ဟိုတလောက သူ အိမ်မှာ ပစ္စည်းတွေ လွှင့်ပစ်တဲ့ အကြောင်း ရေးထားတဲ့ ပိုစ့်ရှိပါကောလား..။ အဲဒါကို ဖတ်ပြီး သူက Complain တက်လာတယ်…။ ခင်ဗျားလေးက ကျုပ် ပစ္စည်းတွေ လွှင့်ပစ်တဲ့ အကြောင်းသာ တဖက်သတ်ကြီး ရေးထားတာကိုး တဲ့…။ ကိုယ်တိုင်က အိမ်မှာ ဘာပစ္စည်းတွေဝယ်ပြီး ဘာတွေ သိမ်းသလဲ၊ လိုတာတွေရော မလိုတာတွေရော ဘယ်လောက် အရှုပ် အပွတွေ လုပ်သလဲ၊ ဘာတွေ စုဆောင်းသလဲ ဆိုတာကျတော့ မပြောပဲ ချန်ထားတယ် တဲ့…။ ဒါတော့ မကောင်းပါဘူး… ဘယ်တရားမလဲ တဲ့…။ ဘုရားရေ… သည်လိုတော့ဖြင့် ကိုယ့်အကြောင်းလေးလဲ နဲနဲတော့ ရေးအုံးမှ မျှမျှတတ ဖြစ်တော့ပေမပေါ့ လို့ တွေးမိတယ်။
ကဲ... ဒီတော့ လာပြီ… ကိုယ့်အကြောင်း…။
ဒီလိုလေ… ကိုယ်က အိတ်တွေ သိပ်ကြိုက်တယ် မဟုတ်လား။ ဘယ်လောက်တောင် အိတ်တွေ ကြိုက်သလဲ ဆိုတော့ကာ ကိုယ်တိုင် နေ့စဉ်သုံးနေတဲ့ ပိုက်ဆံအိတ်တွေ ကြီးကြီး ငယ်ငယ် အရွယ်ရွယ်က အစ၊ မိတ်ကပ်တို့ နှတ်ခမ်းနီတို့ ဝယ်ရင်ရတတ်တဲ့ Cosmetic Pouch လို့ ခေါ်တဲ့ အိတ်လေးတွေအလယ်၊ ဟိုနား ဒီနားသွားရင် ကဒ်လေး တခု နှစ်ခုနဲ့ ပိုက်ဆံ နဲနဲ ထည့်ပြီး ပေါ့ပေါ့ပါးပါး ကိုင်လို့ရတဲ့ အိတ်လေးတွေ အဆုံး… လယ်သာအိတ်တွေရော၊ အဝတ်စနဲ့ ချုပ်ထားတဲ့ အိတ်တွေရော၊ ပြီးတော့ လက်ဆောင်ပစ္စည်းလေးတွေ ထည့်ပေးလို့ရတဲ့ စက္ကူအိတ်လှလှလေးတွေရော... အိတ်ဆိုရင် ဘာအိတ်မဆို အကုန်ကြိုက်တာ…။ ဒါတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး…။ ဘယ်လောက်တောင် ဆိုးသလဲဆို Shopping လုပ်ရင် ဆိုင်တကာ့ ဆိုင်တွေက ရလာတဲ့ အရွယ်စုံ ဆိုဒ်စုံ အရောင်စုံ Shopping Bag လှလှတွေ အားလုံးကိုပါ ကြိုက်တာပါ။ အားလုံးကိုလဲ စုံစုံမက်မက် သိမ်းထားတတ်တာမျိုးပါ…။ (မရယ်ကြပါနဲ့… NTUC, Giant နဲ့ Cold Storage က အိတ်တွေ မသိမ်းပါဘူး…)
နေ့စဉ်သုံးနေတဲ့ ပိုက်ဆံအိတ်တွေကို နဲနဲဟောင်းသွားလဲ မပစ်ချင်ဘူး… ကိုယ်က ချစ်တာကိုး။ တနေ့ကို တအိတ်သာ ကိုင်နိုင်တယ် ဆိုပေမယ့် မကိုင်ဖြစ်တဲ့ အိတ်လေးတွေကိုလဲ မြင်နေရရုံနဲ့တင် ချစ်နေတာ…။ ထားတော့… အဲဒီတော့ ပိုက်ဆံအိတ်တွေ သိမ်းတာ ဘာမှ မဖြစ်ပေမယ့် Shopping Bag တွေ သိမ်းတာက တော်တော်ဆိုးတဲ့ အကျင့်ပဲလား မသိ…။ ပြောရမယ်ဆို လောလောဆယ် ကိုယ့်ဆီမှာ သိမ်းထားတဲ့ Shopping Bag အမျိုးစုံတွေက အလျား အနံ နှစ်ပေ ပတ်လည်၊ အမြင့် တပေခွဲလောက်ရှိတဲ့ စက္ကူပုံးနဲ့ နှစ်ပုံး အပြည့်ရှိတယ်…။ အိမ်ပြောင်းတုန်းက သူက လွှင့်ပစ်မလို့ကို မနဲ ပြောပြီး ယူလာခဲ့ရတာ။ အဲဒီအိတ်တွေကိုလဲ ကိုယ်က ချစ်နေပြန်တာကိုး… ပြန်ကြည့်ရင်လဲ ဒီအိတ်လေးက ဘယ်တုံးက ဘာဝယ်လို့ ရတာ… ဟို အိတ်လေးက ဘယ်ဆိုင်က စသည်ဖြင့် သူ့ရာဇဝင်နဲ့သူ ရှိနေကြတာမျိုး…။
နောက်တခုက ပုလင်းတွေ ဗူးတွေ သိမ်းတတ်တာ…။ ဆယ်စုနှစ် တခုစာလောက် စုထားမိတဲ့ ကုန်သွားတဲ့ ရေမွှေးပုလင်းအလွတ်တွေ သိမ်းထားတာ အခုထိ ရှိနေသေးတယ်။ ရောဂါတမျိုးလို့ ဆိုရမှာပေါ့နော်… (ရေးသာ ရေးနေရတယ် ကြောက်တော့ ကြောက်သား… တော်ကြာ ကိုယ့်ဘလော့ဂ်ကို အရူးဘလော့ဂ် ဆိုပြီး နောက်လာ မဖတ်ကြတော့ရင် ဒုက္ခ…)။ ပြီးတော့ သကြားလုံးဗူး၊ ချောကလက်ဗူး လှလှတွေ၊ နောက် နေရာတိုင်းမှာ ဝယ်လို့ရတဲ့၊ ဒီမှာ Container လို့ ခေါ်ကြတဲ့ ပုံပန်းသဏ္ဍါန် အမျိုးမျိုးနဲ့ ပလတ်စတစ်ဘူး အကြီး အသေး လေးထောင့် အဝိုင်း အရောင်စုံ အရွယ်စုံတွေ။ (အရင်ကတော့ Container ဆို မျက်စေ့ထဲ ကမ်းနားက ပစ္စည်းသယ်တဲ့ လေးထောင့်ဗူး အကြီးကြီးတွေသာ မြင်မိတာလေ…)
အဲဒီလို ဗူးတွေက ကိုယ့်မျက်စေ့ကို ကိုယ့်စိတ်ကို သိပ်ဆွဲဆောင်နိုင်ကြတာမို့ ဘယ်မှာ တွေ့တွေ့ တွေ့တိုင်း ဝယ်တယ်…။ ဈေးကလဲ သိပ်မှ မကြီးပဲကိုး…။ ပြီးတော့ စားစရာ သောက်စရာ အခြောက်အခြမ်း တိုလီမိုလီ ဘာကိုမဆို အကုန်လုံး ဗူးတွေထဲ ထည့်သိမ်းလိုက်ရမှ ကျေနပ်တယ်။ အဲလိုမှ သပ်ရပ်သွားတယ်လို့ ထင်တာ…။ ဒီတော့ အိမ်မှာ အဲဒီလို ဗူးအလွတ် ပုလင်းအလွတ်တွေလဲ အများကြီးပဲ…။ ဟောင်းရင်တော့ လွှင့်ပစ်ပါတယ် ဒါပေမယ့် တွေ့တိုင်းဝယ်နေတော့ ဘယ်တော့မှ ရော့သွားတယ် မရှိ… တိုး၍ တိုး၍သာ လာနေသည်ပေါ့။ ဟိုတလောက အိမ်မပြောင်းခင်ကဆို ကော်ဖီမှုန့်ပုလင်း အလွတ်တွေ အလုံး ငါးဆယ် မက ရှိတယ်။ မသယ်နိုင်လို့ အကုန်ပစ်ခဲ့ရတယ်။ ဒါတောင် အခု လပိုင်းလေးမှာတင် ကိုယ့်ရဲ့ အလွန်ဆိုးဝါးလှတဲ့ ကော်ဖီသောက်အားကြောင့် ပုလင်းတွေ အများကြီး ပြန်ဖြစ်နေပြန်ပြီလေ။ အခုတော့ သူ ပြောလွန်း ဆိုလွန်း ပူညံလွန်းလို့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု စုဆောင်းမှုတွေထဲက တချို့ တချို့တွေကို သံယောဇဉ်ဖြတ်ပြီး သိမ်းတန်တာ သိမ်း၊ ပစ်တန်တာ ပစ် လုပ်ရတော့မယ်။
ဒါတွေအပြင် ကိုယ့်ဆီမှာ နေ့ရွှေ့ ညရွှေ့တွေ လုပ်ထားတဲ့ တခြား ရှင်းစရာ လင်းစရာတွေကလဲ အများကြီး ရှိနေသေးတယ်။ အဲဒါတွေကတော့ တအိမ်လုံးမှာ အနှံ့အပြား နေရာယူ မင်းမူကြီးစိုးနေကြတဲ့ စာအုပ်တွေ ပါပဲ။ သတင်းစာနဲ့ လစဉ်ထုတ် မဂ္ဂဇင်းတွေ အပါအဝင် ဝတ္ထုစာအုပ်တွေ ဖတ်လက်စတွေ မဖတ်ရသေးတာတွေ ဟိုနားတပုံ ဒီနားတပုံနဲ့ အများကြီးပဲ။ မဖတ်ရသေးတာတွေ အများကြီး ရှိနေပြီး ဖတ်စရာ အချိန်က မရှိသေးပေမယ်လို့ စာအုပ်တွေမြင်ရင် ဝယ်နေမိတုန်းပဲ။ ဒါတွေကိုလဲ သူက တော်တော်လေး မျက်စေ့နောက်နေပုံရတယ်။ ရှင်းပါအုံး... ရှင်းပါအုံး... လို့ ပြောနေတယ်။ တကယ်တော့ စာအုပ်စာပေ လူ့မိတ်ဆွေပဲ မဟုတ်လား… ရှင်းလင်းနေလဲ မိတ်ဆွေပဲ ရှုပ်ပွနေလဲ ဒါတွေဟာ မိတ်ဆွေတွေပဲ မဟုတ်ဖူးလား…။ ဒီလို သဘောထားလိုက်ရင် မျက်စေ့ထဲ ရှုပ်ပွနေတယ်လို့ ဘယ်ထင်ရပါတော့မလဲ နော်…။
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး…။ ဧည့်ခန်းထဲက တီဗွီနားမှာလဲ သီချင်းခွေတွေ ရုပ်ရှင်ခွေတွေ ထပ်ထားတာ… တနေ့ တနေ့ ရှင်းမယ် ရှင်းမယ်နဲ့ ကြာနေပြီ…။ တရုပ်နှစ်ကူး မတိုင်ခင် ရှင်းမယ်လို့ ကြံစဉ်ထားရာကနေ အခုတော့ အခါလွန်တဲ့ မိုး ဖြစ်သွားလို့ ဆုံးဖြတ်ချက် ပြောင်းပြီး မြန်မာ နှစ်ဆန်းတရက်နေ့ မတိုင်ခင်မှာတော့ ရှင်းကို ရှင်းမယ်လို့ ပြောထားတယ်။ CD တွေ သပ်သပ်၊ VCD တွေ သပ်သပ်၊ ရုပ်ရှင်ခွေတွေ သပ်သပ် A, B, C နာမည်စဉ်လိုက် ခွဲပြီး ရှင်းမလားလို့…။ အဲဒီလို တွေးထားရင်းကမှ မလုပ်ဖြစ်ပဲ ကာလ ရွေ့လျောသွားရင်တော့ နောက် အင်္ဂလိပ်လို နှစ်ဆန်း တရက်နေ့ပေါ့လေ…။
ကဲ… ဒီလောက်ဆို အိမ်မှာ ကိုယ်ဘယ်လောက် စိန်ဖွ လုပ်နေလဲဆိုတာ မှန်းကြည့်လို့ ရလောက်ပြီပေါ့…။ ဒီနေ့တော့ ကိုယ့်ကို အိမ်ရှင်းပါ ပစ္စည်းတွေ ရှင်းပါ ရှုပ်ပွနေတာတွေကို စီစစ်ပြီး လွှင့်ပစ်သင့်တာတွေကိုလဲ လွှင့်ပစ်ပါ… လို့ တဖွဖွ ပြောနေတဲ့ သူ့ကို သေသေချာချာ ပြောလိုက်တယ်…။ စိတ်ချပါ… သင်္ကြန် မတိုင်ခင် ခွင့်ယူပြီးတော့ကို အပီအပြင် ရှင်းပါ့မယ်… ပြီးတော့ ပစ်စရာ ရှိတာတွေကိုလဲ တကယ်ကြီးကို လွှင့်ပစ်ပါ့မယ်… လို့ ကတိတွေလဲ အထပ်ထပ် ပေးလိုက်ပါတယ်။
အဟဲ… အဲဒီ ကတိရဲ့ အနောက်မှာ ကပ်ရက်သား ပါလာတာကတော့ ဒီတပါတ် ပိတ်ရက်မှာ ကိုယ်လိုချင်တာတွေ ဝယ်ပေးဖို့ပါပဲ…။ အဓိက ကတော့ Wide Angle Zoom ရယ်၊ Tripod ရယ် ပေါ့။ ဒီအခါမှာ သူက ပြောပါတယ်… အားတဲ့ရက်မှာ အချိန်ယူပြီး ကိုယ့်ပစ္စည်းတွေ ရှင်းစရာ ရှိတာကိုသာ ရှင်းပါ… ကိုယ်ပြောထားတာတွေ လိုက်ဝယ်ပေးမယ်… တဲ့…။ (ဒန် တန့်တန်…. … …)
အိုကေ… ဝယ်တာက အရင်… ရှင်းရမှာက နောက်…။
ကျေကျေနပ်နပ်ကြီး သဘောတူ ခေါင်းညိတ်လိုက်တယ်… ။ အရင်ပိုစ့်မှာ မျှမျှတတ မရေးလို့ Complain တက်နေတဲ့သူကို ဒီပိုစ့်လေး ရေးပြီးပြီးချင်း ပေးဖတ်ပြီး စိတ်ကျေနပ်သွားစေချင်ပေမယ့် ခက်နေတာတခုက ကိုယ် သူ့ကို ခေါင်းတွေ စွတ် ညိတ်၊ ကတိတွေ တလှေကြီး ပေးလိုက်တဲ့နေ့ဟာ ဘာနေ့လဲ ဆိုတာ သူ သိမသွားစေချင်ဘူး…။ သူ့ရဲ့ စေတနာအလျောက် ဝယ်စရာရှိတာတွေကို ဝယ်ပေးပြီးမှသာ သိသွားပါစေတော့ လို့…။
ရှုး… တိုးတိုးနော်… တိုးတိုး… တိုးတိုး…။
စာလာဖတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို တိုးတိုး တိတ်တိတ် မှာထားလိုက်ပါရစေ… ကျေးဇူးပြု၍ ဒီနေ့ ဧပြီလ တရက်နေ့ဆိုတာ သူ နဲနဲလေးမှ မရိပ်မိပါစေနဲ့လေ… နော်…။
အားလုံးကို ကျေးဇူးတင် ချစ်ခင်လျှက် …

ဒီနေ့မှာ... (ဧပြီ ၁ ရက် ၂၀၀၉)
တိုင်ပြောမယ် ဖုန်းဆက်လိုက်ရမလား ဖုန်းဆက်လိုက်ရမလား
ReplyDeleteသီချင်းဆိုပါ....................
အိမ်ရှင်းရမှာနဲ့ မြင်ကွင်းကျယ်မှန်ဘီလူး လဲရမှာကိုး၊အိမ်ကြီးရှင် ကလည်း တဖန်ပြန်နောက်တာ ဖစ်နေဦးမယ်။
ReplyDeleteခမမ
" တကယ်တော့ စာအုပ်စာပေ လူ့မိတ်ဆွေပဲ မဟုတ်လား… ရှင်းလင်းနေလဲ မိတ်ဆွေပဲ ရှုပ်ပွနေလဲ ဒါတွေဟာ မိတ်ဆွေတွေပဲ မဟုတ်ဖူးလား…။"
ReplyDeleteသက်ဝေလူဆိုးကြီး......
သက်ဝေလိပ်ကြီး........
ဒီဥစ္ခာစောင့်ပို့စ်ကလေးကကောင်းသားဘဲ
ReplyDeleteသိပ်ကြောက်ဖို့မကောင်းဘူးနော်၊ကလေးတွေဖတ်လို့ရတယ် :)
အစ်မ ဝေခွဲမရရင် လာကူပစ်ပေးရမလား။ လိုရင် ပြောနော်။
ReplyDeleteကိုကြီးသနားပါတယ်။ ဘ၀တူမို့ ကိုကြီးကို ကိုယ်ချင်းအများကြီးစာ
သွားတယ်။
း(
mm
မသက်ဝေအိမ်မှာ သိမ်းထားတာတွေက စုံပလုံစိနေပါလား ဘော်တယ်ဆိုင်တောင် ဖွင့်စားလို့ရပြီ။ ဟီး။
ReplyDeleteကတိတွေပေးလိုက်ပြီဆိုတော့ တကယ်များ လွှင့်ပစ်တော့မလို့လားလို့ ... မသက်ဝေက ဖူးလ်လိုက်တာပေါ့လေ။ သူကလဲ လိုချင်တာဝယ်ပေးမယ်ဆိုတာ ဖူးလ်တာဖြစ်နေရင် ဒုက္ခနော်။ ဖူးလ် ^2 တွေ ဖြစ်တော့မှာပဲ။ :)
အမကလည်း မလို၇င်ပစ်ပေါ့။အိမ်ရှုပ်တယ်။
ReplyDeleteပုလင်းတွေများလှချီလား ။ ၇ှိပီးသားပုလင်းဆိုနောက်ကို ပုလင်းပါတာမ၀ယ်နဲ့ပေါ့ အမရဲ့..။
အထုပ်ဝယ်ပီး ပုလင်းထဲထည့်ပေါ့။
ဒီမှာတော့ ဘာပစည်းမဆို ခွဲပစ်၇လွန်းလို့ စိတ်ရှုပ်တယ်။
မြတ်နိုး
အလို ၄ ၄ ..မလွယ်ပါလားနော်...........
ReplyDeleteဗလာစာအုပ်ဒေ...ဝဒေ...ဝတ္ထုစာအုပ်ဒေ... ဝဒေ.....
ReplyDeleteပုလင်းဒေ... ဝဒေ..... အိတ်ဒေ...ဝဒေ.....
ဒီနေ့မှာ ကတိပေးလိုက်တာပေါ့..... မသက်ဝေ...ပိုင်တယ်ကွာ...... :D
ReplyDeleteအမည်မသိ...
ReplyDeleteတိုင်ချင်ရာတိုင်... မကြောက်သေး...
သီချင်းဆိုပါ...း))
ခမမ... အိမ်ကြီးရှင်က မဖူးလ်တတ်ပါ ခင်ဗျာ...း))
ကြည်... မဟုတ်လို့လား... ပြောပါအုံး... ပြောပါအုံး... ကြည်က ဘယ်သူ့ဘက်ကလဲ... ပြော...း))
Hmoo... လူကြီးရော ကလေးပါ ဖတ်လို့ရပါတယ်... No worries... :P
အော... မွန်က ကိုကြီးဖက်ကကိုး...း)) ရပါဒယ်... ရပါဒယ်...
မေ.. ဟုတ်ပါ့.. ဟုတ်ပါ့... သူလဲ အဲလိုပဲ ပြောတတ်တယ်... ဘော်တယ်ကုလားအိမ် ဖြစ်နေပြီတဲ့... သူကတော့ ကိုယ့်ကို မဖူးလ်လောက်ပါဘူး...း))
မြတ်နိုးလေး... ဆူပါနဲ့လေ... ပြီးတော့ အထုပ်က သောက်လို့ မကောင်းဘူး... အစွဲအလမ်းပေါ့လေ...
Vista... ချစ်စရာ... အလို ၄ ၄... တဲ့... အခုမှတွေ့ဖူးတယ်... အသစ်ပဲ...
း)... ကျွမ်းကျင်မှု အပြည့်ပါလား... အသံထဲမှာ ကျွမ်းကျင်မှုတွေကို မြင်နေရတယ်... ဟီဟိ
သန့်ကလေး... ပိုင်ရမယ်လေ...း))
ဝါသနာတွေတူနေပြီမမရေ.. shopping bag တွေသိမ်းတာရော.. ဗူးတွေပုလင်းတွေစုတာရော.. ဗူးတွေခွက်တွေဝယ်လွန်းလို့ ယောက်ျားက ဆူလှပြီ.. ဆူလဲ ၀ယ်မိနေတာပဲ.. ကြိုက်တာကိုး.. shopping bag တွေကျတော့ တစ်ခုခုထည့်ဖို့လိုတဲ့အခါ သူပဲလာလာတောင်းတတ်တာလေ..
ReplyDeleteအမ လူလည်ကျနေပါတယ် ဗျို့ ...
ReplyDeleteဘာဖြစ်လို့လဲတော့ မသိဘူး ဒီပို့စ်ဖတ်ပီး ဂါဖီလ်နဲ့ သူ့ဘော့စ်ကို စိတ်မျက်စိထဲ တန်းမြင်တယ်။ ဆိုင်လားဟင် သက်ဝေ
ReplyDeleteအင်း စာအုပ်တွေ VCD တွေ မဂ္ဂဇင်းတွေ ဖွတာက အိမ်က အမျိုးသားနဲ့ တူပြီးတော့ shopping bag တွေ container ပုလင်းတွေ ဗူးတွေ စုတာက ပူးတေနဲ့ တူနေတယ်မမရေ... ဖတ်ပြီး တော်တော်လေး ရီလိုက် ရတယ်..
ReplyDeleteဟုတ်ပ အစ်မရေ .... ဂါးဖီးလ်က သူ့ဘော့စ်ကို လူလည်ကျတာတွေ သိပ်များနေပြီလေ ....
ReplyDeleteHappy April Fool!!!!
ကိုယ်လဲအရင်ကအိတ်တွေအရမ်းကြိုက်ပြီး ဟောင်းသွားလဲမပစ်ရက်တာတွေ အများကြီးဘဲ... ခုတော့ နဲနဲစီရှင်းထုတ်နေရတယ်....
ReplyDeleteကိုကြီးက ပြောတယ် သက်ဝေ အိမ်ရှင်းပြီးမှ သူ ဧပရယ်ဖူး လုပ်လိုက်တာကို ပြောမယ်တဲ့...အဲဒါ...
ReplyDeleteဟောတော့ ဖော်လိုက်မိပြီ ကိုကြီးရေ...ဟိ...:)
ဝါသနာတူလို့ အားပေးလိုက်ပါတယ် "စုသာစု"လို့။
ReplyDeleteအရင်က အိတ်၊ အခွေ နဲ့ စာအုပ်ပဲ စုတာ၊ အခု ကင်မရာ ပစ္စည်းတွေပါ ပါလာပြီ လို့ ကြိုသတိပေးလိုက်တဲ့ ပို့စ်များလားးးးး???? စဉ်းစားသွားတယ် မမရေ။
ReplyDeleteချိုသင်းကတော့ စားသောက်ဆိုင်မှာစားပြီးရင် ရလာတဲ့ bill တွေကို သိမ်းထားပြီး ခဏခဏ ထုတ်ကြည့်တာ ၀ါသနာပါတယ်။ ဟီးဟီး ရူးပါ့နော်။ ပေါ်ကုန်ပြီ။
ဪ....ငါ့နှမ မယ်သက်တို့ ပိုက်ပိုက်ထည့်ဖို့ အိပ်စုနေသလားအောင်းမေ့တယ်...နှစ်ကျပ်ခွဲကို ငါးကျပ်တန်ဖြစ်တော့မယ်....
ReplyDeleteပစ္စည်းတွေရှင်းလိုက်အုံးမယ် မသက်ဝေရေ၊
ReplyDeleteWide Angle Lens ရတော့မယ်ပေါ့ ..မိုက်ထှာ
ReplyDeleteစာအုပ်တွေမပစ်လိုက်ပါနဲ့..
ReplyDeleteနှမျှောစရာ..
ရူးနေတယ်။
ReplyDelete..
တူလိုက်တာ.
...........
သူကပိုရူးတယ်........
တို့မှာ ကော်ဖီပုလင်းတော့ငါးဆယ်ရှိဘူး။.
ဟင် သက်ဝေညီမ ဆိုးပါ့...
ReplyDeleteတို့တွေက အပစ်လွန်သွားလို့ တခါတလေ ထည့်စရာတောင် မရှိ...
ရေမွှေးလဲ မကြိုက်အေ...ခုတလော ဆို ဘာမှ မကြိုက်ဖြစ်နေလို့...
အိတ်တွေကြိုက်လို့ အများကြီးဝယ်ပြီး သိမ်းမိတာ တူတယ် အစ်မသက်ဝေး))
ReplyDeleteသဘောအကျဆုံးက နောက်ဆုံးပိတ်စာပိုဒ်ပါပဲး))))
ပြစ်ပေးမယ့်လူရှိလို့တော်သေးတယ်...း))
ReplyDeleteညီမ ပွင့်၊ ပူးတေ နဲ့ ရိုစ့်၊ မောင်လေး ကိုပီတိ၊ သူငယ်ချင်း သီတာ၊ တီတီဆွိ၊ ချစ်ကြည် နဲ့ သင်းနွယ်ဇင်၊ ညီမ ချိုသင်း၊ ကိုကြီးကျောက်၊ ညီမလေး၊ အပြုံးပန်း၊ ကိုကိုဒီဘီ၊ ချစ်ပေါက်၊ မမ ခင်ဦးမေ နဲ့ မမ ခင်မင်းဇော်၊ ညီမ ရွှေပြည်သူ နဲ့ ဘန်နီ... ချစ်စဖွယ် မှတ်ချက်များအတွက် များစွာ ကျေးဇူးတင် ဝမ်းသာလျှက်...
ReplyDeleteအမှန်ကတော့ ဒီနေ့ သွားဝယ်ဖို့ပါပဲ... ဒါပေမယ့် ချန်ဂီ တခေါက်သွားလိုက်ရတာရယ်၊ မိုးတွေရွာနေတာရယ်ကြောင့် ဘယ်မှ ဆက်မသွားဖြစ်လိုက်ဖူး... နောက်တပတ်ကို ရွေ့သွားပြီ...။
ကိုယ် ကြေကွဲနေပြီ... လို့ (တိုးတိုးလေး...) ဆိုနေမိတယ်...း((
ခုတော့ဇွန်သိပြီ.... မမသက်ဝေ အသိမ်းအဆည်း အစုအဆောင်းကောင်းကြောင်း..း)
ReplyDeleteမမရေ ခုမှလင့်ခ်ယူဖြစ်တယ်။ ခွင့်ပြုနော်။
ဘာမှ မသိမ်းတတ်သူ တယောက်..လိုချင်မှ လိုက်ရှာတတ်သူ တယောက်ပါ...
ReplyDeleteမမ ဝယ်ပြီးရင် အကြောင်းကြားနော်...ဒါ့ပုံ ရိုက်မယ်..