Wednesday, July 1, 2009

နားအလှူ နှင့် မျက်စေ့အလှူ

နားအလှူ ဆိုတဲ့စကားကို ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်နီးပါးလောက်က ဘန်ကောက်မှာရှိတုန်းက သူငယ်ချင်းတယောက်ရဲ့ အိမ်မှာ ဆုံခဲ့ရတဲ့ အန်ကယ်ကြီး တယောက်ဆီက ကြားဖူးခဲ့တာပါ။ စ စ ကြားချင်းတော့ ဘာကို ဆိုလိုမှန်းမသိဘူး။ ဒါနဲ့ သူပြောနေတဲ့ စကားဝိုင်းထဲကို အသာဝင်ပြီးတော့ နားထောင်ခဲ့ပါတယ်။

သူက အမေရိကားမှာ မိသားစုနဲ့အတူတူနေပါတယ်။ ဘန်ကောက်ကို ခဏအလည် ပြန်လာတာပါ။ သူ့စကားတွေကို အတိုချုံးပြီး ပြောပြရရင် သူဟာ စားဝတ်နေရေးအတွက် တပတ်ကို ၄ ရက် အလုပ်လုပ်ပါတယ် တဲ့။ ကျန်တဲ့ သုံးရက်ထဲက တရက်ကို ဘာသာရေးနဲ့ပတ်သက်တဲ့ စာတွေဖတ်တာ၊ မိတ်ဆွေတွေနဲ့အတူတူ ဆွေးနွေးပွဲတွေ၊ အသိ အမြင်ချင်း ဖလှယ်တာတွေ၊ အလိုရှိတဲ့ လူငယ်တွေကို သင်တန်းတွေ ပို့ချတာတွေနဲ့ အချိန်ကုန်စေပါတယ် တဲ့။ နောက်တရက်က အိမ်မှာနေ၊ အေးအေးဆေးဆေး အနားယူ၊ ချက်ပြုတ် စားသောက်ပြီး မိသားစုကို အချိန်ပေးပါတယ် တဲ့။ အဲ… ကျန်တဲ့ တရက်ကိုတော့ နားအလှူ ပေးပါတယ်တဲ့။

သူပြောပြတဲ့ နားအလှူ အကြောင်းကတော့ ဒီလိုပါ။
နိုင်ငံခြားဆိုတဲ့ မိဝေးဖဝေး ဆွေဝေး မျိုးဝေး နေရာတခုမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာ နေထိုင် အလုပ်လုပ်နေကြရတဲ့ လူတွေ အများကြီး ရှိကြတယ်မဟုတ်လား။ အဲဒီအထဲမှာမှ သူ့ပတ်ဝန်းကျင်မှာ စကားပြောဖို့ အဖေါ်မရှိလို့ တယောက်တည်း အိမ်မှာ စိတ်ဓါတ်တွေကျနေတဲ့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းတဲ့ သူမျိုးတွေ၊ တမိသားစုလုံး အလုပ်သွားနေကြတုန်း အိမ်မှာ တယောက်တည်း ကျန်နေခဲ့တဲ့ လူကြီးတွေ၊ ဘဝမှာ လိုချင်တာတွေနဲ့ ရလာတာတွေနဲ့ တထပ်တည်းမကျလို့ ဘဝကို စိတ်ညစ် စိတ်ပျက်နေတဲ့၊ လေလွင့်ချင်ချင်ဖြစ်နေတဲ့ လူငယ်လေးတွေ၊ အိမ်ထောင်ရေး အဆင်မပြေလို့ တကွဲတပြားစီ ဖြစ်နေကြတဲ့ သူတွေ၊ အဆင်မပြေတဲ့ မိသားစုမှာ ကြီးပြင်းလာကြတဲ့၊ မိဘတွေကို မကျေနပ်ဖြစ်ပြီး အရာရာကို ပေါက်ကွဲချင်နေတဲ့ ဆယ်ကျော်သက်အရွယ် ကလေးတွေ…. အစရှိတဲ့သူတွေရဲ့ ခံစားချက်တွေ၊ သူတို့ ပြောလိုတဲ့စကားတွေကို သူတို့ အလိုရှိတဲ့ အချိန်မှာ သူတို့ဆီကို အလည်အပတ်သွားလို့ ဖြစ်စေ၊ တနေရာမှာ ချိန်းပြီး တခုခုစားကြရင်းနဲ့ပဲ ဖြစ်စေ၊ ကိုယ့်အိမ်ကို အလည်အပတ်ခေါ်လို့ပဲဖြစ်စေ သူတို့ပြောချင်သမျှကို စစ ဆုံးဆုံး စိတ်ရှည် လက်ရှည် နားထောင်ပေးပါတယ်တဲ့…။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ဘာသာတရားနဲ့ ဝေးနေရတဲ့အချိန်၊ အလှူရေစက် လက်နဲ့မကွာ ဆိုတဲ့ စကားကို သေသေချာချာ အကောင်အထည်မဖေါ်နိုင်တဲ့ အချိန်တွေမှာ ဒီလို နားအလှူကို တတ်အားသ၍ သူ ပြုပါတယ်တဲ့။

ကိုယ်လေ... နားထောင်ရင်း စိတ်ထဲမှာ ကြည်နူးလိုက်တာ မပြောပါနဲ့တော့။ သူ့ရဲ့ စိတ်အတွေးနဲ့ သူ့ရဲ့ လုပ်ရပ်လေးကိုလဲ တော်တော် ကြည်ညိုသွားတယ်။ ကုသိုလ်ရဖို့အတွက် အလှူဒါနပြုကြတယ် ဆိုတဲ့နေရာမှာ ငွေကြေးတွေ အစုလိုက် အပုံလိုက် လှူဒါန်းနေမှ မဟုတ်၊ ဒီလိုလေးလဲ လုပ်လို့ရပါလား ဆိုတဲ့ အသိလေးကို မှတ်မှတ်သားသား ရှိခဲ့ပါတယ်။ ဒီလိုနဲ့ ကိုယ်လဲ အခြေအနေပေးတိုင်း အတတ်နိုင်ဆုံး နားအလှူပေးမယ်လို့ တွေးထားပါတယ်။ သို့သော်လည်း အဲဒီအချိန်တုန်းက ကိုယ်က ဘန်ကောက်မှာဆိုတော့ ဒီမှာလို မိတ်ဆွေ သူငယ်ချင်း များများစားစား မရှိတဲ့အတွက် စိတ်ထဲမှာတွေးထားသလို ဆောင်ရွက်ခွင့် မကြုံခဲ့ပါဘူး။ ကိုယ့်ကို စကားပြောမယ့်သူမှ မရှိတာကိုး...။ (အဲဒီအချိန်မှာတော့ ကိုယ်ကချည်း ပြော ပြောနေလို့ အမျိုးသားက ကိုယ့်အတွက် နားအလှူ ပေးနေရတာပါ...)

ဒီလိုနဲ့ ဘန်ကောက်မှာ ၄ နှစ်နီးပါးနေခဲ့ပြီး စလုံးကို ရောက်လာတယ်ပေါ့။ တရွာမပြောင်း သူကောင်းမဖြစ် ဆိုတာတွေ၊ ကိုယ့် တိုးတက်ရာ တိုးတက်ကြောင်း ဆိုတာတွေထက် ကိုယ့် အတ္တတွေကို ရှေ့တန်းတင်ပြီး လောဘစိတ်တွေနဲ့ ရောက်လာခဲ့တယ်ဆိုရင်လဲ မမှားပါဘူး။ ဒီရောက်ပြီး နဲနဲ အခြေတကျဖြစ်လာတဲ့အခါမှာ ကိုယ်ပထမဆုံး ကြိုးစားမိတာကတော့ နားလှူဖို့ပါ။ တကယ်လဲ သူငယ်ချင်း မိတ်ဆွေတွေရဲ့ ခံစားချက်တွေ၊ မကျေနပ်ချက်တွေ၊ ပေါက်ကွဲသံစဉ်တွေ စတဲ့ အမျိုးမျိုးသော အကြောင်းအရာတွေကို အချိန်ပေးပြီး သူတို့တွေနဲ့အတူတူ စီးမျော ခံစား နားထောင်ရင်း၊ ကူညီလို့ရတာကို ကူညီ၊ အကြံပေးလို့ ရတာကို အကြံပေးရင်းနဲ့ နားအလှူ ပေးခဲ့ပါတယ်။

ဟိုးအရင် အလုပ်မလုပ်တဲ့ အချိန်တွေကဆို နေ့စဉ် အလုပ်သွားနေကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ မိဘတွေ၊ ကိုယ့်မိဘတွေရဲ့ မိတ်ဆွေတွေ ဒီကို လာလည်ကြတဲ့အခါ နေ့လည်နေ့ခင်း အိမ်သားတွေ မရှိတဲ့အချိန်၊ မအားတဲ့ အချိန်တွေမှာ သူတို့ဆီကိုသွားပြီး စကားသွားပြောရင်း အဖေါ်ပြုပေးခဲ့ပါတယ်။ အဓိက ကတော့ သူတို့ပြောချင်တာတွေကို အချိန်ပေးပြီး နားထောင်ရတာပေါ့လေ…။ ကိုယ် မသွားနိုင်တဲ့ နေ့မျိုးတွေမှာတော့ သူတို့တွေ ပျင်းမနေရအောင် နေကောင်းလား၊ စားပြီးပြီလား၊ ညက အိပ်ပျော်ရဲ့လား.. ဘာညာနဲ့ ဖုန်းဆက်ပြီး စကားပြောပေးတယ်။ အပြင်တွေဘာတွေ သွားချင်ရင်လဲ လိုက်ပို့ပေးဖြစ်တယ်။ လူကြီးတွေဆိုတော့ စိတ်ရှည်လက်ရှည်တော့ ရှိရတယ်…။

တခါတခါတော့လဲ ပျင်းတာပေါ့လေ…။ အိမ်မှာပဲ စာအုပ်လေးဖတ်ရင်း ဇိမ်လုပ်နေလို့ ရတဲ့ အချိန်တွေကို သူတို့ကို ပေးရတာ မဟုတ်လား။ ဒါပေမယ့်လဲ ဒါဟာ ကိုယ်တတ်နိုင်တဲ့ ကုသိုလ်တမျိုးပဲလို့ တွေးပြီး အတတ်နိုင်ဆုံး ကြိုးစားပြီး အချိန်တွေပေးခဲ့ပါတယ်။ သူတို့တွေကလဲ ကိုယ်မရောက်ဖြစ်တာ ရက်နဲနဲကြာရင် မျှော်တတ်လာကြတယ်။ လူကြီးတွေဆိုတော့ သူတို့ဆီကို လာလည်တယ်၊ စကားလာပြောတယ်၊ အချိန်ပေးတယ်၊ သူတို့ကို ဂရုစိုက်တယ်ဆိုရင် ကျေနပ်နေကြတာလေ။ သူတို့ရဲ့ ကျေနပ်နေတဲ့ အပြုံးတွေကို တွေ့ရရင် ရင်ထဲမှာ အမျိုးအမည် ဖေါ်ပြလို့မရတဲ့ ကြည်နူးမှုမျိုး ပီတိမျိုးကို ခံစားရပါတယ်။ အခုအချိန်မှာတော့ အလုပ်တဖက်နဲ့မို့ အရင်ကလောက်တော့ ဝတ္တရားတွေ မကျေနိုင်တော့ပါဘူး၊ ဒါပေမယ့်လဲ အတတ်နိုင်ဆုံးတော့ ကြိုးစားပါတယ်၊ မတတ်သာလို့ ပျက်ကွက်ခဲ့တာတွေလဲ ရှိပေါ့…။

ဒီနေ့မှာ ဘလော့ဂ်တွေ လိုက်ဖတ်ရင်း၊ ကိုယ့်ဘလော့ဂ်အတွက် စာတွေ ဟိုတစ ဒီတစ ရေးရင်းနဲ့ စဉ်းစားမိတယ်။ ဘလော့ဂ်ရေးတဲ့အချိန်ကစလို့ ကိုယ် အိမ်မှာ စကားနည်းသွားတာတော့ အမှန်ပဲ၊ ပုံမှန်က ကိုယ်က သောကြာသမီး မဟုတ်သော်လည်း သိပ်စကားများတာ…။ အခုတော့ အရင်ကလောက် စကားတွေ ဖေါင်ဖေါင်ကြဲအောင် မပြောဖြစ်တော့ဘူး၊ သူ့ကိုလဲ အရင်လို သိပ် နားမပူဖြစ်တော့ဘူး။ တနေ့တနေ့ အိမ်ပြန်ရောက်ရင် စာဖတ်ရင်ဖတ်၊ မဟုတ်ရင် ဘလော့ဂ်တွေ လိုက်ဖတ်၊ မဟုတ်ရင် တိတ်တိတ်ဆိတ်ဆိတ်လေးနေပြီး ပိုစ့်အသစ်မှာ ဘာအကြောင်း ရေးရရင် ကောင်းမလဲပဲ စဉ်းစားနေမိတာ။ သေချာတာတခုကတော့ ကိုယ့်အမျိုးသား နားအလှူရ သက်သာသွားတာပါပဲ။

ဒီလိုနဲ့ ဆက်စပ်စဉ်းစားရင်း အတွေးတခု ရသွားတယ်။ အဲဒါက ဘာလဲဆိုတော့ အခုအချိန်မှာ ကိုယ့်ဘလော့ဂ်လေးကို လာဖတ်တဲ့သူတွေဟာ ကိုယ့်ကို မျက်စေ့လာလှူနေသူတွေပါလား ဆိုတဲ့ အတွေးပါ။ ဟုတ်တယ်လေ… သေသေချာချာ စဉ်းစားကြည့်တော့ စာလာဖတ်နေကြတဲ့ သူတွေအားလုံးဟာ ကိုယ့်ကို သူတို့ရဲ့ အချိန်တွေကိုပေးပြီး မျက်စေ့လာလှူနေကြသူတွေ မဟုတ်လား…။

အဲဒီလို တွေးမိတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ဘလော့ဂ်လေးကို လာလည်ကြ၊ စာလာဖတ်ရင်း မျက်စေ့အလှူပြုကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေ ညီအကို မောင်နှမတွေကို ကျေးဇူးတင်စကား ဆိုချင်လို့ ဒီပိုစ့်လေးကို ရေးပါတယ်။

ပျော်ရွှင်ချမ်းမြေ့စွာနဲ့ နားတွေ မျက်စေ့တွေ အလှူပေးနိုင်ကြပါစေ။


28 comments:

  1. စိတ်ဝင်စားဖို့ကောင်းလိုက်တာ သက်ဝေရယ်..နားအလှူအကြောင်း အခုမှပဲ ကြားဖူးတော့တယ်.. ဟုတ်တယ်နော်..အဲဒီလို စိတ်လေးနဲ့ လုပ်နေရင် နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့်နော်..ကြည်နူးဖို့ကောင်းလိုက်တာ..။

    တချို့ဘလော့ဂ်တွေက သူများတွေရဲ့ မျက်စေ့ကို အလှူခံရင်း အလင်းရောင်တွေ ပိုဖွင့်ပေးသလိုပါပဲ။ အခု သက်ဝေလိုပေါ့.. ဒါလေး ဖတ်လိုက်ရပြီး ကြည်နူးရတယ်..ဝေမျှရတာလေး တဆင့် ပြန်အသုံးချဖြစ်ရင် ဘယ်လောက်များ အကျိုးများလိုက်မလဲလေ..။

    ReplyDelete
  2. မျက်စိ အလှူ လာလုပ်ပါတယ်။ ကုသိုလ်လည်း ရ..၀မ်းလဲ ၀သွားပါတယ်။း)

    Good listerner ဖြစ်ဖို့..သိပ်ခက် ဆိုပဲ။

    ReplyDelete
  3. မသက်ဝေ
    မျက်စိလာလှူရင်း ဗဟုသုတတွေ၊ စိတ်ကြည်နူးမှု၊ သီချင်းတွေ၊ အမြဲ ပြန်ပြန်ယူသွားတယ်လေ...။


    sdl

    ReplyDelete
  4. ဟယ် မျက်စိတော့ လာလှုလိုက်ပြီ။ နားလဲ လာလှုချင်သေးတယ် သက်ဝေကို ...
    နားလှုဖို့လိုတာ တော့ ကိုယ်တွေ့နဲ့ ရင်းပြီးကို သိတယ်။
    တချို့တွေ သူများပြောစကား နားမထောင်ပဲ သူချည်းစွတ်ပြောနေတာ နားထောင်ပေးရတိုင်း အော် စိတ်မ၀င်စားပဲ နားထောင်ပေးနေရတာ သူမသိရှာဖူး ၊ သူမသိရှာလေဘူး ဆိုပြီး ခဏခဏ ကြုံဖူးလို့ ဟိ။
    အဲဒါသက်တူရွယ်တူတွေကို ပြောတာနော် ။

    ReplyDelete
  5. ပေါက်ကရတွေကို လာဖတ်ပေးရင်း မျက်စေ့အလှူပေးတဲ့အတွက်..ကျေးဇူးပဲ။
    mm

    ReplyDelete
  6. ချစ်စရာကောင်းတဲ့ ပို့စ်လေးပဲ ညီမလေးရေ့...

    ReplyDelete
  7. ကျနော်လည်းလှူပါမယ်ဆိုတာကို လက်ခံပုဂ္ဂိုလ်က မရှိ...:P

    အလုပ်တွေပိလျက်က ဒီလိုစာကောင်းလေးတွေ ရေးပေးတာ ကျေးဇူးပါခင်ဗျာ

    ReplyDelete
  8. အဲလို မတွေးမိဘူး... စာဖတ်တဲ့လူတွေက မျက်စိအလှူပေးသလို အမကလည်း အတွေးလှလှလေးတွေ အလှူလုပ်နေတာပဲလေ။

    ReplyDelete
  9. သိပ် တန်ဖိုး ရှိတဲ့ ပို့စ်လေးပါပဲမမ။
    မမ ရဲ့ အမေရိကားက အန်ကယ်ကြီးဆိုတာကို လေးစားခင်မင်မိပါတယ်။
    ချိုသင်းလဲ ဖုန်းကို ကိုယ်က စပြီး အလာပ္ပ သလာပ္ပ မဆက်တတ်တာ ခက်တယ်။ ချိုသင်းရဲ့ အားနည်းချက်ပါပဲ။ ကိစ္စရှိမှပဲ ဆက်ဖြစ်တာ။ လူကြီးတွေကိုတော့ အကြောင်းမရှိလဲ ဖုန်းလေး ဆက်ပြီး အခုလို နားအလှူလေး ပေးဖို့ သတိချပ်သွားမိတယ်။
    မမ ကို မျက်စိအလှူလာလုပ်ရတာ မမ ပေးတဲ့ ကုသိုလ် ကို သာဓုခေါ်ပြီး ပြန်သွားပါတယ်။ တကယ်လုပ်မှာပါ။

    ReplyDelete
  10. တို့အမျိုးသားက တို့နဲ့ရတာ သူကံကောင်းတယ်တဲ့ နားအေးလို့တဲ့ ။ တို့ကစကားလည်းမပြောဘူး သိတ်လဲတောင်းဆိုခြင်းမရှိ.အေးချမ်းတယ်။

    ReplyDelete
  11. ဖတ်သွားသည်။ အားလုံး

    ReplyDelete
  12. မျက်စိလှူချင်ရင်တောင် အလှူခံပုဂ္ဂိုလ်က ရှိအုံးမှ။ post ကောင်းကောင်းလဲ ရှိအုံးမှ။ ကျေးဇူးပါအမ။ အလှူအထမြောက်သွားတဲ့အတွက် :o)

    ReplyDelete
  13. နေဒေးသစ်July 2, 2009 at 3:02 AM

    မျက်စိလှူရတာ သိပ်တော့ ပြဿနာ မရှိပါ ...
    နားအလှူကတော့ တော်တော် စိတ်ရှည်မှ ရလောက်မည် ထင်သည် ...

    ReplyDelete
  14. မသက်ဝေ ဖတ်ရတာ စိတ်ဝင်စားစရာကောင်းလိုက်တာ။ နားအလှူတော့ မကြာခဏပေးရတတ်တယ်။ စိတ်ညစ်တဲ့ သူငယ်ချင်းတွေက အိုးကြီးလို့ သတ်မှတ်ထားသလားထင်ရအောင် အချိန်မရှိ အခါမရှိ ပြောချင်တာပြောသမျှ နားထောင်ပေးတယ်။ သူတို့ထက်မကတဲ့ အပူတွေ ရှိနေပေမယ့်လည်း သူတို့ကို နားထောင်ပြီး ကိုယ့်လိုလူတွေ အများကြီးပဲလို့ တွေးပြီး ခွန်အားယူပါတယ်။

    ReplyDelete
  15. အဲဒါကြောင့် အမသက်ဝေရေးတဲ့ ပို့စ်တွေဆို မျှော်မျှော်နေတာ
    ဖတ်လို့ ကောင်းလွန်းလို့..
    နားအလှူအကြောင်းဖတ်သွားမှ ဒီမှာလဲ တခါတလေ အဖွားကြီးတွေကို ကိုယ်က သွားမေးရင်ပဲဖြစ်ဖြစ် သူတို့တွေ လာလာပြောရင်ပဲ ဖြစ်ဖြစ် တော်တော်နဲ့စကားဖြတ်မရဘူး။ ကိုယ်လည်း အလိုက်အထိုက်ပြောပီး နားလည်ပေးလိုက်ပါတယ်။ စကားပြောချင်တာ... အဖော်လိုနေရှာတာကိုး..။

    အောက်ဆုံးစာကြောင်းလေးဖတ်ပီးတော့ ပြုံးလိုက်မိတယ်။

    မြတ်နိုး

    ReplyDelete
  16. ဒီပို့စ်လေးက ပီတိဖြစ်စရာပါ....ဒါပေမယ့် တကယ်လိုက်လုပ်ဖို့တော့ နည်းနည်း ခက်ခဲမယ်ထင်တယ်...ဦးလေးကြီးကိုတော့ လေးစားပါတယ်....

    mie nge

    ReplyDelete
  17. မျက်စေ့အလှူလာပေးပါတယ်နော်..
    အသိတစ်ခုတိုးသွားပြီ..
    (ကိုယ်တိုင်လဲ အာလူးများ..
    သူများပြောတာလဲ နားထောင်ရတာသဘောကျပါတယ်..
    ခက်တာက..
    စိမ်းနေရင် ဘာမှ မလုပ်ဖြစ်တာပဲ)

    ReplyDelete
  18. မျက်စေ့ လာလှုပါတယ် မသက်ဝေ။

    ReplyDelete
  19. နားလှူတာ တော်ရုံတန်ရုံ စိတ်ရှည်မူမျိုးနဲ့မရဘူးနော် ။ အန်ကယ်ကြီးနဲ့ အစ်မကို လေးစားပါတယ် ။ သန့်လဲ နားလှူနိုင်အောင် ကြိုးစားဦးမယ် ။ အစ်မတော့ ကုသိုလ်တွေအများကြီးရသွားပြီ ။

    ReplyDelete
  20. I need liver Donor...
    .......
    Because..I already drunk mys
    :(
    ur writing style is nice...I notic u r more patient and edit..thx :)

    ReplyDelete
  21. "မျက်မမြင် အလှူခံပါတယ်ခင်ဗျာ..."

    ပို့စ်ဖတ်ပြီး ငယ်ငယ်တုန်းက လမ်းထဲမှာ အလှူခံလာတတ်တဲ့ မျက်မမြင် ခြေထောက်နှစ်ချောင်းလုံးလည်း မရှိရှာလို့ ဒရွတ်တိုက်သွားရတဲ့ ဦးလေးကြီးရဲ့ အော်သံလေး သတိရသွားလို့...
    သူအော်သလိုလေး အော်လာတာ...ဟော..ဟော..သက်ဝေက ဉာဏ်အလင်းတွေ တထောကြီး လှူလိုက်တယ်...

    ReplyDelete
  22. အသိတစ်ခု ရသွားပါတယ်
    မျက်စိလည်း အလှူခံသွားပါတယ်

    ReplyDelete
  23. ကျေကျေနပ်နပ်ကြီးကိုမျက်စေ့လာလှုသွားပါတယ်...ဗဟုသုတရလို့လှုရကျိုးနပ်သွားတယ်...ကျေးဇူး...

    ReplyDelete
  24. မှန်တယ် မမရယ်...နားအလှုတော့ နောင့်က သိပ်မလှုဖူးဘူး...မျက်စိအလှုကတော့ တစ်နေ့တစ်နေ့...မျက်စိထွက်ကျမတတ်ကို လှုတာ မမရဲ့..။း)

    ReplyDelete
  25. ma ma thet wai,

    thanks a lot a ma.

    now i ok.after read ur posts, my heart peaceful.

    when i reading the mm blogs, my hb's ear also peaceful :)P

    ReplyDelete
  26. by the way ma ma khin oo may,

    always advertise ur hubby.

    very love to him?

    ReplyDelete
  27. မသက်ဝေရေ အပြန်အလှန်ပေါ့။ ဖတ်တဲ့ လူတွေက မျက်စိအလှူပေး သလို၊ ရေးတဲ့သူကလည်း အသိအလှူ၊ သတိ အလှူ၊ ဗဟုသုတွေ အလှူ ပေးတာပေါ့။

    ReplyDelete
  28. မမသက်ဝေရေ

    မျက်စိအလှူတွေ လာပေးပြီး ဥာဏ်အလင်းတွေကို အလှူလာခံသွားပါတယ် ခင်ဗျာ

    အန်ကယ်ကြီးကိုရော၊ အလင်းတန်းလေးတွေ ပြန်မျှဝေပေးတဲ့ မမသက်ဝေကိုရော လေးစားပါ၏

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...