Sunday, January 30, 2011

ပန်းများနှင့် လှပသော နံနက်ခင်းတခု

အမှန်ကတော့ စာအသစ်တင်ဖို့ပါပဲ…။ ရေးလက်စတွေ အဆုံးမသတ်ရသေးခင်မှာ မနေ့က Orchid Garden မှာ ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံတချို့ကို တင်လိုက်ပါတယ်။ Orchid Garden သွားမယ်ကြံတိုင်း မိုးက အမြဲရွာတယ်။ မနေ့ကလဲ မိုးရွာတယ်…။ မိုးရွာလာရင် မိုးခိုလိုက်၊ မိုးနည်းနည်းစဲသွားရင် ထွက်ရိုက်လိုက်နဲ့ ရိုက်ခဲ့ရတာ။ နောက်ဆုံး ပြန်မယ်လုပ်တော့မှ မိုးက တအားရွာချတာ။ လူသာအစိုခံနိုင်မယ် ကင်မရာတော့ အစိုမခံနိုင်ဘူးလေ… ဒီတော့ အတူတူသွားတဲ့ ညီမနဲ့ နှစ်ယောက်သား ကင်မရာတွေကို လုံလုံခြုံခြုံသိမ်းပြီး မိုးရွာထဲမှာ ပြေးခဲ့ရသေးတယ်…။

ဓါတ်ပုံတွေတင်လိုက်ရင် ဘလော့ဂ်က ဖွင့်ရတာ လေးနေလို့ ဓါတ်ပုံတွေ မတင်တော့ဘူးလို့ တွေးထားတာ။ ဒါပေမယ့်လည်း ခြောက်သွေ့နေတဲ့ ဘလော့ဂ်ကို သနားလို့ နည်းနည်းတော့ တင်လိုက်တယ်…။ Facebook မှာတော့ ပန်းပုံတွေ ပုံ ၃၀ လောက်ကို အုပ်စု သုံးစုခွဲပြီး တင်ဖို့ ရည်ရွယ်ထားတာ အခုတော့ နှစ်အုပ်စု တင်ထားပြီးပါပြီ။ ဘေးက Sidebar မှာရှိတဲ့ Facebook Link ကနေတဆင့် သွားကြည့်နိုင်ပါတယ်…။ ဒါပေမယ့် Facebook မှာက Resolution ကို တော်တော်လေးချထားလို့ ကြည့်ရတာ အရောင်တွေ သိပ်မစိုပြေလှဘူး…။

ဒီအုပ်စုကို "အုပ်စုဖွဲ့၍ နေထိုင်ကြသူများ..." လို့ အမည်ပေးထားပါတယ်…။




ဒီအုပ်စုကိုတော့ "အေးရာအေးကြောင်း နေထိုင်ကြသူများ..." လို့ အမည်ပေးထားပါတယ်...။




ဒီအုပ်စုကိုတော့ "သူနဲ့သာဆိုရင်…" လို့ ကဗျာဆန်ဆန် နာမည်ပေးထားပါတယ်...။




ကျန်တဲ့ပုံတွေကိုတော့ ဒီနေရာမှာ ဆက်ကြည့်လိုက်နော်...။
အခုလောလောဆယ်မှာ ရာသီဥတုက တော်တော်အေးနေတော့ Flu ဖြစ်တဲ့သူတွေ တအားများနေတယ်။ ကိုယ်တိုင်လည်း နှာစေး ချောင်းဆိုး လည်ချောင်းနာနဲ့...။ ဒါကြောင့် နေကောင်းအောင် သတိထားပြီးနေကြပါ… အေးအေးဆေးဆေး အနားယူရမယ့် ရုံးပိတ်ရက်ကြီးမှာ ဖျားနေရရင် မမိုက်ဖူးလေ… နော်…။
ပျော်ရွှင်ဖွယ်ရာ ပိတ်ရက်များဖြစ်ကြပါစေ...




Thursday, January 20, 2011

လှသထက် လှမယ်ဆိုရင်

မြန်မာစကားထဲမှာ ဝလို့ လှလို့ ဟူသော စကားကို လူတိုင်း ကြားဖူးကြမည်…။ ထိုစကားသည် အရင်ဟိုး ရှေးရှေးခေတ်ကတော့ မှန်ကောင်း မှန်ပါလိမ့်မည်…။ သို့သော် ဒီနေ့ခေတ် ဒီနေ့အခါမှာတော့ ဘယ်လိုနည်းနှင့်မျှ မမှန်နိုင်တော့ပါချေ။ မမှန်ပုံ မမှန်နည်းကို အခု ပြောပြပါမည်။

အခုတလော တွေ့နေရသမျှ လူတိုင်း ကြီးကြီး ငယ်ငယ် လူမျိုးမရွေး၊ ဘာသာမရွေး၊ အရွယ်မရွေး တွင်တွင်ရေရွတ်နေကြသော စကားမှာ ငါ ဝနေတယ် ဟူ၏။ တယောက်နှင့်တယောက် တွေ့ဆုံကြသောအခါများမှာလဲ နင်တော့ဖြင့် ဝလာတယ်… ငါတော့ဖြင့် ဝလာတယ်… စသည်ဖြင့် အခြား အခြားသော အရေးများထက် ဝရေး ပိန်ရေးတွေကိုသာ အရင်ဆုံး ပြောဆိုဖြစ်ကြသည်လေ။ တွေ့ရသမျှ ကျားကျား မမ ဘယ်သူမှ မဝချင်ကြ…။ ပြီးတော့ နည်းနည်းဝသောသူများကလည်း ဝိတ်ချကြသည်။ များများဝသောသူများကလည်း ဝိတ်ချကြသည်။ ပြောရရင် လူတိုင်းလိုလို ဝိတ်ချရန်သာ ကြိုးစားနေကြသည်။ ထို့ကြောင့် ဝနေခြင်းနှင့် ဝိတ်လျှော့နေကြခြင်း တို့သည်သာ နေရာတကာမှာ Hot Topic ဖြစ်နေလေ၏။

သည်လိုနှင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဝိတ်ကို concern ဖြစ်လာကြသူ အများအပြားတွေ့နေရသောကြောင့် ကိုယ်လည်း ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်လိုက်မိသည်…။ ထိုအခါ ငါလဲ ဝနေပြီ ဟု အဖြေထွက်ပေ၏။ အရင်ကတော့ အရပ်ကလေး ကယ်နေသောကြောင့် နည်းနည်းပါးပါး ဝလာလဲ ဝလို့ ဝနေမှန်း သိပ်မသိသာ…။ အခုမှ တွေးမိသည်မှာ သည်အရပ်နှင့်သာ ဝချင်းမက ဆက်ကာ ဆက်ကာ ဝလာပါက Ms. Giant ဖြစ်သွားနိုင်သည်။ သည်လိုတော့ မဖြစ်ချေ… အများနည်းတူ… ကိုယ်လဲ ဝိတ်ချရန် စဉ်းစားရတော့၏။

ဝိတ်ချရန် ဟူသော ခေါင်းစဉ်နောက်တွင် လေ့လာစရာရှိသည်များကို အဆောတလျှင် လိုက်လံ ဖတ်ရှုလေ့လာ၏။ တိုတိုပဲ ပြောကြပါစို့…။ ဝိတ်ချသည့်နေရာမှာ အဓိက အကျဆုံးမှာ ကိုယ်နေ့စဉ် စားသုံးနိုင်သော ကယ်လိုရီပမာဏ (Daily Calorie Needs) ကို သိရန် ဖြစ်သည်။ ထို့ကြောင့် ကိုယ်လိုချင်သော၊ ကိုယ် Target ထားသော ဝိတ်ကို ရောက်ရန်အတွက် မိမိ၏ တနေ့တာ လှုပ်ရှားမှုပေါ်တွင် မူတည်ပြီး နေ့စဉ် စားသုံးနိုင်သော ကယ်လိုရီပမာဏကို
ဒီနေရာမှာ တွက်နိုင်သည်။

ထိုနည်းဖြင့် နေ့စဉ် စားသုံးနိုင်သော (လိုအပ်သော) ကယ်လိုရီပမာဏကို သိပြီးသောအခါ နေ့စဉ်စားသုံးသော အစားအစာများတွင် ပါဝင်သော ကယ်လိုရီတွေကို သိရန်မှာ ပို၍ပင် အရေးကြီးသေးသည်။ ကိုယ် ထင်မထားသော အချို့စားစရာများသည် မထင်မှတ်သော ကယ်လိုရီပမာဏများ ရှိနေကြသည်။ ကြောက်စရာ…

စပျစ်သီးသေးသေးလေး ၈ လုံးသည် ပန်းသီး ခပ်ရွယ်ရွယ်တလုံး (သို့) ကီဝီသီး နှစ်လုံးနှင့် ညီမျှပြီး ကယ်လိုရီ ၆၀၊ Almond Nut ၈ စေ့သည် ကယ်လိုရီ ၁၂၀၊ Cashew Nut ၁၀ စေ့သည် ကယ်လိုရီ ၁၂၀၊ လက်သီးဆုပ်တခုစာ ထမင်းဖြူသည် ကယ်လိုရီ ၁၇၀ ရှိနေသည်ဟု ဘယ်သူ သတိထားမိမှာလဲ…။ ထို့ထက်ပိုဆိုးသည်က ဒီမှာ လူအများ နေ့စဉ်စားသုံးဖြစ်နေကြသော ကြက်ဆီထမင်းတပွဲမှာ ကယ်လိုရီ ၆၀၀၊ Minced Meat Noodle တပွဲမှာ ကယ်လိုရီ ၅၅၀၊ ပြီးတော့ Curry Fish Head တပွဲမှာ ကယ်လိုရီ ၁၃၅၀ (လူ ၄ ယောက်ပဲ အတူတူ share စားအုံး တယောက်ကို ၃၀၀ ကျော်… တခြား ဘာမှ မပါသေး…)၊ ရှမ်းခေါက်ဆွဲ ၁၀၀ ဂရမ်သည် ကယ်လိုရီ ၃၆၀၊ အဆီနှင့်တွဲလျှက် ဝက်သား ၁၀၀ ဂရမ်သည် ကယ်လိုရီ ၄၅၀၊ မြေပဲလှော် ၁၀၀ ဂရမ်သည် ကယ်လိုရီ ၅၆၀… ဘုရား… ဘုရား… သည်လိုနှင့် ကိုယ် မသိလိုက်ပဲ မလိုအပ်သော ကယ်လိုရီတွေ စားသုံးမိခြင်းကြောင့် ဝသည်ထက် ဝလာရခြင်း ဖြစ်မည်ဟု တွေးမိသည်။

ခန္ဒာကိုယ်အတွက် တနေ့တာ လိုအပ်သော ကယ်လိုရီ အတိုင်းစားပါက မိမိ၏ လက်ရှိ ကိုယ်အလေးချိန်ကို ဒီအတိုင်း ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ လက်ရှိ ကိုယ်အလေးချိန်ကို လျှော့ချလိုပါက တနေ့တာလိုအပ်သော ကယ်လိုရီထဲမှ ရာခိုင်နှုန်းအနည်းငယ်ကို လျှော့ချသင့်သည်။ ကိုယ်ကတော့ လိုချင်သော Target တခုကို မရောက်မချင်း တနေ့တာ ကယ်လိုရီ၏ နှစ်ဆယ် ရာခိုင်နှုန်းကို လျှော့စားဖို့ စဉ်းစားသည်။ ထို့ကြောင့် အခု ဘာပဲစားစား ကယ်လိုရီကို ကြည့်ပြီး တွက်ပြီးမှ စားသော အကျင့်လုပ်နေသည်။ ဘာပဲ စားစား အထုတ်ပေါ်မှာ (သို့) ဗူးပေါ်မှာ ရေးထားသော စာပိစိလေးတွေမှာ ကယ်လိုရီကို အရင် ရှာဖတ်သည်။ Mc Donald တို့ KFC တို့ စာဖြစ်လျှင်လဲ မစားခင်မှာ Nutrition Chart မှာပါသော Information တွေ အရင် ကြည့်ဖြစ်သည်။ တချို့ဟာတွေကို ဂူဂယ်၏ အကူအညီယူပြီး ရှာမိသည်။ အရင်က စားခါနီး သောက်ခါနီးတိုင်း ကင်မရာတလုံးနှင့် ရှုပ်ရှက်ခတ်ပြီး စားအံ့ဆဲဆဲမှာ လူတွေကို ဒုက္ခပေးတတ်သော မသက်ဝေ၊ အခုတော့ တခုခု စားဖို့အရေး ဂူဂယ်မှာ ကယ်လိုရီ ရှာရပြန်သည်။ ရူးတယ်လို့ ပြောချင်လဲ ပြောကြပါစေတော့… ပုံပျက်ပန်းပျက် ဝလာမှာတော့ အနည်းငယ်မျှ မလိုလားပါလေ…။

သူများတွေလို လေ့ကျင့်ခန်းတွေ ဘာတွေ လုပ်ရမှာလဲ သေမတတ် ပျင်းသောကြောင့် နေ့စဉ် ပုံမှန် ထမင်းဟင်းကို အဟာရဖြစ်အောင်၊ လိုအပ်သော ကယ်လိုရီ ရောက်အောင်၊ ကျန်းမာရေးကို မထိခိုက်အောင် စားသည်။ တီဗွီကြည့်ရင်း ကွန်ပျူတာကြည့်ရင်း အချိန်မရွေး မျက်စိရှေ့ တွေ့ရာ မြင်ရာ snacks တွေကို ကြုံရင် ကြုံသလို ကောက်စားတတ်သော အကျင့်ကို ဖျောက်ရသည်။ ဘာရယ်မဟုတ် ဗိုက်မဝပဲ အလကားနေရင်း ကယ်လိုရီတွေများနေစေသော အစားအစာများကို ရှောင်ရှားသည်။

အရင်က တဗူးလုံး တထိုင်ထဲ ကုန်အောင် စားမိတတ်သော Pringles အာလူးကြော်မှာ တဗူးကို ကယ်လိုရီ ၈၀၀ ကျော်ပါတာ တွေ့ရတော့ အတော်လေး လန့်သွားသည်။ KFC စားလျှင် Thigh ပေးပါ ဟု မှာမိသည်။ ပြန်ကြည့်လိုက်တော့ Thigh တခုမှာ ကယ်လိုရီ ၂၅၀ ရှိနေသည်။ သူ့ထက်စာလျှင် Breast က တော်သေးသည်… ၂၀၀ ကယ်လိုရီတဲ့…။ ရေခဲမုန့် one scoop မှာ ကယ်လိုရီ ၁၆၀… ထမင်းစားပြီးမှာ ရေခဲမုန့်ကို အချိုတည်းသလို စားလိုက်လျှင် ဘယ်နှစ် scoop ဝင်လို့ ဝင်သွားမှန်းမသိ ထမင်းတခါစားသလောက် ထပ်ဝင်သွားတာ အသေအချာ… ဒါမျိုးကို ရှောင်ရသည်။ အလွယ်တကူ လိမ်မော်ရည်ဗူးလေးတွေ မကြာခဏ ဝယ်သောက်မိသည်… အခုမှ ကြည့်လိုက်တော့ 250 ML ဗူးသေးလေး တဗူးကို ၁၃၀ ကယ်လိုရီ တဲ့…။ အလကားနေရင်း ရေလိုဝင်သွားပြီး ဘာမှလဲ အဟာရမပေးသော လိမ်မော်ရည်တွေ အချိုရည်တွေကိုလည်း ရှောင်ရသည်။

အဓိက ကိုယ့်ရဲ့အသည်းကျော်
ကော်ဖီ… ဘလက်ကော်ဖီမှာ ကယ်လိုရီ လုံးဝမရှိ…။ သို့သော် ကိုယ်က ကော်ဖီကို နို့နဲ့ သကြားနဲ့ သောက်တာလေ… ကော်ဖီတခွက်ကို မရှိဘူးဆို ကယ်လိုရီ ၁၀၀ တော့ အနည်းလေးရှိသည်။ တနေ့ကို သုံး လေး ခွက် သောက်မိနေတော့… အခြေအနေက မကောင်း။ Starbucks က Mocha တခွက်မှာ Cream မပါရင်တောင် ကယ်လိုရီ ၃၀၀ ဆိုတော့ တကယ့်ကို ကြေကွဲမိသည်။ သို့သော် Green Tea မှာ ကယ်လိုရီ လုံးဝမရှိ… ဒီတော့ တချို့ ကော်ဖီချိန်တွေမှာ Green Tea ကို အစားထိုးရသည်။

သည်လိုနှင့် တပတ်လောက်အတွင်းမှာ လူက နေရတာ အနည်းငယ်ပေါ့ပါးလာသလို ခံစားရသည်… အဝတ်တွေ ဝတ်ရတာ ပိုပြီး သက်သာ ချောင်ချိလာသလို ခံစားရသည်။ အမျိုးသားကတော့ စိတ် စိတ်ပါကွယ်... ဟု ခပ်တိုးတိုး (မကြားတကြား) ရေရွတ်နေလေသည်။ အခုလောလောဆယ်မှာ ဝိတ်ကိုတော့ ချိန်မကြည့်… ချိန်မကြည့် ဆိုတာထက် မချိန်ရဲ မချိန်ချင်… ဆိုလျှင် ပိုမှန်မည်။ (အိမ်က ပေါင်ချိန်စက်အကြောင်း နောက်တပိုစ့်မှာ ရေးပြပါမည်။)

ဘာပဲဖြစ်ဖြစ်လေ… Something is better than None… မဟုတ်ပါလား..။
ဘာမှမလုပ်ပဲ ဒီအတိုင်းနေနေမည့်အစား သတိလေးနဲ့ နေ၊ သတိလေးနဲ့ စားလိုက်တော့ ဘယ်သူ ဘာပြောပြော ကိုယ့်ကိုယ်ကိုယ်တော့ ကျေနပ်နေတာ အမှန်။ လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်စွာ နေတတ်ဖို့လည်း အရေးကြီးသည်သာ။ သည်တော့ ဝလို့ လှလို့ ဟူသော ရှေးစကားကို ပျော်ပျော်ကြီး ဆန့်ကျင်ပြီး ကိုယ့်လိုပဲ ဝနေသူများ၊ ဝ စပြုလာသူများ၊ ဝ မလာအောင် ထိန်းသိမ်းချင်သူများအတွက် ရည်ရွယ်၍ သည်ပိုစ့်လေးကို ရေးလိုက်သည်။ သည်ပိုစ့်လေးကို ဖတ်မိပြီး တနေ့ တနေ့ ငါဘာတွေ စားမိပါလိမ့်၊ စားမိသမျှ စားစရာတွေမှာ ကယ်လိုရီ ဘယ်၍ ဘယ်မျှ ပါဝင်နေပါလိမ့် ဆိုတာကို သတိလေး ထားမိပြီး အနည်းအကျဉ်း ဆင်ခြင်နိုင်ကြလျှင် ကိုယ် ရေးရကျိုးနပ်ပြီပေါ့…။


နောက်ဆက်တွဲ...
သူငယ်ချင်းတယောက်က ဒီပိုစ့်ကို ဖတ်ပြီး ဘီယာဆိုရင်ရောလို့ မေးလာတဲ့အပြင် ကော်မန့်မှာ ကိုဘွိုင်းဇ်ကပါ လာမေးထားလို့ မထင်မှတ်ပဲ ဘီယာမှာပါတဲ့ ကယ်လိုရီ အကြောင်း သွားဖတ်မိပါတယ်…။ ဖတ်ပြီးတော့ ငါးပါးတွေမက သံဃာစင်ပါ မှောက်သွားတာပါပဲ…။ မမှောက်ခံနိုင်မလား… ကြည့်ပါအုံး... Alcohol Full Strength ရှိတဲ့ ဘီယာတခွက်မှာပါတဲ့ ကယ်လိုရီက ကော်ဖီတခွက်မှာပါတဲ့ ကယ်လိုရီနဲ့ တူတူပါပဲ... ၇၅ ကယ်လိုရီ ပါတဲ့…။ Light Beer ဆိုရင် သူ့မှာရှိတဲ့ ကယ်လိုရီက ကော်ဖီတို့ နို့တို့ Coke တို့မှာပါတဲ့ ကယ်လိုရီထက်ကို နည်းနေသေး ဆိုပဲ။ ဒီမှာ လဲ ဖတ်လို့ရသေးတယ်...။ ကဲ… ကိုဘွိုင်းဇ်ရေ… ဘီယာက ကယ်လိုရီ နည်းတယ်ဆိုတိုင်းလဲ စိတ်တိုင်းကျတွေ သောက်မနေနဲ့အုံးနော်…
မေးလို့သာ ပြောရတယ် တရားခံဖြစ်မှာတော့ ကြောက်သား…း))




Saturday, January 15, 2011

မိုးရွာထဲတွင် လမ်းလျှောက်ထွက်ခြင်း

အခုတလော ဒီမှာ နေ့တိုင်း မိုးရွာတယ်….
မိုး ဆိုတာ လူတွေရဲ့စိတ်ကို အတွေးအမျိုးမျိုး ခံစားမှု အမျိုးမျိုး ပေးတတ်တယ်။ မိုးရွာတာကို သဘောကျ နှစ်သက်တဲ့အချိန်တွေ ရှိနိုင်သလို တနေရာရာကို သွားခါနီး လာခါနီးမှာ မိုးရွာလို့ ဖြစ်လာတတ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ စိတ်အနှောက်အယှက်တွေကြောင့် မိုးရွာတာကို မနှစ်သက်တဲ့ အချိန်တွေလဲ ရှိနိုင်ပါတယ်။ မိုးကပေးတဲ့ ခံစားမှုတွေ၊ မိုးနဲ့ပတ်သက်တဲ့ အတွေးစတွေကတော့ ပြောပြရရင် အများကြီးပေါ့။ ဒီလိုနဲ့ မိုးတွေ သည်းသည်းမဲမဲရွာနေတဲ့ တနေ့မှာ မိုးရေစက်တွေထဲ လမ်းလျှောက်ထွက်တဲ့ အကြောင်းကို မိတ်ဆွေတယောက်က အခုလို ရေးဖြစ်ခဲ့တယ်လို့ ပြောပြီး ကိုယ့်ကို ပေးဖတ်ပါတယ်။ လူတိုင်း လူတိုင်းမှာ တခါတရံ (သို့) အခါများစွာမှာ စိတ်သွားတိုင်း ကိုယ်မပါတဲ့အရာတွေ ရှိတတ်စမြဲ… ဆိုတာကို သူနဲ့အတူ လိုက်ပါခံစားမိတာကြောင့် ဒီပိုစ့်လေးကို သူ့ဆီက တောင်းပြီး တင်လိုက်ပါတယ်။ ဖတ်ကြည့်ပါနော်…

မိုးရွာထဲတွင် လမ်းလျှောက်ထွက်ခြင်း




မနေ့ညကပါ။
စွေလိုက်တဲ့မိုး အငြိုးနဲ့များ ရွာလေသလားလို့ ထင်မိတယ်။ ကံဆိုးသူ သွားရာ မိုးလိုက်လို့ ရွာတတ်တယ်တဲ့လေ။ ဟုတ်လား မဟုတ်လားတော့ ဝေဖန် မဆန်းစစ်အားပါဘူး၊ စိတ်ဇောက လမ်းလျှောက်ဖို့ကိုသာ အားသန်နေတော့တယ်။

မိုးရွာထဲမှာ လမ်းလျှောက်ရတာကို ကြိုက်တဝက် မကြိုက်တဝက် အမြဲဖြစ်နေပြန်တယ်။ မကြိုက်တဲ့တဝက်က အဝတ်တွေ ရေစိုပြီးကပ်နေတာရယ် လမ်းကောင်းကောင်းမလျှောက်တတ်လို့ ရွှံ့တွေ သဲတွေ နောက်ကျောကို စင်တာရယ်… ။ ကြိုက်တဲ့ တဝက်ကတော့ မိုးစက်တွေနဲ့ တိုက်ရိုက်ထိတွေ့ရတာ။ ပြီးတော့ အမြဲ ပုံစံမကျဖြစ်နေတတ်တဲ့ ဆံပင်တွေ ရေစိုပြီး ပြားကပ်သွားတာတွေကိုပါပဲ။

အမိုးအကာမပါပဲ မိုးရေထဲကို လမ်းလျှောက်ထွက်ရင် မိုးရေစတွေ စင်လျင်စင်ခြင်း အပြစ်ကင်းတဲ့ ကလေးဘဝကိုပဲ စိတ်ရောက်မိတယ်။ မိုးရွာထဲမှာ ဆော့ကစားပြီး အမေ မဆူမခြင်း အိမ်ထဲကို မဝင်တတ်ခဲ့ဘူး။ လက်တွေ ပဲကြီးရေပွသလိုဖြစ်၊ နှုတ်ခမ်းတွေလည်း ပြာလုလုဖြစ်၊ လူလည်း မေးချင်းရိုက်နေတော့မှ အိမ်တံစက်မြိတ်အောက်က ရေတံလျှောက်အောက်ကို စ ဝင်တယ်။ ဒါတောင် ရေတံလျှောက်ကနေ တဆင့် ကျလာတဲ့ မိုးရေကို ခံထားတဲ့ စဥ့်အိုးနားမှာ ဟိုလှည့်ဒီလှည့် လုပ်နေလိုက်သေးတာကိုး။ နောက်ဆုံးအကြိမ် ဆင့်ခေါ်စာ ကြိမ်လုံးရွှမ်းခနဲ ရိုက်တဲ့အသံကို စောင့်နေသေးတာ။ ရေစိုစိုနဲ့ အရိုက်ခံရရင်တော့ မလွယ်ပါ… တကယ်ကို မလွယ်ပါ။

ကျောင်းစတက်တော့ မိုးတွေညို့လာရင် မိုးရေထဲမှာ လမ်းလျှောက်ချင်လာပြန်တယ်။ လွယ်အိတ်ထဲက စာအုပ်တွေကို ငဲ့ညှာရင်းနဲ့ မိုးစက်တွေကို လက်တွေ ခြေတွေနဲ့ပဲ နှုတ်ဆက်ခဲ့ရတယ်။ ကျောင်းကနေ ကျူရှင်ကူးအပြီး အိမ်ပြန်ရတာမို့လို့ မိုးရေချိုးဖို့ အချိန်ဆိုတာ မကျန်တော့သလောက်ပါပဲ။

အဲဒီလိုနဲ့ စာအုပ်တွေကို ငဲ့တဲ့အခါ ငဲ့လိုက် အချိန်အခါကို ငဲ့လိုက်၊ ဘေးနားက အဖော်ကို ငဲ့လိုက်နဲ့ မိုးရေစက်တွေကို အရင်လို၊ ဟိုးငယ်ငယ်တုန်းကလို လွတ်လပ်စွာ ရင်းနှီးခင်မင်ခွင့် ပါးလျားသွားခဲ့သည်။

တခါတရံ ရှားရှားပါးပါး ရတတ်သော အခွင့်အရေးတွေ ကြုံရင် လက်လွတ်မခံချင်ပြန်။ ရေတုတ်တုတ်ရွှဲအောင် စိုနေသော အဝတ်အစားများကို လျစ်လျူရှုလျက် လိုင်းကားပေါ်ကို မတက်ချင်တော့သောအခါ လမ်းလျှောက်ခြင်းဖက်ကို ပိုအလေးပေးမိပြန်သည်။ သို့သော် မကြာခဏ ဖျားနာတတ်သော သူမို့ အိမ်ပြန်ရောက်ရင် အဆူခံထိမှာလည်း သေချာသည်။ ရေစိုကြီးနဲ့ဆိုတော့ ကားပေါ်က တခြားသူတွေကို အားနာလို့ဆိုတဲ့ ဆင်ခြေနဲ့ လမ်းလျှောက်ခြင်းကို မတန်ရင်ကာ ဖုံးကွယ်ရဦးမည်။

မိုးရေစက်တွေရဲ့ အေးမြခြင်းက အတိုင်းမသိ စိတ်လက်ချမ်းသာခြင်းကို ဖြစ်စေသည်။ တကိုယ်လုံးအနှံ့ကို ဖြန်းပက်ပေးသည်။ အချောင်းလိုက်ဖြစ်နေသော ဆံပင်တွေကြားက မျက်နှာတလျှောက်မှာ ရေစီးကြောင်းတွေ ဖြစ်ထွန်းစေသည်။ မှုန်မှုန်ဝါးဝါးမြင်ကွင်းကို မိုးရေတွေက ဖုံးလိုက် လက်နဲ့ရေတွေကို သပ်ချလိုက်နဲ့ မျက်နှာကို ဝိုက်ပါတပ်ဖို့လိုများ လိုအပ်နေသေးတော့သလို...။

အခုလည်း မကြာခင်အချိန်လေးအတွင်းက အရှေ့တည့်တည့်က လမ်းမှာ အတော်လေး စည်စည်ကားကားရှိနေခဲ့သည်။ ဘတ်စ်ကားမှတ်တိုင်မှာ လူတွေ အုံခဲနေသည်။ မှတ်တိုင်ဘေးက မုန့်ဆိုင်၊ ကွမ်းယာဆိုင်မှ စလို့ လမ်းမထက် စတိုးဆိုင်တွေ အကုန်လုံး ရောင်းသူဝယ်သူတွေနဲ့ တရုန်းရုန်း။ အငွေ့တထောင်းထောင်းထအောင် ကင်နေသော အကင်ဆိုင်သည်လည်းကောင်း၊ အမွှေးနံ့ တလူလူနဲ့ ဖြတ်သွားသူတိုင်းကို နှိပ်စက်ကလူပြုနေသော ဘိုကလေးမုန့်ဟင်းခါးလား မြောင်းမြမုန့်ဟင်းခါးလားမသိ သည် လည်းကောင်း၊ စဥ့်အိုးခွက်အတွင်း အသီး အရွက် အသား အမျိုးအမည်စုံလင်စွာ ရောထည့်ပြီးရောင်းသော မြေအိုးမြီးရှည်သည် သည်လည်းကောင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြလေပြီ။ မိုးစတင်ရွာပြီး သိပ်မကြာခင် ထိုသူတို့ အားလုံး ပျောက်ဆုံးကုန်ကြသည်။

ပြောင်းလဲငြိမ်သက်သွားသော လမ်းတစ်လျှောက် ဖြည်းဖြည်းနှစ်သက်စွာ လျှောက်လာရသည်မှာ အရသာတစ်မျိုးပင်။ ကိုယ်မရောက်ဖူးသော အရပ်ဒေသတစ်ခုကို ရောက်နေရသလိုလို။ ခပ်စောစောက ပျော်ရွှင်မြူးထူးစွာ လမ်းပေါ် ဖြတ်လျှောက်နေသူတို့သည် ယခုအခါတွင်မူ ကြောက်ရွံ့နေသည့်အလား အမိုးတစ်ခုခုအောက်မှ ငေးမောနေကြပြန်သည်။ တကယ်တမ်း ခုံမင်နေသည်မှာ အဆိုပါမိုးခိုသူတို့က မိုးရွာထဲကို စိတ်အေးလက်အေး ဖြတ်လျှောက်နေသော သူ့ကို ကြည့်တတ်ကြသည့် အကြည့်ကိုဖြစ်ပါလိမ့်မည်။

ထိုထို အရာတို့ ဖြစ်ပျက်စေလိုသော စိတ်သည် အရှိန်ပြင်းထန်လွန်းလှပေသည်။ ထိုင်နေသော ဘီးတပ်တွန်းလှည်းခုံပေါ်မှ အတင်း ကုန်းရုန်းထလိုက်သော်လည်း နှစ်ကာလကြာရှည်စွာ အိပ်မောကျနေခဲ့သော သူ့ခြေထောက်တို့သည် မသိလိုက်ဖာသာ။ တကယ်တမ်း သူစွမ်းသမျှသည် မှန်ပြတင်းတစ်လျှောက် အကြောင်းလိုက် စီးဆင်းနေသော မိုးရေစက်များကို မြင်လျက် စိတ်ဖြင့် တချိန်တုန်းကလို မိုးရေထဲမှာ လမ်းလျှောက်ထွက်ခြင်းပင်ဖြစ်ပါသည်………….

Tuesday, January 11, 2011

၁၁-၁-၁၁


ယခုနှစ် ၂၀၁၁ ခုနှစ်တွင် အထူးတလည် ကျော်ကြားသော နေ့စွဲ နှစ်ခုရှိသည်။ သူတို့အပြောအရတော့ (Hot Wedding Date) ဟူ၏။ ထိုရက်နှစ်ရက်မှာ ဇန္နဝါရီလ ၁၁ ရက် နှင့် နိုဝင်ဘာလ ၂၀ ရက် တို့ ဖြစ်ကြသည်။ ဇန္နဝါရီလ ၁၁ ရက်ကို ရေးလိုက်သောအခါ ၁၁-၁-၁၁ ဟု တွေ့ရပြီး နိုဝင်ဘာ ၂၀ ရက်ကို ရေးလိုက်သောအခါ ၂၀-၁၁-၂၀၁၁ ဟု တွေ့မြင်ကြရသည်။ နံပါတ်များကို ရေးရတာ လှသောကြောင့် ပေါ်ပြူလာ ဖြစ်သည်ဟု ယူဆမိသည်။ ထိုနှစ်ရက်သည် အထူးသဖြင့်တော့ မင်္ဂလာဆောင်မည့်သူများအတွက် ထူးခြားသောနေ့၊ Auspicious ဖြစ်သောနေ့၊ Luck ကောင်းသောနေ့များဟုလည်း ဆိုကြ၏။

သည်နေ့က ၁၁-၁-၁၁…
တစ်ဂဏန်း ငါးလုံးတို့ စုဝေးရာ နေ့တနေ့ ဖြစ်သည်။ ၎င်း တစ်ဂဏန်း ငါးလုံးကို (သင်္ချာတွက်စက်၏ အကူအညီဖြင့်) ပေါင်းကြည့်လိုက်သောအခါ အဖြေကား ၅ ဖြစ်၏။ သည်ကလူအများ၏ အပြောအရ ငါး ဂဏန်းသည်လည်း အတော်ကောင်းသော ဂဏန်း ဖြစ်သည်။ (မှတ်ချက် ။ ။ ငါး ဂဏန်း = Fish Crab မဟုတ်ပါ)။ ထို ၁၁-၁-၁၁ တစ် ငါးလုံးနေ့မှာ လက်ထပ်မင်္ဂလာဆောင်နှင်းမည့် စုံတွဲများ ROM တွင် ကြက်ပျံမကျ စည်ကားနေကြောင်း သတင်းမှာ တွေ့မြင် ကြားသိရသည်။

ထို တစ် ငါးလုံးနေ့... ၁၁-၁-၁၁ နေ့မှာ ရုံးမှ ခွင့်ယူထားသည်။ သူ့ကိုလည်း ခွင့်ယူဖို့ ပြောထားသည်။ သို့သော် ROM မှာ မင်္ဂလာ သွားဆောင်ရန်တော့ မဟုတ်ပါချေ။

မနက်ကို အိပ်ရာမှ စောစောထမည်။ ဘုရားမှာ ပန်း ဆီမီး ရေချမ်း ဆွမ်း ခဲဘွယ် ဘောဇဉ် ချိုချဉ် အစရှိသည်တို့ကို ကပ်လှူပူဇော်၍ ဘုရားကန်တော့မည်။ ဖေဖေ မေမေတို့ကိုပါ အာရုံပြု၍ ကန်တော့မည်။ ပြီးတော့ စောစောစီးစီး သူတို့ကို ဖုန်းဆက်နှိုး၍ ချိုသာစကားများ ပြောဆိုမည်။ တဆက်တည်းမှာ ဒီနှစ် ဘာလက်ဆောင်ပေးမှာလဲ… ဟု ချစ်စဖွယ် မေးလိုက်အုံးမည်။ ဒီတခေါက် ပြန်လာရင် သမီးကြိုက်တာ ဝယ်ပေးမယ် ဘာယူမလဲ စဉ်းစားထား… ဟူသော အဖြေမျိုး ရလျှင်တော့ အလွန်ပျော်သွားမှာ အသေအချာ…။

ဒါတွေပြီးရင်တော့ သူနှင့်အတူ ဟိုဟိုဒီဒီ လျှောက်သွားဖို့ စဉ်းစားထားသည်။ သူ့အပြောအရကတော့ ဒီနေ့ အထင်ကရ နေရာအတော်များများမှာ လူများမည်၊ စားသောက်ဆိုင်များတွင်လည်း လူကြပ်မည် တဲ့…။ ဒါဆိုလည်း ဘယ်နေရာတွေမှာ လူတွေများပြီး ဘယ်ဆိုင်တွေမှာ လူတွေ ကြပ်သလဲ လျှောက်ကြည့်ကြတာပေါ့… ဟု ပြောလိုက်သည်။ နည်းနည်းမှတော့ မလျှော့…။ ဒီနေ့မှာ တခုခု အလိုမကျ ဖြစ်လာပါက မွေးနေ့ရှင် စိတ်ညစ်အောင် မလုပ်နဲ့နော် ဟူသော စကားဖြင့် ခြိမ်းခြောက်ရမည်။ ထိုသို့ ခြိမ်းခြောက်ရန် အခွင့်အရေး စုစုပေါင်း ၂၄ နာရီ တိတိ ကိုယ့်မှာ ရှိနေသည်။ ရသမျှ အခွင့်အရေးကို အပြည့်အဝ အသုံးချပစ်မည်…။

မနှစ်က ကိုယ့်အသက်ကို ၅၀ ဟု မိတ်ဆွေကြီး ကလူသစ် က သေသေချာချာ သတ်မှတ်ပေးသွားသည်။ သည်နှစ်မှာတော့ တနှစ်ပိုကြီးသွားလေပြီ။ ထို့ကြောင့် ၁ ထပ်ပေါင်းပြီး ၅၀ + ၁ = ၅၁… ၅၁ နှစ်ဟု မှတ်ယူကြစေချင်သည်။

မနှစ်ကလိုပင် များပြားလှစွာသော ဖယောင်းတိုင်ဖိုး မတတ်နိုင်သောကြောင့် ကိတ်မုန့်လှီးခြင်းအမှုကို မပြုပါ။

မွေးနေ့လက်ဆောင်ကတော့ မွေးနေ့မတိုင်ခင် တော်တော်စောစောထဲက ကြိုပွိုင့်ဖြင့် ယူထားတာရော၊ မွေးနေ့အတွက်ဟု အကြောင်းပြကာ ပြီးခဲ့သော ရက်ပိုင်းအတွင်းက ဝယ်ထားသောအရာတွေကို မယောင်မလည်ဖြင့် သူ့စာရင်းထဲမှာ ပေါင်းထည့်ထားတာရော၊ ဒီနေ့မှာ လိုက်ဝယ်ပေးဖို့ ပြောထားတာရော ဆိုတော့ အင်း… ပြန်ပြောပြဖို့တော့ တော်တော်ခက်ပါလိမ့်မည်။

မွေးနေ့ မတိုင်ခင်မှာ ကြိုရပြီးဖြစ်သော မွေးနေ့လက်ဆောင်အချို့ကတော့ ချစ်သူငယ်ချင်းများဆီမှ ဖြစ်သည်။ အင်္ဂလိပ်လိုရေးထားသော ဘုရားစာအုပ် နှစ်အုပ်၊ မြန်မာ ဝတ္ထုစာအုပ် နှစ်အုပ် နှင့် အပေါ်က နှင်းဆီပန်း ဓါတ်ပုံလေး၊ နှင်းပွင့်လေးလို ဖြူစင်သော အိတ်လေးတခု၊ နောက် အိတ်ဝါဝါ ရှည်ရှည်လေး တခု၊ ပြီးတော့ Checkered Shirt လေး တထည်အတွက် သက်ဆိုင်ရာ သူငယ်ချင်း လေးယောက်ကို သည်နေရာမှ ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ အသက်တွေကြီးလာပြီ အပြန်အလှန် မွေးနေ့လက်ဆောင်တွေ မပေးကြတော့ဘူး… ဟု ပြောထား ဆိုထား သဘောတူထားကြပြီး ဖြစ်သော်လည်း မမျှော်လင့်ပဲ ရလာသော၊ ပြီးတော့ ကိုယ်တိုင်လည်း တကယ် သဘောကျ နှစ်သက်သော လက်ဆောင်များဖြစ်သောကြောင့် ဝမ်းသာစွာဖြင့် ကျေးဖူးတင်ပါသည်။

ကြုံတောင့် ကြုံခဲ ရရှိခဲ့သော လူ့ဘဝ၏ သက်တမ်းမှာ ယခုဆိုလျှင် တဝက်မက ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။ ကုန်လွန်ခဲ့သော အချိန်များမှာ ကိုယ်ပြုခဲ့သမျှသော ကောင်းမှု၊ မကောင်းမှုများအကြောင်းကို သည်ည အိပ်ရာမဝင်ခင် နဖူးပေါ်လက်တင်ကာ သေသေချာချာ တွေးတော စဉ်းစားပါအုံးမည်။ ကောင်းမှုများကို အရှည်သဖြင့် ကိုယ်နှင့်တပါတည်း ဆက်လက် သယ်ဆောင်ယူသွားနိုင်ရန် ကြိုးစားမည်ဖြစ်ပြီး မကောင်းမှု အကုသိုလ်များကိုတော့ သတိထားလိုက်မိသည့် အချိန်မှစ၍ အတတ်နိုင်ဆုံး ဖယ်ခွာ ရှင်းလင်းပြီး နည်းနိုင်သမျှ နည်းပါးစေမည်။ ရှေ့ဆက်ရမည့် နေ့ရက် ခရီးမှာ ဘယ်ရွေ့ဘယ်မျှ ရှည်ကြာဦးမည်ကို ဘယ်သူမှ အတတ်မပြောနိုင်။ ထိုကြောင့် ကျန်ရှိနေသမျှ အချိန်များမှာ ဘဝကို လောဘ၊ ဒေါသ၊ သောက၊ မောဟ ကင်းကင်းဖြင့် ရိုးသား အေးဆေးစွာ၊ နှစ်သိမ့် ရောင့်ရဲစွာ ဆက်လက် ရှင်သန်နိုင်ရန် တတ်အားသရွေ့ ကြိုးစားသွားပါဦးမည်။



ဒီနေ့မှာ ကိုယ်နှင့် မွေးနေ့တူသော ညီမ တယောက် အတွက်ပါ ဆုတောင်းလိုက်မည်။ Happy Birthday ညီမ Vista...!!

Saturday, January 8, 2011

နတ္ထိ


အိပ်ရာကနိုးထချိန်မှာ ပြူတင်းပေါက်ကနေ မြင်နေကျ မြင်ကွင်းကို လှမ်းကြည့်နေမိသည်။ စိတ်ကူးယဉ် ဝတ္ထုများထဲကလို ကြာဖြူ ကြာနီတွေ ရှိမနေသော၊ အရောင်အဆင်း ပြာလဲ့ ကြည်လင်မနေသော ညိုညစ်ညစ် ရေကန်တခု၊ ရေကန်၏ ဟိုးတဖက်မှ သစ်တောအုပ်ကလေးကတော့ သဘာဝအတိုင်း စိမ်းစိမ်းလန်းလန်း။ အခြားသူများအတွက် ဘာမှ မထူးဆန်းသော ထိုမြင်ကွင်းကိုပင် မရိုးနိုင်ပဲ နေ့စဉ် အိပ်ရာနိုးတိုင်း သတိတရ ကြည့်ဖြစ်သည်။ သည်နှစ်ပေပတ်လည် ပြူတင်းပေါက်လေးကို ရုပ်ရှင်ပိတ်ကားတခုသဖွယ် သဘောထားကာ ကြည့်နေရဦးမည့် အချိန်တွေ နောက်ထပ် နှစ်ပေါင်း မည်မျှကြာဦးမလဲ မသိနိုင်ပါ။ ကြည့်နေစဉ်မှာပင် ရေပြင်ကျယ်ကို ဖြတ်၍ တိုက်ခတ်လာသော လေတွေထဲမှာ မိုးငွေ့တွေပါလာကာ အေးမြလာသည်။ သိပ်မကြာခင်မှာ ကောင်းကင်တခုလုံး မှောင်မဲပြီး မိုးတွေ သည်းကြီး မည်းကြီး ရွာချတော့သည်။ နားထဲမှာ ကြားနေရသော ဆူဆူညံညံ မိုးစက်တွေ ရွာကျသံသည် သာယာသော ဂီတသံတခုဖြစ်သည်။ ခပ်ဝေးဝေးဆီက သစ်ပင်စိမ်းအုပ်အုပ်လေးတွေကို မိုးရေတွေထဲမှာ ဝိုးတဝါး လှမ်းမြင်ရသည်။ ပြီးတော့ မိုးရေစက်တွေကြားမှာ၊ အရှိန်တခုနဲ့ တိုက်ခတ်နေသော လေထန်ထန်တွေကြားမှာ၊ ဘယ်ဘယ် ညာညာ ယိမ်းနွဲ့နေကြသော သစ်ကိုင်းတွေနားမှာ၊ အပြေးအလွှား ပျံသန်းရင်း မိုးခိုစရာ နေရာရှာနေသော ငှက်ငယ်ကလေးများကို တွေ့ရသည်။ ကြားနေရသော ဂီတသံနှင့် သည်မြင်ကွင်းက တကယ့် ရုပ်ရှင်ပြကွက်တခုလို…။ ငှက်ကလေးတွေ… သူတို့ ဒီအနားကို ရောက်လာကြရင် သိပ်ကောင်းမှာပဲ၊ ဆန်ကွဲမရှိပေမယ့် ဆန်စေ့လေးတွေကို ထောင်းပြီး စားစရာ ဖန်တီးပေးမှာပေါ့။ သူတို့ အမောပြေ သောက်စရာ အပြာရောင် ရေခွက်ကလေးကိုလဲ အနားမှာ ချထားပေးမယ်။ သူတို့တတွေ ကျီကျီကျာကျာ အော်မြည်မယ့် အသံတွေကို နားထောင်ရတာ ဟိုတိုက်အိမ်ပေါ်က မကြာခဏ ဖွင့်လေ့ရှိတဲ့ ရစ်ချတ်ကလေဒါမင်ရဲ့ မာကျောကျော စန္တယားတီးလုံးသံထက်တော့ သာယာနာပျော်ဖွယ်ရှိမှာ ကိုယ်တိုင် သေချာနေသေးသည်။ ပျင်းရိငြီးငွေ့စရာကောင်းလှသော သည်အခန်းလေးထဲမှာ ရှင်သန်နေရတာ ကြာပြီ။ ထို့ကြောင့် ငှက်ကလေးတွေကို အဖေါ်အဖြစ် တောင့်တမိသည်မှာ သိပ်တော့ မဆန်းလှပါ။ သူတို့ ဒီနေရာကို ရောက်လာအောင် ဘယ်လိုခေါ်ရမလဲ… ရွှီကနဲ လေချွန်ပြီး အသံပြုလိုက်ရမလား… လက်ခုတ်တီးပြီး ခေါ်ရင် သူတို့များ လန့်သွားကြလေမလား… အခုနေမှာ လက်ထဲ ပုလွေတလက်လောက်ရှိရင် ကောင်းမှာဟု တောင့်တမိသည်။ ပုလွေသံကြားရင် သူတို့ ဒီပြူတင်းပေါက်ကို လာနားလေမလား…။ ဒါမှမဟုတ် ထီးတလက်နဲ့ အဲဒီတောအုပ်လေးပေါ်သွားပြီး သူတို့ကို သွားခေါ်ရရင် ကောင်းမလား။ ထီး… အခုမှသတိရသည်… ပိုင်ဆိုင်သမျှတွေထဲမှာ ထီးဆိုတာ ရှိရော ရှိရဲ့လား… ရှိလဲ ဘယ်နားမှာထားမိလဲ မသိတော့။ ထားပါလေ… မိုးရေထဲ လျှောက်သွားပြီး ခေါ်ရင်လဲ ရတာပဲ။ ခက်တာက သူတို့လေးတွေရဲ့ ယုံကြည်မှု၊ သူတို့ကို ရန်မမူ အန္တရာယ် မပေးပါဘူးဆိုတာ သေချာတဲ့ သူတို့ရဲ့ ယုံကြည်မှုတခုတော့ လိုအပ်နေသည်။ မိုးတွေထဲ အကာအကွယ်မဲ့ လျှောက်လာခဲ့သော မိုးရေတွေ ရွှဲရွှဲစိုနေတဲ့ လူတယောက်ဟာ သူတို့တတွေကို နွေးထွေးလုံခြုံတဲ့ မိုးလွတ်ရာ နေရာ တနေရာစာ ပေးနိုင်မယ်လို့ သူတို့ဘယ်လိုနည်းနဲ့ ယုံကြည်ကြမှာပါလိမ့်။ ယုံကြည်မှု ဆိုသော စကားလုံးအကြောင်း တွေးလိုက်မိချိန်မှာတော့ ရင်ထဲမှာ လှိုက်ကနဲ ဝမ်းနည်းသွားပြီး ရှက်ရွံ့စိတ်တို့နှင့်အတူ မျက်နှာကို လက်နဲ့ အုပ်ထားလိုက်မိသည်။ ဆက်သွယ်မှုတိုင်း၊ ဆက်ဆံရေးတိုင်းမှာ ယုံကြည်မှုတခုကတော့ မရှိမဖြစ် လိုအပ်နေသည်လေ။ တဦးနှင့် တဦးအကြား ယုံကြည်မှု မရှိလျှင် ရှေ့ကို ဘယ်လို ခရီးဆက်ကြမည်လဲ။ ယုံကြည်မှု ဟူသော စကားလေးသည် အပြောလွယ်သလောက် လက်တွေ့တည်ဆောက်ဖို့ရာမှာ အလွန်ခက်ခဲသည်။ ယုံကြည်မှု မရှိလျှင် ကျန်တာတွေသည်လည်း နတ္ထိ။ ခံစားဖူးသူမှ သိနိုင်လိမ့်မည်။ လောလောဆယ်မှာတော့ သည်အကြောင်းကို ဆက်မတွေးတာ ပိုကောင်းမည်။ မျက်နှာပေါ်အုပ်ထားသော လက်များကို ဖယ်ပြီး မိုးရေတွေထဲကို ပြန်ကြည့်လိုက်တော့ မိုးတွေက ပိုလို့သည်း၊ လေတွေက ပိုလို့ ထန်လာသည်။ လေပြင်းပြင်းတချက်အဝှေ့မှာ မှီတွယ်နေသော ပြူတင်းပေါက် ယိုင်နဲ့နဲ့လေးထဲကို မိုးစက်တွေ အရှိန်ပြင်းပြင်းနဲ့ ပြေးဝင်လာကြသည်။ ခန္ဓာကိုယ် အပေါ်တပိုင်းလုံး ရွှဲရွှဲစိုသွားသည်။ ဖြစ်နိုင်လျှင် သည် မိုးမြင်ကွင်းမှ မျက်နှာမလွှဲချင်သေးပါ။ သို့သော်လည်း ကြမ်းပြင်တွေ ရေစိုသွားတိုင်း ကြားရလေ့ရှိသော အိမ်ရှင်၏ ဆူပူ အပြစ်တင်သံကို စောစောစီးစီး မကြားလိုသောကြောင့် ပြူတင်းပေါက်ကို မပိတ်ချင် ပိတ်ချင်ဖြင့် ဆွဲပိတ်လိုက်ရသည်။ ပြူတင်းပေါက်လေးဘေးမှ လှည့်အထွက် အေးမြသော မိုးရေစက်များကြောင့် ကိုယ်ပေါ်မှ ချမ်းစိမ့်စိမ့် ခံစားမှုနှင့် တပြိုင်ထဲမှာ မျက်နှာပေါ်သို့ ရိုက်ခတ်ခဲ့သော မိုးစက်များကမူ အံ့သြဖွယ်ရာ နွေးထွေးနေကြောင်း သတိထားလိုက်မိသည်။ ထို့နောက် မျက်နှာကို လက်ဖြင့် အသာတို့ထိကာ စမ်းကြည့်လိုက်မိသည်။ မယုံနိုင်စရာ… ပြူတင်းတံခါးကို ပိတ်လိုက်သော်လည်း မျက်နှာမှာ မိုးရေစက်များက လာရောက်ထိမှန် စီးဆင်းနေဆဲ… ထိုမိုးရေစက်များသည် နွေးထွေးမြဲ နွေးထွေးဆဲ... ပြီးတော့ ပြူတင်းပေါက်လေးအပြင်မှာ ရွာနေသောမိုးတွေလို အဆက်မပြတ် ရွာနေဆဲ…။