အခုတလော နဲနဲ အားနေတယ် လို့ ဆိုရမယ်။ တကယ်ကြီး အားတာတော့ မဖြစ်နိုင်လောက်ဘူး။ (ညာနေတာ...) လုပ်စရာတွေကို နောက်ကို ပို့ထားပြီး အတင်း အားနေတာ လို့ပြောရင် ပိုမှန်လိမ့်မယ်။ အဲဒီလို အချိန်အားတွေ ရှိနေရင်လဲ တခုခုလေး ရေးပါတော့လား လို့ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းနေမိတယ်…။ အရင်နေ့တွေက စိတ် အတွေးနဲ့ ရေးထားတာတွေ စာလုံးအဖြစ် ပြန်စီကြည့်တော့ စာလုံးတွေက အသက်မပါဘူး…။ ဒီလိုနဲ့ ပစ်ထားလိုက်တဲ့ စာကြောင်းတွေ အတော်များများ…။ နှမြောစရာ…။
အမှန်ကတော့ ရုပ်ရှင်ကြည့်နေရင်းလဲ ရေးစရာ အကြောင်းအရာလေး စဉ်းစားမိတယ်…။ စာတအုပ် ဖတ်နေရင်းလဲ ရေးစရာ စာလုံးတွေ စီကြည့်နေမိတယ်…။ သီချင်း ဖွင့်ထားရင်းနဲ့ ကဗျာစပ်စရာ ကာရန်တွေ ရှာကြည့်မိတယ်…။ သူငယ်ချင်းတွေနဲ့ စကားပြောနေရင်း သူတို့ ပြောတာတွေ နားထောင်ရင်း ဇာတ်လမ်းတပုဒ် ရေးနေမိတယ်…။ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး အက်ဆေး တပုဒ်ရေးဖို့ လဲ တွေးနေမိသေးတယ်။ ဒါပေမယ့် အားလုံးကို အတွေး စိတ်ကူးထဲကနေ ရည်ရွယ်နေတာမို့ လက်တွေ့မှာ ဘာမှ ထွက်မလာဘူး။ ကိုယ်ဟာ လူဆိုးပါ…။
ဒီရက်ပိုင်းမှာ Lost in Translation ကို ပြန်ကြည့်ဖြစ်တယ်…။
နေ့စဉ် ဘဝကို ငြီးငွေ့နေတဲ့ ခံစားချက်တွေဟာ လူတိုင်း လူတိုင်းမှာ ရှိနေနိုင်ကြတာပဲ… နည်းတာနဲ့ များတာပဲ ကွာမယ်…။ ပြီးတော့ အဲဒီလို ငြီးငွေ့နေတဲ့ အချိန်တွေမှာ စိတ်သက်သာရာ တခုခုကို ဒါမှမဟုတ် ကိုယ်ဝါသနာပါတာ တခုခုကို ရှာဖွေလုပ်ကိုင်ဖြစ်ရင် အကောင်းဆုံးပဲ..။ မဟုတ်ရင်တော့ သိပ်မနိပ်လှဘူး…။ အခုတလော စကာင်္ပူမှာ တိုက်ပေါ်က ခုန်ချတဲ့ သတင်းတွေ မကြာခဏ ကြားနေရတယ်…။ အဆင်မပြေခြင်းနဲ့ ဘဝကို ငြီးငွေ့နေခြင်းရဲ့ ပြယုဒ်တွေပေါ့…။
နောက်ကြည့်ဖြစ်တာ တခုကတော့ Confessions of a Shopaholic …။ ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးပါ။ မင်းသမီး လှလှ… ပြီးတော့ လှပ ဆန်းပြားတဲ့ ခေတ်မီ အသုံးအဆောင် အဝတ်အစားတွေ တွေ့ရတယ်။ ဈေးဝယ်တာ ဝါသနာပါပြီး တလ တလ Credit Card Bill လာတိုင်း မျက်ကလူး ဆန်ပြာဖြစ်နေရတဲ့ ကိုယ့်အတွက် သင်ခန်းစာ ယူရမလိုလိုပဲ…။ ထားပါလေ ကိုယ်နဲ့ ဘာဆိုင်တာ လိုက်လို့... အဲဒါက ရုပ်ရှင်ပဲ…။ (ကိုယ် လက်မခံချင်ရင် ဒီလိုပဲ မသိချင်ယောင်တွေ ဇွတ် အတင်း ဆောင်နေတတ်တာ ကိုယ့်အကျင့်ဆိုး…)
ဒီရက်တွေမှာ စာအုပ် အကြီးကြီး နှစ်အုပ် ဖတ်နေတယ်…။ တအုပ်က မေမေဝယ်ပေးတဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘဝ တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ၊ နောက်တအုပ်က မွေးနေ့လက်ဆောင်ရထားတဲ့ ဆရာမ မကြည်အေးရဲ့ ဝတ္ထုတိုပေါင်းချုပ်...။ မညာပါဘူး… စာအုပ်တွေက တကယ် အကြီးကြီးနဲ့ အထူကြီး အလေးကြီးတွေ…။ အရင်က ဖတ်ဖူးပြီးသားတွေ ဖြစ်ပေမယ့် အခု တခါလည်း တကယ့်ကို လေးလေးစားစား ပြန်ဖတ်နေတာပါ။ ပြီးတော့ အဲဒီစာအုပ်တွေက အိပ်ရာထဲ လှဲပြီး ဖတ်လို့မရဘူး၊ လက်နဲ့ ကိုင်လို့ မနိုင်ဘူး၊ စားပွဲမှာ သေသေချာချာ ထိုင်ဖတ်မှရတယ်…။
နောက် အိပ်ခါနီးတိုင်း လက်က ရောက်ရောက်သွားပြီး ကိုယ်နှစ်သက်ရာ အခန်းလေးတွေ၊ စာမျက်နှာလေးတွေ ရှာပြီး ဖတ်ဖြစ်တဲ့ စာအုပ်နှစ်အုပ်လဲ ရှိသေးတယ်။ အဲဒါတွေက ဂျူးရဲ့ ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ ရယ်… ဝင်းဝင်းလတ်ရဲ့ အချစ်၏ နောက်ဆက်တွဲ စာမျက်နှာများရယ်…။ ဘယ်အချိန်မှာ ဖြစ်ဖြစ် ဘယ် စာမျက်နှာလေးပဲ ဖြစ်ဖြစ် ဖတ်လိုက်တိုင်း နှစ်သက်နေမိတယ်…။ အဲဒီစာနှစ်အုပ် ဖတ်ရင်း Frida Kahlol ရေးခဲ့တဲ့ ပန်းချီကားတွေ အင်တာနက်မှာ လိုက်ရှာကြည့်နေမိသလို ဒေါက်တာ ခင်ဦးနွယ်လို မိန်းမမျိုး အပြင်မှာ တကယ် ရှိနိုင်သလားလို့လဲ တွေးနေမိပြန်တယ်…။ ယောင်္ကျားချင်း ရင်းနှီး နားလည်မှု ဆိုတဲ့ စကားလုံးနဲ့ အတူ ဒေါက်တာ အောင်သူရ၊ ဆရာယစ်နဲ့ သက်ဇော်နိုင်ကိုလဲ ပုံဖေါ်ကြည့်နေမိတယ်။ ဇာတ်ကောင်တွေကို သရုပ်ဖေါ်မှုဟာ ကောင်းလွန်း ပီပြင်လွန်းလို့ စာရေးသူရဲ့ ကလောင်စွမ်းကို အားကျမိတယ်…။ အသက်ငယ်ငယ်နဲ့ ဆုံးပါးသွားတာ နှမြောစရာ…။
သီချင်းဖွင့်ဖို့ ရှာလိုက်တိုင်း နားထောင်ချင်တာက တခြား ဖွင့်မိတာက တခြား… အဲဒီလို ဖြစ်နေတာ တော်တော်ကြာပြီ လို့ ဆိုရမယ်။ ဘာလို့လဲတော့ မစဉ်းစားကြည့်လို့ အဖြေမရှိပါ။ ကွန်ပျူတာမှာ အဆိုတော်ကြီး ပြည်လှဖေရဲ့ နတ်သျှင်နောင် ကို နားထောင်ဖြစ်နေသလို အိပ်ခန်းထဲရောက်ရင် ဖွင့်ဖို့ ရွေးထားမိတာက အိုင်စီရဲ့ ဆူဆူညံညံ သီချင်းတွေ…။ ပြီးတော့ ရန်အောင် ပြန်ဆိုထားတဲ့ ဝင်းဦးရဲ့ အလွမ်းအိပ်မက်ရှည်လို သီချင်းအေးအေးလေး နားထောင်နေရင်း မျက်လုံးက မှေးမှေး မှေးမှေး ဖြစ်ပြီး အိပ်ချင်လာတဲ့ အခါ ချက်ချင်းထပြီး ပြောင်းပစ်လိုက်တဲ့ သီချင်းက မျိုးကြီးရဲ့ သူစိမ်းတယောက် ဖြစ်နေပြန်တယ်…။ စိတ် ဆိုတာ မျက်တောင် တခတ် မျက်စေ့ တမှိတ် အချိန်လေးမှာတင် ပြောင်းလဲတတ်တာမျိုး မဟုတ်လား…။ အဲဒီလို မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတဲ့ ကိုယ့်စိတ်ကို ကိုယ်တိုင်ပြန် သတိထားမိတိုင်း ခေါင်းကိုသာ တွင်တွင် ခါယမ်းနေမိတော့တယ်…။ အများကြီး လိုသေးတယ်…။
သတိထားမိတာ တခု...။ လူအများ ဝိုင်းဖွဲ့ ပြောဆိုနေကြတဲ့ စကားဝိုင်းတွေမှာ နားထောင်သူသက်သက် အဖြစ် နေနေခဲ့တာ ကြာပြီ။ ကိုယ့်မှာ သူတို့လို ပြောစရာ စကားတွေပဲ ရှိမနေတာလား… ရှိနေရဲ့သားနဲ့ စကား ပြောချင်စိတ် ကုန်နေတာလား… ဆိုတာတော့ တွေးနေတုန်းပဲ။ ကိုယ် အရင်က စကားများများ ပြောတတ်တဲ့သူ တယောက်ဆိုတာ ဟုတ်မှ ဟုတ်ပါလေစ လို့ လဲ တွေးနေမိတာ အကြိမ်ကြိမ်…။ နောက် တဆက်တည်း တွေးနေမိတာက လူတွေ ဘာလို့ အဲဒီလောက် စကားပြောကြတာလဲ လို့…။ သူတို့တတွေ ပြောဆိုနေကြတဲ့ အကြောင်းအရာတွေကို နားထောင်ရင်း စိတ်ထဲမှာ စာစီကြည့်တာ… လိုက်မမှီဘူး ဆရာ…။ သူတို့က မြန်နေတာ မဟုတ်… ကိုယ်က နှေးနေတာ ဖြစ်မှာပါ။
နေ့စဉ် ရှင်သန် လှုပ်ရှားနေကြရတဲ့ ပတ်ဝန်းကျင်တွေ ကွာခြားလာတာနဲ့ အမျှ ပြောနေကြတဲ့ စကားလုံးတွေ ဘယ်နည်းနဲ့မှ မတူညီနိုင်ကြတာကို သေသေချာချာ မြင်လာရတယ်။ ဒါဟာလဲ လူတွေ တဦးနဲ့ တဦး ရင်းနှီးမှုတွေ ပါးလျားပြီး တဖြေးဖြေး ဝေးကွာသွားစေတဲ့ အကြောင်းရင်းထဲမှာ တချက် အပါအဝင်ဖြစ်နိုင်တယ်။ တန်ဖိုးထားတဲ့ အရာချင်း (သို့မဟုတ်) လျှောက်နေကြတဲ့ လမ်းချင်း မတူမှတော့ ရင်ထဲက၊ နှုတ်ဖျားက စကားလုံးတွေလဲ ဘယ်တူနိုင်ပါတော့မလဲ လို့ လေးလေးနက်နက် သုံးသပ်မိတဲ့ အချိန်ပါပဲ…။ စိတ်မကောင်းစရာပေမယ့် ကိုယ်လဲ မတတ်နိုင်ဘူး၊ လုပ်ယူတာမှ မဟုတ်တာ… သူ့အလိုလို ဖြစ်သွားတာပဲလေ…။
Flickr မှာ သူများတွေ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်ရင် ကိုယ့်လက်ရာတွေကို ဘယ်လိုမှ စိတ်တိုင်းမကျနိုင် ဖြစ်ရတယ်။ အိမ်မှာလဲ ချီးကျူးခံရပါတယ်… တကွက် တကွက်ကို ရိုက်ရင် မပြီးနိုင်တော့ဘူး... ၄ ပုံ ၅ ပုံလောက် ရိုက်နေလို့။ နာမည်တောင် ရနေပြီ… ပုံ တထောင် သက်ဝေ တဲ့…။ ပုံ တထောင်လောက်ရိုက်မှ ကောင်းတာလေး အသုံးတည့်တာလေး တပုံ နှစ်ပုံ လောက် ပါတာလေ..။ အရင် ဖလင်လိပ်တွေ ထည့်ရိုက်ရတဲ့ ခေတ်ဆို ဒုက္ခပဲနော်…။ အင်းလေ… အဲဒီခေတ်တုန်းက ဆိုရင်တော့ ဓါတ်ပုံပညာကို သေသေချာချာ လေ့လာလိုက်စားပြီးမှ ရိုက်မှာပေါ့လို့… အခုတော့ ရိုက်လိုက် မကြိုက်လိုက် ပြန်ဖျက်လိုက်နဲ့… ဟုတ်တော့ ဟုတ်နေတာပဲ…။
ဒီလိုနဲ့ နိဂုံးချုပ်လိုက်တော့ ဒီရက်ပိုင်းမှာ ကိုယ် အချိန်တွေ အလဟဿ ဖြုန်းတီးနေတာ၊ ဟိုဟို ဒီဒီ ရောက်တတ်ရာရာတွေ တွေးနေတာ၊ ကိုယ် အသုံးမကျတာတွေကို စုပြုံပြီး ရေးထားတဲ့ ပိုစ့်တပုဒ် ဖြစ်နေပါရောလား…။ အိုး… ရှိစေတော့လေ… တည်းဖြတ် ကန့်ကွက် ဖြတ်တောက်မယ့် အယ်ဒီတာမှ မရှိတာ…။ ကိစ္စမရှိပါဘူး… အရင်းအတိုင်းပဲ တင်လိုက်တော့မယ်…။ လာဖတ်မယ့်သူတွေကလဲ လူရင်းတွေချည်းပဲ မဟုတ်လား…။

သြော်.. လူရင်း လူရင်း .. :)
ReplyDeleteတွေ့လား... အခုလဲ လူရင်းက အရင်ရောက်လာတာပဲ...
ReplyDeleteအဲဒါတွေ ချစ်စရာကောင်းတာ...
ကိုယ် တကယ် အရင်းအတိုင်းရေးထားတာပါ...
ဒီတော့ အရင်းအတိုင်းပဲ ဖတ်သွားပါ...
အမြတ်မယူပါဘူး...း))
လူရင်းပါပဲခင်ဗျ
ReplyDeleteဖြစ်ဖန်ပျက်ပြန် လောကဓံထဲက ဘဝကို တစ်ခါတစ်ခါ ရှေ့ကိုအမြန်ရစ်လို့ရတဲ့ ရုပ်ရှင်ကားလို ဇာတ်သိမ်းထိ ရစ်ပစ်လိုက်ချင်တယ်
ခမမ
စာလာဖတ်ပါတယ် အမ။
ReplyDelete:)
ReplyDeletemm
(((လူတွေ ဘာလို့ အဲဒီလောက် စကားပြောကြတာလဲ လို့…။ သူတို့တတွေ ပြောဆိုနေကြတဲ့ အကြောင်းအရာတွေကို နားထောင်ရင်း စိတ်ထဲမှာ စာစီကြည့်တာ… လိုက်မမှီဘူး ဆရာ…။ သူတို့က မြန်နေတာ မဟုတ်… ကိုယ်က နှေးနေတာ ဖြစ်မှာပါ))))
ReplyDeleteကျွန်မဆီကို မရောက်လာတာ ဒါကြောင့်တော့ မဟုတ်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မဆီမှာက အကြောင်းအရာ တခုတည်းမဟုတ်ဘူး အစုံရှိတယ်လေ။ တခုလိုက်မမီရင် တခုတော့ မီမှာ သေချာတယ်။
လူရင်းတွေလာဖတ်သွားပါတယ် မမပုံတစ်ထောင်သက်ဝေ ရယ် ဟိဟိ။
ReplyDeleteဆရာမ မကြည်အေးရဲ့ ဝတ္ထုတိုပေါင်းချုပ် ဆိုရင်တော့ ကျနော် အလွတ်ရွတ်ပြနိုင်တဲ့ အပုဒ်တွေတော်တော်များလိမ့်မယ်..
ဒီလိုပဲလူတိုင်းလိုလိုမှာ ဘာမှမလုပ်လိုက်မိခဲ့ဘူးထင်တယ်ဆိုတဲ့အချိန်တွေရှိတတ်
ကြပါတယ် .. ကျနော်လည်းအဲလို မဖြစ်အောင် စာမွဲလေးတစ်ခုတစ်ခုဖြေရတယ် ဒါမှ certificate လေးတွေကြည့်ပီး ဒီနှစ်အတွင်း ဒါတွေ ငါ လုပ်ခဲ့ပါလား
လို့ အားပေးရအောင်ပေါ့။
ပုံတစ်ထောင်သက်ဝေတဲ့လား.....ဟိ ဖေဖေ့ကိုလဲ အဲ့နာမည်ပေးရမယ်...... :))
ReplyDeleteကျွန်တော်က အမထက်တောင်ပိုဆိုးသေးတယ်။း(
ReplyDeleteကျွန်တော့်လည်း အပြောခံရတာပဲ။ ဓာတ်ပုံရိုက်တာ ကြာတယ်တို့၊ တနေရာထဲ အများကြီးရိုက်တယ်လို့လေ... ၁၀ ပုံရိုက်လို့ ပုံကောင်း ၁ပုံ ရဖို့မလွယ်ဘူးဆိုတော့... တချို့လူတွေက ပြောသေးတယ် သူဆိုရင် ၁၀ ပုံရိုက်ရင် ၁၀ လုံးကောင်းမယ်ဆိုပဲ။ အဲဒါနဲပ လူရင်းတွေဆို ရိုက်မပေးတော့ဘူး :P
အရင်းအတိုင်းတင်ထားတာကို အရင်းအတိုင်းဘဲဖတ်သွားတယ်... ပုံတစ်ထောင်သက်ဝေဆိုတာလေးသဘောကျတယ်.... ကိုယ်ကပိုဆိုးတယ်... ပုံတစ်ထောင်ရိုက်ဖို့ထိအောင် စိတ်မရှည်တော့ တင်သမျှပုံတွေ တစ်ပုံမှကိုမကောင်းတာ....
ReplyDeleteလူဖျား စာလာဖတ်ပါတယ်။း)
ReplyDeleteဖတ်ရတာ roller coaster စီးရသလိုဘဲ...
ReplyDelete:)
Thx.....
အမ... ဘာမှ မပူနဲ့...
ReplyDeleteအိမ်မှာ အမသယ်ရင်း ပုံ၁သောင်းဆြာကျော်ရှိဒလယ်...
ခစ်ခစ်...
း-)
အရင်းအတိုင်း...အရင်းလို သဘောထားပြီး ဖတ်သွားပါတယ်။း)
ReplyDeleteပုံတထောင်သက်ဝေတဲ့လား..
ReplyDeleteအမရဲ့ရောက်တတ်ရာရာအတွေးလေးတွေကိုဖတ်သွားပါတယ်။ မိုးဦးလဲ ခုတလော စာအုပ်အသစ်တွေကို မဖတ်ဖြစ်ဘဲ အရင်ထဲက နှစ်သက် စွဲလမ်းခဲ့တဲ့ ၀တ္ထုဟောင်းတွေကိုပဲ ပြန်ပြန်ဖတ်ဖြစ်နေတယ်။
ReplyDeleteလူရင်း တစ်ယောက် စာလာဖတ်သွားပါတယ်။ ရောက်တတ်ရာရာရေးလဲ ဖတ်ကောင်းတာပါပဲလား။ ၂ကျပ်ခွဲနဲ့ ရိုက်ထားတဲ့ ပုံလေးတွေ စိတ်ဝင်စားပါတယ်။ လှတာလေးတွေ တင်ပေးပါလား။
ReplyDeleteဟီဟိ ... ကိုယ့်ဒုတ်ခ ကိုယ်ရှာမိပြီလား မသိဘူး ...း)))
လူရင်း ခမမ... သွားပါ သွားပါ... စာပြန်ကျက်ပါ... စာမေးပွဲနီးနေပြီဆို...
ReplyDeleteကိုအောင်... ကျေးဇူးပါ.. နောက်လဲ လာလည်ပါ။
မွန်...း))
မငယ်နိုင်... မငယ်ဆီကို ရောက်ပါတယ်... အသစ် တင်သမျှလဲ အမြဲတမ်း လာဖတ်ပါတယ်... ကော်မန့်မရေးဖြစ်တာက တခါ တခါ ဘာရေးရမှန်း မသိလို့ပါ။ တချို့ဟာတွေကို လိုက်မမှီတာလဲ တကြောင်းပေါ့...။ ကိုယ်ရေးလိုက်တဲ့ စာလုံးတွေကြောင့် ဆိုလိုရင်းတွေ လွဲကုန်မှာလဲ ကြောက်တယ်...။ ပြီးတော့ ပြီးစလွယ် ကော်မန့်မျိုးလဲ မရေးလိုလို့ပါ...။ မငယ် နားလည်မယ် ထင်ပါတယ်...။
လူရင်း Vist... စာတွေကျက်ပြီး စာမေးပွဲတွေ ဖြေတော့ လိမ်မာတဲ့ ညီမလေးပေါ့... အမ ကတော့ စာကျက်ဖို့ အရွယ် လွန်သွားလေပြီကွယ်... ဒါကြောင့် အခုလို ယောင်ဝါးဝါးတွေ လုပ်နေတာပေါ့... ဟီဟိ
သန့်ကလေး ကတော့ လုပ်တော့မယ် လူကြီးကို...း))
ကိုပီတိ... ဟုတ်တယ်.. လူရင်းတွေကို ရိုက်ပေးတာ အပြောခံရတယ်... နောက်ကို ရိုက်ပေးတော့ဝူး...း))
Rose... အဟိ...း))
မကေ... လူဖျားတော့ အလုပ်ပါနဲ့လေ... အချင်းချင်းတွေပဲ...း))
Hmoo... ကျေးဇူးတင်ပါတယ်...။
စုချစ် ညီမ... အခုလို ကြားရတာ အားတက်လိုက်တာ... ဒါကြောင့် သူငယ်ချင်းတွေ ဖြစ်နေတာနဲ့ တူတယ်... ဟီးဟီး
ဇွန်... အရင်းတွေ ပါပဲနော်...း))
ညီမ ပွင့်... အင်း... နာမည် အသစ်ပါ... ပုံတထောင် သက်ဝေ တဲ့...း))
မိုးဦးစံပယ်... နာမည်လေးက ချစ်စရာ... နောက်နေ့မှ ညီမဆီမှာ စာတွေ လာဖတ်ပါအုံးမယ်... လာလည် မှတ်ချက်ရေးသွားတာ ကျေးဇူးပါနော်...။
သူငယ်ချင်း ဆွိ… ကိုယ့်စကားနဲ့ ကိုယ်နော်… နောက်တော့မှ မှားပါပြီလို့ မအော်နဲ့… ဟီဟိ…း))
လာလည်ကြသူများ၊ စာဖတ် မှတ်ချက်ရေးသွားကြသူများ အားလုံးကို ကျေးဇူးအထူးပါ...
လူရင်း လူဖျား လူအလယ်အလတ် တယောက် စာလာဖတ် သွားကြောင်း...:)
ReplyDeleteဒီက လူရင်း တစ်ယောက်လည်း လာဖတ်သွားပါတယ်လို့နော်။
ReplyDeleteဒီဘလောဂ့်မှာ လူရင်းတွေ အတော်များတာပဲ ))))း
လူရင်း...လူရင်း....ဆိုပြီး နှိပ်စက်သွားတာ လူသစ်ခံသွားပါတယ်
ReplyDeleteတော်ပီ မော်ဒယ်မလုပ်တော့ဘူး..
ReplyDeleteပို့စ်တွေအကြာကြီးပေးနေရမှာ.. :D
မသက်ဝေ
ReplyDeleteပုံတထောင်သက်ဝေ တဲ့လား.. နာမည်လေးက ကောင်းသားဘဲ အားမလျှော့ပါနဲ့
ခင်တဲ့
ရွှေစင်
လူအများနဲ့ စကားဝိုင်းဖွဲ့မပြောဖြစ်တာကြာပြီ..
ReplyDeleteဓါတ်ပုံရိုက်ချက်တွေနဲ့ ပတ်သက်လို့
လိုအပ်တာရှိရင်ပြောပါ..အချိန်မရွေးကူညီနိုင်ပါတယ်..
ဟီးးဟီ..
(တီဇက်အေတို့ ကဒီဘီတို့ထက်သာတယ်လို့..
ပြောကြတာပဲလေ...)
သူစိမ်းထက်ကျက်တဲ့ ..
အမျိုးတစ်ယောက်
လူရင်း စာရင်း ဝင်ပါရစေ...
ReplyDeleteApril 21, 2010 4:27 AM Anonymous :
ReplyDeleteIt is Pauk. ha ha ha
pifpif
အိုးစွပ် ခွက်စွပ်မစားရပေါင်..
ReplyDeleteဟေ့..
pifpif
မစွပ်စွဲပါနဲ့..
Xထုံ
မသက်ဝေရေ အချစ်၏ နောက်ဆက်တွဲစာမျက်နှာများကို ဖတ်ချင်လာတယ်။ အရင်က တပိုင်းတစပဲ ဖတ်ဖူးတယ်။ Frida Kahlo ရဲ့ အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ရော ကြည့်ဖူးလား အစ်မ။ ပုံရိပ်တော့ ကြည့်ပြီးတော့မှ သူ့ပန်းချီကားတွေ နားလည်သလိုလို ဖြစ်တယ်။
ReplyDeleteအရင်းဆုံး သူငယ်ချင်း ချစ်ကြည်...
ReplyDeleteသူစိမ်းထက်ကျက်တဲ့ အမျိုးရင်း ပေါက် အပါအဝင်
ချစ်စရာကောင်းတဲ့ ညီမလေး...
အမြဲအားပေးနေကျ လူရင်း ကြည်...
ဝိုင်းစုကို သဘောကျလို့ ကြက်ဥကြော်တာတောင် ဝိုင်းဝိုင်းလေး ဖြစ်အောင်သာ ကြော်တတ်တော့တဲ့ ကလူသစ်...
တနေ့ထက် တနေ့ ပိုပိုလှလာတဲ့ မျိုး...
နာမည်ကို အသိအမှတ်ပြုပေးသွားတဲ့ မရွှေစင်...
လူရင်း စာရင်းဝင်ချင်သူ အမည်မသိ...
ပျောက်နေတာကြာလို့ သတိရနေတုန်းမှာ ရောက်လာတဲ့ ပုံရိပ်...
အမြဲတမ်း အဆန်းထွင်တတ်တဲ့ pifpif နဲ့
သူ့ရဲ့ ရန်ဖြစ်ဖေါ် ရန်ဖြစ်ဖက် x ထုံ အပါအဝင် စာလာဖတ်သွားကြသော သူငယ်ချင်းအရင်း မိတ်ဆွေအရင်းများအား
အစဉ် ကျေးဇူးတင် ချစ်ခင်နေပါသည်...။
မသက်ဝေရေ
ReplyDeleteမမခင်ဦးနွယ်လို ဆာဂျင်မမ အပြင်မှာ ရှိတယ်။ တအား တော်ပြီး အရမ်းလေးစားစရာကောင်းတယ်။
မအယ်
ဟုတ်တယ် လူရင်းတွေချည်းဘဲ။
ReplyDelete