Monday, July 5, 2010

အသွင်တူ၏ မတူ၏


ကိုယ်တို့ မြန်မာဆိုရိုးစကားတွေမှာ အသွင်မတူ အိမ်သူ မဖြစ်ဆိုတဲ့ စကားရှိတယ် မဟုတ်လား…။ ဒီစကားအရ အိမ်ထောင်ဖက်တွေဟာ တယောက်နဲ့ တယောက် လိုက်ဖက်ညီကြ၊ စိတ်သဘောထားခြင်း တိုက်ဆိုင်ကြ၊ ဓလေ့စရိုက် အမူအကျင့် အသွင်အပြင်တွေ တူညီကြလို့ စုံဖက်မိကြတယ်လို့ နားလည်ရပါတယ်။

အရင်ပိုစ့်မှာ လိုက်ဖက်ညီကြတဲ့ စုံတွဲတွေအကြောင်းကို နတ်ရေးတဲ့ ဖူးစာ ဆိုပြီး ရေးခဲ့တယ်။ မနေ့က ကိုယ့်အမျိုးသားကို အဲဒီပိုစ့်က ကော်မန့်တွေ ပြန်ဖတ်ပြရင်း ညီမ ချိုသင်း နဲ့ မေ တို့ ရဲ့ ကော်မန့်တွေမှာ ပါတဲ့ မေးခွန်းကြောင့် သူ့ကို မေးကြည့်မိပါတယ်။ ကိုယ်တို့နှစ်ယောက်ကရော ဘာတွေ တူတာ ရှိသလဲ လို့…။ ဒီမေးခွန်းရဲ့ နောက်မှာ နှစ်ယောက်စလုံး အချိန် တော်တော်ကြာကြာ စဉ်းစားရင်း တွေဝေသွားကြပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တို့နှစ်ယောက်ဟာ နေရာတော်တော်များများမှာ တယောက်နဲ့ တယောက် ဓလေ့စရိုက် အမူအကျင့် အသွင်အပြင်တွေ၊ ဝါသနာတွေ၊ ကြိုက်နှစ်သက်တာတွေချင်း မတူကြလို့ပါ။

ပြောရမယ်ဆိုရင် သူက အေးချမ်းတယ်၊ စကားလဲ နည်းတယ်၊ ဘယ်အရာမဆို စိတ်အေး လက်အေးနဲ့…။ ကိုယ့်လို စိတ်မြန်လက်မြန် ပြာပြာလောင်လောင် ဘယ်တော့မှ မရှိဘူး။ ပြီးတော့ သူက ဝီရိယ ရှိတယ်၊ တခုခု လုပ်စရာရှိရင် ဘယ်တော့မှ အချိန်မဆွဲတတ်၊ ချက်ချင်းလုပ်တယ်။ ကိုယ်က တခုခုဆို အချိန်နီးမှ နောက်ဆုံးမိနစ် မရောက်ခင်အထိ အတတ်နိုင်ဆုံး အချိန်ဆွဲလေ့ရှိတယ်။ သူက စိတ်အေးတော့ တခုခုဆို စိတ်တိုတာ ဒေါသထွက်တာတွေ မရှိဘူး၊ ပြေပြေလည်လည်ပဲ။ ကိုယ်ကတော့လား… စနေသမီးလေ… သိတဲ့အတိုင်းပဲ။

သူက ပစ္စည်း ပစ္စယတွေ စာရွက်စာတမ်းတွေကို လိုအပ်ရင် လိုအပ်သလို စနစ်တကျ သပ်သပ်ရပ်ရပ် သိမ်းဆည်းတတ်တယ်၊ ကိုယ်ကတော့ တခုခုဆို အစဉ်အမြဲ ရှာမတွေ့တာရယ်၊ ပျောက်နေတာရယ်၊ မရှိတော့တာရယ်နဲ့ပဲ…။ ပြီးတော့ အားလုံးသိကြတဲ့အတိုင်း ကိုယ်က အဖိုးမတန်တဲ့ အတိုအစတွေကို ကပ်သီးကပ်သတ် စုဆောင်းတတ်တယ်၊ သူက အိမ်ရှုပ်တယ်ဆိုပြီး လွှင့်ပစ်ချင်နေတတ်တယ်။

နောက်ပြီး စားစရာဆိုရင်လဲ သူကြိုက်တဲ့ ဆီကြော်တွေ၊ Spice တွေပါတဲ့ အရသာ နဲနဲပြင်းတဲ့ အစားအစာတွေကို ကိုယ်မကြိုက်သလို ကိုယ်စားတတ်တဲ့ ဖြူဖျက်ဖျက် ဆီမပါ ပြားမပါ အပြုတ်တွေကို သူ မနှစ်သက်တတ်ဘူး။ တီဗွီကြည့်ရင်လဲ သူက Documentary တွေနဲ့ သတင်းတွေ၊ National Geographic တို့၊ BBC Knowledge တို့တွေကိုသာ ကြည့်တတ်ပြီး ကိုယ်ကြိုက်တဲ့ သီချင်းတွေ ရုပ်ရှင်တွေကို သူ မကြည့်ပါဘူး။ ကိုယ်က ကိုယ်ဝါသနာပါတဲ့ မြန်မာဝတ္ထုတွေ၊ အင်္ဂလိပ်ဝတ္ထုတွေ လက်ကမချ ဖတ်နေတဲ့ အချိန်၊ ဘလော့ဂ်လည်ရင်း စာရေး စာဖတ်ရင်း ပျော်နေတဲ့ အချိန်တွေမှာ သူက အင်တာနက်က Yahoo News တွေ၊ ရီမုတ် ကွန်ထရိုး လေယာဉ်ပျံတွေ အကြောင်းနဲ့ အင်ဂျင်တွေ မော်တာတွေ အကြောင်း ရှာဖတ်နေတတ်ပါတယ်။

ကိုယ်က ရုံးပိတ်ရက်တွေတိုင်းမှာ Shopping တွေပဲ သွားဖို့ စိုင်းပြင်းနေတဲ့ အချိန်တွေမှာ သူက လေယာဉ်ပျံတွေ ဆင်ပြီး ကွင်းကျယ်ကျယ်မှာ သွားလွှတ်ဖို့ ပြင်ဆင်နေတတ်တယ်။ တယ်လီဖုန်းတလုံးနဲ့ သူငယ်ချင်းတွေနဲ့ တနာရီကျော်ကြာအောင် စကားတွေ ဖေါင်ဖွဲ့ရင်း ကိုယ့်ဖုန်းဘေလ်တွေဟာ အမြဲတမ်း Over Limit မှာ ရှိတတ်ပေမယ့် သူ့ရဲ့ Call List မှာ ကိုယ်ကလွဲလို့ ဘယ်သူမှ ရှိမနေတတ်ပါဘူး။ ကိုယ်က အခွေဆိုင်တွေရောက်လေတိုင်း ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ခွေတွေ၊ သီချင်းခွေတွေ လောဘတကြီး ဝယ်တတ်ပေမယ့် သူက လူသံမပါတဲ့ Richard Clayderman လို Vanessa Mae လို တီးလုံးသက်သက် အခွေတွေကိုပဲ ဝယ်တတ်ပါတယ်။

ဒါ အခုလောလောဆယ် ကိုယ်တွေးလို့ရသလောက် ရေးပြတာနော်…။ ကြည့်ပါအုံး… ကိုယ်တို့နှစ်ယောက်မှာ ဘယ်နေရာလေးမှာများ တူတာရှိလို့လဲ…။ အဲဒါကို နှစ်ယောက်အတူတူ တွေးမိပြီး အူကြောင်ကြောင်ဖြစ်နေချိန်မှာ သူက တခုပြောလာတယ်။ ဒီလို အပြင်ဖက်က မြင်နိုင် တွေ့နိုင်တဲ့ အပေါ်ယံ အကြောင်းအရာတွေမှာ အကြိုက်တွေ မတူကြပေမယ့် ကိုယ်တို့နှစ်ယောက်မှာ သေသေချာချာ တူတာ တခုရှိတယ်လေ တဲ့…။ အဲဒါက ဘာလဲ ဆိုတော့ စိတ်ထဲက စေတနာတွေပါ တဲ့…။ ကိုယ်တို့ရဲ့ စိတ် စေတနာတွေ တူကြတယ်လေ တဲ့…။ အဲဒီစကားကို ကြားတော့ ကိုယ်တကယ် စိတ်သက်သာရာရပြီး စိတ်တွေလဲ အတော် ချမ်းသာသွားပါတယ်။ (ဘုရားရေ… တော်သေးပါရဲ့... တော်သေးပါရဲ့…)

သူပြောသွားတာ စကား တိုတိုလေး တခွန်းပေမယ့် စကားရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အရှည်ကြီး ဆက်တွေးနေမိပါတယ်။ ဟုတ်ပါတယ်… ကိုယ်တို့နှစ်ယောက်စလုံးဟာ မောင်နှမထဲမှာ အကြီးဆုံးတွေပီပီ နှစ်ဖက် မိဘ ညီအကို မောင်နှမတွေအပေါ်မှာ အတတ်နိုင်ဆုံး စေတနာအပြည့်နဲ့ တာဝန်ယူလိုစိတ် စောင့်ရှောက်လိုစိတ် ရှိတာချင်း တူတယ်။ ပြီးတော့ သူငယ်ချင်း မိတ်ဆွေတွေ အပေါ်မှာ၊ ကိုယ့် ပတ်ဝန်းကျင်က လူတွေ အားလုံးအပေါ်မှာ ထားတဲ့ စေတနာတွေ တူတယ်။ ကောင်းမှုကို နှစ်သက်ပြီး မကောင်းမှုကို ဆန့်ကျင်တာခြင်း တူကြတယ်။ လိုအပ်သူကို ကူညီချင်တဲ့ နေရာမှာ စိတ်တူ ကိုယ်တူ ရှိတာချင်းလဲ တူတယ်။ တယောက်ရဲ့ သဘောထားကို နောက်တယောက်က သိပ်မနှစ်သက်သည် ထားအုံး၊ Reasonable ဖြစ်နေတာဆိုရင် အတတ်နိုင်ဆုံး ခေါင်းညိတ်ပြီး လက်ခံပေးတတ်တာချင်းလဲ တူတယ်။ ပြီးတော့ တယောက်နဲ့ တယောက် နားလည်ပေးတတ်တာ၊ လိုက်လျောတတ်ကြတာချင်းလဲ တူပါသေးတယ်။

ဒီလို တယောက်နဲ့ တယောက် ဓလေ့စရိုက် အမူအကျင့် အသွင်အပြင်တွေ အကြိုက်တွေချင်း မတူညီကြသော်လည်း တကယ် အရေးကြီးတဲ့ ရင်ထဲက အခြေခံ စိတ်နေ စိတ်ထားတွေ စေတနာတွေ တူညီကြလို့ အခုလို ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် လက်တွဲနိုင်တာမို့ တွေးစရာ အဓိပ္ပါယ် ကျယ်ဝန်းတဲ့ သူ့စကားကို သဘောကျပြီး အကျေနပ်ကြီး ကျေနပ်နေမိပါတယ်။

သူပြောလိုက်တဲ့ စကားကို အခုလို အကျယ်ချဲ့ပြီး တွေးနေမိရာက ခဏအကြာမှာ (ထုံးစံအတိုင်း) ကိုယ့်ရဲ့ ဗီဇက ပြလာတယ်။ ပြောင်ချော်ချော် ရယ်ကျဲကျဲနဲ့ သူ့ကို ကြည့်ပြီး “ဘလော့ဂ်လေး တခုလုပ်ပြီး စာလေး ဘာလေး ရေးပါလား…” လို့ ပြောမိတယ်။ ရှည်ရှည်လျားလျားတွေ ရေးနေစရာမလိုပါဘူး၊ အခုတလောမှာ တိုတိုနဲ့ လိုရင်းရေးကြတဲ့ ပိုစ့်တွေကလဲ ခေတ်စားနေတယ် မဟုတ်လား လို့လဲ ဆက်ပြောမိတယ်။ ဒီတော့ သူက ကိုယ့်ကိုကြည့်ပြီး ခပ်တည်တည်နဲ့ တခွန်းပဲ ပြန်ပြောတယ်…

“ကိုယ် စာရေးလိုက်ရင် ပန်ပန်တို့ သက်ဝေတို့ ထိုင်ငိုသွားရမှာပေါ့ တဲ့…”

ကဲ… ကိုယ်တို့နှစ်ယောက် အသွင်တူလေလား… မတူလေသလား…
ကိုယ်တို့ရဲ့ ဖူးစာကို နတ်မင်းကြီးက ရေးလေသလား… မရေးလေသလား ဆိုတာ ပရိတ်သတ်ကြီးပဲ ကိုယ့်ဟာကိုယ် အကဲခတ် ဆုံးဖြတ်ကြည့်ကြပါတော့နော်…။ ညီမ ချိုသင်းနဲ့ မေ တို့ရဲ့ မေးခွန်းအတွက် ကိုယ့်ရဲ့ အဖြေကတော့ သည်မျှပါပဲကွယ်…။ ကျေနပ်ကြတယ် ဟုတ်…း))



28 comments:

  1. ဟုတ်မယ်နော်..ပုံမှာတောင်..မသက်ဝေ က..ငုံ့ငုံ့ လေး ပြုံးပြီး.. ဟိုက တော့..မော့မော့ကြီး ပြုံးနေရော...း)

    ReplyDelete
  2. အပေါ်က အရုပ်နှစ်ရုပ်က တော်တော်ချစ်စရာကောင်းတယ် ။ ကိုယ်နဲ့ တသဝေမတိမ်း အကြိုက်တူနေကြတဲ့သူချင်းဆိုရင် လည်း အချိန်တခုကြာရင် ပျင်းစရာကြီး ဖြစ်လာမှာ ၊ အကြိုက်တူတော့ လုနေရတာတွေ ရှိသမို့လား ။ တခါတလေ အဲလိုတွေးမိတာပါ :D

    ခမမ

    ReplyDelete
  3. အမရယ်.. ဖတ်လို့ကောင်းလိုက်တာ.. တချို့အကျင့်တွေကတော့ အမနဲ့ ကျနော် ချွတ်စွတ်တူတယ်.. ဥပမာလေ.. အနားကပ်မှ လုပ်တတ်တာမျိုးတို့ ပြီးတော့ စနေသမီး စိတ်တိုတာ ဒေါသထွက်တာချင်းလည်း တူတယ်..

    မမနဲ့ မမ ကိုကြီးတို့ စိတ်သဘောထားချင်း တိုက်ဆိုင်လို့သာ အိမ်ထောင်ဖက် ဖြစ်ကြတာပေါ့ အမရယ်.. အဲဒါ အရေးအကြီးဆုံးပဲ..မမ ကိုကြီးကလည်း ပြောတတ်တယ်နော်..

    အဟိ.. သဘောကောင်းတယ်ဆို စင်ကာပူလာလည်ရင် မုန့်ဝယ်ကျွေးမယ် မဟုတ်လားမမ.. :D

    ReplyDelete
  4. ကြားထဲက အောချက်ကအရုပ်နှစ်ရုပ် ဓါးစာခံ ဖြစ်ရှာလေတယ်

    ReplyDelete
  5.း) အမတို့ နားလည်မှုရှိပုံလေးက အားကျစရာ ...

    g

    ReplyDelete
  6. အရုပ်နဲ့ စာက လိုက်တယ် အမ။

    ReplyDelete
  7. စာရေးထားပုံလေး သဘောကျတယ်
    ဓါတ်ပုံလေးကလဲ လှတယ်...
    သက်ဝေ... သက်ဝေ...

    ReplyDelete
  8. ၁။ရေးထားတာ ဖတ်လို့ကောင်းတယ်။

    ၂။ အပေါ်ကပုံက အရမ်းသရုပ်ပါတယ်။

    ၃။ ကိုကြီးအေးတဲ့အကြောင်း ဖောက်သည်ချမယ်။
    ဟိုတစ်ခေါက် NUS မှာတွေ့တော့ များက ၀မ်းသာအားရ နှုတ်ဆက်တာကို ... အန်တီသက်ဝေရဲ့ကိုကြီးက အေးဆေးပဲဗျာ ... ယုံပါတယ်...ယုံပါတယ် ...

    ၄။ အန်တီသက်ဝေကို ပြာလောင်တယ်လို့ မထင်ပေါင် ... များနဲ့ ပြိုင်မလား ...

    ReplyDelete
  9. ဖတ်လို့ကောင်းလိုက်တား)

    အစ်မလည်း စနေသမီးပဲလား။ တူနေတယ်ဗျ အကျင့်စရိုက်တော်တော်များများ။ ပိုခင်သွားပြီ။း))

    ReplyDelete
  10. အစ်မ သက်ဝေ...စုံတွဲတွေ လင်မယားတွေက တချို့ နေရာတွေမှာ တူပြီး၊ တချို့နေရာတွေမှာတော့ ဖြည့်ဖက် (compliment) ဖြစ်ဖို့ အရေးကြီးတယ် ထင်မိတာပဲ။ အစ်မတို့က တူလည်းတူပြီး ဖြည့်ဖက်လည်း ဖြစ်တယ်လေ...။

    ReplyDelete
  11. ကျေနပ်ပါတယ် ဆရာမ၊ ဖေဖေနဲ့ မေမေအကြောင်းဖတ်ရသလိုပဲ၊ ဟတ်ဟတ်.. အကိုကြီးပြောတာလဲ ဟုတ်တာပဲ၊ အဓိက တူရင် ပြီးရောနော်.. အကုန်တူနေလဲ ပျင်းစရာကြီး :P

    စာရေးမကောင်းလို့ comment ရှည်ရှည်မရေးတတ်တာ မမသက်ဝေ၊ ဒါပေမယ့် ဖတ်ပြီး ပြုံးနေတယ်၊ မမသက်ဝေနဲ့ အကိုကြီးနဲ့ အမြဲပဲ ဒီလို ရွှတ်ရွှတ်နောက်နောက်နဲ့ နေနိုင်ပါစေ

    ReplyDelete
  12. အမရေ... ရေးထားတာတွေဖတ်ပြီး ဟုတ်တယ် ဟုတ်တယ် နဲ့ ထောက်ခံနေတာ... ဟားဟား။ ကိုကြီးက တကယ်အေးတာကိုး။

    ပြထားတဲ့ ပုံက ပြောင်းပြန်ဖြစ်ရမှာ.. အမက မော့တော့တော့ဖြစ်နေရမှာလေ... ဟားဟား..

    စိတ်စေတနာကောင်းတာတူတာလည်း ဟုတ်ပါပေမယ်။ တယောက်နဲ့တယောက် မတူတော့ ပျင်းစရာမကောင်းတော့ဘူးပေါ့... ဟုတ်ဘူးလား :D

    ReplyDelete
  13. ကိုကြီးဘာလို့ ဆရာဝန်လုပ်တာလဲမသိဘူးနော်.. အင်ဂျင်နီယာလုပ်ရမှာကို။
    ကိုယ်တို့လဲ ဘာတူလဲလို့ တွေးနေမိတယ်။ အင်း.. စိတ်ပုပ်တာခြင်းတူတယ် (နောက်တာမဟုတ် အဟိဟိ။)
    mm

    ReplyDelete
  14. ဖတ်ဖူးတဲ့ စစ်တမ်းလေး တခု အရ တော့ . ရိုးမြေကျ ပေါင်းဖက်ဖြစ်တဲ့ အိမ်ထောင်ဖက်တွေမှာ တူတဲ့အချက်တွေ အများကြီး ရှိပါတယ် တဲ့.. မျက်နှာ ပုံပန်းသဏ္ဌန်တွေဟာ လဲ အနည်းနဲ့အများ တူတယ်လို့ ဖေါ်ပြထားတယ်.. မျက်နှာသွင်ပြင် အလွန်တရာ ကွဲပြားနေတဲ့အိမ်ထောင်ဖက်တွေက တော့ မတည်မြဲဖို့ ရာခိုင်နှုန်းအတော်များသတဲ့.

    မသက်ဝေ တို့ ရုပ်ချင်းဆင်ကြသလား..း)...

    (နောက်ထပ် စာကောင်းလေး တပုဒ်ဖတ်ရအောင် အစ ဆွဲ ထုတ်ခဲ့ တယ်...း)...

    ReplyDelete
  15. ကြည်နူးဖို့ကောင်းလိုက်တာ.. ဖတ်ရတာ...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  16. ရှေ့သွားနောက်လိုက်ညီလိုက်တာ....နတ်ဖက်တဲ့စုံတွဲဆိုတာ ဒါမျိုးကိုခေါ်တာထင်ပါရဲ့... :)

    ReplyDelete
  17. စိတ်ပုတ်တာ၊ ထစ်ခနဲဆို ဒေါသထွက်တာ၊ မြန်မြန်ပြန်ပြေတာ၊ အလုပ်လောဘကြီးတာ၊ ဝီရိယရှိတာ၊ ကူညီတတ်တာ - အားလုံးတူ၊ တူလွန်:လို့ ရန်ခဏခဏဖြစ်ရတယ်

    ခရေဖြူ

    ReplyDelete
  18. တယောက်နဲ့ တယောက် ဓလေ့စရိုက် အမူအကျင့် အသွင်အပြင်တွေ အကြိုက်တွေချင်း မတူညီကြသော်လည်း တကယ် အရေးကြီးတဲ့ ရင်ထဲက အခြေခံ စိတ်နေ စိတ်ထားတွေ စေတနာတွေ တူညီကြလို့ အခုလို ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် လက်တွဲနိုင်တာ..


    :) yes,ama.

    Myatnoe

    ReplyDelete
  19. အမရေ မန့်လို့မရလို့... ကိုယ့်အကြောင်း ပြန်ဖတ်နေရသလိုပဲ

    ReplyDelete
  20. ဟုတ်တယ် လင်မယားဆိုတာ အပြင်ပုံပန်းသဏ္ဍန်တူတာထက်..စိတ်တူကိုယ်တူဖြစ်ဖို့က အဓိကအရေးအကြီးဆုံးပါ...။ ဒါမှလဲ ဘ၀တစ်သက်လုံးလက်တွဲဖော်စစ်တော့မှာပေါ့..။
    မသက်...ပို့စ်လေးသိပ်ကောင်းတယ် အရုပ်ကလေးကြိုက်တယ် ချစ်စရာလေး...။ တကယ့်လူပုံလေးတွေလဲ တင်ပေးဦးလေ..။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  21. မသက်ဝေတို့နှစ်ယောက် စေတနာကောင်းတဲ့နေရာမှာ တူတာတွေ ရှိသေးတယ်။ မိတ်ဆွေအပေါင်းအသင်းတွေကို ဆိုင်မှာပဲ လိုက်ကျွေးကျွေး အိမ်မှာပဲချက်ပြုတ်ကျွေးကျွေး တက်ညီလက်ညီ မညည်းမညူ ကျွေးမွေးပြုစုတတ်တာ။ (ရှလွတ်)

    ReplyDelete
  22. တခါတည်း တွေ့ဖူးရုံနဲ့ နှစ်ယောက်သား နားလည်မူအပေါ် တွေ့မြင်ခံစားမိခဲ့ပါတယ်။ အထူးသဖြင့် အကိုကြီးပေါ့၊
    စိတ်ရှည်မယ့် သဘောကို ခံစားမိပါတယ်။

    ReplyDelete
  23. နှစ်ယောက်စလုံးကို သိနေတော့ ဖတ်ရတာ ပိုကြည်နူးမိတယ်။ ငယ်ကအချစ်မို့ အနှစ်တရာမက ချစ်ခင် နားလည် ကြည်ဖြူနိုင်ပါစေ ကိုကြီးနဲ့ မမရေ..

    ReplyDelete
  24. မန့်လို့မရလို့... သက်ဝေရေ...
    လိုက်ဖက်တဲ့ စုံတွဲပါပဲ... ၀ိရောဓိမကျတဲ့ မတူညီတဲ့ အလှတရားတွေနဲ့ ပေါင်းစပ်ထားတဲ့ သာယာပြည့်စုံတဲ့ ဘ၀လေးတခုပါလား...သူငယ်ချင်းကံကောင်းပါတယ်..
    အဲ. မဟုတ်သေးဘူး.. နှစ်ယောက်စလုံး... :)

    ReplyDelete
  25. Topic လေးက ကောင်းတယ်။ ဒါပေမဲ့ ကိုပေါပြောသလို လာမယ်ကြာမယ်အထဲမှာပဲ ထည့်ထားလိုက်ပါနော့်။

    ReplyDelete
  26. သက်ဝေရေ... တို့ မျက်စိထဲမှာတော့ ချစ်စရာအကိုကြီးနဲ့ ချစ်စရာအမကြီး သိပ်လိုက်ဖက်ညီတဲ့စုံတွဲလို့ မြင်တာပဲ... ကျောင်းကတည်းက အမြဲသန့် ရှင်းသန့် ပြန့် နေတဲ့ စွဲမက်စရာအပြုံးနဲ့ အမကြီးရဲ့ ဖူးစာရှင်ဘယ်သူများလဲလို့ သိချင်နေမိတာ တွေ့ လဲတွေ့ ရရော အတော်လိုက်ဖက်တာပဲလို့ ကျေနပ်နေမိတာ... စေတနာလေးတွေ ကာရံညီတဲ့ အတွဲလေးကို အကိုရင်းအမရင်းလို တကယ်ချစ်မိတာပါ...

    ReplyDelete
  27. ဟုတ်ပ ဖတ်လို့ကောင်းလိုက်တာ။ အစ်မတို့ စုံတွဲကိုမျက်စိထဲမှာ မြင်ယောင်ကြည့်မိတယ်။ သက်ထက်ဆုံး အခုလိုပဲ ချစ်ခင်နားလည်စွာ ပေါင်းဖက်သွားနိုင်ကြပါစေ....။

    ReplyDelete
  28. ဒီလို မတူတာလေးတွေ တူတာလေးတွေ ကြားမှာ ချစ်ခြင်းမေတ္တာသာ အရေးကြီးတာပါနော် အစ်မသက်ဝေ... ညီမ အဖေနဲ့အမေဆို မတူတာတွေများတယ်... ဒါပေမယ့် ချစ်ကြတာပါပဲး))

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...