Friday, May 14, 2010

အဆုံးမရှိသော အရှုံး

ရှုံးနိမ့်ခြင်း (သို့) အရှုံးဆိုသည်မှာ ခါးသီးစရာကောင်းလှသည်။
သို့သော်လည်း အကြိမ်ကြိမ် ရှုံးနိမ့်ဖန်များလာသောအခါ ထိုအရှုံးကို ထပ်ခါတလဲလဲ ပြန်လည် ခံစား သုံးသပ်ရင်းဖြင့် အရှုံးနှင့် အကျွမ်းတဝင် ဖြစ်သွားလေမလား ဟူသော မျှော်လင့်ချက် မှိန်ပါးပါးလေး တခုကြောင့် ရလာသမျှ အရှုံးတွေကို ဗွီဒီယို အခွေများ၊ သီချင်းခွေများကို ကြည့်သကဲ့သို့ အခေါက်ခေါက် အခါခါ အဖန်တလဲလဲ ပြန်ရစ်ကြည့်နေမိသည်။ ဤသို့ကြည့်မိတိုင်းလဲ နာကျင်ရသည်ကသာ များပြီး မည်သည့်နည်းနှင့်မျှ ထိုအရှုံးနှင့် မရင်းနှီးလာပါချေ။

ရှုံးနိမ့်ခြင်းများစွာထဲမှာ အချို့ အချို့သော ရှုံးနိမ့်ခြင်းတွေသည် တော်တော် အဓိပ္ပါယ်မရှိ…။ သို့သော်လည်း အဓါပ္ပါယ်မရှိမှန်း သိသိကြီးနှင့် နာကျင် ခံစားနေတတ်သေးသည်။ နံနက် အိပ်ရာနိုးချိန် မှန်ကြည့်မိလျှင် တရက်ထက် တရက် ပြောင်းလဲ ကြီးရင့်လာသော ရုပ်ရည်သည် အရှုံးတခု ဖြစ်ပါသလား။ ထိုအရာမျိုးသည် ခံစားနေသင့်သော အရှုံးတခု ဟုတ်ပါရဲ့လား… သူ အသေအချာ မတွေးတတ်ခဲ့ပါ။

ရက်ပေါင်း လပေါင်း တော်တော်များများမှာ မေ့လျော့ထားခဲ့မိသော ရေးနေကျ မှတ်စုစာအုပ်ကို ညက သတိရသွားပြီး ဖွင့်ကြည့်မိသည်။ စာရွက်များကို တဖျတ်ဖျတ်လှန်ရင်း ကြည်နူးဖွယ်ရာ လရောင်၏ ဖျားယောင်းမှုများ အကြောင်းကို ရေးမှတ်ထားခဲ့သော စာမျက်နှာကို အရောက်မှာ ဖွင့်ထားသော ပြူတင်းတံခါးမှတဆင့် အပြင် ကောင်းကင်ကို ရုတ်တရက် လှမ်းကြည့်လိုက်မိသည်။ မှောင်လွန်းသော လမိုက်ည ဖြစ်သည်…။ ထိုလမိုက်ညသည်လည်း သူ၏ အားနည်းချက် သူ၏ အရှုံးတခု ဖြစ်သည်။ မဝေးသေးသော လမိုက်ည တညမှာ တယောက်သောသူက သူ့ကို ဖယ်ခွာ ချန်ထားခဲ့ဖူးသည်လေ…။

တခါတရံမှာ အသိစိတ် နှင့်ကိုယ် တခဏ ဝေးကွာသွားတတ်ခြင်း ရုတ်တရက် စိတ်နှင့်လူ ကင်းကွာပြီး သတိလက်လွတ် ဖြစ်သွားတတ်ခြင်းတို့သည်လည်း အရှုံးတခုကို ဖြစ်စေ၏။ ရုတ်တရက် မယုံကြည်နိုင်စရာ မြင်ကွင်းတခုကို ရုပ်ရှင် အနှေးပြကွက်တခုလို မြင်လိုက်ရသောအခါ အားလုံးကိုမေ့ပြီး သတိလက်လွတ် ဖြစ်သွားခဲ့ချိန်မှာပဲ တယောက်သောသူက သူ့ကို အလဲထိုး အနိုင်ယူသွားခဲ့တာ…။ သတိရမိချိန်မှာ သူသည် လက်သီးထိုး လေ့ကျင့်ကွင်းမှ ပျော့ခွေခွေ သဲအိတ် တခုမျှသာ…။ ကွာခြားချက် တခုတော့ရှိသည်။ သဲအိတ်သည် နာကျင်မှုကို ခံရသော်လည်း စကားမပြောတတ်၊ အသံထွက်၍ မငြီးတွားတတ်ခြင်းပင်…။ ထိုအရာတွေကို ပြန်တွေးမိတိုင်း အရှုံးဒါဏ်ရာတွေသည် လတ်လတ်ဆတ်ဆတ် တဆစ်ဆစ် ကိုက်ခဲ နာကျင်နေဆဲ…။

သူ၏ မူလဗီဇအရ ပြန်လှန် ချေပ ပြောဆိုလိုစိတ် အလျဉ်းမရှိ၊ နှုတ်လှန်ထိုး ခွန်းတုန့်ပြန်လိုစိတ်မရှိ၊ အယူခံဝင်တတ်ခြင်း မရှိ၊ အရာရာကို ခေါင်းညိတ်၍ လိုက်လျောတတ်ခြင်းသည်လဲ အရှုံးကို ယူဆောင်လာတတ်သည်။ ဤနည်းဖြင့် ရှုံးရမည်ဆိုပါက ရှုံးပါစေတော့လေ… ရဲရဲဝံ့ဝံ့ အရှုံးခံလိုက်ပါမည်။ နှုတ်လှန်ထိုး ခွန်းတုန့်ပြန်ရသော အငြင်းပွားရသော အလုပ်ကို သူ နဲနဲမှ မနှစ်သက်တတ်ပါ။ ထိုအခါ စကားတတ်သော၊ စကားကပ်သောသူများထံမှာ သူ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးသည်ပဲ…။ ကျေကျေနပ်နပ်ကြီး အရှုံးပေးသည်ဆိုသော်ငြားလည်း ရင်ထဲမှာ ဒါဏ်ရာတွေတော့ ကျန်နေစမြဲပင်…။ သူ ရရှိလာမည့် အရှုံးရလာဒ်ထက် သူတပါး၏ စိတ်ချမ်းသာမှုကို ပို၍ အလေးထားပါသည်ဟု ဆိုသောအခါ အားလုံးက (ရယ်စရာ မဟုတ်ပါပဲ) တညီတညာထဲ ရယ်ပွဲဖွဲ့ကြသည်။

သူ့ ဘဝမှာ သူမ ရှိခဲ့သည်။ စာမျက်နှာတွေ ရှိခဲ့သည်။ နေ့စွဲတွေ ရှိခဲ့သည်။ အခန်းငယ်တွေ ရှိခဲ့သည်။ ထို့အတူ နေရာတခုလဲ ရှိခဲ့ဖူးပါသည်။ ထိုနေရာကို သူ မပိုင်ပါ၊ သို့သော် အနည်းငယ်မျှတော့ ဆိုင်သည်ဟု (တဖက်သတ်) မှတ်ယူထားမိသည်။ ထို့ကြောင့် ထိုနေရာ မကြာခဏ ရောက်သွားလေ့ရှိသည်။ အရှုံးဆိုသည်ကို ခံစားမိသော တရက်မှာ ထိုနေရာကို နောက်ထပ်ခြေဦး မလှည့်မိအောင် အတတ်နိုင်ဆုံး သတိထား ထိန်းချုပ်လိုက်သည်။ သို့သော် ခြေလှမ်းများက သူ၏ စိတ်ကို အနိုင်ရသွားသော တနေ့မှာ ထိုနေရာကို ရောက်သွားမိခဲ့သည်။ အကြိမ်ကြိမ် မြင်နေကျ အရှုံးကို မပြောင်းမလဲ မြင်လိုက်ရပြန်သည်…။ အကြိမ်ပေါင်းများစွာ ထွက်ပြေးနေကျ ထိုနေရာမှ သည်တကြိမ်မှာလဲ အဆောတလျင် ထွက်ပြေးခဲ့ရလေသည်။ ပြီးတော့ ပြေးနေရင်းမှာပင် လဲပြိုကျခဲ့ရသည်။ ဇွတ်အတင်း ပြန်ထပြီး ဆက်ပြေးခဲ့ရပြန်သည်။ နောင်တဆိုသည်မှာ နောင်မှ ရတတ်ကြသော အရာတခုဆိုသည်မှာ သိပ်ကို သေချာပါသည်။

သူ၏ မရေမတွက်နိုင်သော အရှုံးများသည် မူးဝေ ပြင်းရှသော သောက်လက်စ အနီရောင် ရင့်ရင့် ဝိုင်တခွက်ထဲမှာ… မီးသေစပြုနေသော စီးကရက်တလိပ်၏ မီးခိုးငွေ့တွေထဲမှာ… သူမ ကိုယ်တိုင်ဝယ်ယူ ချိတ်ဆွဲထားခဲ့သော နံရံကပ် ပန်းချီကားထဲမှ ထက်မြသော ဆူးချွန်တို့နှင့် နှင်းဆီပန်း အနီရဲရဲ တွေထဲမှာ… မနက်မိုးလင်းတိုင်း သူမ သောက်နေကျ ကော်ဖီခွက် ညိုညိုလေးထဲမှာ… သူမ စိတ်လိုလက်ရရှိချိန်များမှာ ဆိုညည်းလေ့ရှိသော လီယိုဆေရာ၏ ကိုယ် မင်းကို လိုအပ်သောအခါ သီချင်းသံ တိုးသဲ့သဲ့ထဲမှာ… ပြီးတော့ ပန်ကာလေ အရှိန်ကြောင့် တဖျတ်ဖျတ်လွင့်နေသော စားပွဲပေါ်က မှတ်စု စာအုပ်ထဲမှာ… ထိတွေ့ပါများသဖြင့် လက်ကွက်များမှာ အက္ခရာတချို့ မှေးမှိန်စပြုနေသော ဆိုနီ လက်ပ်တော့ မီးခိုးရောင်လေးထဲမှာ… သူမနှင့် ပတ်သက်သော အမှတ်ရစရာများ မြင်တွေ့လာရတိုင်း မှတ်တမ်းတင်ထားမိသော ကင်မရာထဲမှ မှတ်ဥာဏ် ကဒ်ပြားငယ် သေးသေးလေးထဲမှာ... အိပ်မရသော ညများမှာ အကူအညီယူရလေ့ရှိသော ဗေလီယံ ဆေးလုံးလေးတွေ အကြားမှာ…။

သူ မျက်စေ့ကို စုံမှိတ်ချလိုက်မိသည်… ထို့နောက် ခေါင်းကို ဖြေးညှင်းစွာ ခါယမ်းရင်း အဆုံးနိုင်တော့ဘူးလား ဒီအရှုံးတွေရယ်… ဟု ခပ်တိုးတိုး ငြီးတွားလိုက်မိပါသည်…။

အရှုံးဆိုသည်မှာ တကယ်ကို ခါးသီးစရာကောင်းလှသည်။
သို့သော်လည်း ထိုအရှုံးကို ထပ်ခါတလဲလဲ ပြန်လည် ခံစား သုံးသပ်ရင်းဖြင့် အရှုံးနှင့် ရင်းနှီးခင်မင် အကျွမ်းတဝင် ဖြစ်သွားလေမလား ဟူသော မျှော်လင့်ချက် မှိန်ပါးပါးလေး တခုကြောင့် ထိုထိုသော အရှုံးတွေကို လက်ချိုး ရေတွက်ရင်း၊ အဖန်တလဲလဲ ပြန်လည် ခံစားရင်း အရှုံး၏ အရသာနှင့် ရင်းနှီးလာအောင် ထိုအရှုံးနှင့် အကျွမ်းတဝင် ဖြစ်လာအောင် သူ တော်တော်ကြီး အားထုတ် ကြိုးစားရပေအုံးမည်။


11 comments:

  1. သက်ပြင်းချသွားတယ် မမ

    ReplyDelete
  2. ရှုံးသွားရင် ခံစားချက်က ပြင်းထန်တယ်

    ဒါပေမဲ့ နိုင်နေကြ တယောက် က ရှုံးသွားခဲ့ရင် အဲဒါ ပိုပြင်းထန်တယ်

    အနိုင်ကိုဘဲ အားလုံးက လိုချင်ကြတယ်

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  3. ဒိုင်ယာရီအဟောင်းလေးပြန်ဖတ်ပြီး စိတ်ကူးများတဖဲ့ဖဲ့ကြွေကျ..
    အိုး ရေးတတ်ပါ့။
    ဖတ်တဲ့သူပါ ရောယောင်ပြီး၊အရှုံးမှာပူလောင်မွမ်းကြပ်လာတယ် အမ ရဲ့..။

    လေးစားခင်မင်လျက်
    Mirror

    ReplyDelete
  4. အရှုံးအနိုင် မေတ္တာတရားမှာ အရှုံးအနိုင်ရယ်လို့ မရှိသင့်ဖူးထင်မိတယ်
    ပေးဆပ်တာတွေ ရယူတာတွေ တကယ့်မေတ္တာစစ်မှန်ရင် မရှိသင့်ပါဘူးလေ

    မေတ္တာစစ်မှန်ရင် မေတ္တာတွေ ပြန်ရမယ်လို့ မျှော်လင့်မိတယ်

    တကယ်က မေတ္တာတရားဆိုတာကို မယုံကြည်ပြန်ဘူး

    ဒီလိုစိတ်လေးထားရင်ကော

    သူနဲ့ပတ်သတ်ဖူးတဲ့ ပျော်ရွှင်ခဲ့ဖူးမယ်
    အဲ့ဒီပျော်ရွှင်ခဲ့တဲ့ အချိန်ကာလလေးအတွက် ကျေးဇူးတင် ကျေနပ်ပျော်ရွှင်ပေးလိုက်မယ်ဆိုတဲ့ စိတ်ကလေးပါ

    ဒီနေ့ ကော်ဖီနှစ်ခွက် သောက်မိတယ်။ အိပ်နိုင်မယ်မထင်ဘူး

    ReplyDelete
  5. “မင်းကိုလိုအပ်သောအခါ”... နားထောင်ပြီး အစ်မသက်ဝေ ဒါလေးရေးဖွဲ့ဖြစ်သလားလို့ တွေးမိသွားတယ်။

    ReplyDelete
  6. ဟုတ်တယ်...
    ဘ၀တလျှောက်လုံး အရှုံးတွေနဲ့ ပုခုံးဖက်ပေါင်းခဲ့ရပေမယ့် ခုထိအသားမကျနိုင်သေးဘူး...
    တခါတလေတော့လည်း အရှုံးကိုပဲ အရသာရှိရှိ တစိမ့်စိမ့် ထိုင်ကြည့်နေမိပြန်ရော...
    တခါတလေတော့လည်း အရှုံးကို ဘယ်လိုသတ်မှတ်ရမှန်းကို မသိတော့ဘူး....

    ReplyDelete
  7. အရှုံးနဲ့ရင်းနှီးသွားတော့ရော နိုင်ဦးတော့မှာမှမဟုတ်ဘဲ.... ဟူးးးးးးးးးးးးးး (သက်ပြင်းချသံ)း((((

    ReplyDelete
  8. Everyone might need "a d a p t a t i o n" in everything, whether it's good or bad...!!!
    That's really a great & lovely essay...
    Keep on writing more...

    ReplyDelete
  9. စာပိုဒ်၆က တိုက်တိုက်ဆိုင်ဆိုင်ကို ထိမိစေပြန်တယ် ..။
    အရှုံးကိုပြန်ကြည့်လိုက် ပြုံးလိုက် ၊ ပြန်ရှုံးလိုက် ပြုံးလိုက်နဲ့ပဲ ..

    ReplyDelete
  10. essay ဆရာမကြီးကတော့..တပုဒ်ဆို..တပုဒ်ပါပဲဗျာ...
    မယ်သက် essay တွေကတော့ တကယ်ကောင်းတယ်( ကိုယ့်နှမမို့ကိုယ်ချီးကျူးခြင်းမဟုတ်ပါ)

    ReplyDelete
  11. ဖတ်လို့ကောင်းတယ်နော်..အနိုင်နဲ့မပတ်သတ်တာကြာရင်အရှုံးကလဲသိပ်ထွေထွေထူးထူး
    မဟုတ်တော့သလိုပါဘဲ... :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...