Thursday, October 22, 2009

အသစ်

Online မှာ မြန်မာလို စာရိုက်ကြတာ၊ မြန်မာလို Chatting လုပ်ကြတာတွေ၊ E mail မှာ မြန်မာလို စာရေးပို့ကြတာတွေထက် စာတို စာရှည်တွေကို လက်ရေးနဲ့ရေး၊ ဓါတ်ပုံရိုက်ပြီး E Mail နဲ့… ဒါမှမဟုတ် G Talk ကနေ Send Files နဲ့ ပို့ကြတာတွေ အခုတလော ခေတ်စားနေတယ်…။

ကြုံဖူးကြလား… မကြုံဖူးရင် ဒီမှာကြည့်… နမူနာ ပြလိုက်တယ်… ဒါမျိုး.. ဒါမျိုး...


အိုင်ဒီယာ အသစ်ပေါ့… ဟဲဟဲ…။

မှတ်ချက် ။ ။ ပို့စရာရှိတဲ့သူများထံ ဤနည်းဖြင့် ပို့ကြည့်လိုက်ပါ… မုချ အောင်မြင်မှု ရပါလိမ့်မည်။ ဒီထက် သစ်တဲ့ အိုင်ဒီယာ နောက်တခုလဲ ရှိနေပါသေးသည်။ သိချင်သူများ ဆက်သွယ်ပါ...။




သို့တရံတခါဆီ

Saturday, October 17, 2009

ခြားနားခြင်း

သည်ညနေ ရုံးက ပြန်ရောက်ရောက်ချင်း အိပ်ခန်းထဲကို အဝင်မှာ ထိုအရာကို စတွေ့ခဲ့ရတာ ဖြစ်သည်။ တွေ့တွေ့ချင်း ကိုယ် အရမ်းလန့်သွားသည်။ အနောက်ကို ခြေတလှမ်း ဆုတ်လိုက်ပြီး ပါးစပ်မှ အား.. ကနဲ အော်မိမလို ဖြစ်သွားသည်။ သို့သော် တကယ့်တကယ်မှာ အသံက အပြင်ကို ထွက်မလာ…။ သူကတော့ ကိုယ့်ကို ပြူးကြောင်ကြောင်နှင့် ကြည့်နေသည်။ ပြီးတော့ တလှုပ်လှုပ်လဲ လုပ်နေသေးသည်။ ကိုယ် အနောက်ကို ခြေလှမ်း နှစ်လှမ်းလောက် ဆက် ဆုတ်လိုက်မိသည်။ ခြေလှမ်းက ယိုင်သွားမှန်းလဲ သိလိုက်သည်။ ယိုင်သွားသော ကိုယ့်ခြေလှမ်းကို အနောက်မှ ထိန်းသိမ်း တည့်မတ်ပေးမည့်သူ တယောက်မှမရှိ။ သူ ဒီနေ့ အစည်းအဝေးရှိ၍ အိမ်ပြန်နောက်ကျမည် ဆိုတာ ခေါင်းထဲဝင်လာသည်။ ဘုရားရေ… ကိုယ်တယောက်ထဲ ဘာဆက်လုပ်ရပါ့..။

ထူပူနေသော ကြောက်စိတ်တွေကို အသာ ဘေးဖယ်ထားရန် ကြိုးစားပြီး ဘာဆက်လုပ်ရရင် ကောင်းမလဲ ဆိုတာကို ခေါင်းထဲမှာ အပြေးအလွှား စဉ်းစားကြည့်မိသည်။ စဉ်းစားကာမှပဲ ခေါင်းထဲမှာ ဘာဆို ဘာမှမရှိတော့သလို အားလုံး အမှောင်ကျ... Totally black out…!!!

“စဉ်းစား.. စဉ်းစား.. ဘာလုပ်ရမလဲ ဆိုတာ စိတ်အေးအေးထားပြီး စဉ်းစားစမ်း…”

ကြောက်အား လန့်အားနှင့် ကိုယ့်ကိုယ်ကိုယ် သတိတွေ ပေးနေမိသည်။ တဆက်တည်းမှာပင် ကိုယ်ဘာတွေ လုပ်ရဲသလဲ ဆိုတာကိုပါ စဉ်းစားမိသည်။ စဉ်းစားရုံနှင့်ပင် ကိုယ့်ခြေထောက်တွေ ခွန်အားမရှိတော့အောင် ယိုင်နဲ့လာကြသည်။ နီးရာနေရာမှာ ထိုင်ချလိုက်ဖို့ တွေးမိသည်။ သို့သော် အနီးအနားမှာ ဘာ ကုလားထိုင်မှ မရှိ။ ဒါဆို ကြမ်းပြင်ပေါ်မှာ သည်အတိုင်းသာ ထိုင်ချလိုက်တော့မည်။ သို့သော် ကြမ်းပေါ်မှာ ထိုင်ချလိုက်ပါက သူနှင့် ကြမ်းတပြေးတည်း ဖြစ်သွားပြီး ပို နီးကပ်သလို ဖြစ်သွားနိုင်သည်ပဲ။ ဒီလိုတော့ဖြင့် မဖြစ်ချေပြီ။ ကြောက်တယ်…

ခေါင်းထဲမှာ အရင်ဆုံး သတိရလာသည်က ဆေး…။ သူ့ကို ဆေးနှင့်ဖြန်းလို့ရမည် ထင်သည်။ တီဗွီကြော်ငြာတွေထဲမှာ တွေ့ဖူးသည်။ ထိုဆေးနှင့် ပက်ဖြန်းလိုက်ပါက သူတို့ ကိစ္စတုံး သွားကြတာ တွေ့ရသည်။ ဟာ.. ဒါဆို သူများ အသက်ကို သတ်တာပေါ့… ဘယ်မှာလဲ ငါးပါးသီလ...။ ဒုက္ခပါလား...။ ကိုယ် သတ်ရဲသလား… ခေါင်းကို တွင်တွင် ခါယမ်းမိသည်။ ဆေးနဲ့ ဖြန်းလိုက်လို့ တခါတည်း ကိစ္စပြတ်သွားရင် တော်ပါရဲ့.. မဟုတ်ပဲ ဝေဒနာခံစားပြီး ကိုယ့်ရှေ့မှာ တလူးလူး တလွန့်လွန့် ဖြစ်နေရင်ကော…။ တွေးရင်းနဲ့ အာခေါင်တွေ ခြောက်လာသည်။ လူလဲ အားအင်တွေ ဘာမှမရှိတော့သလို ပို၍ ပို၍ နုံးနယ်လာသည်။ ဟာ… ဒါတွေတွေးနေတာ အဲဒီ ဆေးက အိမ်မှာရော ရှိလို့လား။

မှတ်မိသလောက်ကတော့ ထိုဆေးကို စတိုခန်းထဲမှာ တွေ့ဖူးသလိုလိုပဲ။ ဒီအိမ်ကို ပြောင်းမလာခင် သန့်ရှင်းရေးလုပ်ကြစဉ် အခါတုန်းက ဆေးကြောသန့်စင်စရာ အရည်ဘူးပေါင်း၊ ပုလင်းပေါင်း များစွာထဲမှာ ထိုဆေးဘူးကို မျက်စေ့ထဲမှာ တွေ့လိုက်မိသလိုလို။ သိပ်တော့ မသေချာ...။ ဘူးပေါ်မှာ ပါသော ပုံကို သေသေချာချာ မကြည့်ရဲသောကြောင့် ကိုယ် လွယ်လွယ် မတွေ့နိုင်သော တချောင်ချောင်မှာ သူ သိမ်းထားမည် ထင်သည်။ အိမ်ပြောင်းလာပြီး စတိုထဲကို ပစ္စည်းတွေ အပြည့်ထည့်ပြီးချိန်မှာ ထိုဆေးရည်ဘူးကို ကိုယ်ဘယ်လို ပြန်ရှာရပါ့…။ အရေးထဲ ကိုယ့်အတွေးနှင့်ကိုယ် ပြုံးမိသေးသည်။ ဆေးရည်ဘူးတွေ့တော့ရော ကိုယ်က ဖြန်းရဲမှာ ကျလို့…။

ညနေသည် တဖြည်းဖြည်းနှင့် အလင်းရောင် နဲလာသည်။ မီးဖွင့်ရင် ကောင်းမလား။ သို့သော် ကိုယ် လှုပ်ရှားမှု တခုခု ပြုလိုက်ပါက သူ လန့်ဖြန့်ပြီး အပြင်ကို ထွက်လာတာတို့၊ ကိုယ့်ခြေထောက်နား ရောက်လာတာတို့ ဘာတို့ ဖြစ်လာမှာလဲ ကြောက်ရသေးသည်။ မရဲတရဲနှင့် သူ့ကိုလှမ်းကြည့်တော့ သူက ခပ်တည်တည် အရင်နေရာမှာပင်။ ကိုယ်ထည်က လှုပ်မနေပေမယ့် ခေါင်းပေါ်က ထိုးထိုးထောင်ထောင်အရာ နှစ်ခုကတော့ တလှုပ်လှုပ်…။ နင်ဘာမှမလုပ်ရင် ငါလဲ ဘာမှမလုပ်ဖူး ဟု ကိုယ့်ကို အသံတိတ် စကားဆိုနေသယောင်…။ ငါ့နှယ့်နော်… အချိန်တွေကုန်လိုက်တာ.. သတ္တိကလဲ နည်းပါးလိုက်သည့်ဖြစ်ခြင်း။

နောက်တနည်းက ဘာရှိသေးလဲ…
အော… သတိရပြီ။ သူ့ဆီကို ဖုန်းဆက်ကြည့်ဖို့…။ အိမ်ထဲဝင်လာချိန်ထဲက လက်ကမချရသေးသော ပိုက်ဆံအိပ်ထဲမှာ ဖုန်းကို ဖြေးဖြေးချင်း ရှာဖွေနှိုက်ယူမိသည်။ လှုပ်ရှားမှုအားလုံးကို အသံတိတ် အနှေးပြကွက်မျိုးဖြင့် လုပ်ဆောင်နေမိသည်။ သို့သော် သူက ဖုန်းမကိုင်ချေ။ ခုမှ သတိရသည်။ အစည်းအဝေးရှိလို့ နောက်ကျမည် ဟု မနက်က သူပြောသွားသည်ပဲ။ သေစမ်းပါကွာ…

ချက်ချင်းပင် ကိုယ့်အိမ်နှင့် မလှမ်းမကမ်းမှာနေသော သူငယ်ချင်းတယောက်ဆီကို ဖုန်းဆက်ရန် သတိရသွားသည်။ သူများ ကိုယ့်ကို ကူညီနိုင်လေမလား…။ သူ့ကို အကြောင်းစုံ လေသံ ခပ်တိုးတိုးနှင့် ပြော၍ အပြီးမှာ သူက စိတ်မရှည် လက်မရှည် အသံမျိုးဖြင့် “နင်ကလဲ.. ဒါလေးများ… သတင်းစာ တထပ်လောက်ယူပြီး ထက်ပိုင်းခေါက်ပြီးတော့သာ ရိုက်ချလိုက်…” ဟု ပြောလေသည်။ ဘုရားရေ… အဲလိုကြီးလား... အတွေးနှင့်တင် လူက မူးဝေ နောက်ကျိ လာသလို ခံစားရသည်။ သို့သော် သူငယ်ချင်းကိုလဲ အကြင်နာတရား ခေါင်းပါးလှသည် ဟု မစွတ်စွဲရဲပဲ ကျေးဇူး ဟု ပြောကာ ဖုန်းချလိုက်ရသည်။ “ငါ သည်လို လုပ်ရဲမှဖြင့်တော့ နင့်ဆီတောင် ဖုန်းဆက်မနေတော့ဘူး…” ဟု စိတ်ထဲက အကြိမ်ကြိမ် ရေရွတ်နေမိသည်။ ဆိုးလိုက်တာ...

ညက အမှောင်တော်တော်လွှမ်းလာပြီ။ လက်ထဲက နာရီကို ကြည်လိုက်တော့ ည ၇ နာရီခွဲ။ ရုံးက ပြန်ရောက်တာက ၆ နာရီခွဲတုန်းက ဆိုတော့ အချိန် တနာရီ ကုန်သွားပြီ။ ရှစ်နာရီလောက်ဆိုရင်တော့ သူပြန်ရောက်လာတန် ကောင်းပါရဲ့။ စောင့်လိုက်မည်လေ… စိတ်ကို အတတ်နိုင်ဆုံး အေးချမ်းအောင်ထားကာ သူ့ပြန်အလာကိုသာ စောင့်နေလိုက်တော့မည်။ စိတ်ကို အေးချမ်းအောင်ထားမည်ဟု တွေးနေရင်းမှပင် ဗိုက်က အတော်ဆာနေတာကို သတိထားလိုက်မိသည်။ ညစာ... ညစာ... မတတ်နိုင်ပြီ။ ဘာပဲဖြစ်ဖြစ် စိတ်ကို ဒုန်းဒုန်းချကာ အပြင်ဖက် လူသွားစင်္ကြန်က မီးအလင်းရောင်ကို အမှီပြုနေထိုင်ရင်း သူပြန်ရောက်လာချိန်ကိုသာ စောင့်တော့မည်။ ရှစ်နာရီရယ် မြန်မြန်ထိုးပါတော့…။

ကြိုးတိုးကြဲတဲ မီးအလင်းရောင်ထဲမှာ ထိုသတ္တဝါလေးကို လှမ်းမြင်နေရသေးသည်။ သူကလဲ သူ့ကို ရန်ပြုမှာစိုး၍လား မသိ။ သတိအနေအထားဖြင့် နေ နေသလို၊ ဘာလှုပ်ရှားမှုမှမပြု။ ခဏနေတော့ ကိုယ့်စိတ်ထဲမှာ သံသယ ဖြစ်လာသည်။ သူ လှုပ်မှ လှုပ်ရှားနိုင်ရဲ့လား၊ အတောင်များ ကျိုးနေသလား၊ ခြေထောက်တွေ လက်တွေ စုံမှ စုံရဲ့လား၊ နေမှ ကောင်းရဲ့လား၊ ဘာလို့ မလှုပ်ရှားတာပါလိမ့်။ အကြောင်း တစုံတရာကြောင့်သာ သူဟာ မလှုပ်ရှားနိုင်တဲ့သူ ဖြစ်နေခဲ့ရင် ခုနက ကိုယ်သူ့ကို မျက်စေ့ရှေ့က ပျောက်ကွယ်သွားအောင်၊ ကိစ္စတုံး ပစ်ဖို့ ကြံစည်နေမိတာ ဘယ်တရားပါ့မလဲနော်။ စိတ်ထဲမှာ ဒွိဟတွေ ဖြစ်လာပြန်သည်။ အတွေးတွေ… အတွေးတွေက မဆုံးနိုင်...။

ဟော... အဝေးမှ ရှုးဖိနပ်သံ တိုးသဲ့သဲ့… ထိုအသံသည် တဖြည်းဖြည်း နီးကပ်လာသည်။ ကိုယ် လက်ထဲမှ နာရီကို ကြည့်လိုက်သည်။ ရှစ်နာရီ ထိုးရန် ငါးမိနစ်အလို...။ သေချာတယ် သူပဲ ဖြစ်လိမ့်မည်။ ကိုယ် ဝမ်းသာမှုကို ဘာနဲ့မှ ပြောမပြတတ်။ တဖြည်းဖြည်း နီးလာသော ဖိနပ်သံက အိမ်ရှေ့မှာ တိတ်သွားသည်။ အပြင် သံဗန်းတံခါး သော့ကို ဖွင့်သံ… ပြီးတော့ သစ်သားတံခါး သော့ကို ဖွင့်သံ… ထိုအသံတွေ အဆုံးမှာတော့ “ဟာ.. ဘာလို့မီးတွေ ပိတ်ထားတာလဲ… အမှောင်ထဲမှာ ဘာထိုင်လုပ်နေတာလဲ…” ဟူသော အသံနှင့်အတူ လူက ချက်ချင်း ကိုယ့်အနားသို့ ရောက်လာသည်။ ကိုယ် ကြောက်ရွံ့မှု၊ ထိတ်လန့် တုန်လှုပ်မှုတို့နှင့် အားကိုးစရာ ရှာတွေ့သွားသောကြောင့် ဝမ်းသာမှုတို့ ပေါင်းစပ် ရောနှောကာ သူ့မေးခွန်းတွေကို ဖြေစရာ အသံထွက်၍ မရတော့ချေ။ ချက်ချင်းပင် မီးပွင့်တွေ လင်းလာသည်။ အလင်းရောင်အောက်တွင် ထင်ထင်ရှားရှား တွေ့မြင်နေရသော ခေါင်းပေါ်က ထိုးထိုးထောင်ထောင်နှစ်ခု တလှုပ်လှုပ်နှင့် ကိုယ့်ကို သွေးပျက်နေစေသော အရောင်ညိုညို အကောင်ရှိရာ အိပ်ခန်းဆီသို့ လက်ဖြင့်သာ ညွှန်ပြလိုက်နိုင်တော့သည်။

ဟာကွာ… ဟု မချင့်မရဲ ရေရွက်သံနှင့်အတူ အိပ်ခန်းထဲကို သူဝင်သွားသည်။ ကိုယ် ဘာကိုမှ မကြားရဲ.. မကြည့်ရဲ… ။ သို့သော် စက္ကန့်အနည်းငယ်သာ ကြာလိုက်သည် ဟု ထင်ပါသည်။ သူက “လာတော့.. လာတော့.. ဘာမှမရှိတော့ဘူး… အခန်းထဲ ဝင်လာခဲ့တော့…” ဟု လှမ်းခေါ်ပါသည်။ ဟင်.. တကယ်လား… မယုံနိုင်စရာ… ဘာဆေးမှ မဖြန်းပဲ.. ဘာ အသံမှမကြားရပဲ… ဘာ သတင်းစာစက္ကူ၏ အကူအညီမှ မလိုပဲ… သည်လိုပဲ တိတ်ဆိတ်စွာ ရှင်းလင်းလိုက်နိုင်သည်လား။ ထိုစဉ် သူက နောက်တခွန်း ထပ်ခေါ်လေသည်။

“လာတော့လေ.. ရေလာချိုး အဝတ်လဲ ထမင်းသွားစားကြမယ်… ဘာမှ မစားရသေးဘူး မဟုတ်လား.. ဆာနေရောပေါ့…”

ထိုင်နေရာမှ ထဖို့၊ မတ်မတ်ရပ်နိုင်ဖို့၊ ခြေလမ်းများ လှမ်းနိုင်ဖို့ ကိုယ်တော်တော်လေး ကြိုးစားလိုက်ရသည်။ ပြီးတော့ မျက်လုံးတွေကို ထိုသတ္တဝါလေး တည်ရှိနေခဲ့သော နေရာမှာ စူးစူးစိုက်စိုက် ရပ်တန့်နေမိသေးသည်။ သေချာပါသည်။ ကိုယ် တညနေလုံး သေမတတ် ကြောက်ရွံ့ခဲ့ရသော ထိုအရာကား တကယ်ကို မရှိတော့ပြီပဲ။

ထိုညက အပြင်မှာ ထမင်းသွားစားပြီး အိမ်ပြန်ရောက်လာချိန်မှာလဲ ထိုနေရာကိုသာ အရင်ဆုံး ကြည့်မိသည်။ မရှိပါ.. ဘာဆို ဘာမျှ မရှိပါ။ သည်လိုနှင့် အိပ်ရာဝင်ခဲ့သည်။ သူက ခဏလေးနှင့် အိပ်ပျော်သွားသော်လည်း ကိုယ်ကတော့ မျက်စေ့တွေ အကြောင်သားနှင့်…။ ကိုယ့်ကို တညနေလုံး ထိတ်လန့် ကြောက်ရွံ့နေစေပြီး သွေးလည်ပတ်မှုတို့ ရပ်တန့်အေးခဲစေမတတ် ချုပ်နှောင် ဖမ်းစား ထားခဲ့သော ထိုသက်ရှိ အရာတခုကို အချိန်တိုတိုလေးအတွင်းမှာ မည်သည့်အရာကို အသုံးချ၍ မည်သို့မည်ပုံ ရှင်းလင်း သုတ်သင်လိုက်ပါသနည်း ဆိုသည့် မေးခွန်းကိုတော့ နောက်တနေ့ မနက်မှာ ကိုယ် သူ့ကို မေးကြည့်မိမည် ထင်ပါသည်။ အခုလောလောဆယ်တော့ အိပ်ပျော်အောင် ကိုယ်အရင် ကြိုးစားလိုက်ပါဦးမည်…။

Thursday, October 8, 2009

T for Thet Wai

1. What is your name : Thet Wai

2. A four Letter Word : Talk

3. A boy's Name : Teddy

4. A girl's Name : Tweety

5. An occupation : Telephone Operator

6. A color : Tourquoise

7. Something you'll wear : Tees

8. A food : Terriyake Chicken

9. Something found in the bathroom : Towel

10. A place : Texas

11. A reason for being late : Thinking of you…

12. Something you'd shout : T i r e d . . . ! ! !

13. A movie title : The Notebook

14. Something you drink : Tea

15. A musical group : TLC

16. An animal : Teddy Bear

17. A street name : The Lover’s Lane @ R I T

18. A type of car : Toyota

19. The title of a song : Tattoo by Jordin Sparks

20. A verb : Thought


* * * * *


သ for သက်ဝေ

1. What is your name : သက်ဝေ

2. A four Letter Word : သတိတရ

3. A boy's Name : သားသား

4. A girl's Name : သုသု

5. An occupation : သေနတ်သမား.. (ဟား ဟား ဟား...)

6. A color : သပြေညို

7. Something you'll wear : သားမွေးပုဝါ

8. A food : သခွားသီးသုပ် (ကိုယ်စားချင်တာ ကိုယ်ပြောတာ..)

9. Something found in the bathroom : သွားတိုက်ဆေး (သုံးမျိုး ရှိတယ်)

10. A place : သာယာသော နေရာ

11. A reason for being late : သနပ်ခါး လိမ်းနေလို့ ပေါ့... :D

12. Something you'd shout : သွား... လူဆိုးးးးးးးး (သို့ ) သေလိုက်ပါလား... ဟွန်းးးးးးးး

13. A movie title : သာသည့်မြေသို့...

14. Something you drink : သရက်သီးဖျော်ရည်

15. A musical group : သည် ထရီး (The Tree) မြန်မာအဖွဲ့

16. An animal : သမင်

17. A street name : သာသနာ့ရိပ်သာလမ်း၊ ဗဟန်း

18. A type of car : သုံးဘီးကား

19. The title of a song : သူသိသွားပြီ (အေးချမ်းမေ)

20. A verb : သွားကြမယ်... လာ...

မြန်မာလိုရေးရတာ တော်တော်ခက်တာပဲ စင်စင်ရဲ့...
ရေးတော့ရေးလိုက်ပြီ... တချို့ဟာတွေကတော့ အတော်လေး အူကြောင်ကြောင်နိုင်နေမှာပါပဲ...

Faceook မှာ ညီမငယ် စင်စင် Tag သောကြောင့် ရေးပါသည်။
သတိတရရှိတာ ကျေးဇူးပါ စင်စင်...


Friday, October 2, 2009

နားလည်တဲ့သူတွေကတော့…

ဒီနေ့မနက်စောစော အိပ်ရာကနိုးနိုးချင်းမှာ ဖတ်လိုက်ရတဲ့ ပန်ပန့်ရဲ့ အားလုံးကို ပြတ်သွားအောင် ဆိုတဲ့ ပိုစ့်လေးကြောင့် ကိုယ့်ရဲ့ ရှုပ်ထွေး နောက်ကျိနေတဲ့ စိတ်တွေ ကြည်လင်ပြီး လူက အလိုလိုနေရင်း ပြုံးရယ် နေမိပါတော့တယ်…။ ပန်ပန်ရေးထားတာ ဘာများ ရယ်စရာပါနေလို့လဲ ဆိုပြီးတော့ နားလည်မှုတွေ မလွဲပါနဲ့နော်…။ သူက သူ့ရဲ့ အပြင်လောကမှာ ပိုများလာတဲ့ တာဝန်ဝတ္တရားတွေ နဲ့ မလောက်မင ဖြစ်နေတဲ့ အချိန်တွေကြောင့် G Talk တွေကို ဖြတ်တော့မယ် လို့ ရေးထားတာပါ။ သူရေးထားတာ ဖတ်အပြီးမှာ ကိုယ် ကြားခဲ့ရဖူးတဲ့ စကားတခွန်းကို သတိရပြီး တွေးရင်း ပြုံးရယ်မိတာပါလေ…။

ဇာာတ်လမ်းက ဒီလိုပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ် တခု ကျော်ကျော်လောက်က ကိုယ်တို့ သူငယ်ချင်းတသိုက် (ယောင်္ကျားလေး ၄ ယောက် နဲ့ ကိုယ် အပါအဝင် မိန်းကလေး ၅ ယောက်) ကျူရှင်တခုက အပြန် သိမ်ကြီးဈေးနားမှာ လမ်းဘေးမှာ ရောင်းတဲ့ အသုပ်ဆိုင်တခုမှာ အသုပ်စားရင်း လဘက်ရည်သောက်ရင်း ပျော်ပျော်ပါးပါး စကားဝိုင်းဖွဲ့ခဲ့ကြဖူးပါတယ်။ မှတ်မိသလောက်ကတော့ လမ်းဘေးမှာ ရောင်းတဲ့ဆိုင်ဆိုပေမယ့် တော်တော်လေး သန့်သန့်ပြန့်ပြန့်နဲ့ စားလို့အလွန်ကောင်းတဲ့ နာမည်ကြီး ဆိုင်တခုပါ။ (ဆိုင်နာမည်တော့ မမှတ်မိတော့ပါ။)

ဒီလို စားရင်း သောက်ရင်းမှာ ဘေးဘီကို မျက်စေ့ကစားကြည့်လိုက်တော့ ဘေးနားမှာ ရောင်းနေတာက လေဘေးထည်လို့ခေါ်တဲ့ အဝတ်တွေကို လမ်းမပေါ်မှာ ဖြန့်ခင်းပြီး ရောင်းတဲ့ ဆိုင်ပါ။ ရောင်းနေတဲ့သူကလဲ လူငယ်တယောက်ပါ။ သူဟာ သူ့ရဲ့ ပစ္စည်းတွေကို စိတ်ပါ လက်ပါနဲ့ အော်ဟစ်ကြော်ငြာပြီး ရောင်းနေတာ…။ ကိုယ်တို့ တသိုက်ကလဲ သူ့ရဲ့ တက်ကြွ သွက်လက်တဲ့ ဟန်ပန် နဲ့ စိတ်ပါလက်ပါ ကြည်ကြည်လင်လင် ဈေးရောင်းနေတာကို သတိထားမိပြီး သဘောတွေကျ နေကြတာလေ…။ သူ့ရဲ့ အထည်အဝတ်တွေကလဲ ဝယ်သူတွေ မပြတ်အောင်ကို အလွန် ရောင်းကောင်းလှပါတယ်။ (ဝယ်သူတွေ စည်ကားလှတဲ့ အဲဒီမြင်ကွင်းကိုကြည့်ရင်း ရင်ထဲမှာတော့ တမျိုးလေး ခံစားမိပါတယ်...။)

ကိုယ့်သူငယ်ချင်းတွေထဲမှာ တယောက်က တော်တော်စပ်စုတဲ့ အကောင်စုတ်လေးပါ။ သူက သူနဲ့လဲ မျက်နှာချင်းဆိုင်လို ဖြစ်နေတဲ့ အဲဒီလူရဲ့ များပြားလှတဲ့ အထည်ပုံကြီးနဲ့ ပျော်ပျော်ပါးပါး ဈေးရောင်းနေပုံကို (ဈေးကွက်ဝင်လုတော့မယ့် လူတယောက်အလား) တချိန်လုံးကြည့်ပြီး စပ်စပ်စုစုနဲ့ လေ့လာနေတယ်လေ။ ခဏကြာတော့ အဲဒီဈေးသည်ကြီးက သူ့ကိုကြည့်နေကြတာကို ရိပ်မိသွားတယ် ထင်တယ်။ ဈေးသည်ဆိုတာ သူ့ကို တချက်ကလေး ကြည့်လိုက်မိတာနဲ့ သူ့ပစ္စည်းတွေကို မဝယ်ချင် ဝယ်ချင်အောင် အတင်း ဆွဲဆောင်တတ်ကြတာ မဟုတ်လား။ ဒီတော့ သူ့ရဲ့ မျှားဦးက ကိုယ်တို့ ဆီကို တည့်တည့်မတ်မတ် လှည့်လာတော့တာပေါ့။

သူက ဘယ်လို မျှားဦးလှည့်လာတာလဲ ဆိုတော့ကာ… သူ့ရဲ့ တက်ကြွ အောင်မြင်တဲ့ လေသံနဲ့ အတူ “ကဲ.. ဟောဒီမှာ နားလည်တဲ့ သူတွေကတော့ ဝယ်ကုန်ပြီနော်… တွေ့လား… ကုတ်တွေ ဂျင်းဂျက်ကက်တွေ တထောင်ဖိုးကို သုံးထည်ထဲရယ်… နားလည်တဲ့ သူတွေကတော့ ဝယ်ကုန်ကြပြီနော်... ဝတ်ကုန်ကြပြီနော်...” လို့ အော်ပါတော့တယ်…။ သူ့ဟာသူ သူ့ပစ္စည်းကို ဘယ်လို အော်ရောင်းရောင်း ဘာမှ ဖြစ်စရာအကြောင်းမရှိပေမယ့် ခက်ပုံခက်နည်းက သူက ကိုယ်တို့ တသိုက်ကို လှမ်းလှမ်းကြည့်ပြီး “ဟောဒီမှာ နားလည်တဲ့ သူတွေကတော့ ဝယ်ကုန်ကြပြီနော်… နားလည်တဲ့ သူတွေကတော့ ဝတ်ကုန်ကြပြီနော်…” လို့ တအား တအားအော်တော့ ကိုယ်တို့တွေလဲ မျက်နှာဘယ်လို ထားရမှန်းမသိ ဖြစ်ကုန်ကြတာပေါ့။ သူပြောပုံအရဆိုရင် သူ့အထည်တွေ မဝယ်ကြတဲ့ မဝတ်ကြတဲ့ ကိုယ်တို့ တွေက နားမလည် ပါးမလည် ခပ်တုံးတုံး ခပ်အအ လူသားတွေ ဖြစ်မှန်းမသိ ဖြစ်နေကြပြီလေ… ဟုတ်ဖူးလား…။

မှာထားတာတွေကို စားလို့ သောက်လို့ကလဲ မပြီးသေးလေတော့ ရုတ်တရက်ကြီး ထပြေးဖို့ကလဲ မလွယ်… ကောင်လေးတွေက မရှက်ပေမယ့် ကိုယ်တို့ မိန်းကလေးတစုကတော့ ရှက်တာပေါ့နော်…။ ပြူးပြူးပြဲပြဲ သွားကြည့်နေတဲ့ ဟို အကောင်စုတ်ကိုလဲ အားလုံးက ဝိုင်းဝန်းပြီး ဆူပူ ကြိမ်းမောင်းနေကြပါတယ်…။ မတတ်နိုင်.. ဒီလိုဘဲ ရှက်ရှက်နဲ့ ဆက်ထိုင်စားနေကြချိန်မှာ သူ့ရဲ့ အသံက တစထက် တစ ပို ပိုပြီး ကျယ်လောင်လာပါတော့တယ်…။

“ဟောဒီမှာ နားလည်တဲ့ သူတွေကတော့ ဝယ်ကုန်ပြီနော်… နားလည်တဲ့ သူတွေကတော့ ဝတ်ကုန်ပြီနော်… နားလည်တဲ့ သူတွေကတော့ ဝယ်ကုန်ကြပြီနော်… နားလည်တဲ့ သူတွေကတော့ ဝတ်ကုန်ကြပြီနော်…”

အဲဒီဈေးသည်ဟာ ဝယ်သူတွေကို လက်မလည်အောင်ရောင်းရင်း ပါးစပ်ကလဲ “နားလည်တဲ့ သူတွေကတော့ ဝယ်ကုန်ကြပြီနော်…” လို့ ကိုယ်တို့တွေကို ကွက်ကြည့် ကွက်ကြည့်လုပ်ရင်း အဆက်မပြတ် ဟစ်ကြွေးနေလိုက်တာ ကိုယ်တို့ အဲဒီဆိုင်က ထလာပြီးတာတောင် ဟိုး တော်တော် ဝေးဝေးရောက်တဲ့အထိ သူ့အသံကို ဆက်ကြားနေရသေးတာ။ အဲဒီနေ့က ဆိုင်မှာတုန်းက စိတ်တွေရှုပ်ပြီး မရယ်နိုင်သမျှ နောက်တနေ့ ကျောင်းမှာ ပြန်ဆုံကြတဲ့အခါမှာ အဲဒီအကြောင်းကို ပြောပြောပြီး ရယ်လိုက်ရတာဆိုတာ တော်တော်နဲ့ မရပ်နိုင်ကြပါဘူး။ ခုထိလဲ တခါတခါ အဲဒီစကားကို သုံးမိရင် ဘယ်တော့မှ အမှတ်တမဲ့ မဖြစ်ပဲ လှိုက်လှိုက်လှဲလှဲ ရယ်မိနေတုန်းပါ။

ဟင်… အဲဒါနဲ့ ပန်ပန့်ပိုစ့်နဲ့ ဘာဆိုင်လို့လဲ.. ဟုတ်လား…။

အော်.. ဆိုင်ပါသော်ကော…။ သူက အခြေအနေတွေ အချိန်အခါတွေ၊ သူ့ရဲ့ လုပ်ငန်း တာဝန်တွေကြောင့် သူ့ကိုယ်သူ နားလည်စွာနဲ့ လိုအပ်တဲ့ အချိန်စီမံခန့်ခွဲမှုကို သေသေချာချာ ပြတ်ပြတ်သားသား လုပ်သွားပြီလေ…။ အဲဒီအကြောင်းကို ဖတ်ပြီးတဲ့အချိန်မှာ ကိုယ့်အတွေးထဲမှာလည်း “ကဲ... နားလည်တဲ့ သူတွေကတော့ ဖြတ်ကုန်ပြီနော်… ” လို့ အော်ရမလို ဖြစ်သွား၊ ခံစားသွားရရင်း ငယ်ငယ်တုန်းက အကြောင်းလေးကို သတိတရနဲ့ ပြုံးမိ ရယ်မိတာပါ။

ဒါပေမယ့် ကိုယ်ကတော့ အခုလောလောဆယ်မှာ ကိုယ့်ရဲ့ အစိမ်းရောင်၊ အနီရောင်၊ လိမ်မော်ရောင် အစရှိတဲ့ ရောင်စုံ အစက်ကလေးတွေရယ်၊ သူတို့ရေးထားကြတဲ့ အမျိုးမျိုးသော စိတ်ဝင်စားစရာ၊ ချစ်စရာ Status Message လေးတွေရယ်ကို ဘယ်လိုမှ သံယောဇဉ် မပြတ်နိုင်သေးတာမို့ မလောက်ငတဲ့ အချိန်အကြောင်းတွေ ဘာတွေ ဘာဆို ဘာမှ မစဉ်းစားပဲ အတိုင်းအတာ တခုအထိတော့ (နားမလည်ချင်ယောင်တွေ အတင်းဆောင်ပြီး) နားမလည်တဲ့သူတယောက် အဖြစ်နဲ့ပဲ ဆက်ပြီး ရပ်တည်နေမိအုံးမှာ သေချာပါတယ်လေ…။



(ကိုယ် တွေးချင်ရာ တွေးပြီး ရေးချင်ရာ ရေးမိတာ မဆီမဆိုင် ဖြစ်နေရင်လဲ ခွင့်လွှတ်ကြပါ… ကိုယ်ကတော့ “နားလည်တဲ့သူတွေကတော့…” ဆိုတဲ့ စကားတခွန်းကိုပဲ ကြားယောင်နေပြီး တမနက်လုံး ပြုံးရယ်နေမိတော့တယ်… ကောင်းသော သောကြာနေ့ ဖြစ်ကြပါစေ။)

Thursday, September 17, 2009

ပျောက်ဆုံးသွားသော...

ရူးသွပ်နည်း တမျိုးနှင့် ရူးသွပ်သည်ဟုပဲ ဆိုဆို၊ သာမန်မဟုတ်ဖူးပဲ ပြောပြော၊ လူတွေ၏ လက်မှတ်များ နှင့် သူတို့၏ လက်ရေးများကို စိတ်ဝင်စားတတ်သူ တယောက်အဖို့ ထိုလက်မှတ်တွေ၊ လက်ရေးတွေကို ကြည့်ကာ သူတို့၏ စိတ်နေသဘောထားကို ခန့်မှန်းကြည့်ခြင်း၊ သူတို့၏ ဓလေ့စရိုက်များကို တွက်ဆ ချိန်ထိုးကြည့်ခြင်း အလုပ်ကို စိတ်ပါဝင်စားစွာ လေ့လာနေမိသည်မှာ နှစ်ကာလ အားဖြင့် အတော်ကြာခဲ့ပြီ ဖြစ်သည်။ လူတယောက်၏ လက်ရေး လက်သား စာလုံး အဆွဲအငင် အဖြတ် အတောက်တို့သည် တဦးနှင့် တဦး အတော်ပင် ကွဲပြား ခြားနားကြပေသည်။ ပြီးတော့ သူတို့ ၏ လက်မှတ်များ… တဦး နှင့်တဦး ဘယ်နည်းနှင့်မျှ မတူညီကြသော၊ အမည်နာမချင်းပင် တူညီပါစေအုံး၊ အဆွဲ အငင် အတွေ့အဝိုက် အနည်းနည်း အဖုံဖုံ ကွဲပြားနေကြသော လက်မှတ်များကို ကြည့်ကာ သူတို့၏ အကြောင်းကို လေ့လာခန့်မှန်းရသည်မှာလဲ အနုပညာ တရပ်ဟု ဆိုနိုင်အောင်ပင် အလွန် စိတ်ဝင်စားစရာကောင်းလှပါသည်။ သို့သော်…

******

မှတ်မှတ်ရရ ထိုလက်မှတ်ကလေးကို စတွေ့ခဲ့သည်မှာ လွန်ခဲ့သော တနှစ်ကျော် ကာလက ဖြစ်သည်။ လုပ်ငန်းသဘော သဘာဝအရ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းကြီး တခုကို စာရင်းအင်းဆိုင်ရာများကို စစ်ဆေးရန် သွားရောက်ခဲ့ရပါသည်။ အထပ်ထပ်ပုံထားသော ဖိုင်တွဲများကြားတွင် ခေါင်းမြုပ်ထားရင်း ကိန်းဂဏန်းများကို စစ်ဆေးလိုက် ၊ တွက်ချက်လိုက်၊ လိုအပ်သော မေးခွန်းများကို မေးမြန်းလိုက်၊ အဖြေများကို မှတ်သားလိုက် လုပ်နေရင်း မျက်လုံးတို့သည် တနေရာမှာ စက္ကန့် အတော်ကြာ ရပ်တန့်သွားကြပါသည်။

လက်မှတ်ကလေး တခု… သာမန်အားဖြင့် သိပ်ထူးခြားသည်ဟု မဆိုသာသော လက်မှတ်တခု ဖြစ်သော်လည်း ဘာကြောင့်မှန်းမသိ ထိုလက်မှတ်ကလေးသည် အစွမ်းသတ္တိ တမျိုး ရှိနေသလိုလို၊ အရှိန်အဝါ တခုခု ရှိနေသလို သူ့အား ရစ်ပတ် ဆွဲဆောင်နေပါသည်။ ထိုလက်မှတ်လေးအား ဘယ်နေရာမှာတွေ့တွေ့ မမေ့နိုင်တော့သည်အထိ အချိန်အတော်ကြာ မျက်တောင်မခတ် စိုက်ကြည့်နေမိပါသည်။ နောက်ထပ် စစ်ဆေးရန် ကျန်ရှိနေသေးသော ဖိုင်တွဲများကို ခပ်သွက်သွက် လှန်လှောကြည့်လိုက်သောအခါတွင်လည်း အလားတူ လက်မှတ်ကလေးပေါင်း များစွာကို ထပ်တွေ့ရပါသည်…။ သူ ရင်တွေ တထိတ်ထိတ် ခုန်လာသလိုတောင် ခံစားလိုက်ရသည် ဟု ထင်ပါသည်…။ တကယ်တော့ သာမန် လက်မှတ်ကလေးတခု ဖြစ်ပါသည်။ နာမည်စာလုံးလေးတခုကို ရိုးသားရှင်းလင်းစွာ ဆွဲငင်ထားသော ဤလက်မှတ်ကလေး ပိုင်ရှင်မှာ မိန်းကလေးတယောက်သာ ဖြစ်ရမည်ဟု ဘာကြောင့် သေချာနေမှန်း သူ စဉ်းစား၍ မရခဲ့ပါ။ တကယ်တော့ ဤ နာမည်စာလုံးမျိုး ယောင်္ကျားလေးတယောက်တွင်လည်း ရှိနိုင်သည်ပဲ…။ သို့သော်.. သေချာသည်… ထိုလက်မှတ်ကလေး ပိုင်ရှင်မှာ မိန်းကလေးတယောက်သာ ဖြစ်ရမည်။

ထူးထူးခြားခြားပြောရလျှင် သူမ ရေးထိုးထားသော လက်မှတ်ကလေးများသည် တခုနှင့်တခု အဆွဲအငင်၊ အရွယ်အစား၊ အတိုင်းအတာ၊ စောင်းပုံ စောင်းနည်း လုံးဝ မကွာခြား မကွဲပြားနေပဲ တံဆိပ်တုံး တခုဖြင့် ထုနှိပ်ထားသလို ညီညွတ် တိကျနေကြခြင်းပင်…။ သေချာချင်သောစိတ်ဖြင့် စာရွက် ခပ်ပါးပါးတခုတွင် ရေးထိုးထားသော လက်မှတ်လေးကို ကိုင်ကာ အခြား စာရွက်များပေါ်တွင် လိုက်ထပ်ကြည့်မိပါသေးသည်။ နဲနဲလေးမျှ မလွဲအောင် တသွေမတိမ်း ထပ်တူညီပါသည်။ ထို့ကြောင့် လက်မှတ်ကလေး ပိုင်ရှင် မိန်းကလေးသည် စိတ်ဓါတ် တည်ငြိမ် ရင့်ကျက်သော၊ အရာရာကို တိကျ ပြတ်သားစွာ ဆုံးဖြတ်တတ်သော၊ အမှားအယွင်း အတိမ်းအစောင်းဖြစ်ခြင်းကို နဲနဲမှ မလိုလားသော၊ ထက်မြက်၍ ဥာဏ်ပညာ ရှိသော၊ ပျော့ပြောင်းသော်လည်း ခိုင်မာသော အမူအကျင့်ကို ပိုင်ဆိုင်နိုင်ဖွယ်ရှိသော မိန်းကလေးတယောက် ဖြစ်ရမည်ဟု ကောက်ချက်ချမိပါသည်။ နောက်ဖိုင်တွဲတတွဲတွင်မူ ထိုလက်မှတ်ကလေး အပေါ်တွင် မင်အနက်ရောင်ဖြင့် ရေးသားထားသော သပ်ရပ်တိကျ လှပသော လက်ရေးစာလုံးလေးများကို တွေ့ရပြန်ပါသည်။ ခပ်သွက်သွက်၊ ခပ်သော့သော့ ရေးထားခြင်း ဖြစ်သော်လည်း အရွယ်အစား ညီညာ သပ်ရပ်ပြီး လှပသော စွဲလမ်းဖွယ်ရာ လက်ရေးများ ဖြစ်ပါသည်။

အတွေးစိတ်ကူးထဲတွင် ထိုမိန်းကလေးကို လူကိုယ်တိုင် တွေ့မြင်ချင်စိတ်များ၊ ခင်မင်ရင်းနှီး လိုစိတ်များဖြင့် ပြည့်နှက်လာကြသည်။ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ ထိုနေ့သည် သူ့အတွက် ဤရုံးတွင် နောက်ဆုံး စာရင်းစစ်ရသောနေ့ ဖြစ်နေခြင်းပင်။ ညနေ ရုံးဆင်းချိန်တွင် အလျှိုအလျှို ရုံးဆင်းသွားကြသောသူများထဲတွင် မျှော်လင့်နေသူ တယောက်ကို တွေ့လို တွေ့ငြား မျက်စေ့ကစားကာ ရှာကြည့်နေမိပါသေးသည်။ သို့သော် အရှေ့လှေခါး၊ အနောက်လှေခါးများ၊ ဓါတ်လှေခါးများဖြင့် အလွန်များပြား ကြီးမားလှသော ရုံးကြီးထဲတွင် တခါမှ မသိဖူးသူ တယောက်ကို ရှာနိုင်ဖို့မှာ လွန်စွာမှ ခက်ခဲလှကြောင်း သူ ကောင်းကောင်းနားလည်ပါသည်…။

******

ထိုလက်မှတ်ကလေးကို စွဲလမ်းစိတ်နှင့် လက်မှတ်ပိုင်ရှင်လေးကို တွေ့မြင်ချင်စိတ်တို့ဖြင့် လပေါင်းများစွာ ကုန်လွန်လာအပြီးမှာ ထိုရုံးကို နောက်တကြိမ် စာရင်းစစ်သွားရန် အကြောင်းဖန်လာပါသည်။ ထိုသတင်းကို ကြားရသောနေ့က သူ ဝမ်းသာပျော်ရွှင်စိတ်တို့ဖြင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေခဲ့ပါသည်။ သည်တကြိမ်တော့ဖြင့် ရသည့်အခွင့်အရေးကို အသုံးချကာ တွေ့လိုသောသူကို မတွေ့ တွေ့အောင် အားထုတ်ရှာဖွေမည်ဟု စဉ်းစားနေမိပါသည်။ သည်တပါတ် စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်အပြီး တနင်္လာနေ့ဆိုလျှင် ထိုရုံးကို သူ သွားရတော့မည်။ တနှစ်ကျော်ကြာ မျှော်လင့်နေခဲ့ရသော သူ့အတွေးစိတ်ကူးများကို အကောင်အထည်ဖေါ်နိုင်တော့မည် ဖြစ်သောကြောင့် သူ စိတ်လှုပ်ရှားနေခဲ့သည်။
အို… လက်မှတ်ကလေးတခုက လူကို ဆွဲဆောင်နိုင်လှချည့်…။

စနေနေ့မနက်က ဘာကြောင့်မှန်းမသိ၊ အိပ်ရာက အစောကြီး နိုးနေသည်။ အိမ်ရှင်း၊ အဝတ်လျှော် မီးပူတိုက်၊ ပြီးတော့ ဆံပင်သွားညှပ်ကာ ရေချိုး ခေါင်းလျှော်…။ ညနေပိုင်းမှာ သူငယ်ချင်းတယောက်က နောက်တနေ့ ROM (Registry of Marriage) မှာ လက်ထပ်လက်မှတ် ရေးထိုးရန်ရှိသဖြင့် သူ့ဘက်မှ အသိ သက်သေအဖြစ် လက်မှတ်ထိုးပေးရန် ပြောလာသည်။ သူငယ်ချင်းကို အိုကေ ဟုပြောလိုက်ရင်း တဆက်တည်းမှာပင် (မဆီမဆိုင်) ဟိုလက်မှတ်ကလေးကို သတိရသွားပြန်သည်။ အင်း… သိပ်မလိုတော့ပါဘူး…။ ဒီနေ့ စနေ.. မနက်ဖြန် တနင်္ဂနွေ…။ ပြီးတော့… တနင်္လာ ကို သူ့အလိုလို ရောက်သွားပေမည်။ ရင်ခုန်စရာ အတွေးစိတ်ကူးတို့နှင့် ထိုညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

တနင်္ဂနွေနေ့ မနက်စောစော ROM ကို သူ ရောက်တော့ သတို့သမီး သတို့သားတောင် မရောက်သေး။ သူ ဘာတွေ စိတ်စောနေမိပါလိမ့်လို့ တွေးကာ အဝင်ဝမှာ ထောင်ထားသော ဆိုင်းဘုတ်ကို သွားကြည့်မိသည်။ စမည့်အချိန်က ကိုးနာရီခွဲ… အခုမှ ကိုးနာရီပဲ ရှိသေးသည် ဆိုတော့ ခဏတော့ စောင့်ရအုံးမည်ပေါ့…။ သတို့သမီး နာမည်ကို မျက်စေ့အရောက်မှာ နောက်ဆုံးစာလုံးလေးသည် ဟိုလက်မှတ်ကလေးနှင့် စာလုံးချင်း တူနေသည်ကို တွေ့ရပါသည်။ သည်လို နာမည်မျိုး အတော်များပါလားဟု တွေးနေတုန်းမှာပင် သတို့သမီး သတို့သား နှင့် အတူ အခြားသူငယ်ချင်းများလည်း ရောက်လာကြပါသည်။ သတို့သားက သတို့သမီးကို လက်ဆွဲကာ သူ ထိုင်နေရာ အနားကို လျှောက်လာပါသည်။ ပြီးတော့ မိတ်ဆက်ကြ… စကားတွေပြောကြ… ရယ်မောကြ…။ သတို့သမီးလေးမှာ အသားဖြူဖြူ၊ အရပ်မြင့်မြင့် ရိုးသား ရှင်းလင်း ကြည်လင်သော မျက်နှာလေးနှင့် ချစ်စဖွယ်။ သူမ၏ ထူးခြားချက်မှာ စိန်ပွင့်လေးများလို တလက်လက်တောက်ပနေသော မျက်လုံးအစုံ။ သူမ နှုတ်ခမ်းပါးမှ ရယ်မောလိုက်တိုင်း အတူတူ လိုက်ရယ်ကြသော ထိုမျက်လုံးလေးတွေက သတိမထားမိပဲ မနေနိုင်အောင် စူးရှ တောက်ပ နေကြသည်လေ။ လိမ်မာရေးခြားရှိကာ ထက်မြက်သော မိန်းကလေးတယောက်ဖြစ်မှာ သေချာပါသည်။

သည်လိုနှင့် တရားသူကြီးရောက်လာကာ လက်မှတ်ထိုးရန် အဆင်သင့် နေရာယူကြသည်။ သတို့သမီး သတို့သားနှင့် တရားသူကြီး က မျက်နှာခြင်းဆိုင်၊ သူ က သတို့သား၏ ညာဖက်ခြမ်းမှာ နေရာယူရကာ သတို့သမီးဖက်မှ သက်သေက သတို့သမီး၏ ဘယ်ဖက်ခြမ်းတွင် နေရာယူရလေသည်။ ပြောစရာရှိသည်များ မေးစရာရှိသည်များ ပြောဆို မေးမြန်းအပြီးမှာ လက်မှတ်ထိုးကြရသည်။ ပထမဆုံး သတို့သား၊ ပြီးတော့ သတို့သမီး… အမှတ်မထင် လှမ်းကြည့်လိုက်မိသော သူ့မျက်လုံးတွေ ပြာဝေသွားကြသည်။

မင် အနက်ရောင် လက်မှတ်ကလေး…။
သူ မျက်စေ့မှားခြင်းသာ ဖြစ်ပါစေတော့ ဟု စိတ်ထဲမှာ အကြိမ်ကြိမ် အထပ်ထပ် ဆုတောင်းနေမိသည်။ သို့သော် သူ့ဆုတောင်း မပြည့်ခဲ့ပါ။ လက်မှတ်ထိုးရမည့်အလှည့်မှာ မျက်စေ့ ရှေ့ကို ရောက်လာသော စာချုပ်လေးကို ကြည့်ကာ ဖေါင်တိန်ကိုင်ထားသော သူ့ လက်ချောင်းတွေ တော်တော်နဲ့ လှုပ်ရှား၍မရ ဖြစ်သွားသည်။ မည်သည့်နည်းနှင့်မျှ လွဲမှားစရာ မရှိသော မင်အနက်ရောင် ထိုလက်မှတ်ကလေး၊ ဘယ်နေရာမှာ တွေ့တွေ့ ဘယ်အချိန်မှာ တွေ့တွေ့ အစဉ်စွဲမြဲ မှတ်မိနေသော ထိုလက်မှတ်ကလေး၊ အချိန်ကာလ အားဖြင့် တနှစ်ကျော်ကြာအောင် သူ့ကို ညှို့ငင် ဆွဲဆောင်ထားသော ထိုလက်မှတ်ကလေး၊ အဆွဲအငင်၊ အကွေ့အဝိုက် နဲနဲမှ အတိမ်းအစောင်းမရှိ၊ အစဉ်တိကျ သပ်ရပ်နေသော ထိုလက်မှတ်ကလေး…။

******

လပေါင်းများစွာ မျှော်လင့် ရင်ခုန်နေခဲ့ရသော အရာတခုသည် မျက်တောင်တခတ် အတွင်းမှာပင် လှလှပပ သေသေသပ်သပ်နှင့် တစခြင်းစီ ကြေမွ ပြိုကွဲသွားလေပြီဖြစ်သည်။ ထိုအချိန်မှစကာ သူသည် လူတွေ၏ လက်မှတ်များ လက်ရေးများကို စွဲစွဲလမ်းလမ်း ကြည့်ရှုကာ ထိုသူတွေ၏ စိတ်အစဉ်ကို တွေးမြင် ခန့်မှန်းသည့် အလေ့အကျင့်ကို စွန့်လွှတ်ရန် ကြိုးစားမိပါတော့သည်။ လူတယောက်၏ အမူအကျင့်ဆိုသည်မှာ ပြင်ဆင်ရန် အလွန်တရာမှ ခက်ခဲသည်ဟု ဆိုကြသော်လည်း သူ့ဘဝထဲမှာ သူ လိုချင် မက်မောခဲ့သော၊ သူ စွဲလမ်း တောင့်တခဲ့သော အရာတခုကို ရုတ်တရက် လက်လွှတ် ဆုံးရှုံးလိုက်ရသောကြောင့်ပေလား မသိ… ၄င်း အမူအကျင့်ကို များမကြာမီ ကာလအတွင်း၌ပင် မြန်မြန်ဆန်ဆန် စွန့်လွှတ်၍ ရသွားနိုင်လိမ့်မည်ဟု သူ သေသေချာချာ ယုံကြည်နေမိပါသည်။