Thursday, January 7, 2010

တိမ်အလိပ်လိပ် နှင့် ငွေအစိတ်

ဟိုတလောကပဲ နှစ်ကျပ်ခွဲ ဇာတ်လမ်း… ဒီတခါ လာပြန်ပြီ ငွေအစိတ် တဲ့…။ ဘယ်လိုပါလိမ့် လို့ မတွေးပါနဲ့…။ မနေ့ညက အိပ်ခါနီး မေမေပြောပြတဲ့ ပေါ့ပေါ့ပါးပါး ရယ်စရာလေး တခုကို ပြန်ပြောပြချင်လို့ပါ။

ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ အလွန်ရိုးသားတဲ့ တောင်သူလယ်သမား လင်မယား နှစ်ယောက်မှာ သားလေးတယောက် ရှိသတဲ့…။ မိဘတွေက သားကို ပညာတွေ တတ်စေချင်ကြတော့ လယ်အလုပ် အိမ်အလုပ်တွေ မလုပ်ခိုင်းပဲ ကျောင်းကိုပို့ပြီး ပညာသင်စေသတဲ့…။ ဒီလိုနဲ့ အဲဒီသားလေးဟာ သူတို့ ရွာလေးကနေ မူလတန်း အလယ်တန်း ပညာတွေ သင်ပြီး မြို့ကျောင်းမှာ အထက်တန်းပညာ သွားတက်ရင်း ဆယ်တန်းစာမေးပွဲကို အောင်မြင်လာခဲ့သတဲ့...။ ဒီအခါ ပညာမတတ်လို့ လယ်သမားဘဝကနေ မတက်နိုင်ကြတဲ့ အဖေနဲ့ အမေဟာ သူတို့မှာ ရှိသမျှ စုဆောင်းထားတဲ့ ငွေစလေးတွေနဲ့ သားကို တက္ကသိုလ်ကျောင်းတော်ကြီးကို ပညာသင် လွှတ်ဖို့ ပြင်ကြတယ် တဲ့…။ အဲဒီခေတ်က ကျေးလက် တောရွာလေးတွေမှာ တက္ကသိုလ်ကို ပညာသွားသင်နိုင်တဲ့သူ အလွန် နည်းပါးတာကြောင့် ဒီကလေးတယောက် တက္ကသိုလ်ကို ပညာသင် သွားရတော့မယ်ဆိုတဲ့အခါ တရွာလုံးက အလွန် ဝမ်းမြောက် ဝမ်းသာနဲ့ ပီတိတွေ ဖြစ်နေကြတာပေါ့…။ သွားမယ့်နေ့မှာ သဘောင်္ဆိပ်ကို ရွာလုံးကျွတ် လိုက်လံပို့ဆောင်ကြသတဲ့…။

အဖေနဲ့ အမေကလဲ ရုပ်ရှင်တွေထဲမှာ ပြောကြသလို “သား.. လူလေး.. ဟိုရောက်ရင် အမေတို့ဆီ စာရေးနော်… ကျန်းမာရေးလဲ ဂရုစိုက်.. ငွေလိုရင် အချိန်မရွေးမှာနော်…” စသည်ဖြင့် တတွတ်တွတ်နဲ့ မှာကြားလေသတဲ့…။ “သားရေးတဲ့စာကို အမေတို့ မဖတ်တတ်ပေမယ့် ရွာဦးဘုန်းကြီးကျောင်းက ကပ္ပိယကြီး ဖတ်ပြလိမ့်မကွဲ့…” လို့လဲ ပြောလိုက်သေးသတဲ့…။

ဒီလိုနဲ့ ကျောင်းတော်သားကြီးဆီက ပထမဆုံး စာလာတဲ့အခါမှာ မိဘနှစ်ပါးဟာ ဝမ်းသာလွန်းလို့ ထမင်းတောင်ပြီးအောင် မစားနိုင်ပဲ ရွာဦးဘုန်းကြီးကျောင်းက ကပ္ပိယကြီးဆီ အပြေးသွားကြသတဲ့…။ တလမ်းလုံးလဲ တွေ့သမျှလူတိုင်းကို သားဆီက စာလာကြောင်း စာအိပ်လေး တပြပြနဲ့ပေါ့…။ ဒီအခါမှာ ရွာထဲက ရှားရှားပါးပါး တက္ကသိုလ်ကျောင်းသားကြီးအတွက် ဝမ်းသာ ဂုဏ်ယူနေကြတဲ့ ရွာသူ ရွာသားတွေကလဲ စာထဲမှာပါလာမယ့် တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ ရင်သပ်ရှုမော အံ့သြဖွယ် အတွေ့အကြုံတွေကို စိတ်ဝင်တစားနဲ့ နားဆင်ဖို့ ဘုန်းကြီးကျောင်းကို လိုက်ပါသွားကြလေသတဲ့…။ သူတို့ အချင်းချင်းလဲ တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ ခန်းနား ဆန်းပြားပုံတွေ သိရ ကြားရတော့မယ် ဆိုပြီး ပြောနေကြသေးသတဲ့…။
ကပ္ပိယကြီးဆီရောက်တော့ စာအိပ်ကို တယုတယ ဖေါက်ပြီး စာဖတ်ဖို့ပြင်တဲ့အခါ ပရိတ်သတ် အားလုံးကလဲ ငြိမ်သက် တိတ်ဆိတ်ပြီး နားထောင်ဖို့ အသင့် ဖြစ်နေကြတာ တဲ့…။ ကပ္ပိယကြီး ဖတ်ပြလိုက်တဲ့ စာကတော့…

အဖေ နဲ့အမေ
သား စာရေးလိုက်ပါသည်။
ကျောင်းမှာ ရာသီဥတု အလွန်သာယာ ကြည်လင်ပါသည်။
တိမ်အလိပ်လိပ် နှင့် ငွေအစိတ်ပို့လိုက်ပါ ခင်ဗျား…
တဲ့…။

အဲဒီ စာတိုတိုလေး အဆုံးမှာ သူတို့တွေအားလုံးဟာ သူတို့မျှော်လင့်ထားသလို တက္ကသိုလ် ကျောင်းတော်ကြီးရဲ့ ခန်းနား ဆန်းပြားပုံတွေ မကြားရ မသိရပဲ မိဘတွေဆီကို ပိုက်ဆံမှာတဲ့စာ ဖြစ်နေလေတော့ အားလုံးလဲ ငိုအားထက် ရယ်အားသန်နဲ့ပေါ့…။ အဲဒီအချိန်ကစပြီး ရွာထဲမှာ တခုခုကို မဆီမဆိုင် (သို့) အကြောင်းမဲ့ လိုချင်ကြတိုင်း “တိမ်အလိပ်လိပ် နှင့် ငွေအစိတ်ပို့လိုက်ပါ…” လို့သာ ပြောဆို သုံနှုန်းကြတော့သတဲ့…။

ကိုယ်ဖြင့် အဲဒီ ရယ်စရာ ပုံပြင်လေးကို ကြားရတော့ ကျောင်းတုန်းက သူငယ်ချင်းတွေ ပိုက်ဆံလိုလို့ အိမ်ကို ပြန်မှာကြရတိုင်း ရယ်စရာအဖြစ် ပြောတတ်ကြတဲ့ "သမီး ရဲ့ လော့ဂ်ရစ်သမ်ကြီး လွတ်ကျ ကွဲသွားလို့..." တို့၊ "သား ရဲ့ တီစကွဲကြီး ပေါက်ထွက်သွားလို့ ..." တို့ အစရှိတဲ့ ဆင်ခြေ ဆင်လက် အကြောင်းပြချက် မျိုးစုံတွေနဲ့အတူ ကျောင်းသားဘဝရဲ့ အပြစ်ကင်းစင်မှုတွေရယ် အပူအပင် ကင်းစင်စွာနဲ့ လွတ်လပ် ပေါ့ပါးလှတဲ့ ပျော်စရာ အချိန်ကာလတွေရယ်ကို သတိရ လွမ်းဆွတ် နေမိတော့တာပါပဲ…။


16 comments:

  1. အမေနေကောင်း၊ သားဆုတောင်း
    ပိုက်ဆံ (၂)သောင်း ပို့လိုက်ပါ။

    ReplyDelete
  2. ငွေအစိတ်ကတော့ ဟုတ်ပါရဲ့ တိမ်အလိပ်လိပ်က ဘာဘာလိမ့်။

    ReplyDelete
  3. :) တိမ်အလိပ်လိပ်နဲ့ ငွေအစိပ်..
    လမ်းကြုံရင် ဓါတ်ပုံလှလှလေး ရိုက်ပေးပါရန်။
    mm

    ReplyDelete
  4. ဘလော့ကြီးပေါက်သွားလို့ ပြင်ဖို့ ငွေနှစ်ရာလောက် ပို့လိုက်ပါ။ :P

    ReplyDelete
  5. အဆောင်နေပြီး အိမ်ကို ငွေပြန်မမှာရတာကိုက ကံခေခဲ့တာပါကွယ် အဟင့်။ လုံလောက်အောင်ပေးထားလို့တော့ မထင်နဲ့။ အိမ်နဲ့နီးလို့။ လော်ဂရပ်သမ်တို့၊ တီစကွဲယားတို့ဆိုတာ အမေက ကလူသစ် ကျောင်းမတက်ခင်ကထဲက နောကျေပြီးသား :(

    ReplyDelete
  6. တိမ်အလိပ်လိပ်က ဘာဖြစ်လို့ပါရတာပါလိမ့်၊
    တုံးလိုက်တာနော် (ကိုယ့်ကိုယ်ကို ပြောတာပါ)

    ReplyDelete
  7. မအပြုံးပန်းတို့ပြောသလိုပဲ..
    တိမ်အလိပ်လိပ်ကို နားမလည်ပါ။။


    ပေါက်ထုံ

    ReplyDelete
  8. ရှင်းလင်းချက်ထည့်ပေးပါ။

    ReplyDelete
  9. တက္ကသိုလ်ကျောင်းတော်ကြီးလှလိုက်တာ တိမ်အလိပ်လိပ်နဲ့လို့ ပြောချင်တာများလား?

    ReplyDelete
  10. မယ်သက်ရေ..
    ကိုကြီးကျောက်ငယ်ငယ်က..အိမ်ကိုကြိုပြောထားတာ..
    စာလာရင်ငွေလိုလို့ ..စာမလာရင် နေကောင်းလို့ဆိုပြီး..
    တိမ်အလိပ်လိပ်တော့ မပါဘူး..အဟဲ

    ReplyDelete
  11. မုန့်ဖိုးတောင်းနည်း တမျိုးပေါ့နော် အဲ့ဒီခေတ်က အစိတ်က တလစာ လောက် ရမယ်ထင်တယ်နော်

    ReplyDelete
  12. တိမ်အလိပ်လိပ် နဲ့ ငွေအစိတ်ပို့လိုက်ပါ ဆိုတာက မဆီမဆိုင်နဲ့ ပိုက်ဆံပို့ခိုင်းတဲ သဘောပါပဲ... မီယာပြောသလို မုန့်ဖိုးတောင်းနည်း တမျိုးပေါ့... ဒီ့ထက် နက်နဲတဲ့ အဓိပ္ပါယ်တွေ မရှိပါဘူး...။
    ကျောင်းကြီးက သာယာတယ်...
    တိမ်တွေရှိတယ်... ငွေအစိတ်ပို့လိုက်ပါ လို့ ပြောတာပေါ့လေ...
    Blind Shot ပေါ့...း))

    လာဖတ်ပြီး မှတ်ချက်ရေးသွားကြသူတွေကို ကျေးဇူးတင်ပါတယ်...။ ကိုယ့်ရဲ့ မရှင်း မရှင်း အရေးအသားကြောင့် တွေးမရတဲ့သူတွေ ဆောရီးပါ...။
    အိုကေ... Have a nice weekend ahead...!!!

    ReplyDelete
  13. Need 2 repair hunting rifle :) (mail of my friend University student 2 his parents ,he is son of .... )

    ReplyDelete
  14. ကိုကြီးကျောက် ဆီဘောက်စ်မှာ ပြောသွားသလို ဒီတခါ ဆယ်ဆတိုးသွားတာ တို့လည်း သတိထားမိတယ်။

    နှစ်ကျပ်ခွဲဇတ်လမ်း

    တိမ်တွေဟာ သိပ်လှတာပဲ ... ယုံလိုက်ပါ

    တိမ်အလိပ်အလိပ်

    ငွေအစိတ်
    ...
    အင်း ဆက်စပ်တွေးကြည့်လိုက်တော့...
    ကိုကြီး အစား မျက်ခုံးလှုပ်လိုက်တာ
း))

    ReplyDelete
  15. " ဖတ်ဖို့ ရောက်တာ သုံးရက်
    ဓါတ်မပေါက်ပါ တုံးချက်
    ခုလိုလာ ရှင်းပြမှ .... သိပါတယ်ကွာ
    ဆရာ လာ မလုပ်နဲ့......."

    (ချစ်ခဲ့ တာ ၄နှစ် ၊ အပြစ်မဲ့စွာ ဝေးလွင့် သံစဉ် နှင့် ဆိုရန်...)

    ပုံ/ စိုင်းစိုင်း ချစ်ကြည်
    စိုင်းစိုင်းကျောက်လှိုင်အား အပြတ်ကျောသွား၏...။

    ReplyDelete
  16. မမသက်ဝေလဲ တိမ်နဲ့ ပိုက်ဆံနဲ့ မပါရငါ post မတက်တော့ဘူး၊ ဟိ.. ချစ်လို့စတာ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...