ပြီးခဲ့တဲ့ ပိုစ့်နဲ့ ဒီပိုစ့်ကြားမှာ တလကျော် ခြားသွားတယ်… အချိန်တွေ ကုန်တာ မြန်လိုက်တာ…။
အဲလို စာရေးပျင်းနေကြတဲ့သူတွေကို မနော်ဟရီက ဒီပိုစ့်လေးနဲ့ တပ်လှန့်လိုက်ပါတယ်… ခေါင်းစဉ်က ခုတလော… တဲ့…။ ဖတ်ကြည့်ပါ… ပြီးတော့ ရေးပေးပါ… တယောက်ချင်းစီ နာမည်တွေနဲ့ မ Tag တော့ဘူးနော်… ဒါပေမယ့် ဘလော့ဂါတိုင်းအတွက် Tag Post ပါ… အိုကေ…း-)
ခုတလော...
တွေးနေမိတာက -
(၁) မိန်းမသားဆိုတဲ့ ဖြစ်တည်မှုနဲ့အတူ မိန်းမသားတို့ရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတွေကို လျှစ်လျှူရှု မေ့လျော့ထားတတ်ကြသူများရဲ့ အကြောင်း (အဲဒီအကြောင်းကို စာတပုဒ် ရေးနေမိတယ်)
(၂) ညနေတိုင်း အချိန်မှန်မှန် အဖျားတက်နေတဲ့သူတယောက်ကို ဘယ်လိုနည်းနဲ့ အဖျား ပျောက်စေနိုင်မလဲ ဆိုတာ… (အများကြီး မတွေးချင်ပါဘူးဆိုမှ ရောဂါဗေဒတွေရဲ့ နောက်ဆက်တွဲ အကြောင်းတွေဟာ ကိုယ့် အတွေးအာရုံကို အချိန်တိုင်း အနှောက်အယှက်ပေးနေကြတယ်…)
(၃) ဗေဒင်မယုံတဲ့သူတယောက်ကို ဗေဒင်ထဲမှာပါတဲ့ နေ့စွဲတွေက လှည့်ဖြား ဖမ်းစားနေတဲ့ အကြောင်း (နီးတော့ နီးနေပါပြီ… စနေဂြိုလ်ဟာ လှလှပပကို ထွက်ခတ် ခတ်နေတာပဲ)
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက -
အသက်ကြီးလာပြီ… ပြီးတော့ ထုံပေပေ အေးစက်စက်နဲ့…
ကျန်းမာရေး -
စိတ်ကျန်းမာရေး - တော်တော်လေး ချို့ယွင်းနေတယ်… ဆေးရှာနေတုန်းပဲ… (ကိုကို ကယ်ရင် လွတ်မြောက်ခွင့်ရမယ့် အချစ်ပါကွယ်… ဆိုတာ အသက် ၁၆ နှစ်လောက်က ဆိုခဲ့ဖူးတဲ့ သီချင်းတစပဲ…)
လူကျန်းမာရေး - ကောင်းတယ်ပဲ ဆိုကြပါစို့ရဲ့… (စက်တွေက သိတဲ့ အသိထက် ကိုယ့်ကိုယ်ကို သိတဲ့ အသိကို တန်ဖိုးထားတယ်… ဆေးလုံးတွေက ပေးနိုင်တဲ့ စွမ်းအားထက် နေ့စဉ် ပုံမှန် စားနေတဲ့ အစားအသောက်တွေက ပေးတဲ့ စွမ်းအားကို အလေးထားတယ်)
ဖတ်ဖြစ်တဲ့စာအုပ်တွေက -
ဝင်းဝင်းလတ် - နန်းထဲမှာပင် အိုလေ့… ပျော်မရွှင်
နုနုရည် (အင်းဝ) - နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက် (ဖတ်လက်စ…)
ရောက်နေဖြစ်တာက -
ကြည့်မှန်တချပ်ရှေ့… (မှန်ထဲက သူ က ကိုယ် မဟုတ်ဘူး… ဒါပေမယ့် အဲဒီ သူ ပြုံးမှ ကိုယ် ပြုံးနိုင်တယ်… တမျိုးပဲနော်…)
နားထောင်ဖြစ်နေတာက -
I'm forever keeping my angel close… (What are words – Chris Medina)
ရွတ်နေမိတဲ့ကဗျာက -
ကဗျာဆိုတာ ကိုယ်နဲ့ ဝေးပါတယ်… (တကယ်… တကယ်…)
ဖြစ်ချင်နေတာက -
မိုးပေါ်က ကြယ်သေးသေး မှိန်မှိန်လေး တပွင့်… (အချိန်တန်ရင် လူမသိ သူမသိ တိတ်တိတ်လေး ကြွေလွင့်သွားဖို့…)
စားဖြစ်နေတတ်တာက -
စား - ပေါင်မုန့်၊ အသား နည်းနည်း၊ ငါး နည်းနည်း နဲ့ အရွက်စိမ်း ကြော် ချက်…
သောက် - ရေ၊ ကော်ဖီ နဲ့ အစိမ်းရောင် လဘက်ရည်ကြမ်း
သနားနေမိတာက -
ကိုယ့်အတ္တနဲ့ကိုယ် မောကြီး ပန်းကြီး လောင်ကျွမ်းနေကြသူတချို့ကို…. (တကယ် သနားတာပါ)
လွမ်းနေမိတာက -
ကုန်း အမြင့်ကလေး တခုဆီကို တက်သွားတဲ့ လမ်းကျဉ်းကလေး… ဘေးတဖက်တချက်မှာ သစ်ပင်လေးတွေ စီတန်းလို့…
(အဲဒီ ကုန်းကလေးရဲ့ ထိပ်မှာ သူ စောင့်နေတယ်… ကိုယ်တို့ တွေ့တော့ သူက ပြောတယ်… လာလေ… အိမ်ပြန်ကြရအောင် တဲ့… လွမ်းစရာ အတိ…)
မေ့လျော့ပစ်နေရတာက -
၁) လူတွေကို Jack in the Box အရုပ်ကလေးလို လေးထောင့်ဗူးလေးထဲက ၀ုန်း ကနဲ ဆို ထထွက်လာမှာစိုးပြီး ဗူးထဲကို အတင်း ပြန်ပြန် ဖိ သိပ် ထိုး ကြိတ် ထည့်ချင်နေကြတဲ့ အကြောင်းရယ်…
၂) ကိုယ် ဘေး ဘီ ၀ဲ ယာ မကြည့်တတ်ပဲ ခေါင်းငိုက်စိုက်နဲ့ လမ်းအလျှောက်ကောင်းလို့ အသားလွတ် ၀င်တိုက်ခံလိုက်ရတဲ့ အကြောင်းရယ်…
၃) ကိုယ်ဝတ်ထားတဲ့ အင်္ကျီတံဆိပ်ကို လည်ဂုတ်ကနေ လာ လာ လှန်ကြည့်တတ်၊ နံပါတ်ချင်းမတူတဲ့ လေဒီရှူးဖိနပ်ကို တော်လိမ့်နိုးနဲ့ လာလာ စွပ်ကြည့်တတ်ကြတဲ့ အကြောင်းရယ်…
(ခပ်သေးသေးတွေပါ… ဒါမယ့် ကြိုးစားပြီး မေ့ပစ်နေရတယ်…)
ခါးသက်နေမိတာက -
မရှိကို အရှိလုပ်ပြီး ဟန်ကိုယ့်ဖို့ လုပ်နေသူတွေ… ပြီးတော့ အဲလိုလူတွေနဲ့ အကြောင်းအရာတွေကို ခံစားဖို့ မထိုက်တန်ပါပဲနဲ့ ခံစားမိတဲ့ ကိုယ့်ကိုယ်ကို…. (မနော်ကတော့ ပြောတယ် လောကမှာ ကိုယ့်ကိုယ်ကို ခါးသက်ရတာ အခါးဆုံးပဲ တဲ့… မတတ်နိုင်ဘူး.. ကိုယ်တိုင်က ခါးသက်နေတာကိုး… ပြီးတော့ ပြောရရင် ကိုယ်က အခါး သိပ်ကြိုက်တာ…)
တမ်းတနေမိတာက -
ဘာအိပ်မက်မှ မမက်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတဲ့ ညတွေ…
ပြီးတော့ ကြည်ကြည်လင်လင် နိုးထလာတဲ့ မနက်ခင်းတွေ…
ကြိတ်ပြီးချီးကျူးနေမိတာက -
ထုံဆေး ကူစရာမလိုပဲ တော်တော် ထုံပေပေဖြစ်လာတဲ့ ကိုယ့် ကိုယ် ကို… (တနေ့ တနေ့ ငါတော်တော် ထုံပေပေ ဖြစ်လာပါလား… ငါ တော်တော် ထုံပေပေ ဖြစ်လာပါလားလို့… အကြိမ်ပေါင်းများစွာ ကျေကျေနပ်နပ်ကြီး ရေရွတ်နေမိ…)
ကြိတ်ပြီးအထင်သေးနေမိတာက -
ကိုယ့်ကိုယ်ကိုပါပဲ… (ထုံပေပေဖြစ်တာကိုများ အကောင်းအောက်မေ့နေသလား… မပြောလိုက်ချင်ဘူး.. ဟင်းးး)
ဆန္ဒမရှိတဲ့နေရာ -
လူများများကြားထဲ… (လူတော မတိုးတတ်တာ သိပ်သိသာတာ…)
ဆန္ဒရှိနေတဲ့ကိစ္စ -
ကိုယ့်ဆီမှာ ရှိနေတဲ့ ဆန္ဒကို ထုတ်ဖေါ်ပြနိုင်ဖို့… ပြီးတော့ အကောင်အထည် ဖေါ်နိုင်ဖို့… (လိုအပ်နေတာက အချိန်… နေရာ… ကြည်လင်တဲ့ စိတ်အစဉ်… ပျော်ရွှင်မှု…)
မုန်းတီးနေမိတာက -
လင်းတခါ မှိန်တလှည့်ဖြစ်နေတဲ့ အစိုးမရတဲ့ လူ့ရောင်စဉ်တန်းတွေ… (အကျယ်ချဲ့ပြီး ရှည်ရှည်ဝေးဝေး ရှင်းမပြချင်တော့ဘူး…)
ချစ်နေတာက -
ဟိုတလောက သူ ၀ယ်ပေးထားတဲ့ Jack in the Box… (ဆေးရောင်စုံခြယ်ထားတဲ့ ပြောင်စပ်စပ် မျက်နှာပေးနဲ့ ၀ုန်းကနဲ ၀ုန်းကနဲ ခုန်ထွက်လာတာကို သိပ်ချစ်နေမိ...)
စိတ်ပျက်နေမိတာက -
၁) ဟန်ဆောင် ပန်ဆောင် စကားတွေကို ဟန်ဆောင် ပန်ဆောင် နားရွက်ကြီးနဲ့ နားထောင်၊ ပါးစပ်ဖျားကို မလှုပ်ချင် လှုပ်ချင်နဲ့ လှုပ်ပြီး ပြန်ပြောရတဲ့ အချိန်တွေ… (စိတ်ပျက်တာ…)
စွဲလန်းနေမိတာက -
ကိုယ်ထည် ၀၀နဲ့ လေယာဉ်ပျံကြီးတွေ ဟိုးးး မိုးသားတွေထဲကို တိုးဝင်သွားတဲ့ အခိုက်အတန့်ကလေးမှာ ရလိုက်တဲ့ လှိုက်ကနဲ ခံစားမှု… (အဲဒီလို လေယာဉ်ပျံတွေ ထိုးတက်သွားတဲ့ အချိန်ကို အနီးဆုံး မြင်ရတဲ့ နေရာရှိတယ်… အဲဒီနေရာက ခုံတန်းလေးပေါ်မှာ သက်တောင့်သက်သာ မှီ ထိုင်၊ ခေါင်းကို မော့ပြီး လေယာဉ်ပျံတွေ အတက်ကို စောင့်ကြည့်… ပြီးတော့ သူတို့နဲ့အတူ လိုက်ပါ ခံစားရင်း…)
လိုအပ်နေတာက -
အရာရာကို အလိုက်သင့် အလျားသင့် လူသားဆန်ဆန် ခံစားတတ်ဖို့… ၀မ်းနည်းစရာရှိရင် ၀မ်းနည်းတတ်.. မျက်ရည် ကျသင့်ရင် ကျတတ်… ပေါက်ကွဲဖို့ လိုရင် ပေါက်ကွဲတတ်ဖို့… (ခက်တော့ ခက်ပါတယ်)
ရောက်နေတဲ့ နေရာက -
ဒုတိယအိမ်… (နေတတ်ရင် ကျေနပ်စရာပါ…)
နက်နက်နဲနဲ ပြန်စဉ်းစားနေမိတာက -
တနေ့ တနေ့ အချိန်တွေကို ငါ ဘယ်လို ဖြုန်းပစ်နေတာပါလိမ့်….
နိဂုံးချုပ်လိုက်တော့ -
ပြန်မကြည့်ဖြစ်တာကြာတဲ့ ကိုယ့်ကိုယ်ကို မနော်ကျေးဇူးကြောင့် ပြန်ကြည့်ဖြစ်သွားတယ်…
သိပ် ကျေးဇူးတင်တယ် မနော်…
သက်ဝေ
၁၈ မတ် ၂၀၁၃
Monday, March 18, 2013
Friday, February 15, 2013
Challenge / Dictionary / အေးမောင် နဲ့ မီးဖိုချောင်
မနေ့က ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားရင်း သတိရလာတဲ့ ကြောင်တောင်တောင် ကိစ္စလေးတွေကို အခုလို ချရေးဖြစ်တယ်…။ ဖတ်ကြည့်ပါအုံး…
ကျွန်မ ငယ်ငယ်က တခုခုဆို သူများကို မေးမြန်းတဲ့အကျင့် အလွန်နည်းခဲ့တယ် ဆိုတာ အခုအချိန်မှာ ပြန်လည် သုံးသပ်မိလာတယ်။ ကျောင်းစာမှာရော တခြားကိစ္စတွေမှာပါ မသိတာ မရှင်းတာ နားမလည်တာများ ရှိခဲ့ရင် တယောက်တည်းပဲ စဉ်းစား တွေးတောနေတတ်တာ များတယ်။ အဖြေရတာ မရတာ အပထား တွေးတာတော့ တွေးနေတာပဲ… တွေးနေရင်းနဲ့ အဖြေရတဲ့အခါလည်းရှိသလို မရတဲ့အခါတွေမှာလည်း အဲလို မရတဲ့အတိုင်းပဲ ထားတယ်…။ သူများကို သွားမမေးတတ်ဘူး…။ ကျောင်းတက်တဲ့အချိန်တွေမှာလည်း စာမရှင်းလို့ ဆိုပြီး ဆရာ၊ ဆရာမတွေ အနား တကပ်ကပ်နဲ့ စာလိုက်မေးတဲ့သူတွေထဲ ကျွန်မ မပါဘူး။ သိသာ မသိ၊ တတ်သာ မတတ်တယ် လူကတော့ ခပ်တည်တည်ပဲ… ကျွန်မ အကျင့်က အဲဒီလိုမျိုး…။
ကျွန်မ ငယ်ငယ်က စာလည်း တော်တော်ဖတ်တယ်။ ကျောင်းစာကို ပြောတာ မဟုတ်ဖူးနော်.. အပြင်စာတွေ ပြောတာ…။ ဖတ်ရင်းနဲ့ စာထဲမှာ နားမလည်တာရှိရင် ဒီတိုင်းပဲ ထားတယ် မမေးဘူး။ တယောက်တည်း တွေးကြည့်တယ်.. နားမလည်ဘူးနော်… ဆက်တွေးတယ်… ဘယ်သူ့မှ သွားမမေးဘူး…။ တယောက်ယောက်ကို ဖွင့်မေးလိုက်ရမှာကို အင်မတန် ၀န်လေးတတ်တာ…။ အဲဒီအကျင့်ကြောင့် အခုလို မလိုလားအပ်တဲ့ ပုစ္ဆာတွေ ပေါ်လာပြီး ခေါင်းခြောက်ခဲ့ရတယ်…။ ကြည့်ပါအုံး… သိပ်ရယ်စရာကောင်းတာတွေ…
*****
ကျွန်မ ၄ တန်းနှစ်က ဖတ်ဖြစ်တဲ့ ၀တ္ထုစာအုပ်တအုပ်မှာ ဒီလို ရေးထားတယ်။ (အဲဒီစာအုပ်လေး ကျွန်မဆီမှာ အခုထိ ရှိနေပါသေးတယ်… စာအုပ်နာမည်တော့ မပြောတော့ဘူးနော်..)
“ချော်ပြုကျမနော် မရွှေစု” တဲ့…။
အဲဒီစာကြောင်းကို ကျွန်မ အခါခါ ရွတ်ကြည့်တယ်။ ချော်ပြု ကို သပ်သပ်… ကျမ (ကျွန်မလို့ အသံထွက်တယ်) နော် ကို သပ်သပ် အသံထွက်ကြည့်တယ်။ ချော်ပြု ဆိုတာ ဘာပါလိမ့်… ကျွန်မ နော် ဆိုတာ ဘာပါလိမ့်… အဲဒီစကားလုံးလေး ငါးလုံးတွဲဟာ ဘာကို ဆိုလိုပါလိမ့်လို့ တော်တော်နဲ့ တွေးလို့မရဘူး…။ အချိန်တွေ ကြာလာတော့မှ ဒါဟာ ချော် ပြု (လိမ့်ကျ) ကျအုံးမယ်နော် လို့ ပြောချင်တာမှန်း သိလာခဲ့ရတယ်။
အဲဒီစာအုပ်ထဲမှာပဲ အဓိပ္ပါယ် ဖေါ်မရတဲ့ နောက်စကားစု တခုကတော့ “ကြောင်ရင်သားကြီးဖြစ်ဖြစ် အဖေါ်ခေါ်သွားပေါ့” တဲ့…။ ဒီနေရာမှာလည်း ကြောင်ရင်သားကြီး ဆိုတာ ကျွန်မ ဘယ်လိုမှ တွေးမရပြန်ဘူး… ကြောင်သားကြီးကို ပြောချင်တာလား… ကြောင်ရင်ဆိုတာ လူနာမည်လား… ကြောင်ရင်နဲ့ သားကြီးကို တွဲဖတ်ပြီး ဘယ်လိုမှ ရှေ့ဆက်တွေးလို့မရတာ အချိန်တော်တော်ကြာတဲ့အထိ…။ နောက်မှ သွားစရာနေရာတခုအတွက် တယောက်တည်း သွားရမှာ ကြောင်ရင်… သားကြီးကို အဖေါ်ခေါ်သွားပါ လို့ ပြောချင်တာမှန်း သိလာခဲ့ရတယ်။ တကယ်တော့ ကျွန်မကိုယ်က ကြောင်လွန်းတာပါ…။
အဲဒီအခါမှာ ကျွန်မ ကောက်ချက်ချမိတာ…။ စာရေးတဲ့အခါမှာ စာကြောင်း စာလုံး အထားအသို စာစီတဲ့အခါမှာ သူ့နေရာနဲ့သူ စနစ်တကျ ခြားသင့်တဲ့စကားလုံးကို ခြားလို့၊ ကပ်သင့်တဲ့စကားလုံးကို ကပ်လို့ စီတတ်ဖို့ အတော်ကြီးကို အရေးကြီးတာပါလား လို့…။
*****
နောက်တခုကတော့ မြန်မာစာထဲမှာ အင်္ဂလိပ်စကားလုံးကို မြန်မာအသံထွက်နဲ့ ရောရေးတာ…။ ကျွန်မတို့ ခေတ်တုန်းက ငါးတန်းမှ အေ ဘီ စီ စသင်ကြရတာ ဆိုတော့ အသက် ဆယ်နှစ် ဆယ့်တစ်နှစ်လောက် ရောက်တဲ့အထိ ကိုယ်သိတဲ့ အင်္ဂလိပ်စကားလုံး အရေအတွက်က လက်ချိုးရေတွက်လို့ ရအောင်ကို နည်းပါသေးတယ်။
ဒီအချိန်မှာ ကျွန်မဖတ်ဖြစ်တဲ့ စာတအုပ်မှာ ရေးထားတာ “သူက ကျွန်တော့ကို ချဲ့လင် လာ လုပ်သည်” တဲ့…။ ပြဿနာပဲ… ချဲ့လင် ဆိုတာ ဘာကြီးပါလိမ့်လို့ ထုံးစံအတိုင်း တမျှော်တခေါ် စဉ်းစား တွေးတောတော့တာပေါ့။ သူသူ ငါငါကို မေးရမှာကလည်း ခက်… မေးရမယ့် စကားလုံးကြီးကလည်း မြင်တဲ့အတိုင်း တဆိတ်တော့ ရှက်စရာကောင်းသလိုလည်း ခံစားရပြန်သေးတယ်…။ အဲလိုနဲ့ နေလာလိုက်တာ နှစ်အနည်းငယ်ကြာမှ ဒါ Challenge လုပ်တာကို ဆိုလိုမှန်း သိတော့တယ်။ ဖြစ်ပုံ… ဖြစ်ပုံ…။
ဒီတခါကတော့ ပိုရယ်ရတယ်…။ ဖတ်ဖြစ်တဲ့ စာအုပ်တအုပ်ထဲမှာ “ဒစ်ရှင်နာရီ” ဆိုတဲ့စကားလုံးပါတယ်။ အမှန်ပြောရရင် ကျွန်မက ဒါ မြန်မာစကား မြန်မာဝေါဟာရတခုလို့ပဲ မြင်မိတယ်။ ဒီတော့ စဉ်းစားတယ်…။ အဲဒီ ဒစ်ရှင်နာရီဆိုတဲ့ စကားဟာဖြင့် ကိုယ့်အနီးအနားမှာ နေ့စဉ် ပြောဆို သုံးနှုန်းနေကျ စကားလုံးတွေ ဖြစ်တဲ့ လက်ပတ်နာရီ၊ စားပွဲတင်နာရီ၊ တိုင်ကပ်နာရီ.. အစရှိတဲ့ နာရီတွေလိုပဲ… နာရီ အမျိုးအစား တခုခု ဖြစ်ရမယ်လို့ တွေးပြီး မှတ်ထားလိုက်တယ်။ ဒါတင်ဘယ်ကမလဲ… တွေးရင်း တွေးရင်းနဲ့ ဒစ်ရှင်ဆိုတာ မြန်မာစကားတော့ မဖြစ်နိုင်လောက်၊ နာရီဆိုတာကသာ မြန်မာစကားဖြစ်တယ်လို့ ကောက်ချက်ချမိတယ်။ အဲဒီတော့ ပြီးတော့ ဒစ်ရှင် ဆိုတဲ့ အင်္ဂလိပ်စကားလုံးဖြစ်မယ်လို့ အကျအနမှတ်ယူထားတဲ့အတိုင်း နောင် ကိုယ် အင်္ဂလိပ်စာလုံးတွေ သင်ရ ကျက်ရတဲ့အခါတိုင်းမှာ ဒစ်ရှင် ဆိုတဲ့ စကားလုံးကို မှတ်မှတ်ထင်ထင် ရှာကြည့်နေမိပါသေးတယ်…။
*****
ဒီလိုစာတွေဖတ်ရင်း ကြောင်စီစီတွေ လျှောက်တွေးရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ နားထဲ ကြားသမျှ တွေမှာလည်း နားမလည်နိုင် အဓိပ္ပါယ် မဖေါ်နိုင်တာတွေကို ဘယ်သူ့မှ မမေး မစမ်းပဲ တယောက်တည်း ထင်ချင်သလို ထင် မြင်ချင်သလိုမြင် စနစ်မျိုးနဲ့ စဉ်းစား တွေးခေါ်တတ်ပါသေးတယ်။
ကြားဖူးကြမှာပေါ့… ကော်နီ ဆိုထားတဲ့ သီချင်းတပုဒ်…။
“ဟေး မောင်ရေ.. မှန်မှန်ပြော… ဟေး မောင်ရေ… မှန်မှန်ပြော… အမြဲချစ်မှာလား မေးလိုက်မယ် မှန်မှန်ပြော…” ဆိုတဲ့ သီချင်းလေးလေ…။ အဲဒီနေရာမှာ ကျွန်မက ဘယ်လိုကြားသလဲ ဆိုတော့ “အေးမောင်ရေ မှန်မှန်ပြော… အေးမောင်ရေ မှန်မှန်ပြော…” လို့ ကြားပါတယ်။ ပြောရရင် အဲဒီအချိန်က သီချင်းတွေထဲ နာမည် ထည့်ဆိုတာ ခေတ်စားနေတဲ့ အချိန်ပါ။ ဟေမာနေ၀င်း သီချင်းလေးထဲက အရဲစွန့် ပြောပြပါရစေ… ဆိုတဲ့ ယုံလား သီချင်း နာမည်ကြီးနေချိန်…။
ဒီတော့ ကျွန်မက တွေးတယ်…။ ဟာ… တယ်ခက်ပါလား… မကော်နီရယ်… သီချင်းထဲ ထည့်ဆိုစရာ နာမည်ရှားလို့ အေးမောင် ဆိုတဲ့ မလှမပ နာမည်ကြီး ထည့်ဆိုရသလား… ပြီးတော့ အေးမောင်ရေ… အေးမောင်ရေ… နဲ့ ခေါ်နေလိုက်တာကလည်း အဆက်မပြတ်…။ တချိန်တည်းမှာပဲ ရုပ်မြင်သံကြားမှာ စနေနေ့ည တေးဂီတ အစီအစဉ်တွေမှာ တွေ့တွေ့နေရတဲ့ ဘယ်ပန်းချီရေးလို့ မမှီ သီချင်းကို ဆိုတဲ့ တိုက်ပုံ အဖြူ ပိုးပုဆိုးနဲ့ အဆိုတော် တက္ကသိုလ်အေးမောင်ကို မြင်ယောင်မိပြန်တယ်။
အဲဒီတော့ ပိုခက်သွားတယ်… ကော်နီက အဆိုတော် အချင်းချင်း ဖြစ်တဲ့ ဒီလူကြီးကို ခေါ်တာပဲ ဖြစ်ရမယ်… ကြည့်ပါအုံး… သူ့ ဦးလေးလောက် အဖေလောက် အရွယ်ကြီးကို အေးမောင်ရေ… အေးမောင်ရေ… နဲ့ အော်အော် ခေါ်ပြီး ဆိုနေလိုက်တာ…။ အဲသည်လို တွေ တွေးပြီး နားမလည်နိုင်ဖြစ်နေတာ အချိန်တွေ တော်တော်ကြာပါတယ်။ နောက်မှ ဟေး မောင်ရေ လို့ ဆိုမှန်း သိတော့တာ…။ အဲဒီခေတ်တုန်းက အခုလို စာတမ်းထိုး ကာရာအိုကေ အခွေတွေ မရှိသေးတော့ ကျွန်မ အဲဒီလို တလွဲတွေ ကြား တလွဲတွေ တွေးတတ်တာ မလွန်ပါဘူးနော်…။
နောက်သီချင်းတပုဒ်ကတော့…
“တို့များလည်း အားကျပါရဲ့ မင်းလိုပုံနှယ်… တောင်ပံလေးများ ရနိုင်ရင်တော့ လိုချင်သားကွယ်… ဒါမှ ချစ်တဲ့သူရှိရာ မင်းလိုပဲ တို့လည်း ပျံနိုင်မယ်…” ဆိုတဲ့ ရေဒီယို သီချင်းလေး…။ သီချင်းလေးက အသံချိုပြီး လိုက်ဆိုလို့ကောင်းတာကြောင့် အဲဒီသီချင်း လာတိုင်း ရေဒီယိုနား သွားပြီး နားထောင်လေ့ရှိတယ်။
အဲဒီမှာ ကျွန်မက ဘယ်လိုကြားသလဲ ဆိုတော့ “တို့များလည်း အားကျပါရဲ့ မင်းလိုပုံနှယ်… တောင်ပံလေးများ ရနိုင်ရင်တော့ လိုချင်သားကွယ်… ဒါမှ ချစ်တဲ့သူရှိရာ မီးဖိုထဲ တို့လည်း ပျံနိုင်မယ်…” လို့ ကြားပါတယ်။ ဒီတော့ ကျွန်မခေါင်းထဲမှာ အမေးသင်္ကေတလေးတွေ ရစ်ဝဲလို့ပေါ့…။ ချစ်တဲ့သူရှိရာ မီးဖိုထဲ ဆိုတော့… ချစ်တဲ့သူက ဘာလို့ မီးဖိုထဲမှာ နေတာပါလိမ့်… လို့ စဉ်းစားတယ်။ အင်းလေ… ချစ်တဲ့သူက ဟင်းချက်နေတာ ဖြစ်မှာပေါ့… လို့ အဖြေထွက်ပါတယ်။ သီချင်းဆိုတဲ့သူက အတောင်ပံလေးတွေ လိုချင်တာ ချစ်သူရှိတဲ့ မီးဖိုထဲကို ပျံသန်းသွားချင်လို့ကိုး လို့ အဓိပ္ပါယ်ယူပြီး နားလည် မှတ်သားထားလိုက်ပါတယ်…။ နောက်အချိန်တွေ အတော်ကြာမှ သီချင်းစာသား အမှန်ကို သိသွားတာပါ။
*****
မယုံမရှိပါနဲ့… အဲဒါတွေ အားလုံး အမှန်တွေချည်းပါပဲ…။ ပြောရရင် တော်တော်လေးကို ကြောင်တောင်တောင်နိုင်လှပါတယ်။ အခုချိန်အထိလည်း တခုခုဆို ဘယ်သူ့မှ ဖွင့်ဟ မေးမြန်းခြင်း မပြုတတ်ပဲ တွေးချင်ရာ တွေး၊ ထင်ချင်ရာ ထင်၊ မြင်ချင်ရာမြင် နေတုန်းပါပဲ…။ အကျင့်တို့ ဗီဇတို့ ဆိုတာမျိုးကလည်း အလွယ်တကူ ဖျောက်ဖို့ ခက်သားဆိုတော့ကာ…။
Happy Friday to you all…

မှတ်ချက် - ၂၀၁၃ ဧပြီလ - ရယ်စရာ မဂ္ဂဇင်း တွင် ဖေါ်ပြပြီး ဖြစ်သည်။

Sunday, February 3, 2013
ကိုကိုအီးတီ မမအီးတီ
ယနေ့ခေတ်ကာလတွင် ရုပ်ဝတ္ထုပစ္စည်းများ အတိုင်းထက် အလွန် တိုးတက်ထွန်းကားနေပြီဖြစ်သည်။ ဤကဲ့သို့ တိုးတက်ထွန်းကားသော ရုပ်ဝတ္ထုပစ္စည်းများနောက်သို့ အားလုံးအပြေးကလေး လိုက်နေကြသည်ကို မည်သူမျှ ငြင်းချက် ထုတ်နိုင်လိမ့်မည် မဟုတ်ချေ။ ကမ္ဘာ အရှေ့ခြမ်း အနောက်ခြမ်း အချိန် နေရာ ဒေသ အစရှိသော ခြားနားခြင်းများ၊ အကွာအဝေး မိုင်တိုင်များကို တိုးတက်လာသော ဆက်သွယ်ရေး နည်းပညာများနှင့်အတူ အမျိုးအမည်စုံလင်လှသော ပစ္စည်း ကိရိယာများ၏ အကူအညီကိုရယူကာ အတိုဆုံး ခရီး၊ အနီးဆုံး နေရာများ ဖြစ်အောင် တမဟုတ်ချင်း ချုံ့ပစ်လိုက်နိုင်ကြပြီဖြစ်သည်။ အင်တာနက်ဆိုသော အရာကို အသုံးပြုကာ တယောက်နှင့် တယောက် ဆက်သွယ်မှုများ လွယ်ကူ မြန်ဆန်လာခဲ့သည်။ သတင်း အချက်အလက်များကို အချိန်နှင့် တပြေးညီ လိုရာသို့ အရောက်ပို့နိုင်ကြပြီ ဖြစ်သည်။ ခြုံပြောရသော် ထိုအရာအားလုံးသည် ကောင်းမွန်သော တိုးတက်ခြင်းများသာ ဖြစ်သည်။
သို့သော်လည်း ဆုတ်ယုတ်လာသော အကြောင်းအရာများစွာလည်း ရှိနေပါသေးသည်။ မိမိ နေထိုင်ရာ ပတ်ဝန်းကျင်ကို မသိမသာရော သိသိသာသာပါ လေ့လာကြည့်လိုက်သောအခါ ကျား ကျား မ မ ကြီးကြီးငယ်ငယ် အရွယ်စုံ လူမျိုးစုံ… အားလုံးသည် အချိန်တိုင်းမှာ လက်ကိုင်ဖုန်းလေးများ၊ အိုက်ပက် နုတ်တူး၊ တက်ပလက် အစရှိသော ပစ္စည်းများကို တကိုင်ကိုင်၊ တငုံ့ကြည့်ကြည့်နှင့်သာ တွေ့ရချေတော့သည်။ ကားပေါ်မှာ၊ ရထားပေါ်မှာသာမက လမ်းလျှောက်နေချိန်များတွင်လည်း ထိုနည်းလည်းကောင်း… နားထဲတွင် နားကြပ်ကလေးများ ကိုယ်စီထည့်ကာ အနှီပစ္စည်းလေးများကို ကြည့်ရင်း ပတ်ဝန်းကျင်နှင့် လုံးလုံးလျားလျား အဆက်အသွယ်ပြတ်နေကြတော့သည်။ အရေး အကြောင်းဆိုလျှင် ဘာမျှ သိလိုက် မြင်လိုက် ကြားလိုက်ရမည် မဟုတ်ဟု စိတ်ပူချင်စရာ…။
ဤသို့ တိုးတက်လာသော ဆက်သွယ်ရေးနည်းပညာများကို အားကိုးလာသောအခါ မိတ်ဆွေ သူငယ်ချင်းများ အချင်းချင်း စကားပြောဖြစ်သော အချိန်များ အလွန်တရာ နည်းပါး သွားကြသည်။ မယုံမရှိပါနှင့်… ။ သူ ဘယ်သွားသည် ဘာစားသည် ဘယ်သူနှင့်တွေ့နေသည် ဘယ်နေ့က တွေ့ကြသည် အစရှိသော အကြောင်းအရာများကို တယောက်နှင့်တယောက် ဖုန်းဆက်ကာ အသိပေး မေးမြန်း ပြောဆိုနေစရာမလို၊ မိမိရောက်နေသော နေရာ၊ မိမိ စားနေသော အစားအသောက် မိမိနှင့် အတူရှိနေသူ… အစရှိသည်များကို အချင်းချင်း ဓါတ်ပုံရိုက်ပြီး ပို့လိုက်ကာ သိစေကြသည်။ ဓါတ်ပုံရိုက်သည် ဆိုရာတွင်လည်း ဟိုးရှေးရှေးခေတ်များကလို ဖလင်မလို ကင်မရာမလို ကူးစရာ ဆေးစရာမလို… မိမိတို့ လက်ထဲရှိ ဖုန်းများဖြင့် ချက်ချင်းရိုက် ချက်ချင်းပို့… အလွန်လွယ်ကူလှသည်။
တနေရာရာသို့ မိသားစုများ အတူတကွ သွားလာ လည်ပတ်ကြသောအခါ အချင်းချင်း စကားပြောကြသော အချိန်ထက် ကိုယ်စီ လက်ထဲမှာ ကိုင်ဆောင်လာသော ဆက်သွယ်ရေး ပစ္စည်းလေးများကို ငုံ့ကြည့်နေသော အချိန်က ပိုများနေတတ်ကြသည်။ ကလေးငယ်တွေ လူကြားထဲ ပြောမရ ဆိုမရ ဂျီကျနေသလား… အလွန်လွယ်ကူသည်… မိမိတို့ ကိုင်လာသော အနှီဆက်သွယ်ရေးပစ္စည်းလေးများ ပေးကာ ကာတွန်းကား ကြည့်စေခြင်း ဂိမ်းဆော့စေခြင်းများ ပြုလုပ်ပေးလိုက်ပါ… အထူးတလည် ချော့မော့ ထိန်းကျောင်းစရာမလိုအောင် ရုတ်ချည်း ငြိမ်ကျသွားသည်။ တနှစ်မပြည့် တပြည့် ကလေးငယ်လေးများ လမ်းပင်မလျှောက်တတ်သေးသော်လည်း ထိုပစ္စည်းကလေးများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ် အသုံးချတတ်ကာ စွဲလမ်း နှစ်သက်နေတတ်ပြီ…။ ထိုပစ္စည်းလေးများကို သူတို့လက်ထဲမှ သွားလုကြည့်လိုက်ပါက ငိုလိုက်သည်မှာ ကျွက်ကျွက်ညံ…။
တစ်အိမ်ထဲတွင် အတူနေသူများ၊ မိသားစုများအနေဖြင့်လည်း အကြောင်းတစုံတရာ ပေါ်ပေါက်လာပါက စကားပြောဆက်သွယ်ခြင်းထက် အင်တာနက်မှတဆင့် တယ်လီဖုန်း၊ မျက်နှာစာအုပ် အစရှိသော ကြားခံ ဆက်သွယ်ရေးကရိယာများ၏ အကူအညီဖြင့်သာ ပြောဆို ဆက်သွယ်ကြပေတော့သည်။ ထိုမျှသာမက တယောက် နှင့်တယောက် သူ ဘယ်နေရာကို ရောက်နေသည်… ကိုယ် ဘယ်နေရာကို ရောက်နေသည် အစရှိသည်တို့ကိုလည်း တိုးတက်သော နည်းပညာများဖြင့် နေရာ အတိအကျကို ရှာဖွေကြည့်ရှုနိုင်ပြီ ဖြစ်သည်။ ဆန်းပြားပေစွ…။
မိမိပတ်ဝန်းကျင်မှ ဆွေမျိုး ညီအကို မောင်နှမ မိတ်ဆွေ သူငယ်ချင်းများ ရင်းနှီးသူများနှင့် ပတ်သက်ပြီး တနေ့ တနေ့ ဖြစ်ကြောင်းရယ် ကုန်စင် (သို့) ထူးခြားဖြစ်စဉ်များကို သိလိုသလား…၊ သူ အလုပ်များနေသလား… သူ စိတ်တိုနေသလား… သူ စိတ်ကြည်လင်နေသလား… အစရှိသည်ဖြင့် သိလိုပါက တကူးတက ဆက်သွယ် မေးမြန်းနေစရာ မလို…။ သူ့ မျက်နှာစာအုပ်ကို သွားကြည့်လိုက်ရုံသာ…။ သွားလာ လည်ပတ် စားသောက်သမျှသော အင်ဖေါ်မေးရှင်း ပြည့်ပြည့်စုံစုံကို နေ့ရက် အချိန်ကာလ တိတိကျကျဖြင့် တွေ့နိုင်မည်ဖြစ်သည်။ သို့သော် (@$#^$%&^*^&) အစရှိသော ကွိကျိ ကွကျ စတေးတပ်စ်များကို တွေ့ရလျှင်ဖြင့် ဒီနေ့ သူ အခြေအနေမဟန်လှ စိတ်တိုနေလေပြီဟု တိတိကျကျကြီး ကောက်ချက်ချနိုင်ပေသည်။ ထိုမျှသာမက သူငယ်ချင်း မိတ်ဆွေများ၏ မွေးနေ့၊ မင်္ဂလာ နှစ်ပတ်လည်နေ့ အစရှိသော နေ့ထူးနေ့မြတ်များတွင်လည်း ထိုမျက်နှာစာအုပ်မှတဆင့် ဆုတောင်းစကားများ ဆိုလိုက်ကြသည်သာ။ သွားလာ လည်ပတ်၊ ဈေးဝယ် ချက်ပြုတ် စားသောက်၊ ဆွမ်းကျွေး အလှူ အတန်းပြု၊ မင်္ဂလာဆောင်၊ ကလေးမွေး၊ အိမ်တက် အမျိုးမျိုးသော ခေါင်းစဉ်များအောက်တွင် ဓါတ်ပုံ အသစ်များ တင်လာပါက ကြည့်ပြီးကြောင်း အသိအမှတ်ပြုကြောင်းကို Like လုပ်ခြင်းဖြင့် သိသာစေမည်။ မှတ်ချက်များ ရေးသားခြင်းဖြင့် ယဉ်ကျေးဖွယ်ရာစွာ အားပေးရာ ရောက်စေမည်။
ထို့အပြင် အွန်လိုင်းပျော် လူသားတို့အနေဖြင့် နောက်နောင်တွင် ပြုံးခြင်း ရယ်ခြင်း မဲ့ခြင်း ငိုခြင်း အံ့သြခြင်း ၀မ်းနည်းခြင်း ဝမ်းသာခြင်း စသော အပြုအမူများကိုလည်း ပြုမူတတ်တော့မည် မဟုတ်…။ :-) :-D ;-( :O အစရှိသော သင်္ကေတများဖြင့်သာ ရေးသား ဖေါ်ပြတတ်လာတော့မည် ဖြစ်သည်။ မိမိပြောဆိုလိုက်သော စာကြောင်းတကြောင်း စကားတခွန်း၏ သရုပ်သဏ္ဍာန်များကိုလည်း တဖက်မှ သိသာထင်ရှားစွာ ပုံဖေါ်နိုင်ရန် (လေသံတိုးတိုးဖြင့် ပြောသွား…) (အကျယ်ကြီး အော်ပြောပြီး ထွက်ပြေးသွား…) (ငိုသံပါကြီးဖြင့် ပြောသွား…) (ပျော်နေသောကြောင့် ခုန်ဆွ ခုန်ဆွ ဖြစ်နေ…) (လူးလှိမ့် ရယ်) စသည်ဖြင့် စိတ်ခံစားချက်များကို စာဖြင့်သာ ရေးသား ပုံဖေါ်ပြတတ်ကြတော့မည် ဖြစ်သည်…။
လက်ရှိဖြစ်ပေါ်နေသော အွန်လိုင်းပျော်၊ အင်တာနက်ပျော်၊ မျက်နှာစာအုပ်ပျော်တို့၏ အခြေအနေများကို ပြောပြရလျှင်ဖြင့် ဆုံးနိုင်အံ့မထင်…။ ထိုထိုသော အကြောင်းအခြင်းအရာများကို ထောက်ရှုကာ ကောက်ချက်ချရသော် နောင်နှစ်ပေါင်းများစွာ ကြာမြင့်သွားသောအခါတွင် လူအများတို့သည် ရုပ်ရှင်ထဲမှ အီးတီနှင့် ဆင်ဆင်တူလာကြပေလိမ့်မည် ဟူသတတ်။
အကြောင်းမှာမူ…
အချိန်ရှိသရွေ့ ရောက်လေရာ နေရာတွင် စမတ်ဖုန်းများကို မျက်စိနှင့် မခွာ တမ်း ကြည့်နေကြသောကြောင့် မျက်လုံးများ ပြူးကျယ် ဝိုင်းစက်လာပေလိမ့်မည်။ တချိန်လုံး ခေါင်းငိုက်စိုက်ချကာ ကြည့်နေကြသောကြောင့် ဦးခေါင်းများလည်း အဆမတန် ကြီးမားလာပေလိမ့်မည်။ ဖုန်း (သို့) တက်ပလက်များ၏ စကရင်ကို တို့ ထိ နေကြရသောကြောင့် လက်ညှိုးများ တချောင်းတည်း ကွက်၍ ကြီးလာလိမ့်မည်။ လက်ညှိုးကို အသုံးပြုဖန်များသောကြောင့် အပူလောင်ကာ မီးတောက်လာနိုင်သေးသည်။ အချိန်တိုင်း ကွန်ပျူတာများရှေ့တွင် ထိုင်၍ အလုပ်လုပ်နေကြရသောကြောင့် အလှုပ်အရှား နည်းပါးကာ ခြေထောက်များ သေးသိမ်ကာ တိုတောင်းကုန်ကြပေလိမ့်မည်။ ထိုအခါ လမ်းလည်း ကောင်းကောင်း လျှောက်နိုင်ကြတော့မည် မဟုတ်ချေ။ ထိုမျှသာမကသေး… တယောက်နှင့်တယောက် စကားပြောဆို ဆက်သွယ်မှု နည်းပါးလာသောကြောင့် ပါးစပ်ပေါက်ကလေးများသည်လည်း သေးကွေး ပါးလျကုန်လတ္တံ့…။
ထိုအခါ နောင်လာနောက်သားများအနေဖြင့် ယနေ့ ခေတ်လူသားများ၏ ပုံသဏ္ဍာန်မှာ ရှေးနှစ်ပေါင်းများစွာက မနုဿဗေဒပညာရှင် ဒေါ်သက်ဝေ ခန့်မှန်းခဲ့သည့်အတိုင်း တသေဝေမတိမ်း ဖြစ်ပေတော့သည် ဟု ဂျာနယ်များ မဂ္ဂဇင်းများ စာစောင်များတွင် အမည်းရောင် စာလုံးကြီးများဖြင့် ရေးသားကာ မှတ်တမ်းတင် ဂုဏ်ပြု ဖော်ပြကြရပေလိမ့်မည်…။
တော်သေးပြီ…။

အောက်ခြေမှတ်စု - မျက်နှာစာအုပ်ပေါ်တွင် တင်ခဲ့ဖူးသော စတေးတပ်စ် အောက်တွင် ရေးခဲ့ကြသော မှတ်ချက်များကို အခြေခံကာ ဤပိုစ့်ကို ဖန်တီးပါသည်။ ဝင်ရောက်ဆွေးနွေး အားပေးသွားသူများ အားလုံးကို ကျေးဇူးတင်ပါသည်…။

Monday, January 28, 2013
ကိုယ်အလေးချိန်ကျလိုသူများအတွက် ထိရောက်သော နည်းလမ်း (သို့) Dukan Diet
အခုအချိန်မှာ လူအများစုရဲ့ နေထိုင်မှုစနစ်တွေ ပြောင်းလဲလာတာဟာ ခန္ဒာကိုယ် အလေးချိန် တိုးလာစေခြင်းရဲ့ လမ်းစ ဖြစ်နေပါတယ်။ အချိန်အတော်များများမှာ ကွန်ပျူတာကို မျက်နှာအပ်ရင်း စားပွဲနဲ့ ကုလားထိုင်မှာ ထိုင်ပြီး အလုပ်လုပ်ကြရတယ်။ အဲဒီလို ထိုင်နေရတဲ့ အချိန်တွေများလာတာနဲ့အမျှ ဗိုက်နဲ့ ခါးပတ်လည်မှာ မလိုလားအပ်တဲ့ အဆီပိုတွေ စုစည်းလာတတ်တာ လူတိုင်း သတိထားမိမှာပါ။ အဲဒါတွေအပြင် အလုပ်လုပ်နေရင်း စားပွဲပေါ်မှာ အသင့်ရှိနေတဲ့ အာလူးကြော်တို့ ချောကလက်တို့ အစရှိတဲ့ တိုတိုထွာထွာတွေကို ထိုင်ရာက မထတမ်း လက်လှမ်းပြီး စားနေမိတာလည်း ကိုယ်အလေးချိန်တိုးလာခြင်းကို ကောင်းကောင်းကြီး အထောက်အကူ ပြုနေပါတယ်။
အဲဒီလို ကိုယ်အလေးချိန်တိုးလာလို့ စိတ်ညစ် စိတ်ပျက်နေတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို ကိုယ်အလေးချိန် လျှော့ဖို့ နည်းလမ်းလေးနဲ့ တခု မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ အခုတလောမှာ နာမည်ကြီးလာတဲ့ Dukan Diet ပါ။ ပြင်သစ်နိုင်ငံက ဆရာဝန်တဦးဖြစ်တဲ့ Dr. Pierre Dukan ဆိုသူက ရှာဖွေတွေ့ရှိတဲ့အတွက် Dukan Diet ရယ်လို့ အမည်တွင်ပါတယ်။
အခု ပြောပြမယ့် နည်းလမ်းရဲ့ အဓိက အချက်ကတော့ ကျွန်မတို့ နေ့စဉ်စားနေကျ အစားအစာတွေကို ပုံစံပြောင်းပေးလိုက်တာပါပဲ…။ အဲဒီ နည်းမှာ Phase 1 to 4 ဆိုပြီး အဆင့် လေးဆင့် ရှိပါတယ်…။ အဲဒါတွေကတော့…
Phase 1 – Attack
Phase 2 – Cruise
Phase 3 – Consolidation
Phase 4 – Permanent Stabilization တို့ ဖြစ်ပါတယ်။
Dukan Diet က သူများတွေနဲ့ မတူ တမူထူးခြားပါတယ်။ အကြမ်းအားဖြင့် ပြောပြရရင်…
Phase 1 – Attack Phase
ပထမဆုံး အဆင့်မှာ ပရိုတိန်း (အသားဓါတ်) ပါတဲ့ အစားအစာတွေကို ကြိုက်သလောက် စားလို့ရပါတယ်…။ ပြောရရင်တော့ (EAT AS MUCH AS YOU LIKE) လို့ ဆိုကြတယ်။ အဲဒီလို စားရင်းကနေ ငါးရက်မှာ ကိုယ်အလေးချိန် နှစ်ကီလိုကနေ သုံးကီလို အထိ ကျနိုင်ပါတယ်။ Pure Protein လို့ ပြောတဲ့အတိုင်း ပရိုတိန်း သက်သက်ပဲ စားရမှာနော်…။ အဲဒီလို စားရမယ့်အပြင် တနေ့ကို နာရီဝက်လောက် လမ်းလျှောက်နိုင်ရင် ပိုကောင်းပါတယ်။ ပြီးတော့ တနေ့ကို အနည်းဆုံး ရေ တစ်လီတာခွဲ သောက်ဖို့လည်း အရေးကြီးပါတယ်။ ဒီအဆင့်မှာ နှစ်ရက်ကနေ ဆယ်ရက်အထိ စားလို့ရပါတယ်။
ပရိုတိန်းပါတဲ့ အစားအစာ ၇၂ မျိုးရှိတဲ့အနက် ကျွန်မတို့အတွက် နေ့စဉ် အလွယ်တကူ ၀ယ်ယူ ချက်ပြုတ် စားသောက်နိုင်တာတွေကို အကြမ်းအားဖြင့် ပြောပြရရင် ကြက်သား၊ အမဲသား၊ ငါးအမျိုးမျိုး၊ ကြက်ဥ (အကာကို ကြိုက်သလောက် စားနိုင်ပြီး အနှစ်က တပတ်ကို သုံးလုံး ထက် မပိုရ)၊ အဆီထုတ်ထားတဲ့ နို့၊ ကော့တိတ်ခ်ျ ချိစ် နဲ့ အဆီမပါတဲ့ (Non-Fat) ဒိန်ချဉ်တို့ ဖြစ်ကြပါတယ်။ ဒီအဆင့်မှာ အဆီဓါတ်ပါဝင်မှု မြင့်မားတဲ့ ၀က်သား၊ သိုးသား၊ ဘဲသား တွေအပြင် ပဲမျိုးစုံကို လုံးဝ စားလို့မရပါဘူး။ အသား ငါးတွေကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင် အပါအ၀င် ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးကို သုံးစွဲပြီး အရသာကောင်းအောင် ပြင်ဆင် ချက်ပြုတ်နိုင်ပါတယ်။ သို့သော် ဖြစ်နိုင်ရင် ကင်စားတာမျိုး ဆီလေး ပါတယ်ဆိုရုံနဲ့ ကင်တာမျိုး (Grill / Roast) ကတော့ အကောင်းဆုံးပါ။ အဲ့ဒါတွေနဲ့ အတူ တနေ့ကို Oat Bran တဇွန်းခွဲ (စားပွဲတင်ဇွန်း) ကိုလည်း အတူ တွဲစားသင့်ပါတယ်။
Phase 2 – Cruise Phase
ဒုတိယအဆင့်မှာကတော့ ပထမအဆင့်မှာ စားလို့ရတဲ့ ပရိုတိန်း (Protein) အားလုံးကို ဟင်းသီး ဟင်းရွက်တွေနဲ့ တွဲစားလို့ရပါပြီ။ စားဖို့ ခွင့်ပြုတဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ကျွန်မတို့နဲ့ နီးစပ်တာတွေကို ပြောပြရရင် ခရမ်းသီး၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ ပန်းပွင့်၊ ဘရိုကိုလီ၊ သခွားသီး၊ ဖရုံသီး၊ ဆလတ်ရွက် အပါအ၀င် အရွက်စိမ်းမျိုးစုံ၊ ဟင်းနုနွယ်နဲ့ မုန်လာဥ အဖြူ တို့ ဖြစ်ပါတယ်။ မုန်လာဥ အနီစားလို့ရပေမယ့် နေ့တိုင်း မစားသင့်သေးပါဘူး။ နောက်တခုက စားလို့ရတဲ့အထဲမှာ အာလူး လုံးဝ မပါပါဘူး။ ဒါကြောင့် အာလူးကို ရှောင်ပါ။ ဒီအချိန်မှာတော့ သုံးရက်ကို ကီလိုဝက် (တပေါင်) လောက် ကျနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်ကို မရောက်မချင်း အဆင့် တစ်နဲ့ အဆင့် နှစ်ကို သုံးရက် (သို့) ငါးရက်… တလှည့်စီ စားရပါမယ်။
Phase 3 – Consolidation
အဆင့် တစ်နဲ့ အဆင့် နှစ်ကို တလှည့်စီ စားပြီးလို့ ကျွန်မတို့ လိုချင်တဲ့ ကိုယ်အလေးချိန်ကို ရောက်သွားပြီ ဆိုပါတော့… ။ အဲဒီအချိန်မှာ တတိယအဆင့် အနေနဲ့ အစားအစာတွေကို ပုံမှန် (Normal Diet) ပြန်စားလို့ရပါပြီ။ ဆင်ဆင်ခြင်ခြင်တော့ စားရမှာပေါ့နော်…။ ဒီ အဆင့်မှာ ငှက်ပျောသီးနဲ့ ချယ်ရီသီးကလွဲရင် ကျန်တဲ့ အသီးတွေကို စားလို့ရပါပြီ။ လွယ်လွယ်ပြောရရင် ပန်းသီး၊ သစ်တော်သီး၊ လိမ်မော်သီး… စသည်ဖြင့် တရက်ကို တလုံး စားနိုင်ပါပြီ။ နောက်ပြီး ထမင်းအဖြူ နဲ့ အာလူး ကို တပတ်မှာ နှစ်ကြိမ် စားနိုင်ပါပြီ။ ပဲ လည်း အနည်းငယ် စားနိုင်ပါပြီ။
ဒါ့အပြင် တပတ်ကို နှစ်ကြိမ် Celebration Meal စားလို့ရပါတယ်…။ ဆိုလိုတာက ပီဇာတို့ အာလူးချောင်းကြော်တို့ ရေခဲမုန့်တို့… အဲဒီလို ကိုယ်ကြိုက်တာတွေကို တပတ် နှစ်ကြိမ် စားလို့ရပါတယ်။ ၀ိုင်သောက်ချင်ရင်လည်း တဖန်ခွက် သောက်လို့ရပါတယ်။
ဒီအဆင့်မှာတော့ လက်ရှိ ကိုယ်အလေးချိန်ထက် ထပ်မကျနိုင်တော့ပါဘူး။ ဒါပေမယ့် တက်မလာအောင် ထိန်းထားပေးနိုင်ပါတယ်။ ဒီအဆင့်မှာ ဘယ်လောက်ကြာကြာ နေရ စားရမလဲ ဆိုတာကတော့ ကိုယ် ကျသွားတဲ့ အလေးချိန်နဲ့ ဆိုင်ပါတယ်။ ဥပမာ - အရင်အဆင့်နှစ်ခုမှာ ကိုယ်အလေးချိန် ဆယ်ပေါင် ကျခဲ့တယ်ဆိုရင် တပေါင်ကို ငါးရက် နှုန်းနဲ့ ရက်ပေါင်း ၅၀ ဒီအဆင့်မှာ နေလို့ရပါတယ်။
အဲဒီရက်တွေမှာ တနေ့ကို အနည်းဆုံး နာရီဝက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်၊ တပတ်ကို တရက် ပထမ အဆင့်က အတိုင်း ပရိုတိန်း သက်သက် (Pure Protein) စား၊ နောက်တရက်မှာ ဒုတိယအဆင့် အတိုင်း ပရိုတိန်းနဲ့ ဟင်းသီးဟင်းရွက် တွဲစားရင်း ထိန်းထားနိုင်ရင် ပိုကောင်းတယ်လို့ ဆိုကြပါတယ်။ အစဉ်အလာ မပျက်လေးပေါ့…။
ဒီအဆင့်ဟာ ၀ိတ်ချသူတွေ အတွက် အခက်ဆုံး အဆင့်လို့ ဆိုကြတယ်။ ဘာကြောင့်လဲ ဆိုတော့ နံပါတ် တစ် အချက်က စားရတဲ့ ရက် ရှည်လို့ပါ။ နံပါတ် နှစ် အချက်ကတော့ ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်ကို ရောက်နေပြီဖြစ်တာကြောင့် စိတ်ရော ကိုယ်ပါ ပေါ့ပါ့ရွှင်လန်းပြီး စည်းကမ်းကို အချိန်မရွေး ဖေါက်ပြီး စားချင်တာ စားမိနိုင်တာကြောင့်ပါ။
Phase 4 – Permanent Stabilization
ဒီအဆင့်ကတော့ ကိုယ့်ရဲ့ လက်ရှိ (ကျနေပြီးသား) ကိုယ်အလေးချိန်ကို ထိန်းထားဖို့ပါ။ အများစုက အခုလို Diet ကနေ ရပ်လိုက်တာနဲ့ ကိုယ်အလေးချိန်တွေ မြန်မြန်ဆန်ဆန်ကြီး တိုးလာတတ်တာမို့ အဲဒီအဖြစ်မျိုးကို မရောက်အောင် ထိန်းထားဖို့ လိုပါတယ်။ ဒီအဆင့်မှာလည်း တနေ့ကို Oat Bran နှစ်ဇွန်းစား၊ တနေ့ကို နာရီဝက် ကိုယ်လက်လှုပ်ရှားလုပ်၊ တပတ်ကို တခါ ပထမအဆင့်မှာလို ပရိုတိန်း သက်သက် စားရင်း မိမိလက်ရှိ ကိုယ်အလေးချိန်ကို ဆက်လက် ထိန်းသိမ်းထားဖို့ပါပဲ။
ဒီ နည်းစနစ် ရဲ့ အဓိက သော့ချက်ကတော့ အချိုဓါတ်၊ အဆီဓါတ်နဲ့ ကာဘိုဟိုက်ဒြိတ်တွေ စားတာကို သေသေချာချာ လျှော့ချလိုက်တာပါ..။ သို့သော်လည်း ဒီ နည်းဟာ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ရတဲ့ ဝိတ်လျှော့နည်းတွေ၊ အစားတွေ လျှော့စားရတဲ့ နည်းတွေ၊ ဟင်းသီးဟင်းရွက်တွေပဲ များများစားရတဲ့ နည်းတွေထက် အများကြီး ထိရောက်တာကို တွေ့ရပါတယ်။ အသားတွေ ငါးတွေ ကြိုက်သလောက်စားရုံနဲ့ ဒီလောက် မြန်မြန်ကြီး ဝိတ်ကျတယ်ဆိုတာ စိတ်ထဲ အတော်လေး မယုံနိုင်စရာကောင်းတဲ့ အချက်ပါ။ ဒါပေမယ့် အဲဒါ တကယ် ဟုတ်ပါတယ်။
သို့သော်လည်း အရာရာတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးဟာ ဒွန်တွဲနေတတ်တယ် မဟုတ်လား…။ Dukan Diet ကို လိုက်နာကြတဲ့သူတွေရဲ့ သုံးသပ်ချက်တွေမှာ ပြောလေ့ရှိကြတဲ့ ကောင်းကျိုးတွေကတော့ ပထမရက်ပိုင်း အနည်းငယ်အတွင်းမှာပဲ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားတာကို မျက်ဝါးထင်ထင် တွေ့ကြရတာရယ်၊ စားခါနီးတိုင်း ကိုယ် စားမယ့် အစားအစာကို ကယ်လိုရီ တွက်နေစရာမလိုတာရယ်… ကျန်းမာရေးအတွက် ထိခိုက်စရာ ဘာမှ မရှိတာရယ် လို့ ဖတ်ရပါတယ်။
ဆိုးကျိုးအနေနဲ့ကတော့ နေ့စဉ် အသား ကြက်ဥ စတဲ့ ပရိုတိန်းတွေပဲ စားရတဲ့အခါ ကိုလက်စထရော တက်လာနိုင်တယ်လို့ ဆိုကြတယ်။ နောက်တခုက ဖိုင်ဘာ စားတာ နည်းသွားတယ်… ဒါကြောင့် Oat Bran နေ့တိုင်းစားပြီး ရေ တလီတာခွဲကနေ နှစ်လီတာ သောက်ပြီး ပြန်ဖြည့်ရတယ် လို့ ဆိုကြပါတယ်။
ဘာပဲဖြစ်ဖြစ် မိမိတို့ရဲ့ ကိုယ်အလေးချိန် ကျချင်ကြတဲ့သူတွေတွက်တော့ ဒီနည်းလမ်းဟာ အတော်လေး အထောက်အကူပြုတာ တွေ့ရပါတယ်။ ဒီ့ထက် ပြည့်ပြည့်စုံစုံကို သိချင်ရင် ဂူဂယ်လ် မှာ Dukan ဆိုပြီး ရိုက်လိုက်တာနဲ့ သူနဲ့ ပတ်သက်သမျှတွေ အများကြီး တွေ့ကြ ဖတ်ကြရမှာပါ။ တကယ်လည်း စိတ်ဝင်စားစရာ ကောင်းပါတယ်... ဖတ်ကြည့်ကြပါ…။ ကိုယ်အလေးချိန် ကျချင်သူများ ဒီ Dukan Diet နည်းကို စမ်းသပ်ပြီး စားကြည့်ကြပါလို့ လှိုက်လှိုက်လှဲလှဲ တိုက်တွန်းလိုက်ပါတယ်။

- 2013 January - Look Magazine တွင် ဖေါ်ပြပြီး -

Tuesday, January 22, 2013
မိုင်တိုင် နှစ်ဆယ်
ဖြတ်သန်းခဲ့ပြီးသော မိုင်တိုင်များစွာတွင် အချို့သည် အမှတ်တမဲ့မျှဖြင့် မေ့မေ့လျော့လျော့နှင့် ကွယ်ပျောက်သွားတတ်ကြပြီး၊ အချို့သည် အထင်ကရအဖြစ် ဘဝတွင် ထင်ထင်ရှားရှား ကမ္ဗည်းတွင် ကျန်ရစ်နေတတ်ကြသည်...
ဟုတ်ပါတယ်... မိုင်တိုင် နှစ်ဆယ် လို့ အမည်ရပါတယ်…။
ဒီစာအုပ်လေးကို ဘလော့ဂါ အိန်ဂျယ်လှိုင်က တာဝန်ယူ စီစဉ်ပြီး AMK Creation က လှပ သေသပ်စွာ ဖန်တီး ပုံဖော်ပေးခဲ့ပါတယ်... ။ ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေ ဘလော့ဂါ အယောက် နှစ်ဆယ် ပါဝင်ရေးသားထားကြတဲ့ အွန်လိုင်း ရသ ဝထ္ထုတို စာအုပ်ကလေးပါ။ ဒီနေ့ ဇန်န၀ါရီလ ၂၂ ရက် မှာ စာပေလောက (၅) စာအုပ်တိုက် ကနေ စတင် ဖြန့်ချီမှာဖြစ်ပါတယ်။ ဒီ မိုင်တိုင် နှစ်ဆယ် စာအုပ်လေးဟာ ကျွန်မတို့ တယောက်ချင်းစီအတွက် အမှတ်တရ စိုက်ထူဖြစ်တဲ့ မိုင်တိုင်လေး တခုလည်း ဖြစ်ပါတယ်…။
ဒီစာအုပ်လေးမှာ ကျွန်မ အပါအ၀င် မိတ်ဆွေ ဘလော့ဂါများ ဖြစ်ကြတဲ့ မြစ်ကျိုးအင်း၊ အိမ့်ချမ်းမြေ့၊ သတိုး၊ မြသွေးနီ၊ ကိုဇော်၊ သက်တန့်ချို၊ ခင်လေးငယ် ဗညားရှိန်၊ ချော(အစိမ်းရောင်လွင်ပြင်)၊ မောင်ရေချမ်း၊ မိုးပန်းချီ၊ နေပိုင်၊ မြတ်မွန်၊ လက်ဝဲ၊ မြတ်ပန်းနွယ်၊ ကိုကိုးအိမ်(မန္တလေး)၊ ဂျွန်မိုး၊ အလင်းသစ် နဲ့ အိန်ဂျယ်လှိုင် တို့ ပါဝင် ရေးသားထားကြပါတယ်…။ စာဖတ်ပရိသတ်တွေ အားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်…။
အဲဒီစာအုပ်ထဲမှာ ပါတဲ့ ကျွန်မရဲ့ ၀တ္ထုလေးနာမည်က ထာဝစဉ် ပါ။ အဲဒီစာလေးကို ရေးဖြစ်စေဖို့ စေ့ဆော်တဲ့ စိတ်ကူး အတွေးတချို့ကို မေတ္တာလက်ဆောင် ပါးလိုက်ပါတယ်…။
“လူတိုင်း လူတိုင်းဟာ ကိုယ်စီ ဘ၀တွေမှာ အပြစ် ကင်းစင်ပြီး လှပ ဆန်းကြယ်တဲ့ ချစ်ခြင်းမျိုးကိုသာ အလိုရှိကြ တောင့်တကြစမြဲ ဖြစ်ပေမယ့် တခါတရံမှာ ကိုယ်တိုင် ကြိုတင် မမြင်နိုင်တဲ့၊ မျှော်လင့်မထားတဲ့ တထောင့် တနေရာကနေ သူ့အလိုလို ဖြစ်ပေါ်လာတတ်တဲ့ ချစ်ခြင်းမျိုးတွေ၊ ကြိုဆို လက်ခံယူလို့ မရပဲ ငဲ့ညှာ ထောက်ထား ထိန်းချုပ်စရာတွေ ပြည့်နှက်နေတတ်တဲ့ ချစ်ခြင်းမျိုးတွေ အပြင် လူချင်း မနီးစပ်နိုင်သော်လည်း နှလုံးသားထဲမှာ ထာဝစဉ် နွေးထွေးစွာ အမြစ်တွယ် ရှင်သန်နေနိုင်တဲ့ လေးနက်တဲ့ ချစ်ခြင်းမျိုးတွေ ရှိနေတတ်တာကို တွေးမိတဲ့ အချိန်မှာ ဒီဝတ္ထုလေးကို ရေးဖြစ်ပါတယ်…”

Subscribe to:
Posts (Atom)