Wednesday, February 15, 2012

နေ့သစ်


ပြောရလျှင် သူသည် အိပ်စက်ခြင်းကို နှစ်သက် စုံမက်သူ တဦးဖြစ်သည်။ အိပ်စက်ခြင်းကို စုံမက်သည် ဆိုရာတွင်လည်း လူတဦးချင်းစီအပေါ် မူတည်၍ အမျိုးမျိုး အဖုံဖုံ ကွဲပြားနိုင်သေးသည်။ တချို့က ညဖက် စောစောအိပ်ရခြင်းကို နှစ်သက်၍ မနက်ကို စောစောထတတ်ကြသည်။ တချို့က ညတွေမှာ မိုးချုပ် ညဥ့်နက်အထိ နေရခြင်းကို နှစ်သက်ပြီး မနက်ကို နောက်ကျမှ ထတတ်ကြသည်။ တချို့တွေကတော့ ညလည်ကောင် တရေးနိုးချိန်တွေမှာ ထပြီး စာဖတ်ကြ ရုပ်ရှင်ကြည့်တတ်ကြသေးသည်။ ယေဘုယျအားဖြင့်တော့ သူသည် ညကို အတော်လေး နောက်ကျမှ အိပ်ရာဝင်ခြင်းကို နှစ်သက်သူတယောက်ဖြစ်ပြီး (အိပ်စက်ခြင်းကို မည်မျှ နှစ်သက်သည် ဖြစ်စေကာမူ) မနက်တွေမှာတော့ နှိုးစက်သံ ဆူဆူညံညံဖြင့် အလုပ်သွားရန် မဖြစ်မနေ နိုးထရသောသူ တယောက်လည်း ဖြစ်နေသေးသည်။

အလုပ်ဆင်းရသော နေ့ရက်တွေမှာ အနီးကပ် နောက်ဆုံးမိနစ်မှ အိပ်ရာထကာ ရေအမြန်ချိုးပြီး အလုပ်ကို ကတိုက်ကရိုက် သွားရလေ့ရှိသည်။ ထို့ကြောင့် နေ့စဉ်ဆိုသလိုပင် အလုပ်ကို စောစောရောက်တတ်သည်မရှိ… တခါတရံဆိုလျှင် အနည်းငယ်ပင် နောက်ကျတတ်သေးသည်။ မနက်ဆို အိပ်ရာမှမထချင်သော အကျင့်ဆိုးကို ပြင်ရန်မှာ နည်းလမ်း တလမ်းသာ ရှိသည်။ ထိုနည်းလမ်းမှာ ညတွေမှာ စောစောအိပ်ရာဝင်ရန်ပင် ဖြစ်သည်။ မနက်အိပ်ရာမှ မထချင် ထချင်ထပြီး ရုံးအလာ လမ်းတလျှောက်တွင် သူ စဉ်းစားမိသည်မှာ ဒီည စောစော အိပ်ရာဝင်မည် ဟူသော အကြောင်းပင်ဖြစ်သည်။ ဤမျှသာမက… ညနေ ရုံးဆင်း အိမ်ပြန်ခါနီးအချိန်မှာရော အိမ်အပြန်လမ်းတလျှောက်မှာရော စဉ်းစားနေမိသည်မှာလည်း အိမ်ရောက်ရင် စားသောက် ရေမိုးချိုးပြီး စောစောအိပ်ရာဝင်တော့မည် ဟူသတတ်…။ သို့သော်လည်း ထိုအကြံအစည်မှာ တရက်မျှ အောင်မြင်သည် မရှိ…။ ညတွေမှာ ဟိုလုပ် သည်လုပ် စာဖတ် ရုပ်ရှင်ကြည့် ကွန်ပျူတာ မျက်နှာအပ်ရင်း ညသန်းခေါင်ကို ကျော်မှန်းမသိ ကျော်သွားတတ်သည်ချည်းသာ…။ ထိုအခါ မနက်တွေမှာ ထုံးစံအတိုင်း မထချင် ထချင်ဖြင့် အိပ်ရာမှထ၊ ငြီးစီစီဖြစ်နေသော စိတ်အစဉ်၊ ကိုက်ချင်ချင်ဖြစ်နေသော ခေါင်းတို့ဖြင့် အလုပ်ကို တရွတ်ဆွဲ သွားရတော့သည်။

သည်မနက်မှာတော့ ကိစ္စတခုကြောင့် သူ မနက်အစောကြီး နိုးထခဲ့ရသည်။ ညထဲက မပိတ်ရသေးသော ကွန်ပျူတာရှေ့တွင် ဝင်ထိုင်လိုက်သောအချိန်မှာ အင်တာနက် ကွန်နက်ရှင်က ပြတ်တောက်သွားခဲ့လေသည်။ စမ်းတဝါးဝါးဖြင့် ဟိုဟိုသည်သည် နှိပ်ကြည့် ခလုပ်တွေကို အဖွင့် အပိတ် လုပ်ကြည့်သော်လည်း ထူးမခြားနား။ နာရီလက်တံတွေက မနက် ၆ နာရီကို ညွှန်ပြနေသည်။ သည်လိုနှင့် လက်လျှော့ကာ ပြူတင်းပေါက်မှတဆင့် အပြင်ကို လှမ်းကြည့်လိုက်မိသည်။

စကာင်္ပူ စံတော်ချိန် မနက် ၆ နာရီအချိန်သည် ကောင်းကင်တခုလုံး ပိန်းပိတ်အောင် မဲမှောင်နေဆဲ... လှမ်းမြင်နေရသော လူနေအိမ်ခန်းတွေမှာ တချို့သောအခန်းများက မီးလင်းနေကြသည်။ လူသွားစကြံန်မှ မီးများ၊ လမ်းမီးများလည်း လင်းနေကြသည်။ ကားမီးရောင်များကို ကြည့်ရင်း လမ်းမဆီမှာ ကား အသွားအလာ တော်တော်များနေပါပြီလား ဟု ကောက်ချက်ချမိသည်။ ကိုရွှေဥသြအပါအဝင် ကျေးငှက်ကလေးများကတော့ အိပ်မောကျနေဆဲ ဖြစ်ကြဟန်တူသည်။ ပတ်ဝန်းကျင်မှာ တိတ်တိတ်ဆိတ်ဆိတ်…။ ကြံရာမရသည့်အဆုံးမှာ ပြင်ပလေရှုရန် နှင့် ပတ်ဝန်းကျင်ကို စနည်းနာရန် ဟူသော အကြောင်းပြချက်တို့ဖြင့် အဝတ်လဲကာ အိမ်မှ ထွက်လာခဲ့လိုက်သည်။ မနက်စောစောမို့ အေးမှာပဲ ဟု တွေးကာ ခပ်ပါးပါး ဂျက်ကက်တထည်ကိုလည်း မမေ့မလျော့ ထပ်ဝတ်ခဲ့သေးသည်။

အိမ်ပေါ်မှ အဆင်း ဓါတ်လှေခါးထဲမှာ ကျောင်းဝတ်စုံများ ဝတ်ဆင်ထားကြသော ရှစ်နှစ် ကိုးနှစ်အရွယ် ကလေးငယ်လေး နှစ်ယောက်ကို တွေ့လိုက်သောအခါ သူ အနည်းငယ် အံ့သြသွားသည်… ကလေးကျောင်းချိန်တွေက စောလှချေလား...။ အိမ်အောက်ကို ရောက်ပြီး ကားလမ်းမဖက်ကို လျှောက်လာလိုက်သောအခါ တရွေ့ရွေ့နှင့် သွားနေသော ကားမီး နီနီများကို စီတန်းလျှက် တွေ့ရသည်… အို… ကားလမ်းတွေက အခုချိန်ထဲက ပိတ်နေတာပဲ…။ ထိုအချိန်မှာပဲ ကျောင်းကြိုကားတစီးက သူ့အနီးမှာ လာရပ်ခဲ့တာ… ခုနက ဓါတ်လှေခါးထဲမှာ တွေ့ခဲ့ရသော ကျောင်းဝတ်စုံ ဆင်တူလေးများ ထိုကားပေါ်သို့ သူ့ထက်ငါ အလုအယက် အပြေးအလွှား တက်သွားကြ… ကားပေါ်မှာလည်း သူတို့လို တူညီဝတ်စုံဖြင့် ကျောင်းသားငယ်လေးများ၏ ဆူဆူညံညံ စကားပြောသံ ရယ်သံ မောသံများက ကားအပြင်ဖက်သို့ ဖိတ်လျှံကျ…။ ထိုအခါ မနက်တိုင်း အိပ်ရာမှ မထတမ်း အိပ်ပုတ်ချင်နေသော သူ အနည်းငယ် မလုံမလဲ ဖြစ်သွားခဲ့သည်။

ထိုကျောင်းကြိုကားလေး ထွက်သွားတော့ သူ့အကြည့်တွေက လမ်းပေါ်သို့ ရောက်သွားခဲ့သည်။ လမ်းဘေး ပလက်ဖေါင်းတလျှောက်မှာရော လူကူးမျဉ်းကြားမှာရော သွက်လက်သော ခြေလှမ်းများနှင့် လှုပ်ရှားသွားလာနေကြသော အရွယ်စုံ အရောင်စုံ ကျောင်းသား ကျောင်းသူများ ရုံးသမားများ… ကျောင်းဝတ်စုံဝတ် ကလေးငယ်များကို လက်ဆွဲကာ ရုံးဝတ်စုံတွေဖြင့် လမ်းကူးရန် လူကူး မီးအစိမ်းကို စောင့်နေကြသူများ… အားကစားဝတ်စုံ ကိုယ်စီဝတ်ဆင်ကာ လမ်းကို အပြေးတပိုင်း ခပ်သွက်သွက်လျှောက်နေကြသူများ... လမ်းမတလျှောက် မြင်ကွင်းမှာ စည်စည်ကားကား…။ သူတကြိမ်မှ မကြုံဖူးသော၊ သူ လုံးဝ ထင်မှတ်မထားသော မနက်စောစော မြင်ကွင်းတွေကို ခပ်ငေးငေးကြည့်နေရင်း ဟိုတွေး သည်တွေးနှင့် သူ လမ်းဆက်လျှောက်လာခဲ့သည်။

ကောင်းကင်ပေါ်မှာ အမှောင်ထု အနည်းငယ်ရော့ပါးသွားပြီး လင်းရောင်နီသဲ့သဲ့ကို မြင်နေရပြီ။ ထိုစဉ်မှာ မလှမ်းမကမ်းက မြက်ခင်းစိမ်းစိမ်းနှင့် ပန်းခြံသေးသေးလေးမှာ လှုပ်လှုပ်ရွရွနှင့် လူတစုကို သူ လှမ်းတွေ့လိုက်သည်။ အားလုံးသော ခန္ဒာကိုယ်များက တညီတညာထဲ လှုပ်ရှားနေကြသည်ပဲ…။ သူတို့တွေ ဘာများ လုပ်နေကြပါလိမ့်ဟု သိချင်ဇောနှင့် ခပ်သွက်သွက် ဆက်လျှောက်သွားလိုက်သည်။ အနီးကို ရောက်သောအခါ လေးတွဲ့တွဲ့ သီချင်းသံကိုလည်း ကြားရသည်။ ဟော… တွေ့ပြီ… အသက်ခပ်ကြီးကြီး အမျိုးသားတွေရော အမျိုးသမီးတွေရော တရုတ်လို တိုက်ကျိ ဟုခေါ်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်နေကြသည်ကိုး...။ လှုပ်ရှားမှုကြောင့် ချွေးစို့နေသော ထိုသူတို့၏ ခန္ဒာကိုယ်များကို မြင်သောအခါ သူ ဝတ်လာသော အပေါ်ဝတ် ဂျက်ကက်လေးကို ရုတ်တရက် ငုံ့ကြည့်ရင်း ရှက်သလို ခံစားလိုက်ရသည်။

ထိုစဉ်မှာ ရောင်နီသန်းလာသော ကောင်းကင်ကြီးကို မော့ကြည့်ကာ အလိုလိုနေရင်း သူ့စိတ်တွေ နွေးထွေး ပျော်ရွှင်လာသည်။ ငှက်ငယ်လေးများ၏ ကျီကျီကျာကျာ အသံများလည်း ကြားနေရပြီ…။ ဥသြကလည်း သူဆိုနေကျ တေးချင်းကို ဆိုနေပြီ...။ ပန်းခြံလေးထဲမှ သစ်ပင်အုပ်အုပ်လေးများမှ ပန်းရနံ့တချို့ကိုလည်း ရလာသည်…။ သေချာတယ်… ဒါဟာ နေ့သစ်ပဲ…

ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ရသည့်အတိုင်း နေထွက်ရာအရပ်ကို မျက်နှာမူကာ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းရင်း သန့်ရှင်း လတ်ဆတ်သော လေနုအေးကို တဝကြီး ရှူရှိုက်လိုက်သည်။ ထိုအခိုက်အတန့်လေးမှာ ခန္ဒာကိုယ်မှာ လည်ပတ်နေသော သွေးတွေ နွေးထွေးသွားသလို ခံစားရပြီး လူက ပေါ့ပါး လန်းဆန်းလာသည်။ ထို့နောက် ခေါင်းရော ကိုယ်ကိုပါ ဘယ် ညာ အသာစောင်းငဲ့ကာ လေ့ကျင့်ခန်းလုပ်သလို လုပ်ကြည့်ရင်း သူ တယောက်တည်း အသံထွက်အောင် ရယ်မောလိုက်မိသည်။ ထို့အပြင် သူ့ကို ပြုံးစစနှင့် ကြည့်ရင်း တံမြက်စည်းလှည်းနေသော သန့်ရှင်းရေး အလုပ်သမားလေးကိုလည်း ဂွတ်မောနင်းဟု ကြည်ကြည်လင်လင် လှမ်းနှုတ်ဆက်လိုက်သေးသည်။

ဟော… အိမ်အောက်တွေမှာ၊ အိမ်ဝရန်တာတွေမှာ လင်းနေသော မီးပွင့်တွေ ငြိမ်းသွားပြီ။ ဒါဆို ၇ နာရီထိုးပြီဟု သူ သိလိုက်သည်။ ဒါဆို နောက်ထပ် အချိန်နာရီဝက်လောက် ရသေးသည်ပဲ။ ပေါ့ပါးပြီး ပျော်ရွှင်သာယာသော စိတ်အစဉ်ဖြင့် ထိုပန်းခြံသေးသေးလေးထဲမှာ လမ်းပတ်လျှောက်ရန် ဆုံးဖြတ်လိုက်သည်။ ဝတ်လာသော ဂျက်ကက်ကို ချွတ်ကာ အနီးရှိ ခုံလေးတခုပေါ် လှမ်းတင်လိုက်သည်။ ပန်းခြံကလေး၏ မနက်ခင်း မြင်ကွင်းသည် အားကစားဝတ်စုံအပြည့်ဖြင့် လမ်းလျှောက်နေသူများ၊ ခွေးပုစိလေးများကို ကြိုးတန်းလန်းဖြင့် ဆွဲကာ လမ်းလျှောက်နေသူများ၊ လေ့ကျင့်ခန်း လုပ်နေသူများဖြင့် အသက်ဝင် စည်ကားလှသည်။

နာရီဝက်ကြာ လမ်းလျှောက်အပြီးမှာ အိမ်ပေါ်ပြန်တက် ရေချိုး ကော်ဖီသောက်ကာ ရုံးသို့ ထွက်လာခဲ့သည်။ လမ်းတလျှောက်မှာ မနက်စောစောထသောကြောင့် ရရှိခဲ့သော မြင်ကွင်း အဆန်းများနှင့် အတွေ့အကြုံ အသစ်များကို ပြန်လည် တွေးတော မြင်ယောင်ရင်း ကြည်လင် လန်းဆန်းမှုများနှင့်အတူ စိတ်ရော ကိုယ်ပါ ပေါ့ပါး သွက်လက်နေသည်ကို သိသိသာသာ ခံစားရသည်။

“ငှက်တောင်မှ သာယာတဲ့သီချင်း ရွေးတတ်တာပဲ… စောစောစီးစီး စကားမများကြနဲ့… ကမ္ဘာမြေအတွက် မင်္ဂလာရှိတဲ့ အချိန်ဝယ်… လေကောင်းတွေ ရှုရှိုက်ကြ သဘာဝကို မှီဝဲကြ… ဒီနေ့သစ်ဟာ တို့ကို အင်နဲ့အား အသစ်တွေ ပေးလာမယ်…” ဟူသော သီချင်းတပိုင်းတစကို တီးတိုး ဆိုညည်းရင်း နောက်ဆိုလျှင် ညတွေမှာ စောစောအိပ်ရာဝင်ပြီး မနက် စောစောထကာ နေရောင်ခြည်တို့ဖြင့် နွေးထွေးလှပသော နေ့သစ်တွေကို ကြည်လင်စွာ ကြိုဆိုဖြစ်တော့မည်ဟု သူ့ကိုယ်သူ သေချာနေပါတော့သည်…။




Tuesday, February 14, 2012

ချစ်သူ ညနေခင်း


ကမ္ဘာလေးရေ
ရင်ခုန်သံတွေ နှိုးပေးတဲ့အတွက်
မျှော်လင့်ချက်တွေ ပျိုးပေးတဲ့အတွက်
ကိုယ့်ရဲ့ရပ်တည်ရှင်သန်ခြင်းဟာ
မင်းနဲ့သာ သက်ဆိုင်ပါကြောင်း…

ကမ္ဘာလေးရေ
နေ့တွေညတွေ ဘယ်လောက်ရှည်ရှည်
အတူနေရမယ့် အချိန်အတွက်
နိုးလျက် အိပ်မက်တွေမက်ရင်း
ပူပြင်းမှုရော အေးခဲမှုပါ
ကိုယ် ဥပေက္ခာ…

ကမ္ဘာလေးရေ
ဒီအချိန်တွေမှာ မင်းအိပ်နေပြီ
ဒီအချိန်တွေဆို မင်းနိုးနေပြီ
ကြယ်တွေဆီကတဆင့် မင်းကို လှမ်းကြည့်တယ်
နေမင်းနဲ့ပါလာတဲ့ မင်းရင်ငွေ့ကို ဝတ်ဆင်တယ်…

ကမ္ဘာလေးရေ
ဟန်ဆောင်နေကြရင်း ရေတွက်ရင်းနဲ့ပဲ
ကိုယ်နဲ့မင်း ချိုညနေခင်းဟာ ရှက်သွေးဖြာ
သာယာတဲ့ တို့အနမ်းကို
ပင်လယ်ကပဲ “ကြမ်းတယ်” လို့
အတင်းပြောသွားရတယ်ရှိသေး... ...

*** သတိတရ ရေးပေးတဲ့ ကဗျာဆရာကို ကျေးဇူးတင်ပါတယ်... :=)

Sunday, February 12, 2012

စာအုပ်စာပေ လူ့မိတ်ဆွေ

(Picture from Wiki)

စာအုပ်စာပေ လူ့မိတ်ဆွေ တဲ့…
ငယ်ငယ်လေးထဲက ကြားခဲ့ရတဲ့စကား… လူတိုင်းလည်း ပြောဖူး ကြားဖူးကြမှာပါ။ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူဘဝတုံးကဆို အဲဒီစကားနဲ့ပတ်သက်လို့ အချက်အလက်တွေရှာပြီး စာစီစာကုံးတွေ ရေးခဲ့ရတာလည်း မကြာခဏ…။ ပြီးတော့ ကိုယ်တိုင်ကလည်း စာအုပ်တွေကို လေးလေးစားစား ချစ်ခင်တတ်သူ… စာအုပ်တွေကို တကယ်ပဲ မိတ်ဆွေရင်းချာတွေလို နှစ်သက် မြတ်နိုးတတ်သူ… ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေဆိုရင် ချက်ချင်း မဖတ်ဖြစ် မဖတ်နိုင်သေးရင်တောင် ကိုယ့်အနားမှာ ကြည့်နေ မြင်နေလို့ ရအောင် ဝယ်ထားလိုက်ရမှ အလှကြည့်နေလိုက်ရမှ ကျေနပ်ချင်သူ…။ အခုတော့ အဲဒီ လူ့မိတ်ဆွေဆိုတဲ့ စာအုပ်တွေနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်နေရင်း ဒီစာကို ရေးဖြစ်တယ်…။

စင်္ကာပူနိုင်ငံရဲ့ အထင်ကရ စာအုပ်ဆိုင်ကြီးတခုဖြစ်တဲ့ အောချတ်လမ်းမပေါ်က Wheelock Place မှာ ရှိတဲ့ Borders ဆိုတဲ့ စာအုပ်ဆိုင်ဟာ ၂၀၁၁ စက်တင်ဘာလမှာ ပိတ်သွားတယ်…။ အဲဒီစာအုပ်ဆိုင်ဟာ စင်္ကာပူမှာ ကိုယ် အနှစ်သက်ဆုံးနေရာတွေထဲက တခုပါပဲ…။ အဲဒီဆိုင်ကို သွားမယ်ဆိုရင် ဆိုင်က အဲကွန်းက အရမ်းအေးလို့ အနွေးထည်ကို မဖြစ်မနေ ယူသွားရတယ်... (အနွေးထည် ပါမသွားတဲ့နေ့ဆို ဆိုင်ထဲမှာ တနာရီထက် ပိုမနေနိုင်ဘူး) ဆိုင်ထဲရောက်ရင် ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေကို ရွေးယူပြီး နေရာကောင်းကောင်းတခုမှာ စိမ်ပြေနပြေ ထိုင်ဖတ်ပေတော့ပဲ… စာဖတ်ရင်း မျက်စိတွေ ညောင်းလာရင်ဖြစ်စေ အရမ်းချမ်းလာရင်ဖြစ်စေ စာအုပ်ဆိုင်နဲ့ အတူတူတွဲဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးမှာ ကော်ဖီပူပူတခွက် သွားသောက်လို့ ရတယ်။ ပြီးတော့ သီချင်းစီဒီအသစ်တွေ၊ ဒိုင်ယာရီစာအုပ်လို မှတ်စုစာအုပ်လို အဖုံးလှလှနဲ့ စာအုပ် ပိစိ ပေါက်စလေးတွေ၊ ပိုစ့်ကဒ်လှလှလေးတွေ၊ ကော်ဖီမတ်ခွက် လှလှလေးတွေ၊ လက်ဆောင်ပေးစရာ ချစ်စရာ ပစ္စည်းလေးတွေ၊ စာရေးကိရိယာ အဆန်းအပြားလေးတွေကိုလည်း ငေးလို့ ဝယ်လို့ ရသေးတယ်။ အပြန်ကျရင် ဖတ်ချင်စရာ စာအုပ် အနည်းဆုံး တအုပ်ဖြစ်ဖြစ်တော့ ဝယ်လာနေကျ… စာဖတ်တဲ့ စာအုပ်ချစ်သူ မိတ်ဆွေ သူငယ်ချင်းတွေ ဒီကို လာလည်ရင် မဖြစ်မနေ လိုက်ပို့ဖြစ်တဲ့ နေရာတခု… နာမည်စဉ်အလိုက် စီထားတဲ့ အမျိုးအမည်စုံလင်လှတဲ့ သုတ ရသ ဆိုင်ရာ စာအုပ်တွေ၊ နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ဂျာနယ်တွေ မဂ္ဂဇင်းတွေ၊ ချစ်စရာကောင်းတဲ့ ကလေးစာအုပ် ရောင်စုံလေးတွေ… အို… စုံလို့ စုံလို့ ပါပဲ…။ အဲဒီစာအုပ်ဆိုင်က စနေနေ့ညဆို ညသန်းခေါင် ၁၂ နာရီအထိ ဖွင့်တာမို့ ကိုယ်ကတော့ စနေနေ့ညနေခင်းတွေမှာ သွားရတာကို သဘောအကျဆုံး… အခုတော့ အဲဒီဆိုင် ပိတ်သွားပြီ။

မပိတ်ခင်မှာ သူ့ဆိုင်က စာအုပ်တွေကို လျှော့ဈေးနဲ့ ရောင်းသွားတယ်… ပြီးတော့ Expo မှာလည်း Warehouse Sale လုပ်သွားသေးတယ်… အဲဒီရက်တွေတုန်းက ရုံးမှာရော အိမ်မှာပါ အလုပ်တွေ များနေတာက တကြောင်း၊ မရေမတွက်နိုင်အောင် များပြားတဲ့ စာအုပ်တွေကို ဈေးလျှော့ပြီး အစုလိုက် အပုံလိုက် ချရောင်းနေမယ့် မြင်ကွင်းကို မကြည့်နိုင်၊ ခံစားနိုင်တာက တကြောင်းတို့ကြောင့် မသွားဖြစ်ခဲ့ဘူး။

နောက်တလနေတော့ Parkway Parade က Borders ကလည်း ပိတ်တော့မှာမို့ စာအုပ်တွေကို လျှော့ဈေးနဲ့ ချရောင်းပြန်တယ်။ အဲဒီတုံးကတော့ တညနေခင်းမှာ Parkway Parade ကို ရောက်သွားဖြစ်ပါတယ်…။ အမျိုးအမည် စုံလင်လှတဲ့ စာအုပ်တွေ အများကြီးကို လျှော့ဈေးနဲ့ ချရောင်းနေတဲ့ မြင်ကွင်းကို မြင်ရ တွေ့ရတာ တကယ်ပဲ စိတ်မကောင်းစရာကြီးပါ။ များလွန်းအားကြီးပြီး တယောက်တလက် ရွေးချယ်ရင်း အစီအစဉ်မဲ့ ပျံ့ကျဲနေတဲ့ စာအုပ်ပုံတွေထဲမှာ ကိုယ် ဘာလိုချင်မှန်း မသိတော့သလို ကိုယ်လိုချင်တာကိုလည်း ဘယ်လိုရှာရမှန်းမသိ၊ ဘာဝယ်လို့ ဝယ်ရမှန်းကို မသိတော့ပါဘူး။

အဲဒီဆိုင်တွေနဲ့ ပတ်သက်လို့ ၂၀၁၁ စက်တင်ဘာလထဲမှာ Borders (USA) က တာဝန်ရှိပုဂ္ဂိုလ်က "စကာင်္ပူ သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက ဆိုင်ခွဲတွေကို တနှစ်ထက် တနှစ် ရောင်းအား သိသိသာသာ ကျဆင်းလာတာကြောင့် ဆိုင်ဖွင့်ခွင့် လိုင်စင်ကို ရုတ်သိမ်းပြီး ရက်ပေါင်း ၉၀ အတွင်း ပိတ်ရမယ်..."လို့ ပြောတာကို သတင်းမှာ ဖတ်လိုက်ရတယ်…။ စင်္ကာပူမှာ အဲဒီဆိုင်တွေ ပိတ်ဖြစ်ဖို့ ဖိအားပေးနေတဲ့ နောက်ထပ် အကြောင်းအရာတခုကတော့ ဆိုင်နေရာ အငှားခတွေ အရမ်းကြီး မြင့်သွားတာကြောင့်လို့ သိရတယ်။

အဲဒီဆိုင်တွေ ပိတ်ပြီးနောက် သိပ်မကြာခင်လပိုင်းမှာပဲ Great Wall City က Harris ဆိုတဲ့ စာအုပ်ဆိုင် ပိတ်တော့မှာမို့ စာအုပ်တွေကို ၂၀% ဈေးလျှော့မယ်လို့ ကြော်ငြာထားတာ ဖတ်လိုက်ရပြန်တယ်…။ အဲဒီနောက် မကြာခင်မှာပဲ Jurong Point က Harris ဆိုင်ခွဲလည်း ပိတ်သွားလေတယ်။

ဒါတင်ပဲလား ဆိုတော့ မဟုတ်ပြန်ပါဘူး။ ပြီးခဲ့တဲ့ တပတ်လောက်က Vivo City မှာရှိတဲ့ Page One ဆိုတဲ့ စာအုပ်ဆိုင်မှာလည်း ဆိုင်ပိတ်တော့မှာမို့ တဆိုင်လုံးမှာ ရှိတဲ့ စာအုပ်တွေကို ဈေးလျှော့တယ်လို့ စာလုံးအကြီးကြီးတွေနဲ့ ရေးထားတဲ့ ကြော်ငြာတွေကို တွေ့လိုက်ရပြန်ပါတယ်။ အဲဒီဆိုင်နဲ့ ပတ်သက်တာတွေ လိုက်ရှာဖတ်တော့ ဆိုင်ဖွင့်ပြီး ၅ နှစ်အကြာမှာ အခုလို အဆမတန် တက်သွားတဲ့ ဆိုင်အငှားစရိတ်ကြောင့် ဆက်လက် ရပ်တည်ဖို့ မဖြစ်နိုင်တော့လို့ ဆိုတာကို တွေ့ရပါတယ်။ တကယ်ပဲ စိတ်မကောင်းစရာ…။ အဲဒီ Page One ဆိုတဲ့ ဆိုင်လေးကလည်း ဆိုင်အပြင်အဆင် စာအုပ်အထားအသို အစီအစဉ်လေးတွေကအစ အလွန် ချစ်စရာကောင်းတဲ့ ဆိုင်ကလေး တဆိုင်ပါ။ အခုတော့ သူလည်း သွားပြန်ပြီ…။

အခုလို စာအုပ်ဆိုင်တွေ တဆိုင်ပြီး တဆိုင် ပိတ်သွားကြတဲ့ အဖြစ်ဟာ သေသေချာချာ တွေးကြည့်ရင် တော်တော်ကို စိတ်မကောင်းစရာပါ။ ဆိုင်တွေပိတ်ရခြင်းရဲ့ အဓိကကျတဲ့ အချက်က စာအုပ်တွေ ရောင်းအားကျလာလို့ ဆိုတော့ ဘာဖြစ်လို့ အဲဒီလို ရောင်းအားကျရတာလဲ ဆိုတာကို ကိုယ့်ဥာဏ်လေး တထွာတမိုက်နဲ့ စဉ်းစားကြည့်မိတယ်…။ လူအများစုဟာ စာမဖတ်ကြတော့လို့လား… (ဒီလိုတော့လည်း မဖြစ်နိုင်ဘူး ထင်ပါတယ်…) ဒါမှမဟုတ် စာဖတ်သူတွေဟာ စာအုပ်တွေကို အပိုင်ဝယ်မဖတ်ကြတော့လို့ လား… (ဒါတော့ ဖြစ်နိုင်ခြေရှိတယ်…) ဒါမှမဟုတ် အခုနောက်ပိုင်းမှာ ကွန်ပျူတာကတဆင့် ဖတ်လို့ရတဲ့ E Book တွေ ထွန်းကားလာတာကြောင့်လား… သွားရင်းလာရင်း အလွယ်တကူ ကိုင်ဖတ်သွားလို့ရတဲ့ စာအုပ်ရေ အများကြီး သိုမှီးထားလို့ရတဲ့ iPad တို့ Kindle တို့လို Device တွေကြောင့်များလား… (ဒါလည်း ဖြစ်နိုင်တယ်…) ဒီလိုသာဆို နောက်ကို စက္ကူနဲ့ ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်တွေရဲ့ အခန်းကဏ္ဍဟာ သိပ်များ မှေးမှိန် သေးငယ်သွားတော့မလား… စာအုပ်ဖတ်ချင်ရင် Library မှာပဲ ငှားဖတ်ကြရတော့မှာလား… … …

အဲဒီလို မဆုံးနိုင်တဲ့ အတွေးတွေအပြင် စင်္ကာပူလို နိုင်ငံသေးသေးလေးမှာ အခုလို စာအုပ်ဆိုင်ကြီးတွေ တဆိုင်ပြီး တဆိုင် ပိတ်သွားကြတာဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပေဘူးလို့ ဆက်တွေးနေရင်း ငယ်ငယ်က ရွတ်ဖတ် သင်ကြားခဲ့ရတဲ့ "စာအုပ်စာပေ လူ့မိတ်ဆွေ" ဆိုတဲ့ စကားလေးကို မကြာခဏ သတိရနေမိတော့တာပါပဲ…။




Wednesday, February 1, 2012

တို့ငယ်ငယ်တုန်းအရွယ်...

ဒီပိုစ့်က စာမရေးတာကြာတဲ့ ဘလော့ဂါတွေ စာရေးဖို့ အရှိန်ပြန်ယူကြတဲ့ ပိုစ့်လို့ ပြောရမယ်… တက်ဂ်ပိုစ့်တခုအနေနဲ့ တော်တော်များများ ရေးကြလိမ့်မယ် ထင်ပါတယ်။ ကိုယ်လည်း စာမရေးတာ သိပ်ကြာနေလို့ အရှိန်မရဖြစ်နေတာကို ဒီပိုစ့်လေးနဲ့ ပြန် အရှိန်ယူလိုက်ပါတယ်…။
တို့ ငယ်ငယ်တုန်းအရွယ် တဲ့…။


သီချင်းထဲမှာ ဆိုထားတာက “တို့ ငယ်ငယ်တုန်းအရွယ် ယောင်ပေစူးလေးတွေနဲ့ကွယ်… ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည်…” ဆိုပေမယ့် ကိုယ်ငယ်ငယ်ကတော့ ယောင်ပေစူး နဲ့ မဟုတ်ခဲ့ပါဘူး။ ဂျပန်ဆံထောက်ဆိုတဲ့ ဆံပင်ပုံမျိုးနဲ့ မှုန်အစ်အစ် မျက်နှာပေးနဲ့ပါ။ ပုဆိုးကို စလွယ်မသိုင်းခဲ့ဖူးသလို ရွာဝိုင်းပတ်လည်မှာလည်း တခါမှ မဆော့ခဲ့ဖူးပါဘူး။ တကယ်ပါပဲ… ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်တွေးကြည့်မယ်ဆို ကလေးပီပီ ခုန်ပေါက် ပြေးလွှား ဆော့ကစားတာတွေ သိပ်မလုပ်ဖြစ်ခဲ့ဘူး။ အိမ်ထဲမှာ ဆော့လို့ရသလောက် ဇယ်ခုတ်တာတို့ မန်ကျည်းစေ့ တောက်တာတို့ကို ခပ်ငြိမ်ငြိမ်ပဲ နည်းနည်းပါးပါး ဆော့ကစားခဲ့ဖူးတယ်။ အများအားဖြင့်တော့ ရွယ်တူ မိန်းကလေး ကစားဖေါ်မရှိတာမို့ စာဖတ်နေတာ များပါတယ်။ ဒါကြောင့် သုံးတန်းထဲက မျက်မှန်တပ်ရတယ် ထင်တယ်…။ ရွှေသွေး တေဇ မိုးသောက်ပန်း ဒို့ကျောင်းသား အစရှိတဲ့ အပတ်စဉ်ထုပ် လစဉ်ထုပ် ဂျာနယ်လေးတွေ ရောက်အလာကို စောင့်မျှော်ပြီး ဖတ်ခဲ့ရတယ်။ လေးတန်း ငါးတန်းလောက်မှာတော့ ကျောင်းပိတ်ရက်တွေမှာ အိမ်က စာအုပ်စင်က စာအုပ်တွေ တော်တော်များများကို ဖတ်တတ်လာတယ်။ ဂျာနယ်ကျော်မမလေး သိန်းဖေမြင့် ဆရာကြီး ရွှေဥဒေါင်း မောင်ထင်တို့ရဲ့ စာ ချိုချိုလေးတွေကစလို့ မြသန်းတင့် ဗန်းမော်တင်အောင် ဗဂျီအောင်စိုး ညွန့်ကြူး စောဦး ခင်နှင်းယု တို့ရဲ့စာတွေ အများကြီးပဲ ဖတ်ဖြစ်ခဲ့တယ်။

ကျောင်းမှာတော့ သူငယ်ချင်းတွေကစားကြတဲ့ ကစားနည်းတွေကို မတတ်တတတ်နဲ့ ဝင်ပါခဲ့ဖူးတယ်။ မိန်းကလေးတွေ အများဆုံးကစားကြတာကတော့ ထုတ်ဆီးတိုးတာပေါ့။ ကစားခုန်စားအရာမှာ ဘယ်လောက်တောင် ပါရမီနည်းသလဲ၊ အချိုးအချိတ် မပြေသလဲဆို ကိုယ်တားရမယ့်အလှည့်ဆို ဘယ်သူ့ကိုမှ မိအောင် မဖမ်းနိုင်ဘူး အကုန် လွတ်ကုန်တာပဲ။ အဲ… ကိုယ် တိုးရမယ့်အလှည့်ဆိုရင်တော့ သူတို့ မဖမ်းခင်ထဲက မိချင်နေတာရော။ သူတို့ မမိလည်း ကိုယ့်စည်းကိုယ် ပြန်နင်းပြီး ထမင်းရည်ပူလောင်နေတာနဲ့ကို ကိုယ်ပါတဲ့အသင်းက အမြဲတမ်း ရှုံးရတာပဲ။ ကြာတော့ အားနာလို့ မပါတော့ဘူး။

ငါးတန်း ခြောက်တန်းလောက်အရောက်မှာ သားရည်ကွင်းတွေကို ကြိုးဖြစ်အောင် ဆက်ပြီး ခုန်ကြတဲ့ ကစားနည်း ထွန်းကားလာပြန်တယ်။ ကျောင်းမှာ နေ့လည်ထမင်းစားချိန်တွေမှာ ထမင်းကို အမြန်ဆုံးစားပြီးတာနဲ့ သားရည်ပင် ခုန်တမ်း ဆော့ကြတယ်။ ငယ်ငယ်ထဲက သူများတွေထက် အရပ်ပိုရှည်တော့ သားရည်ပင်ခုန်ရာမှာ ကျွမ်းကျင်မှာပဲလို့ ကိုယ့်ကို သူငယ်ချင်းတွေက အထင်ကြီးကြပြန်တယ်။ အင်း… ဒူးတို့ ခါးတို့လောက်အထိတော့ ကျွမ်းကျွမ်းကျင်ကျင် ခုန်တတ်ပါတယ်။ ဒါပေမယ့် အဲဒီထက် မြင့်တာတွေကိုတော့ ဘယ်လိုမှ မကျော်လွှားနိုင်တော့ပါဘူး။ ဒီလိုနဲ့ ဒီကစားနည်းမှာလည်း ဘေးကနေ ထိုင်ကြည့်နေရတဲ့သူတယောက် ဖြစ်မှန်းမသိ ဖြစ်သွားပြန်ပါတယ်။ လိုက်တန်းပြေးတန်းကစားရင်လည်း မပြေးနိုင်တော့ အမြဲ အမိခံရတယ်၊ ကုလားမစည်းဆိုလည်း အချိုးပြေအောင်ကို မနင်းတတ်ဘူး၊ ရွှေစွန်ညိုဆိုလည်း ချက်ကျ လက်ကျ မပုန်းတတ် မရှောင်တတ်တော့ အမြဲမိတာပဲ၊ ညောင်ပင်တစ္ဆေဆိုတာ ဘယ်လိုနည်းနဲ့ ကစားရမှန်းတောင် မသိခဲ့ဘူး။ ဒါတွေကတော့ တို့ငယ်ငယ်တုန်းအရွယ်ရဲ့ ကစားခုန်စားအရာအတွက် အောင်မြင်မှုတွေပါပဲ။

ငယ်ငယ်တုန်းက အချိန်တွေအကြောင်းကို သေသေချာချာ ပြန်တွေးကြည့်မိပြီး လက်ရှိအနေအထားနဲ့ နှိုင်းယှဉ်လိုက်တိုင်းမှာ ငယ်ဘဝဟာ ရုပ်ဝတ္တုပစ္စည်းတွေ မကြွယ်ဝသော်လည်း စိတ်ချမ်းသာစရာကောင်းပြီး အလွန်အေးချမ်းတယ်ဆိုတာ ပိုသိလာပါတယ်။ မနက် ၇ နာရီဆို ရေဒီယိုမှာလာတဲ့ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ် (၁) စတာနဲ့ အိပ်ရာကထ၊ “ချိုချိုမြမြအေး တေးအလှဂုဏ်အင်… အလင်္ကာစောင်းနဲ့ ညင်သာ ပြောင်းနွဲ့ တွဲဖက်ကာပင် မင်္ဂလာအပေါင်းလည်း ပြည့်ဝကြပါစေ အမြဲရှင်… …” အစပြုတဲ့ နံနက်ချိန်ခါ တေးသံသာနဲ့ မနက်စာ စား…။ ၈ နာရီ သတင်းလာရင် ရေချိုး၊ ၈ နာရီခွဲ အင်္ဂလိပ်ပိုင်း အစီအစဉ်က သတင်းအပြီးမှာ လာတတ်တဲ့ Boney M တို့ Abba တို့ အင်္ဂလိပ်သီချင်းလေး သုံးလေးပုဒ်ကို အာရုံးစူးစိုက်... ပြီးရင် ကျောင်းသွားရတာပဲ။

ညနေ ကျောင်းက ပြန်ရောက်ရင် မေမေဈေးသွားနေတုန်း ကျောင်းကပါလာတဲ့ အိမ်စာတွေအပြီးလုပ်ထားတယ်။ ဒါမှ မေမေ ဟင်းချက်ရင် ကူလို့ရတာလေ…။ လေးနာရီကျော် မေမေ မီးဖိုချောင်ဝင်နေတဲ့ အချိန်ဟာ ရေဒီယိုက “မောင်ပြန်လာရင် အဆင်သင့် ကျွေးဖို့တကယ် ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ်… ကန်ဇွန်းရွက်ချဉ်ရည် အဆင်ပြေပါတယ် ငါးဖယ်ငါးဆုပ်ကို အကြော်နဲ့ အသုပ်ခွဲလို့…” ဆိုတဲ့ သီချင်းလာတဲ့ အချိန်နဲ့ အံကိုက်ပဲပေါ့။ သီချင်းလေး တအေးအေးနဲ့ မေမေ့ကို ဟင်းကူချက်ပြီး ငါးနာရီနီးနီးဆို ဖေဖေ ရုံးက ပြန်ရောက်လာရော…။ ရေမိုးချိုးနေရင်း ရေဒီယိုကလာနေတဲ့ စစ်သည်တို့ လိုရာတို့ တပ်မတော်စာတိုက်ခန်းကို ရောက်ရှိလာတဲ့ အမှာစာများကို ဖတ်ကြားပါတော့မယ်ရှင်တို့… တွေလည်း ကြားတချက် မကြားတချက်ပေါ့…။ ညနေ ခြောက်နာရီခွဲဆို အားလုံး စားပြီးသောက်ပြီး ဆေးကြော သိမ်းဆည်းပြီးရင် မိသားစု စုံစုံလင်လင်နဲ့ စကားထိုင်ပြော လဘက်သုပ် ပဲကြမ်းကြော်သုပ် တို့နဲ့ ရေနွေးကြမ်းဝိုင်းဖွဲ့၊ မဟုတ်ရင် လမ်းလျှောက်… ဒီလိုနဲ့ အေးအေးချမ်းချမ်း တနေ့ပြီး တနေ့ ကုန်ခဲ့ရတယ်။

အခုလက်ရှိ နေ့စဉ်အခြေအနေတွေ မှာတော့လား… မျက်စိနှစ်လုံးပွင့်တာနဲ့ ရေတန်းချိုးပြီး ရုံးသွားဖို့ ပြင်ရတော့တာ၊ ဥသြတကောင် နှစ်ကောင်ရဲ့ နေပူမရှောင် မိုးရွာမရှောင် အာခေါင်ခြစ်အော်သံကလွဲလို့ ဘာနံနက်ချိန်ခါမှ တေးသံမသာဘူး…။ အမျိုးသားကတော့ အိပ်ရာနိုးရင် သူ့ ဖေးဖရိတ် Gold 90 FM ကို ဖွင့်တတ်ပါတယ် ဒါပေမယ့် စိတ်အေးလက်အေး ခံစားနေဖို့ အချိန် မရပါဘူး။ ရေချိုးပြီးတာနဲ့ ကော်ဖီတခွက်ကို ကမန်းကတန်းမော့ပြီး အိမ်က ထွက်ကြရတယ်။ ကံကောင်းထောက်မပြီး အချိန်မှန်မှန် ပြန်ရတဲ့ ရုံးပေမို့ အိမ်ပြန်ရောက်ရင် ခြောက်နာရီခွဲ...။ မောင်ပြန်လာရင် အဆင်သင့် ကျွေးဖို့တကယ် ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ် တွေ ဘာတွေ ဘာ ဘာ ဘာမှ မရှိ… မောင် အရင်ရောက်ရင် မောင် ထမင်းချက်ပဲ…။ ကန်ဇွန်းရွက်ချဉ်ရည် လောက်တော့ အဆင်ပြေပါသေးတယ်… လာထား… (အဲဒါက လွယ်တယ်လေ)… အဲ… ငါးဖယ်ငါးဆုပ်ကို အကြော်နဲ့ အသုပ်ခွဲလို့ ဆိုတာမျိုးတော့ တာ့တာပဲ…။ အကြော်ဆို အကြော် ရှင်းရှင်းလင်းလင်း တမျိုးပဲရမယ်… ဟင်း ဟင်း ဟင်း…။

စားသောက် ဆေးကြောပြီး အောက်ဆင်း လမ်းလေး ဘာလေးလျှောက်ဖို့ ခေါ်တိုင်း လူက လုံးဝ မလှုပ်ချင်တော့လို့ မလုပ်မဖြစ် အိမ်အလုပ်လေး တိုလီမိုလီလုပ်ပြီး စာဖတ်သယောင် စာရေးသယောင် ဓါတ်ပုံတွေပဲ ပြင်သယောင်နဲ့ ကွန်ပျူတာနဲ့ မျက်နှာအပ် ဖဘမှာ အချိန်တွေကုန်… ဒီလိုနဲ့ တနေဝင် တနေထွက်… ဒီစက်ဝိုင်းကြီးထဲမှာ တလည်လည်နဲ့ပါ…။ ဒီလိုနေနေတာ Quality of Life တွေ သိပ်ကျတယ်လို့ အမျိုးသားက မကြာခဏ ပြောတတ်ပါတယ်။

အခုဆိုရင် ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်က အပေါင်းအပါတစုဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ပြီးတော့ ကိုယ့်အတ္တတွေကို ရှေ့တန်းတင်ပြီး ဆန္ဒတွေ လောဘတွေ တိုးတက်လာတဲ့ ရုပ်ဝတ္တုပစ္စည်းတွေရဲ့ ခေါ်ဆောင်ရာ နောက်ကို တကောက်ကောက်ပါအောင် လိုက်မှန်းမသိ လိုက်နေကြရင်း အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ငယ်ဘဝတွေကို ခပ်ဝေးဝေးမှာ သိသလို မသိသလိုနဲ့ ချန်ထားရစ်ခဲ့ကြပြီ…။ သီချင်းထဲကလိုပဲ… အခုများဖြင့် ကိုယ်စီ ကိုယ်စီ ကြင်ဖေါ်အသွယ်သွယ် သားရယ် သမီးရယ် နဲ့ လောကကြီးအလယ်မှာ သောကမီးနွယ်တွေနဲ့ အတူ ဘဝတိုက်ပွဲ တွေ အပြိုင်အဆိုင်နွှဲနေကြပြီ…။ အဲဒါတွေကို ကြည့်ရင်း ဟိုတွေး ဒီတွေး တွေးရင်း “ငယ်ငယ်တုန်းက တို့ဘဝအရွယ် ပျော်စရာကောင်းလို့ အောက်မေ့တယ်…” ဆိုတဲ့ သီချင်း အပိုင်းအစလေးကို ပါးစပ်ဖျားမှာ မကြာခဏ ရေရွတ်နေမိပါတော့တယ်…။

Sunday, January 8, 2012

၂၀၁၁ မှတ်တမ်း

၂၀၁၁ အတွက် ပြက္ခဒိန် စာမျက်နှာများ ကုန်သွားခဲ့ပြီး ၂၀၁၂ အတွက် စာမျက်နှာ အသစ်များ စတင်ခဲ့ပြီ။ အကြောင်းကြောင်းတွေကြောင့် နှစ်စဉ်ရေးနေကျ မှတ်တမ်းရေးဖို့ နောက်ကျခဲ့သည်။

ဒီမှတ်တမ်းလေးကို မရေးခင်မှာ ဇန္နဝါရီလဆန်းက လေးနှစ်ပြည့်သွားသော ကိုယ့်ဘလော့ဂ်လေးကို ပိုစ့်တွေရော ကော်မန့်တွေပါ အစမှ အဆုံး သေသေချာချာ တခေါက်ပြန်ဖတ်ဖြစ်သည်။ အတော်များများက ဒီအချိန်မှာ ပြန်လည်ခံစား၍ မကောင်းတော့ချေ။ အချို့သော ပိုစ့်များက ပျင်းစရာကောင်းပြီး အချို့သော ပိုစ့်များက ပေါ့ရွှတ်ရွှတ်နိုင်လှသည်။ သို့သော် တချို့သော ပိုစ့်များကတော့ ကိုယ်တိုင် သေသေချာချာ ခံစား ရေးသားထားခဲ့လေသည်မို့ အခုလို နောက်တခါ ပြန်ဖတ်ကြည့်မိသောအချိန်မှာလည်း ကျေနပ်စွာဖြင့် နှစ်သက်နေသော ခံစားမှုကို ပေးစွမ်းနိုင်သည်ကို တွေ့ရသည်။

ကုန်လွန်ခဲ့သော ၂၀၁၁ ကို ပြန်ကြည့်လိုက်လျှင် အသက် တနှစ် ပိုကြီးလာသည်ကလွဲ၍ ဘာမှ ထူးထူးခြားခြားမရှိသော နှစ်တနှစ်ဟု ပြောရလိမ့်မည်။ ပြီးခဲ့သောနှစ် ၂၀၁၀ တုန်းက စာရေးရတာ အရှိန်ကောင်းသလောက် အခု ၂၀၁၁ မှာ စာရေးလို့ သိပ်မကောင်းလှတာ သတိထားမိသည်။ သို့သော်လည်း ကိုယ်ရေးထားသော စာလေးတွေ မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ ဟိုတစ သည်တစ ပါဝင်ခွင့်ရလာတာကတော့ ဝမ်းသာစရာကောင်းလှသည်။

ဒီနှစ်ထဲမှာ အလုပ်အကိုင် စီးပွားရေး ကျန်းမာရေး လူမှုရေး ဘာအရေး ညာအရေး… အရေးအားလုံး ပုံမှန်အနေအထားမှာ ရှိကြသည်။ စိတ်ညစ်စရာ စိတ်ရှုပ်စရာ စိတ်နောက်စရာတွေ ပြောပလောက်အောင် မရှိလှ…။ မရှိဆို ကိုယ်တိုင်ကလည်း အာရုံနောက်ကျိစရာတွေနှင့် အေးအေးဆေးဆေး လွတ်လွတ်ကင်းကင်း နေခဲ့သည်။ မိဘများ၏ ကျန်းမာရေးအခြေအနေများအတွက်လည်း အတော်လေး စိတ်အေးခဲ့ရသည်။ ထို့ကြောင့် ၂၀၁၁ သည် များစွာ အေးချမ်းခဲ့သည်လေ။

သို့သော်လည်း နေ့စဉ်နှင့်အမျှ ဘာမှ ထူးထူးခြားခြားမရှိသော ဆင်တူရက်စွဲများကို ဖြတ်ကျော်နေရသောကြောင့် တခါတခါမှာ အတော်လေး ပျင်းရိငြီးငွေ့မိသည်။ ထိုအချိန်များမှာတော့ မလုပ်မဖြစ် လုပ်စရာရှိသည့် တာဝန်များ ဝတ္တရားများကို ပျင်းရိလေးတွဲစွာ လုပ်ကိုင်နေရင်း လှပစွာ ဝတ်စား ပြင်ဆင်ချင်သောစိတ်၊ လန်းဆန်း တက်ကြွသော ကြည်လင်သော စိတ်ဓါတ်များ ပျောက်ဆုံးနေတတ်သည်။ ငွေကြေးဥစ္စာများ၊ ပစ္စည်း ပစ္စယများ၊ အသုံးအဆောင်များကို မက်မော ခုံမင်စိတ်များလည်း သူ့အလိုလို လျော့ပါးနေတတ်ပြန်သည်။ အိမ်မှာနေရင်း အဝတ် နွမ်းနွမ်းလေးဝတ် ကော်ဖီခါးခါးတခွက်နှင့် စာအုပ်လေးတအုပ် ဖတ်နေရရင် ဇိမ်ပဲ… ဟု တောင့်တမိသော အချိန်တွေလည်း အတော်များများ ရှိနေခဲ့သေးသည်။ ထိုအချိန်မျိုးတွင် ငွေကြေးချမ်းသာမှု တခုတည်းနှင့် ဘဝ၏ ပြည့်စုံ ချမ်းသာမှုကို မတိုင်းတာနိုင်… ဟု ပြောလေ့ရှိသော သူငယ်ချင်းတယောက်၏ စကားကို ကြားယောင်နေမိပြန်သည်။

၂၀၁၁ ဖေဖေါ်ဝါရီက တရုတ်နှစ်သစ်ကူး ပိတ်ရက်တွေမှာ အကြောင်းမညီညွတ်၍ အိမ်မပြန်လိုက်ရသော်လည်း ဒီနှစ်ထဲမှာ ခရီးတိုလေးတွေ သွားဖြစ်ခဲ့သည်။ မလေးရှားက သမိုင်းဝင် ရှေးဟောင်းမြို့လေးတမြို့ဖြစ်သော မလ္လကာရယ်၊ နောက် "ဘ ကုန်း" နှင့်စသော နေရာ သုံးနေရာရယ်ကို ရောက်ခဲ့သည်။ (မှတ်ချက် - ဘင်္ဂလားဒေ့ရှ် မပါပါ)။ ဝေးဝေးလံလံ ထူးထူးခြားခြား နေရာဒေသများ မဟုတ်သော်လည်း ခေါက်ရိုးကျိုးနေ့ရက်များမှ ထွက်ပြေး လွတ်မြောက်ခဲ့သမျှ အချိန်နာရီတွေတိုင်းမှာ စိတ်ရော ကိုယ်ပါ သက်တောင့် သက်သာနှင့် ပျော်ရွှင်ခဲ့သည်။ ဓါတ်ပုံတွေလည်း အများကြီး ရိုက်ဖြစ်ခဲ့သည်။




လစဉ် ငွေကြေး များစွာ မပိုလျံ မစုဆောင်းဖြစ်... ရလိုက် ကုန်လိုက်နှင့် တလပြီး တလ လုံးချာလည်နေသော်လည်း ဒီနှစ် အလှူဒါန ပြုကြသူငါ အစီအစဉ်မှာတော့ အရင်နှစ်တွေကလိုပင် နာဂစ်မှာ မိဘမဲ့သွားသော ကလေးငယ် သုံးယောက်ကို ဆက်လက် မွေးစားထားဖြစ်သည်။ သူတို့အထဲမှ အကြီးနှစ်ယောက်က ဒီနှစ်မှာ ငါးတန်း ရောက်သွားပြီး အငယ်လေးက လေးတန်းရောက်ပြီ။ ပြီးတော့ လစဉ်ပုံမှန် အလှူငွေများကို ODF နှင့် ရသအလင်း ကို လှူဖြစ်သည်။ အများကြီး မဟုတ်သော်လည်း ကိုယ်တတ်နိုင်သ၍ မှန်မှန်လေး လှူရတာ စိတ်ချမ်းသာစရာ ကောင်းပါသည်။ ကြားဖြတ်အစီအစဉ်အဖြစ် ပခုက္ကူမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ ရေဘေး အလှူအတွက် တက်တက်ကြွကြွ လှုပ်ရှားခဲ့သည်။ အလှူငွေ ကောက်ခံသောနေ့ရက်များမှာ နေ့စဉ် တရိပ်ရိပ် တိုးလာသော အလှူငွေများကို တွေ့ရသော ပီတိမှာ ဘာနှင့်မျှ မလဲနိုင်အောင် ချမ်းမြေ့စရာ ကောင်းလှသည်။ သည်အလှူမှာ အလှူရှင်များလည်း စိတ်ကျေနပ်မှုရခဲ့ပြီး ကိုယ်တိုင်လည်း စိတ်ရော ကိုယ်ပါ အပင်ပန်းခံရကျိုးနပ်ခဲ့ပါသည်။ နောက်တခုကတော့ မျက်နှာစာအုပ်မှာ တွေ့လိုက်ရသော အသည်းရောဂါကြောင့် ဗိုက်ကြီး ပူနေသော ကလေးလေးအတွက် ဘလော့ဂါ မောင်နှမတွေ စုပေါင်းပြီး ဆေးကုသစရိတ် အလှူငွေတွေ ပေးပို့ခဲ့ကြသည်။ ဗိုက်ပူကြီးမဟုတ်တော့ပဲ ပုံမှန် ပြန်ဖြစ်သွားသော ကလေးလေးကို တွေ့ရသည်မှာ ဝမ်းသာစရာပင်။

လက်ရှိ အခြေအနေနှင့် အသက် အရွယ်ကြောင့် အစစ အရာရာကို ကောင်း မကောင်း သင့် မသင့် ချိန်ထိုးကာ ဝေဖန် ပိုင်းခြားနိုင်စိတ်၊ လိုအင်ဆန္ဒများ နည်းပါးလာအောင် ထိန်းသိမ်းနိုင်စိတ်၊ အမြင်မတော်သည်များကို ဥပက္ခာပြု လျစ်လျှူရှုနိုင်စိတ်၊ စိတ်တိုင်းမကျစရာများကို သည်းညည်းခံနိုင်စိတ်၊ ဖြစ်လာသမျှ အခြေအနေများကို ကောင်းကောင်း ဆိုးဆိုး ကျေကျေနပ်နပ် လက်ခံလိုစိတ်များ ပိုများလာခဲ့သည်ကို တွေ့ရပြန်တော့ ကိုယ့်ကိုကိုယ် အတန်ငယ် ကျေနပ်မိသည်။ စကားဝိုင်းများမှာ ကိုယ်သိသမျှ ကိုယ်တတ်သမျှကို အများသူငါတို့နှင့် လုယက် ယှဉ်ပြိုင် ပြောဆိုချင်စိတ်များ နည်းပါးသွားသောကြောင့် ဘာမှ မသိသူ၊ ဗဟုသုတ နည်းပါးသူ၊ ခေတ်နှင့်အညီ လိုက်မမှီသူ အူလည်လည် (သို့) မအူမလည် မိန်းမတယောက်အဖြစ် ထင်မြင် ယူဆသွားသူများကို စိတ်ထဲမှ တိတ်တိတ် ကြိတ်၍ ပြုံးရယ်နေမိသော အချိန်များ ရှိခဲ့သည်မှာလည်း အမှတ်တရပင်…။

မည်သို့ပင်ဖြစ်စေ အစစ မျှတခဲ့သော ၂၀၁၁ ကို ကျေကျေနပ်နပ် လက်ပြ နှုတ်ဆက်လိုက်သည်။ အခု ရောက်ရှိနေသော ၂၀၁၂ အတွက်ကိုတော့ ဘာဆု ညာဆုတွေ လောဘတကြီး တောင်းမနေချင်တော့ပါ။ သင့်တင့်မျှတသော လက်ရှိ အနေအထားလေးအတိုင်း စိတ်ရော ကိုယ်ပါ ဝေဒနာ ရှင်းရှင်း သောက ကင်းကင်းဖြင့် နေထိုင်သွားနိုင်လျှင် တော်ပြီဟု တွေးနေမိသည်။ စာတွေ ဖတ်မည်… စာတွေ ရေးမည်… ဓါတ်ပုံတွေ ရိုက်မည်… သီချင်း နားထောင်မည်… အားလပ်ရက်တွေမှာ အိမ်မှာ နားနားနေနေ နေမည်… အဆင်ပြေလျှင် နီးနီးနားနား ခရီးတိုလေးတွေ သွားမည်… မိသားစုနှင့် မိဘ ညီအကို မောင်နှမများ သူငယ်ချင်း မိတ်ဆွေများကို အဆများစွာ ပိုတိုး၍ ချစ်ခင်မည်… သို့ဆိုလျှင် ကိုယ် ပိုင်ဆိုင်သော ၂၀၁၂ သည် ပျော်စရာကောင်းမှာ သေချာနေပြီ မဟုတ်ပါလား…။