လူတွေရဲ့ လက်မှတ်တွေနဲ့ လက်ရေးတွေအကြောင်းကို ကိုယ်စိတ်ဝင်စားခဲ့တာ အခုမှမဟုတ်၊ ဟိုးငယ်ငယ်လေးထဲကပါ။ အခုမှ အကြောင်းတိုက်ဆိုင်လို့ ရေးဖြစ်တာ။ အရင် ပိုစ့်မှာ လက်ရေးနဲ့ရေးတဲ့ စာလေးတွေအကြောင်းကို တင်ခဲ့တယ်…။ ဒါပေမယ့် ကိုယ်က စာကို စိတ်ရှည်လက်ရှည် မရေး၊ အကျိုးအကြောင်းကို စုံစုံလင်လင် သေသေချာချာ မရေးလေတော့ ဖတ်ရတဲ့သူတွေ နားလည်မှု လွဲချော်ကုန်ကြပြီ ထင်တယ်…။ ပိုစ့်ခေါင်းစဉ်ကို အသစ် လို့ နာမည်ပေးမိတာကလဲ ကိုယ့်ရဲ့ အမှားပါ။ (တကယ်တော့ အသစ်မှ မဟုတ်တာ…)
အကြောင်းက ဒီလိုပါ။ ဟိုတနေ့က မြန်မာစာ လက်ကွက် မရိုက်တတ်တဲ့ သူငယ်ချင်းတယောက်ဆီက E mail တစောင် ရပါတယ်။ အခါများစွာမှာတော့ သူက အင်္ဂလိပ်လိုသာ ရေးနေကျပါ။ ဒါပေမယ့် ဒီတခါတော့ သူပြောချင်တာလေးတွေကို အင်္ဂလိပ်လိုရေးရတာ အားမရလို့ ဆိုပြီး (မြန်မာလက်ကွက်ကလဲ မရိုက်တတ်လေတော့) မြန်မာလို လက်ရေးနဲ့ ရေးထားတဲ့ စာလေး၊ ဓါတ်ပုံရိုက်ပြီး Email ကနေ Attach File နဲ့ ရောက်လာပါတယ်။ စာရွက်ကို စားပွဲပေါ်တင်ပြီး ဓါတ်ပုံရိုက်ထားတာကြောင့် နဲနဲမှောင်နေတာကို Photoshop နဲ့ အရောင်ပြင်ပြီး ဖတ်ပါတယ်။ အဲဒီစာလေးကို ကိုယ်ဖတ်ရတော့ စာထဲက အကြောင်းအရာတွေဟာ သူရေးလာတဲ့ လက်ရေးစာလုံးလေးတွေရဲ့ နွေးထွေးမှုကြောင့် ဖတ်လို့ပိုကောင်းတယ်၊ ရင်ထဲကို ပိုရောက်လာတယ်လို့ ခံစားလိုက်ရလို့ အဲဒီပိုစ့်ကို တင်လိုက်မိတာ…။
ကိုယ် ရည်ရွယ်ချင်တာက အခုလို အချိန်ကြီးမှာ မြန်မာစာလုံးတွေကို အင်တာနက် စာမျက်နှာတွေပေါ်မှာ တွင်တွင်ကျယ်ကျယ် အသုံးချနေကြတော့ လက်ရေးလေးတွေရဲ့ အရေးပါမှု၊ လက်ရေးလေးတွေရဲ့ ဆွဲဆောင်နိုင်မှု၊ လက်ရေးလေးတွေရဲ့ အခန်းကဏ္ဍက တော်တော်ကြီးကို တိမ်မြုပ် ပျောက်ကွယ်နေတာလေ….။ လူတဦးချင်းစီရဲ့ စိတ်နေစိတ်ထား အမူအကျင့်တွေကို တစိတ်တပိုင်း ဖေါ်ပြနေတဲ့ သူတို့ရဲ့ လက်ရေးလေးတွေ၊ လက်မှတ်ကလေးတွေကို အခုအချိန်မှာ တွေ့ရမြင်ရဖို့ အခွင့်အရေး တော်တော် နည်းပါးနေပြီ မဟုတ်လား။
အစစအရာရာ ကွန်ပျူတာကို အသုံးပြုပြီး ရေးသားနေကြတဲ့ ခေတ်ကြီး၊ အဝေးက မိဘတွေဆီ စာရေးလဲ ဒီကွန်ပျူတာထဲက စာလုံးတွေနဲ့၊ သူငယ်ချင်းတွေဆီ စာရေးလဲ ဒီကွန်ပျူတာထဲက သူတို့ သတ်မှတ် ဖန်တီးပေးထားတဲ့ ပုံသေ စာလုံးတွေနဲ့၊ ရုံးမှာ အလုပ်လုပ်ရင်း တယောက်နဲ့တယောက် အပြန်အလှန် စာရေးကြ စာပို့ကြရင်လဲ (ဘယ်လောက်ပဲ အရေးကြီးကြီး၊ ဘယ်လောက်ပဲ လျှို့ဝှက်ဖို့ လိုလို) ဒီကွန်ပျူတာထဲက စာလုံးတွေနဲ့၊ ရုံးမှာ ခွင့်တိုင်ချင်လဲ ကွန်ပျူတာထဲက Form မှာ ကိုယ့်နာမည် စာလုံးတွေ ဖြည့်စွက်ရိုက်ထည့်လိုက်ရုံ...၊ ပြီးတော့ ကိုယ်ရေးပြီးတဲ့ စာတွေရဲ့ အောက်မှာ ထိုးရတဲ့ ကိုယ့်ရဲ့ လက်မှတ်ကလဲ ပုံသေ… Thanks & Best regards… အစချီတဲ့ Format အသေနဲ့…။ နောက်ဆုံး သူငယ်ချင်းတွေ တယောက်နဲ့ တယောက် တွေ့ဖို့ အချိန်းအချက်လုပ်ကြတဲ့အခါ၊ ဒီညနေ အိမ်ပြန်နောက်ကျမယ်လို့ သူ့ကို အသိပေးတဲ့ အခါမှာတောင် ဖုန်းနဲ့ Text Message ပို့ပြီး ပြောနေကြတဲ့ ခေတ်ကြီး…။ ကဲ… ဘယ်မှာလဲ ကိုယ့်ရဲ့ လက်ရေး နဲ့ ကိုယ့်ရဲ့ လက်မှတ်တွေရဲ့ အသုံးကျပုံ…။
ပြီးတော့ အခုခေတ် ကလေးငယ်တွေ လက်ရေးကို ဂရုမစိုက်ကြတော့ဘူး၊ လက်ရေးတွေ မလှကြတော့ဘူး။ ပြီးတော့ ကိုယ်သိသလောက် ပြောပြရရင် ကျောင်းတွေမှာလဲ လေးကြောင်းမျဉ်းနဲ့ လက်ရေးလှ ရေးရတာတို့ ဘာတို့တွေ သိပ်မတွေ့ရတော့ဘူး။ ကိုယ်တို့ ငယ်ငယ်ကဆို မြန်မာစာရော အင်္ဂလိပ်စာမှာပါ အဆွဲအငင်တွေ အသတ်တွေ မှန်ဖို့၊ လက်ရေးလှဖို့ မိဘတွေ ဆရာ ဆရာမတွေက ဂရုစိုက်လိုက်ကြတာ၊ ကြပ်မတ် ကွပ်ကဲလိုက်ကြတာ…။ အခုကျတော့ ကလေး လူကြီး အားလုံး သင်ခန်းစာတွေ သင်ရင်လဲ ကွန်ပျူတာနဲ့၊ စာမေးပွဲဖြေလဲ ကွန်ပျူတာနဲ့၊ အိမ်စာ Assignment တင်လဲ ကွန်ပျူတာနဲ့၊ အရာရာတိုင်း ကွန်ပျူတာ နဲ့သာ လုပ်ဆောင်ကြတော့မှာမို့ လက်ရေးဆိုတာကို အားလုံးက နဲနဲမှ သတိမထားမိတော့သလောက် ဖြစ်နေကြတယ်။ ကဲ… ဘယ်မှာလဲ ကိုယ့်ရဲ့ လက်ရေး နဲ့ ကိုယ့်ရဲ့ လက်မှတ်တွေရဲ့ တန်ဖိုး…။
ကိုယ်တို့ငယ်ငယ်က သီချင်းခွေတွေ ထွက်တဲ့အခါ အခွေကာဗာတွေမှာ သီချင်းနာမည်တွေကို လက်ရေးနဲ့ ရေးပေးတဲ့ခေတ် ရှိခဲ့ဘူးတယ်…။ ပြီးတော့ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို လက်ရွေးစင် ရွေးကူးလို့လဲ ရသေးတယ်။ အဲဒီအခါ ဘားလမ်းက ယင်းမာတို့ ၊ စပါယ်ဦး ကိုသန်းလွင်တို့၊ ဂျူပီတာတို့ အစရှိတဲ့ တေးသံသွင်းဆိုင်တွေမှာ သီချင်းခွေတွေ သွားဝယ်တဲ့အခါ၊ သီချင်းတွေ ရွေးကူးတဲ့အခါ အခွေကာဗာမှာ သီချင်းနာမည် ရေးပေးတဲ့သူတွေကို သိပ်သဘောကျ နှစ်သက်စရာကောင်းတဲ့ သူတို့ရဲ့ လက်ရေးတွေနဲ့အတူ ကိုယ်သတိထားဘူးတယ်...။ (သူတို့ကိုကြည့်ရတာ အေးချမ်းလွန်းလို့ ကိုယ်တိုင်တောင် အဲဒီအလုပ်မျိုး လုပ်ချင်တဲ့စိတ် ပေါက်လာမိတဲ့အထိပါပဲ။) ဘယ်တော့မှ အဆင်သင့်ရေးပြီးသား ကာဗာတွေနဲ့ အခွေတွေကို မဝယ်ပဲ ဆိုင်ရောက်မှ သူတို့လက်ရေးနဲ့ ထိုင်ရေးပေးတဲ့ ကာဗာနဲ့ အခွေတွေကိုသာ ဝယ်လေ့ရှိတဲ့ ကိုယ့်ကို သူတို့ကလဲ မှတ်မိနေခဲ့တယ်…။ ဆိုင်ကို ရောက်တာနဲ့ ကိုယ်ဝယ်ထားတဲ့ အခွေတွေမှာ ကာဗာရေးကြပေးဖို့ အဆင်သင့်…။ တချို့လက်ရေးတွေက ပန်းချီဆန်ဆန် အနုပညာဆန်ဆန် လက်ရေးစာလုံးလေးတွေနဲ့၊ တချို့ကျပြန်တော့ လက်ဝဲစာလုံးလေးတွေနဲ့၊ တချို့ကျတော့ ခပ်ရိုးရိုးရှင်းရှင်း အဆွဲအငင်တွေနဲ့ ဒါပေမယ့် အားလုံးသော လက်ရေးလေးတွေက သူ့ဟာနဲ့သူ ဆွဲဆောင်မှု ရှိနေကြတာ ကိုယ် အခုထက်ထိ မှတ်မိနေတယ်…။
အထက်တန်းကျောင်းတုန်းကဆို ပုံနှိပ်စာလုံးလေးတွေလို ညီညာစီတန်းနေတဲ့ လက်ရေးပိုင်ရှင် အတန်းဖေါ် စာပြိုင်ဖက် သူငယ်ချင်းတယောက် ရှိခဲ့တယ်။ သူက လိမ်လဲ လိမ်မာပြီး စာလဲ သိပ်တော်ပါတယ်။ အဲဒီအခါမှာ စာမေးပွဲဖြေတိုင်း သူ့လက်ရေးမြင်ရင် ဆရာ ဆရာမတွေ အားလုံးက သူ့လက်ရေးနဲ့ သူနဲ့ကို အတူတူတွဲလျက် မှတ်မိနေကြပြီး အလိုလိုနေရင်း အမှတ်အပြည့်ပေးဖို့ စေတနာတွေ ဖြစ်လာစေတဲ့အထိ သူ့ရဲ့ လက်ရေးက အရှိန်အဝါကြီးလွန်းခဲ့တယ်…။ အရင် ကိုယ်ရနေကျ ပထမနေရာလေးလဲ သူ့ကို လွှဲပေးလိုက်ရတာ အကြိမ်ပေါင်းမနည်း…။
ကိုယ့်ရဲ့ သူငယ်ချင်းတယောက်ဆို Impressive ဖြစ်စရာကောင်းတဲ့ သူ့ လက်ရေးနဲ့ ရေးထားတဲ့ Cover Letter ကြောင့် လူကြီးက နှစ်သက် သဘောကျလို့ ချက်ချင်းပဲ အလွယ်တကူ အလုပ်ခန့်လိုက်တာမျိုးလဲ ရှိခဲ့တယ်။
အဲဒါတွေကတော့ ကိုယ်မှတ်မိနေတဲ့ လက်ရေးတွေရဲ့ အကြောင်း တစေ့တစောင်းပါ။
မှတ်မှတ်ရရ လက်ရေးတွေနဲ့ လက်မှတ်တွေအကြောင်း ရေးထားတာ စာတအုပ်မှာ အခုလို ဖတ်ခဲ့ဖူးတယ်။ (ကူးရေးထားလို့ မှတ်မိနေတာပါ)
Handwriting is a very personal and individual trademark of personality. As no two people have exactly the same handwriting, signatures have for hundreds of years been regarded as legally binding on documents of all types. A person's handwriting is his own private trademark or seal which cannot be reproduced by any other individual.
ပြင်သစ်လူမျိုး Psychologist Pierre Janet (1859-1947) ကတော့ လက်ရေးတွေကို သုတေသန လုပ်တဲ့အလုပ်ဟာ အနာဂတ်အတွက် သိပ္ပံ ပညာ (Science of the Future) လို့ ပြောခဲ့တယ်။ ပြီးတော့ လက်ရေးတွေနဲ့ ပတ်သက်ပြီး သူက အခုလို ပြောထားခဲ့ပါသေးတယ်။
“An act which leaves a printout. It is the film record of the writer's sensibilities."
သိပ်သေချာတာပေါ့…။ လက်ရေးတွေဟာ ရေးတဲ့သူရဲ့ sensibility ကို ဖေါ်ပြနေတယ် ဆိုတာ…။ လက်ရေး သိပ်လှတာ မလှတာထက် လက်ရေးတွေဟာ သူများနဲ့မတူ၊ ဘယ်သူနဲ့မှလဲ မတူ၊ ကိုယ်တဦးတည်းသာ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင် အမှတ်အသားတခုသာ ဖြစ်တယ်။ ပြီးတော့ လက်ရေးတွေတိုင်းရဲ့ နောက်ကွယ်မှာ ဆွဲဆောင်မှု တခုခု ဒါမှမဟုတ် စွမ်းအား၊ အရှိန်အဝါ တခုခု ရှိနေကြတယ် ဆိုတာ ကိုယ် သေသေချာချာ ယုံကြည်တယ်။ အဲဒါတွေကြောင့်ရယ်၊ ပြီးတော့ ပျောက်ဆုံးလုနီးပါးဖြစ်နေတဲ့ လက်ရေးတွေရဲ့ အခန်းကဏ္ဍအကြောင်းရယ်ကို စိတ်ထဲမှာ တွေးနေမိရင်း ဒီပိုစ့်ကို စိတ်ဝင်တစား ကိုယ်ရေးပါတယ်…။
ဒီပိုစ့်ကို ရေးဖြစ်စေတဲ့ နောက်ထပ် တွန်းအားတခုကတော့ အရင်ပိုစ့်မှာ လက်ရေးအကြောင်းကို စိတ်ရှည်လက်ရှည် ဆွေးနွေးသွားတဲ့
မငယ်နိုင် ပါ။ မငယ်နိုင်ကို ကျေးဇူးတင်ပါတယ်။ Comment မှာ ကိုယ့်ကို လက်ရေးလှတယ်လို့ ပြောကြတဲ့သူများကိုလဲ ကျေးဇူးတင်ပါတယ်။ လက်ရေးလှတဲ့ မငယ်နိုင်ရဲ့ လက်ရေးနဲ့ ကိုယ်နဲ့ လက်ရေးတူတယ် ဆိုတဲ့ အပြုံးပန်း ရဲ့ လက်ရေးကိုလဲ အဆင်ပြေရင် မြင်ချင်ပါတယ်။ ပြီးတော့ အရင်ပိုစ့်မှာ မတူညီတဲ့ ရှုထောင့်ကနေ Comment ရေးသွားကြသူများကိုလဲ ကျေးဇူးပါ။ အခုပိုစ့်ကို ဖတ်လိုက်ရင်တော့ ကိုယ်ဘာကို ဆိုလိုချင်တယ် ဆိုတာ သိနိုင်ပါလိမ့်မယ်။
See you guys..!!
Happy Friday & Enjoy your weekend…!!!
ဒီတခါတော့ ပထမဦးဆုံး မှတ်ချက်ရေးခွင့်ရသွားပြီ။ အရင်ပို့စ်မှာ ကြွားတာ နည်းနည်း များသွားလို့ ပြန်လာလျှော့ချတယ်။ အစ်မလက်ရေးက ငယ်တုန်းကပဲ လှတယ် အခု ကွန်ပြူတာတွေ ပေါ်ပြီးနောက်ပိုင်း မလှတော့ဘူး။ ကလေးတွေမှ မဟုတ်ဘူး ခုခေတ်မှာ အစ်မအပါအ၀င် လူကြီးတွေလည်း လက်ရေးကို ဂရုမစိုက်ကြတော့ဘူး။ သက်ဝေပို့စ်ကြောင့် လက်ရေးကို အသုံးဝင်အောင် လုပ်လို့ သေးတယ်ဆိုတာကို သတိထားမိလာလို့ ကျေးဇူးပဲ။ လက်ရေးလေးနဲ့ ပို့စ်တခုလောက် တင်ဖြစ်အောင်တော့ ကြိုးစားရမယ်။
ReplyDeleteကွန်ပျူတာမှာပဲ စာရိုက်ကတည်းက လက်ရေးလည်း ပျက်တာပါပဲ။ လက်ရေးပျက်တာက လက်ကြောင့်မဟုတ်ဘဲ လက်နဲ့ဦးနှောက်ကိုဆက်သွယ်ထားတဲ့ ဦးနှောက်ထဲက ကြိုးလေးတစ်ချောင်း ကောင်းကောင်း အလုပ်မလုပ်တော့တာလို့လည်း ပြောကြတယ်။ လက်နဲ့ချရေးတဲ့ စာလေးတွေက တန်ဖိုးထားစရာပါ။
ReplyDeleteသံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်းမှာတော့ စာရေးသူတချို့ရဲ့ အမှတ်တရ လက်ရေးလေးတွေ တင်ထားခဲ့တယ်။ ပန်ဒိုရာရဲ့ ဖျစ်ညှစ်ရေးထားတဲ့ စာတိုလေးလည်းပါပါတယ်။ သိချင်သွားကြည့်။
http://www.thanlwin.com/new/index.php?option=com_content&task=view&id=1303&Itemid=233
ငယ်တုန်းက ဖေနဲ့ မေက လက်ရေးလေး ၀ိုင်းနေအောင် လေ့ကျင့်ပေးတာခံခဲ့ရတယ်… လက်ရေးလှမယ်လို့  မထင်ပါနဲ့ … လှလဲမလှ ဆိုးလဲမဆိုး…. ဒါပေမယ့် ကိုယ့်လက်ရေးကိုယ်မြင်ရင် ဘယ်လိုမှ ဆွဲဆောင်မှုမရှိဘူးလို့  အားမရတာ ယနေ့ ထက်ထိပဲ… ဘယ်တတ်နိုင်မှာလဲ… ဒီလောက်ပဲ ရေးတတ်တာကိုး… နောက်မှ ကြုံရင် သက်ဝေကို တို့ လက်ရေးရွက်ကြမ်းရေချိုနဲ့  တို့ လက်မှတ်ခပ်တုံးတုံးကို ပြဦးမယ်… သားကိုတော့ သူ့ အင်္ဂလိပ်စာ ဆရာမကျင့်ပေးတာ အတော်တိုးတက်လာပြီ… လက်ရေးနဲ့ ပတ်သက်ရင် သူ့ အဖေမျိုးရိုးပဲလိုက်ပါစေလို့  ဆုတောင်းတယ်…
ReplyDeleteဒီပို့စ်လေးဖတ်ပြီး အရင်တုန်းက ကက်ဆက်ခွေ်ကာဗာမှာ
ReplyDeleteလက်ရေးလှလှလေးတွေ ရေးထားတာကို သွားသတိရမိတယ်... ဘလော့ဂ်ဂါတွေရဲ့  လက်ရေးတွေကို ပို့စ်တခုထဲမှာ တစုစည်းထဲ ကြည့်ရရင်
ကောင်းမယ်နော်... (အပျော်ပေါ့နော်)
mie nge
အမသက်ဝေ
ReplyDeleteအပြုံးပန်းလက်ရေးက ဒီလိုပါ၊
http://apyonepan.blogspot.com/2009/07/blog-post.html
လင့်ခ်မချိတ်တတ်လို့နော်။
ကျနော့်လက်ရေး..မှတ်မိတယ်မို့လားး
ReplyDeleteပျင်းပြီး ကော်ပီဆွဲပေးလိုက်တဲ့စာလေးပါ..
မြန်မာပြန်ရင် သယ်ဖြစ်တဲ့အထဲမှာ..
အနီနဲ့ အပြာလေးကြောင်းလိုင်းပါတဲ့.လက်ရေးလှစာအုအုပ်လဲပါတယ်...
ချန်းချန်းအတွက်ပါ...
အမ..
ReplyDeleteကျနော်က လက်ရေးလှသူတွေကို သဘောသိပ်ကျတာ
ပီးတော့ ကျနော့်လက်ရေးကို လူကြီးလက်ရေးပုံစံ ဖြစ်ချင်ခဲ့တာ..အမရာ..
ကလေးလေးလက်ရေးကျနေတာပဲ..ခုချိန်ထိ..။
ဒါပေမဲ့ ကိုးတန်းတုန်းက ဆရာမကတော့ အတန်းထဲမှာချီးကျူးဖူးတယ်။ ကျနော့်လက်ရေးက အလှကြီးမဟုတ်ပေမဲ့ ရှင်းတယ်တဲ့..။
ကလေးလက်ရေး
စာရေးလိုက်တိုင်းလည်း ထောင်ထောင်တက်သွားလို့..
အျြမဲ စာကြောင်းအကျဲကြီးနဲ့ ရေးပလိုက်ရတာ..
အဟီးး
မမသက်ဝေဆီကို လက်ရေးကော်ပီပို့လိုက်မယ်..
ReplyDeleteဘယ်လိုလူမျိုးလဲဆိုတာ ပြောပြပါ..
ဟိုဖက်မှာ ပေါက်ကိုပြောသလိုမျိုး.. :)
လက်ရေးက သာမာန်ထဲ ပါပေမယ့် အရင်က ရေးအားက အဘိဓာန် တအုပ်လုံးကို 80 pages ရှစ်အုပ်နဲ့ ကူးရေးခဲ့တဲ့ အထိ... ခုတော့ ဘောလ်ပင် မကိုင်နိုင်တာ ကြာပါပကော... သံလွင်အိပ်မက် အတွက် ၃ကြောင်းကို မနည်း ရေးလိုက်ရတယ် အမသက်ဝေရေ.. လက်ရေးက မပန် ပေးတဲ့ လင့်ခ်ထဲ မှာပဲ။
ReplyDeleteအခုမှ အရင်ပို့စ်လေး ဖတ်မိလို့ မမ လက်ရေး လေး တွေ့လိုက်တယ်။ လက်ရေးနဲ့ လူနဲ့ လိုက်တယ်။ လူလို လှတာပါပဲလား။
ReplyDeleteချိုသင်းလဲ လက်ရေးကို ဂရုစိုက်တတ်တယ်။ ချိုသင်း လက်ရေးကလဲ လူနဲ့ တူပါတယ်။ လုံးပြီး ၀ိုင်းဝိုင်း ကြီးကြီး ကလေးလက်ရေး၊ ဘုန်းကြီးကျောင်း လက်ရေးလိုပဲ။ ခဲတံ တံတွေးဆွတ်၊ သေချာ လှအောင် ရေးသလိုပေါ့။
ကိုယ်ချစ်မိသူကျတော့ အရင်ချစ်ပြီးမှ လက်ရေး ကြည့်မိတာ။ ပဲပင်ပေါက် အမွှေးပေါက် သလိုပဲ။ သူ့လက်ရေးမြင်ပြီး shock ဖြစ်သွားတယ်။ လက်ရေးသာ အရင်တွေ့မိရင် လှည့်တောင် ကြည့်မိမှာ မဟုတ်။ သူ မသိတဲ့နေရာမှာ လာကြုံးဝါးလိုက်တာလေ။
မသက်ဝေ ... များလဲ ကွမ်ပျူတာနဲ့ ရေးပါများလို့ လက်ရေးတွေ မလှတော့ဘူးတော့ ... (အရင်က လှတာကျနေတာပဲ ... )
ReplyDeleteသမီးလေးကိုတော့ လက်ရေးလှအောင် လေ့ကျင့်ပေးနေပါကြောင်း။
ဟုတ်တယ်နော် ကွန်ပျူတာပဲ အားကိုးပြီးရိုက်နေကြတော့ လက်ရေးလှလှ မရေးဖြစ်တော့ဘူး။ အရင်က ကိုယ်ရေးချင်တဲ့ စာလေးတွေရေးရင် ခဲတံ တစ်ချောင်းနဲ့ စာရွက်တစ်ရွက်နဲ့ ရေးရတဲ့ အရသာကို လွမ်းမိသား။ အခုတော့လည်း ကွန်ပျူတာပေါ်မှာပဲ ရိုက်ဖြစ်နေတယ်။
ReplyDeleteand so what did you mean these notes for???
ReplyDelete"အိုင်ဒီယာ အသစ်ပေါ့… ဟဲဟဲ…။
မှတ်ချက် ။ ။ ပို့စရာရှိတဲ့သူများထံ ဤနည်းဖြင့် ပို့ကြည့်လိုက်ပါ… မုချ အောင်မြင်မှု ရပါလိမ့်မည်။ ဒီထက် သစ်တဲ့ အိုင်ဒီယာ နောက်တခုလဲ ရှိနေပါသေးသည်။"
What is one more new idea???
Please clarify them as well.
blog reader
Cool....
ReplyDeleteI'm interesting,
Give me some advice...I don't know how 2 type in Burmese..My handwriting is bad..
2 get other Burmese ppl handwriting is we met 3 or 4 time a year :)
လက်ရေးလှတဲ့သူများကို အားကျမိပါတယ်။ ကိုယ်တွေကတော့ ဆရာဝန်လက်ရေးလို့ အပြောမခံရပေမယ့် ... ဒန်တန့်တန်ပေါ့ဗျာ။
ReplyDeleteအစ်မသက်ဝေ...
ReplyDeleteရုံးရောက်ရောက်ချင်း အစ်မ Commentတွေ့တာ နဲ့ မြသွေးအပြေးရောက်လာခဲ့တယ်။ အဲ့ဒီကနေ ညီမပန်ဒိုရာ ကွန်မန့်မှာ ညွှန်ထားတဲ့ ဆိုက်ရော၊ အပြုံးပန်းဆီကိုပါ ရောက်သွားပြန်တယ်။ မြသွေးလည်း လက်ရေး၊ လက်မှတ်တွေ အရမ်းစိတ်ဝင်စားတယ်။ mie nge ပြောသလို Blogger တွေရဲ့ မူရင်းလက်ရေး၊ လက်မှတ်နဲ့ စာစုလေးပဲဖြစ်ဖြစ်၊ Bloggerတစ်ယောက်အဖြစ် ရပ်တည်နေတဲ့ ခံစားချက်... စသဖြင့် ခေါင်းစဉ်လေး တစ်ခုအောက်မှာ စုနိုင်သလောက်စုပြီး အစ်မဆိုက်မှာ တင်ပေးပါလားဟင်..။ :)