Tuesday, January 6, 2015

ပထမဆုံးနေ့

လူ့ဘ၀ရဲ့ ပထမဆုံး စက္ကန့် မိနစ်တွေကို အငိုနဲ့ စခဲ့တယ်ဆိုပေမဲ့ သက်ရောက်လာတဲ့ မေတ္တာဓါတ်တွေကြောင့် အတော်အတန်တော့ သက်တောင့်သက်သာ ဖြစ်နေပါလိမ့်မယ်။ အရင်အချိန်တွေမှာ ရထားခဲ့ဖူးတဲ့ နွေးထွးမှုမျိုးနဲ့ မတူနိုင်တော့တာ မှန်ပေမဲ့ လူ့ဘ၀ထဲ ရောက်လာပြီးတဲ့နောက်မှာ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုတွေကြောင့် အဲဒီလို နွေးထွေးမှုတွေနဲ့ အေးစက်ခြင်းတွေကို အလိုလို ကျင့်သားရလာပါလိမ့်မယ်။ လိုချင်တာကို ရယူနိုင်ဖို့အတွက် ငိုတဲ့ အကျင့်ကို မလုပ်ပါနဲ့။ လိုချင်တာ မရမချင်း ငိုယိုပူဆာတတ်တဲ့၊ ဘယ်တော့မှ မကြီးပြင်းနိုင်တဲ့သူမျိုးတွေ ရှိတယ်။ သူတို့နဲ့ ဝေးဝေးမှာ နေပါ။ အမြဲတမ်း ကြည်လင်စွာ ပြုံးရယ်နေတတ်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ သူတို့နဲ့ ရင်းနှီးခင်မင်ပါ။ သူတို့ဆီကနေ မှတ်သား သင်ယူပါ။ လူများများနဲ့ စကားပြောကြည့်ပါ။ သူတို့တွေဆီမှာ သင်ခန်းစာ အသစ်တွေ၊ ပုံပြင် အသစ်တွေ၊ ထူးခြားတဲ့ အမြင်တွေနဲ့ မတူညီတဲ့ ရှုထောင့်တွေ ရှိနေတတ်တယ်။ ကိုယ်က သူတို့ပြောတာ နားထောင်ဖို့ အခွင့်အရေး ရှိနေတယ်ဆိုရင် စကားမပြောပါနဲ့။ သူတို့ပြောတာကို ငြိမ်သက်စွာ နားထောင်ပါ။ လျှောက်ရမယ့်လမ်းမှာ အမှတ်တမဲ့ ကျော်ဖြတ်ခဲ့ချိန်တွေ၊ အမှတ်တရ ကြုံတွေ့ရမှာတွေ၊ အကြောင်းအကျိုး အကောင်း အဆိုးတွေနဲ့အတူ ဘယ်လိုမှ ကြိုတင် မမြင်နိုင်တဲ့ အဖြစ်တွေ ရှိနေမယ်။ ဘာကိုမဆို ကောင်းမွန်စွာ လက်ခံပါ ဖြစ်မလာသေးတဲ့အရာတွေကို ကြိုတင် တွေးတောပြီး ပူပန်နေတာ အရှုံးတမျိုးပါပဲ။ အတတ်နိုင်ဆုံး ရှောင်ပါ။ ဘ၀ရဲ့ အချိုးအကွေ့တွေမှာ ထူးခြား ဆန်းကြယ်မှုတွေ အများကြီး တွေ့ရမယ်။ အကောင်းတွေလည်း ရှိသလို အဆိုးတွေလည်း ရှိနေမှာပါပဲ။ အဲဒီလိုအဖြစ်တွေဟာ အစီအစဉ်အလိုက် တလှည့်စီ ပေါ်နေမှာပဲ။ ဒါပေမဲ့ ဘယ်အရာမှ မမြဲဘူး။ တချိန်လုံး ကောင်းမနေနိုင်သလို အမြဲလည်း ဆိုးမနေပါဘူး။ အဆိုးတွေ ကြုံလာရတဲ့အခါ အကောင်းဆုံးတွေ ပိုင်ဆိုင်ခဲ့ဖူးတာကို ပြန်စဉ်းစားပါ။ ကျေးဇူးတင်ပါ။ ပျော်ရွှင်ခဲ့ရတာတွေကို ပြန်စဉ်းစားပါ။ ကျေးဇူးတင်ပါ။ ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင် အယူအဆ၊ ကိုယ်ပိုင် ဆုံးဖြတ်ချက် နဲ့ အတူ ကိုယ့် ခံစားချက်နဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ သတ်သတ်မှတ်မှတ် ရပ်တည်ပါ။ အရာရာကို ရိုးသားပါ။ အကောင်းမြင်ပါ။ ဘဝကို ကျေနပ်ပါ၊ ရှင်သန်နေထိုင်ရခြင်းကို နှစ်လိုပါ။ အစပိုင်းမှာ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ တဖြည်းဖြည်း အဆင်ပြေသွားမှာပါ။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ပြန်ရှာတွေ့တဲ့အချိန်မှာ စိတ်ပျော်ရွှင်ရပါလိမ့်မယ်။ လူတစ်ချို့ကို မနှစ်မြို့မိတဲ့အခါ သူတို့ကလည်း ကိုယ့်ကို ခါးသီးစွာ မုန်းတီးကြလိမ့်မယ်။ ပြန်မုန်းရလောက်အောင် မတန်ပါဘူး။ အမုန်းတွေကို အတတ်နိုင်ဆုံး ခပ်ဝေးဝေးကို ပို့ထားလိုက်ပါ။ လှပသိမ်မွေ့တဲ့ ချစ်ခြင်းနဲ့ နူးညံ့တဲ့ မေတ္တာတရားကို ၀မ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုပါ။ ကိုယ်တိုင်ကလည်း ကျေကျေနပ်နပ် မျှဝေပါ။ ချစ်ခြင်းမေတ္တာဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံးပါပဲ။

ကမ္ဘာမြေပေါ်မှာ ဆက်လက် ရှင်သန်နေထိုင်ရတဲ့ နေ့ရက်တွေတိုင်း အစွမ်းကုန် ချိုမြိန်ပါစေ။

သက်ဝေ
(၆ ဇန်န၀ါရီ ၂၀၁၅)


Friday, January 2, 2015

အဖြူရောင် ကြိုးမျှင်များ

ဖုန်းသံနှင့်အတူ ပေါ်လာသော နံပါတ်များကို ကြည့်လိုက်သောအခါ ကိုယ်နှင့် ရင်းနှီး ကျွမ်းဝင်မှုမရှိသော၊ ကိုယ့်ဖုန်းထဲတွင် မှတ်ထားပြီးသား မဟုတ်သော နံပါတ် ဖြစ်နေလေသည်။ ထိုဖုန်းကို ဖြေရကောင်းနိုး မဖြေရ ကောင်းနိုး ချီတုံချတုံရှိနေဆဲမှာ ဖုန်းခေါ်သံက ရပ်သွားခဲ့သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ဖုန်းက နောက်တစ်ကြိမ် ထပ်မြည်လာခဲ့သည်။ ဟဲလို ဟု ဖြေလိုက်သော ကျွန်မအသံ အဆုံးမှာ တဖက်မှ အမျိုးသားတစ်ဦး၏ ဟဲလို ဟူသော အသံ ခပ်တိုးတိုးကို ပြန်ကြားလိုက်ရသည်။ ထိုအသံမှာ တိုးဖွသော်လည်း ကြည်လင် ပီသသည့်အပြင် ထိုအသံထဲမှာ အဓိပ္ပါယ်ဖေါ်မပြတတ်သော အရာတစ်ခုခု ပါဝင် စီးမျောနေသယောင်၊ တစ်ခုခု ထူးခြား ဆန်းကြယ်နေသယောင်။ အတွေးမဆုံးခင်မှာပင် တဖက်မှ ကျွန်မနာမည် နောက်ဆုံးစာလုံးကို ရေရွတ်ရင်း ကျွန်တော် ဘယ်သူပါ ဟု ဆိုလာလေသောအခါ…

* * * * * * *

ကျောင်းနောက်ဆုံးနှစ်မှာ သူ့ကို စတင် တွေ့မြင်ဖူးခဲ့တာဖြစ်သည်။ အတန်းသားများထက် အသက်အနည်းငယ် ပိုကြီးပုံရပြီး ကြည်လင်သော အသားအရေနှင့် ခပ်ပိန်ပိန် အရပ်မြင့်မြင့် သာမာန် ယောက်ျားတစ်ယောက်သာ ဖြစ်သော်လည်း ထူးခြားနေသည်က သူ့မျက်ဝန်းတွေဖြစ်သည်။ ရီဝေသော မျက်ဝန်းမျိုးကို တွေ့ဖူးသည်၊ ထို့အတူ တောက်ပသော မျက်ဝန်းများကိုလည်း တွေ့ဖူးပါသည်။ သို့သော် ရီဝေပြီး တပြိုင်နက်မှာ တောက်ပ စူးလက်နေသော မျက်ဆံညိုညိုများနှင့် လှပသော ယောက်ျားလေးတစ်ယောက်၏ မျက်ဝန်းမျိုးကိုမူ သည်တစ်ခါသာ တွေ့ဖူးခြင်း ဖြစ်သည်။ တိကျပြတ်သားပုံရသော မျက်နှာနှင့် လွန်စွာလိုက်ဖက်ပြီး ကြည့်ကောင်းလှသော မျက်ဆံညိုညိုများလည်း ဖြစ်ကြသည်။ ကျွန်မသူငယ်ချင်းကတော့ သူ့မျက်ဝန်းများကို ကြည့်ရင်း ရုပ်ရှင်မင်းသား James Dean နှင့် တူသည်ဟု ကောက်ချက်ချပါသည်။

နောက်ရက်များမှာတော့ စာသင်ချိန်များမှာ စာကို ကောင်းကောင်း စိတ်မဝင်စားနိုင်ပဲ သူ့အကြောင်းတွေကိုသာ စပ်စပ်စုစု လုပ်နေခဲ့မိပါသည်။ ကျောင်းနှစ်ရှည် ပိတ်ထားချိန်များမှာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး အခုမှ ကျောင်းပြန်တက်ခြင်းဖြစ်သည်ဟု သိရပါသည်။ ထို့ကြောင့် အတန်းထဲမှာ သူနှင့် သက်တူ ရွယ်တူ ခင်ခင်မင်မင် သူငယ်ချင်းအပေါင်းအသင်း ရှိမနေခြင်းဖြစ်သည်။ စတွေ့ဖူးသည့်နေ့မှ နေ့စဉ်နေ့တိုင်း အတန်းတွေတိုင်းကို တစ်ချိန်မှ မပျက်အောင် ကျောင်းတက်မှန်သော၊ အေးဆေးသော မျက်နှာထား၊ တည်ငြိမ်သော အမူအရာတို့နှင့် သူသည် ဘေးဘီကိုလည်း အနည်းငယ်မျှ သတိထား ဂရုပြု ကြည့်ရှုလေ့မရှိပါ။ အတန်းမစခင် ငါးမိနစ်ခန့်အလိုတွင် ကျွန်မတို့ တက်ရသော အဆောက်အဦးနှင့် မလှမ်းမကမ်းမှာ ကားရပ်ထားခဲ့ပြီး အတန်းပြီးလျှင်ပြီးခြင်း ကားလေးမောင်းကာ ပြန်သွားတတ်သည်။ သူ မောင်းသော ရွှေအိုရောင် ဆလွန်းကားလေး၏ နံပါတ်ကို ယခုချိန်အထိ ကျွန်မ အလွတ်ရနေဆဲ။ သူကတော့ ဘာမှ သိလိမ့်မည် မဟုတ်ပါ။

တစ်ခုသော မနက်ခင်းမှာတော့ သူ ကားရပ်ပြီး အတန်းဆီသို့အသွား၊ ကျွန်မက နွေးအေးမှာ မနက်စာစားပြီး အတန်းရှိရာကို အလာ အမှတ် ခုနှစ် ကျောင်းဆောင်အ၀င်ဝ လှေခါးထစ်တွေနားမှာ သူနှင့် ကျွန်မ နီးနီးကပ်ကပ် ဆုံမိပါသည်။ သူ့အကြောင်းတွေကို သိလိုစိတ်ဖြင့် စိတ်ဝင်တစား စုံစမ်းခဲ့မိသော ကျွန်မ မထင်မှတ်ပဲ သူ့ကို တွေ့လိုက်ရသောအခါ ရုတ်တရက် ဘာလုပ်ရမှန်းမသိ၊ မလုံမလဲနှင့် ခြေလှမ်းတွေ အမှားမှား အယွင်းယွင်း ဖြစ်သွားသော်လည်း သူက အေးအေးသက်သာပင် ကျွန်မကို ကျော်ဖြတ်ကာ အတန်းရှိရာကို ဦးတည်၍ သွားနေခဲ့သည်။ သူ့ပုခုံးတွင် လွယ်ထားသော ကချင်လွယ်အိပ် အနီရဲရဲလေးကို နှစ်သက်စွာ ငေးကြည့်နေရင်း ထိုလှေခါးထစ်တွေနားမှာ ကျွန်မ ခြေစုံရပ် ကျန်နေခဲ့ပါသည်။ ထိုအကြောင်းကို သူငယ်ချင်းကို ပြောပြရင်း နောက်တစ်ခါ သူနှင့်တွေ့လျှင် ပြုံးရယ်ပြကာ နှုတ်ဆက်လိုက်မည်ဟု တီးတိုး တိုင်ပင်ခဲ့ပါသည်။ သို့သော် ဝမ်းနည်းစရာ… သူနှင့် ကျွန်မ နောက်တစ်ခါ တေ့တေ့ဆိုင်ဆိုင် မကြုံကြိုက်ခဲ့ပါ။

နောက် နှစ်ရက်ကြာသောအခါ သူနှင့်ဆင်တူ ကချင်လွယ်အိပ် အနီရောင်လေးကို ကျွန်မ ဝယ်ယူခဲ့မိပါသည်။ လွယ်အိပ်အသစ်နှင့် ကျွန်မကို သူငယ်ချင်းက သရော် လှောင်ပြောင်ရိပ်ကင်းသော အပြုံးစစဖြင့် ချစ်စနိုး ကြည့်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေပါသည်။ ထိုအခါ ကျွန်မက အို… ကျောင်းမှာ ကချင်လွယ်အိပ် အနီရောင် လွယ်တဲ့သူတွေ တပုံကြီးမှ တပုံကြီး ဟု ရှက်ရှက်နှင့် မလုံမလဲ ဆင်ခြေပေးမိပါသည်။

နှစ်လည် ကျောင်းပိတ်ရက်များ အပြီး ကျောင်းပြန်ဖွင့်သောအခါ မေဂျာအလိုက် အားကစားပြိုင်ပွဲများ ကျင်းပပါသည်။ ထိုအခါ ကျွန်မတို့လည်း ယှဉ်ပြိုင်သမျှ ပွဲတိုင်းမှာ ကိုယ့်မေဂျာမှ ကိုယ့်မေဂျာ သည်းသည်းလှုပ်အောင် အားပေးခဲ့ကြပါသည်။ တစ်ညနေ ဘတ်စကက်ဘောပြိုင်ပွဲနားကို ရောက်သွားသောအခါ ကျွန်မတို့ လုံးဝ မျှော်လင့်မထားသော ကစားသမားတစ်ယောက်မှာ သူ ဖြစ်နေလေသည်။ လှပ သပ်ရပ်သော သူ၏ ကစားကွက်များကို မင်သက်စွာ ငေးကြည့် အံ့ကြနေမိသူမှာ ကျွန်မသာ။ ထိုနေ့က ကစားပွဲမှာ ကျွန်မတို့ စက်မှုမေဂျာက အနိုင်ရခဲ့ပြီး အိမ်ပြန်ရောက်သောအခါ ကြိမ်းစပ် နီရဲနေသော လက်ဖဝါးများကို ဆေးလိမ်းရပါသည်။ ပြီးတော့ နောက်ထပ် နှစ်ရက် သုံးရက်လောက်အထိ အသံတွေလည်း ဝင်နေခဲ့ပါသေးသည်။

သည်လိုနှင့် နှစ်ကုန်ခါနီး စာမေးပွဲကြီး ဖြေဆိုရန် နီးကပ်လာပါသည်။ ထိုအချိန်မှာတော့ ရီဝေပြီး တောက်ပသော မျက်ဝန်းညိုများကို အသာ မေ့ဖျောက်ကာ အိမ်ကျယ်ကျယ်ရှိသော သူငယ်ချင်းတစ်ယောက်ဆီမှာ ကျွန်မတို့ တစ်ဖွဲ့လုံး စာစုကျက်ကြရပါသည်။ တချို့သော ဘာသာရပ်များမှာ အုပ်စုလိုက် တစ်ယောက်ကို တစ်ယောက် ကူညီ ရှင်းလင်းပေးလျှင် စာကျက်ရ အလွန်လွယ်ကူပါသည်။ ထိုအချိန်မျိုးတွင် ရှင်းပြနေသော စာများကို နားမဝင်နိုင်ပဲ သူငယ်ချင်း အပေါင်းအသင်းမရှိသော သူ ဒီလောက် ခဲရာခဲဆစ် စာတွေကို တစ်ယောက်တည်း ဘယ်လိုများ ကျက်မှတ်နေပါလိမ့်ဟု ပူပူပင်ပင် အတွေးနယ်ချဲ့နေသူမှာ ကျွန်မဖြစ်ပါသည်။ ကျွန်မကသာ စိတ်တွေပူနေတာ… သူကတော့ ဘာမှ သိလိမ့်မည် မဟုတ်ပါ။

ကိုယ်ပိုင် စာကျက်ရက်များ ကုန်ဆုံးကာ နောက်ဆုံးနှစ် စာမေးပွဲရက်များကို ရောက်လာခဲ့သည်။ ဒီစာမေးပွဲများ ပြီးသွားလျှင် နောက်ကို သူနှင့် တွေ့ဆုံရန် အခွင့်အရေး မရှိနိုင်တော့ ဟု ကျွန်မကိုယ်တိုင် သေချာနေခဲ့သည်။ ထို့ကြောင့် စာမေးပွဲ နောက်ဆုံးနေ့မှာတော့ ကြိုတင်ကြံစည်ထားခဲ့သည့်အတိုင်း ကျွန်မ သူ့ကို အရဲစွန့်ပြီး နှုတ်ဆက်ရန် (သို့မဟုတ်) အနည်းဆုံးတော့ ပြုံးပြခွင့်ရရန်၊ သူနှင့် မျက်နှာချင်းဆိုင်ခွင့်ရရန် ကြိုးစားခဲ့မိပါသည်။ သို့သော် ထိုနေ့က ကျွန်မ ကံမကောင်းပါ။ ကျွန်မ စာမေးပွဲခန်းထဲမှ ၁၅ မိနစ်ခန့် စောထွက်ပြီး သူ ထွက်အလာကို စောင့်နေခဲ့သော်လည်း ဘယ်လိုက ဘယ်လိုဖြစ်သွားသည်မသိ၊ သူနှင့်ကျွန်မ လွဲသွားကြသည်။ အတန်းထဲမှာ လူအားလုံးကုန်သည့်အထိ သူ့ကို မတွေ့ရသောအခါ ကျောင်းဆောင်အနောက်ဖက်မှ သူ့ကားလေး ရပ်နေကျ နေရာကို သွားကြည့်မိသည်။ သူရပ်နေကျ နေရာမှာ ကားလေး မရှိတော့ပါ။ ဒါဆို သူ ပြန်သွားပြီပေါ့။ ထိုအချိန်မှာ ကျွန်မ အလွန်အမင်း ဝမ်းနည်းနေခဲ့ပါသည်။

ထို့နောက်မှာတော့ ကျွန်မကိုယ် ကျွန်မ မသိလိုက်ခင်မှာပင် ခြေလှမ်းများက ကျောင်းသားရေးရာဌာနဆီသို့ ဦးတည်နေမိလျက်သား။ ဘာအတွက်ဟု မရေရာ မသေချာသော်လည်း ကျောင်းသားရေးရာဌာနမှ ကျွန်မနှင့် သိနေသော အန်တီကြီးတစ်ယောက်` အကူအညီဖြင့် သူ့အိမ်လိပ်စာကို ရလာခဲ့ပါသည်။ သည်လိုနှင့် ကျောင်းပိတ်ပြီး နှစ်ပတ်ခန့်အကြာတွင် အိမ်ကလူကြီးများ မသိအောင် ကားခိုးမောင်းကာ သူ နေထိုင်ရာ လမ်းထိပ်ကို မယောင်မလည်နှင့် ရောက်သွားခဲမိ့ပါသည်။ သို့သော်လည်း ကားမောင်းတတ်ခါစ ဖြစ်နေသည်က တစ်ကြောင်း၊ အိမ်ကမသိအောင် တိတ်တိတ်လေး ခိုးမောင်းလာသည်က တစ်ကြောင်း၊ လမ်းမှာ အသိမိတ်ဆွေများနှင့် တိုးမည်ကို ကြောက်သောစိတ်၊ သူ နေထိုင်ရာ အနီးအနားကို မဆီမဆိုင် ကျူးကျော် ရောက်ရှိလာသော ကျွန်မကို သူ တွေ့မြင်သွားလေမလားဟု စိုးရွံ့သောစိတ်တို့ဖြင့် လူတကိုယ်လုံး ထူပူကာ ဘေးဘီဝဲယာကို အနည်းငယ်မျှ စောင်းငဲ့မကြည့်ရဲပဲ အိမ်သို့ ပြန်ရောက်လာပါသည်။ ထိုနေ့ညမှ စတင်ကာ တစ်ပတ်တိတိ ကျွန်မ အပြင်းဖျားပါသည်။ သေချာပါသည်… သူကတော့ ဘာဆို ဘာမှ သိလိမ့်မည် မဟုတ်ပါ။

ဘယ်သူမှ မသိလိုက်သော၊ သိဖို့လည်း မကြိုးစားခဲ့မိသော သံယောဇဉ်အပိုင်းအစလေး တစ်ခုသည် ဘယ်သူမှ မသိလိုက်ခင် အချိန်မှာပင် အလိုအလျောက် ပျက်ပြယ်သွားခဲ့ပြီပဲ ဟု တွေးရင်း တချို့သော အချိန်တွေမှာ သူ့ကို သတိတရရှိလိုက်၊ တချို့အချိန်တွေမှာ မေ့မေ့ပျောက်ပျောက်ဖြစ်လိုက်နှင့်။ ထို့နောက်မှာတော့ လှပပြီး သာယာသော ဘဝတခုမှာ အလိုက်သင့် အလျားသင့် စီးမျော ပျော်ဝင်ရင်း... သူ ဘယ်များရောက်နေပါလိမ့်ဟု ရံဖန်ရံခါမှသာ သတိရဖြစ်တော့သည်။ သည်လိုနှင့် ဆယ်စုနှစ်တခုမက ဖြတ်သန်း လွန်မြောက်လာခဲ့ပြီ ဖြစ်သည်။

* * * * * * *

တအံ့တသြမျက်နှာဖြင့် ဖုန်းပြောနေသော ကျွန်မကို အမျိုးသားက အထူးတဆန်း ဖြစ်လို့နေခဲ့သည်။ ဖုန်းပြောအပြီးမှာ ဖုန်းခေါ်လာသောသူသည် နှစ်ပေါင်းများစွာ ကွဲကွာနေသော ကျောင်းနေဘက် ယောက်ျားလေး သူငယ်ချင်းတစ်ယောက် ဖြစ်ကြောင်းနှင့် အဆင်ပြေလျှင် တကြိမ်တခါမျှ တွေ့ဆုံလိုကြောင်း ပြောပြသောအခါ အမျိုးသားက ကြည်ဖြူစွာပင် အိမ်ကို ထမင်းစားဖိတ်ခွင့် ပေးခဲ့သည်။

အိမ်ကို လာလည်သောနေ့မှာ သူ၏ ဟန်ဆောင်မှုကင်းပြီး ရိုးသားသန့်စင်သော မျက်ဝန်းညိုများနှင့် ပျူငှာစကား သွက်လက်စွာ ဆိုတတ်မှုတို့ကြောင့် တခဏအတွင်းမှာပင် ကျွန်မအမျိုးသားနှင့် သူ ငယ်ပေါင်းကြီးဖေါ်များပမာ အကျွမ်းတဝင် ရင်းနှီးကာ စကားလက်ဆုံ ကျသွားလေတော့သည်။ ထမင်းဝိုင်းတွင် ဘေးနားမှနေ၍ လိုအပ်သည်များကို ဖြည့်စွက်ပေးရင်း ကျွန်မက နားထောင်သူ သက်သက်သာ။ သူတို့ပြောနေကြသော အကြောင်းအရာတွေက ကျွန်မ နားမလည်သော နိုင်ငံရေးတွေလည်း ပါသည်၊ သူ လက်ရှိ အလုပ်လုပ်နေသော ဓါတ်ငွေ့တွေအကြောင်း၊ ရေနံချက်စက်ရုံတွေအကြောင်းလည်း ပါသည်၊ ပြီးတော့ သစ်တော ပြုန်းတီးမှုတွေနှင့် အတူ မြန်မာ့ ကျွန်းသစ်တွေအကြောင်းလည်း ပါသေးသည်။

သူတို့ပြောသမျှကို တိတ်ဆိတ်စွာ ငေးမောနေသော ကျွန်မကို သူက သားလေးနှစ်ယောက်ရှိနေပြီဖြစ်သော သူ့မိသားစုလေးအကြောင်း ပြောပြရင်း စကားဝိုင်းအတွင်း အလိုက်တသိ ခေါ်သွင်းခဲ့တာဖြစ်သည်။ သားကြီးက ငါးနှစ်၊ သားငယ်လေးက နှစ်နှစ် တဲ့။ မိန်းမပီပီ သူ အိမ်ထောင်ကျသောခုနှစ်ကို စိတ်ထဲမှာ အပြေးအလွှား ခန့်မှန်းကြည့်မိသေးသည်။ ထိုနေ့က စကားတွေကောင်းပြီး ည ၁၁ နာရီလောက်မှ သူ ပြန်သွားသည်။ မကြာခင် သူ့မိသားစု လိုက်လာကြတော့မှာဖြစ်ပြီး ထိုအခါကျမှ နောက်တစ်ခေါက် လာလည်အုံးမည်ဟုလည်း ပြောသွားသေးသည်။ စကားနည်း အေးဆေးကာ မိတ်ဆွေအပေါင်းအသင်းလည်း နည်းပါးသော ကျွန်မအမျိုးသားက သူ့ကို နှစ်လိုစွာ ရင်းနှီး ခင်မင်သည်ကို တွေ့ရတော့ ကျွန်မ ဝမ်းသာမိပါသည်။

ပြီးတော့… သူ… ကျောင်းတုန်းက ကျွန်မကို စိုးစဉ်းမျှ သတိထားမိလိမ့်မည် မဟုတ်ဟု ထင်ထားသော်လည်း ဆယ်စုနှစ်တစ်ခု မက ကုန်လွန်လာသည်အထိ ကျွန်မကို မှတ်မှတ်ထင်ထင် ရှိနေခြင်းနှင့် ကျွန်မကို သတိတရ ရှာဖွေ ဆက်သွယ်လာခြင်းများအပေါ်မှာ မယုံကြည်နိုင်လောက်အောင် အထူးတလည် မှင်သက် အံ့သြမိနေဆဲ။ နောက်တနေ့မှာ ထို့ထက် ပိုမိုအံ့သြစရာတခုကို သူ ပြုမူခဲ့တာဖြစ်သည်။ ကျွန်မ၏ ဖုန်းထဲကို သူ့သား ဓါတ်ပုံလေးတွေ ပို့လာပြီး သားလေးတွေ၏ အမည်ကိုပါ ရေးပြ မိတ်ဆက်လာခဲ့တာ ဖြစ်သည်။ အံ့သြစရာမှာ သူ့ သားလေးနှစ်ယောက်၏ နာမည်စာလုံး သုံးလုံးအနက်မှ နောက်ဆုံးစာလုံးသည် ကျွန်မနာမည်၏ နောက်ဆုံးစာလုံးနှင့် တထပ်တည်း တူညီနေခြင်းပင် ဖြစ်သည်။

အရာရာကို သေချာချင်သော ကျွန်မသည် အလကားနေရင်း လောဘကလည်း ကြီးချင်နေပြန်သေးသည်။ ထိုဓါတ်ပုံလေးနှင့် နာမည်များကို လက်ခံရရှိပြီးချိန်မှာ ကျေးဇူးတင်စကားပင် ပြန်မဆိုနိုင်ပဲ သိချင်လှသော မေးခွန်းတစ်ခုကို ဒရောသောပါးနိုင်လှစွာ မေးခဲ့မိသည်။ ကျွန်မသိလိုသောအရာကို သူကလည်း ချက်ချင်းပင် မဆိုင်းမတွ အဖြေပေးခဲ့ပါသည်။ ထိုအချိန်မှာ သူ ပြုံးကောင်း ပြုံးနေပါလိမ့်မည်။ ကျွန်မ၏ မေးခွန်းမှာ “ကျေးဇူးပြုပြီး ရှင့် အမျိုးသမီးနာမည်လေးများ ပြောပြနိုင်မလား” ဟု ဖြစ်ပြီး သူပြန်ဖြေလာသော အဖြေထဲမှာ ကလေးတွေနာမည်နှင့် ဆင်ဆင်တူသော စာလုံး တစ်လုံးတစ်ပါဒမှ မပါဝင်ခဲ့ချေ။

လုံးဝ မျှော်လင့်မထားခဲ့ပါ။ ကျောင်းတက်ရက်များထဲမှာ တစ်ယောက်ကို တစ်ယောက် မသိလိုက် မသိဖာသာ နေခဲ့ကြရင်း အကြည့်တစ်ချက်၊ အပြုံးတစ်စ ဖလှယ်ရန် ဝေးစွ၊ မျက်နှာချင်းပင် တည့်တည့် မဆိုင်ခဲ့ဖူးသော၊ ကျွန်မ၏ တိတ်တခိုး ချစ်ခင် နှစ်လိုမှုကို သူသိသာ မြင်သာအောင် မည်သည့်နည်းနှင့်မျှ မဖေါ်ပြခဲ့ဖူးသော၊ အတန်းဖေါ်တွေထဲမှာ ဘာမှ ထူးခြားမှု မရှိသော ကျွန်မလို သာမန် မိန်းကလေးတစ်ယောက်ကို ယခုကဲ့သို့ မှတ်မှတ်သားသား သတိထားမိလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပါ။

အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ် လျှို့ဝှက်နိုင်ခဲ့သော သူ့ထံမှ သံယောဇဉ် တစွန်းတစကို နှစ်ပေါင်း များစွာကြာမြင့်မှ သိခွင့်ရခဲ့ခြင်းအတွက် ကျွန်မ ဝမ်းနည်း ဝမ်းသာ ဖြစ်ရပါသည်။ သို့သော်လည်း ကျွန်မ ကျေနပ်ပါသည်။ လေးနက် လှပသော၊ ပြီးတော့ ဖြူစင် သန့်ရှင်းသော မဖေါ်ပြဖြစ်ခဲ့သော အဖြူရောင် သံယောဇဉ်ကြိုးစများနှင့်အတူ ငယ်ငယ်က နှစ်သက်ခဲ့ဖူးသော သူ့ မျက်ဝန်းညိုများကို ကျွန်မ တစ်သက်စာ အမှတ်တရ သိမ်းဆည်းသွားမည်သာ…။

သက်ဝေ

(ရန်ကုန် စက်မှုတက္ကသိုလ်  ရွှေရတု အထိမ်းအမှတ် အဖြစ် ထုတ်ဝေသော စွယ်တော်ရိပ်မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်) 


Saturday, November 29, 2014

မြင်တွေ့သမျှ ပြောပြပါမည် (၄)

မနက်စောစော အိပ်ရာနိုးတော့ အပြင်မှာ နေသာနေတယ်။ အိပ်ခန်းထဲကနေ အပြင်ကို ထွက်လာတော့ အလှမွေး ငါးကန်ထဲမှာ ထည့်ရတဲ့ အရွက်စိမ်းစိမ်း အပင်ကလေးတွေကို ညှပ်ရှည်ရှည်တစ်ချောင်းနဲ့ ဟိုရွှေ့ ဒီရွှေ့ လုပ်နေတဲ့ အမျိုးသားကို တွေ့လိုက်တယ်။ သူက ကျွန်မကို တွေ့တွေ့ချင်းမှာ မုန့်ဟင်းခါး စားပြီး လဖက်ရည်သွားသောက်ကြရအောင် လို့ လှမ်းပြောတယ်။ မင်္ဂလာ မနက်ခင်းပါ ဆိုတဲ့ နှုတ်ဆက် စကားအစား မုန့်ဟင်းခါးဆိုတဲ့ စကားကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်မ ပျော်သွားပါတယ်။ သူက ရုံးပိတ်ရက် မနက်ခင်းတွေမှာလည်း ခါတိုင်း ရုံးတက်ရတဲ့ ရက်တွေလိုပဲ မနက်စောစော နိုးနေတတ်တယ်။ ပြီးတော့ ခါတိုင်းလို ကော်ဖီတွေ ပေါင်မုန့်တွေ မက်ဒေါ်နယ် ဘရိတ်တ်စ်တွေ အစား မြန်မာ မနက်စာကို စားချင်တတ်တယ်။ ကျွန်မက အိမ်မှာ ချက်ပေးမယ် ပြောပေမဲ့လည်း ရန်ကုန်မှာလို မနက်စောစော ဆိုင်မှာထိုင်စားရတဲ့ အငွေ့အသက်ကို လိုချင်ပုံရတာမို့  အိုကေလေ သွားကြတာပေါ့လို့ ပြန်ပြောရင်း ရေမြန်မြန်ချိုးလိုက်ပါတယ်။ ပြီးတော့ ကျွန်မတို့နှစ်ယောက် ပန်နီစူလာကို ချီတက်သွားကြပါတယ်။

အမှန်ပြောရရင် ကျွန်မတို့ ပန်နီစူလာကို အတော်လေး သွားခဲပါတယ်။ သွားဖြစ်ရင်လည်း အပေါ်ထပ်ကို မတက်ဖြစ်သလို မုန့်ဟင်းခါးလည်း စားလေ့ မရှိပါဘူး။ အောက်ထပ်က အင်းလေးမှာ ကြေးအိုးဆီချက် ဒါမှ မဟုတ် မြေအိုးမြီးရှည်စားပြီး ပြန်လာကြချည်းတာပါပဲ။ တလောကတော့ မိတ်ဆွေတစ်ယောက်က ရဲရင့်က မုန့်ဟင်းခါး ကောင်းတယ်လို့ ပြောတာမို့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တစ်ခါ သွားစားကြည့်ကြပါတယ်။ မဆိုးပါဘူး စားလို့ကောင်းသားပါပဲ။ လဖက်ရည်လည်း ကောင်းပါတယ်။ ဆိုတော့ ဒီနေ့လည်း ရဲရင့်ကိုပဲ ဦးတည်ပြီး သွားကြပါတယ်။ မနက်စောစောဆိုတော့ ဆိုင်မှာ လူရှင်းပါတယ်။ ကျွန်မတို့ ရှေ့မှာ မိန်းကလေးနှစ်ယောက် အစုံသုပ် မှာနေကြတာ ကြားလိုက်ပါတယ်။

ဒါနဲ့ ကျွန်မတို့ နှစ်ယောက် မုန့်ဟင်းခါးနှစ်ပွဲ မှာပါတယ်။ ပဲကြော် မကြိုက်တာကြောင့် တခြား ဘာရသေးလဲ မေးတော့ ကြက်ဥနဲ့ ငါးဖယ်ရတယ် ဆိုလို့ ကြက်ဥနဲ့ ငါးဖယ် နဲ့ မုန့်ဟင်းခါး နှစ်ပွဲ လို့ မှာလိုက်ပါတယ်။ အရောင်းကောင်တာ အနောက်မှာက လူရွယ်တစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။ လူရွယ်က ဟိုမတ်တပ် ဒီမတ်တပ် လုပ်နေပြီး အမျိုးသမီးကတော့ ခုနက မိန်းကလေးတွေ မှာထားတဲ့ အစုံသုပ် အတွက် ပြင်ဆင်နေပါတယ်။ ညာဖက်လက်မှာ လက်အိတ် စွတ်ထားပါတယ်။ ကျွန်မတို့ကို အဲဒီ လူရွယ်က မုန့်ဟင်းခါးကို ခေါက်ဆွဲနဲ့ပဲ ရမယ်လို့ ပြောပါတယ်။ ညှပ်ခေါက်ဆွဲဖတ်ကို ပြောတယ် ထင်လို့ ရပါတယ်လို့ ပြန်ပြောတော့မဲ့ဆဲဆဲမှာ သူက အဝါရောင် ခေါက်ဆွဲဖတ် (ဂျုံခေါက်ဆွဲ) တွေကို ကောက်ကိုင်ပါတယ်။ အဲဒီတော့ ခုနက အစုံသုပ် ပြင်နေတဲ့ အမျိုးသမီးက မုန့်ဟင်းခါးဖတ်တွေ ရှိတယ်လေ ဟိုမှာ ဆိုပြီး လှမ်းပြပါတယ်။ တကယ်တော့ အဲဒီ မုန့်ဖတ်ဇလုံက မုန့်ဟင်းခါးဟင်းရည်အိုးနဲ့ ကပ်လျက်  သူနဲ့ လက်တစ်ကမ်းတောင် မဝေးတဲ့ နေရာမှာ တည်ရှိတာပါ။

ဒါနဲ့ အဲဒီလူရွယ်က ဟိုကြည့် ဒီကြည့် လုပ်ရင်း ပန်းကန်လွတ် နှစ်ပန်းကန် ယူပြီး မုန့်ဖတ်ထည့် ဟင်းရည် ထည့်ပါတယ်။ မြင်ရတာနဲ့တင် ကျဲတောက်နေတဲ့ မုန့်ဟင်းခါးပန်းကန်ကို ကြည့်ပြီး နည်းနည်းတော့ စိတ်လေသွားပါတယ်။ ထားတော့လေ ကြက်ဥနဲ့ငါးဖယ်နဲ့ ဆို အသင့်အတင့်တော့ စားကောင်းမှာပဲ ဆိုပြီး ကောင်တာရှေ့မှာ လာချပေးတဲ့ ပန်းကန်တွေကို ယူမလို့ ကြည့်လိုက်တော့ ကြက်ဥ မပါပါဘူး။ ဆီမပါ ပျားမပါ အရောင် ဖြူရော်ရော်နဲ့ မုန့်ပန်းကန်တွေကို သေချာကြည့်ပြီး သူတို့များ မကြားလိုက်လို့လားဆိုပြီး ကျွန်မက ကြက်ဥနဲ့ ငါးဖယ်နဲ့ ထည့်မှာနော်လို့ ထပ်ပြောတော့ အဲဒီလူငယ်က အသုပ်နယ်နေတဲ့ အမျိုးသမီးကို ကြောင်တောင်တောင်နဲ့ လှမ်းကြည့်ပါတယ်။ အမျိုးသမီးက အိုးကြက်ဥတွေက အိုးထဲမှာလေ လို့ပြောတော့ ကျွန်မတို့ မုန့်ပန်းကန်တွေကို ပြန်ယူပါတယ်။ ဟင်းရည်အိုးကို အတန်ကြာမွှေအပြီးမှာ ပန်းကန်ထဲကို ကြက်ဥ တစ်လုံးစီ ထည့်လိုက်ပါတယ်။ ညင်ညင်သာသာ မဟုတ်ပဲ ခပ်လှမ်းလှမ်းကနေ ပစ်ထည့်သလို ဖြစ်တာမို့ ဟင်းရည်တွေ စင်ပြီး ပန်းကန်ပတ်ပတ်လည်မှာ အတော်လေး ပေပွသွားတာကို စိတ်မသက်မသာစွာ တွေ့လိုက်ရပါတယ်။

အကြောင်းသိနေတဲ့ ကျွန်မ အမျိုးသားက မျက်နှာရိပ် မျက်နှာကဲနဲ့ ဘာမှ မပြောဖို့ အချက်ပြပါတယ်။ ကျွန်မ ဘာမှ မပြောပါဘူး။ ဒီလိုပဲ အကြောင်သား ငေးကြည့်နေရင်းက ကောင်တာရှေ့ကို ပြန်ရောက်လာတဲ့ မုန့်ဟင်းခါး နှစ်ပန်းကန်ကို ကြည့်ပြီး ငါးဖယ်ရော လို့ မေးလိုက်တော့ ခုနက လူရွယ်က အော် ဆိုပြီး ပန်းကန်တွေကို ပြန်ယူပါတယ်။ ပြီးတော့ မှန်စင်ကလေးထဲမှာ အခြားဟင်းလျာတွေနဲ့ အတူ လှမ်းမြင်နေရတဲ့ ငါးဖယ်ကြော်ပန်းကန်ထဲက ငါးဖယ်တစ်ခုကို ယူပြီး မုန့်ဟင်းခါး ပန်းကန်ထဲ အချပ်လိုက် ထည့်လိုက်ပါတယ်။

ကျွန်မ ပါးစပ်က "ငါးဖယ်က အချပ်လိုက် ထည့်ရတာလား" ဆိုတဲ့ စကား ချက်ချင်း ထွက်သွားပါတယ်။ အဲဒီတော့ ခုနထဲက ပြင်နေဆဲ အစုံသုပ်ဇလုံကို ကိုင်လျက်သား အမျိုးသမီးက ဟဲ့ ငါးဖယ်က ညှပ်ရမှာလေ လို့ ပြောပါတယ်။ ယောင်နနနဲ့ လူရွယ်ဟာ သူ့လက်အိတ်ကို ဘယ်အချိန်က ချွတ်လိုက်မှန်းမသိ လက်ဗလာနဲ့ ဟင်းရည်တွေထဲကို သုံးပုံနှစ်ပုံလောက် နစ်နေပြီဖြစ်တဲ့ ငါးဖယ်ချပ်ကို နှိုက်ယူမလို့ နည်းနည်းလေးပဲ လိုပါတယ်။ ကျွန်မက "ပန်းကန်ထဲကို လက်နဲ့ နှိုက်မလို့လား" လို့ ခပ်မြန်မြန် လှမ်းအော်လိုက်မိပါတယ်။

ပြင်လက်စ အစုံသုပ်ဇလုံကို လက်တစ်ဖက်က ပိုက်ထားတဲ့ အမျိုးသမီးက ဟဲ့ ဟဲ့ ဇွန်းနဲ့ ခပ်၊ ပြီး အသစ်ယူပြီး ကပ်ကြေးနဲ့ ညှပ် လို့ခပ်ကြိတ်ကြိတ် ပြောလည်း ပြော၊ အားနေတဲ့ လက်တစ်ဖက်နဲ့ ကပ်ကြေးကို လှမ်းပေးတာ တွေ့ရပါတယ်။ အတော်လေး စိတ်တိုနေပြီဖြစ်တဲ့ ကျွန်မကို အမျိုးသားက သွားထိုင်နေတော့ သူ ယူလာခဲ့မယ်လို့ ပြောပါတယ်။ ကျွန်မဘေးက အစုံသုပ် မှာထားတဲ့ မိန်းကလေးနှစ်ယောက်ဆီက အမ မြန်မြန်လေး လုပ်ပေးပါ ဆိုတဲ့ အသံကို ကြားလိုက်ရပါတယ်။ ဟုတ်တာပေါ့ လုပ်နေတာ မပြီးနိုင်တော့ဘူး ကြာလိုက်တာ လို့ စိတ်ထဲက မဆီမဆိုင် တွေးလိုက်မိပါသေးတယ်။

ဒါနဲ့ စားပွဲတစ်ခုခုမှာ သွားထိုင်ဖို့ ဇွန်းနှစ်ချောင်းကို လှမ်းအယူမှာ ငါးဖယ်ကြော် အချပ်တွေ ထည့်ထားတဲ့ စတီးလ်ပန်းကန် နှုတ်ခမ်းပေါ်မှာ တစ်လက်မရဲ့ သုံးပုံတစ်ပုံလောက် ရှိတဲ့ ပိုးဟပ်တစ်ကောင် လမ်းလျှောက်နေတာ တွေ့လိုက်ပါတယ်။ စကားစပ်လို့ ပြောရရင် ကျွန်မ ဘဝမှာ အလွန်အင်မတန် ကြောက်တဲ့ အကောင်ဟာ ပိုးဟပ်ပါ။ မြွေကြောက်တယ်ဆိုတာ မှန်ပေမဲ့ မြွေက နီးနီးနားနားမှာ မကြာခဏ မြင်ရလေ့ရှိတဲ့ အကောင်မျိုး မဟုတ်လေတော့ သူ့ကို ကြောက်ပုံက တစ်မျိုးပါ။ အခု ပိုးဟပ်ကတော့ အဆိပ်မရှိ မကိုက်တတ် သော်လည်း၊ ကိုယ့်အိမ်မှာ မရှိသော်လည်း အိမ်အောက်တွေမှာ မကြာခဏ တွေ့ရတတ်တော့ မကြာခဏ ကြောက်ရ အော်ရ ရှောင်ရ တိမ်းရ ထခုန်ရနဲ့။ တိုက်တွေမှာ ပိုးသတ်ဆေး ဆေးဖြန်းတဲ့နေ့တွေဆို တိုက်အောက်တွေမှာ မြင်မကောင်းအောင် ပြန့်ကျဲနေတဲ့ ပိုးဟပ် အသေတွေ နဲ့ မသေမရှင်ဖြစ်နေတဲ့ လှုပ်စိ လှုပ်စိအကောင်တွေကြားမှာ ကျွန်မ လမ်းလျှောက်စရာ နေရာမရှိ၊ ခြေကို ဘယ်လို လှမ်းရမှန်း မသိအောင် သွေးပျက်တတ်တာပါ။ ရွံတာလည်း ပါမယ် ထင်ပါတယ်။

ဒီတော့ ခုနက စကား ပြန်ဆက်ရရင် ပိုးဟပ်ကို တွေ့တွေ့ချင်း အနောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ဘယ်လိုမှ မနေနိုင်၊ ဘာကိုမှလည်း မတွေးနိုင် မမြင်နိုင်၊ ကောင်း မကောင်း သင့်မသင့်လည်း မစဉ်းစားနိုင်တော့ပဲ "အမ အမ ဟိုမှာ ပိုးဟပ် ငါးဖယ်ပန်းကန်မှာ လျှောက်သွားနေတယ်.." ဆိုပြီး ပြောလိုက်မိပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်မ အမျိုးသားက သွားတော့ သွားထိုင်နေတော့ ဘာမှ ထပ်မပြောနဲ့တော့ ဆိုတဲ့ သဘောနဲ့ ကျွန်မကို ဆွဲဖယ်ပါတယ်။ အမျိုးသမီးကတော့ အနည်းလေးမှ တုန်လှုပ်ပုံ မရပါဘူး။ သုပ်လက်စ အစုံသုပ်ဇလုံကို ချပြီး အနောက်ထဲ ဝင်သွားပါတယ် ပြန်ထွက်လာတော့ လက်ထဲမှာ ပါလာတဲ့ တစ်ရှူးနဲ့ ပိုးဟပ်ကိုအုပ်ပြီး ဖယ်လိုက်ပါတယ်။ ရုတ်တရက် မျက်စိကို စုံမှိတ်ထားလိုက်မိတာကြောင့် သူ အင်အားသုံး၊ ဖိညှစ်ပြီး ကိစ္စတုံးပလိုက်သလား၊ သူများ အသက်ကို သတ်ရင် ငရဲကြီးမှာစိုးလို့ ဖွဖွလေးပဲ ယူဆောင်သွားသလားဆိုတာ ကျွန်မ မသိလိုက်တော့ပါဘူး။

အဲဒီအချိန်မှာ ကျွန်မတို့ရဲ့ မုန့်ဟင်းခါးပန်းကန်နှစ်ခုဟာ အိုးကြက်ဥ နဲ့ ငါးဖယ် ညှပ်ထားတာတွေနဲ့အတူ ကောင်တာရှေ့ကို ပြန်လည်ရောက်ရှိလာပါတယ်။ ဘယ်လောက်ကျလဲ လို့ အမျိုးသားက မေးလိုက်တဲ့ အသံနဲ့ ခုနက အသုပ်ပြင်လက်စ အမျိုးသမီးက နံနံပင် ထည့်မလား ဆိုတဲ့ အသံဟာ တချိန်တည်း အတူတူ ထွက်လာပါတယ်။ အမျိုးသားက ခေါင်းညိတ်ပြလိုက်တဲ့ အခါ ခုနက လက်အိတ်စွပ်ထားတဲ့လက်၊ လက်အိတ်စွတ်လျက်သားနဲ့ တစ်ရှူးကိုကိုင်ပြီး ပိုးဟပ် ဖမ်းလိုက်တဲ့ လက်၊ အဲဒီလက်နဲ့ပဲ နံနံပင်ကို ကိုင်ယူပြီး ပန်းကန်ထဲ ထည့်ပေးလာတာ ဖြစ်ပါတယ်။

ကျွန်မ ပန်းကန်ရော နံနံပင်ထည့်မလား ဆိုတဲ့ အမူအယာနဲ့ လက်ရွယ်လိုက်တဲ့အခါ ကျွန်မက မထည့်ဘူး လို့ ခပ်မြန်မြန် ပြန်ပြောလိုက်ပါတယ်။ ပြီးတော့ မုန့်တစ်ပွဲ ငါးကျပ်ခွဲနဲ့ နှစ်ပွဲကို ဆယ့်တစ်ကျပ် ကျပါတယ် ဆိုတဲ့ အသံကိုကြားပါတယ်။ (((တကယ်ကို ဆယ့်တစ်ကျပ် ကျတာပါ))) အမျိုးသားက ပိုက်ဆံပေးပြီး ပန်းကန်တွေကို စားပွဲတစ်ခုဆီ သယ်လာပါတယ်။ ကျွန်မလည်း ဇွန်းနှစ်ချောင်းကို လက်က ကိုင်ရက်သား၊ အူကြောင်ကြောင်နဲ့ စားပွဲမှာ ဝင်ထိုင်လိုက်ပါတယ်။

စားပွဲပေါ်က မုန့်နှစ်ပွဲကို ကြည့်ပြီး ဘာစကားမှ မပြောနိုင်တဲ့ ကျွန်မကို အမျိုးသားက တခဏတော့ ကြည့်နေပါသေးတယ်။ ပြီးတော့မှ လာ လာ ဒီတိုင်း ထားခဲ့လိုက်တော့ တခြားဟာ သွားစားကြမယ် လို့ ပြောပါတယ်။ ပြီးတော့ သူက ဆက်ပြောတယ် "ဘာမှ မလုပ်နဲ့ ဘာမှလည်း မပြောနဲ့တော့၊ ဒီတိုင်းလေး အသာလေးပဲ ထားခဲ့လိုက်၊ သွားလည်း လှည့်ကြည့်မနေနဲ့တော့ (ကျွန်မက လမ်းဖက်မျက်နှာမူပြီး အရောင်းကောင်တာကို ကျောခိုင်း ထိုင်နေတာပါ) ဘာမှ သွားမပြောနဲ့တော့နော်..." လို့ တတွတ်တွတ် ပြောပါတယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက် ရဲရင့်ဆိုင်ထဲကနေ ထ ထွက်လာခဲ့ပါတယ်။ တစ်ခုခုပြောခဲ့ချင်ပေမဲ့ ကျွန်မကိုယ်တိုင်လည်း ဘာပြောရမှန်းကို မသိ၊ ပြောစရာ စကားကို ရှာလို့မရတော့တာပါ။ စိတ်ထဲမှာတော့ မဖြစ်မနေု ပြောချင် ဆိုချင် ရှိနေတာ၊ ပြောကို ပြောရမှဖြစ်မှာမို့ ဘယ်လိုမှ မနေနိုင်ပဲ ဒီစာကို ချရေးဖြစ်ပါတယ်။ မှတ်တမ်းအဖြစ် ဓါတ်ပုံလေးရိုက်ခဲ့ဖို့ကိုတော့ ထွက်လာပြီးမှ သတိရတယ်။

နောက်ကို စနေ တနင်္ဂနွေ မနက်တွေမှာ အစောကြီး အိပ်ရာနိုးနေတတ်ပြီး စားနေကျ ပေါင်မုန့်တွေ ကော်ဖီတွေကို ပုန်ကန်၊ မြန်မာပြည် အလွမ်းပြေ ဆိုင်မှာထိုင်ပြီး မုန့်ဟင်းခါးလေး စားချင်၊ လဖက်ရည်လေး သောက်ချင် ဖြစ်နေတတ်တဲ့ ကျွန်မ အမျိုးသားရဲ့ ချင်ခြင်းတွေ ဒီနေ့ကစပြီး တကြောပြတ်သွားလောက်ပြီ ထင်တာပါပဲ။

သက်ဝေ
(၂၉ နိုဝင်ဘာ ၂၀၁၄)

မြင်တွေ့သမျှ ပြောပြပါမည် (၁)
မြင်တွေ့သမျှ ပြောပြပါမည် (၂)
မြင်တွေ့သမျှ ပြောပြပါမည် (၃)

Sunday, November 16, 2014

အဝါရောင်အလွမ်းများ

မြင်လွှာအောက်တွင် အ၀ါရောင်တောက်တောက် ကျူးလစ်ပန်းခင်းကြီး တစ်ခင်း ရှိနေခဲ့ပါသည်။ စိမ်းရင့်နေသော အရိုးတံများတွင် ပွင့်ဖူးနေကြသော ကျူးလစ်ပန်းများ၊ ပန်းတစ်ပွင့်ခြင်းစီ၏ နူးညံ့သောပွင့်ချပ်များသည် တရိပ်ရိပ်မြင့်တက်လာသော အလွမ်းများ ဖြစ်ကြပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
ထိုကျူးလစ်ပန်းခင်း၏ အခြားတစ်ဖက် (သို့မဟုတ်) နူးညံ့မှုများ၏ မလှမ်းမကမ်းတွင် ဖွဲ့သီပြ၍ မမှီနိုင်အောင် လှပနုညံ့သော ချစ်ခြင်းများ ရှိနေပါသည်။ လေတစ်ချက်အဝှေ့တွင် အ၀ါရောင်ကျူးလစ်ပန်းကလေးများက တညီတညာထဲ ယိမ်းနွဲ့ကခုန်ကြသည်။ ထိုအချိန်တွင် ဆန္ဒတစ်စုံကြောင့် စိတ်ရှည်လက်ရှည် ဖြီးသင်မွေးမြူထားရသော ဆံနွယ်မျှင်များကလည်း လေပြေနှင့်အတူ လိုက်ပါ ကခုန်ကြသည်။ ထိုဆန္ဒတစ်စုံ၏ နောက်ကွယ်တွင် နာကျင်မှု အစွန်းအစများ ပါဝင်ကောင်း ပါဝင်နေပါလိမ့်မည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
မကြာခင် ကျူးလစ်ပန်းများဆီမှ ဂီတသံ တိုးသဲ့သဲ့ကို ကြားရသည်။ သူတို့၏ ဂီတသံမှာ တိုးတိမ်သောညင်သာစွာ တီးခတ်လိုက်သော တယောသံနှင့် ဆင်တူပါသည်။ အသံလာရာ ကျူးလစ်အ၀ါပွင့်ကလေးများအနားသို့ တိုးကပ်သွားသောအခါ ပီသသော သီချင်းသံကို ကြားနာရပါသည်။ အသံကိုအားမရသောကြောင့် ခေါင်းကို ငုံ့ကိုင်းရင်း ပန်းကလေးများ အနား တိုးကပ်ကာ အာရုံစူးစိုက်ရင်း နားဆင်မိပါသည်။ ထိုအခါ ဆံပင်ရှည် အဖျားများနှင့် ပန်းဝါ ပွင့်ချပ်ကလေးတို့ အမှတ်မထင် ထိတွေ့မိကြပါသည်။ ထိုအထိအတွေ့၏ တိမ်းမူးဖွယ် ညင်သာမှုကို စကားလုံးများဖြင့် ဖွင့်ပာ မပြတတ်ခဲ့ပါ။ ထိုအခိုက်အတန့်သေးသေးလေးတွင် ဆံပင်ရှည်တွေကို ကိုယ်နဲ့ တွေ့ပြီးမှ ညှပ်ပါနော် ဟု တဖွဖွ မှာကြားတတ်သူတစ်ယောက်ကို ဖျတ်ကနဲ လွမ်းတမ်းတမိပါသည်။ သူ့ အမှာစကားကြောင့် နံနက်စောစော အိပ်ရာထ ဆံပင်ဖြီးသောအချိန်များ လှပစွာ ချိုမြိန်ခဲ့ဖူးသည်ကိုလည်း ပြန်လည်အမှတ်ရလာပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
သိပ်သည်းလှသော အလွမ်းများဖြင့် ကျူးလစ်ပန်းခင်း အနီးမှ ထကာ ခပ်လှမ်းလှမ်းအရောက်တွင် ရုတ်တရက် နောက်သို့ပြန်လှည့်ကြည့်လိုက်မိပါသည်။ ဝေးကွာသွားသော်လည်း လှပသော ခိုင်မြဲသော ချစ်ခြင်းများက နွေးထွေး လင်းလက်သော နေရောင်ခြည်အောက်တွင် အရောင်တလက်လက် တောက်ပနေမြဲ ဖြစ်ပါသည်။ပန်းကလေးများ၏ မွှေးပျံ့သော ရနံ့များအကြားတွင် မိန်းမူးရင်း စာဖတ်ရန် အိတ်ထဲတွင်ပါလာသော စာအုပ်ကလေးကို ဆွဲထုတ်လိုက်ပါသည်။ စာအုပ်အမည်မှာ ချစ်မိတဲ့အခါ ဟု ခေါ်ပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။

ခြားနားနေသော အကွာအဝေးတစ်ခု၏ ရလာဒ်အဖြစ် ဝန်တိုပူပန်ခြင်းနှင့် လွမ်းဆွတ် သတိရခြင်းတို့က တံခါးကြားထဲ လေတိုးသကဲ့သို့ တကျိကျိနှင့် စိတ်အစဉ်ကို ဝင်ရောက် တိုးဝှေ့ ချယ်လှယ်နေကြပါသည်။ ကျူးလစ်ပန်းတို့၏ ပွင့်ချပ်များက လှသလောက် အလွမ်းများက မလှမပနှင့် တဆိတ် ခါးသက်သက်နိုင်လွန်းလှသည်။ ထိုစဉ် ပွင့်ချပ်တစ်ခုပေါ်တွင် ခိုတွယ်နေသော လိပ်ပြာအနက်ကျားလေး ရုတ်ကနဲ ထပျံသွားပါသည်။ လုံလောက်သော ဝတ်ရည်ချိုမြ ရှာမရသောကြောင့်ဟု အတတ်သိနေခဲ့သည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။မြင်နိုင်ပါလိမ့်မည်။
ဖန်တီးပြုပြင်ထားသော အေးစက်စက် ရာသီဥတု အတုအောက်တွင် အစဉ်သဖြင့် အေးစက်ထုံကျင်နေတတ်သော လက်ဖျားများ ရှိနေခဲ့ပါသည်။ ထိုလက်ဖျားများကို နွေးထွေးစေခဲ့သော လက်တစ်စုံအကြောင်း ဖျတ်ကနဲ တွေးမိပါသည်။ ထိုသို့တွေးမိသော် ရင်တွင်းတစ်နေရာမှ နာကျင်ခံခက်သော ဝေဒနာ တစ်စွန်းတစ်စကို ရရှိပိုင်ဆိုင်လာတတ်ပါသည်။ ထိုဝေဒနာသည် အက်စ်ပရက်စိုတစ်ခွက်ကဲ့သို့ ပြင်းရှ ခါးသက်သော်လည်း မူးယစ်ဆေးသဖွယ် တမ်းမက်စွဲလမ်းချင်စရာအတိ ဖြစ်ပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
ချစ်ခြင်းတွင် ပျော်ရွင်ချမ်းမြေ့ခြင်းများနှင့်အတူ ခါးသီးသော နာကျင်ခံခက်စရာများ တွဲလျက်ရှိနေသည်ပဲ။ မခံမရပ်နိုင်သော ဝေဒနာများအတွက် ထုံဆေးအနည်းငယ် လိုအပ်ပါလိမ့်မည်။ စမ်းသပ်ကြည့်စေချင်ပါသည်။ နာကျင်ခံခက်စရာများနှင့် တွေ့ကြုံရလျှင် ထုံဆေးကို သုံးလိုက်ပါ။ သက်သာရာ ရနိုင်ပါလိမ့်မည်။ သာယာကြည်နူးမှုများအတွက်တော့ ထုံဆေးအာနိသင်ကို ပြယ်စေလိုက်ပါ။ ကြည်နူး ပျော်ရွှင်သော အရသာကို အပြည့်အဝ ခံစားပါ။ သို့သော် ထုံဆေးပြယ်ချိန်တွင် အနာတရများသည် ပုံမှန်ထက် အဆပေါင်းများစွာ ပိုမို နာကျင်တတ်သည်ကို သတိပြုစေချင်သည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
ရေးလက်စစာကို ဤနေရာတွင် ရုတ်တရက် ရပ်နားလိုက်ချင်ပြီ။ ဆက်ရေးချင်စရာ စကားလုံးများ ရှိကောင်း ရှိနေနိုင်ပါသေးသည်။ သို့သော် စာရေးခြင်း၊ စာဖတ်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ သတိရလွမ်းဆွတ်ခြင်း၊ ပျော်ရွင်ကြည်နူးခြင်း၊ ထိခိုက်ကြေကွဲခြင်း အစရှိသော ခံစားမှုများထက် ကျူးလစ်ပန်းများကို တမေ့တမော ငေးမောနေရခြင်းက ပိုအရသာရှိပြီး ပိုစွဲမက်ဖွယ် ဖြစ်လို့နေခဲ့ပါသည်။ စိတ်ထဲတွင် ပြောချင်စရာ၊ ချရေးချင်စရာ စကားလုံးများပေါ်လာတိုင်း ကျူးလစ်ပန်းကလေးများကို တီးတိုး ပြောပြဖြစ်မည်ဟု ယုံကြည်နေပါသည်။ သေချာသည်ကတော့ ထိုကျူးလစ်ပန်းခင်း၏ အခြားတစ်ဖက်တွင် ဖွဲ့သီပြ၍ မမှီနိုင်အောင် လှပ နုညံ့သော ချစ်ခြင်းများ ရှိနေပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။

သက်ဝေ
(၀၃ မေ ၂၀၁၄)

Monday, November 10, 2014

အရင်းအနှီး

မျှော်လင့်မထားပဲ ကြားလိုက်ရသော စကားကြောင့် သူမ အံ့သြခြင်းကြီးစွာဖြင့် ထိတ်လန့် တုန်လှုပ်သွားခဲ့ရသည်။ ကြားရသော စကားကို ဟုတ်မှ ဟုတ်ပါလေစ ဟု ပြန်လှန်မေးခွန်းထုတ်ရန်ပင် အားမရှိ၊ နှုတ်ဆွံ့နေခဲ့သည်။ မယုံသင်္ကာစိတ်ဖြင့် ပြန်လှန် မေးခွန်းထုတ်နိုင်သည်ထားဦး၊ ထိုအဖြေကို နောက်တစ်ကြိမ် ထပ်မံကြားနာရန် သူမနှလုံးသားက သူမကို မည်သည့်နည်းနှင့်မျှ ခွင့်ပြုနိုင်တော့မည် မဟုတ်ချေ။  

******

ထိုညနေက သူမ ကျောင်းပြန်ချိန် အနည်းငယ် နောက်ကျနေသောကြောင့် ကားလမ်းတို့က ထုံးစံအတိုင်း ပိတ်နေခဲ့သည်။ ကားတန်းရှည်ကြီးနောက်တွင် တအိအိဖြင့်နှေးကွေးစွာ မောင်းနှင်လာခဲ့ပြီး နောက်ဆုံးတွင် သူမနေထိုင်ရာ လမ်းသွယ်ကလေးကို ရောက်လာခဲ့သည်။ သူမ၏နေအိမ်မှာ လမ်းသွယ်လေး၏ အဆုံးနားတွင် တည်ရှိလေသည်။ လမ်းတလျှောက် အေးအေးဆေးဆေး မောင်းဝင်လာကာ ခြံဝင်းတံခါးကို ဆင်းဖွင့်ပြီး အလိုက်သင့် ချိုးကွေ့ ဝင်လိုက်သည်။ ထို့နောက် ကားကို ဂိုထောင်ထဲသို့ ထည့်ပြီး ဂိုထောင်တံခါးကို ပိတ်ကာ တဆက်တည်း ခြံတံခါးကိုပါ သွားပိတ်လိုက်သည်။ ထိုအချိန်တွင် မျက်နှာချင်းဆိုင် ခြံဝင်းအတွင်း အဝတ်အစား ခပ်နွမ်းနွမ်းနှင့် လူလတ်ပိုင်း အမျိုးသား တစ်စုကို မိုးတိုးမတ်တပ် အနေအထားတို့ဖြင့် တွေ့လိုက်ရသည်။ သူတို့၏ ဟန်ပန်အမူအယာနှင့် မျက်နှာများသည် တစ်ခုခု ထူးခြားနေသည့်အပြင် သူမ၏ စိတ်ကို ထူးဆန်းသော ခံစားမှု တစ်စုံတရာ ပေးစွမ်းနေသလိုပင်။

သူမသည် မျက်မှောင်ကိုကြုတ်ရင်း ပိတ်ထားသော ခြံတံခါးကို အကွယ်အကာယူကာ သေသေချာချာ စူးစမ်း ကြည့်ရှုလိုက်မိသည်။ စုစုပေါင်း အမျိုးသား ခြောက်ယောက်၊ ခြံဝင်းအတွင်းဟိုကြည့် ဒီကြည့်နှင့်၊ တစ်ယောက်ကတော့ ခြံဝင်းအတွင်း အလှဆင်ထားသော ရေပန်းလေးမှ ရေကိုလက်ဖြင့် မရဲတရဲ တို့ထိလျက်၊ သူတို့ထဲမှ နှစ်ယောက်မှာ အတော်လေး ပိန်ချုံးကာ အားအင်ချိနဲ့နေပုံ၊ သူမ ကြည့်နေစဉ်မှာပင် တစ်ယောက်က ကွန်ကရစ်ခင်း လမ်းသွယ်ကလေးပေါ် ရုတ်တရက် ထိုင်ချလိုက်သည်။ ဆင်းရဲနွမ်းပါးပုံရသော သူတို့၏ အသွင်အပြင်တွင် တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာ မျှော်လင့် စောင့်စားနေကြပုံကလည်း တညီတညာထဲ၊ ထင်ရှားစွာ ပေါ်လွင်နေပြန်သည်။ သူမ ဘာကြောင့်ထိုလူများကို စိတ်ဝင်တစားရှိနေရသည်ကို ကိုယ်တိုင်လည်း နားမလည်နိုင်ချေ။ တစ်ခုခုတော့တခုခုပဲ… ပုံမှန်တော့ မဟုတ် ဟု သူမ၏ စိတ်က အလိုလို သိနေခဲ့သည်။

တခဏအကြာတွင် အမျိုးသားတစ်ဦး ထွက်လာကာ ထိုလူတစ်စုကို အိမ်ထဲသို့ဝင်စေပြီး လမ်းမဖက်သို့ မသိမသာ တစ်ချက်ဝေ့ကြည့်ကာ သစ်သား တံခါးမကြီးကို ပိတ်ပလိုက်သည်။ ထိုလူများ နာခံ ရိုကျိုးစွာ တစ်လှမ်းချင်း သေသေဝပ်ဝပ် လျှောက်လှမ်း လိုက်ပါသွားပုံကို သူမ မျက်လုံးထဲမှ မထွက်ချေ။ အမှန်ဆိုရလျှင် ထိုအိမ်မှ မိသားစုနှင့် သူမတို့ မိသားစု အတန်အသင့် ရင်းနှီးကြသည်။ ဖေဖေ မေမေ နှင့် မောင်နှမနှစ်ယောက်… စုစုပေါင်း မိသားစုလေးယောက်စီသာ ရှိကြသော အိမ်နီးချင်းများမို့ တစ်ခုခုဆို အထူးတလည် ကူညီ ရိုင်းပင်းတတ်ကြသည်။

ထို့ကြောင့် အခုကိစ္စကို သူမ အိမ်မှ အိမ်သားများ သိ မသိမေးမြန်းရန် အိမ်ထဲသို့ အပြေးကလေး ဝင်လာခဲ့သည်။ အိမ်ရှေ့တွင် မည်သူမျှ မရှိ၊ ထိုအခါ မီးဖိုခန်းထဲသို့ တောက်လျောက် ပြေးသွားလိုက်သည်။ မီးဖိုခန်းထဲအရောက်တွင် ယောင်းမတစ်ချောင်းဖြင့် ဟင်းအိုးမွှေရင်း အလုပ်ရှုပ်နေသော သူမ၏ မေမေကို အခါများစွာကလို မေမေ ဘာဟင်းတွေ ချက်နေတာလဲ သမီး ဗိုက်ဆာလှပြီ… စသည်ဖြင့် ပွတ်သီးပွတ်သပ် ချွဲနွဲ့မနေအား… သူမ သိလိုသည်ကိုသာ တန်းတန်းမတ်မတ် မေးချလိုက်မိသည်။ သူမ ထင်ထားသည့်အတိုင်း မေမေက အားလုံး သိနေပြီးပြီ။ ထို့နောက် မေ့မေ့လက်ထဲမှ ယောင်းမကို အသာလှုမ်းယူကာ ဟင်းအိုး ကူမွှေပေးရင်းက မေမေ့စကားကို နားစွင့်နေမိသည်။

မေမေက ဝမ်းသာစရာ အဖြစ်တစ်ခု မဟုတ်ဟု ဆိုကာ စကားကို တိုတိုနှင့်လိုရင်းသာ ပြောသည်။ အဖြစ်မှာ အိမ်ရှေ့အိမ်မှ ဦးဦး မနက်က ရုံးအသွား ကားမတော်တဆမှု ဖြစ်ခဲ့သည်။ သူ့ကားဖြင့် ဝင်တိုက်မိသူမှာ အသက်ကြီးကြီး ကျန်းမာရေးကောင်းပုံလည်း မရသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ တိုက်မိသော အရှိန်မှာ မပြင်းသော်လည်း ထိုအမျိုးသမီးသည် ကားလမ်းဘေးသို့ လဲပြိုကျကာ နေရာတွင် ချက်ချင်း ဆုံးပါးသွားခဲ့သည် ဟူ၏။

ဟင်… ဒါဆို ဦးဦးက အမှုဖြစ်မှာပေါ့ အဖမ်းခံရမှာပေါ့ ဟုတ်လားမေမေ… ဟု အလောတကြီး မေးမိရာ မေမေက အသာ ခေါင်းညိတ်ပြသည်။ အို… သူမ စိတ်မကောင်းခြင်းကြီးစွာဖြင့် အတန်ကြာ ငေးငိုင်နေမိသည်။ တဆက်တည်းမှာပင် သူမက ညနေက ခြံတံခါးပိတ်ကာ ချောင်းကြည့်ခဲ့စဉ် တွေ့မြင်ခဲ့ရသော မြင်ကွင်းအကြောင်း မေမေ့ကို ပြောပြလိုက်သည်။ ထိုအခါ မေမေက သူမ လုံးဝမျှော်လင့်မထားသော အကြောင်းအရာကို ပြောပြခဲ့တာဖြစ်သည်။

******

ဘာအလုပ်မှ မယ်မယ်ရရ မရှိ၊ အရင်းအနှီးပြုစရာ ငွေကြေး အပိုအလျှံ အနည်းငယ်မျှပင် မရှိ။ ချေးငှားသုံးစွဲရန်ကလည်း ပတ်ဝန်းကျင်မှ လူများအားလုံးက သူလိုကိုယ်လို ဘဝတူများသာ။ တတ်စွမ်းသမျှ ကြုံရာ ကျပန်း အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းရင်း ငွေတွင်းက နက်သည်ထက် နက်လာခဲ့သည်။ မိသားစုများ ထမင်းနပ်မှန်ရန် တစ်ရက်ပြီး တစ်ရက် ခက်ခဲသည်ထက် ခက်ခဲလာခဲ့သည်။

ထိုသတင်းကို ယူဆောင်လာသူက တစ်ရပ်ထဲသား၊ အတော်လေး ရင်းနှီးခင်မင်နေသော ကိုသိန်း။ ကိုသိန်းက လမ်းဆုံမှ မီးပွိုင့်တွင် ဂျာနယ် လက်ပွေ့ရောင်းသူ တစ်ယောက်ဖြစ်သည်။ ဂျာနယ်များ အလွန် အရောင်းသွက်သော အချိန်ကာလဖြစ်သောကြောင့် ငွေကြေးလည်း အတန်ငယ် ချောင်လည်လေသည်။

သူ့ပြောစကားအတိုင်းဆိုလျှင် အကျိုးအမြတ်က မက်မောစရာ အတိ။ ခင်ဗျား သေချာရဲ့လား… ဟု အထပ်ထပ် ပြန်မေးမိသည်။ သူက သေချာပါတယ်… ခင်ဗျားကို ခင်လွန်းလို့ပြောပြတာပါ ပြီးတော့ ခင်ဗျားမှာ အရင် ကုန်ကားမောင်းတုန်းက ရထားတဲ့ ယာဉ်မောင်းလိုင်စင်လည်း ရှိတယ် မဟုတ်လား… ဒါကြောင့် ပြောရတာပါ… ဟု လေးလေးနက်နက် တည်တည်တံ့တံ့ ဆိုခဲ့သည်။ မဝံ့မရဲဖြစ်နေသော သူ့ကို ကိုသန်းက စဉ်းစားပေါ့ဗျာ… ခင်ဗျားနဲ့ ခင်ဗျားမိသားစု လိမ်မာရင် လိမ်မာသလို တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားနိုင်မဲ့ကိစ္စဗျ… ဟု ဆက်ပြောလေသည်။ သူ့စကားအဆုံးတွင် ဒါဆို နောက်တစ်ခါ ကျုပ်ကို အကြောင်းကြားဗျာ အဲဒီအလုပ်ကို ကျုပ်လုပ်မယ် ဟု ခပ်ရဲရဲ ပြောပစ်ခဲ့သည်။

အပြန်လမ်းတွင် ကိုသိန်း၏ စကားများကို ကြားယောင်ရင်း ငါ တကယ်လုပ်နိုင်ပါ့မလား ဟူသော သံသယအတွေးတို့ဖြင့် တွေဝေနေမိပြန်သည်။ အမှန်ဆိုလျှင် ထိုအလုပ်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေသော အလုပ်မဟုတ်၊ ထိုအလုပ်မှ ရမည့် ငွေကြေးသည်လည်း မည်သူ့ကိုမှ လိမ်လည်လှည့်ဖျားပြီး ရရှိလာမည့် ငွေကြေးတို့ မဟုတ်။ သူ ပေးဆပ်ရသည်နှင့် ထိုက်တန်သော ငွေကြေးဟု သူ ယုံကြည်နေမိသည်။ တချိန်ထဲမှာပင် သူ့ကို အားကိုးတကြီးမှီခိုနေကြသော မိသားစု၏ မျက်နှာများကို ပြန်မြင်ယောင်မိသောအခါ သူ့ ဆုံးဖြတ်ချက်တို့က ပိုမို ခိုင်မာလာခဲ့သည်။

နောက်နှစ်ရက်အကြာတွင် သူ့အိမ်သို့ ကိုသိန်း ရောက်လာခဲ့သည်။ သူ့လက်ထဲတွင် အဖြူရောင် စက္ကူတစ်စ…။ ထိုစက္ကူပေါ်တွင် နေရပ်လိပ်စာတစ်ခုကို ရေးထား၏။ ကြည့်လိုက်သောအခါ ချမ်းသာကြွယ်ဝသော လူကုံထံအသိုင်းအဝိုင်းများသာ နေထိုင်နိုင်သော အရပ်ဒေသဖြစ်သည်။ ထိုစာရွက်ပိုင်းလေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း သူ လွယ်နေကျ သားရေအိတ်ကလေးကို လွယ်ကာ အိမ်မှ ထွက်လာခဲ့သည်။ ယာဉ်မောင်း လိုင်စင် ပါရဲ့နော် ဟူသော ကိုသိန်း၏ အမေးကို ခေါင်းတချက် ညိတ်ကာ အသံတိတ် ဖြေဆိုလိုက်သည်။ ထို့နောက် သူ့ မိသားစုအတွက် မှာချင်သည်များကို ကိုသိန်းအား တိုးတိုးတိတ်တိတ် မှာကြားရသည်။ ကိုသိန်းကား ဤကိစ္စများတွင် အလွန်တရာ နောကျေနေပေပြီ။ စိတ်ချပါ… နောက်ပိုင်းကိစ္စတွေ ဘာမှ မပူနဲ့ ကျွန်တော် အကုန်စီစဉ်ပေးမယ် ဟု ကတိ ပေးလေ၏။

ကိုသိန်းပေးလိုက်သော လိပ်စာအတိုင်း ရောက်သွားသောအခါ ကိုယ့်ထက် အရင် ရောက်နှင့်နေသူ လေး ငါးယောက်ကို တွေ့ရ၏။ သူတို့၏ မျက်နှာများပေါ်တွင်လည်း မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများ က အထင်းသား။ အချင်းချင်း တစ်ယောက်ကို တစ်ယောက် စကားမဆိုကြ၊ သို့သော် မျက်လုံးအကြည့်များဖြင့် အသိအမှတ်ပြု နှုတ်ဆက်လိုက်ကြသည်။ ထိုစဉ် သူတိုအထဲမှ တစ်ယောက်ကတော့ သေမထူး နေမထူး ဘဝတွေပါဗျာ… ဟု ခပ်တိုးတိုး မချင့်မရဲ ရေရွတ်ကာ ခြံဝင်းအတွင်းရှိ မြက်ခင်းစိမ်းစိမ်းဘေးမှ ကွန်ကရစ်လမ်းပေါ်သို့ လဲပြိုကျသလို ရုတ်တရက် ထိုင်ချလိုက်သည်။ သူ့ကို အသာ အကဲခတ်ကြည့်ရာ  ကောင်းကောင်း ကျန်းမာပုံမရချေ။

ထိုစဉ် လူတစ်ယောက်က အိမ်ထဲဝင်ရန် လာခေါ်သည်။ ခန်းနားလှပစွာ ဆင်ယင်ထားသော အဆောင်အယောင်များအောက်တွင် အလိုလိုနေရင်း လူက သေးနုပ်သိမ်ငယ်သလို ခံစားရပြန်သည်။ အိမ်ထဲသို့ ရောက်ပြီးလျှင် အခန်းငယ်တစ်ခုထဲသို့ သူတို့ကို တစ်ဦးချင်း ခေါ်ယူလေသည်။ သူ့အလှည့်အရောက်တွင် လူရွယ်နှစ်ယောက်က မေးခွန်းများ မေးကြ၏။ မေးသမျှကို အမှန်အတိုင်း ရိုးရိုးသားသားသာ သူ ဖြေခဲ့သည်။ သူ့ယာဉ်မောင်းလိုင်စင်ကို တောင်းကာ သေသေချာချာ ကြည့်ရှူ စစ်ဆေးကြသည်။ မကြာခင်မှာ လူတစ်ယောက် ရောက်လာကာ သူ့ကို ရွေးချယ်လိုက်သည်ဟု အသိပေးလေသည်။ ၀မ်းသာမိသည်မှာ ဆိုဖွယ်ရာ မရှိ။ ထို့နောက် သူ့ကို အခန်းထဲတွင် ထိုင်ခိုင်းထားပြီး အကြောင်းစုံကို ရှင်းပြတော့သည်။ မောင်းလာသော ကားလမ်း အနေအထား၊ --- အမည်ရ လမ်းတွင် ကားကို ချိုးကွေ့လိုက်ပုံ၊ လမ်းဘေးမှ အမျိုးသမီးကို ကားဖြင့် မည်သို့ ပွတ်မိပုံ၊ အမျိုးသမီး လဲကျသွားပြီး သတိမေ့မျောနေရာမှ မကြာခင်တွင် ဆုံးပါးသွားပုံ၊ အရေးပေါ် သူနာပြုယာဉ်ရောက်လာက အမျိုးသမီးကို သယ်ဆောင်သွားပုံ စသည်တို့ကို အသေးစိတ် ရှင်းလင်း ပြောပြခဲ့သည်။ နားလည်ပြီနော် ဟုလည်း အထပ်ထပ် မေးမြန်းသည်။ နောက်ဆုံးတွင် သူ့ကို ရဲစခန်းသို့ ခေါ်ဆောင်သွားကြတော့သည်။

ရဲစခန်းသို့ အသွား လမ်းတလျှောက်တွင် သူ အတော်ပေါ့ပါးနေခဲ့၏။ ညနေစောင်း မှောင်ရီပျိုးချိန်ထိတိုင် သူ အိမ်ကို ပြန်မရောက်သောအခါ အိမ်တွင် စောင့်မျှော်နေကြမည်ဖြစ်သော မိသားစုများအား ကိုသိန်းက အကြောင်းစုံကို ပိပိရိရိ ပြောဆိုရှင်းလင်း ပြနေလိမ့်မည်။ ရုတ်တရက် အခွင့်အရေးပေါ်လာသောကြောင့် အဖေါ်တစ်ချို့နှင့်အတူ တဖက်နိုင်ငံသို့ အလုပ်လုပ်ရန် ထွက်ခွာသွားပြီ ဟု ဆိုကာ သူတို့ဘဝတွင် အိပ်မက်မျှပင် မက်မြင်နိုင်ခြင်းငှာ မစွမ်းသာသော ငွေကြေးပမာဏကို အိမ်သူ့လက်တွင်းသို့ အပ်နှံလိမ့်မည်။ ထိုအခါ အိမ်သူကလည်း ဝမ်းသာတုန်ရီလျက်ကပင် ကိုသန်းစကားကို စိတ်ချ လက်ချ ယုံကြည်ပေလိမ့်မည်။ ထို့နောက် တစ်ခါမျှ မကိုင်တွယ်ဖူးသော ငွေကြေးတို့ကို ကိုင်တွယ်လျှက် အစစ အဆင်ပြေအောင် စီမံ ဆောင်ရွက်ပေလိမ့်မည်။ အိမ်သူနှင့် ကလေးငယ်များကို သတိရမြင်ယောင်မိသောအခါ ရုတ်တရက် ဝမ်းနည်းသွားခဲ့သေးသည်။ သို့သော်လည်း မိသားစု တင့်တောင့်တင့်တယ် နေနိုင်ဖို့အတွင် ငါးနှစ် ဆိုတာ ခဏလေးရယ်ပါ ဟု အားတင်းကာ ထိုအတွေးတို့နှင့်အတူ ကိုသိန်းကို စိတ်ထဲမှ ကျေးဇူး အထပ်ထပ်တင်နေခဲ့သည်။ သည်အတွက် ကိုသိန်းလည်း ထိုက်သင့်သလောက် အကျိုးခံစားခွင့်ရှိမည်ဟု သူ နားလည်နေခဲ့ပါသည်။

******

စကားအဆုံးတွင် မေမေက မောဟိုက်သွားဟန်ဖြင့် ရေခဲသေတ္တာကိုဖွင့်ကာ ရေသောက်နေရင်း သူမကိုလည်း ရေတစ်ခွက် လှမ်းပေးခဲ့သည်။ မေမေ လှမ်းပေးလိုက်သောရေခွက်ကို ကိုင်ရက်သားဖြင့် သူမ တိတ်ဆိတ် ကြောင်အ နေခဲ့သည်။ စိတ်ထဲမှာတော့ ဖြစ်မှဖြစ်ရလေ ဟူသော စကားလုံး ငါးလုံးကို အကြိမ်ပေါင်းများစွာ ပဲ့တင်ထပ်အောင် ရေရွတ်လျက်။

ညနေက ခြံတံခါးကို ကွယ်ရင်း ချောင်းကြည့်ဖြစ်ခဲ့သော အဝတ်အစားခပ်နွမ်းနွမ်း ဝတ်ဆင်ထားသူ အမျိုးသားများသည် သိန်းသုံးဆယ် ဟူသော ငွေကြေးပမာဏကို ပိုင်ဆိုင်ရန် မော်တော်ယာဉ် မတော်တဆမှုအတွက် အငှား တရားခံ ဖြစ်ပေးလိုသူများ၊ တနည်းအားဖြင့် ပြောရလျှင် ငါးနှစ် သို့မဟုတ် ခြောက်နှစ်တာ ကာလအတွက် ဘဝကို စတေးကာ အငှား ထောင်ကျခံပေးလိုသူများ ဖြစ်ကြသည်ဟု သိလိုက်ရသောအခါ သူမ အံ့သြတကြီးဖြင့် ပြောစရာ စကားလုံးရှာမရအောင် တုန်လှုပ်ခဲ့ရပါသည်။ ကြားရသော စကားကို မယုံကြည်နိုင်ပဲ ဟုတ်မှ ဟုတ်ပါလေစ ဟု ပြန်လှန်မေးခွန်းထုတ်ရန်ပင် အားမရှိ၊ နှုတ်ဆွံ့နေခဲ့သည်။ မယုံသင်္ကာစိတ်ဖြင့် ပြန်လှန် မေးခွန်းထုတ်နိုင်သည် ထားဦး၊ ထိုအဖြေကို နောက်တစ်ကြိမ် ထပ်မံကြားနာရန် သူမ နှလုံးသားက သူမကို မည်သည့်နည်းနှင့်မျှ ခွင့်ပြုနိုင်တော့မည် မဟုတ်ပါချေ။

သက်ဝေ
(၅ နိုဝင်ဘာ ၂၀၁၄)

မှတ်ချက် - မနေ့က ရုံးက ညီမလေးတစ်ယောက်နဲ့ စကားပြောရင်း သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ်နဲ့ အဲဒီလို အငှား ထောင်ကျခံပေးတဲ့သူတွေအကြောင်း အမှတ်မထင် ကြားလိုက်ရပါတယ်။ တစ်ခါမှ မကြားဖူးတဲ့ကိစ္စတစ်ခုမို့ ကြားကြားချင်း အလွန်ပဲ အံ့သြမိပါတယ်။ ပြီးတော့ တညနေလုံး အဲဒီအကြောင်း ခေါင်းထဲရောက်နေပြီး ညကျတော့ ဘယ်လိုမှ မနေနိုင်ပဲ ဒီစာလေးကို ချရေးဖြစ်ပါတယ်။ ပြောပြတဲ့ ညီမလေးကို ကျေးဇူးတင်ပါတယ်။