Thursday, April 17, 2008

ထိုတံခါး

ငြိမ်သက်နေသော သက်မဲ့အရာဝတ္ထုတခုကို အချိန်ကြာမြင့်စွာ စူးစူးစိုက်စိုက် ကြည့်တတ်သော အကျင့်တခုကို ရခဲ့သည်မှာ နှစ်ပေါင်း တော်တော်များများ ကြာခဲ့ပြီဖြစ်သည်။ ထိုသက်မဲ့အရာဝတ္ထုမှာ တင်းတင်းစေ့၍ ပိတ်ထားသော တံခါးထူထူ တချပ်ဖြစ်ပါသည်။ ထိုတံခါး၏နောက်တွင် သူမ ရှိနေသည်။
မြင့်မား ရှည်သွယ်သော အရပ်အမောင်း၊ ဖြူစင်ဝင်းပသော အသားအရည်၊ အလွန်ချစ်စဖွယ်ကောင်းသော ဆံပင်နက်နက် ရှည်ရှည်များ၊ တိတိပပ လှပနိုင်လွန်းသော နှုတ်ခမ်းတင်းတင်း၊ ခြုံကြည့်လိုက်လျှင် မာနကြီးပုံပေါက်သော သူမလေး… ထိုတံခါး၏ နောက်တွင် ရှိနေသည်။ သူမ တစ်ယောက်တည်း ရှိနေခြင်းလား၊ နံဘေးမှာ အဖေါ်တယောက်နှင့် အတူ လက်ချင်းယှက်တွဲ၍ ရှိနေခြင်းရော မဖြစ်နိုင်ဘူးလား။ တကယ်တော့ ဒါကလဲ သိပ်ပြီး သေချာလှသည် မဟုတ်ပါ။ သေချာသည်ကတော့ သူမလေးသည် ဘယ်သောအခါမှ ထိုတံခါးကို ဖွင့်ဖေါက် ကျော်ဖြတ်၍ အပြင်သို့  (တိတိကျကျပြောရလျှင် ကျွန်တော့်ထံသို့ ) ထွက်လာလိမ့်မည် မဟုတ် ဆိုတာပဲ ဖြစ်ပါသည်။

ဘယ်သောအခါမှ ပွင့်လာမည်မဟုတ်မှာ အလွန်သေချာလှသော ထိုတံခါးတချပ်ရှေ့တွင် ဇွဲကြီးစွာ ခြေစုံရပ်နေမိသူ တယောက်… ဘာကြောင့်များ ဒီလောက် အချိန်ကြာမြင့်စွာ ရပ်တန့် စောင့်ဆိုင်း နေမိသလဲ… ဘာတွေကို မျှော်လင့်နေမိတာလဲ…။ ရေနစ်သူအတွက် ကောက်ရိုးတမျှင်သည် ခွန်အားတဲ့။ ထိုသို့ဆိုလျှင် ကောက်ရိုးလေး တမျှင်စာလောက်တောင် မျှော်လင့်ချက် ထား၍မရသော ဤတံခါးရှေ့ တွင် ဘယ်အချိန်အထိ ဆက်၍ရပ်နေအုံးမှာလဲ… ။ ဤသို့  ဆက်ရပ်နေခြင်းကို သူမလေး သိနိုင်ပါ့မလား… ဆက်မရပ်နေတော့ဘဲ လှည့်အထွက်သွားမှာ မတော်တဆ သူမလေးက ထိုတံခါးကို ရုတ်တရက် လှပ်လိုက်သော်… ဟု မျှော်လင့် နေချင်ပါသည်။ .... မျှော်လင့်နေချင်ပါသည်။

မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်သည်ဟူသော ဆိုရိုးစကား ရှိသေးသည်မဟုတ်ပါလား။ ဤစကား ဟုတ် မဟုတ်၊ မှန် မမှန် စောင့်ကြည့်ချင်ပါသေးသည်။ ဒီလိုပြောတော့ တချို့က ရယ်မော သရော် လှောင်ပြောင်ကြသည်... ဒီကောင် ရုးနေပြီ တဲ့။ အချစ်ကို မယုံကြည်၊ နားမလည်သူ တချို့က ရှုံ့ချကြသည်… လွန်လွန်းပြီ တဲ့။ ချစ်ခင် ရင်းနှီးသော သူငယ်ချင်းတချို့ကတော့ ကြင်နာစွာဖြင့် ဂရုဏာသက်ကြသည်… သနားစရာ တဲ့။ တချို့သူငယ်ချင်းများကတော့ အားပေးကြသည်… ဇွဲဆုတော့ ရနိုင်သည် တဲ့။ သူ့ ကို မရရင် နောက်တယောက်ကို ပြောင်းချစ်ပေါ့ ဟု ပေါ့ပေါ့ဆဆ ပြောသူများလဲ မနည်းမနော…။ နှလုံးသား၏ နက်ရှိုင်းသော နေရာမှလာသော ချစ်ခြင်းမေတ္တာကို တန်ဖိုးမထားတတ်ဘဲ ဤသို့ ပေါ့ပေါ့ဆဆ လျှင်လျှင်မြန်မြန် ပြောင်းလဲဖို့ အလွယ်တကူ တိုက်တွန်းတတ်သော သူများနှင့် ရှေ့ ဆက် မိတ်ဆွေ မဖြစ်နိုင်တော့တာ အလွန်သေချာလွန်း ခဲ့ပြီ။


သရော် လှောင်ပြောင်ခြင်း၊ ဖိနှိမ် ရှုံ့ချခြင်း၊ သနားဂရုဏာသက်ခြင်း၊ အားပေးခြင်း နှင့် မလေးနက်သော ပေါ့ပေါ့ဆဆ အပြော တို့သည် စစ်မှန်သော ချစ်ခြင်း မေတ္တာတရားတစ်ခုကို ဘယ်လိုအကြောင်းနှင့်မှ မတိမ်းစောင်း မယိမ်းယိုင်စေနိုင်။ အစဉ်ထာဝရ ခိုင်ကြည်စွာ တည်တံ့နေမည်သာ...။

ဘာတွေဘဲဖြစ်ဖြစ် သူမအတွက် ချစ်ခြင်းမေတ္တာများကို ရင်မှာသိုဝှက် တိတ်တဆိတ် သိမ်းဆည်းရင်း... တချိန်ချိန်မှာ ထိုတံခါးချပ်ကလေး အသာလှစ်ဟလာလိမ့်နိုး မျှော်ကိုးရင်း... ထိုတံခါးလေးရှေ့မှာ ခိုင်မြဲစွာ ရပ်နေမိအုံးမည်သာ။ လူဆိုသည်မှာ ကိုယ့်ကိုကိုယ်သာ ပိုင်သည်မဟုတ်ပါလား။ ကိုယ့်အတွေးစိတ်ကူး၊ ကိုယ့်ရပ်တည်မှု နှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် တို့သည်သာ ကိုယ့်အရာ။ ကိုယ့်ဆုံးဖြတ်ချက်တို့၏ နောက်ဆက်တွဲ အကောင်းအဆိုး အကျိုးအပြစ် တို့သည်လည်း ကိုယ်တဦးတည်းနှင့်သာ သက်ဆိုင်ပါသည်။

ဘေးလူများ၏ စကားတင်းဆိုမှုများကို ဥပေက္ခာပြု လျှစ်လျှူရှုလိုက်သောအခါတွင် လူတကိုယ်လုံးသည် ဝါဂွမ်းကလေး တစပမာ၊ တိမ်စိုင်ကလေး တခဲပမာ ပေါ့ပါးလွတ်လပ်သွားသော အရသာမှာ ဘာနဲ့ မှ မလဲနိုင်ပြီ။ သူမလေးအား တမ်းတမ်းတတ လွမ်းဆွတ်လာသောအခါများတွင် ပြာလွင်သော အဆုံးအစမဲ့ မိုးကောင်းကင်ကြီးကို မော့ကြည့်ရင်း... သူမ ရှိနိုင်သည်ဟု ယူဆ၍ရသော နေရာဒေသအချို့ကို မျှော်ကာမှန်းဆ တမ်းတရင်း... အေးမြလတ်ဆတ်၍ သန့်ရှင်းသော လေကို တဝကြီး ရှုရှိုက်သွင်းလိုက်သောအခါ… လောကကြီးတစ်ခုလုံးသည် အဖြူရောင်၊ ပန်းနုရောင်၊ အ၀ါရောင်၊ အနီရောင် အစရှိသော ရောင်စုံ နှင်းဆီပွင့်များနှင့်အပြိုင် မွှေးပျံ့လှပ နေပေလိမ့်မည်။


ငြိမ်သက်နေသော သက်မဲ့အရာဝတ္ထုတခုကို အချိန်ကြာမြင့်စွာ စူးစူးစိုက်စိုက် ကြည့်တတ်သော အကျင့်ကို ရခဲ့သည်မှာ နှစ်ပေါင်း တော်တော်များများ ကြာခဲ့ပြီဖြစ်သည်။ ထိုသက်မဲ့အရာဝတ္ထုမှာ တင်းတင်းစေ့၍ ပိတ်ထားသော တံခါးထူထူ တစ်ချပ်ဖြစ်ပါသည်။ ထိုတံခါး၏ တဖက်တွင် ရှိနေသောသူမှာ သူမ ဖြစ်ပြီး အခြားတဖက်ခြမ်းတွင် မလှုပ်မယှက် ခြေစုံရပ်နေမိသောသူမှာမူကား ကိုယ် ကိုယ်တိုင်ပင် ဖြစ်တော့သည်။

* * * * * * * * * * * * * * * * * * * * * * *

ပိုစ့် အဟောင်းလေး တခုဖြစ်သော တံခါး၏နောက်ကွယ် တွင် Comments များရေးခဲ့ကြသော သူငယ်ချင်းများ… အထူးသဖြင့် မောင်လေး Younggun နှင့် မုတ်သုန် တို့ ၏ Comments များကို ခံစားရေးဖွဲ့ ပါသည်။

6 comments:

  1. တခါတလေတော့လည်း တံခါးတဖက်မှာ ရပ်စောင့်နေသူဟာ မိန်းကလေး ဖြစ်နေခဲ့ပြန်တယ်ဆိုရင်ရောဟင်..

    မြန်မာမိန်းကလေး တစ်ယောက်အတွက် တံခါးဖွင့်မလားဆိုတဲ့ မျှော်လင့်ချက်ဟာ တကယ်ကို ခံစားရလွန်းပါတယ်။

    သက်ဝေရဲ့တံခါးနောက်ကွယ်ပို့စ်လေးတွေကို ကြိုက်တယ်။

    ReplyDelete
  2. သက်ဝေရေ...တံခါးတချပ်ကို သစ္စာကြီးစွာစောင့်နေတတ်တဲ့ သူ့အတွက် လှပတဲ့တံခါးအသစ်လေးတခု ထပ်ပေါ်လာပါစေလို့ ဆုတောင်းပေးရုံကလွဲလို့...။

    ReplyDelete
  3. ပတ်ဝန်းကျင်ကပြောတဲ့စကားတွေထဲမှာတစ်ခွန်းကျန်နေသေးတယ်အစ်မရေ... ဒီကောင် နွားကျချင်နေလားမသိဘူးတဲ့... ။ လူတွေဟာ အခြားသူတစ်ယောက်ရဲ့ ခံစားချက်တွေကို လှောင်ပြောင်တတ်တာ ဘယ်လိုအတွေးတွေကြောင့်ပါလဲနော်.... ထားပါတော့လေ စာပါအကြောင်းအရာနဲကဆက်စပ်လို့ပြောကြည့်တာပေါ့..။ မေးစရာတစ်ခုအရင်မေးကြည့်မယ် ... တစ်ကယ်လို့များသူမထွက်လာခဲ့ရင် စောင့်နေတဲ့သူကို မျက်နှာခြင်းဆိုင်ဝံ့ပါ့မလားလို့... တံခါးကအလယ်မှာခြားထားတယ် .. ရှေ့ကရပ်စောင့်နေတဲ့သူ နောက်ကထွက်မလာတော့မယ့်သူမ ..... ဒီလောက်နဲ့တင်လုံလောက်သွားပါပြီ..... ဘာ့ကြောင့်လဲ.... တကယ်လိုများ သူမထွက်လာခဲ့ရင်ပေါ့လေ သူမသာထွက်လာခဲ့ရင် သူမမှာဒဏ်ရာတွေပါလာလိမ့်မယ်... သူမနဲ့ ပါလာမယ့်ဒဏ်ရာတွေက စောင့်နေတဲ့သူကိုပိုပြီးထိခိုက်စေပါမယ်... စောင့်နေတဲ့လူကတော့ သူ့စိတ်သဘောအရ ကမ်းလင့်နေဦးမှာပဲဗျ.. သူ့ရဲ့စိတ်ကိုတော့ ခြွင်းချက်မရှိ ယုံကြည်ထားလိုက်ပါမယ်... တံခါးရဲ့နောက်ကွယ်မှာတုန်းကစောင့်နေတဲ့သူအကြောင်းကို ဦစားပေးချင်ပေမယ့် ထိုတံခါးမှာကျတော့ သူမရဲ့စိတ်ကိုပဲပြောရပါတော့မယ်.. ပြောကြည့်မယ်ဗျာ ... စောင့်နေတဲ့သူ၊ ထွက်မလာတော့မယ့်သူမ ကံသိပ်ဆိုးလွန်းလို့ သူမသာထွက်လာခဲ့ရင် စောင်နေတဲ့လူရူးသွားလိမ့်မယ် (သိပ်တော့မသေချာဖူး.... ) ဘာလို့ပြောသလဲဆိုတော့ ပထမရေးတဲ့အနေအထားက ပုံမှန်အနေအထား(ဖြစ်တတ်တဲ့သဘော) အဒါကြောင့်လည်း သူကံကောင်းပါစေဆိုပြီး လာခြင်းကောင်းသော ဧည့်သည်အပြန်ခရီးလှပဖို့ဆုတောင်းပေးနိုင်ရုံကလွဲလို့. .... ဘယ်တတ်နိုင်ပါ့မလဲလို့ပြောခဲ့တာ... အခုအခြေအနေကပုံမှန်အနေအထားတက်ကျော်သွားပြီ... ကိုယ့်လူကဆက်စောင့်နေတာကိုး ဆက်ဖြစ်လာရင်သဘာဝလွန်တွေလာတော့မယ်... ဆက်ပြောလို့မရတော့ဘူး ပြောချင်တာတော့တွေရှိသေးတယ်.. မပြောတော့ဘူး
    ဆုတောင်းပေးတယ်ဗျာ.. ဒါဟာ အက်ဆေးတစ်ပုဒ်သက်သက်သာဖြစ်ပါစေလို့....

    ReplyDelete
  4. ကျနော်၏ ချစ်လှစွာသော၊မြတ်နိုးရပါသော သူငယ်ချင်းလေးကို ကိုယ်ချင်းစာနိုင်ရေး အလို့ငှာ ဒီပို့စိကို ကော်ပီခွင့်ပြုပါရန်ပန်ကြားပါသည်။ ကျေးဇူးအလွန်တရာမှပင် တင်ရှိပါကြောင်း....

    ReplyDelete
  5. နုစံ... အဲဒီအတွေးမျိုးတွေးထားတယ်။ ဒါပေမယ့် ချရေးဖို့ နဲနဲစဉ်းစားနေတာ... တစ်နေ့ ကျရင်တော့ ရေးဖြစ်မလားဘဲ...။ ကျေးဇူးနော်...

    တန်ခူး... ဆုတောင်းပေးဖို့ ဘဲတတ်နိုင်မယ်နော်...။

    မုတ်သုန်ရေ... သေသေချာချာဖတ်ပြီး ရေးထားတဲ့ Comment အရှည်ကြီးက တွေးတောစဉ်းစားစရာတွေ အများကြီးပေးထားတဲ့ အတွက် ကျေးဇူးတင်ပါတယ်...။ မောင်လေးကိုကြည့်ရတာ နဲနဲတော့ ခံစား ပေါက်ကွဲချင်နေပုံရတယ်နော်.. တကယ်တော့ ဒါဟာ အက်ဆေးတစ်ပုဒ် သက်သက်တင်မကပါဘူး အပြင် လက်တွေ့ ဘ၀တွေမှာလဲ ဒါမျိုးတွေ ဖြစ်လေ့ဖြစ်ထ ရှိကြပါတယ်လေ..။ ချစ်ခြင်းမေတ္တာမှာ သဘာဝလွန် ဆိုတာ တစ်ခါတစ်ခါတော့ တွေ့ ရတတ်ပါတယ်။ ဒါပေမယ့် ဘယ်လို အကြောင်းအရာ ဘယ်လိုအဖြစ်အပျက်မျိုးမှာမဆို Limit ဆိုတာရှိသင့်တဲ့ အရာတစ်ခုပါ..။
    ပူလောင်သောကများ ကင်းဝေးလို့  ချမ်းမြေ့ ပျော်ရွှင် နိုင်ပါစေ..။

    Younggun... ကြိုက်သလို ကူးယူသွားနိုင်ပါတယ်။ သူငယ်ချင်းလေးနဲ့ အဆင်ပြေပြေ ပျော်ရွှင်နိုင်ပါစေ...။

    ReplyDelete
  6. မသက်ရေ.. တံခါးတွေကို နောက်ပြန်ဖတ်နေတယ်..။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...