၂၀၀၉ က စပြီး နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရွှေပြည်ဝေးတို့ရဲ့ သင်္ကြန်အချိန်အခါကို ကျရောက်လာပြန်ပါပြီ…။ ဒီနှစ်အတွက်တော့ ရွှေပြည်ဝေးသင်္ကြန် မဏ္ဍပ်ကို (နောက်နှစ်တွေအတွက်ပါ ရည်ရွယ်ပြီး) နေရာ အတည်တကျနဲ့ ဒီမှာ ဖွင့်လိုက်ပါတယ်…။ ဒီအွန်လိုင်းသင်္ကြန်မဏ္ဍပ်လေးမှာ သီချင်း သံချပ် စတဲ့ သင်္ကြန်ရာသီစာလေးတွေနဲ့အတူ သင်္ကြန်နဲ့ ပတ်သက်တဲ့ အငွေ့အသက်လေးတွေကို အတတ်နိုင်ဆုံး ဖြည့်စွက်ထားပါတယ်။
ပြီးတော့ ဒီနှစ်သင်္ကြန်မှာလည်း အရင်နှစ်တွေကလိုပဲ ရွှေပြည်ဝေးမှာ ပျော်ပျော်ပါးပါး သံချပ်ထိုးကြဖို့ စီစဉ်ထားပါတယ်… ဒါကြောင့် ဝါသနာပါတဲ့ ညီအကို မောင်နှမတတွေ တတ်နိုင်သမျှ ရေးဖွဲ့ပြီး ဒီမဏ္ဍပ်လေးမှာ သံချပ်လာထိုးကြပါ… လို့ ဖိတ်ခေါ်ပါတယ်။
နောက်ပြီး သင်္ကြန်ရက်တွေမှာ အိမ်မှာ အထူးတလည် လုပ်စားဖြစ်တဲ့ သင်္ကြန်မုန့်တွေ၊ သင်္ကြန်နဲ့ ပတ်သက်တဲ့ ဓါတ်ပုံ ပန်းချီတွေ၊ ကဗျာစု စာစု... စတာတွေကိုလည်း shwepyiway@gmail.com ကို ပို့ပေးနိုင်ပါတယ်။ အဲဒါတွေကိုလည်း မဏ္ဍပ်မှာ နေ့တိုင်း အချိန်နဲ့ တပြေးညီ Update လုပ်ပေးပါ့မယ်။
ဒီသင်္ကြန်မဏ္ဍပ်လေးဖြစ်လာဖို့ စတင်အကြံပြုခဲ့တဲ့ Former မဏ္ဍပ်ပိုင်ရှင် - ကိုဘလူးစကိုင်း BlueSky Forest နဲ့တကွ စာစု ကဗျာ ကာတွန်း စတဲ့ ပိုစ့်တွေကို အသုံးပြုခွင့်ပေးတဲ့ ဘော်ဒါတွေကို ကျေးဇူးတင်ပါတယ်။ မတ်လဆန်းထဲကစပြီး အလုပ်များနေလို့ စိတ်ရော လူရော မအားတဲ့ကြားက ဒီမဏ္ဍပ်လေး အချိန်မီဖြစ်လာအောင် တော်တော်လေး အချိန်လုပြီး ကြိုးစားလိုက်ရပါတယ်။ ဒါကြောင့် ဒီမဏ္ဍပ်လေးနဲ့ ပတ်သက်လို့ လိုအပ်တာတွေရှိခဲ့ရင် ထောက်ပြ ပြောဆို ဝေဖန် အကြံပြုပေးသွားဖို့နဲ့ အတူ မဏ္ဍပ်လေးကို ပျော်ပျော်ပါးပါး အလည်လာဖို့ ၂၀၁၂ ခုနှစ် အတာသင်္ကြန်ကို ဆင်နွှဲဖို့ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုက်ပါတယ်..။
See you there…
ဒီနေ့ဟာ အများပြည်သူများ မျှော်လင့်စောင့်စားနေကြတဲ့ သောကြာနေ့ အခါသမယကြီး ဖြစ်ပေတာမို့ အလိုလိုနေရင်း စိတ်လက် ကြည်သာရှိတဲ့ အားလျော်စွာ ညနေစာကို Vivo City မှာ စားပြီး Resort World Sentosa မှာ ပြနေတဲ့ Crane Dance ဆိုတာကြီးကို သွားကြည့်ဖြစ်ပါတယ်။
ညစာစားပြီးတော့ Crane Dance ကို ကြည့်ဖို့ Vivo City ကနေ Sentosa Boardwalk တလျှောက် လေတဖြူးဖြူးနဲ့ အသက်ဝဝရှုရင်း လမ်းလျှောက်ပါတယ်။ (အဲဒီမှာ စ တွေ့တာပဲ...) လမ်းတလျှောက်မှာ ရေပြင်ကျယ်ဖက်ကို မျက်နှာမူရင်း တိုင်တန်းနစ်က ဇာတ်ဝင်ခန်းကို အပီအပြင် သရုပ်ဖေါ်နေကြတဲ့ မောင်နှံစုံတွဲတွေ အများကြီးပဲ…။ တခုပဲ မတူတာ... တိုက်တန်းနစ်မှာ မင်းသားနဲ့ မင်းသမီးက လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းထားတယ်... သူတို့ကတော့ ဟိုးအရင်က မြန်မာ့ရုပ်ရှင်ဆင်ဆာအဖွဲ့ရဲ့ စည်းကမ်းအရဆို ဒီအခန်း ဖြတ်… ဒီအခန်းဖြတ်… ဆိုတဲ့ သရုပ်ဆောင်ချက်တွေနဲ့ပေါ့…
ဒီလိုနဲ့ ဆက်လျှောက်လာရင်း နောက်ထပ် ဒီအခန်း ဖြတ်တွေ… အများကြီး ထပ်တွေ့ပါသေးတယ်။ (မရောက်တာကြာတော့ ပြောင်းလဲ ဆန်းသစ်နေကြပုံများ...) ဒါပေမယ့် အဲဒီ Sentosa Boardwalk တလျှောက်မှာ စိတ်ချမ်းသာစရာ ကောင်းသွားတာက ဆေးလိပ်မသောက်ရ ဆိုတဲ့စည်းကမ်းကြောင့် အသက်ကို အားရပါးရ ရှုခွင့်ရတာပါပဲ…။ လမ်းဆုံးတော့ တယောက်ကို တကျပ်တိတိပေးပြီး RWS ထဲကို ဝင်ရပါတယ်။ အရင်က နှစ်ကျပ်ပေးရတာ မှတ်မိတယ်။ ခုတော့ တဝက်ဈေးဖြစ်သွားတယ်။ ပြီးတော့ Crane Dance ပြမယ့်နေရာကို ရောက်ပါတယ်။ တတိယမြောက် အတန်းမှာ နေရာရပါတယ်… ထိုင်ပါတယ်…။ ပွဲစဖို့ကို ဟိုကြည့် ဒီကြည့်နဲ့ စောင့်မျှော်ပါတယ်။
အဲဒီအချိန်မှာပဲ ဘေးချင်းကပ်ထိုင်နေတဲ့ စုံတွဲတတွဲကြောင့် နှစ်ပိုင်း တပိုင်း ရုပ်မြင်သံကြား ကြည့်လိုက်ရပါတယ်။ ဘေးချင်းကပ်ဆိုတော့ မျက်စိထောင့်မှာ လာပေါ်သမျှသာ ဖြတ်ကနဲ ဖြတ်ကနဲ မြင်ရပြီး အသံတွေကတော့ ပီသ ကြည်မြစွာ ကြားနေရလို့ နှစ်ပိုင်း တပိုင်း ရုပ်မြင်သံကြား လို့ ပြောရတာပါ။ တကယ်တော့ စုံတွဲလို့သာဆိုလိုက်ရတယ် သူတို့ဟာ တကယ့်စုံတွဲအစစ်တွေတော့ ဟုတ်ဟန်မတူသေးပါဘူး။ (ဆက်ရေးပြပါ့မယ်… ပရိသတ်ကြီး စိတ်နည်းနည်း ရှည်ပေးကြပါ...)
ရုပ်ရှင်တွေထဲကလိုပဲ ကောင်လေးက ကောင်မလေးလက်ကို ကိုင်ချင်လို့ အကွက်ထွင်တဲ့ အခန်းကနေ စပါတယ်…။ မင်း လက်ချောင်းလေးတွေက သေးသေးလေးတွေနော်… ကလေးလက်လေးတွေလို နုနုလေးတွေ နေမှာပဲ… လို့ ဆိုလိုက်တော့ ကောင်မလေးက လက်ကို လိုးရှင်းလိမ်းတဲ့အကြောင်း ပြောပါတယ်။ ကောင်လေးဟာ လိုးရှင်းဆိုတဲ့ စကားလုံးကို သူ့တသက်မှာ တခါမှ မကြားဖူးသလို အထူးတဆန်း တအံ့တသြတွေ ဖြစ်ဟန် ပြပါတယ်။ ဘယ်လိုအချိန်မှာ လိမ်းရတာလဲ… ဘယ်ဆိုင်တွေမှာ ရောင်းတာလဲ… ပုလင်းလိုက် ဝယ်ရတာလား… စသဖြင့် တီတီတာတာနဲ့ မေးခွန်းတွေ ထုတ်ပါတော့တယ်။ အဲဒီအချိန်မှာ လာရင်းကိစ္စဖြစ်တဲ့ Crane Dance က စတင် ကပြ အသုံးတော်ခံပါတော့တယ်… (ဟင်း…. ကောင်းခန်းရောက်နေကာမှ…)
Crane Dance ကပြဖို့ ဘယ်ဖက်က စက်ရုပ် Crane က တဖြည်းဖြည်းချင်း ခေါင်းထောင်လာပါတယ်။ သို့သော် ခေါင်းကို မတ်မတ်မထောင်ရသေးခင် လမ်းခုလတ်မှာပဲ အဲဒီ Crane ဟာ အနောက်နားကနေ မီးခိုးတွေ တအူအူထွက်ပြီး Crane နာကြီး လည်လိမ်သွားသလို မျက်လုံး အပြူးသားနဲ့ လိမ်ဖယ်ဖယ် အနေအထားမှာ ဂန့်သွားရှာပါတယ်။ ပုံထဲမှာ ကြည့်ပါ။ ကင်မရာ ပါမသွားလို့ ဖုန်းနဲ့ ရိုက်လာပါတယ်။ (အဆင်မပြေဘူး အချစ်ရေ…)
စပီကာကြီးတွေကတဆင့် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် Crane တွေရဲ့ ကပြမှု အစီအစဉ် နည်းနည်း နောက်ကျမယ်လို့ ထပ်တလဲလဲ ကြေငြာပါတယ်။ (ကိုယ်နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်…) မကြာခင်အချိန်မှာပဲ ကမ်းစပ်ကနေ မော်တော်ဘုတ်လေးတစီး ကမူးရှုးထိုးနဲ့ Crane တွေနား ရောက်လာတာ တွေ့လိုက်ပါတယ်။ စက်လာပြင်တာလို့ ထင်ပါတယ်...။
ဒီအချိန်မှာပဲ ဘေးက စုံတွဲရဲ့ လိုးရှင်း အစီအစဉ် ပြန်လည် စတင်ပါတော့တယ်။ ကောင်မလေးဟာ သူ့အိပ်ထဲမှာပါလာတဲ့ လိုးရှင်းဘူး ခပ်သေးသေးလေးကို ထုတ်ပြပါတယ်။ ပြီးတော့ ကိုယ်တိုင် လိမ်းပြပါတယ် (လက်ကို လိမ်းပြတာပါ) ကောင်လေးက သူလည်း လိမ်းကြည့်မယ်ဆိုပြီး သူ့လက်ဖဝါးပေါ်ကို လိုးရှင်းတွေ ညှစ်ထည့်ပါတယ်။ အချိန်အဆ မသိတော့ ညှစ်လိုက်တာ အများကြီး ထွက်လာပါတယ်... ကောင်လေးက အဲဒီ တခဏမှာပဲ အကြံရပြီး စိတ်ပြောင်းသွားဟန်တူပါတယ်…။ သူ့လက်ကို ကောင်မလေးရှေ့ ထိုးပေးပြီး အဲဒီလိုးရှင်းတွေကို လိမ်းပေးဖို့ ပြောပါတယ်…။ ကောင်မလေးကလည်း မလိမ်းပေးနိုင်ဘူးလို့ ငြင်းနေတော့ သူ့မှာ လက်ဖဝါးပေါ် လိုးရှင်း တပုံနဲ့ လက် တဖြန့်ဖြန့်နဲ့ ဖြစ်နေပါတော့တယ်။ (ငါ့နှယ့်နော်… သေတော့မှာပဲ…)
မကြည့်လည်း မြင်နေရ၊ နားမထောင်လည်း ကြားနေရတော့ အတော်လေး နေရထိုင်ရ ခက်ပါတယ်။ နေရာပြောင်းဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်တာကြောင့်ရော ရောက်ပြီးမှတော့ Crane Dance ဆိုတာကို ကြည့်ဖြစ်ချင်တဲ့စိတ်ကြောင့်ရော သည်းခံပြီး ဆက်ထိုင်နေရပါတယ်။ မီးခိုးလုံးတွေ ငြိမ်သွားပြီး စက်လာပြင်တဲ့ Boat လေး ပြန်လည် ထွက်ခွာသွားတာ တွေ့လိုက်တော့ အခြေအနေ ပြန်ကောင်းပြီလို့ မျှော်လင့်ရပါတယ်။ (ကြည့်ရန်… အသင့်ပြင်…)
ဆူဆူညံညံ တီးလုံးသံနဲ့အတူ မျက်လုံးပြူးပြူး နှုတ်သီး ချွန်ချွန်နဲ့ Crane နှစ်ကောင် ထလာပါတယ်။ လက်စသတ်တော့ Crane Dance ဆိုတာ Crane နှစ်ကောင်ရဲ့ ရင်ဘတ်နေရာမှာ LCD Screen ကြီး တပ်ပြီး တီဗွီ ပြတာပဲကိုး…။ ဘေးတဖက်တချက်က ရေပန်း ဖွာဖွာတွေက Crane တွေရဲ့ အတောင်ပံတွေ အယောင်ဆောင်လို့ပေါ့…။ ဘာမဟုတ်တဲ့ ဒီပွဲလေးတပွဲလည်း တယောက်တကျပ်နဲ့ လူ လေး ငါး ထောင်ဆို ပိုက်ပိုက် လေး ငါးထောင် ရမှာပါပဲ…။ စီးပွားရှာတဲ့နေရာမှာတော့ တကယ်ကြီးကို တော်ပါပေတယ်...။
ပွဲပြီးခါနီးမှာ မျက်စိထောင့်ကနေ ရိပ်ကနဲ မြင်လိုက်ရတာကတော့ ကောင်လေးရဲ့ လက်ဖဝါးထဲက လိုးရှင်းတွေဟာ ဒီတိုင်း အပုံလိုက်လေးပါပဲ… (အင်း… မပြေလည်ကြသေးဘူးကိုး)
Crane Dance ရဲ့ အဆုံးမှာ အစဉ်အလာမပျက် မီးရှုးမီးပန်း အနည်းငယ် ဖေါက်ပါတယ်။ ရွှေပွဲလာတွေဟာ အဲဒီမီးပန်းတွေကို တခါဘူးမှ မမြင်ဖူးသည့်အလား… Wow… Wow… တွေ အခါတသိန်း အော်ကြပြီး ပွဲကို အဆုံးသတ်ပါတယ်။ အဲ… ဘေးနားက ကောင်လေးကတော့ ကောင်မလေးကို ဘယ်လိုမှ ပြောလို့ရပုံမပေါ်ဘူး… ပါးစပ်ကလည်း မင်း… သိပ်သိပ်ဆိုးတယ်… မင်း… နောက်မှ သိမယ်… ဘာဘာ ညာညာတွေ ရေရွတ်ရင်း သူ့လက် အချင်းချင်း ပွတ်ပြီး လိုးရှင်းလိမ်းခြင်းအမှုကို ပြုလိုက်ပါတယ်…။ (တော်ပါသေးရဲ့… ပွဲလည်း အပြီး လိုးရှင်းလိမ်းတာလည်း ပြီး..)
အဲဒီနောက်တော့ လာလမ်းအတိုင်း Sentosa Boardwalk တလျှောက် လမ်းပြန်လျှောက်ရင်း Vivo ကို ပြန်လာခဲ့ပါတယ်။ အသွားတုန်းကထက် ပိုများတဲ့ တိုက်တန်းနစ် စုံတွဲတွေကို တွေ့ခဲ့ပါသေးတယ်။ (ဖြတ်… ဖြတ်… ဒီအခန်း ဖြတ်…)
ပြီးတော့ Vivo City ကနေ အိမ်ပြန်လာခဲ့ပါတယ်။ အိမ်ရောက်ရောက်ချင်း ဒီစာကို ရေးပါတယ်။ ဒါနဲ့ နေပါအုံး... ဘေးကစုံတွဲက ဘာလူမျိုးလဲ… ဟုတ်လား… မေးချင်သလောက် မေး… လုံးဝ ပြောမပြဘူး… အသေသတ်…။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ကျွန်မ အမှားတခု ပြုခဲ့မိပါတယ်။ အဲဒီအမှားကတော့ မစဉ်းမစား မဆင်မခြင်နဲ့ ရှေ့ရှေ့နောက်နောက် မတွေးပဲ ဘယ်သူ့ကိုမှ မတိုင်ပင်ပဲ ကြက်တူရွေး တကောင် မွေးခဲ့ခြင်းပါပဲ…။
သူ့ကို ကျွန်မ စတွေ့တော့ အိမ်ခြံဝက ပန်းအိုးလေး အနားမှာပါ။ ကြည်လင်တောက်ပပြီး ဝိုင်းစက်နေတဲ့ မျက်လုံးလေးရယ်၊ မိုးစိုနေလို့ ကပ်နေတဲ့ စိမ်းဝါဝါအရောင် အမွေးနုနုလေးတွေရယ်က သူ့အပေါ် ချစ်ခင်စိတ်ရော သနား ကြင်နာလိုစိတ်ကိုပါ နှလုံးသားထဲအထိ အရောက် ပေးစွမ်းနိုင်ခဲ့တာကိုး…။ ချမ်းလို့ တုန်ယင်နေတဲ့ အဲဒီ ကြက်တူရွေးလေးကို တယုတယနဲ့ ကျွန်မ အခန်းလေးထဲကို ခေါ်လာမိတယ်။ သူကလည်း မငြင်းမဆန် လိုက်လာခဲ့တယ်။ ပထမတော့ သူက ကျွန်မကို မရဲတရဲနဲ့ အကဲခတ်နေပါသေးတယ်… ခဏကြာတော့မှ ကျွန်မဆီမှာ သူ့ကို ရန်မူမယ့် ဒုက္ခပေးမယ့် အရိပ်အယောင်တွေ မတွေ့ရတာမို့ စိတ်ချလက်ချ ရှိသွားပုံပါပဲ…။ မျက်နှာသုတ်ပုဝါ ခပ်ပါးပါးတခုယူပြီး သူ့ကိုယ်ပေါ်က ရေတွေကို သုတ်ပေးမိတယ်။ နောက်တော့ အပူငွေ့နွေးနွေးလေးနဲ့ မှုတ်ပေးရင်း သူ့အမွေးလေးတွေကို သွေ့ခြောက်စေခဲ့ပါတယ်။ အနွေးဓါတ်ကြောင့် သူ့ကိုယ်ပေါ်က အမွေးလေးတွေ ပြန်ဖွာလာတဲ့အခါမှာ သူလည်း အတော်လေး နေသာထိုင်သာ ရှိသွားပုံပေါ်တယ်… အသံအစ်အစ် ခပ်တိုးတိုးလေး တချက် ထွက်လာတယ်။ အဲဒီ အခိုက်အတန့်လေးမှာ ဝမ်းသာ ပျော်ရွှင်စိတ်နဲ့ ကျွန်မ အသံထွက် ရယ်မောလိုက်မိပါတယ်။
ပြူတင်းပေါက် ဘောင်ပေါ်မှာ နားနေရင်း မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကျွန်မကို ကြည့်နေတဲ့ ကြက်တူရွေးလေးကို ကျွန်မလည်း မမှိတ်မသုန် ထိုင်ကြည့်နေမိတယ်။ တဆက်တည်းမှာပဲ အသက်ရှိတဲ့ ငှက်ကလေးတကောင်ရဲ့ သတ္တဗေဒ တုန့်ပြန်မှုတွေနဲ့အတူ သူတို့ရဲ့ ပြုမူနေထိုင်ပုံ၊ သူတို့ရဲ့ သဘာဝလေးတွေကို သိချင်လာမိတယ်။ ဒါကြောင့် ဒီကြက်တူရွေးလေးကို အဖေါ်အဖြစ် မွေးထားဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကိစ္စအတွက် ကျွန်မ ဘယ်သူ့ကိုမှ တိုင်ပင် ညှိနှိုင်းစရာ မလိုအပ်ခဲ့ပါဘူး။
သူ့ကို မွေးမယ်ဆိုတော့ သူနဲ့ လိုက်လျောညီထွေဖြစ်တဲ့ နေစရာ နေရာလေးတခု ရှာဖွေရတယ်… သူစားလို့ရတဲ့ အစားအစာလေးတွေ ပြင်ဆင်ရတယ်။ သူက ကျွန်မစားတဲ့ ပေါင်မုန့်ကို မကြိုက်ဘူး။ ဆန်စေ့လေးတွေကိုတော့ စားတယ်။ တခါက ကျွန်မ သောက်လက်စ ဖန်ခွက်ထဲက ဝိုင်နည်းနည်းကို သူ့နှုတ်သီးလေးနဲ့ ထိုးသောက်နေတာ တွေ့လိုက်ရတော့ အံ့သြတကြီး ဖြစ်သွားရသေးတာ…။ ဝိုင်အနီရဲ့ အရှိန် ခပ်ထွေထွေနဲ့ သူ ဘာတွေ ရေရွတ်မလဲ ဘယ်လို လှုပ်ရှားမလဲလို့ သတိထား စောင့်ကြည့်ပေမယ့် သူကတော့ ဘာမှ မမှားသလို အေးအေးဆေးဆေးပဲ… သူ့အတွက် ပေးထားတဲ့ လှောင်အိမ်လေးထဲ ပြန်ဝင်ပြီး ငြိမ်သွားလေရဲ့…။
အချိန်တွေကြာလာတာနဲ့ အမျှ ကျွန်မနဲ့ အဲဒီကြက်တူရွေးလေးဟာ ပိုပြီး တွယ်တာလာခဲ့ကြတယ်။ ကျွန်မ အလုပ်သွားဖို့ အိမ်ကထွက်ရင် ကျွန်မရဲ့ လက်ဖျားလေးမှာ နားလို့ နှုတ်ဆက်တတ်တယ်။ ညနေ ကျွန်မ အလုပ်က ပြန်တဲ့အချိန်တွေမှာ သူက အခန်းဝက လှောင်အိမ်လေးထဲကနေ အသံတမျိုးနဲ့ ခပ်တိုးတိုး နှုတ်ဆက်လေ့ရှိတယ်။ ကြက်တူရွေးတွေဆိုတာ စကားပြောတတ်တယ် စကားသင်လို့ရတယ်… လို့ ပတ်ဝန်းကျင်က လူတွေက ပြောကြပါတယ်။ ဒါပေမယ့် သူ့ကို ကျွန်မ စကားမသင်ဖြစ်ခဲ့ဘူး။ စကား များများပြောတတ်တဲ့သူတွေကို ကျွန်မ မကြိုက်တတ်သလို လူ ထူထူ စကားဝိုင်းတွေမှာ နှုတ်နည်းတတ်တဲ့ ကျွန်မက ကြက်တူရွေးလေးကိုတော့ စကားတွေ တော်တော်များများ ပြောဖြစ်ခဲ့တယ်။ တနေ့တာ ခံစား တွေ့ကြုံခဲ့ရသမျှတွေကို သူနားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ တတွတ်တွတ်နဲ့ ပြောပြနေမိတယ်။ တခါတခါ သူ့ရဲ့ မျက်လုံးလေးတွေထဲမှာ ကျွန်မကို မျှဝေခံစား နားလည်တဲ့ အရိပ်အရောင်လေးတချို့ တွေ့လိုက်ရရင် ကျွန်မ ဝမ်းသာမဆုံးပါပဲ…။
ဒီလိုနဲ့ အနေကြာလာတော့ ကျွန်မဘဝရဲ့ တချို့အချိန်တွေမှာ သူ့အပြင် ဦးစားပေး၊ အလေးထားစရာ အရေးပေးဆောင်ရွက်စရာ ကိစ္စတွေ ရှိလာတယ်။ အဲဒီအခါမှာ သူ့ကို ဟိုးအရင်ကလောက် အရေးတယူ မပြုဖြစ်တဲ့ အချိန်တွေ ရှိလာတယ်။ တခါတခါမှာ သူ့ကို တယောက်တည်း အိမ်မှာထားခဲ့ရင်း ကျွန်မ မရှိတုန်း အဝေးကိုများ ထွက်ပြေးသွားလေမလား လို့ ကြောင့်ကြနေရတဲ့ ပူပန်သောကမျိုးရှိနေတတ်သလို တခါတလေကျပြန်တော့လည်း စိတ်လက်မကြည်သူတဲ့အလျောက် သူ့အပေါ် အရင်ကလို တယုတယ မနေဖြစ်ပဲ စိတ်မရှည်ဖြစ်မိတာ၊ ဖာသိဖာသာ နေမိတာ ဝန်ခံရမှာပါ။ ဒါပေမယ့် သူ့ကို ကျွန်မ သိပ်ချစ်ပါတယ်။ အနေကြာလာတာနဲ့ အမျှ သူ့အပေါ် တွယ်တာခဲ့တဲ့သံယောဇဉ်ကြိုးဟာ အလွန်တရာ မြဲမြံ ခိုင်မာနေမှန်း ကိုယ့်ကိုကိုယ် သတိထားခဲ့မိပါတယ်။
အဲဒီနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ သူက ကျွန်မကို စိတ်တိုတတ်လာတယ်။ အရင်ကလို ကျွန်မအနားကိုလည်း မလာတော့ဘူး။ သူ့အနားကပ်သွားရင် သူ့အသံ အစ်အစ်လေးနဲ့ စကားမဆိုတော့ဘူး။ အသံခပ်သြသြနဲ့ ကျွန်မကို မလိုလားသလို ကျယ်လောင်စူးရှစွာ အော်တတ်လာတယ်။ မျက်လုံးအကြည့်တွေကလည်း အရင်ကလို ကြည်ကြည်လင်လင် မဟုတ်တော့ဘူး။ စူးစူးရဲရဲနဲ့ မနှစ်သက်တဲ့ အရောင်တမျိုး တောက်ပနေတယ်။ အစာကျွေးတဲ့အချိန်တွေမှာလည်း စိတ်ပါမှ စားတယ်… အရင်ကလို ကျွန်မ လက်ဖဝါးထဲကနေ ယူမစားတော့ဘူး။ အတင်းကျွေးပြန်ရင်လည်း ကျွန်မကို နှုတ်သီးနဲ့ ဆိတ်တော့ ထိုးတော့မလို လုပ်တတ်တယ်။ ကျွန်မ အလုပ်သွား အလုပ်ပြန်ချိန်တွေမှာလည်း အရင်ကလို လှိုက်လှိုက်လှဲလှဲ မကြိုဆိုတော့ဘူး… သံသယတခုခုနဲ့ မနှစ်မြို့သလို မျက်နှာလွှဲနေတတ်တယ်။ ကျွန်မ သူ့ကို စကားတွေပြောနေပေမယ့်လည်း အရင်ကလို မျက်လုံးဝိုင်းလေးနဲ့ နားမထောင်နေတော့ပဲ သူ့ဟာသူ ဟိုလျှောက် ဒီလျှောက်နဲ့…။ အဆိုးဆုံးကတော့ သူ ကျွန်မလက်ကနေ လွတ်မြောက်ဖို့၊ ကျွန်မကို ထားပစ်ခဲ့ဖို့ အချိန်ရှိသ၍ ကြိုးစားနေတာပါပဲ…။
အဲဒါကို သတိထားလိုက်မိတဲ့အချိန်မှာ ကျွန်မ တကယ်ကို ဝမ်းနည်းသွားခဲ့ပါတယ်။ သူ့ကို လွတ်လွတ်လပ်လပ် ပျံသန်းခွင့် ပေးလိုက်ဖို့လည်း ကျွန်မ အကြိမ်ကြိမ် စဉ်းစားနေခဲ့ပါတယ်။ ဒါပေမယ် ကျွန်မက အတ္တကြီးတယ် ပိုင်ဆိုင်လိုစိတ် ကြီးမားတယ် လို့ပြောရမလားပဲ…။ သူ့ရဲ့ လှောင်အိမ်တံခါးကို အချိန်တိုင်း သော့ခတ်လို့ သူ့ကို နှောင်ဖွဲ့ ထိန်းချုပ်ထားဖို့ ကျွန်မ မတရားသဖြင့် (တကိုယ်ကောင်းဆန်ဆန်) ကြိုးစားခဲ့ပါတယ်…။ ဒါပေမယ့်…
ဒါပေမယ့်… နောက်ဆုံးမှာတော့ ကျွန်မ စိတ်ကို နည်းအမျိုးမျိုးနဲ့ နှစ်သိမ့်ပြီး လပေါင်းများစွာ လက်ပွန်းတတီး အဖေါ်ပြုခဲ့တဲ့ သူ့ကို လှောင်အိမ်တံခါးကို အသာဖွင့်လို့ လွတ်လပ်စွာ ပျံသန်းခွင့် ပေးလိုက်ပါတယ်…။ ကျွန်မကို နှုတ်ဆက်သလို အသံတမျိုးပေးပြီး နောက်ကို တချက်ကလေးမှ လှည့်မကြည့်ပဲ ဟိုး မိုးကောင်းကင် အမြင့်ကြီးဆီကို တဟုန်ထိုး ပျံဝဲသွားတဲ့ ကြက်တူရွေးလေးကို ကြည့်ရင်း နာကျင်ခံခက်တဲ့ ဝေဒနာတခုနဲ့ အတူ ကျွန်မ အခန်းလေးထဲမှာ ဝမ်းနည်းစွာ ကျန်နေရစ်ခဲ့ပါတယ်။ သူ့ကို လိုတာထက်ပိုပြီး တွယ်တာမိခဲ့တဲ့ ကျွန်မ… သူ့ကို သဘာဝနဲ့ ကင်းဝေးနေစေပြီး လှောင်အိမ်လေးထဲမှာ ဖမ်းဆီး ချုပ်နှောင်ထားခဲ့မိလို့များ ကျွန်မကို စိတ်နာသွားတာလားလို့ နောင်တတွေ တလှေကြီးနဲ့… နောက်ဆုံးမှာတော့ အရာရာဟာ ကျွန်မရဲ့ ဆင်ခြင်မှုကင်းမဲ့တဲ့ အမှားတွေကြောင့်လို့ ကိုယ့်ကိုကိုယ်ပဲ အပြစ်ပုံချလိုက်ပါတယ်…။
ဘဝမှာ ကျွန်မကို နာကျင်ခံခက်စေပြီး ထိခိုက်ခံစားရစေတဲ့ လုပ်ရပ် အမှားတခုကို ပြပါဆိုရင် မစဉ်းမစား မဆင်မခြင်နဲ့ စိတ်နောက် ကိုယ်ပါ ကြက်တူရွေး တကောင် မွေးခဲ့ခြင်းပါပဲ…။ ဒါပေမယ့်လည်း တချိန်ချိန်မှာ သူ မျက်စိလည် လမ်းမှားလို့ပဲ ဖြစ်စေ… မိုးရေတွေ စိုစိုရွှဲလာလို့ပဲ ဖြစ်စေ… ကျွန်မကို သတိရ လွမ်းဆွတ်လို့ပဲ ဖြစ်စေ… ကျွန်မအနားကို သူ ပြန်ရောက်လာလေမလားလို့ မိုက်မိုက်မဲမဲ မျှော်လင့်နေဆဲပါ…။
(Picture from Google)
ညနေစောင်းပေမယ့် ဆိုင်လေးထဲမှာ ဒီနေ့ လူရှင်းနေပါတယ်။ ဒီအချိန်မှာပဲ ဆိုင်ထဲကိုဝင်လာတဲ့ အမျိုးသား သုံးယောက်ထဲက လယ်သာကုတ် အနက်ရောင်ဝတ်ထားတဲ့ တယောက်ကို ကျွန်မ အံ့သြတကြီး ကြည့်လိုက်မိတယ်။ အသိတွေ အာရုံတွေ နှေးကွေးလာတယ် အမြင်တွေ ဝေဝါးနေတယ် ဆိုပေမယ့် သူ့ကို ကျွန်မ ကောင်းကောင်းကြီး မှတ်မိပါတယ်။ အဲဒီအမျိုးသားရဲ့ မျက်ဝန်းတွေဟာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေမိတဲ့ ကျွန်မနဲ့ ဖျတ်ကနဲ ဆုံလိုက်မိပါတယ်။ အဲဒီစက္ကန့်ပိုင်းလေးမှာ သူများ ကျွန်မကို မှတ်မိလေမလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျွန်မ နှလုံးခုန်သံတွေ မြန်လာကြတယ်။ ကျွန်မ မျက်ဝန်းတွေဟာလည်း ဟိုးတချိန်ကလို တောက်ပ စူးရှသွားလိမ့်မယ်ဆိုတာ သေသေချာချာ ယုံကြည်နေမိတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက သူ က ကျွန်မကို မမှတ်မိဘူးရှင့်…။
သူတို့ သုံးယောက်က ကျွန်မကို ဖြတ်ကျော်ပြီး ဆိုင်လေးရဲ့ အနောက်ဖက်က ဘားကောင်တာမှာ ထိုင်လိုက်ကြတယ်လို့ ကျွန်မ ထင်တယ်။ တကယ်တော့ ထင်နေတာမဟုတ်ပါဘူး သူ ဘားကောင်တာက ကုလားထိုင် အမြင့်လေးတွေမှာ ထိုင်မှာလို့ သေချာပါတယ်… လှည့်ကြည့်စရာ မလိုပါဘူး… ကျွန်မ သူ့အကြောင်းကို ကောင်းကောင်းသိတာပေါ့..။
ကျွန်မကို အပြန် လာကြိုမယ့် ကားကို အချိန် တနာရီ နောက်ဆုတ်ပေးဖို့ လှမ်းပြောလိုက်တယ်။ ဒီညနေအဖို့ ကျွန်မ ဒီဆိုင်လေးကနေ မပြန်ချင်သေးဘူးလေ...။ သောက်လက်စ ဝိုင်အဖြူကို မော့သောက်လိုက်တယ်ဆိုရင်ပဲ ကျွန်မကိုယ်ထဲက သွေးတွေ နွေးထွေးပြီး အားအင်တွေ ပြည့်ဖြိုး လန်းဆန်းလာသလို ခံစားရတယ်။ ပြီးတော့ အချိန်အတော်ကြာခဲ့ပေမယ့် မကြာခဏ သတိရဖြစ်တဲ့ ကာလ အပိုင်းအခြားတွေ အဖြစ်အပျက်တွေက ကျွန်မရဲ့ အတွေးတွေထဲမှာ နေရာအပြည့် ယူထားကြတယ်။ အတွေးတွေနဲ့အတူ အလိုလိုနေရင်း ပြုံးနေမိတဲ့ ကျွန်မနှုတ်ခမ်းပါးက အပြုံးတွေကို ဘယ်သူတွေများ တွေ့သွားကြပြီလဲ… လို့ တွေးရင်း မလုံမလဲနဲ့ ရှက်နေမိသေးတယ်။
နောက်ထပ် နာရီဝက်လောက် အတွေးတွေထဲ မျောနေမိတဲ့ ကျွန်မဟာ ကုလားထိုင်တွေ တွန်းရွှေ့တဲ့ အသံကို ကြားလိုက်ရတဲ့အချိန်မှာတော့ ကိုယ်ကို မတ်မတ်ပြင်ထိုင်လိုက်ပြီး သတိအနေအထားနဲ့ အသင့်နေလိုက်မိတယ်။ အဲဒီအချိန်လေးမှာပဲ ကျွန်မထိုင်နေတဲ့ စားပွဲဘေးကနေ လယ်သာကုတ် အနက်ရောင်လေး ရိပ်ကနဲ ဖြတ်အသွား… ကျွန်မ ထိုင်နေရာကနေ မထပဲ သူ့ရဲ့ အင်္ကျီလက်ဖျားစလေးကို လှမ်းဆွဲလိုက်တယ်…။
ပြီးတော့ “ရှင်… ရှယ်ရီ… ဟုတ်ပါတယ်နော်… ဟုတ်တယ် မဟုတ်လားဟင်…” လို့ အလျင်စလို မေးလိုက်မိတယ်…။
ဇဝေဇဝါနဲ့ အံ့သြသွားတဲ့ သူ့မျက်ဝန်းတွေဟာ မျက်တောင် တချက် နှစ်ချက် သုံးချက် ခတ်အပြီးမှာ တလက်လက်နဲ့ တောက်ပလာကြတယ်။ ဟိုးအချိန်တွေကလိုပဲ မျက်ဝန်းတွေ ပြုံးလာကြတယ်…။ ပြီးတော့… ရှယ်ရီ… ရှယ်ရီ… လို့ သူ့နှုတ်ခမ်းက တိုးတိုးလေး နှစ်ခါ ရေရွတ်လိုက်တာကို ကျွန်မ ပြုံးကြည့်နေမိတယ်…။ သေချာတယ်… သူ ကျွန်မကို မှတ်မိသွားပြီ။ ကျွန်မတို့ နှစ်ယောက်က တယောက်ကို တယောက် ရှယ်ရီလို့ အပြန်အလှန် ခေါ်ကြတယ်လေ… ပြီးတော့ ဒီစကားလေးဟာ ကျွန်မတို့ နှစ်ယောက်ကြားက လျှို့ဝှက် စကားလုံးလေးဆိုလည်း မမှားပါဘူး။ ဟုတ်ပါတယ်… ကိုယ် ရှယ်ရီပါ…
နောက်တော့ ကျွန်မကပဲ သူ့ကို မင်း အချိန် နည်းနည်းရရင် တခုခု ထပ်သောက်ပါလား… ကိုယ်တို့ နာရီဝက်လောက် စကားပြောကြရအောင်လေ… လို့ ဖိတ်ခေါ်လိုက်ပါတယ်။ သူကလည်း မဆိုင်းမတွပဲ… သူနဲ့ အတူပါလာတဲ့ မိတ်ဆွေနှစ်ယောက်ကို နှုတ်ဆက်ပြီး ကျွန်မနဲ့ မျက်နှာချင်းဆိုင် ကုလားထိုင်မှာ ဝင်ထိုင်လိုက်ပါတယ်။ ပြီးတော့ သူကပဲ စားပွဲထိုးကလေးတယောက်ကို ခေါ်ပြီး ရှယ်ရီ နှစ်ခွက်ပေးပါ… လို့ မှာလိုက်ပါတယ်။ ဒါ သူ့ အကျင့်ပဲလေ… ဘယ်တော့မဆို အရာရာကို ပိုင်နိုင် သေချာနေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ လူကြီးမင်းလေးတယောက်ပေါ့။
သူ့ကိုကြည့်ရင်း ဘာစကားမှ မဆိုနိုင်သေးတဲ့ ကျွန်မကို သူကပဲ စကားစလာပါတယ်။ ကျွန်မရဲ့ ကျန်းမာရေးအကြောင်းနဲ့ မိသားစုအကြောင်းအပြင် ကျွန်မရဲ့ အမျိုးသားအကြောင်းကို အရောက်မှာတော့ ဂျွန် ဆုံးသွားတာ နှစ်နှစ်ကျော်ပြီလို့ အဖြေပေးလိုက်ပါတယ်။ ဝမ်းနည်းပါတယ် လို့ ပြောပြီးတဲ့နောက်မှာ သူ အချိန်တော်တော်ကြာ တိတ်ဆိတ်နေပါတယ်။ စားပွဲထိုးလေးလာချပေးသွားတဲ့ ရှယ်ရီကို ကျွန်မတို့ နှစ်ယောက်စလုံး နည်းနည်းချင်းစီ သောက်နေပါတယ်။ မတွေ့ကြရတဲ့ အချိန်တွေ အတွင်းမှာ မင်း တော်တော်လူကြီးဖြစ်လာပြီပဲ… လို့ ကျွန်မက မှတ်ချက်ချတော့ သူ ပြုံးပါတယ်။ သူ့ရဲ့ အိမ်ထောင်ဖက်နဲ့ တသီးတခြားစီ နေထိုင်တဲ့အကြောင်းနဲ့ သူ့မှာ သမီးလေး နှစ်ယောက်ရှိတဲ့အကြောင်း၊ သမီးလေးတွေက ကျောင်းပိတ်ရက်တွေမှာ သူနဲ့ လာနေကြတဲ့အကြောင်းတွေ ကျွန်မကို ပြောပြနေပါတယ်။ တကယ်တော့ သူ့ဆီက ကျွန်မသိချင်တာ အဲဒါတွေ မဟုတ်ပါဘူး။ ဒါကြောင့် သူ့စကားသံ တိုးတိုးညင်ညင်ကြားထဲမှာ ကျွန်မကတော့ ပစ္စုပ္ပန်နဲ့ နီးတခါ ဝေးတလှည့်နဲ့… ကျွန်မ သိချင်နေတဲ့ မေးခွန်းကို မေးဖြစ်ဖို့ကိုသာ အာရုံရောက်နေတော့တယ်။
သူ့စကားတချက် နားလိုက်ပြီး ရှယ်ရီခွက်ကို ကိုင်လိုက်တဲ့ အချိန်မှာတော့ ကြာမြင့်ခဲ့တဲ့ နှစ်တွေကို ရေတွက်ကြည့်ဖို့ သူ့ကို စကားထောက်ပေးလိုက်မိပါတယ်။ ဒီတော့ သူက နှစ်ပေါင်း ၃၀ ကျော်ပြီနော်… လို့ ရှက်ရယ် ရယ်ရင်း ပြောလာတယ်။ သူ့အကျင့်အတိုင်း သေသပ်အောင် ဖြီးသင်ပြီးသား ဆံပင်ထူထူ နက်နက်တွေကို လက်နဲ့ ထိုးသပ်တင်ရင်းပေါ့…
ကျွန်မလည်း ဒီ့ထက် ဆက်ပြီး စောင့်ဖို့ စိတ်မရှည်နိုင်တော့တာနဲ့ “ကိုယ်ဟာ မင်းနဲ့ ပထမဦးဆုံး ချစ်ခွင့်ရခဲ့တဲ့ အမျိုးသမီးတယောက် ဆိုတာ သေချာရဲ့မဟုတ်လား…” လို့ ကောက်ခါ ငင်ကာ မေးချလိုက်မိတော့တယ်။ ကျွန်မရဲ့ မေးခွန်းအဆုံးမှာ သူ့ရဲ့အပြုံး သူ့ရဲ့အကြည့်တွေဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်၊ စက်တင်ဘာလရဲ့ ရက်စွဲအချို့က အပြုံးတွေ အကြည့်တွေနဲ့ ထပ်တူ ထပ်မျှ ဆွဲဆောင်မှု ရှိနေတုန်းပါပဲရှင်။
နောက်တော့ သူ့ထုံးစံအတိုင်း ဆံပင်ကို လက်နဲ့ နှစ်ချက်လောက် သပ်ပြီးတော့ ခေါင်းကိုငုံ့ရင်း “ဟုတ်ပါတယ် မင်းဟာ ကိုယ့်ဘဝရဲ့ ပထမဆုံး ချစ်ခဲ့ရသူပါ ရှယ်ရီ...” လို့ တလုံးချင်း ပြန်ပြောပါတယ်။ တဆက်တည်းမှာပဲ “စိတ်မဆိုးဘူးဆိုရင် မေးခွန်းတခု ပြန်မေးခွင့်ပြုပါနော်…” လို့ သူက တောင်းဆိုတော့ သူ ဘာမေးမယ်မှန်းမသိပဲနဲ့ကို ပြန်ပေးရမယ့် အဖြေအတွက် ကျွန်မ စိတ်လှုပ်ရှားပြီး ပြင်ဆင်နေမိတယ်…။ ရယ်စရာတော့ အကောင်းသားနော်…။
ဒါပေမယ့် “ဒီမှာ ရှယ်ရီ… ကိုယ်ဟာ မင်းရဲ့ အမျိုးသား ဂျွန်အတွက် တဦးတည်းသော မကောင်းဆိုးဝါးကောင် ဆိုတာ သေချာရဲ့လား… သေချာပါတယ်နော်…” ဆိုတဲ့ သူ့အမေးမှာ ကျွန်မ ရုတ်တရက် နှလုံးခုန် ရပ်သွားသလို ခံစားလိုက်ရပါတယ်။
တခဏအကြာမှ သူ ဘာကို ဆိုလိုမှန်း သဘောပေါက်လာတဲ့ ကျွန်မဟာ “ဟုတ်ပါတယ်… မင်းဟာ ကိုယ့်ရဲ့ နှစ်သက်စရာ အကောင်းဆုံး အမှားလေး… ဒါမှမဟုတ် မင်းစကားနဲ့ ပြောရရင် ဂျွန့်အတွက်ရော ကိုယ့်အတွက်ပါ တဦးတည်းသော... ပြီးတော့ ပထမဆုံးနဲ့ နောက်ဆုံးသော မကောင်းဆိုးဝါး အကောင်လေးပါလေ…” လို့ ရယ်ရယ်မောမောနဲ့ ပြန်ပြောလိုက်တယ်…။ ဒီအချိန်မှာပဲ သူက သောက်လက်စ ရှယ်ရီတခွက်ကို ကျွန်မကို လှမ်းပေးပြီး စက်တင်ဘာ ၁၄ ရက်အတွက် အမှတ်တရ လို့ ပြောပြီး ကျွန်မတို့ ဖန်ခွက်ချင်း တိုက်လိုက်ကြတယ်။
ကျွန်မကို လာကြိုတဲ့ကား ရောက်နေပါပြီလို့ ဆိုင်က စားပွဲထိုးလေးက လာပြောတော့ သူရော ကျွန်မပါ ပြန်ဖို့ ပြင်ကြတယ်။ အပြင်မှာ နှင်းတွေ ဖွေးနေပြီမို့ ကျွန်မဘေးကခုံမှာ တင်ထားတဲ့ သားမွေးကုတ်အင်္ကျီကို သူက လှမ်းယူပြီး ကျွန်မရဲ့ ကျောဖက်ကနေ ကူညီ ဝတ်ဆင်ပေးခဲ့တယ်။ ပြီးတော့ ကျွန်မကို ကားပေါ်ရောက်တဲ့အထိ လက်ကိုဆွဲရင်း တယုတယ လိုက်ပို့ခဲ့ပြီး ကားတံခါး မပိတ်ခင်မှာ ကျွန်မပါးပြင်ပေါ်ကို ညင်သာတဲ့ အနမ်းတချက် ပေးခဲ့လေတယ်။
“ကျေးဇူး ရှယ်ရီ… ကိုယ့်ကို အချိန်ပေးတဲ့အတွက်ရော… ကိုယ့်အမေးကို ဖြေတဲ့ အတွက်ရော…” လို့ ကျွန်မက နှုတ်ဆက်စကားပြောတော့ သူက ကျွန်မကို ပြုံးပြီး ကြည့်နေခဲ့တယ်။ ပြီးတော့ ကားအထွက်မှာ လက်ပြ နှုတ်ဆက်ရင်း ဆိုင်လေးရှေ့မှာ သူ ကျန်နေရစ်ခဲ့တယ်။
တကယ်တော့ ဒီနေ့ဟာ ကျွန်မရဲ့ မွေးနေ့ပါ။
အရာရာကို သေချာချင်စိတ်ရှိပေမယ့် သေချာအောင်အောင် ကြိုးစားဖို့ အမြဲတမ်း နောက်ကျ နှောင့်နှေးတတ်ခဲ့ပြီး တွေဝေမှု မရေရာမှုတွေနဲ့ ရှုပ်ထွေး ရစ်ပတ်ရင်း နေသားကျသလို ဖြစ်နေခဲ့တဲ့ ကျွန်မဟာ နှစ်ပေါင်း ၃၀ ကျော်ကြာတဲ့အထိ (တွေးလိုက်မိတဲ့ အချိန်တိုင်းမှာ) မရေမရာနဲ့ အဖြေမရခဲ့တဲ့ မေးခွန်းအတွက် သိမ်မွေ့လှပတဲ့ အဖြေတခု ဒီနေ့ ရခဲ့ပါတယ်။ ကျွန်မ ပြောမပြတတ်အောင် ဝမ်းသာပါတယ်…။ အသက် ၄၀ ကျော် အမျိုးသမီးတယောက်ဟာ အသက် ၂၅ နှစ်အရွယ် အမျိုးသားကလေးရဲ့ဘဝအတွက် ပထမဦးဆုံးသော ချစ်သူဖြစ်ခွင့်ရခဲ့တဲ့ အဖြစ်ဟာ အင်မတန်မှ ကြည်နူး ဝမ်းသာစရာကောင်းတဲ့ အဖြစ်တခု မဟုတ်လား...
အိမ်အပြန် လမ်းမတလျောက်မှာ တဖွဲဖွဲကျနေတဲ့ နှင်းတွေကို ကြည့်ပြီး ရှယ်ရီ့အတွက် ချမ်းမြေ့သာယာပြီး နွေးထွေးတဲ့ မနက်ဖြန်တွေ အများကြီး ရောက်လာစေကြောင်း… တိုးတိတ်စွာ ဆုတောင်းနေမိတယ်။ ကျွန်မအတွက်ကတော့ ဆုတောင်းစရာ မနက်ဖြန်တွေ သိပ်များများစားစား မကျန်တော့ပါဘူးလေ...။
Inspiration – The Moor by Russell Banks

ပြီးခဲ့တဲ့ တပတ်က ဖြစ်ပါတယ်…။
၆ လ ကျော် လက်ပွန်းတတီး အသုံးပြုခဲ့တဲ့… ဟိုတို့ ဒီတို့ တို့ထိပြီး အသုံးပြုရတဲ့ လက်စွဲတော် အိုင်ပက် အမှတ်-၂ ဟာ ရုတ်ချည်းဆိုသလို အတို့ မခံ အထိ မခံ တဲ့ ဘဝကို ရောက်သွားပါတယ်။ တနေရာကို တို့လိုက်ရင် နောက်တနေရာက ပွင့်လာတယ်။ နောက်တနေရာကို တို့လိုက်ရင် အရင်က တို့ထားခဲ့တဲ့ နေရာက စိတ်ဆိုး မာန်ဆိုးနဲ့ ပွင့်လာပါတယ်။ အထိမခံ ကြွေပန်းကန် ဖြစ်လာတဲ့ သဘောတွေလည်း အများကြီး ပါပါတယ်…။ တခါတခါမှာတော့ ထိရာ တခြား ပွင့်ရာ တခြားတွေလည်း ဖြစ်ပါတယ်။ တခါတခါမှာတော့ ထိချင်တိုင်းထိ ထိချင်တဲ့နေရာကိုသာ ထိ… တုတ် တုတ်မှ မလှုပ်ပါဘူး။ ခပ်တင်းတင်းနဲ့ ပြန်ကြည့်နေပါတယ်။
အဲ… ဒါတွေပဲလား ဆိုတော့ မဟုတ်ပြန်ပါဘူး…
ဘယ်နေရာကိုမှ မထိရပဲနဲ့လည်း အပလီကေးရှင်းတွေဟာ သူ့အလိုလို တခုပြီးတခု ထ ပွင့်နေပြန်ပါတယ်။ တခါတခါများဆို ပွင့်ချင်တိုင်း ပွင့်နေတာ Smurfs နဲ့ Angry Birds နဲ့ တခြမ်းစီ ပွင့်လိုပွင့်… Snoopy နဲ့ Temple Run နဲ့ တဝက်စီ ပေါ်လာလို ပေါ်လာ… အိုင်မြန်မာနဲ့ ဓါတ်ပုံတွေ တလှည့်စီ ရောက်လို ရောက်... သူ့အလိုလို သီချင်းတွေ ထ ဆိုလိုဆို... စိတ်ထဲမှာ Steve Jobs ကြီး တယောက် သေသေချာချာမှ လွတ်မြောက်ရဲ့လားလို့ တွေးပြီး အမျှအတန်းတောင် ပေးဝေချင်စိတ် ပေါ်လာမိသေးတော့…။
ဘယ်လိုဖြစ်ပြီး အဲဒီလို ဖြစ်သွားတယ်ဆိုတာ မပြောတတ်ပါဘူး တကယ်တော့ သူများတွေ သုံးသလောက်ကို ပြင်းပြင်းထန်ထန် မသုံးဖြစ်သလို အချိန်လည်း များများစားစား မသုံးဖြစ်ပါဘူး... တနေ့လုံး ရုံးမှာ ကစားချိန် ၁၅ မိနစ်လောက်၊ အိမ်ရောက်တော့လည်း အလွန်ဆုံး သုံးဖြစ်တာ တနာရီ နှစ်နာရီလောက်ပါပဲ...။ သုံးတယ်ဆိုတာလည်း ဖဘ ဖတ်တာရယ်၊ တခြားစာတွေ သတင်းတွေ ဖတ်တာရယ်၊ Smurfs /Angry Birds နဲ့ Snoopy Street's Fair ကစားတာရယ်ပဲ ရှိပါတယ်။ ပျက်ချိန်တန်လို့ ပျက်တယ်ပဲ သဘောထားရမှာပေါ့...
နောက်ဆုံးမှာတော့ အဲဒီ အိုင်ပက် အမှတ်-၂ ကို ဆေးကုရတော့မယ်လို့ ဆုံးဖြတ်ပြီး နည်းလမ်းတွေ ရှာဖွေပါတယ်။ StarHub က ယူထားတာမို့ သူ့ဆီ အရင်သွားပါတယ်။ သူက တာဝန်မယူပါဘူး။ ပန်းသီးရဲ့ စက်မှုဆိုင်ရာကို ဝန်ဆောင်မှုပေးတဲ့ နေရာကို ညွှန်ပါတယ်။ ဖူနန် ၅ ထပ်မှာပါ။ အဲဒီကိုရောက်တော့မှ ကိုယ့်လိုလူတွေ အများကြီး ရှိနေပါလားလို့ အားတက်မိပါတယ်။ ကိုယ်ရောက်သွားတဲ့ အချိန်မှာ အဲဒီဆိုင်ရဲ့ ကောင်တာ တခုမှာ အသက် ၅၀ လောက် ရှိတဲ့ လူကြီးတယောက် စိတ်ဆိုးပြီး အဲဒီကောင်တာက အမျိုးသမီးနဲ့ စကားတွေ များနေပါတယ်။ နားစွန်နားဖျား ကြားလိုက်တာကတော့ “ငါ ဝယ်ထားတာ အသစ်စက်စက် ယူနစ်ပါ…” ဆိုတာရယ် “မင်းတို့ မမျှတဘူး…” ဆိုတာရယ် ပါ။ ကောင်တာက တာဝန်ရှိ အမျိုးသမီးကတော့ မျက်နှာငယ်ငယ်နဲ့ ပျော့ပျော့ပျောင်းပျောင်း ပြန်ပြောနေတာ တွေ့ရပါတယ်။ သူ ဘာတွေ ပြန်ပြောသလဲ ဆိုတာကို အတတ်နိုင်ဆုံး နားရွက်ကို ကားပြီး စပ်စုပါတယ်… ဒါပေမယ့် မကြားရပါဘူး။
ကိုယ့်အလှည့်ရောက်တော့ ကောင်တာက ဝန်ထမ်းက တရုတ်ကလေးပါ။ သူ့လက်ထဲမှာ ကိုယ့်အိုင်ပက် ဆတ်ဆတ်ထိမခံ ဖြစ်နေပုံကတော့ သူလေးခမျာ ပစ္စည်းရဲ့ အမှတ်စဉ်ကိုတောင် မနည်း ကြည့်ယူရပါတယ်။ ပြီးတော့ သူက “အသုံးပြု၍ မရပါ” ဆိုတဲ့ မှတ်ချက်ရေးပြီး ၃ ရက်မြောက်တဲ့နေ့မှာ နောက်တလုံး လာယူနိုင်ပါတယ် လို့ ပြောပါတယ်။ အင်မတိ အင်မတန် တုံးတာတဲ့ သက်ဝေဟာ ၆ လတာ သုံးပြီးသား ပစ္စည်းအပျက်လေးကို လွယ်လင့်တကူ လက်ခံပြီး အသစ်တလုံး အစားထိုး ပြန်ပေးမယ်ဆိုတော့ ဝမ်းသာ ပျော်ရွှင်ပြီး ပြန်လာခဲ့ပါတယ်။ အဲ… ဟိုကောင်တာက လူကြီးကတော့ မျက်နှာတင်းတင်းကြီးနဲ့ ဆက်ထိုင်နေဆဲပါ။
သူတို့ပြောထားသလို ၃ ရက်တောင် မကြာပါဘူး၊၂ ရက်မြောက်တဲ့နေ့မှာ လူကြီးမင်းရဲ့ အနက်ရောင် အိုင်ပက် အမှတ်-၂ လာယူလို့ ရပြီဖြစ်ကြောင်း ဖုန်းဆက်လာပါတယ်။ Smurfs တို့ Snoopy တို့ မှာ သူများတွေ ကိုယ့်ထက် အမှတ်တွေ အဆင့်တွေ ကျော်သွားလောက်ပြီ ဆိုတဲ့ အတွေးတွေနဲ့ ရုံးဆင်းဆင်းချင်း အပြေးသွားယူပါတယ်။ အိပ်အဖြူရောင်လေးနဲ့ ထည့်ထားတဲ့ အရာလေးကို ဝမ်းမြောက်ဝမ်းသာနဲ့ ယူ… လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပြီး အိမ်ပြန်လာပါတယ်။ သက်ဝေတို့ တုံးတာတဲ့ နောက်တချက်ကတော့ ပစ္စည်းကို လက်မခံခင်မှာ စစ်ဆေးကြည့်ဖို့ စမ်းသပ်ကြည့်ဖို့ လုံးဝ သတိမရခဲ့တာပါပဲ…။
ဒါနဲ့ အိမ်ရောက်တော့ သေးငယ်တဲ့ ကဒ်လေးကို ထည့်ပြီး တိမ်တိုက်တွေကြားထဲမှာ သိမ်းဆည်းထားတဲ့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည် ရယူပါတယ်။ ပြီးတော့ ဒါပေမယ့် Starhub 3G ဆိုတဲ့ စာတန်းလေး ပေါ်မလာပါဘူး။ အဲဒါ အသာထားပြီး Wi-Fi နဲ့ လုပ်စရာရှိတာတွေ လုပ်ပါတယ်၊ ဒါပေမယ့် အချိန် တော်တော်ကြာတဲ့အထိလည်း Starhub 3G က ပေါ်မလာပါဘူး။ စိတ်ထဲမှာတော့ ဟိုတလောကမှ တပ်ထားတဲ့ ဖိုင်ဘာဆိုတဲ့ အရာကြီးက အားကောင်းလွန်းတော့ သူကပဲ ကြီးစိုးနေလို့ ဟို 3G လေး မပေါ်နိုင်တာဖြစ်မယ်လို့ တွေးနေပါတယ်…။ အဲဒီညက Wi-Fi တန်ခိုးနဲ့ အရာရာ ပြေလည်ပေမယ့် နောက်တနေ့ ရုံးရောက်တော့ ပြဿနာက စပါတယ်။ ဘာမှ လုပ်လို့မရတော့တဲ့အပြင် တချိန်လုံး သူ့အလိုလို ပိတ် ပိတ်ကျသွားပါတယ်။ ပြီးရင် သူ့အလိုလို ပြန်ပွင့်လာပါတယ်… ဒီတော့ တကိုက်ကိုက်ထားတဲ့ ပန်းသီးတွေ တလုံးပြီး တလုံး ပေါ်လာလိုက် ပျောက်သွားလိုက်ပေါ့… အော်… Steve Jobs… Steve Jobs…
ဒီတခါတော့ တုံးတာတဲ့ ကိစ္စကို ခဏ ရပ်ပြီး ပူနေတဲ့ ပန်းသီးလိုင်းကို ဆက်သွယ်ပြီး အမှုတွဲပါတယ်။ ဟိုကလည်း အလွယ်တကူပဲ အမှုတွဲအမှတ် ၀၀၇-၀၀၈-၀၀၉/၂၀၁၂ နဲ့ အမှုဖွင့်ပေးပါတယ်။ စကားတွေလည်း အများကြီး ပြောပါတယ်။ လိုရင်းကတော့ သူတို့ ပြန်ပေးလေ့ရှိတဲ့ ယူနစ်ဟာ ပန်းသီးဂိုထောင်က ထုတ်လာတဲ့ အစားထိုး ယူနစ် (အသစ်) ပါ တဲ့။ အစားထိုးတယ်လဲ ပြောသေး အသစ်လို့လည်း ပြောသေး။ ဒီနေရာမှာ ပြောစရာ နောက်တခုကတော့ သူတို့ရောင်းချတဲ့ ပန်းသီးကို ဂရုစိုက်တဲ့ အရာကို ဝယ်ရင် အသစ်စက်စက် ပြန်ရမလားဆိုတဲ့ ပြဿနာပါ။ ဘယ်လိုမေးမေး သူတို့ကတော့ အစားထိုး ယူနစ် (အသစ်) ဆိုတာကိုပဲ ပါးစပ်ကမချ ပြောနေပါတယ်။ နောက်ဆုံးတော့ ပစ္စည်းလဲဖို့အတွက် ဖူနန်က ဆိုင်ကိုပဲ ပြန်သွား ရမှာပါ။
ဒါနဲ့ ကိုယ့်အမှုတွဲလေး ကိုယ်ကိုင်ပြီး ဖူနန်ကိုရောက်ခဲ့ပါတယ်။ ဟိုနေ့ကတွေ့ခဲ့တဲ့ ဝန်ထမ်းတရုတ်ကလေးကပဲ အစားထိုး ယူနစ် (အသစ်) တလုံးကို စနေနေ့မှာ လာယူပါလို့ ပြောပါတယ်။ ကိုယ့်ရှေ့မှာ အပျက်ကလေးတွေ လာထားပြီး အသစ်တလုံးရမှာမို့ ဝမ်းသာတဲ့ မျက်နှာလေးတွေ ကိုယ်စီနဲ့ ပန်းသီး ပိုင်ရှင်တွေ တွေ့ပါတယ်။ သူတို့အစား သက်ပြင်းချလိုက်မိပါတယ်။
ဒီနေ့ စနေနေ့မှာ ဖူနန်ကို သွားပါတယ်။ နောက်တလုံး ပေးပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကလို မတုံးတာတော့တဲ့ သက်ဝေဟာ ပစ္စည်းကို ချက်ချင်း လက်ငင်းပဲ ဖွင့်စစ်ပါတယ်။ သေးငယ်တဲ့ ကဒ်လေးကို ထည့်ပြီး စမ်းပါတယ်... ဘာမှ ပေါ်မလာပါ။ တာဝန်ခံ ဝန်ထမ်း နှစ်ယောက်တိတိက ဖွင့်ချည် ပိတ်ချည်နဲ့ အပြန်ပြန် အလှန်လှန် စစ်ဆေးပါတယ်... လုံးဝ အဆင်မပြေပါ။ နောက်ဆုံးတော့ နောက် ၃ ရက်အကြာမှာ နောက်တလုံး လာယူပါရန် ဆိုတဲ့ စာနဲ့အတူ အောင်မြင်စွာ ပြန်လာခဲ့ရပါတယ်။ ရွေးချယ်စရာ မရှိပါ...
တော်တော်လေး (ကြီး) စိတ်နာနေပါတယ်။ ဟိုလူကြီး ဘာကြောင့် ဒီလောက် ဒေါပွနေတယ်ဆိုတာလည်း သဘောပေါက်သွားပါပြီ။ တနှစ်တာ ဝရန်တီဟာ အစားထိုး ယူနစ် (အသစ်) ဆိုတဲ့ အဟောင်းတလုံး ပြန်ပေးဖို့ကိုး လို့ နားလည်လိုက်ရပါတယ်။ ပန်းသီးကို ဂရုစိုက်တဲ့ အရာကို စင်္ကာပူ ၁၁၈ ကျပ်နဲ့ ဝယ်ထားရင် အသစ်စက်စက် ဗူးအဖြူရောင်လေးနဲ့ဟာ ပြန်ရမလား မေးတော့ အဲလိုတော့ မရပါဘူးတဲ့ နောက်ထပ် ဝရန်တီ သက်တမ်း တနှစ်တိုးသွားရုံပဲ ရှိပါတယ် တဲ့…။ ယူအက်စ်မှာဆို အဲဒါ ရှိရင် အဖြူရောင်ဗူးနဲ့ အသစ်စက်စက် တလုံး ပြန်ရတယ် ကြားတယ်။ တကယ် ဟုတ် မဟုတ် သိချင်ပါဘိတော့။ ဟုတ်တယ်ဆိုရင်တော့ ပန်းသီးချင်းအတူတူ ဘာလို့များ ခွဲခြား ခွဲခြားနိုင်ကြတာပါလိမ့်လို့ တွေးရင်း… မပြီးနိုင် မဆုံးနိုင် စိတ်အနာကြီး နာနေပါတယ်။ နောက်ဆက်တွဲ စိတ်နာစရာကောင်းတာကတော့ ပထမပန်းသီး နဲ့ ဒုတိယ ပန်းသီး မျက်နှာပြင် ကာကွယ်ရေး ပလတ်စတစ်ပြား နှစ်ခု အတွက် စကာင်္ပူ ဒေါ်လာ ၃၉.၉၀ နှစ်ခါ အသားလွတ် ဆုံးရှုံးသွားတာပါပဲ။
မနေ့က ညက တွေးထားတာ ဒီအကြောင်းကို မရေးတော့ဘူးလို့ ပဲ... ဒါပေမယ့် ဒီနေ့တော့ မနေနိုင်တော့ဘူး…။ စိတ်နာတာ စိတ်တိုတာတွေကို အခုလို ချရေးလိုက်ရင် အနည်းအကျဉ်းတော့ သက်သာရာရမှာပဲ လို့ တွေးမိတာက တကြောင်း၊ ပန်းသီး လက်ဝယ်ရှိသူများ သတိချပ်စေလိုတဲ့ စေတနာက တကြောင်း တို့ကြောင့် ဒီစာကို ရေးပါတယ်…။