Saturday, May 8, 2010

သူမနှင့် သူ၏ ဘူတာရုံ

ရထားစီး ခရီးသွားတယောက်အနေနှင့် တပတ်လျှင် အလုပ်လုပ်ရက် ၅ ရက်မှာ ထိုဘူတာရုံကို အသွား တခေါက် အပြန် တခေါက်၊ တနေ့လျှင် နှစ်ခေါက် ခရီးတဆင့် ထောက်ရပါသည်။ သည်နိုင်ငံကိုရောက်လာပြီး အလုပ် စလုပ်စဉ်အခါက နေရာအသစ်နှင့် အပြောင်းအလဲတို့ကြောင့် ခံစားရသော စိတ်ခံစားမှု၊ အလုပ်ချိန်မမှီမှာ ကြောက်သော စိုးရိမ်စိတ်၊ မတတ် တတတ် လုပ်လက်စ အလုပ်များအပေါ်တွင် ရှိနေသော စိတ်ဖိစီးမှု၊ ရပ်ဝေးမှ မိဘများကို လှမ်း၍ ပူပန် ကြောင့်ကြစိတ် စသည်တို့ဖြင့် အစဉ်အမြဲ ပူလောင်ပြီး ပြာယာခတ်နေတတ်သောကြောင့် ဘေးဘီ ဝဲယာ ပတ်ဝန်းကျင်ကို မည်သည့်နည်းနှင့်မျှ သတိပြုနိုင်ခြင်း မရှိခဲ့ပါ။

သို့သော် အလုပ်လုပ်သက် ၆ လကျော် ၇ လထဲသို့ ရောက်လာသောအခါ လက်ရှိ လုပ်နေရသော လုပ်ငန်း၊ မိမိ နေထိုင်ရာ ရေမြေ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် အတော်လေး အကျွမ်းတဝင် ရှိစပြုလာပြီဖြစ်သည်။ ထို့အတူ နေ့စဉ် အလုပ်သွား အလုပ်ပြန်ချိန်များတွင်လည်း ယခင်ကထက် များစွာ သက်တောင့် သက်သာ ရှိလာပြီး ခရီးလမ်းတလျှောက်ရှိ ပတ်ဝန်းကျင် သဘာဝ အလှအပများကိုသာမက မိမိနှင့်အတူ နေ့တဒူဝ လှုပ်ရှားသွားလာနေကြသော တရထားတည်းစီး ခရီးသွားများ၊ မိမိပတ်ဝန်းကျင်တွင် နေ့စဉ်မြင်တွေ့နေရသော မြင်ကွင်းများကိုလည်း စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာတတ်လာပြီဖြစ်သည်။

ထိုအချိန်မှာပင် သူ့ကို စတင် သတိထားမိခဲ့ခြင်း ဖြစ်ပါသည်။
ရထားအလာကို စောင့်ဆိုင်းနေသူများကြားတွင် အနက်ရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီ အပြာရောင်၊ ကျောပိုးအိတ် ညိုညိုလေး တလုံးနှင့်အတူ သူ့ကို စတင်တွေ့ဖူးခဲ့သည်။ တစုံတခုကို လေးလေးနက်နက် တွေးတောနေဟန်ရှိသော သူ့မျက်နှာသည် ဘာကြောင့်မှန်းမသိ သူမအတွက် များစွာ နှစ်လိုဖွယ်ရာ ဖြစ်နေခဲ့သည်။

သည်လိုနှင့် တရက်… နှစ်ရက်… သုံးရက်… လေးရက်….
စီးနေကျ ရထားအလာမှာ ရထားပေါ်ကို တက်လိုက်လာရင်း ခရီးသည်တွေအကြားမှာ သူ့ကို တိတ်တဆိတ် ရှာဖွေမိသည်။ သို့သော် အရိပ်အယောင်မျှပင် မတွေ့ရချေ။ သူမက မျက်စေ့မှားသည်လား သူကပဲ ကိုယ်ရောင်ဖျောက်တတ်သည်လား။ နေ့စဉ် မနက် အလုပ်သွားချိန်များတွင် သူ့ကို ရထားအလာကို စောင့်နေသော အနေအထားဖြင့် တွေ့ရတတ်သလို ညနေ အလုပ်ဆင်း အိမ်ပြန်ချိန်များတွင်လည်း သူ့ကို တယောက်ယောက်ကို (သို့) အပြန်ရထားကို စောင့်ဆိုင်းနေဟန်တူသော သက်တောင့် သက်သာ အနေအထားမျိုးဖြင့် တွေ့ရစမြဲ…။ သို့သော် ထူးဆန်းသည်မှာ အသွားရော အပြန်ပါ ဘယ်ရထားပေါ်ကိုမှ သူ တက်လိုက်မလာခြင်းပင်။

တခုခုဆို သေချာချင်လှသော စိတ်မျိုးရှိတတ်သူမို့ တရက်တွင် စီးနေကျ ရထားအလာမှာ တက်မလိုက်သွားပဲ အသာ နောက်ချန် နေခဲ့မိသည်။ ရထားစောင့်နေသူများ အားလုံးလိုလို ရထားပေါ်ကို ရောက်သွားကြပြီး ရထားက တံခါးပိတ်ကာ မောင်းနှင် ထွက်ခွာသွားလေပြီ။ ရထားလမ်းဘေး ပလက်ဖေါင်းပေါ်တွင် ကျန်ခဲ့သူမှာ အညိုရောင် ကျောပိုးအိတ်ပိုင်ရှင်နှင့် သူမ နှစ်ဦးတည်း…။

များမကြာမီအချိန်မှာ နောက်ရထားတစီးအလာကို စောင့်ကြရန် ခရီးသည်များ တဖွဲဖွဲ ရောက်လာကြပြန်သည်။ ထိုအခါ ကျောပိုးအိတ် အညိုရောင်လေးက သူမ၏မြင်ကွင်းထဲမှာ ကွယ်သွားလိုက် ပြန်ပေါ်လာလိုက်နှင့်…။ သည်လိုနှင့် နောက် ၃ မိနစ်မှာ ရထားတစီး ရောက်လာသည်။ ခရီးသည်များ သူ့ထက်ငါ အလုအယက် တိုးဝင်သွားကြသည်။ ရထား ထွက်သွားသည်။ ထိုအခါ ရထားလမ်းဘေး ပလက်ဖေါင်းပေါ်တွင် ရပ်ကျန်ခဲ့သူမှာ အညိုရောင် ကျောပိုးအိတ်ပိုင်ရှင်နှင့် သူမ နှစ်ဦးတည်းသာ…။

သည်လိုနှင့် ရထား နောက်တစီး… နောက်တစီး… နောက်တစီး…
ရထားတွေ တစီးပြီး တစီး… သို့သော် ရထားလမ်းဘေးမှာ ကျန်ရစ်သူ နှစ်ဦးမှာမူ မပြောင်းမလဲ…။ သူမကသာ သူ့ကို စိတ်ဝင်တစား အကဲခတ်နေသလောက် သူကတော့ သူမအပါအဝင် ဘေးပါတ်ဝန်းကျင်ကို နည်းနည်းလေးမှ သတိပြုမိပုံမရ…။ ရထားလာချိန်များမှာ ရထားပေါ်တက်တော့မယောင် တိုးကပ်သွားလိုက်၊ ပြီးတော့ နောက်မှာ ကျန်နေရစ်ခဲ့လိုက်နှင့်…။ အကြောင်းတခုခုတော့ ရှိနေပါလိမ့်မည်…။ သူ့ကိုကြည့်ရင်း သူ့အကြောင်းကိုတွေးရင်း သူ့ကိုယ်စား မောဟိုက်လာပြီး နောက်ဆုံး လက်လျှော့ကာ မျက်စေ့ရှေ့ကို ရောက်လာသော ရထားတစီးပေါ်သို့ တက်လာခဲ့မိတော့သည်။

သည်လိုနှင့် ရက်မှ လသို့ ပြောင်းလာသည်။ မိုးရွာရွာ နေပူပူ၊ နေ့တွေ ရက်တွေ ဘယ်လိုပင် ပြောင်းသွားသော်လည်း နေ့စဉ် အလုပ်သွား အလုပ်ပြန်ချိန်များတွင် ကျောပိုးအိတ် အညိုရောင်လေးကို နေရာတကျ မပျက်မကွက် တွေ့နေရစမြဲ…။ ဘူတာရုံမှ အထိမ်းအမှတ် ပစ္စည်းတခုနှင့် တူနေသော သူ့ကို ကြည့်ရင်း အတွေးထဲတွင် တစုံတခုကို နားလည်သလိုလို ဖြစ်လာသည်။ သူ… သူ့ထံကို ပြန်မလာနိုင်တော့မည့် တစုံတယောက်ကို မျှော်လင့် စောင့်ဆိုင်းနေခြင်းများလေလား…။

လောက၏ နိယာမတွေမှာ ကိုယ်အလိုရှိသော အရာနှင့် ကိုယ့်ဆီ ရောက်လာသော အရာတွေသည် အခါများစွာမှာ မည်သည့်နည်းနှင့်မျှ တထပ်တည်း မကျနိုင်တတ်ပါ။ မရနိုင်သော အရာတခုကို အချိန်ကုန် လူပင်ပန်းခံပြီး ရက်ရှည်လများ မျှော်လင့် စောင့်ဆိုင်းနေမည့်အစား ထိုအချိန်များကို တခြား တခုခုအတွက် အကျိုးရှိစွာ အသုံးချစေချင်ပါသည်ဟု စိတ်ထဲမှာ တဖွဖွ (သူ့ကို အားနာနာဖြင့်) ရေရွတ်နေမိပါသည်။ ထိုဘူတာရုံလေးနှင့် တသာတည်း ခွဲခြား၍ မရအောင် နေ့စဉ် အချိန်မှန် မြင်တွေ့နေရသော ကျောပိုးအိတ် အညိုရောင်လေးကို စိတ်ထဲမှာ မတွေ့ချင်တော့သလို၊ ပြီးတော့ တခုခု တိုက်တွန်း ပြောဆိုချင်နေသလိုလို...။ သို့သော်လည်း ထိုဘူတာရုံလေးကိုရောက်တိုင်း သူ့ကို အမှတ်တမဲ့ တချက်ကလေး မတွေ့လိုက်မိလျှင်ပင် တခုခု လိုအပ်နေသလိုလို၊ မသိစိတ်မှ တိတ်တဆိတ် လိုက်လံ ရှာဖွေရင်း သူ့ကို တွေ့ချင်နေမိသော သူမကိုယ် သူမလဲ နားမလည်နိုင် ဖြစ်မိသည်။

သူ့အကြောင်း တွေးမိသည့် အဲဒီ ညက ထူးထူးဆန်းဆန်း အိပ်မက်ထဲအထိ သူ လိုက်လာလေသည်။ အိပ်မက်ထဲတွင် ထိုကျောပိုးအိတ် အညိုရောင်လေး ပိုင်ရှင်ကို ဖျောင်းဖျ စကားတွေများစွာ ပြောမိလေသည်။ သူမကသာ သူ့ကို စကားတွေ ပြောနေမိသော်လည်း သူက စကားတခွန်းမှ ပြန်မဆိုပါ။ သို့သော် အပြင်မှာ တခါမျှ မမြင်ခဲ့ဖူးသော သူ၏ နှစ်လိုဖွယ်ရာ အပြုံးများ၊ စိုလက် တောက်ပသော သူ့ မျက်ဝန်းများက သူမပြောနေသော စကားများကို သဘောတူ လက်ခံပါသည်ဟု ထောက်ခံ ခွန်းတုန့်ပြန်နေသယောင်…။ ထိုအိပ်မက်မှ နိုးလာသောအခါ ဆုံးဖြတ်ချက်တခုကို အခိုင်အမာ ချပြီးဖြစ်နေခဲ့သည်။

ထိုဆုံးဖြတ်ချက်အတိုင်း မနက်မှာ အိမ်မှ ခါတိုင်းထက် အနည်းငယ် စောပြီး ထွက်လာခဲ့သည်။ အတွေးထဲမှာတော့ ကျောပိုးအိတ် အညိုရောင်လေးကို သွားတွေ့လိုက်မည်… ပြီးတော့ သူမကပင် စတင်ကာ အသိမိတ်ဆွေဖွဲ့ပြီး အိပ်မက်ထဲမှာလို စကားပြောကြည့်လိုက်မည် ပေါ့…။ အတွေးများနှင့် ဘူတာရုံကို ရောက်လာခဲ့သည်။ ကျင့်သားရနေသော မျက်လုံးများက ကြည့်နေကျ နေရာဆီသို့ ရောက်သွားသည်။ အို… ရင်ထဲမှာ လှိုက်ကနဲ တုန်ခါသွားသည်…။ သူ... သူ ထိုင်နေကျ နေရာမှာ ရှိမနေပါလား…။ သူမက အခါတိုင်းထက် စောနေသည်လား… သူ အလာများ နောက်ကျနေသည်လား…။ လက်ထဲမှနာရီကို ကြည့်လိုက်သောအခါ အချိန် အနည်းငယ် စောနေသေးသော်လည်း ခါတိုင်းဆို သူကသာ အမြဲ ရောက်နှင့်နေသည်ပဲ…။ အခုတော့ ဘာကြောင့်များ သူ ရောက်မလာတာပါလိမ့်…။ တွေးကြည့်လျှင် သူ့အတွက် ဝမ်းသာရမည်ဖြစ်သော်လည်း သူမမှာ ဝမ်းမသာနိုင်သော စိတ်တွေ ဖြစ်နေခဲ့သည်။

သည်လိုနှင့် ဘူတာရုံမှာ နာရီပေါင်း များစွာ ကြာသည်အထိ စောင့်နေမိသည်။ ရထားစီးခရီးသည်တွေကတော့ တသုတ်ပြီး တသုတ် ရောက်လာလိုက်၊ ရထားတွေက တစီးပြီး တစီး ရောက်လာလိုက်၊ ထွက်ခွာသွားလိုက်နှင့်…. နေစောင်းပြီး ရုံးပြန်ချိန်သာရောက်သွားသည် မျှော်နေသော ကျောပိုးအိတ် အညိုရောင်လေးကား ရောက်မလာခဲ့…။ တဖြည်းဖြည်းနှင့် နေဝင်သွားသည်။ လမ်းမီးများနှင့်အတူ ဘူတာရုံမှ မီးချောင်းများလည်း လင်းလာပြီ။ ည၏ အမှောင်ထုသည်လည်း တစထက် တစ သိပ်သည်းလာပြီ။ ဘူတာရုံအတွင်းမှာလဲ လူတွေ ရှင်းစပြုလာပြီ….။ ကြားလိုက်ရသော ဘူတာရုံမှ ကြေငြာချက်အရ တခဏ ကြာလျှင် နောက်ဆုံးရထား ဆိုက်ရောက်လာတော့မည်။

မျက်စေ့ရှေ့ကို ဝင်လာသော နောက်ဆုံး ရထားတစ်စီး အပြီးမှာ ဘူတာရုံ လုံခြုံရေး ဝန်ထမ်းများ၊ သန့်ရှင်းရေး ဝန်ထမ်းများ အလုပ်စကြပြီ…။ ထိုအချိန်တွင် မျှော်လင့်ချက်များ ကုန်ဆုံး ပျက်သုန်းပြီး ဘူတာရုံလေးကို ချန်ထားခဲ့ကာ ထိုင်နေရာမှ လေးတွဲ့စွာ ထွက်ခွာလာခဲ့မိသည်။ မြင်ချင်သော ကျောပိုးအိတ် အညိုရောင်လေးက ဘယ်ရောက်နေသည်လဲ…။ သူ စောင့်နေသူတယောက်ကို တွေ့သွားလေသည်လား… သို့မဟုတ် ဆက် မစောင့်တော့ဘူးလား… လက်လျှော့သွားပြီလား…။ ဝမ်းသာရမည်လား ဝမ်းနည်းရမည်လား ကိုယ်တိုင် ဝေခွဲမရသော အတွေးများဖြင့် အခါများစွာမှာ သွက်လက်တတ်သော အိမ်အပြန် ခြေလှမ်းများသည် သည်တနေ့တွင် အလေးလံဆုံးနှင့် အနှေးကွေးဆုံး ဖြစ်နေခဲ့တော့သည်။

သို့သော်လည်း နောက်တနေ့မနက် စောစော ထိုဘူတာရုံလေးမှာ များပြားလှသော ရထားစီး ခရီးသည်များအကြားတွင် ကျောပိုးအိတ် အညိုရောင်လေးကို တနေကုန်ပြီး ညမှောင်မှောင်မှာ နောက်ဆုံးရထား ရောက်လာချိန်အထိ လာရောက် စောင့်ဆိုင်း ရှာဖွေလိမ့်မည် မဟုတ်ဟု သူမကိုယ့် သူမ မသေချာပါ…။ သံယောဇဉ်ဆိုသည်မှာ တွယ်မိတွယ်ရာကို တွယ်တတ်ကြသည် မဟုတ်ပါလား…။




မှတ်ချက် ။ ။ သူငယ်ချင်း ရေးခဲ့သော သူနှင့် ဘူတာရုံ အက်ဆေးကို ဖတ်ပြီး ပြန်လည် ခံစား ရေးဖွဲ့ထားပါသည်။

9 comments:

  1. ဒီဘက်က ပြန်ရေးတာလေးလဲ လှတယ်။ :)

    ReplyDelete
  2. ဒီလို အတွေးမျိုးနဲ့အရေးကို သိပ်နှစ်သက်မိတယ်။

    ReplyDelete
  3. ဆုံမှတ်တို့ လွဲချော်ခဲ့တဲ့ အကြောင်းလေးပေါ့၊ ဒီပိုစ့်လေးနဲ့ ဆက်စပ်ဖတ်မှ ပထမကောင်က ပို အသက်ဝင်လာတာ....

    ReplyDelete
  4. ကိုယ့်ပုံက ရဲမေပုံပေါက်နေလို့နေမှာ..ဟိုက ရထားလက်မှတ် မှောင်ခိုရောင်းနေတာ ဆိုတော့..နဲနဲလန့်သွားပုံရတယ်..

    ReplyDelete
  5. အဲ့လိုမျိုးတွေ အပြင်မှာကော တကယ် ရှိမလား မသိနော်.. စောင့်ကြည့်တဲ့သူလေ ..။ မမသက်ဝေရဲ့ ရီပလိုင်းလေးက ပိုမိုက်တယ် ။ ဟတ်နဲနဲထိသွားသလိုပဲးD

    ReplyDelete
  6. မိုက်တယ်ဗျာ။

    ReplyDelete
  7. ဥတ္တစောင့်များလူလဲသလိုပေါ့။

    ReplyDelete
  8. မချစ်..ပြောသလို ဒီပိုစ့်လေးနဲ့ ဆက်စပ်ပြီးတော့မှ အရင်ပိုစ့်က ပိုလက်သွားတယ်။း)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...