Friday, December 18, 2009

ပျင်းသောနေ့


ပျင်းစရာ အလွန်ကောင်းသောနေ့တနေ့၏ အစ ဖြစ်ပါသည်…။
အိပ်ရာမှ မထချင်အောင် ပျင်းနေမိသည်။ ခွင့်ယူပြီး ဆက် အိပ်နေရရင် ကောင်းလေမလားဟု တွေးမိသော်လည်း တနေ့တာ လုပ်ရမည့် အလုပ်များက ခေါင်းထဲကို စီကာ စဉ်ကာ ရောက်လာကြသည်…။ မတတ်သာသည့်အဆုံး ပျင်းပျင်းနှင့် အိပ်ရာမှ ထလိုက်ရသည်…။

ရာသီဥတုကလဲ ကိုယ့်ကို နဲနဲလေးမှ မျက်နှာသာမပေးပါ…။
မိုးမလင်းခင်ထဲက ရွာနေသော မိုးကလဲ ရုံးချိန်နီးလေ ပိုသည်းလေ…။
အို… ပျင်းစရာ ကောင်းပေစွ။

မိုးမှောင်မှောင်နှင့် အမြန်မောင်း လမ်းမကြီးပေါ်မှာ ကားတွေအားလုံး ဘရိတ်မီးလေးတွေ တလက်လက်နှင့် အနှေးမောင်း ပြိုင်နေကြသည်။ ကားတွေလဲ မိုးအေးသောကြောင့် ပျင်းနေကြပုံပေါက်သည်။ တလိမ့်လိမ့်နှင့် လိမ့်နေကြပုံမှာ လိပ်များအလား...။ သည်အတိုင်းဆို ရုံးကိုတော့ ရောက်တော့မှာပါပဲ…။

အချိန်လွန်မှ ရုံးကိုရောက်တော့လဲ အချင်းချင်း မိုးအေးသောကြောင့် အလုပ်လာရသည်မှာ အင်မတန်မှ ပျင်းစရာကောင်းကြောင်းတွေသာ သူ့ထက်ငါ အပြိုင်အဆိုင် ပြောဆိုနေကြသည်။ ပျင်းပျင်းနှင့် ကော်ဖီတခွက် သွားဖျော်မိသည်။ ပြီးတော့ ပျင်းပျင်းနှင့် ဂျီတော့ခ် ဝင်ကြည့်မိသည်။ တဆက်တည်းမှာ ဖေ့စ်ဘွတ် လဲ ဝင်မိပါသေးသည်။

အို… အားတက်စရာ… ကိုယ့်လို လူတွေချည်းပါပဲလား…။
သူတို့တွေ အားလုံးနီးနီး စိုစွတ်စွတ် ရာသီဥတုကြောင့် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းကြောင်းတွေ အသီးသီး ရေးထားကြသည်။ အိပ်ရာထဲမှာ စာအုပ်ကလေးတအုပ်နှင့် ကွေးနေရသော် ကောင်းလေစွ ဟု ရေးသားထားသူ တယောက်ကို အားပေး ထောက်ခံထားကြသူ အတော်ပင် များပြားသည်ကို တွေ့ရလေသည်။။

ဂျီတော့ခ် မှ သူငယ်ချင်း မိတ်ဆွေများနှင့် အပျင်းပြေ စကားစမြည်များ ပြောဆိုကြသည်။ တနေ့တနေ့ စက်ရုပ်တရုပ်ပမာ အလုပ်လုပ်ရသည့် ဘဝကြီးကို ပျင်းရိကြောင်းတွေသာ အပ်ကြောင်းထပ်သည်။ တချို့ကတော့ စားရမှာ ပျင်းလို့ ချက်တောင် ချက်မစားတော့ဘူး ဆိုပဲ…။ သည်နေရာမှာတော့ ကိုယ်နဲ့ နဲနဲ သဘောထားချင်း တိုက်ဆိုင်သည်။ ကိုယ်က အစာ စားရမှာ ပျင်းသူတယောက်လေ… သို့သော် ပျင်းပျင်းနဲ့ ချက်တော့ ချက်ပါသည်။ စိတ်ပါလျှင် ပိုပိုပြီး ကောင်းကောင်း မွန်မွန် ချက်တတ်ပါသည်။ (ကိုယ့်အကြောင်းသိသူတွေ ထောက်ခံမဲ ပေးကြပါ…)

သည်လိုနှင့် နေ့လည်စာ စားချိန်ရောက်လာသည်။ မိုးလေးကလဲ တစိမ့်စိမ့်…။ အပြင်ထွက်စားရမှာ ပျင်းသောကြောင့် KFC မှာစားရန် အားလုံး သဘောတူကြသည်။ မိုးအေးအေးထဲမှာ ရောက်လာရသောကြောင့် KFC တွေ အနည်းငယ် အေးနေသည်မှလွဲ၍ စားကောင်းပါသည်။ စားပြီးတော့ အသီးသီး နေရာတွင် ပြန်ထိုင်ကြပြီး ရသမျှ အချိန်လေးမှာ ဘလော့ဂ် ဖတ်သူက ဖတ်၊ ရုပ်ရှင်တို့ ယူကျူ့တို့ ကြည့်သူတွေက ကြည့်…။ သည်တွင် အံ့သြစရာကောင်းပုံက ဘယ်သူ့ ဘယ်သူ ဆီကမှ ဘလော့ဂ်ဖတ်ရတာ ပျင်းလိုက်တာ… ရုပ်ရှင်ကြည့်ရတာ ပျင်းလိုက်တာ… သီချင်းနားထောင်ရတာ ပျင်းလိုက်တာ… ဟူသော အသံမျိုး မကြားရခြင်းပင်။

အချိန်တန်တော့ ဖတ်လက်စတွေ ကြည့်လက်စတွေ နားထောင်လက်စတွေ အသာ ချပြီး အလုပ်ပြန်စဖို့ ပြင်ကြရသည်။ တခဏ အကြာမှာ စားထားသော KFC ၏ တန်ခိုးတော်ကြောင့် မျက်စေ့များ လေးစင်းလာသည် ဟူသော အသံများ ဟိုမှ သည်မှ ကြားလာရသည်။ အလုပ်ထဲမှာ အာရုံစိုက်၍ မရတော့ပြီ ဟု ဆိုကာ အသီးသီး ကော်ဖီဖျော် ထွက်ကြပြန်သည်။ ပြီးတော့ သူ့မှာ ကိုယ့်မှာ ရှိနေတတ်ကြသော စားစရာ အချို အချဉ် များ ရှာဖွေကာ လဲလှယ် စားသောက်ကြပြန်သည်။ အိပ်ချင်ပြေ အပျင်းပြေ မတ်တပ် မတ်တပ် ဟိုလျှောက် သည်လျှောက် လျှောက်နေကြသည်။ ထို့အပြင် “ပျင်းလိုက်တာနော်… ၆ နာရီရယ် မြန်မြန်ထိုးပါတော့…” ဟု ရေရွတ်နေသူရှိသလို ၆ နာရီထိုးရန် မည်၍ မည်မျှ လိုသေးသည်ကို တိုင်းတာ တွက်ချက်နေသူလဲ ရှိသည်။

ရုံးမဆင်းခင် ပျင်းပျင်းနှင့် ဂျီတော့ခ်မှာ သူငယ်ချင်းတွေနှင့် စကားပြောမိသေးသည်။ မီးစိမ်းလေး လင်းနေသော သူငယ်ချင်းတယောက်ကို “ပျင်းလိုက်တာဟာ…” ဟု ပြောလိုက်သောအခါ သူက “အင်းလေ… ငပျင်းတွေကလည်း တဖြည်းဖြည်းနဲ့ များ များလာတယ်…” ဟု ထောက်ခံလေသည်။ နောက်တယောက်ကတော့ ကိုယ့်ကို “ပျင်းတယ်… သီချင်းဆိုပြပါ…” ဟု ပြောလာသောကြောင့် အခြေအနေ အချိန်အခါ နှင့် လိုက်ဖက်ညီသော သီချင်းတပုဒ် ဆိုပြလိုက်မိသေးသည်။

Rain.. Rain… Go Away…
Come again Another Day…
All the Children Want to Play…
Rain.. Rain… Rain… Go Away…!!!

ကဲ… မကောင်းလား…။

သူငယ်ချင်းနှင့် စကားပြောနေစဉ် အပျင်းပြိုင်ကြသူများ အကြောင်း ပုံပြင်ကို သတိရနေမိသေးသည်။ သို့သော် ထိုပုံပြင်ကိုတော့ အားလုံး သိပြီးသား ဖြစ်နေသည်က တကြောင်း၊ ပြောရမှာ ပျင်းနေသည်က တကြောင်းတို့ကြောင့် မပြောဖြစ်တော့ပါ။

သည်လိုနှင့် အိမ်ပြန်ချိန်ရာက်လာသည်။ အိမ်ပြန်ရမှာ ပျင်းလိုက်တာ ဟု ပြောမည့်သူများ ရှိနေမလားဟု အသာ နားစွင့်နေမိသေးသည်။ သို့သော် မည်သူမျှ မပြောကြ။ ပျော်ပျော်ပါးပါးနှင့် အလှအပများ ပြင်ဆင်ကာ အိမ်ကိုပြန်ကြလေသည်။

အိမ်ရောက်သောအခါ ကိုယ့်ရုပ်ကိုကြည့်ကာ ဘယ်လို ကောက်ချက်ချလိုက်ကြသည် မသိ…။ “ညစာ ချက်ရမှာ ပျင်းနေလား… ပျင်းရင် အပြင်မှာ သွားစားကြမယ်လေ မိုးလဲ တိတ်သွားပြီ…” ဟု ချစ်သူများက ဆိုလာသောကြောင့် သဘောတွေ့သွားသည်မှာ ဆိုဖွယ်ရာမရှိ…။ ကိုယ့်လို ပျင်းတတ်သောသူတွေကြောင့် ဆိုင်ပြည့်နေသည်။ သည်လိုနှင့် ညစာကို အပြင်မှာ ပျင်းပျင်းနှင့် စားခဲ့သည်။

အိမ်ရောက်သောအခါ အများပြည်သူများ တီဗွီကြည့်နေကြစဉ် ကိုယ်က ရေမိုးချိုးပြီး ကော်ဖီ တခွက်ဖျော်၊ ဖတ်လက်စ စာအုပ်တအုပ် ကောက်ကိုင်ကာ ဇိမ်လုပ်ရန် စိုင်းပြင်းလေသည်။ ဘယ်လောက်မှ မကြာလိုက် ဟု ထင်ရသည်။ အချိန်ကား ၁၂ နာရီ ခွဲနေလေပြီ…။ မအိပ်ချင်သေးသော်လည်း ပျင်းပျင်းနှင့် အိပ်ရတောာ့မည်။ မနက်ဖြန်လဲ ပျင်းပျင်းနှင့်ပင် အလုပ်သွားရပေအုံးမည်။ သေချာတာတခုကတော့ ကိုယ် စိတ်မဝင်စားပဲ ပျင်းရိသော အရာများအတွက် အချိန်တွေ ကုန်နိုင်ခဲသလောက် ကိုယ် စိတ်ပါဝင်စားပြီး ပျော်မွေ့သော အရာများအတွက်မူကား အချိန်တို့သည် အလွန်တရာမှ ကုန်ဆုံးလွယ်သည်ပဲ…။

ကိုယ်သည် အစစ အရာရာတွင် သေချာချင်သူ တယောက်ဖြစ်သည်။
ထိုအခါ ကုန်လွန်သွားသော နေ့စွဲများတွင် စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ၊ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ လုပ်စရာရှိသည်များကို ဝတ္တရားအတိုင်း (ပျင်းပျင်းနှင့်) လုပ်ကိုင်နေကြရင်း အချိန်တွေကုန် နေကြရသည်မှာ ကိုယ်တယောက်ထဲ မဟုတ် ဆိုသည်ကို သေချာချင်သော စိတ်ဆန္ဒကြောင့် ဤပိုစ့်ကို ရေးပါသည်။ ပျင်းတတ်သောသူ အချင်းချင်း ပျင်းဖေါ်ညှိသည် ဟုလည်း ဆိုနိုင်ပါသည်။

စိတ် သဘောထားချင်း တိုက်ဆိုင်သူများ အားပေးခြင်းအမှု ပြုကြပါကုန်…။


20 comments:

  1. မှတ်ချက်ရေးရမှာတောင် ပျင်းတယ်... အဲလောက်တောင် ပျင်းနေတယ် အမရေ..:D

    ReplyDelete
  2. မပျင်းပါဘူး...ဒီနေ့မှ လွတ်လပ်ရေး သေချာရတာ။ ရုပ်ရှင်ကြည့်စရာတွေ အများကြီးရှိတယ်။ မပျင်းဘူး...မပျင်း..မပျင်း..မပျင်း။
    အပေါ်ကမှတ်ချက်ရှင်ကလဲ နေရာတိုင်းမှာ သူချည်းပဲ။ တွေ့တွေ့နိုင်လွန်း။

    ReplyDelete
  3. မအယ် တို့ ငယ်ငယ်က little Arthur wants to play နေရာမှာ fatty.... wannts to play လို့ မအယ် နာမည် ထဲ့ ဆိုခဲ့ကြတယ်။

    မိုးအေးရင် မပျင်းဘူး။ အရမ်းပျော်တယ်။ မိုးကြီးလည်း ပျော်တယ်။ စွေနေလည်း ပျော်တယ်။ အလိုလို ပျော်တာ။ မိုးရေထဲ လမ်းလျှောက်ရတာ ကြိုက်တယ်။

    မအယ်

    ReplyDelete
  4. ပျင်းဘူး၊ မပျင်းပါဘူး လို့

    ပျင်းလို့ ဂျီကျမိပါတယ်။

    ReplyDelete
  5. ဒီပုံအတိုင်းဆို...ဘဘလီ တို့.. လေးလေးလီ တို့ နိုင်ငံကြီးတော့..ကုန်ထုပ်အားတွေ ကျပြီး.. လေထု ညစ်ညမ်းမူတွေပဲ များကုန်တော့မယ်...( ကားတွေ စီးကြလို့ ပြောတာပါ..)း))

    ReplyDelete
  6. ပျင်းစရာကောင်းတာကို ဖတ်ရတာ ပျော်စရာကောင်းတယ်။

    ReplyDelete
  7. “စိတ်ပါလျှင် ပိုပိုပြီး ကောင်းကောင်း မွန်မွန် ချက်တတ်ပါသည်”

    တစ်လုံးချင်း သေချာဖတ်သွားပါသည်။ ခွိ.. မျက်လုံးလှုပ်ပေတော့ဗျို့။

    ReplyDelete
  8. ကိုယ်ရေးရမှာပျင်းလို့ မရေးပဲထားတဲ့ အကြောင်းအရာကို သူငယ်ချင်းမှ ရေးလာတော့ ကျေးဇူးတင်ပါသည်။ Holiday ကလဲ နီးလာတော့ Holiday mood လေးကလဲ အလုပ်သွားရမှာ ပျင်းတာကို တွန်းအားဖြစ်စေပါသည်။

    ReplyDelete
  9. ပျင်းပျင်းနဲ့ ဘလော့ လိုက်ဖတ်နေတာ ကိုယ့်ထက်ပျင်းတဲ့သူတွေ တွေ့လို့ မျက်လုံးကျယ်သွားတယ်။ :))

    ReplyDelete
  10. ဝါး.....ပျင်းလိုက်တာ..

    ReplyDelete
  11. ပျင်းလို့ လာဖတ်တာ ပျင်းသောနေ့တွေ့လို ပျော်သွာတယ်။း)

    ReplyDelete
  12. ပျင်းတာချင်းပြိုင်မလား...ဝါးးးး.........

    ReplyDelete
  13. (သေချာတာတခုကတော့ ကိုယ် စိတ်မဝင်စားပဲ ပျင်းရိသော အရာများအတွက် အချိန်တွေ ကုန်နိုင်ခဲသလောက် ကိုယ် စိတ်ပါဝင်စားပြီး ပျော်မွေ့သော အရာများအတွက်မူကား အချိန်တို့သည် အလွန်တရာမှ ကုန်ဆုံးလွယ်သည်ပဲ…။)

    Relativity Theory ဆိုတာ ဒါလား??

    :)))

    ReplyDelete
  14. ပျင်းတဲ့အကြောင်းလေးကို မပျင်းမရိဖတ်ပါတယ်ခင်ဗျာ..

    ReplyDelete
  15. ပထမဆုံးတက်လာတဲ့နေ့က့ ပျင်းလို့လာမဖတ်ဘူး. နောက်နေ့လာဖတ်တယ။်
    ပျင်းလို့ မမန့်ဘူးရယ။် ဒီနေ့မှ လာရေးဖြစ်တယ။် ဟူး....................
    ပု့
    မမပျင်း

    ReplyDelete
  16. ပျင်းတဲ့နေ့အကြောင်းဖတ်ရမှာ ပျင်းလို့ နောက်မှပဲဖတ်မယ်နော်။

    ReplyDelete
  17. မသက်ဝေ အသစ်တင်တိုင်း မပျင်းမရိဘဲ အမြဲလာဖတ်တယ်။ ကိုယ်တိုင် ပို့စ် အသစ်ရေးဘို့ ကျတော့ ပျင်းနေမိပြန်ရော။

    ReplyDelete
  18. ထောက်ခံပါသည်။ ပျင်းပျင်းနဲ့ လုပ်စရာရှိသည်များကို လုပ်နေရပါသည်။ ဘ၀ကြီးကိုလည်း တခါတရံ ပျင်းမိပါသည်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...