ကျွန်တော်ဟာ သာမန် ကပ်ကြေးလေး တချောင်းပါ…
တကယ်တော့ ဟိုး ရှေးရှေး ဘိုးစဉ် ဘောင်ဆက် ကာလတွေထဲက ကပ်ကြေး ဆိုတဲ့ပစ္စည်း ရှိခဲ့တာပါ။ အဲဒီတုန်းကတော့ အသွားက ခပ်တုံးတုံး၊ ထူထူ ထဲထဲ လေးလေး ပင်ပင်နဲ့ သံကပ်ကြေးကြီးတွေပေါ့။ လက်ကိုင်နေရာကလဲ သံနဲ့ပဲ လုပ်ထားတာဆိုတော့ ကိုင်ရ ညှပ်ရတာ လက်တော့ နဲနဲ နာသပေါ့လေ…။ တချို့ကလဲ ကိုင်ရတာ လက်မနာအောင် လက်ကိုင်ကို အဝတ်စတွေနဲ့ ပတ်ပြီး သုံးတတ်ကြသေးတယ်။ သို့သော် သူ့ကို အိမ်သုံး ပစ္စည်း တခုအဖြစ် အိမ်မှာ ဆောင်ထားပြီး အသုံးချတာမျိုးကတော့ သိပ်ကို နည်းပါးခဲ့ပါတယ်…။ သံနဲ့ လုပ်ထားတာဆိုတော့ မသုံးတာ ကြာရင် သံချေးတွေ ဘာတွေလဲ တက်တတ်သေးတာကိုး…။ ဒီတော့ အိမ်တိုင်းမှာ မရှိတတ်ကြဘူး။
ရွာတွေမှာတော့ လွယ်တယ်လေ…။ ကပ်ကြေးကို အသုံးလိုလာတဲ့ အခါကျရင် ကပ်ကြေးရှိတတ်တဲ့ နီးရာ အိမ် သို့မဟုတ် ပန်းတိမ်ဆိုင်၊ အင်္ကျီချုပ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်တွေမှာ ခဏတဖြုတ် သွားငှားပြီး သုံးလိုက်ကြတာပါပဲ။ တခါတခါ ရွာထဲက သက်ကြီးရွယ်ဆိုတွေ အိမ်မှာ သံကပ်ကြေး ဟောင်းဟောင်းကြီးတွေ ရှိတတ်တယ်။ သူတို့တွေ သောက်ဖို့ ဆေးလိပ်လိပ်တဲ့ အခါ ဆေးလိပ်ရဲ့ နောက်ပိတ် အစီခံနားမှာ ပိုထွက်နေတဲ့ ဆေးရွက်တွေကို ဖြတ်တောက်တဲ့ အခါမျိုးမှာ သုံးတတ်ကြတယ်လို့ ကျွန်တော့ အဖိုးက ပြောခဲ့ဖူးတယ်။ အော်… ကျွန်တော့ အဖိုး ဆိုတာက ခပ်တုံးတုံး ခပ်လေးလေး သံကပ်ကြေးကြီး တလက်ပေါ့…။
အဲဒီကနေ ကာလ အတော်ကြာလာတော့ ကပ်ကြေးဆိုတာကို တချို့အိမ်တွေမှာ စတင် အသုံးပြုတတ်လာကြတယ်။ ကျွန်တော့် အဖေတို့ ခေတ်လို့ ဆိုရမှာပေါ့။ စတိန်းလက်စ် စတီးလ် ခေါ်တဲ့ သံချေးမတက်တတ်တဲ့ စတီးလ်တမျိုးနဲ့ ပြုလုပ်ထားတဲ့ ကပ်ကြေးတွေလေ… လက်ကိုင်နေရာမှာလဲ မနာကျင်အောင် ပလတ်စတစ်သား ကောင်းကောင်းနဲ့ ကွပ်လို့ ဗျား…။ အဲဒီလို ကပ်ကြေးတွေကို အိမ်တွေမှာ သစ်ပင် ပန်းပင်တွေကို ကိုက်ဖြတ်တဲ့ အခါမျိုး၊ စက္ကူ စာရွက်တွေကို ဖြတ်တဲ့ အခါမျိုး၊ ကြိုးခွေတို့ ရေပိုက်တို့ ဘာတို့တွေ ဖြတ်တဲ့ တောက်တဲ့ အခါမျိုးတွေမှာ သုံးတတ်လာကြတယ်။ ကပ်ကြေးကို အိမ်မှာ ဆောင်ထားတတ်ကြတဲ့ ကာလ ဆိုပေမယ့် အိမ်တိုင်းမှာ မရှိမဖြစ် ဆောင်ထားတတ်ကြတာမျိုးတော့ မဟုတ်သေးဘူးပေါ့။
အခု ကျွန်တော်တို့ခေတ်မှာတော့ ပုံစံစုံ အရွယ်စုံ အရောင်စုံ ကပ်ကြေးလှလှလေးတွေ တအား များလာတယ်၊ အိမ်သုံးပစ္စည်းတွေ ထုတ်တဲ့ ကုမ္မဏီကြီးတွေကလဲ သူ့ထက်ငါ အပြိုင်အဆိုင် ကပ်ကြေးကောင်းကောင်းတွေ၊ ကပ်ကြေးလှလှလေးတွေကို တီထွင်လာကြတယ်။ လက်ကိုင်နေရာမှာ မနာအောင်၊ ညှပ်တဲ့အခါမှာ အသွားထက်ထက်လေး နဲ့ ချောချောမွေ့မွေ့လေး ဖြစ်နေအောင် အရည်အသွေးကောင်းမွန်တဲ့ ကပ်ကြေးလေးတွေ၊ ဒါတင်မက အသွားနေရာမှာ အတွန့်လေးတွေပါပြီး ညှပ်လိုက်တဲ့အခါ စာရွက်လေးတွေမှာ တခါတည်း အတွန့်လေးတွေ ပေါ်လာတဲ့ ကပ်ကြေးမျိုးတောင် ရှိနေသေးတယ်။ ပြီးတော့ ကလေးငယ်တွေအတွက်လဲ အန္တရာယ် မရှိစေတဲ့ စက္ကူကိုသာ ညှပ်လို့ရတဲ့ ပလတ်စတစ် အသွားနဲ့ ရောင်စုံ ကပ်ကြေး သေးသေးလေးတွေဆိုရင်လဲ သိပ်ချစ်စရာကောင်းတာ ဗျ။
အခု ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ခေတ်မှာ အိမ်တိုင်း အိမ်တိုင်းမှာ အနည်းဆုံး ကပ်ကြေး တချောင်းတော့ ရှိနေကြပြီ ဆိုတာပါပဲ။ စဉ်းစားကြည့်လေဗျာ… အခုခေတ်မှာ စားစရာ သောက်စရာ ပစ္စည်း ပစ္စယ တွေကို ထုတ်ပိုးတဲ့အခါ အရင်ကလို အင်ဖက်တွေ စက္ကူတွေနဲ့မှ မထုတ်ပိုးတော့တာ။ ပလတ်စတစ်အိပ်တွေ ကြွပ်ကြွပ်အိပ်တွေနဲ့ ထည့်ယူ ထုတ်ပိုးကြတယ် မဟုတ်လား။ ဒီတော့ အဲဒီ အထုတ်တွေကို ဖြေဖို့ လက်နဲ့ ဒါမှမဟုတ် သွားနဲ့ အလွယ်တကူ ကိုက်ဖြတ်လို့မှ မရတာ။ ဒီတော့ ကပ်ကြေးလေးတလက် မရှိမဖြစ် လိုလာတော့တာပေါ့။ ပြီးတော့ အာလူးကြော် သကြားလုံး ဘီစကစ် အချဉ် အချိုတွေ ဘာညာ ဘာညာတွေကိုလဲ ပလတ်စတစ်နဲ့ပဲ ထုပ်ပိုးကြတာ တွေ့မှာပေါ့။ စားသောက်စရာတွေ တာရှည်ခံအောင်၊ လေမသလပ်အောင် ပလတ်စတစ် ကောင်းကောင်းတွေနဲ့ ထုတ်ပိုးလာကြတော့ တော်ရုံတန်ရုံ လက်နဲ့ အလွယ်တကူ ဖွင့်လို့ ဖေါက်လို့ မရတာမို့ ကပ်ကြေးလေးနဲ့မှ အဆင်ပြေ… အဝတ်အစား အသစ်တွေ ဝယ်လာတဲ့အခါ တပ်ထားတဲ့ တံဆိပ်တွေကို ဖြုတ်တဲ့ အခါမှာလဲ ကပ်ကြေးလေးနဲ့မှ ဟန်ကျတော့တာကလား...။ ဒါတင်မက ကျွန်တော်တို့ အသုံးဝင်တဲ့ နေရာတွေ အများကြီး ရှိပါသေးတယ်။ အိမ်မှာ ဟိုဟာ ဒီဟာ ဘာလေးမဆို ဖြတ်စရာ ဖေါက်စရာ တခုခု ရှိလာရင် ဟေ့.. ပေးကြပါအုံး… ကပ်ကြေးလေး… ယူခဲ့ပါအုံး… ကပ်ကြေးလေး နဲ့… ။ ကျွန်တော်တို့ ကပ်ကြေးမျိုးနွယ်တွေ ဒီလို ဒီလိုကို တွင်ကျယ်လာတာ ခင်ဗျ…။
နောက်ဆုံး… တချို့အိမ်ရှင်မတွေဆို သူတို့လက်တွေ ညစ်ပတ်မှာ စိုးလို့လား၊ အစေးပေမှာစိုးလို့လား မပြောတတ်ပေါင်ဗျာ… ကန်ဇွန်းရွက် ချဉ်ပေါင်ရွက်တွေကိုတောင် ကပ်ကြေးလေးနဲ့ စိတ်ရှည်လက်ရှည် ညှပ်တတ်ကြတာ တွေ့ရတယ်…။ အိမ်ရှင်မတွေရဲ့ မီးဖိုချောင်မှာ ရှိနေကျ ဓါးတွေအပြင် ကပ်ကြေးတလက် တွင်ကျယ်လာပုံ ဆိုပါတော့။
အရင်တုန်းက အိမ်သုံး လက်နက်ကရိယာ တခုအဖြစ် လူ သိပ်မသိ၊ အသုံးသိပ်မဝင်၊ သိပ်မတွင်ကျယ်ခဲ့တဲ့ ကပ်ကြေးတလက်… အခုတော့ဖြင့် ဟိုနေရာလဲ သူ ပါရ… ဒီနေရာလဲ သူလေးနဲ့မှ… အဲဒီလိုကို ဖြစ်နေတော့တာလေ။ အသုံးလိုနေတဲ့ အချိန်မှာ ကပ်ကြေးလေး တချောင်း တနေရာမှာ အထားမှားပြီးများ ပျောက်နေခဲ့ရင် တအိမ်လုံး သူသူ ငါငါ ဘယ်သူမှ မနေရ… ရှာလိုက်ကြရတာ ဒေါင်းကို တောက်ရော…။

ဒါပေမယ့် အခုအချိန်မှာတော့ သာမန် ကပ်ကြေးလေး တချောင်း ဆိုတာထက် ခေတ်မီ တိုးတက်လာတဲ့ ကာလကြီးမှာ ကျွန်တော့်ရဲ့ အခန်းကဏ္ဍတွေ၊ အသုံးဝင်မှုတွေ တဖြည်းဖြည်း ကျယ်ပြန့် များပြားလာတာကို တွေးပြီး ပီတိ ဖြစ်နေတဲ့ ကပ်ကြေးလေး တချောင်း ဆိုရင် ပိုမှန်မယ် ထင်ပါရဲ့…။
မှတ်ချက် ။ ။ ရုံးမှာ စားပွဲရှင်းရင်း မျက်စေ့ထဲကို ရောက်လာတဲ့ အစိမ်းရောင် ကပ်ကြေးလေး တချောင်းကို ကြည့်ရင်း တွေးမိတာလေးကို ရေးထားတာပါ။

မိန်းမတွေဘဝ,ကတ်ကြေးကအဓိက(ဆံပင်ညပ်ဆိုင်ပြောတာပါ) :)
ReplyDeleteအော်ခေတ်ရေစီးကြောင်းထဲ ကတ်ကြေးလေးလဲ ပါရတာပါပဲလားး)
ReplyDeleteကတ်ကြေးပြီးရင်..ဘယ်သူ့အလှည့်ပါလိမ့်...ဘုရားဘုရား..ရင်တုန်လိုက်တာ..သူ့စားပွဲပေါ်ေ၇ာက်မိပါတယ်..မလွတ်လပ်လိုက်ပါလားနော်...အဟင့်..
ReplyDeleteစာရွက်ဖိတဲ့တုံး၊ ခဲတံ ၊ စတေပလာ ၊ ဘလာ ..ဘာလာ ..များကြီးရှိသေးဒေ...
ReplyDeleteကြည့်ရတာသက်ဝေ တစ်ယောက် ကန်ဇွန်းရွက် ချဉ်ပေါင်ရွက်တွေကိုတောင် ကပ်ကြေးလေးနဲ့ ညှပ်တယ်ထင်ပါရဲ့။
ReplyDeleteတော်တော် အသုံးဝင်တဲ့ကတ်ကြေးဘဲနော်... အိမ်ကကတ်ကြေးတွေက အဲလောက်အသုံးမဝင်ဘူး :D
ReplyDeleteအစ်မရဲ့ အိုင်ဒီယာနဲ့ အရေးအသားကို သဘောကျသွားတယ်။
ReplyDeleteနောက်ထပ် ဘာတွေ လာအုံးမှာပါလိမ့်။း)
အခုဆိုရင်တော့ ကျနော့နာမည်ကို အစွဲပြုပြီး
ReplyDeleteဘိတ်ကပ်ကြေးကိုက် တို့
scissor kick တို့
ဘာတို့ညာတို့လည်း ပေါ်နေပြီခင်မျ...
ပုံ
မောင်ကပ်ကြေး
းဝ)
ဖတ်လို့အတော်ကို့ကောင်းတယ် ခင်ဗျ။း)
ReplyDeleteကပ်ကြေး ထဲ မှာတော့ ဘိတ် ကပ်ကြေးကိုက် ကို အကြိုက်ဆုံး ဘဲဗျာ..
ReplyDeleteခင်တဲ့
ရွှေစင်
ရေးတတ်ရင် ၀တ္တုဖြစ်တယ်ဆိုတာ ဟုတ်မှာပဲ။ တချို့ လူတွေက စားပွဲရှင်းရင်းတွေ့တဲ့ ကပ်ကြေးတောင် ကိုယ်တိုင်ရေးအတ္ထုပ္ပတိရေး လိုက်ပြီ။ ဒို့ကိုတွေ့ရင် အခန်းဆက်ဝတ္တုရှည်တွေများ ရေးဦးမလားမသိ။ ရှောင်နေမှ။းD
ReplyDeleteနစ်ချောင်းဝယ်ထားတယ် တစ်ချောင်းပျောက်တတ်လွန်းလို့..ဟော တစ်ချေငာ်းပျေက်နေရင် နောင်တစ်ချောင်းနဲ့ညှပ်. ကြားထဲမှာသူ့ဘာသာ သူပြန်ထွက်လာ. ဟန်ကိုကျလို့။
ReplyDelete