Wednesday, January 21, 2009

ပုံပြင်လေး တစ်ပုဒ်

ဒီရက်ထဲ စိတ်မအား လူမအားနဲ့ မို့  ဘာရေးရမှန်း စဉ်းစားမရတာနဲ့  ညတုန်းက အိပ်ခါနီး မေမေပြောပြတဲ့ ပုံပြင်လေး တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ်..။
ပေါ့ပေါ့ပါးပါး ပျော်စရာလေးပါ။ ဖတ်ကြည့်နော်…။

ဟိုးရှေးရှေးတုန်းက ရွာလေးတစ်ရွာမှာ တံငါအလုပ်နဲ့  အသက်မွေးတဲ့ မိသားတစ်စုရှိသတဲ့…။
တစ်နေ့ ကျတော့ အမျိုးသားက လှေကလေးပေါ် ငါးဖမ်းပစ္စည်းတွေ တင်ပြီး မြစ်ရိုးတလျှောက် ငါးဖမ်းထွက်ခဲ့တယ်…။ တစ်နေရာအရောက်မှာ လက်ထဲကိုင်ထားတဲ့ ဓါးကလေးက မတော်တဆနဲ့  ရေထဲကို ပြုတ်ကျသွားတယ် တဲ့။ ဒီတော့ တံငါသည် အမျိုးသားက ချက်ချင်းဆင်းကောက်ဖို့  မအားသေးတာကြောင့် ဓါးတစ်ချောင်းထပ်ရှာပြီး လှေနံရံမှာ ဓါးနဲ့  ထစ်ပြီး ကျသွားတဲ့ နေရာကို အမှတ်အသား ပြုထားလိုက်တယ် တဲ့…။

ဒီလိုနဲ့  လှေကလေးကို ဆက်လှော်ခတ်ပြီး ငါးဖမ်းထွက်လာရာက နေမွန်းတည့်ချိန်လောက် အရောက်မှာ နံနက်စာစားဖို့  အချိန်ကျပြီမို့  လှေကလေးကို အိမ်ဖက်ကို ပြန်လှည့်ခဲ့သတဲ့…။ အပြန်လမ်းမှာ မနက်ကပြုတ်ကျခဲ့တဲ့ ဓါးလေးကိုသတိရပြီး လှေနံရံမှာ တွေ့ နေရတဲ့ အမှတ်အသားအတိုင်း ရေထဲဆင်းငုတ်ပြီး ဓါးလေးကို ရှာပါလေရော…။

အတော်ကြာ ရှာပြီး မတွေ့ တော့ စိတ်ညစ်ညစ်နဲ့  ရေပေါ်ပြန်တက်လာပြီး လှေကို ဆက်လှော်လာခဲ့တယ်…။ လှော်ရင်း လှော်ရင်းနဲ့  တစ်နေရာ အရောက်မှာတော့ လှေနံရံက အမှတ်အသားအတိုင်း ဓါးရှာဖို့  ရေထဲကို နောက်တစ်ကြိမ် ဆင်းပြန်သတဲ့…။

ဒီတစ်ခါတော့ ရေထဲမှာ ဓါးအစား တံဇဉ်လေး တစ်ချောင်းကို တွေ့ တယ် တဲ့…။ ဒီတော့ အဲဒီ တံငါသည်က “ အော်… ငါ့မှာတော့ ရှာလိုက်ရတာ… ဒင်းက ချမ်းလို့ ကွေးတောင်ကွေး နေသကိုး…” လို့  ရေရွတ်လိုက်သတဲ့…။

ကဲ… ပုံပြင်လေးကတော့ ဒါပါပဲကွယ်…။
ရယ်မော ပျော်ရွှင်နိုင်ကြပါစေ…။

13 comments:

  1. ဟားဟားဟားဟား
    အဲဒီပုံပြင်ငယ်ငယ်ကကြားဘူးတယ်
    အခုပြန်ဖက်ရတော့ရီ၇တယ်..ရီရတယ်ရဲ့နောက်မှာ
    အတွေးတွေလဲပါတာပေါ့နော်..လှေနံဓါးထစ်ဆိုတာ
    ဒါကိုပြောတာလေ။

    ReplyDelete
  2. ပုံပြင်လေး ဖတ်သွားပါတယ်အစ်မ။

    ReplyDelete
  3. တံငါသည်လေးခင်ဗျာ
    ရိုးသားတယ်လို့ပဲပြောရမလား
    ပညာမဲ့တယ်လို့ပဲပြောရမလား
    နောင်လာနောက်သားတွေ
    အတုယူမမှားအောင် သာဓကပြတဲ့
    ပညာပေးပုံပြင်လေးပဲ ဖြစ်မယ်ထင်ပါတယ်။
    ပျော်ရွှင်အဆင်ပြေ ပါစေနော် အစ်မ။

    ReplyDelete
  4. ခွိခွိ
    ကြားဖူးတယ်။ ဒါပေမယ့် ရယ်ရသေးတယ်။

    ReplyDelete
  5. မကြားဖူးဘူး မမသက်ဝေရဲ့.. ဖတ်ပြီး တစ်ယောက်တည်း တခွီခွီလုပ်နေရတယ်.. :D

    ReplyDelete
  6. ကြားဖူးတယ်၊ အမျိုးသားက ချိုသင်း လှေနံဓားထစ်လုပ်တိုင်း ပြောနေကျ ပုံပြင်ပေါ့။ ဒါပေမဲ့ ဓားက တံဇဉ်ဖြစ်သွားတဲ့ အပုဒ်ကို မသိလိုက်ဘူး။ နောက်တခါ သူပြောရင် လေစိမ်းတွေတိုက်လို့ ဓားတောင် ကွေးသွားပြီလို့ ပြောလိုက်မယ်..

    ReplyDelete
  7. ချမ်းလို့ကွေးသွားတာပါ.။

    ReplyDelete
  8. လှေနံဓါးထစ်တော့ ကြားဖူးတယ်။ တံဇဉ် ဖြစ်သွားတာ တော့ မသိဘူး။ ပြန်ပြောပြလိုက်ဦးမယ်။

    ReplyDelete
  9.ှအန်တီ မမ

    GOOD STORY. ရီရ တယ်၊

    w--

    ReplyDelete
  10. မမ အန်တီ မရိုးသေးဘူး၊ကောင်းတုံးပဲ၊ရီမိနေဆဲ။

    ReplyDelete
  11. ညအိပ်ရာဝင် ပုံပြင်လေးကရီရတယ်။ကြားဖူးတယ်။ဒါပေမယ့် မမိုးချိုသင်းပြောသလိုပဲ
    ဓားက တံဇဉ်ဖြစ်သွားတာကိုတော့ မသိလိုက်ဘူး။

    ReplyDelete
  12. ပုံပြောကောင်းတဲ့ တီတီသက်ဝေကို သားသား အရမ်းချစ်သွားပြီ…
    မေမေက သားကို အဲဒီပုံပြင် တခါမှ ပြောပြဘူး… သိလား…
    (သက်ဝေရေ… သားက ကော်မန့် ပေးချင်တယ်ဆိုလို့ … သူ့ ကို ကော်မန့် ပေးခိုင်းလိုက်တယ်နော်)

    ReplyDelete
  13. ပုံပြင်လေးကို လာဖတ်သွားသူများ...
    ဟားဟား လို့ တစ်မျိုး...
    ခွိခွိ လို့ တစ်ဖုံ ရယ်သွားကြသူများ...
    လေတိုက်လို့ ကွေးသွားသည်ဟု တွေးသွားသူများ...
    ချမ်းလို့ ကွေးသွားသည်ဟု တွေးသွားသူများ... အားလုံး ကျေးဇူးတင်ပါသည်။
    တန်ခူး... သားသား အတွက် ပုံပြင်တွေလိုချင်သေးရင် ထပ်ပြောပြအုံးမယ်လေ... သားသားရဲ့  Comment အတွက် ကျေးဇူးတင်ကြောင်း ပြောပေးပါလေ... နော်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...