ကျွန်တော် ဘာကိုလွမ်းတယ်ဆိုတာ မပြောခင် တစ်ချိန်တစ်ခါက အလွန် ထင်ပေါ်ကျော်ကြားလှတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် အရင် မိတ်ဆက်ပါရစေနော်...။ ကျွန်တော့်ရဲ့  ထင်ပေါ် ကျော်ကြားပုံ ကိုပြောပြရမယ် ဆိုရင်တော့… ဒီကျောင်းကို ရောက်လာတဲ့ ကျောင်းတော်သူ ကျောင်းတော်သားတိုင်း ကျွန်တော့်ကို မသိတဲ့သူ မရှိဘူးဗျ…။ ကျွန်တော့်ရဲ့ ဂုဏ်သတင်းမွှေးပျံ့ ပုံတွေဟာ ကျွန်တော်ရှိတဲ့ ရန်ကုန်စက်မှု တက္ကသိုလ် မှာသာမက လှိုင်၊ ကြည့်မြင်တိုင်၊ ဗိုလ်တထောင် နယ်မြေတွေက ရန်ကုန်တက္ကသိုလ်တွေ၊ မိန်း လို့ ခေါ်ကြတဲ့ ပင်မ ရန်ကုန်တက္ကသိုလ်… စတဲ့ ကျောင်းတွေက ကျောင်းသား ကျောင်းသူတွေ ဆီကိုတောင်ရောက်သဗျို့ ။
ကျွန်တော်ဆိုတဲ့ ကျွန်တော်ကလဲ နှယ်နှယ်ရရ အကောင်မှ မဟုတ်တာကလား။ ရန်ကုန် စက်မှုတက္ကသိုလ် ရဲ့ အထင်ကရ လမ်းကလေး တစ်ခုပေါ့။ ဘယ်အချိန်က ဘယ်သူက စတင်ခေါ်ဝေါ်ခဲ့တယ် ဆိုတာကို မသိပေမယ့် ဒီ သြဘာလမ်း ဆိုတဲ့ ကျွန်တော့်ရဲ့  အမည်နာမကိုတော့ ကျွန်တော် တော်တော်ကြိုက်တယ်ဗျ။
ကျွန်တော့်အကြောင်းကို ပြောပြရမယ်ဆိုရင်တော့ အရှည်ကြီးပေါ့ဗျာ။
ဒါပေမယ့် အခုတော့ အကျယ်အကျယ် မချဲ့ တော့ဘဲ ခပ်တိုတိုဘဲ ပြောကြစို့ ရဲ့ နော်…။
ကျွန်တော့်ရဲ့ တည်နေရာက ဒီကျောင်းကြီးတစ်ခုလုံးမှာ အချက်အချာ အကျဆုံး နေရာဖြစ်တဲ့ ကျောင်းဝင်းကြီး ရဲ့ အလယ် ဗဟို တည့်တည့် မှာရှိတယ်။ ကျွန်တော့်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာတော့ ထူထဲ သိပ်သည်းနေတဲ့ အစိမ်းရောင်ရင့်ရင့် ပုဏ္ဏရိတ်ပင်တန်း နဲ့ မြက်ခင်းပြင် ကျယ်ကျယ်တွေ။ အဲဒါတွေက ကျွန်တော့်ကို ကျက်သရေ ရှိရှိ၊ လှလှပပ နဲ့  လုံလုံခြုံခြုံ ကာရံပေးထား ကြတယ်လေ။ အဲဒီ မြက်ခင်းပြင် တွေရဲ့  အဆုံးသတ်မှာကတော့ Building 1 လို့ ခေါ်ကြတဲ့ လေးထပ် ကျောင်းဆောင်ကြီးတွေရှိတယ်။ အဲဒီကျောင်းဆောင်ကြီးနှစ်ခုက ကျွန်တော့်ကို ဘေးတစ်ဖက် တစ်ချက်ကနေ မားမားမတ်မတ်ရပ်တည်ပြီး အစစအရာရာ ကာကွယ် စောင့်ရှောက် ပေးနေကြသယောင်…။
ကျွန်တော့်ရဲ့ ထူးခြားသတင်း ကျော်ဇောရခြင်း အကြောင်းကတော့ ဒီလိုဗျ။
ကျွန်တော့်အကြောင်းကို သိကြလို့ ဘဲဖြစ်စေ၊ မသိကြဘဲနဲ့ ဖြစ်စေ၊ တစ်ယောက်ယောက်က နောက်ပြောင် ချောက်တွန်းလိုက်လို့ ဘဲဖြစ်စေ၊ သူငယ်ချင်း အချင်းချင်းတစ်ယောက်နဲ့ တစ်ယောက် အလောင်းအစား လုပ်ကြလို့ ဘဲဖြစ်စေ ဘယ်သူမဆို ကျွန်တော့်ဆီကို လာရောက်ခြေချ လျောက်လှမ်းကြတဲ့ အခါတိုင်း တွေ့ မြင်သမျှ ကျောင်းသူ၊ ကျောင်းသားတိုင်းက သြဘာ လက်ခုတ်သံတွေ သောသောညံအောင် ချီးမြှင့်ကြခြင်းပါဘဲ။ အဲဒီလို ချီးမြှင့်အားပေးကြရာမှာလဲ အတန်းမရှိလို့  အပြင်မှာ မတ်တပ်မတ်တပ် ဟိုယောင်ဒီယောင် လုပ်နေကြတဲ့ ကျောင်းတော်သားတွေတင်မက စာသင်ခန်းထဲမှာ စာသင်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ပါ ပါသဗျ။ ဆရာ ဆရာမတွေ အနေနဲ့ လဲ ဒီအလေ့အထ ဒီအပြုအမူကလေးကို ဘာမှမတားမြစ်သာ၊ တပြုံးပြုံးနဲ့  ကြည့်ရင်း ခွင့်လွှတ်ကြရတာပါဘဲ။
ဒီလို ထူးခြားပြီး ပျော်ရွှင်စရာကောင်းလှတဲ့ သြဘာ လက်ခုတ် တီးကြခြင်း ကိစ္စကို ဘယ်သူက စတင်တီထွင်လိုက်မှန်းတော့ ကျွန်တော်လဲ တိတိကျကျ မသိလို့  မပြောပြတတ်ဘူးခင်ဗျ။ ဒါပေမယ့်လဲ ကျွန်တော် ကြားဘူးသမျှ မှတ်မိသမျှ ပြောရမယ်ဆိုရင်တော့ ဟိုး… လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရန်ကုန်စက်မှု တက္ကသိုလ် ရဲ့ ဘွဲ့ နှင်းသဘင် အခန်းအနားကို အခု ဒီဘက်ခေတ်ကလို အဓိပတိလမ်းက ရန်ကုန်တက္ကသိုလ် (ပင်မ) ဘွဲ့ နှင်းသဘင်ခန်းမ မှာမကျင်းပဘဲ ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းဝင်းထဲမှာဘဲ သီးသန့် ကျင်းပ ပြုလုပ် လေ့ရှိတယ်လို့ သိခဲ့ရပါတယ်။
အဲဒီအခါမှာ ဘွဲ့ ရမောင်မယ်တွေဟာ ဘွဲ့ လက်မှတ်ယူကြဖို့  စင်မြင့်ဆီကို အသွားမှာ ဒီသြဘာလမ်း တစ်လျှောက်ကနေ ဖြတ်သန်း သွားကြရတယ်တဲ့။ အဲဒီအခါမှာ ဘေးတစ်ဖက်တစ်ချက် မှာရှိနေကြတဲ့ သူငယ်ချင်းများ၊ မိသားစုများ နဲ့ ဆွေမျိုး မိတ်သင်္ဂဟ အပေါင်းတို့ က လက်ခုတ်သြဘာတွေ သောင်းသောင်းဖြဖြ တီးပြီး အားပေး ဂုဏ်ပြုကြတယ်တဲ့။

အဲဒီက အစပြုလို့ ကျွန်တော့် နာမည်ဟာ သြဘာလမ်း ရယ်လို့ တွင်ခဲ့သတဲ့လေ…။
ဘာဘဲဖြစ်ဖြစ်ပေါ့ဗျာ… နှစ်ပေါင်းမြောက်မြားစွာ တည်မြဲနေတဲ့ ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းတော်ကြီးရဲ့  အထင်ကရ အဖြစ်အပျက် တွေထဲက တစ်ခုအပါအ၀င် ဖြစ်တဲ့ ဒီ သြဘာလမ်း အကြောင်း ကတော့ သိသူတိုင်းက တသသ ပြောဆို လွမ်းဆွတ်ကြရတာတော့ အမှန်ပါဘဲ။ ကျွန်တော်ဆိုတဲ့ ကျွန်တော်ကလဲ ကလဲ ဒါကို အမြဲတမ်း ဂုဏ်ယူမဆုံးပေါ့။
ဒါပေမယ့်… ဒါပေမယ့်ပေါ့ဗျာ…။
ခုဆိုရင် ကျွန်တော့်ဘ၀ကြီးဟာ အရင်ကလို မစိုပြေ၊ တစ်ကိုယ်ရည်ထဲ အတော်ကို ခြောက်သွေ့ နေရတယ် ခင်ဗျ။ အရင်ကလို ကျွန်တော့်ဆီကို လာပြီး လမ်းလျှောက်မယ့် နုနယ်ပျိုမြစ် တင့်တယ်လှပတဲ့ ချစ်စဖွယ် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေလဲ မရှိသလောက် ရှားပါးသွားခဲ့ပြီ။ ကျွန်တော့်ကို အထူးတဆန်း သဖွယ် လာလာ ကြည့်တတ်ကြတဲ့ တခြားတက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူတွေကလဲ သွားရလာရတာ ခရီးဝေးကြတာကတစ်ကြောင်း၊ ဒီကိုလာရောက်လည်ပတ်ပြီး တွေ့ ဆုံ နှုတ်ဆက်ကြရမယ့် သူငယ်ချင်း မိတ်ဆွေတွေ မရှိတော့တာက တစ်ကြောင်း အခြား အခြားသော အကြောင်းကြောင်း တွေရယ်ကြောင့် တကူးတက ဘယ်သူမှ ကျွန်တော့ဆီ ရောက်မလာကြတော့ဘူးလေ…။
လွမ်းပါတယ်… တကယ်ပါ၊ အရင်တုန်းက အချိန်လေးတွေကို ကျွန်တော် အရမ်းဘဲ လွမ်းမိပါတယ်။

ဒီတော့ စကားမစပ်ဗျာ… တကယ်လို့ ခင်ဗျားတို့ များ ကြုံရင် ပြောပြလိုက်ကြစမ်းပါဗျာ။ လူကြီးမင်းတို့ ရေ… ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းတော်ကြီးရဲ့ သြဘာလမ်းကလေးက သူ့ ဆီကို တစ်ခါတစ်ခေါက် လာရောက် လျှောက်လှမ်းမယ့် ကျောင်းသူကျောင်းသား လေးတွေကို တမ်းတမ်းတတ လွမ်းဆွတ် သတိရနေပါတယ်လို့…။
ပြောပြပေးကြပါဗျာ… ဆက်ဆက်… နော်။
* * * * * * * * * * * * * * * * * * * * * * * * * * * *
ကျောင်းသားဘ၀ရဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်ကာလတွေဟာ ကျောင်းတော်ကြီးတည်နေသ၍ အသက်ဝင် ရှင်သန်နေအုံးမယ် ဆိုရင် ဒီသြဘာလမ်းကို အချစ်ဆုံး သူငယ်ချင်းတစ်စုနဲ့ အတူ တစ်ခေါက်လောက်ပြန်လျှောက်ခွင့်ရပါစေ… လို့ ဆုတောင်းရင်း…။
သက်ဝေရေ.. ကျွန်တော်တို့ အိမ်က ရန်ကုန်စက်မှုတက္ကသိုလ်နားမှာပါ။ အင်းစိန်မှာပေါ့။
ReplyDeleteဒါပေမယ့် တက္ကသိုလ်တက်တုန်းက YIT ၀င်းထဲကို တခါမှ အလည်မရောက်ဖြစ်ခဲ့ဘူး။ အခုပို့စ်လေးကို ဖတ်မိတော့ သက်ဝေနည်းတူခံစားရတယ်။ ကျောင်းတက်တုန်းက မရောက်ဖြစ်လိုက်ရဘူးလို့ တွေးမိတယ်။ တကယ်ကိုလွမ်းဖို့ကောင်းတယ်။ အခုခေတ် ကျောင်းတက်နေရတဲ့ကလေးတွေက ပိုပြီး သနားဖို့ကောင်းတယ်။ သူတို့မှာလေ သြဘာလမ်းလည်း သိကြမှာမဟုတ်ဘူး။ မိန်းထဲက သစ်ပုပ်ပင်ဆိုတာလည်း ကြားဖူးတာပဲရှိမှာ။
သက်ဝေရေ.. တချိန်ချိန်မှာ သြဘာလမ်းနဲ့အတူ လက်ခုပ်သံတွေ ပြန်မကြားရဘူးလို့ ဘယ်သူပြောနိုင်မလဲနော်.. :)
good idea! nice post,
ReplyDeletemiss so much.
plz take picture more.
အမြဲပြုံးပျော်နေတတ်တဲ့ သြဘာလမ်းရယ်...
ReplyDeleteခုတော့ လွမ်းချင်းတွေဆိုနေပြီလား...
မင်းကိုယ်ပေါ်က အမှတ်တရခြေရာတွေလဲ ခပ်ဝါးဝါးနဲ့
ခုတော့ လွမ်းတတ်ခဲ့ပြီလား...
အားမငယ်ပါနဲ့လားသြဘာရယ်...
ငါတို့နှလုံးသားမှာလဲ
မင်းကိုတမ်းတ လွမ်းနေရဆဲပါ
အကြောင်းအမျိုးမျိုးကြောင့်ခွဲနေရလဲ
ရာဇဝင်ထဲကမင်းကို
ဘယ်လိုမေ့ပစ်နိုင်မလဲ...
သက်ဝေရေ...သြဘာလမ်းလွမ်းချင်းအတွက် ကျေးဇူးပါနော်။
တနေ့နေ့ပေါ့ အစ်မရယ် တစ်နေ့နေ့ပေါ့
ReplyDeleteလွမ်းနေတဲ့ငါ့အစ်မ ....
ReplyDeleteနှစ်သစ်မှာပျော်ရွှင်ပါစေဗျာ...
သင်္ကြန်မုန့်တွေယူလာတယ် စားပါဦးဗှ
"ONE RIT, ALWAYS RIT" ပါ
ReplyDeleteဆိုင်သာဆိုင် မပိုင်တော့တဲ့ ဘဝသား တစ်ယောက်အနေနဲ့ သြဘာလမ်းကို လျှောက်မိချိန်မှာ လက်ခုပ်သံကြားလိုက်ရတယ်။ တကယ်ကြားရတာပါ။ လှည့်ကြည့်လိုက်တော့ သူရယ်လေ။ အားလုံးရဲ့ကိုယ်စား တီးနေလိုက်တာ။ အိုပေမယ့် လှနေဆဲ ကျက်သရေရှိနေဆဲပါလား။ သူမွေးထုတ်ခဲ့တဲ့ သားသမီးတွေအပေါ် ကျေနပ်တဲ့အပြုံးတွေနဲ့ အလွမ်းမျက်ရည်ဝဲလို့ပေါ့............
နုစံရေ... ကြားချင်လှပါတယ်..။ အခုအချိန်မှာတော့ ဆုတောင်းနေရရုံမှတပါး...။
ReplyDeleteညီမလေး မြတ်နိုး... ကျေးဇူး...။
တန်ခူး... တူညီတဲ့ရင်ခုန်သံတွေ အမြဲရှင်သန်နေကြမယ်နော်...။
ကိုမုတ်သုန်... မျှော်လင့်နေတုန်းဘဲ... မျှော်လင့်နေတုန်းဘဲ...။ မုန့် လာကျွေးတာ ကျေးဇူး အထူး...။
တောင်ငူသားရေ... ဟုတ်ပါတယ်...။
"ONCE RIT, ALWAYS RIT" ပါ။
အဲဒီ့ကျောင်းသူ အရမ်းဖြစ်ချင်ခဲ့ပေမယ့် ဖြစ်ခွင့်မရလိုက်ဘူး။ မတက်လိုက်ရပေမယ့် ကျောင်းကြီးကိုတော့ အလိုလိုခင်တွယ်မိနေတာ။
ReplyDelete