Sunday, January 10, 2010

ကိုယ့်ရဲ့ နေ့များ အကြောင်း

တရက်က သူငယ်ချင်း တန်ခူး နဲ့ စကားပြောဖြစ်တော့ သူက မေးတယ်။ သက်ဝေ ဘယ်အချိန်တွေ စာရေးသလဲ တဲ့။ ဒီရက်တွေမှာ ကိုယ် အရမ်း အလုပ်များတာ သူ သိတယ်လေ။ အိမ်အလုပ်၊ ရုံးအလုပ်၊ မိသားစု တာဝန်၊ ဆွေရေး မျိုးရေး တာဝန်တွေ အပြင် လူမှုရေး တာဝန်တွေ အများကြီးနဲ့ တနေ့တနေ့ အချိန်တွေကုန်နေရတာ သူ သိတယ်…။ ဒါကြောင့် မေးတာပါ။ ဒီတော့ တပတ်ကို အနည်းဆုံး တပိုစ့်၊ တလကို ပိုစ့် ငါးခု ခြောက်ခု လောက် မှန်မှန်တင်နေနိုင်တဲ့ ကိုယ့်ရဲ့ နေ့တွေ နဲ့ ကိုယ့်ရဲ့ တနေ့တာ အချိန်တွေကို ဘယ်လို သုံးတယ် ဆိုတာကို ပိုစ့်တခု ရေးပြီး ပြောပြပါလား တဲ့…။

သူကမေးလာတော့ အဲဒီအကြောင်းတွေကို အကယ်ပဲ ပြောပြချင်မိတယ်။ ဒါပေမယ့် အခုတလောမှာ ကိုယ့် ပိုစ့်တွေက personal တွေ သိပ်များနေလို့ စာဖတ်သူတွေကို အားနာနေတာ…။ သို့သော်လည်း ရေးလိုက်မိပြန်ပြီ…။ ဖတ်ရတာ ပျင်းစရာကောင်းနေရင်လဲ စိတ်မရှိကြပါနဲ့နော်…။ နောက်ကို ဆင်ခြင်မယ်လေ… အိုကေ…း))

ကိုယ်က စိတ်မြန်တယ်။ စကားပြောတာလဲ မြန်တယ်။ လမ်းလျှောက်တာလဲ မြန်တယ်။ ဆုံးဖြတ်ချက်ချရင်လဲ မြန်တယ်။ အိမ်အလုပ် လုပ်ရင်လဲ မြန်တယ်။ ထမင်း ဟင်းချက်ရင်လဲ မြန်တယ်။ ဘာလုပ်လုပ် မြန်မြန် ဆန်ဆန် လုပ်လိုက်တာ ချည်းပဲ။ အဲဒါက ကိုယ့်ရဲ့ အဓိက အားသာချက်တခုပါ။ (နဲနဲမှ စိတ်မရှည်တတ်ဘူးလို့ ပြောရင်လဲ ရပါတယ်။) တခါတလေ မလုပ်ချင်လို့ ပျင်းလို့ အချိန်တွေ ဆွဲနေတတ်တာမျိုးတွေ ရှိပေမယ့် တကယ်တမ်း လုပ်ရပြီဟေ့ ဆိုရင်တော့ သွက်သွက် လက်လက်ပဲ။ နှေးတုံ့ နှေးတုံ့ လုပ်နေလေ့မရှိသလို အဲဒီလို နှေးကွေးတဲ့သူတွေကိုလဲ မနှစ်သက်တတ်ဖူး။

အလုပ်သွားရတဲ့ ကြားရက် ငါးရက်စလုံးမှာ နေ့လည်စာကို စားချင်ချင် မစားချင်ချင် အပြင်မှာပဲ စားကြရတယ် မဟုတ်လား။ ဒါကြောင့် ညစာကိုတော့ အိမ်ထမင်း အိမ်ဟင်း စားနိုင်အောင် ကြိုးစားပြီး ချက်စားပါတယ်။ အတတ်နိုင်ဆုံး ကောင်းကောင်းမွန်မွန် ဖွယ်ဖွယ်ရာရာလဲ ချက်ပါတယ်။ အိမ်ရှင်မတယောက်ဖြစ်တဲ့အတွက် ထမင်း ဟင်းချက်ရုံနဲ့ ဘယ်ပြီးမှာလဲ။ မိသားစုရဲ့ ဝေယျာဝစ္စ၊ ဘုရား ဝေယျာဝစ္စ၊ အိမ်သန့်ရှင်းရေး၊ ဈေးဝယ်၊ အဝတ်အစားတွေ လျှော်ဖွတ်၊ မီးပူတိုက် တာတွေကအစ သစ်ပင် ပေါက်စလေးတွေ ရေလောင်းတာ အဆုံး အားလုံး လုပ်ရတာပါ။ အမျိုးသားက သူ တတ်နိုင်သလောက်တော့ ကူညီပါတယ်။ သူက အလုပ်များတော့ မနက်စောစော Breakfast ပြင်ပေးတာ၊ ညနေဖက် အိမ်ကို စောစော ပြန်ရောက်တဲ့နေ့ကျရင် ထမင်းချက်ထားတာ၊ အသီးအရွက်တွေ ကြော်ထားတာမျိုးတွေ လုပ်ပေးတတ်ပါတယ်။ ကိုယ့်အတွက်ကတော့ ကိုယ့်ကို သူ ကူညီနိုင်တာ၊ မကူညီနိုင်တာက အရေးမကြီးပါဘူး၊ ကိုယ်လုပ်ပေးနေသမျှကို ဂျီးမများဖို့ပဲ အရေးကြီးတာပါ။ ကံကောင်းချင်တော့ သူက ကိုယ်ဘာလုပ်လုပ် ကျေကျေနပ်နပ် လက်ခံတတ်တဲ့သူ တယောက် ဖြစ်နေပါတယ်။

မနက်စောစော သူပြင်ပေးတဲ့ မနက်စာစားပြီး ၈ နာရီဆို အတူတူ အိမ်က ထွက်ပါတယ်။ သူ့ရဲ့ မနက်စာတွေကတော့ အများအားဖြင့် ပေါင်မုန့် ထောပတ် ကြက်ဥ နဲ့ ကော်ဖီ ပေါ့။ မနက်ဖက် မိုးရွာတဲ့နေ့ဆို သူ့ကို လိုက်ပို့ဖြစ်တယ်။ မိုးမရွာရင်တော့ သူ့ဟာသူ သွားတယ်။ အိမ်နဲ့ သူ့အလုပ်နဲ့က နီးတယ်။

ညနေ ၆ နာရီ ရုံးဆင်းပြီး ၆ နာရီခွဲရင် ကိုယ် အိမ်ရောက်ပြီ။ ညနေပိုင်းကတော့ Traffic ကြောင့် အချိန်ကုန်လို့ သူ့ကို မကြိုဖြစ်တာ များတယ်။ အိမ်ရောက်ရင် ညနေချက်စရာ အသားတွေကို မနက်ထဲက ရေခဲသတ္တာ အောက်ထပ်မှာ ချထားခဲ့တာမို့ အဆင်သင့် ချက်လို့ရပါတယ်။ ကြက်သား၊ ဝက်သား၊ ဘဲသား အဲလို အသားတွေကို ချက်ရင် Pressure Cooker နဲ့ ပဲချက်တယ်။ အာလူးထည့်မယ်ဆိုရင်လဲ အသားနဲ့ အတူတူပဲ ရောထည့်ပြီး ချက်လိုက်တယ်။ Pressure Cooker က အချိန်ကုန် သက်သာတယ်၊ အနံ့ထွက်တာ သက်သာတယ်၊ နံရံကို ဆီစက်တွေ စင်တာလဲ သက်သာတဲ့အတွက် သန့်ရှင်းရေးလုပ်ချိန်လဲ သက်သာတယ်။ ဆီသတ်ချိန် ၅ မိနစ်၊ အဖုံးပိတ်ပြီး ချက်ချိန် ၁၀ မိနစ်… ဒါဆို စားလို့ရပြီ။ ငါးတွေ ပုဇွန်တွေ ချက်ရင်လဲ တူတူပဲ… ငါး အနွေး၊ ပုဇွန် အကွေး လို့ ဆိုကြတယ် မဟုတ်လား။ ဒီတော့ ငါးတို့ ပုဇွန်တို့ကို ချက်ရတာလဲ အချိန်သိပ်မယူပါဘူး။

ဟင်းချို ဟင်းခါး ၅ မိနစ် ကနေ ၁၀ မိနစ်၊ အရွက် အစိမ်းကြော်ရင် ၅ မိနစ်၊ တခါတခါ ကိုက်လန်လို နဲနဲမာတဲ့ အရွက် ကြော်မယ်ဆို မကြော်ခင် ရေစင်စင်ဆေးပြီး Microwave ထဲမှာ ၃ မိနစ်လောက် ပေါင်းသလို လုပ်ပြီးမှ ကြော်တယ်။ စုစုပေါင်း ၆ မိနစ် ၇ မိနစ်ထက် ပို မကြာဘူး။ သရက်ချဉ်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ ဆလပ်ရွက်သုပ်… စားလို့ကောင်းတယ် လုပ်ရတာ လွယ်တယ်။ ၁၀ မိနစ်ထက် ပိုမကြာဘူး။ ဒီတော့ နောက်အကျဆုံး ၇ နာရီ ၁၅ မှာ ညနေစာ စားလို့ရပြီ။ စားချိန်… ဖြေးဖြေးစားတာတောင် ၁၀ မိနစ် အလွန်ဆုံးပဲ။ စားတာ နည်းလို့ပါ လို့ ပြောရင် ဝ မှာစိုးလို့လား ဆိုတဲ့ မေးခွန်းက ဆက်လာအုံးမယ်…။ တခါတည်း ဖြေလိုက်မယ်နော်… ဝမှာ မစိုးရိမ်ပါဘူး ဝပြီးသားပါ…။

ကြားရက်တွေမှာ Electric Oven ကိုတော့ သိပ်မသုံးဖြစ်ဘူး။ သူက အချိန်နဲနဲယူလို့ ပိတ်ရက်တွေမှာပဲ ကြက်တို့ ငါးတို့ ကင်တာရယ်၊ Honey Chicken လေး ဘာလေးရယ် လုပ်ဖြစ်တယ်။

ဒီတော့ ကြားရက်တွေမှာ အားလုံး ချက်ပြုတ် စားသောက် ဆေးကြော သိမ်းဆည်းပြီး ၇ နာရီခွဲ ဆိုရင် ကိုယ်တို့ရဲ့ ညစာဟာ ပြီးပြီ။ ဟင်းချက်နေတုန်းမှာ အဝတ်တွေ လျှော်ထားတာတို့၊ လျှော်ပြီးသားတွေကို အခြောက်ခံထားတာတို့ လုပ်တယ်။ မိုးမရွာတဲ့ ညနေတွေဆို ထမင်းစားပြီး အိမ်အောက်ဆင်းပြီး နာရီဝက်လောက် လမ်းလျှောက်လိုက်သေးတယ်။ ည ၈ နာရီကျော် အိမ်ပေါ်ပြန်ရောက်လာရင် နားချင်ရင်လဲ ရတယ်၊ တီဗွီကြည့်ချင်ရင်လဲ ရတယ်၊ စာရေး စာဖတ်ချင်ရင်လဲ ရတယ်။ ဒါမှမဟုတ် မီးပူတိုက်တာ အိမ်သန့်ရှင်းတာ ဖုန်စုတ်တာတွေ လုပ်ရင်လဲ ရတယ်။ များသောအားဖြင့်တော့ ကြားရက် ၅ ရက်မှာ သောကြာနေ့ကို Family Day out အတွက် ချန်ပြီး ကျန်တဲ့ လေးရက်ထဲမှာ အနည်းဆုံး နှစ်ရက်လောက်ကိုတော့ အိမ်အလုပ်တွေ လုပ်ဖြစ်တယ်။ မဟုတ်ရင် စနေ တနင်္ဂနွေကျမှ စု စု ရှင်းရတာ မောလွန်းလို့။

ဘာပဲဖြစ်ဖြစ် အလွန်ဆုံး ည ကိုးနာရီခွဲ ဆယ်နာရီဆို အလုပ် တကယ်ပြီးပါတယ်။ ပြီးရင် ရေမိုးချိုးပြီး စာရေး စာဖတ်လုပ်လို့ ရပြီ။ ညတိုင်းလိုလို နောက်အကျဆုံး ၁၂ နာရီ ခွဲ တော့ အိပ်ပါတယ်။ ဒီတော့ အလုပ်ပြီးချိန်ကနေ မအိပ်ခင် အထိအချိန် ကိုယ်ပိုင်အချိန် နှစ်နာရီ သုံးနာရီတော့ ရှိနေပါတယ်။ နှစ်နာရီ၊ သုံးနာရီ ဆိုတဲ့ အချိန်ဟာ တခုခုလုပ်ဖို့အတွက် တကယ်လုံလောက်တဲ့ အချိန်ပါ။ စိတ်ထဲမှာ ရေးစရာ တွေးထားပြီးသား ရှိနေရင် ပိုစ့်တခုလဲ ပြီးနိုင်ပါတယ်။ ကြုံလို့ ပြောပြရရင် ကိုယ်က စာရိုက်တာလဲ မြန်တယ်။ မြန်မာစာ လက်ကွက်ကို အံ့မခန်း ကျွမ်းကျင်နေပုံက ကြာလာရင် အင်္ဂလိပ်လို မရေးတတ် မရိုက်တတ်တော့မှာကိုတောင် စိုးရိမ်နေရတဲ့ အဆင့်မှာပါ။ (လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကိုယ့်ကို ဇော်ဂျီလက်ကွက်နဲ့ စပြီး မိတ်ဆက်ပေးခဲ့တဲ့ ညီမလေး ပန်ဒိုရာ ကို ကျေးဇူးတင်ကြောင်း ဒီနေရာမှာ မှတ်တမ်းတင်ထားပါရစေ။)

ပိတ်ရက်မှာ အချိန်မကုန်ရအောင် တပါတ်စာ ဈေးဝယ်တာကို ဖြစ်နိုင်ရင် သောကြာနေ့ည တနေရာရာမှာ ညစာစားအပြီးမှာ Shopping List နဲ့ တခါတည်း ဝင်ဝယ်ပါတယ်။ Holland မှာ စားတဲ့ အခါဆို Holland က Cold Storage မှာ ဝယ်ဖြစ်တယ်။ ဒါပေမယ့် Cold Storage က ပစ္စည်းချင်း တူနေရင်တောင် ဈေးက သိသိသာသာကြီးကို များနေတတ်လို့ မြင်သမျှ မဝယ်ဖြစ်အောင် သတိထားပါတယ်။ NTUC တို့ Giant တို့မှာ မရှိတဲ့ စားစရာတို့ အိမ်သုံးပစ္စည်း တချို့တွေကိုသာ ဝယ်ဖြစ်ပါတယ်။ အဲဒီမှာ အဓိက ဝယ်ဖြစ်တာကတော့ သစ်သီး၊ မုန့် နဲ့ ဘုရားပန်းပါ၊ အဲဒီက အသီးတွေက လတ်ဆတ်တယ်၊ မုန့်တွေက အသစ်အဆန်းတွေ၊ အမျိုးအမည်တွေ စုံလင်လှပြီး ပန်းတွေကတော့ လှလဲလှ၊ တော်တော်လဲ Fresh ဖြစ်ပါတယ်။ တချို့သောကြာနေ့ညတွေမှာ IMM က Giant မှာလဲ ဝယ်တယ်။ အများအားဖြင့်တော့ ညစာစားပြီး အပြန်မှာ အိမ်နဲ့နီးတဲ့ NTUC မှာ ဝယ်ဖြစ်တာ များပါတယ်။ အဲဒီ NTUC က ၂၄ နာရီလုံး ဖွင့်တယ် ဆိုတော့ ညနက်လေ လူရှင်းလေပေါ့... လို့ မထင်လိုက်ပါနဲ့။ ည ၁၂ နာရီ တနာရီမှာလဲ ဆိုင်ထဲမှာ ဈေးဝယ်သူတွေချည်းပဲမို့ ဒီလူတွေ ညမအိပ်ကြဘူးလားလို့ တွေးနေမိတာ ခဏ ခဏပါပဲ။

အိမ်ရောက်ရင် ဝယ်လာတဲ့ အသားတွေ ငါးတွေကို ဆေးကြောပြီး ဟင်းချက်ခါနီးရင် အဆင်သင့်ဖြစ်အောင် တခါတည်းလုပ်၊ ပြီးတော့ ဗူးတွေထဲ ထည့် သိမ်းတယ်။ ပုဇွန်ဆို အကောင်ကြီးကြီး ရွေးဝယ်တယ်။ ဈေးနဲနဲပိုပေးရနိုင်တယ် ဒါပေမယ့် အခွံခွာရတဲ့ အချိန် သက်သာတယ်။ သောကြာနေ့ည ဆိုတော့ လူက အလိုလိုနေရင် ပျော်နေတတ်တာ မဟုတ်လား။ ဒီတော့ ဘာပဲ လုပ်လုပ် သီချင်းလေး တအေးအေးနဲ့ သိပ်ပင်ပန်းတယ် မထင်လှဘူး။ (လူ့စိတ်များ တော်တော်ခက်တယ်နော်…) တခါတခါ ပျင်းရင်တော့လဲ နောက်နေ့မှ ရှင်းမယ်ဆိုပြီး အားလုံး ဖရီဇာထဲ ပစ်ထည့်ထားလိုက်တာပါပဲ…။ အဲဒါတွေ ပြီးလို့ မပျင်းသေးရင် အိပ်လဲ မအိပ်ချင်သေးဘူးဆိုရင် ကော်ဖီတခွက်နဲ့ အတူ စာရေး စာဖတ် သီချင်းနားထောင်တာတွေ၊ ဘလော့ဂ်လည်တာတွေ၊ Facebook မှာ မွှေနှောက်တာတွေ လုပ်လို့ ရသေးတယ်။ Friday night is always young လေ…။

စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်မှာ စနေ တရက်တော့ အပြင်ထွက်ဖြစ်ပါတယ်။ စင်္ကာပူရဲ့ မရှိမဲ့ ရှိမဲ့ နေရာတွေ၊ Shopping Center တွေကို ရောက်ပြီးရင်း ရောက်၊ ဒီလိုပဲ ဟိုကြည့် ဒီကြည့်၊ ဟိုဟာ ဒီဟာလေး ဝယ်၊ ပြီးတော့ စားချင်တာလေး စား၊ ရုပ်ရှင်ကြည့်ချင် ကြည့်…။ တခါတခါတော့ သူငယ်ချင်းတွေနဲ့ တွေ့ကြဖို့ တအိမ်အိမ်မှာ စုကြပါတယ်။ ကိုယ့်အိမ်မှာ စုတဲ့ အခါဆိုရင်တော့ စားစရာပါ စီစဉ်ရတာပေါ့။ ဖြစ်နိုင်ရင် တနင်္ဂနွေနေ့ကို ရှောင်ပြီး စနေနေ့ ညနေမျိုးတွေမှာ ဆုံဖို့ စီစဉ်ကြတယ်။ ပျော်စရာ ကောင်းပါတယ်။ ဒီတော့ ဆန္ဒရှိရင် စနေနေ့ညမှာလဲ ညဥ့်နက်နက်အထိနေပြီး ကိုယ်စိတ်ပါဝင်စားတဲ့ အရာတွေကို အေးအေးဆေးဆေး လုပ်နိုင်ပါသေးတယ်။

တနင်္ဂနွေနေ့မှာတော့ ဟိုက ဒီက ဖိတ်လို့ မသွားမဖြစ် သွားစရာတွေ၊ တခြား ဝေယျာဝစ္စတွေ ဘာမှမရှိဘူး ဆိုရင်တော့ အိမ်မှာပဲ Dry Day ပေါ့။ ချက်ပြုတ် စားသောက် နားနေ၊ စာရေး စာဖတ်၊ တနေ့လုံး နားလို့ စားလို့ အားရ ကျေနပ်ပြီး ပျင်းလာကြရင်တော့ ညနေဖက် West Coast ကို အပြင်လေရှုဖို့ ဒါမှမဟုတ် လမ်းလျှောက်ဖို့ သွားဖြစ်တယ်။ တခါတခါမှာ လမ်းလျှောက်တာက နဲနဲ၊ Mc Donald နဲ့ Mc Café ကို အားပေးကြတာက များနေတတ်တယ်။

ဒါတွေအပြင် ရုံးမှာ အလုပ်နဲနဲပါးတဲ့ နေ့တွေမှာ နေ့လည် ထမင်းစားချိန်ဟာ ကိုယ်ပိုင် အချိန်မို့ လုပ်ချင်တာလေးတွေ လုပ်လို့ ရနိုင်ပါသေးတယ်။ ကိုယ်က နေ့လည်စာကို အပြင်ထွက် စားခဲတယ်။ ပြီးတော့ ထမင်းလဲ မကြိုက်ဘူး။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် မကောင်းပေမယ့် နေ့လည်စာတွေတိုင်းကို ကော်ဖီ ပေါင်မုန့် ပန်းသီးတွေ၊ ကွတ်ကီးတွေ နဲ့ ပျော်မွေ့နေသူပါ။ ဒီတော့ နေ့လည် ထမင်းစားချိန်တွေမှာ Facebook ဝင်တယ်၊ ဘလော့ဂ်တွေ လည်တယ်၊ မှတ်ချက်တွေ ရေးတယ်။ ညက ရေးထားတဲ့ စာတွေကို နဲနဲ ပြန်ပြီး ဟိုပြင် ဒီပြင် လုပ်တယ်။ စိတ်ကူးထဲမှာ တွေးထားတာလေးတွေ၊ သတိရတာလေးတွေရှိရင် ချရေးထားတယ်။

အခုလောလောဆယ်မှာတော့ နှစ်ကျပ်ခွဲ နဲ့ နဲနဲ အလုပ်များနေပြန်ပါတယ်။ ဓါတ်ပုံတွေ ရိုက်ကြည့်တယ်။ ဓါတ်ပုံနဲ့ ပတ်သက်တာတွေကို ရှာဖတ်တယ်။ Lens တွေအကြောင်း ဖတ်ကြည့်တယ်၊ စမ်းကြည့်တယ်။ Photoshop နဲနဲ လေ့လာတယ်။ Picasa မှာ Edit လုပ်တာတွေကို စမ်းကြည့်တယ်။ Flickr မှာ ပျော်နေတယ်။ ကိုယ် စမ်းရိုက်ထားတဲ့ ပုံလေးတွေကို Facebook မှာ တင်မလားလို့ တွေးကြည့်နေမိတယ်။ အခုတော့ ဟုတ်သေးပါဘူး နောက်မှပေါ့လေ…။

ဒီလိုနဲ့ တရက်ပြီး တရက်၊ တပတ် ပြီး တပတ် လည်ပတ်နေပါတယ်။ မပင်ပန်းဘူးလား မေးရင် ပင်ပန်းတယ်လို့ ပြောလို့ရပါတယ်။ တနေ့တာမှာ အိပ်ချိန် ၅ နာရီ ၆ နာရီလောက်ကလွဲလို့ လူက Non-Stop လှုပ်ရှားနေတာကိုး။ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကို ကိုယ့်ခန္ဒာကိုယ်က လက်ခံနေသ၍တော့ အိုကေပေါ့လေ။ မခံနိုင်ပဲ ပျက်စီး ယိုယွင်းလာတဲ့ တနေ့မှာတော့ ကိုယ်လုပ်ချင်တာတွေကို တတ်နိုင်သမျှ လျှော့ရမှာပေါ့။

ကဲ… သူငယ်ချင်းရေ… ကိုယ့်ရဲ့နေ့တွေရယ်၊ ကိုယ့်ရဲ့ အချိန်တွေရယ်၊ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေရယ် အကြောင်း ပြောပြလိုက်ပြီနော်…။ အခုလောက်ဆို ကိုယ် ဘယ်အချိန်တွေ စာရေးတယ် ဆိုတာလဲ သိရောပေါ့…။ ကိုယ်ဟာ အများသူငါတွေလို သာမန်လူသားတယောက်သာ ဖြစ်တာမို့ ကိုယ့်ရဲ့နေ့တွေကလဲ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ အဓိက ကတော့ စိတ်ဆန္ဒ ပါပဲ။ ကိုယ်လုပ်ချင်တာတွေ လုပ်လို့ရဖို့အတွက် ကျန်တဲ့ ဝေယျာဝစ္စတွေကိုလဲ မလစ်ဟင်းစေရအောင် ကြိုးစားရင်း အချိန်ကို ရသလို လှည့်ယူနေတာ ဆိုရင်လဲ မမှားပါဘူး။

လူ့ဘဝဆိုတာ တိုတိုလေးပါ။ အဲဒီလို လူ့ဘဝ တိုတိုလေးမှာ ကိုယ် လုပ်ချင်တာတွေရယ်… လုပ်သင့် လုပ်ထိုက်တာတွေရယ်… မဖြစ်မနေ လုပ်ရမှာတွေရယ်… အဲဒါတွေ အားလုံးကို မျှမျှတတနဲ့ စိတ်အေးချမ်းသာစွာ လုပ်ဆောင်သွားနိုင်ဖို့က အရေးကြီးတယ်လို့ ကိုယ် အမြဲယုံကြည်နေပါတယ်။



မှတ်ချက်။ ။ အလုပ်များပြီး အာရုံတွေနောက်၊ စိတ်တွေနောက်နေလို့ ပိုစ့်အသစ်တင်ဖို့ တွေးမရ ရေးမရတဲ့ အချိန်မှာ ပေါ့ပေါ့ပါးပါး ရေးစရာလေးတခုရအောင် ရှာပေးခဲ့တဲ့ သူငယ်ချင်း တန်ခူး (လေနုအေး) ကို ကျေးဇူးတင် ချစ်ခင်စွာဖြင့် ဤပိုစ့်ကို ရေးပါသည်။ ရေးပြီးသောအခါ ပိုစ့်ခေါင်းစဉ်ကို ဆရာမ ဂျူး၏ “ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ” ကို သေသေချာချာကြီး အတုခိုး၍ “သူငယ်ချင်း မေးတဲ့ ကျွန်မရဲ့ နေ့တွေ” လို့ ပေးဖို့ ကြံစည်မိသေးကြောင်းကိုပါ တခါတည်း ဝန်ခံလိုက်ပါသည်... :D

မွေးနေ့ အမှတ်တရ ဆုတောင်း - ဘဝ မီတာ (ချစ်ကြည်အေး)

အတူတူတွဲ ဖတ်စရာ - သက်ဝေ (မမခင်ဦးမေ)

35 comments:

  1. အဲလိုမြန်မှာ စလုံးနဲ့ကိုက်မှာလေ။ .မြန်လွန်းတော့ မြင်ရတဲ့သူ မျက်စိနောက်တယ်။
    လမ်းလျှောက်တာမြန် စကားပြောတာမြန် စိတ်မြန်လက်မြန်...
    အဲ..ကားမောင်းရင်တော့ နှေးတယ်။ အရမ်းကို စိတ်ရှည်တယ်။
    ကိုယ့်မှာ ရှိသမျှ စိတ်ရှည်ခြင်းတွေ ကားမောင်းတဲ့နေရာမှာ
    သွား စုထားမိလားမသိဘူး။ တိုက်မှာ သေမှာကြောက်တာကိုး အဟိ။
    mm

    ReplyDelete
  2. မြန်တယ်..
    မြန်တယ်..
    တကယ်မြန်တယ်။။

    ReplyDelete
  3. မြန်လိုက်တာ မသက်ဝေ။ ကျမကတော့ တအားနှေးတယ်။ မိသားစုကတောင် စိတ်မရှည်ဘူး။ အစီအစဉ်တကျလဲ မလုပ်တတ်ဘူး။ ဘယ်က စလုပ်ရမှန်းမသိတာ။ လုပ်ချင်တာတွေများပြီး ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို နောက်ဆုံး ဘာမှမပြီးဘဲ အချိန်သာကုန်သွားရော။ အခုတော့ မြန်အောင် ကြိုးစားနေပါတယ်။ :)

    ReplyDelete
  4. ဘာလုပ်လုပ်မြန်မြန်ဆန်ဆန်လုပ်တာကို သဘောကျတယ်... ကိုယ်လဲအဲလိုဘဲ... ကူပေးတဲ့လူကနှေးနေရင် စိတ်တိုရသေးတယ်...

    ReplyDelete
  5. နှေးကွေးတဲ့သူတွေ ကို မနှစ်သက်ဘူးတဲ့..
    အီးးးးးး..
    အင်မတန် နှေးပါတယ်..ဒီမှာ..။း)

    မသက်ဝေ..မြန်မယ် ဆိုတာ..မှန်းမိနေတယ်.. ပုံသဏ္ဌန်ကိုက.. သွက်လက် နေတာ..ငှက်သွင်ပျံကြွ.. မတတ်သော်... ဆိုသလိုလေး ..း)

    ReplyDelete
  6. အစ်မသက်ဝေက မြန်တယ်၊ သွက်တယ်၊
    ပြီးတော့ နုပျိုပါတယ်။ :)

    ReplyDelete
  7. Holland ဆိုလို့.......

    ReplyDelete
  8. မအယ်လည်း မြန်တော့ မြန်တယ်၊ မသက်ဝေလိုတော့ ဒေါင့်မစိဘူး။
    မအယ်တို့ အိမ်မှာ ဟိုးကတည်းက မေမေက ပိတ်ရက် တရက်ရက်ကို dry day လို့ သတ်မှတ်တယ်။ အဲ့ဒီနေ့က ဟင်းတွေ ဘာတွေ ဖွယ်ဖွယ်ရာရာ ချက်မစားတဲ့နေ့။ မအယ်တို့ အတွက်က ပိုက်ဆံ ချွေတာတဲ့နေ့ပေါ့၊ ဖြစ်သလို စားကြတယ်။

    မအယ်

    ReplyDelete
  9. Super Woman သက်ဝေရေ… နှေးကွေးတာပဲလား… အချိန်စီမံခန့် ခွဲမှုမတတ်တာပဲလား… ခုမှပဲ သက်ဝေပို့ စ်ဖတ်ရတာကြည့်လေ… ဟိုတပတ်က လူမှုရေးတွေနဲ့ မို့  မီးပူတပတ်စာ အကြွေးတင်သွားတာ ခုမှ ဒီတပတ်နဲ့ ဟိုတပတ်အကြွေးတွေ ပေါင်းခြေတာ ကျေတော့တယ် သက်ဝေရေ… ဒါကြောင့်ဒီပို့ စ်လေးတောင်းဆိုတာပါ… သက်ဝေနည်းလေးတွေ အတုခိုးရအောင်လေ… ကြားရက်မှာ အလုပ်တွေ ပြတ်အောင်လုပ်တာ သဘောကျတယ်… ပြီးတော့ အထက်က အသားတွေ အောက်ထဲပြောင်းထည့်တော့ ညနေအဆင်သင့်ချက်လို့ ရတာလဲ အတုခိုးရမယ်… တခုပဲ… တို့ အိမ်ပြန်ရောက်ချိန်က ညရနာရီခွဲနဲ့ ၈နာရီကြားဆိုတော့… အင်း… အဲဒီအချိန်ဆို သက်ဝေက ညစာတောင် စားပြီးပြီနော်… အလုပ်နားနီးတဲ့နေရာပဲပြောင်းနေရမလား… သက်ဝေလို ကားလေးမောင်းတတ်အောင် သင်ထားရမလား…စဉ်းစားနေမိတာ… စက်ဘီးတောင်မနင်းတတ်တဲ့အဖြစ်မရှိတဲ့ကိုယ် မလွယ်ပါဘူးလေ… အဲဒီလို non-stop လှုပ်ရှားနေလို့ လဲ တို့ သက်ဝေ အမြဲတမ်း slimလေးဖြစ်နေတာထင်တယ်နော်… ဒီက ပက်ကျိကို တွန်းအားပေးတာ ကျေးဇူးပါ သက်ဝေရေ… သက်ဝေနည်းအတိုင်း ရှေ့ အပတ်က စလို့  လှုပ်ရှားကြည့်ဦးမယ်… အောင်မြင်ရင် ကျေးဇူးဆပ်မယ်နော်….

    ReplyDelete
  10. အမ အလုပ်လုပ်သွားပုံက အချိန်ကိုက်လေးတွေချည်းပဲ။

    ကျွန်တော်တို့ လူပျိုတွေတောင် အဲလောက် အချိန်ကျန်အောင် မလုပ်နိုင်သေးဘူး။

    အပျင်းကြီးတာလဲ ပါတာပေါ့ဗျာ။

    စနစ်တကျနဲ့ အကွက်စေ့စေ့ လှုပ်ရှားသွားတာ တကယ်မိုက်တယ်။ Program သွင်းထားသလိုပဲ။ Robot Method လို့ နာမည်ပေးကြည့်ချင်တယ် :P

    ReplyDelete
  11. khinoomay
    to thetwai:

    သက်ဝေပိုစ်ကို ကွန်မက်ရေးတာရှည်သွားလို့ပိုစ်လုပ်လိုကတယ်။ ခွင့်လွတ်ပါနော်.
    အမှားအယွင်း ရှီခဲ့ရင်ဝန်ဒါမိပါ။

    ReplyDelete
  12. ဇွန်လည်း စိတ်မြန်လက်မြန်ပဲ ဒါပေမယ့် အစ်မကိုတော့ မမှီဘူး။ :D

    ReplyDelete
  13. အမသက်ဝေ အကွက်စေ့လိုက်တာနော်... ကြိုတင် တွေးထားတာများ တော်လိုက်တာ... အဲ့သလိုဆို စိတ်လည်း ပင်ပန်းမှာ မဟုတ်ဘူးနော်..

    ReplyDelete
  14. အားကျ ချီးကျူးမိတယ်သက်ဝေ...အဲလိုတစ်ကယ်မလုပ်နိုင်ခဲ့ဘူး..အဲလိုဖြစ်ချင်တယ်..ကြိုးစားကြည့်မယ်..လွယ်လွယ်တော့ ဖြစ်နိုင်မယ်မထင်ဘူးနော်...တစ်ကယ်ကို အားကျ ချီးကျူးမိပါတယ်။

    ReplyDelete
  15. Do u like Teddy Bear?
    He's slow...drunk honey Y 2 much &sleep all winter..

    ReplyDelete
  16. မသက်ဝေရေ ကျွန်မတော့ ကျောင်းဖွင့်တဲ့အချိန်ဆို မသက်ဝေထက အလုပ်များတယ်။ အခုလောလောဆယ် အငြိမ်းစားပဲ သားအတွက် စာပြပေးရတာကလွဲပြီး ဘာမှ ထွေထွေထူးထူး လုပ်စရာမရှိဘူး ကျောင်းပိတ်တုန်း အတိုးချပြီး အနားယူနေတယ်။ ဒါနဲ့ စာရိုက်တာ မြန်တယ်ဆိုလို့ ကျွန်မနဲ့ တူနေတယ်။ ကျွန်မလည်း စာရိုက်ရင် ဂဏန်းနဲ့ Function key တန်းပဲ တခါတလေပြန် ကြည့်စရာလိုတယ် ကျန်တာတွေ ကီးဘုတ်မကြည့်ပဲ ရိုက်ရင် လက်ကသိပြီး သိပ်မြန်တယ်။

    ReplyDelete
  17. ပျော်စရာ ကောင်းတယ်...လုပ်စရာရှိတာတွေကို မြန်မြန် လုပ်တတ်လို့ အချိန်ပိုတွေ ထွက်လာတာကို အားကျတယ်......။း))

    ReplyDelete
  18. သဘောကျပါတယ် မမ..အနော်လည်းအဲလိုလုပ်တယ် ..မမလောက်တော့ထောင့်စိမယ် မထင်ဘူး အဟေးဟေး

    ReplyDelete
  19. သောကြာနေ့ည ဆိုတော့ လူက အလိုလိုနေရင် ပျော်နေတတ်တာ မဟုတ်လား။ ဒီတော့ ဘာပဲ လုပ်လုပ် သီချင်းလေး တအေးအေးနဲ့ သိပ်ပင်ပန်းတယ် မထင်လှဘူး။ (လူ့စိတ်များ တော်တော်ခက်တယ်နော်…)

    မမရေ အပေါ်က စာပိုဒ်လေးက ပူးတေနဲ့ တူလိုက်တာ အရမ်းပဲ။ ဒီက ၅ ရက် အလုပ် လူတွေအားလုံး သောကြာညနေဆို ဒီလိုပဲထင်ပါ့နော်။

    စိတ်ဝင်စားဖို့ကောင်းတဲ့ မမရဲ့ နေ့တွေပါပဲ။ အချိန်ကို သေချာအောင် ထောင့်စေ့အောင်လုပ်သွားနိုင်တာကို အရမ်းအားကျမိပါတယ်။ ပူးတေတို့ တိုက်ရဲ့ နောက်ဖေးကပ်ရက်မှာ ကစားကွင်းကြီး တစ်ခုလုံးရှိနေတာတောင် တပတ်တခါ လမ်းထွက်မလျှောက်ဖြစ်ဖူး။ တခါတလေစဉ်းစားမိတယ်။ Time Table ဆွဲပြီး လုပ်ရင်ကောင်းမလားပေါ့။ :) မီးပူတိုက်ရမယ့် ပုံးထဲမှာ အဝတ်တွေက မဆန့်တောပဲနဲ့ ဘီရိုထဲမှာ တထည်မှ မရှိတော့ဘူး မမရယ်။ ဒါတောင် အမျိုးသားရဲ့ အလုပ်ဝတ်ဖို့ အင်္ကျီတွေက မီးပူတိုက်ပေးဖို့မလိုလို့လေ... :)

    ReplyDelete
  20. စာဖတ်ရတာကိုက သွက်နေတာမမသက်ဝေ..

    ReplyDelete
  21. hi sis, would like to know where u buy pressure cooker? I cannot find sg

    ReplyDelete
  22. ကွက်စေ့အောင်စီစဉ်တတ်တာအားကျလိုက်တာ။ အတုယူစရာတွေတပုံတပင်ကြီးလာမသွားပါတယ်။

    ReplyDelete
  23. မှတ်ချက်များအားလုံးအတွက် တကယ် ကျေးဇူးတင်ပါတယ်...
    ကိုယ်တိုင် နေ့စဉ်လုပ်နေကျ အလုပ်တွေကို ချရေးလိုက်တာကို နှစ်သက် သဘောကျတယ်လို့ ပြောသွားကြလို့ အခုမှ အသက်ရှု နဲနဲချောင်သွားပါတယ်... ပိုစ့်တင်ပြီးမှ ကိုယ်ရေးလိုက်တာ အမြင်ကပ်စရာများ ဖြစ်နေသလားလို့ စိတ်ပူနေမိတာ...း))

    အသက်တွေကြီးလာလို့ မွေးနေ့ကိုလဲ မသိချင်ယောင်ဆောင်နေမလို့ ကြံစည်တာ မအောင်မြင်ပါ... သူငယ်ချင်း ချစ်ကြည်အေး က သူ့ဘလော့ဂ်မှာ ဆုတောင်းပိုစ့် တင်ပေးထားပြီး ညီမ ပန်ပန်က စောစောစီးစီး C Box လာဖွသွားပါတယ်..း))

    သူငယ်ချင်း မောင်နှမများရဲ့ မွေးနေ့ဆုတောင်းတွေအတွက် ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်...း))
    အားလုံးပဲ ကောင်းသော ညပါ...

    ReplyDelete
  24. Pressure Cooker ဘယ်မှာ ဝယ်ရမလဲ ဆိုတဲ့ ညီမအတွက်...

    Pressure Cooker ကို Orchard က Isetan Scott နဲ့ Tang Plaza Basement က အိမ်သုံးပစ္စည်းတွေ လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့နေရာမှာ ဝယ်လို့ရပါတယ်...။ Robinson CenterPoint မှာလဲ ရနိုင်ပါတယ်..။ ကိုယ်ဝယ်ထားတဲ့ ရှိတဲ့ Brand က Tefel ပါ...။

    ရှာကြည့်ပါအုံးနော်... မရရင် ပြန်ပြောပါ... လိုက်ဝယ်ပေးပါ့မယ်...း))

    ReplyDelete
  25. အရမ်းအားကျတာပါပဲ အစ်မသက်ဝေရယ်...။ ရုံးကနေ အိမ်ပြန်ရောက်ရင် ခြေကုန်လက်ပမ်းကျနေတဲ့ ကိုယ့်ကိုယ်ကို ဘယ်လို အားမရမှန်း မသိဘူး။ အချိန်နဲ့ သေချာလုပ်တတ်အောင် ကြိုးစားနေရင်းနဲ့ကို ဖရိုဖရဲဖြစ်နေတုန်းပါပဲ။ ရုံးအလုပ်၊ အိမ်ရှင်မအလုပ်တွေ လုပ်ရင်းနဲ့ကို ဘလော့ရေးနိုင်တာ အရမ်း လေးစားမိပါတယ်...။ အစ်မဆီက အများကြီး အတုယူသွားပါတယ်။

    ReplyDelete
  26. ဓါတ်ရှင်မင်းသမီးလေး တနေ့တာဖတ်လိုက်ရသလိုပါပဲဗျာ...
    အသက်၁၂၀ရှည်ပါစေခင်ဗျာ..

    ReplyDelete
  27. သူငယ်ချင်း ချစ်ကြည်အေးရဲ့ မွေးနေ့ဆုတောင်း အမှတ်တရပိုစ့်လေး နှင့်အတူ မွေးနေ့အတွက် ဆုတောင်းပေးသွားကြသော ပန်ပန်၊ ကိုပီတိ၊ ကလူသစ်၊ မသီတာ၊ မွန်မွန်၊ Vista၊ မငယ်နိုင်၊ မြတ်နိုး၊ သင်းနွယ်ဇင်၊ ဏီလင်းညို၊ ကြည်၊ Hmoo၊ မောင်မိုး၊ နွေဆူးလင်္ကာ၊ မြစ်ကျိုးအင်း၊ ကိုပုလု နဲ့ ကိုကြီးကျောက် တို့ကို ကျေးဇူး အများကြီးတင်ပါတယ်...


    အသက်ကတော့...
    ၅၀ လို့သာ မှတ်ထားလိုက်ကြပါ...

    ကိတ်မုန့်ကတော့...
    အသက်စေ့ ဖယောင်းတိုင် ထွန်းဖို့ ဆန့်တဲ့ အရွယ် ရှာမတွေ့လို့ မလှီးလိုက်ရပါ...

    မွေးနေ့လက်ဆောင်ကတော့...
    မကြာသေးခင်ကမှ ဝယ်ပေးထားတဲ့ နှစ်ကျပ်ခွဲ ပါပဲတဲ့...း))

    အားလုံး ပျော်ရွင် ချမ်းမြေ့ကြပါစေ...

    ReplyDelete
  28. နောက်ကျတတ်တဲ့ သူငယ်ချင်းလေးကို နားလည်ပေးပါနော်… ချစ်တဲ့သက်ဝေတယောက် xxမြောက် မွေးနေ့ မှသည် နောင်နှစ်ပေါင်းရာထောင်သောင်းတိုင် ချစ်စရာမိသားစုလေးနဲ့  ပျော်ရွှင်ငြိမ်းချမ်းဖွယ်မွေးနေ့ တွေ ဖြတ်သန်းနိုင်ပါစေ… နှစ်ကျပ်ခွဲမှသည် နှစ်သန်းခွဲထိ ဆထက်တိုးလို့  ကြွယ်ဝနိုင်ပါစေလို့ …

    ReplyDelete
  29. ကျေးဇူးတင်ပါတယ် တန်ခူးရေ...
    တန်ခူး တောင်းပေးတဲ့ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ...
    ဆုတောင်းပေးတာ နောက်ကျတယ်လို့ မရှိပါဘူးလေ...း))

    ReplyDelete
  30. လာတာ နောက်ကျနေလို့ ခုမှ ဖတ်ရတယ် မမ။
    အကွက်စေ့နေတာပါပဲလား။ အချိန်ကို အဲဒီလို လျင်လျင်မြန်မြန် အသုံးချ၊ အချိန်ကို manage လုပ်တတ်ရင် ပျော်စရာကောင်းပါတယ်။ ချိုသင်းလဲ ကြိုးစားတုန်း၊ မြန်ပေမဲ့ အဲဒီလို မပြီးဘူးတော့..။ ဖတ်ရတာ သဘောကျတယ်ဗျို့။

    ReplyDelete
  31. မွေးနေ့ကို မသိလိုက်လို့ မွေးနေ့ဆုတောင်းနောက်ကျသွားတာ ခွင့်လွှတ်ပါနော် အစ်မသက်ဝေး) ဒီမွေးနေ့ကစလို့ နောင်နှစ်ပေါင်းများစွာကို ချစ်သောသူတွေနဲ့အတူ အခုလိုပဲ စာကောင်းပေမွန်တွေ အများကြီးရေးရင်း စိတ်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေ...

    ReplyDelete
  32. u got flickr? show us par... :)

    ReplyDelete
  33. ma, Thanks for yr reply.I will go and buy this weekend . Happy Belated Birthday Ma.

    ReplyDelete
  34. မမသက်ဝေ ရေးထားတာလေး စိတ်ဝင်စားဖို့ ကောင်းသလို...အတုယူစရာလေးတွေလဲ များကြီးတွှေ့တယ်...ကျေးဇူးမမ။ ဒါနဲ့ သောကြာည Gient သွားတတ်တာလေး တူပေမယ့်...မတွေ့ကြသေးဘူးနော်။ ခုတော့ သတိထားမိသွားပြီး))


    နောင့်

    ReplyDelete
  35. မထင်မှတ်ဘဲ ဒီပိုစ့်လေးကိုတွေ့ပြီး မမသက်ဝေရဲ့တစ်နေ့တာအချိန်တွေကို ဘယ်လိုအသုံးပြုနေသလဲဆိုတာလေး စိတ်ဝင်တစားနဲ့ဖတ်သွားတယ်။ အတုယူစရာလေးတွေလည်းရခဲ့တယ်။ ကျေးဇူးမမသက်ဝေ။း)

    ps: ဂျင်းသာမမသက်ဝေနဲ့အတူတူနေရရင် ခဏခဏခေါင်းခေါက်ခံရလောက်တယ်။ ဂျင်းက အရာရာကို စိမ်ဆွဲပြီး နှေးနှေးကွေးကွေးလုပ်တတ်သူရယ်။ :D

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...