Friday, December 11, 2009

အဖြူရောင် အိပ်မက်

ဘယ်အချိန်မှာမဆို အနက်ရောင်နှင့် အရောင်ရင့်ရင့်များကိုသာ စွဲစွဲမြဲမြဲ နှစ်နှစ်သက်သက် ဝတ်ဆင်ပြီး ဘယ်တုန်းကမှ အဖြူရောင်ကို မနှစ်သက်ခဲ့ဖူးသော သူတယောက်၏ စိတ်ထဲတွင် ထိုတနေ့ကမှ ထူးထူးခြားခြား အဖြူရောင် အင်္ကျီလေးတထည်ကို ဝတ်ဆင်လိုသော ဆန္ဒဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် သူသည် အဖြူရောင် အင်္ကျီ တထည်ကို ဝယ်ယူ၍ ရနိုင်မည့် နေရာများသို့ သွားရောက်ကာ သူအလိုရှိသော အင်္ကျီ အဖြူလေးတထည်ကို လိုက်လံရှာဖွေမိပါသည်။

*****

ပထမဆုံး သူသည် ကြီးကျယ်ခန်းနားလှသော ကုန်တိုက်ကြီး တခုကို ရောက်သွားခဲ့သည်။ ကျယ်ဝန်းလှသော အခန်းကြီးများနှင့် အထပ်ပေါင်းများစွာရှိသော ထိုကုန်တိုက်ကြီးတွင် ဈေးဝယ်သူများ၊ လှည့်ပတ် ကြည့်ရှုနေကြသူများနှင့် လွန်စွာ စည်ကားလှပါသည်။ ထိုသို့ စည်ကား များပြားလှသော လူအုပ်ကြီးထဲမှာ လိုက်ပါ စီးမျောလျှောက်လှမ်းနေရင်း အဝတ်အထည်များနှင့် အင်္ကျီများရောင်းသော နေရာသို့ ရောက်လာခဲ့ပါသည်။ စိတ်ထဲတွင် ကြိုတင် တွေးမြင်ထားသော အင်္ကျီဖြူဖြူလေးများကို သွက်သွက်လက်လက် မျက်စေ့ကစားကာ ရှာဖွေကြည့်ပါသည်။ သို့သော် အဖြူရောင်နှင့် ဆင်ဆင် တူသော ဘာအဝတ်အစားကိုမျှ မတွေ့ရချေ။ အဝတ်အထည်များ အားလုံးသည် ခရမ်းရောင်၊ အနက်ရောင် နှင့် အပြာရောင် များသာ ဖြစ်နေတော့သည်။ ဘာကြောင့်ပါလိမ့်ဟု သူ စဉ်းစားတွေးတော၍ မရနိုင်ခင်မှာပင် ဈေးဝယ်သူ လူအများအပြားတို့သည် ထို ခရမ်းရောင်၊ အနက်ရောင်နှင့် အပြာရောင် အဝတ်အထည်များကို သူ့ထက်ငါ ကြိတ်ကြိတ်တိုး ဝယ်ယူနေကြတော့သည်။ အနည်းငယ်နောက်ကျိ ညစ်ညူးသော စိတ်အစဉ်တို့ဖြင့် သူသည် ထို ကုန်တိုက်ကြီးမှ ထွက်ခွာလာခဲ့တော့သည်။

ဒုတိယ သူရောက်သွားသောနေရာသည် အရင်ကုန်တိုက်ကြီးလောက် ကြီးကျယ် ခန်းနားမှုမရှိသော်လည်း သူအလိုရှိနေသော အင်္ကျီအဖြူရောင် တထည်ကိုတော့ဖြင့် တွေ့နိုင်ပါလိမ့်မည်ဟု သူ တထစ်ချ ယုံကြည်နေမိသည်။ ထိုယုံကြည်ချက်တို့ဖြင့် အဝတ်အထည်များ ရောင်းချသောနေရာဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားမိလေသည်။ ဈေးဝယ်သူ ခပ်ကျဲကျဲသာ ရှိသော နေရာတခုဖြစ်သောကြောင့် ညီညာလှပစွာ တန်းစီ ချိတ်ဆွဲထားသော အင်္ကျီများကို သူ အဝေးကပင် လှမ်းမြင်တွေ့နေရပါသည်။ သူလိုချင်သော အရာတခုကို ရတော့မည် ဟူသော အပျော်စိတ်ဖြင့် ခြေလှမ်းများ သွက်လက်လာသည်။ သို့သော် ထိုအင်္ကျီများ အနီးသို့ရောက်သောအခါ သူ မှန်းချက်နှင့် နှမ်းထွက် လွဲသွားသည်ကို သိလိုက်ရသည်။ သူရှာဖွေနေသော အဖြူရောင်မှလွဲ၍ အရောင်စုံ စီစီရီရီ တွေ့နေရသော အင်္ကျီများကို ကြည့်ကာ ဒုတိယအကြိမ်အဖြစ် စိတ်ပျက်လက်ပျက် ထိုနေရာမှ ခွာခဲ့တောာ့သည်။

တတိယနေရာအဖြစ် မည်သည့်နေရာကို ရွေးရမည်ကို စဉ်းစားနေစဉ်မှာ အတွေးထဲတွင် တခါက သူငယ်ချင်းတယောက်နှင့်အတူတူ ညစာသွားစားဖူးသော နေရာတခုကို သွားသတိရမိသည်။ ဟုတ်ပြီ… စားသောက်ဆိုင်များနှင့် အတူ အထည်အဝတ်များ ရောင်းချသောဆိုင်များ တည်ရှိရာ ထိုနေရာမှာ အင်္ကျီအဖြူရောင်တချို့ ရှိကို ရှိရမည်။ ထိုအတွေးစိတ်ကူးတို့ကြောင့် လူလဲ ပြန်လည်ပေါ့ပါးလာသည်။ ထိုနေရာသည် အနည်းငယ် အလှမ်းဝေးနေသောကြောင့် ပင်ပန်းနေသည့်အတူတူ အငှားကားကို စီးသွားရန် ဆုံးဖြတ်လိုက်သည်။ ကားမငှားခင် အအေးတခွက်လဲ ဝယ်သောက်လိုက်သေးသည်။ သည်လိုနှင့် သူ သွားလိုသည့်နေရာကို ဆိုက်ဆိုက်မြီုက်မြိုက် ရောက်လာခဲ့သည်။

မြို့လည်ခေါင် လူရှုပ်ရှုပ်နေရာများနှင့် ဆန့်ကျင်စွာ အေးဆေး တိတ်ဆိတ်သော ထိုလမ်းကလေးတွင် ပြူတင်းပေါက် ရောင်စုံတို့ဖြင့် ရှေးဟောင်း နှစ်ထပ်တိုက် ပုပုလေးများ ညီညာစွာ စီတန်းနေသည်။ အိမ်ဆိုင်လေးများနှင့် ဆင်ဆင်တူသော ဆိုင်တန်းကလေးကို ကြည့်ရင်း သည်နေရာတွင်မတော့ အင်္ကျီဖြူကလေး တထည် ရတော့မည်ဟု ကိုယ့်ဖာသာ သေချာနေပြန်သည်။ သည်လိုနှင့် တဆိုင်ဝင် တဆိုင်ထွက် အင်္ကျီအဖြူ ရှာပုံတော်ဖွင့်ရင်း လမ်းတလျှောက် ဘယ်ဖက်ရော ညာဖက်ပါ ရှိနေသော ဆိုင်များ အားလုံးရောက်ခဲ့သော်လည်း ဘယ်ဆိုင်မှာမှ အဖြူရောင် အထည်အဝတ် မတွေ့ခဲ့ရပါ။ ယုတ်စွအဆုံး ထိုနေရာများတွင် ဆင်ယင်ထားသော ခန်းဆီး လိုက်ကာများကပင် အဖြူရောင် မဟုတ်ကြ။

ထိုအချိန်တွင် သူ၏ စိတ်အစဉ်တွင် အဖြေမထုတ်နိုင်သော ပုစ္ဆာတခုက သိသိသာသာကြီး အနှောက်အယှက်ပေးနေပြီ ဖြစ်သည်။ တနေကုန် နေရာစုံ လူအပင်ပန်းခံကာ လိုက်လံ ရှာဖွေခဲ့သော်လည်း အဖြူရောင် နှင့် ဆင်ဆင်တူသော အဝတ်အစား တခုတလေကိုမျှပင် မတွေ့ခဲ့ရချေ။ တခုခုတော့ ကြီးကြီးကျယ်ကျယ် မှားယွင်းနေသည်မှာ သေချာနေပါသည်။

ညနေစောင်း အလင်းရောင် ကုန်ခါနီး အချိန်သည် စိတ်ညစ်ညူးနေသူတယောက်ကို ပိုပို၍ စိတ်ညစ်လာစေသည်။ ခြေလှမ်းများ၏ စေညွှန်ရာကို အသိမဲ့နေသူတယောက်လို လိုက်ပါလာရင်း တနေရာအရောက်တွင် လင်းလက်နေသော မီးရောင်များကို တွေ့လိုက်သောကြောင့် သူ လမ်းလျှောက်နေရာမှ အသာရပ်ကြည့်လိုက်မိသည်။ ဘုရားပွဲလို ဆင်ဆင်တူသော ပွဲတခုဟု အကြမ်းအားဖြင့် သူနားလည်လိုက်ပါသည်။ ရုတ်တရက် ခေါင်းထဲမှာ ပေါ်လာသော အကြံအစည်တခုကြောင့် အနီးရှိ ခုံတန်းလေးတခု တခုပေါ်မှာဝင်ထိုင်ရင်း တက်ကြွ ပျော်ရွှင်နေသော လူအများကို တယောက်ချင်းစီ စေ့စေ့စပ်စပ် လိုက်ကြည့်နေမိသည်။ ထိုလူတွေထဲမှာ အဖြူရောင် အင်္ကျီဝတ်ထားသူများ တယောက်တလေ ပါလာခဲ့သည်ရှိသော် ထိုလူကို အသာ ခွင့်တောင်း၍ ခေါ်ယူပြီး ထိုအင်္ကျီမျိုး ဝယ်ယူ၍ ရနိုင်မည့်နေရာကို တီးတိုး မေးကြည့်မည်။ ထိုခဏမှာတော့ ခက်ခဲသော သချာင်္ပုစ္ဆာ၏ အဖြေမှန်ကို ရသွားသော ကျောင်းသားလေးတယောက်ပမာ သူ ပျော်ရွှင်နေပြန်သည်။ သို့သော် ကံဆိုးလှစွာပင်… ထို များပြားလှသော လူတွေကြားထဲတွင် အင်္ကျီအဖြူရောင် ဝတ်ဆင်ထားသူ တဦးတယောက်မျှ မတွေ့ရချေ…။

ထိုစဉ် မမျှော်လင့်ပဲ သူ့အနီးသို့ အဖြူရောင် အဝတ်စတခု လွင့်မျောလာသည်ကို ထူးဆန်းစွာ တွေ့လိုက်ရသည်။ ဝမ်းသာ လှုပ်ရှားလှသော စိတ်ဖြင့် ထိုအဝတ်စကို လိုက်လံ ဖမ်းဆုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။ တခါ ကံကောင်းထောက်မစွာ လေတချက်အဝှေ့တွင် ထိုအဝတ်စလေးကို အမိအရ ဖမ်းဆုတ်မိလိုက်သော်လည်း ချက်ချင်းပင် လက်မှလွတ်ကာ လွင့်ထွက်သွားပြန်လေသည်။ သို့သော် ကြည့်နေရင်းမှာပင် အံ့သြဖွယ်ရာ… စကားပြောသံ ခပ်တိုးတိုးသည် ထိုအဝတ်ဖြူစဆီမှ ထွက်ပေါ်လာလေသည်။

“မင်းက အချိန်လုံး အဖြူရောင်ကို ညစ်ပေလွယ်သလေး၊ အနက်ရောင်ဝတ်ရင် ပိန်သလေး၊ အဖြူရောင်ဝတ်ရင် ဝ သလေး ဘာလေးနဲ့ မကောင်းထင်ပြီး အဖြူရောင်ကလွဲရင် တခြားအရောင်တွေကိုပဲ ဝတ်နေတာကိုး… မင်းအဝတ်ဘီဒိုထဲမှာ မင်းပြန်ကြည့်စမ်း… အရောင် မှောင်မှောင်တွေ အရောင် မှုန်မှုန် မှိုင်းမှိုင်းတွေ… လူကြီးတွေက နေရာတကာ အဲဒီလို အရောင်တွေကို ဝတ်တာ မနှစ်သက်ပါဘူး ပြောပြောနေလဲ မင်း ဝတ်နေတာပဲ မဟုတ်လား…။ ခုလဲ မင်းကိုယ်မင်းပြန် ကြည့်စမ်း… အပေါ် အနက် အောက် အနက်နဲ့… ဖိနပ်ကလဲ အနက်ရောင်…။ အခုမှ ဘာစိတ်ကူးပေါက်ပြီး အဖြူရောင်ကို လိုက်ရှာနေရတာတုန်း… ဒါကြောင့် အခု ဒါဏ်ပေးတဲ့ အနေနဲ့ အဖြူရောင်က မင်းကို ပုန်းပြီး သပိတ်မှောက်နေကြတာပေါ့… နောင်ကို ဘာမဆို မျှမျှတတ ဖြစ်ပစေ… ကြားလား… တခါလာလဲ ဒီ အနက်ရောင်၊ တခါလာလဲ မီးခိုးရောင်… မင်္ဂလာရှိတဲ့ ပွဲလမ်းသဘင်တွေမှာလဲ အနက်ရောင်တွေ… နေရာတကာ ဒီလို အရောင်ကိုပဲ တွင်တွင်ဝတ်ပြီး သွားနေတဲ့ မင်းရဲ့ အကျင့်ကို အခုကစပြီး ဖျောက်တော့.. ဟုတ်ပြီလား…”

စကားပြောသော အဝတ်ဖြူစလေးကို အံ့သြတကြီး ကြည့်နေရင်း သူ ဘာမှ ပြန်မပြောလိုက်နိုင်ခင်မှာပင် ထိုအဝတ်စကလေးသည် ဟိုး အမြင့်ကြီးဆီသို့ လေနှင့်အတူ ပေါ့ပါးစွာ ဝဲလွင့်သွားလေတော့သည်။ ကြည့်နေရင်း ကြည့်နေရင်းမှာပင် ထိုအဝတ်စလေးသည် ကောင်းကင်ပေါ်ရှိ တိမ်တိုက်များကြားထဲ ဝင်ရောက်ပြီး မျက်စေ့အောက်မှ လုံးလုံးလျားလျား ကွယ်ပျောက်သွားလေတော့သည်။

*****

စောစောစီးစီး မြည်လာသော ဆူဆူညံညံ တယ်လီဖုန်းသံကြောင့် အိပ်ရာမှ သူ လန့်နိုးလာခဲ့သည်။ ဖုန်းကို တော်တော်နှင့် မဖြေသောကြောင့် ကူဖြေပေးရန် အိပ်ခန်းထဲသို့ ရောက်လာသော မေမေ့ကို အိပ်မှုန်စုံမွှားဖြင့် ကြည့်ရင်း “ခုနက စကားတွေလာပြောနေတဲ့ အဝတ်ဖြူစလေးရော ဘယ်ရောက်သွားတာလဲ မေမေ… အခု ဖုန်းခေါ်နေတာကရော သူပဲလား…” ဟု ကယောင်ကတမ်း မေးလိုက်မိပါသည်။ ထိုမေးခွန်းကို နားမလည်နိုင်စွာဖြင့် အူကြောင်ကြောင် ဖြစ်နေသော မေမေ့ အကြည့်တို့ကြောင့် သူ အိပ်မက်က လန့်နိုးလာတာမှန်း ချက်ချင်းသိလိုက်ပါသည်။

နာရီကြည့်လိုက်တော့ ၉ နာရီ နီးနီးရှိနေပြီ။ ခဏနေရင်တော့ ရေမိုးချိုးပြီး ဈေးသွားမည်။ ဒီတခါတော့ဖြင့် သူ တကယ် အလိုရှိနေသော အဖြူရောင် အင်္ကျီလေးတထည်ကို အိပ်မက်ထဲမှာ နှင့်မတူ၊ နေရာတော်တော်များများမှာ လွယ်လင့်တကူ ရှာဖွေ ဝယ်ယူနိုင်လိမ့်မည် ဟု သူ တထစ်ချ ယုံကြည်နေမိပါသည်။


13 comments:

  1. Congratulation to Nobel peace prize winner & white greeting card post owner :)

    ReplyDelete
  2. ကျွန်မလည်း အဖြူရောင်ဆို သိပ်ကြိုက်တယ် ဒါပေမဲ့ ညစ်ပေလွယ်လို့ သိပ်မ၀ယ်ဝတ်ဖြစ်ဘူး။ အိပ်မက်ကလန့်နိုးပြီး အပြင်မှာ စကားပြောတာ ဖြစ်ဖူးတယ်။ စာအရေးအသားက သိပ်ကောင်းတာပဲနော့် အဲဒီလိုတကယ် ရေးတတ်ချင်တယ်။

    ReplyDelete
  3. မမ ... နောင့် လဲ အဖြူရောင်ကြိုက်တယ်...အမေ ကလဲ ..ငယ်ငယ်လေး ထဲက အဖြူလေးတွေပဲ ဆင်ပေးတယ်..။း) ဒါကြောင့် ငယ်ငယ်တုန်း က အမေ ဆင်ပေးတဲ့ အဖြူလေးတွေပဲ ၀တ်ခဲ့တယ်...။ ခုကြီးလာတော့... အဖြူရောင်က ပေလွယ်တယ်ဆိုပြီး...တစ်ခြားအရောင်တွေ ပြောင်းဝတ် တတ်ခဲ့တယ်...။ :/

    ReplyDelete
  4. ပထမဆုံးပို့စ်လေးကို အမှတ်ယမိတယ်

    ReplyDelete
  5. ကိုငှက်ရဲ့ သီချင်းလေးကို လွမ်းသွားတယ်၊
    " အင်္ကျီ ဖြူ ဖြူ လေးရယ် မင်းလောက် တို့ မသန့်စင်တယ် .....လိပ်ပြာ မလုံချင်ဘူးကွယ်...အဖြူရောင်မြင်ရင် ...ရင်မှာနာကျင်ခဲ့......"

    ReplyDelete
  6. ၀တ္ထုလေးက တစ်မျိုးလေးပဲ..
    ကျွန်တော်လည်း အနက်ရောင်နဲ့ အရောင်မှိုင်းမှိုင်းကိုပဲကြိုက်တယ်

    ReplyDelete
  7. အက်ဆေးလေး ကောင်းတယ်။ နိမိတ်ပုံနဲ့များ ရေးထားသလား ထင်မိတယ်။
    ချိုသင်းလဲ အဖြူရောင်ကို ချစ်တယ်။

    ReplyDelete
  8. လိုချင်တာတွေ..အပြင်မှာရနိုင်ပါစေဗျား
    အိပ်မက်ထဲကမရခဲ့ဘူးလေ...း))
    ဖတ်ကောင်းတဲ့ အက်ဆေး လေးတွေ လက်စလက်န ရှိရဲ့သားနဲ့ ..
    အချိန်ရရင်ရေးပါဦး

    ReplyDelete
  9. It is a nice post.
    I like to say broadly,
    Under 18 years old boys and girls are innocent.
    Their icon is white.
    We can dye them as we wish.
    As you know, most of academic schools had chosen the young generation (under 18 years old boy)
    You can find the middle Burma Wya Thit Kyi,
    Pyin Oo Lwin and Institute of Marine Technology in Yangon.
    They are cadet of Myanmar Naingan.
    They had been dyed the colour by Government's policy.
    The students who passed any university can't be dye.
    As you know...
    Once take a dye any colour (idealism) to young boy or girl,
    It remain unchanged.
    I'm a man who dyed by my social environment.

    ReplyDelete
  10. စိတ်ကူးလေးလည်း ကောင်း..
    အရေးအသားလေးလည်း ကောင်း...
    တို့ကတော့ အဖြူရောင် ဆိုရင် ယူနီဖောင်း အင်္ကျီတွေရဲ့ အရောင်လို့ပဲ မြင်နေတယ်...

    ReplyDelete
  11. အဖြူရောင်ရှပ်..
    အဖြူရောင်တီရှပ်တွေတော့ ရှိတယ်..။။
    အဆင်ပြေမလားငှင်..။။

    ReplyDelete
  12. တို့ရှာတာတွေ့တယ်။ ဝတ်ကြည့်လိုက်တော့အကျီက လှပြီးလူက ဝနေတာနဲ့ထားခဲ့ရတယ။်

    ReplyDelete
  13. အမက စာရေးကောင်းတော့ ဒီပို့စ်လေးကို ၂ ခါ တောင် ပြန်ဖတ်ဖြစ်တယ်... အဖြူရောင် ကိုကြိုက်ပေမယ့် တကယ်တမ်းဆိုရင် အရောင်အရင့်တွေပဲ ၀တ်ဖြစ်တာ များတယ်.. :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...