Wednesday, April 1, 2009

ဒီနေ့မှာ...


ဒီနေ့မှာ... စာမေးပွဲနီးလို့ စာကျက်နေတဲ့ သူငယ်ချင်းတယောက်ကို နောက်သူငယ်ချင်း တယောက်ဆီ အရမ်း အရေးကြီးနေလို့ အခုချက်ချင်း ဖုန်းဆက်ပါလို့ ညာပြီး ဖုန်းခေါ်ခိုင်းဖူးတယ်။

ဒီနေ့မှာ... အဲဒီသူငယ်ချင်းကိုပဲ ကိုယ်နဲ့အတူ အထူးဧည့်သည်တစ်ယောက် ပါလာပါတယ်။ ခဏလောက် တွေ့ချင်လို့ပါ… တိုက်အောက်ကို ဆင်းခဲ့ပါလို့ ဖုန်းဆက်ပြီး ခေါ်ခဲ့ဖူးတယ်…။ သူ ဆင်းလာပြီး ဟိုကြည့် ဒီကြည့် ဟိုရှာ ဒီရှာပေါ့...။ တော်တော်ကြာတဲ့အထိ ဘယ်သူ့ကိုမှ မတွေ့တော့ ကိုယ့်ရဲ့ ဒုတိယအကြိမ်မြောက် ထောင်ချောက်ထဲ ရောက်သွားမှန်းသိပြီး စိတ်တွေဆိုး ဒေါသတွေပွပြီး အိမ်ပေါ် ပြန်တက်သွားတာပေါ့။ စာမေးပွဲနီးလို့ ဂေါက်ရတဲ့အထဲ ဒီလိုကြီး နှောက်ယှက်ရကောင်းလား ဆိုပြီး ကိုယ့်ကို တပတ်လောက် စကား ကောင်းကောင်းမပြောဘူး။ ခုထက်ထိ ဒီနေ့နားနီးလာတိုင်း ကိုယ့်ကို စိတ်ဆိုးလက်စ မကုန်နိုင်သေးတဲ့ အရိပ်အရောင်တွေ ပြတတ်တယ်။

ဒီနေ့မှာ... ကျောင်းက ဆရာကန်တော့ပွဲအတွက် အအေးကဒ်တွေ ဒဂုံ ဘိလပ်ရေစက်က မှာထားတာ.. မှာတာက ကဒ် ၃၀… ရောက်လာတာက ၁၀ ကဒ်ထဲ ဆိုပြီး ကန်တော့ပွဲတာဝန်ခံ သူငယ်ချင်းတစ်ယောက်ကို ပြောလိုက်တယ်။ သူက ကန်တော့ပွဲ အချိန်က နီးလှပြီ ဒီလူတွေ ဒီလောက်တောင် ပေါ့ဆရသလားလို့ အဲဒီ ဒဂုံ ဘိလပ်ရေစက် ကို သူကိုယ်တိုင် သွားတော့မယ့်ဆဲဆဲမှာ ကိုယ့်ရဲ့ အကြောင်းသိ ဆရာမတယောက်က ကိုယ့်မျက်နှာကို ဖျတ်ကနဲ လှမ်းကြည့်တယ်…။ ပြီးတော့ ဆရာမက ကားစက်နှိုးနေပြီဖြစ်တဲ့ သူငယ်ချင်းဆီကို အပြေးသွားပြီး မသွားဖို့ လိုက်တားရတယ်။ ကိုယ်ကလား… ဟဲဟဲ.. ဆရာမရဲ့ ချီးကျူးထောပနာ ပြုသံတွေကို မကြားရတဲ့နေရာမှာ သွားပုန်းနေတာပေါ့။

ဒီနေ့မှာ... သူငယ်ချင်းတစ်ယောက်ကို နင့်အသံက ကြည်လင်ပြီး ချိုသာလို့ FM က ကြော်ငြာတစ်ခုအတွက် အသံနဲ့ ကူညီပေးပါ လို့ ညောင်နာနာ အသံလေးနဲ့ ဖုန်းဆက်ပြီး အကူအညီ တောင်းဖူးတယ်။ သူက ပျော်လဲပျော် ပြီးတော့ ကြောက်ကြောက်လန့်လန့်နဲ့ ငါတခါမှ မလုပ်ဖူးဘူး ကြောက်တယ် လို့ ငြင်းတာပေါ့။ ဒီတော့ ကိုယ်က စကားလေး တခွန်း နှစ်ခွန်းပြောရတာ ဘာမှ ကြောက်စရာမရှိဘူး။ ဒါရိုက်တာက ငါ့အသိ၊ ငါလဲ နင်နဲ့ အတူတူ အသံသွင်းမှာ... ဒီတော့ ညနေ ၃ နာရီမှာ နင် လမ်းထိပ်က စောင့်နေ၊ ငါလာခေါ်မယ် ဆိုပြီး ပြောခဲ့တယ်။ ညနေ ၄ နာရီနီးနီးမှာ အိမ်မှာ မကိုင်မချင်း တရစပ် ဆူဆူညံညံ မြည်နေတဲ့ ဖုန်းသံကြားရပြီး အစုတ်ပလုပ်လေး… အစချီတဲ့ သူငယ်ချင်းရဲ့ မေတ္တာတွေ တလှေကြီး ခံယူဘူးတယ်။

ဒီနေ့မှာ... ညနေ ၃ နာရီလောက်မှာ သူငယ်ချင်း --- အိမ်မှာ အန္တရာယ်ကင်း ပရိတ်ရွတ်မှာမို့ ပရိတ်တရားလဲနာရင်း သွားကူလုပ်ပေးဖူးတယ်။ ဘုန်းဘုန်းတွေကို ကပ်ဖို့အတွက် အအေးပုလင်းတွေ ရေခဲစိမ်နေရင်း အကြံရပြီး အခုပဲ အိမ်ကထွက်လာပြီ ဆိုတဲ့ သူငယ်ချင်းတယောက်ကို ရေခဲတွေ မြန်မြန် အရည်ပျော်ကုန်မှာစိုးလို့ ရေခဲထဲ ထည့်ဖို့ ဆား ၂ ပိဿာလောက် ၀ယ်ခဲ့ပါလို့ လှမ်းပြောလိုက်တယ်။ အမှန်က အအေးတွေက အေးနေပြီးသားတွေ။ ဘုန်းဘုန်းကလဲ စုစုပေါင်းမှ ၅ ပါးထဲရယ်။ လူကလဲ အိမ်သားတွေ အပါအ၀င်မှ အားလုံး ၂၀ မပြည့်တတ်ဖူး။ ဒီလိုနဲ့ တော်တော်ကြာတော့ ဆားထုပ်ကြီး ၂ ထုပ်ကို မနိုင်မနင်း ဆွဲပြီး မောကြီးပန်းကြီးနဲ့ ရောက်လာတဲ့ သူငယ်ချင်းကို အားလုံးက ၀ိုင်းရယ်ကြတော့… (ဘာကြောင့်မှန်းမသိ) သူ့ရဲ့ မျက်စောင်းက ကိုယ့်ဆီတည့်တည့်…။

ဒီနေ့မှာ... မနက်စောစောစီးစီးကြီး ကိုယ့်ရဲ့ အချစ်ဆုံး သူငယ်ချင်းကို (ကိုယ်ရော သူပါ အရမ်းကြိုက်တဲ့) ရုပ်ရှင်မင်းသမီး --- ကားမတော်တဆမှုနဲ့ ဆုံးသွားတဲ့ သတင်းသိရလို့ အရမ်းကို စိတ်မကောင်းဖြစ်နေတယ်။ ကျောင်းတောင်တက်နိုင်မှာ မဟုတ်ဖူး လို့ ၀မ်းနည်းပက်လက် အသံလေးနဲ့ ပြောပြီး အိမ်မှာ အိပ်နေခဲ့တယ်။ သူက စိုးရိမ်တကြီးနဲ့ တခြားသူငယ်ချင်းတွေဆီကို သတင်းတွေဖြန့်ပြီး ကျောင်းတောင်မသွားတော့ပဲ ကိုယ့်ကို လာတွေ့တာပေါ့။ ကျောင်းမှာ၊ အတန်းထဲမှာ အဲဒီ ရုပ်ရှင်မင်းသမီးအကြောင်းကို သူငယ်ချင်းတဖွဲ့ အားရပါးရ (စုတ်တသပ်သပ်နဲ့) ဖွနေချိန်မှာ အိပ်ရာထဲမှာ စောင်ခြုံပြီး ကွေးနေတဲ့ ကိုယ့်ဆီကို ၀ုန်းဒိုင်းကျဲ ရောက်လာတဲ့ အချစ်ဆုံး သူငယ်ချင်းလေး… ကိုယ့်ရဲ့ ရယ်ချင်ပက်ကျိ မျက်နှာကို တွေ့သွားတော့ ချက်ချင်း သဘောပေါက်သွားပြီး လက်ထဲက ပါလာတဲ့ ထမင်းဘူးနဲ့ ထုတော့တာပေါ့။ ကံကောင်းလို့ ကိုယ့်ခေါင်း မကွဲတာ…။

ဒီနေ့မှာ… သူငယ်ချင်းတွေ အချင်းချင်း ထမင်းစားဖိတ်တယ်လို့ ချောက်တွန်းခဲ့တာတွေ...
ဒီနေ့မှာ…. ရုပ်ရှင်လိုက်ပြမယ် ဆိုပြီး အိမ်ကိုခေါ်၊ ကိုယ်က တနေရာမှာ သွားပုန်းနေခဲ့တာတွေ...
ဒီနေ့မှာ... သူငယ်ချင်းအတွဲတွေကို ကြားသုံးကြား ၀င်ပြီး နည်းမျိုးစုံနဲ့ နှောက်ယှက်ခဲ့တာတွေ...

ဒီနေ့တွေတိုင်းမှာ တနေ့နဲ့ တနေ့၊ တမျိုးနဲ့ တမျိုး၊ တယောက်နဲ့ တယောက် မထပ်စေရတဲ့ အကြောင်းအရာတွေနဲ့ ကိုယ်….
ဒီနေ့တော့ ကိုယ့်အလှည့်ကို ပြန်ရောက်မလာရလေအောင် တနေ့လုံး အစစ အရာရာမှာ သတိ အနေအထားနဲ့ နေ နေတယ်လေ… (ဟင်း… ဘယ်သူမှ လာ Fool မယ်မကြံကြနဲ့… မရဘူး သာမှတ်…။)

ပြီးတော့ နောက်တခုက ဒီနေ့မှာ ကိုယ့်ရဲ့ သူငယ်ချင်းတွေ အားလုံးလဲ ခံရပေါင်းများလို့ ဖုနေပြီ ဆိုတဲ့ စကားလိုမျိုး ကိုယ့်ကို တော်တော် သတိထားနေကြတာ တွေ့ရတယ်။ သူတို့ အားလုံး ဒီနေ့ည သန်းခေါင် မကျော်မချင်းတော့ ဒီလို သတိအနေအထားနဲ့ပဲ ရှိနေကြအုံးမယ် ဆိုတာ သေချာပါတယ်လေ…။



(အဝေးမှ ချစ်သူငယ်ချင်းများကို သတိရ လွမ်းဆွတ်ခြင်းများစွာဖြင့် အမှတ်တရ)

21 comments:

  1. အတော်ဆိုးတာပဲ။ :D

    ReplyDelete
  2. ဟားဟား..သက်ဝေက တော်တော်နောက်တာပဲ..။ မှတ်ထားဦးမှ.. သတိတရနဲ့ကို။ တို့ကတော့ မင်မသေတော့ သူများတွေကို မနောက်နိုင်ဘူး..။

    ReplyDelete
  3. ဘုရား၊ ဘုရား..
    မသက်ဝေ တော်တော်ကျပ်တာပဲ... ကြောက်တောင်ကြောက်သွားပြီ...။

    ReplyDelete
  4. ဒီနေ့မှာ .. (မတော်ရသေးတဲ့) ချစ်သူက ဘာနေ့လဲလို့ မေးလာလို့ မသိဘူးလို့ ဖြေခဲ့ရင် အကောင်းသား။ သိတယ်လေ (ဘာနေ့)လို့ ဆရာကြီး လုပ်လိုက်မိတာ ခုထိ ချော့လို့ မပြေသေး ပါဘူး .. .. ကယ်တော်မူပါ...။

    ReplyDelete
  5. ဒီဆိုးတာတွေတောင် နောက်ဆိုးဆိုးပြီး မဟုတ်ဘဲရေးထားသလားတောင် ထင်နေမိတယ်
    (စိတ်က ဘာမှ မရဘူး အကုန်နောက်တယ်ထင်တာ)

    ReplyDelete
  6. ဟိ ဟိ....ကျွန်တော်တော့ မိတ်ဆွေတစ်ယောက်ဖုန်းနဲ့လုပ်တာအငိုက်မိသွားတယ်

    ReplyDelete
  7. အတော်ချိုး... ရီရတယ်.. ငယ်ငယ်တုန်းကဟင်းရည်ပေးမယ်ဆိုပြီး ချိုင့်ထဲရေနွေးတွေထည့်ပေးဖူးတယ်. အဟက်..။ အားလုံးသတိ........။

    ReplyDelete
  8. အော်.. သက်ဝေကနောက်လဲနောက်တတ်တာကိုး..။

    ReplyDelete
  9. ရီရတယ်..
    ဒီနေ့..ဒီနေ့ရော..

    ReplyDelete
  10. Today, I am thinking of you...

    ReplyDelete
  11. တော်တော်နှိပ်စက်ခဲ့တာပဲ :)

    ReplyDelete
  12. ကျီစားသန်ပေမယ့် ရန်မများလို့ တော်သေးတာပေါ့။
    F13 မနှိပ်ခင် ဒီစာကို ရေးသွားတယ်း)း)း)

    ReplyDelete
  13. ဒီနှစ်ရော ဘယ်သူတွေ မမလက်ချက်နဲ့ ခံလိုက်ရသေးလဲ။ ချိုသင်းလဲ တူတူပဲ။ ည၁၂နာရီ ထိုးခါနီးထိ နောက် ကောင်းတုန်း။ အိမ်မှာလဲ ညမိုးချုပ်ထိ လူတွေစုံလို့။ ချိုသင်းချော်လဲလို့ ခြေကျိုးသွားတယ် ဆိုပြီး ဖုန်းဆက်လိုက်လို့ ဟိုးအဝေးကနေ ပြေးလာ သတင်းလာမေးကြရှာတာ။ :D

    ReplyDelete
  14. တော်တော်ဆိုးတဲ့ သက်ဝေပဲ။ တန်ခူးနဲ့သူငယ်ချင်းဆိုတော့ တို့နဲ့ ၇ွယ်တူများလား။ ၁၆နှစ် တစ်ရက်လျော့တွေလေ။
    ဒီနှစ် ဘယ်သူ့မှ မfool လိုက်ရဘူး။ ရုံးမှာ အလုပ်ရှုတ်နေလို့။ မနှစ်ကတော့ ကိုယ့်အိမ်ကလူကြီးကို fool လိုက်တယ်။ ကိုယ် retrench မိတယ်ဆိုတော့ သူကတကယ်ထင်နေတာ။
    နောက်မှ မဟုတ်ဘူးဆိုတော့ သူအရမ်းပျော်သွားတယ်။

    ReplyDelete
  15. မမက အတော် အနောက်သန်တာပဲ.. :D

    အမရေ.. ကျွန်တော်ကတော့ ဧပြီ ၁ ရက်နေ့မှာ ဘယ်သူ့ကိုမှလည်း မနောက်ဖူးဘူး.. ကိုယ်ကတော့ အနောက်ခံရဖူးတယ်... :D ဒီနှစ်တော့ အရှုတ်တွေလုပ်ရပြီး အရူးမီးဝိုင်းသလိုပဲ.. April Fool ထက် ဆိုးတယ်.. :)

    ReplyDelete
  16. Good information.

    ReplyDelete
  17. call me , Urgent !

    ဆိုတဲ့ SMS ကို လူ 8 ယောက်ဆီ တစ်ပြိုင်နက်ထဲ ပို့တာမှာ..... 5 ယောက်လောက်က ချက်ချင်း ဖုန်းတွေ ၀ိုင်းခေါ်ကြတယ်... 1 ယောက်ကတော့.. why ? တဲ့... 2 ယောက်တော့ သိတယ်ကွယ်...း)

    ဒါပေမယ့် အဲ့ဒီ 5 ယောက်ကို ကျေးဇူးတကယ်တင်မိပါတယ်။း)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...