ်ကလေးကို ရင်ခွဲ
ုဖုတ်လှိုက်ဖုတ်လှိုက် အသဲနဲ့ နှလုံးတုန်တုန်လေးကို အချဉ်ထဲနှစ်လိုက်ပြီးတော့ ပါးစပ်ထဲ ဖျတ်ကနဲ့ သွင်းလိုက်ကြတာ.... အမလေး ...ရေးရတာတောင် ကြက်သီးထတာ...
ချစ်စရာကောင်းတဲ့ အက်ဆေးလေးပါပဲ...၊ ခပ်ဝဝ ငါးတစ်ကောင်တော့ ဘယ်လောက်များ ပျော်ရွှင်၊ စိတ်ချမ်းသာ သွားလိုက်မလဲ...။
ReplyDeleteစားသောက်ဆိုင်တွေရောက်တိုင်း ငါးအရှင်တွေတွေ့ပေမဲ့ အဲလိုအတွေးမျိုး မတွေးဖူးဘူး...
ReplyDeleteသက်သက်လွတ် စားဖို့ ကြိုးစားကြည့်အုံး
ReplyDeleteမယ် အမ ...
ဒီမှာလည်း ဈေးသွားတိုင်း ငါးတွေ အရှင်လတ်လတ် ကိုယ့်ရှေ့မှာ ခုတ်သတ်တယ်..
ReplyDeleteမကြည့်ရဲဘူး။ ငါးအသေဆို ဒီမှာက ၀ယ်မစားကြဘူး။
အရှင်လတ်လတ် ရေဇလုံထဲ ထည့်ထားတဲ့ ဖျတ်ဖျတ်လူးနေတဲ့ အကောင်တွေမှ ရွေးဝယ်ကြတာ
ဘယ်လိုပြောရမှန်းတောင် မသိဘူး
မွေးဖွားချင်းတွေအားလုံးအတွက် ကျေးဇူးတင်စွာ
ReplyDeleteဖတ်ရှူပြီး ပို၍ပို၍ကောင်းသော စာများ စီကုံးနိုင်ပါစေဖို့ ပြန်ဆုတောင်းပေးပါတယ်
ဂျာကင်အညိုရောင်နဲ့လူကိုမြင်ဖူးချင်တယ်...
ReplyDeleteစိတ်ထားနူးညံ့တယ်ဆိုလို့...။
ခင်တဲ့
မိုးငွေ့
အကျီ င်္ အညိုရောင်နဲ့လူလိုမျိုးတွေ အများကြီးရှိစေချင်တယ်နော် ... ကိုယ့်အတွက်သီးသန့်ကြီး အသက်တွေ ကို ပေးသေစေလောက်ထိ ရက်စက်ကြတဲ့ လူသားတွေကို မုန်းတယ်။
ReplyDeleteတိုက်တိုက်ဆိုင်ဆိုင် ဟိုတပတ်က နီမိုတို့ကား Channel 5 မှာလာတော့ ကြည့်သေးတယ်။ ချစ်စရာငါးကလေးတွေ လွတ်မြောက်စေချင်လိုက်တာလေ။
ReplyDeleteဒါပေမယ့်လည်း ငါးဆိုရင် ကြိုက်တယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တော့ မကြာခဏစားဖြစ်နေတယ်။ ဘယ်လိုလုပ်မလဲ။ :(
ဒါကိုဖတ်ရတာ သမီးငယ်ငယ်က Finding Nimo ကို သားအမိနှစ်ယောက် အတူကြည့်ကြတာကို သတိရသွားတယ်။ ဂျူဂျူက ကြိုက်လွန်းလို့ အဖန်ဖန် အထပ်ထပ်ကြည်လို့ ကိုယ်လဲ လိုက်ကြည့်ခဲ့ရတာ။
ReplyDeleteမဆွိတီတို့ အမေလဲ ငါးလွှတ်ပြီး ကုသိုလ်ကောင်းမှူ အမြဲလုပ်ပေးတယ်။ တကယ်ကုသိုလ်ရပါတယ်။