Tuesday, July 13, 2010

ကမ္ဘာ့ဖလား မှတ်တမ်း

ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးပြီးသွားပြီ…။
ကိုယ်အားပေးသော အင်္ဂလန်၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ အီတလီ စသည့် အသင်းကြီးတွေ တသင်းပြီး တသင်း ထွက်ကုန်ပြီး ကိုယ် သိပ်မနှစ်သက်လှသော အသင်းတွေသာ ကျန်နေခဲ့သောကြောင့် ကြည့်ရတာ အားမရလှ။ အင်း… ရှိပါစေတော့လေ… ကိုယ်တိုင်လဲ ဝင်မှ မကန်နိုင်တာ… ။ သည်နှစ်ပွဲမှာ ထူးထူးခြားခြား အမှတ်တရ ဖြစ်စေသော အကြောင်းတခုကတော့ ကိုယ့်လို ဝါသနာတူ သူငယ်ချင်း မိတ်ဆွေများနှင့် မျက်နှာစာအုပ်မှာ အတူ ဝေဖန်ရင်း လေကန်ရင်း ဘောလုံးပွဲတွေ ကြည့်ခဲ့ရခြင်းပင်။ အမှန်တကယ်ကို အမှတ်တရနှင့် အလွန် ပျော်စရာကောင်းခဲ့သည်။

ပြောပြရရင် ယုံမယ်မထင်... ဘောလုံးပွဲကို မျက်နှာစာအုပ်နှင့် အတူတူ ကြည့်ရှုအားပေးသူများအနက် အများစု (အများစု) မှာ မိန်းကလေးများ ဖြစ်ကြသည်။ ယောင်္ကျားလေးတွေ ဘယ်ဆီ ဘယ်ဝယ် ရောက်နေကြသည် မသိ…။ (တကယ် မသိပါ… ကာယကံရှင်များနှင့် သိသူများ ပြောပြကြပါရန်…)

ဘောလုံးပွဲ မစခင် ညဦးပိုင်းတွေမှာ တယောက်ကို တယောက် ကြည့်မယ် မကြည့်ဖူး သတိပေး သတင်းမေးကြသည်။ ဘောလုံးပွဲကြည့်ရင်း အပျင်းပြေ အိပ်ချင်ပြေ စားစရာ အစားအသောက်လေးများ စီစဉ်ပြီး မျက်နှာစာအုပ်ပေါ်တွင် (မစားရ ဝခမန်း) မျှဝေ ကျွေးမွေးကြသည်။ မနက်စောစော နှစ်နာရီခွဲပွဲတွေမှာ တယောက်ကို တယောက် နိုးပလားဟေ့ ဟု လှမ်းမေးကြသည်။ ပြီးတော့ ဘောလုံးပွဲကို သဲသဲမဲမဲ ကြည့်နေရတာက တဖက်၊ အိပ်ချင်ပြေ စားစရာ သောက်စရာတွေ စားနေ သောက်နေရတာက တဖက်၊ ပြီးတော့ လက်ထဲမှ ဖုန်းဖြင့် (အလွယ်တကူ) Twitter က တဆင့် Status Update လုပ်ရတာက တမျိုး၊ ပထမပိုင်းအပြီး အားလပ်ချိန်များမှာ မိမိ၏ ထင်မြင်ယူဆချက်များ၊ မကျေနပ်ချက်များကို မျက်နှာစာအုပ်မှာ ကော်မန့်တွေရေးပြီး ပေါက်ကွဲရသည်က တဖုံ၊ ပွဲပြီးသွားချိန်များ၊ နောက်တနေ့ မနက်တွေမှာလဲ မိမိတို့ စိတ်ထဲ ကျန်ရှိနေသေးသည်များကို အခဲမကြေနိုင်သေးပဲ အပြန်အလှန် ပြောကြ ဆိုကြနှင့်… ညကြီးအချိန်မတော်မှာ ကိုယ့်တွေထက် အလုပ်များသူတွေ ရှိနိုင်မည် မထင်။ အဲဒီဘောလုံးပွဲတွေက တလထဲ မို့သာပဲ... နှစ်လလောက်ဆိုရင် လူတွေလဲ ရူးကြောင် မူးကြောင် ဖြစ်သွားနိုင်သည်...။

ကိုယ့်အတွက်ကတော့ ဒါတွေတင်မက… နောက်တနေ့ အိပ်ချင်မူးတူးနှင့် ရုံးကိုရောက်… အားပေးသော အသင်းချင်း မတူသော လုပ်ဖေါ်ကိုင်ဖက်များနှင့်လည်း အငြင်းပွားရင်း ရန်လုပ်ရသေးသည်။ KFC ကျွေးကြေး အလောင်းအစား ပြုကြသေးသည်။ ဆိုးသည်ဟု ဆိုချင်ဆို… ဂျာမဏီကိုတော့ နဲနဲလေးမှ မေတ္တာမရှိ။ သူတို့ အသင်းက ဘောလုံးကန် ကောင်းသော်လည်း အလိုလိုနေရင်း အကြောင်းမဲ့ အသားလွတ် ဂျာမဏီကို မုန်းသောသူထဲမှာ ကိုယ်က ထိပ်ဆုံးက…။ သူကလွဲလျှင် ဘယ်သူနိုင်နိုင် ဟု သဘောထားသည်။ ရုံးမှ ဂျာမဏီကို အမာခံ အားပေးသူတယောက်နှင့်ဆို အချိန်ရသ၍ ရန်ဖြစ်နေမိသည်။ သူ ဂျာမဏီအသင်း၏ အမှတ်တံဆိပ်ပါသော ဘောလုံးအင်္ကျီ ဝတ်လာသောနေ့က လုံးဝကို အခေါ်အပြော မလုပ်ဖြစ်…။ ဂျာမဏီအသင်း ပြုတ်သွားပြီးမှ သနားပါတယ်… တတိယနေရာလောက်ကတော့ ပေးလိုက်ပါ့မယ်လေ ဟု တွေးကာ ပြန်ခေါ်လိုက်သည်…။




ဘယ်လိုပဲ ဖြစ်စေကာမူ သည်နှစ်အတွက် ကိုယ့်အကြိုက် အသင်းများ မနိုင်သော်လည်း ဟော်လန်နှင့်စာလျှင် စပိန်အသင်း နိုင်သည်ကို ဝမ်းသာမိသည်။ အရေးထဲ ခြေကားယား လက်ကားယား ရေဘဝဲကောင်လေးကလဲ ဒီနှစ်ကမ္ဘာ့ဖလားမှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသေးသည်…။ သူလေးကို မေတ္တာထားကြသူများကလဲ အများသား… ကံကောင်းထောက်မ၍ ခုထိတော့ ဘာဘီကျူး ရေဘဝဲ မဖြစ်သေး…။ ကိုယ်သာ ဘောလုံးသမားဆိုလျှင်လည်း မကန်ရသေးခင် ကိုယ့်ကို နိုင်မည် ရှုံးမည်ဟု ဦးဦးဖျားဖျား ကြိုတင် နမိတ်ဖတ်နေသော သည်အကောင်ကို အမှုန့်ခြေချင်မည်မှာ မလွဲ…။ တော်တော်ဆိုးတဲ့ အကောင်လေး…

ဘယ်လိုပဲ ဖြစ်ဖြစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး သည်တချီတော့ ပြီးသွားခဲ့လေပြီ။ အသင်းလိုက်ကို သော်လည်းကောင်း၊ ဘောလုံးသမားများ တယောက်ချင်းစီကို သော်လည်းကောင်း ကန်သူမသိတဲ့ အချစ်တွေနှင့် လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ပြီးပြီ။ နောက် လေးနှစ်အကြာ ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးကို ၂၀၁၄ မှာ ဘရာဇီးမှာ ကျင်းပမည်တဲ့…။ ဝါသနာ မပါရှာပုံကတော့ အချိန်တွေ ကန့်လန့်တိုက်ပြီး ရုံးချိန်တွေ ဖြစ်နေလျှင် ကြည့်ရခက်နေမယ်လေဟု ဆိုကာ ဘရာဇီး နှင့် စကာင်္ပူ အချိန်ကွာခြားချက်ကို ရှာဖွေကာ တွက်ချက် ကြည့်လိုက်မိသေးသည်။ သူတို့က စလုံးထက် ၁၁ နာရီ တိတိ နောက်ကျသည်။ နေ့နဲ့ ည ပြောင်းပြန်နီးပါးပင်…။ သည်တော့ ကြည့်ရတာ အဆင်ပြေလောက်သည်…။

အဲဒီ ၂၀၁၄ ကမ္ဘာ့ဖလားပွဲ ကျရင်လဲ ဝါသနာတူ ဒီသူငယ်ချင်း ဒီမိတ်ဆွေတွေနဲ့ ဒီနေရာမှာ ဒီလိုပဲ လူစုံ တက်စုံ အတူတကွ ပျော်ပျော်ပါးပါး ကြည့်နိုင်ကြစေရန် ဆုတောင်းမိပါသည်။ တို့ ပြန်လည် ဆုံတွေ့ကြပါစို့…။


မှတ်ချက် ။ ။ ဘောလုံးပွဲ အမှတ်တရ နှင့် အမာခံ ဝါသနာတူ သူငယ်ချင်း မိတ်ဆွေများအတွက် မှတ်တမ်းတင် ဂုဏ်ပြုစကားကို ဒီမှာ လဲ ဖတ်ကြည့်နိုင်သေးသည်။

23 comments:

  1. ထင်တော့ထင်သား... အစ်မသက်ဝေ ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး နိဂုံးပို့စ်လေး ရေးဦးမှာပါလို့။း))

    နောက်လေးနှစ်လည်း ဖဘသုံးဖြစ်သေးရင် ပျော်ပျော်ပါးပါး အတူတကွ အားပေးကြမယ်နော်။

    ၀ါသနာတူ ညီမငယ်
    ဇွန်

    ReplyDelete
  2. အမ ဂျာမဏီအသင်းကို တော်တော်မုန်းတာပဲ၊ ကျနော်က ဂျာမန်အသင်း
    ကို ၈၆၊ ၉၀ လောက် ကတည်းက စပြီး သဘောကျတာ၊ ယူရို
    ၂၀၁၂ ကျရင် ထပ်ပြီး ပျော်ပျော်ပါးပါး အားပေးကြမယ်လေ အမ။

    ReplyDelete
  3. ပြန်လည် ဆုံတွေ့မယ် နော်...း)

    ReplyDelete
  4. မမသက်ဝေလိုပဲ ရှုံးမယ့်အသင်းမှ အားပေးမိသော လူများထဲမှာ အနော်ထိပ်ဆုံးက
    :P
    spain လေးကျမှ နိုင်တော့တယ်.. spain နိုင်တာ တကယ်ဝမ်းသာတယ်

    ReplyDelete
  5. “မမသက်ဝေက ဂျာမဏီကို မှန်းတယ်တဲ့လား” မုန်းပါနဲ့အေ။ ငယ်ငယ်ချောချောလေးတွေ..... အဲ့....ဘောကန်ကောင်းပါတယ် :P

    ReplyDelete
  6. အစ်မသက်ဝေရေ...ဂျာမနီ ကို အင်္ဂလန်ရှုံးသွားပြီးကတည်း ကြည့်လိုကိုမရတော့တာ....
    အင်္ဂလန်ကို အားပေးရတာကိုက အကုသိုလ် များလှပါတယ် အစ်မရယ်...။

    ReplyDelete
  7. ဇွန်... ကိုအောင်ပြောသွားသလိုပဲ ၂၀၁၄ မတိုင်ခင် ၂၀၁၂ မှာ ယူရိုပွဲတွေ အတူတူ ကြည့်ကြအုံးမယ်လေ... ကမ္ဘာ မပျက်သေးရင်ပေါ့လေ... အဟိ

    ကိုအောင်... ဘာကြောင့်မှန်းမသိ အသားလွတ် မုန်းမိတာပါ... သူတို့တွေ တော်တယ်ဆိုတာတော့ လက်ခံပါတယ်... တော်ပြီး Proud ဖြစ်နေလို့ကြည့်မရတာ ဖြစ်လောက်တယ်...။ ၂၀၁၂ ကိုအောင်ပြောမှ သတိရတယ်...။ ကျေးဇူး...

    ပြာပြာ... တွေ့ကြမယ်...း))

    မေ... နေ့တိုင်း မျက်နှာစာအုပ်မှာ တွေ့နေကျမို့ ထူးပြီး ပြောနေစရာလိုမယ်မထင်... အတူတူပဲလေ... နော့်...

    ညီမလေး... ရေးချင်ဇောနဲ့ ကိုယ့်လက်ကို ကိုယ့်ဖာသာ ပြန်ခလုတ်တိုက်ရင်း ကန်သူမသိတဲ့ အချစ် ဆိုတဲ့ စာလုံး မေ့ကျန်သွားတယ်။ ညီမလေးပြောမှ ပြန်ထည့်လိုက်ရတယ်...။
    ကျေးဇူး ကျေးဇူး...း))

    ကလူသစ်... ဟွန်းနော်... ဟွန်း... ဟွန်း... ဒါပဲ ပြောမယ်...။

    မောင်လေး... အတူတူပဲဟ...
    အကုသိုလ်ကတော့ တကယ်ကို ရှယ် များတာကလား...း))

    ReplyDelete
  8. ကျနော်လည်း ကိုမောင်လေး ပြောသလိုပဲ အင်္ဂလန်အသင်းလည်း မြန်မာ အသင်းနဲ့ သိပ်မကွာတော့ဘူး ခုတော့ သူများပြောတာ ခံရပြီးး( ။

    ReplyDelete
  9. ထင်တယ်... ဘော်လုံးပွဲပြီးသွားရင် သက်ဝေဆီက တခုခုတော့ ဖတ်ရမှာပဲလို့။ အပျော်တွေ အတူ ကူးစက်ခံစားသွားတယ်။

    ReplyDelete
  10. သက်ဝေဆိုလို. အရင်က ယောကျာင်္းကြီး မှတ်နေတာ ဒီနေ.ကွန်.မန်.တွေ ဖတ်ကြည့်မှ အမျိုးသမီးကြီး ဖြစ်နေတယ် (ငယ်သလား ၊ ကြီးသလား သေသေချာချာမသိပါ ) ၊ ကိုယ့်ဖာသာကိုယ်တွေးမိတာက ဘလော့ဂါတွေ တော်တော်များများကို သေသေချာချာ မသိတာတော့ အမှန်ပဲ

    အမကြီး လို. ခေါ်လိုက်တော့ ကိုယ်ငယ်သွားတာပေါ့

    အမကြီး ကျန်းမာရွှင်လန်းပါစေ ၊

    ReplyDelete
  11. တချိန်က Euro ပွဲတစ်ခု ထင်ပါတယ်။ ဂျာမနီနဲ့ ချက် နဲ့ ကန်တာ ချက်ကို နိုင်ငံလေးမို့ အနိုင်ကျင့်တယ်လို့ ခံစားရကတည်းက ဂျာမနီကို မုန်းသလိုဖြစ်သွားခဲ့တာ။ ချက် ဂိုးသမားလေးကို ရင်ဘတ်ကို တွန်းလိုက်ကြတာ။

    အရင်က ဂျာမနီ ဂိုးသမား Lehmann ကိုလည်း အမြင်ကတ်မိတယ်။ စတိုင်ရော မျက်နှာပေးရော။ သူ့ကိုတော့ အာစင်နယ်မှာ တွေ့တွေ့နေကတည်းက ဆိုပါတော့။ သူကတကယ်တော့ တော်ပါတယ်။ တခါကတော့ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဂိုးသမားဆိုပြီး သူ့ကိုယ်သူ ကြုံးဝါးခဲ့သေးတယ် တဲ့။ အဲဒါနဲ့ ပိုအမြင်ကတ်သွားတယ်။ အခုတော့ အနားယူသွားပါပြီ။

    အဲလို အကြောင်းလေးတွေနဲ့ ဂျာမဏီကို အားမပေးခဲ့တာ။ တကယ်တော့လည်း အစွဲအလန်းတွေပါ။ အဓိပ္ပါယ် သိပ်မရှိလည်း ခက်သားလေ။း)

    စပိန်ဖြစ်ဖြစ် ဟော်လန်ဖြစ်ဖြစ် ဖလားရသွားတာ ၀မ်းသာပါတယ်။ နောက်ဆုံးနေ့မှာတော့ ဟော်လန်ကို အားနည်းတယ်ထင်လို့ အားပေးလိုက်တယ်။း)

    ReplyDelete
  12. ကန်ကြဦးမယ်လေ ပျော်ပျော်ပါးပါးပေါ့ ..:)

    ReplyDelete
  13. တကယ်ကို အကြိုက်ချင်းတူတယ်... ဟုတ်ပ Germany ကိုတော့ လုံးဝကို မုန်းတာ.. eng, brazil, arg support တာလည်းတူတူပဲ... Holland ထက်စာရင် Spain ကိုနိုင်စေချင်တာ လည်းတူတယ်... ဒီ post 1 ခုလုံးက ကိုယ့်ကိုရေးပေးထားတဲ့အတိုင်းပဲ...

    P.S. အမြဲဖတ်ဖြစ်ပေမယ့် comment မထားခဲ့မိဘူး.. အခုကတူလွန်းလို့ပါ... (:


ွ

ွ

    ReplyDelete
  14. အမ မသက်ဝေနဲ့ မပန်ဒိုရာတို့ ရေးထားတာ ဖတ်ပြီး ကော်မန့်
    ထပ်ရေးချင်လို့ ထပ်ရေးခွင့်ပြုပါ အမ ...

    ဂျာမန်ဘောလုံးသမားတွေ မာနကြီးတယ်ဆိုတာ ကျနော့်အနေနဲ့
    မငြင်းပါဘူး။ သို့ပေမယ့် သူတို့ရဲ့ မာနဟာ သာမန်လူသားတစ်ဦး
    မှာ ရှိနေကြ ပြုမှုနေကြပါ။ အားကစားပွဲအတွင်း ရုပ်ပျက်ဆင်းပျက်
    ဖြစ်လောက်အောင် ချိုးဖောက်ခဲ့မှုတွေမှာ ဂျာမန်ဘောလုံးသမားတွေ
    ဟာ ပြင်သစ်၊ အီတလီ၊ အင်္ဂလန်တို့ထက် အဆများစွာ နည်းပါ
    တယ်။ လက်ရှိ ချန်ပီယန် စပိန်အသင်းဟာလည်း တချိန်က အကျင့်
    သိပ်မကောင်းတဲ့ ဥရောပ ဘောလုံးအသင်း တစ်ခုပါ။ ဖီဖာရဲ့ မှတ်
    တမ်းဟောင်းတွေ ရှိခဲ့ဖူးပါတယ်။ ကမ္ဘာ့ဖလား ၂၀၀၆ မတိုင်ခင်က
    ပြင်သစ်နဲ့ ဂျာမန် ချစ်ကြည်ရေး ပွဲတစ်ခုမှာ ပြင်သစ်ဘောလုံး
    သမားတွေရဲ့ အကျင့်ဆိုးဝါးစွာ ယုတ်မာခဲ့မှုကြောင့် ဂျာမန်အသင်း
    က “ဒိုင်စလာ”ဆိုတဲ့ ကွင်းလယ်သမား ခြေထောက်ကျိုးပြီး
    ကမ္ဘာ့ဖလားနဲ့ ဝေးကွားခဲ့ရပါတယ်။ မန်ချက်စတာမှာ လက်ရှိ
    ကစားနေတဲ့ ပေါစခိုးလ် လက်ချက်နဲ့ ကမ္ဘာ့ဖလား မတိုင်ခင်
    ယူရိုချန်ပီယန် မတိုင်ခင် ထိခိုက် ဒဏ်ရာရခဲ့တဲ့ အားကစား
    သမားတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ယူရို ၉၆ တုန်းက
    အင်္ဂလန် နောက်တန်းနဲ့ အလယ်တန်းသမားတွေ ညှပ်ပြီး
    ခြေထောက် ရိုက်ချိုးခဲ့လို့ ဂျာမန်ဘောလုံးသမား မားသီယပ်
    စမ်းမားဟာ ဒူးခေါင်းရိုး ကျိုးပြီး အားကစားသမားဘ၀က
    အနားယူလိုက်ရပါတယ်။

    ဖြစ်နေကြ အလွန်အကျွံ ဆိုးဝါးမှု မှတ်တမ်းတွေမှာ ဂျာမန်
    ဘောလုံးသမားတွေဟာ ဥရောပရှိ တခြားဘောလုံးသမား
    တွေလောက် ဆိုးဆိုးဝါးဝါး မရှိဘူးလို့ ကျနော်တော့ ထင်
    ပါတယ်။
    အမတို့ နှစ်ယောက်နဲ့ အငြင်းအခုန် လုပ်တာ မဟုတ်ပါဘူး၊
    ကျနော် သိသလောက် ထပ်ပြီး တင်ပြတာပါ။

    ခင်မင်စွာဖြင့် ...

    ReplyDelete
  15. မိန်းမပရိပ်သတ်တွေများလာတာဗမာတွေပိုတိုးတတ်လာတဲ့သက်ေတဘဲ၊ကောင်းတယ်အချင်းချင်းစုပြီးဘောလုံးလဲကန်ကြည့်ပေါ့

    :(

    ReplyDelete
  16. 'ဘောလုံးပွဲကို မျက်နှာစာအုပ်နှင့် အတူတူ ကြည့်ရှုအားပေးသူများအနက် အများစု (အများစု) မှာ မိန်းကလေးများ ဖြစ်ကြသည်။ ယောင်္ကျားလေးတွေ ဘယ်ဆီ ဘယ်ဝယ် ရောက်နေကြသည် မသိ…။ '

    မြန်မာဖွန့်ကွန်ဗက်တာနှင့်ရေးပါသည်။

    အမ ယောင်္ကျား အများစုက ဘောလုံးပွဲကြည့်ပါတယ်။ သူတို့ပြောတဲ့ စကားအများစုက ဟာ.. ငါ..ကွာ..
    ဘာဖြစ်နေတာလဲ သွင်းပါတော့လား... အစရှိသည့် ဒေါမနသ သံများနှင့် စိတ်ကိုနှစ်ကာကြည့်ကြခြင်းဖြစ်သည်။
    အမတို့လိုဖေ့စ်ဘုတ်မှ ကြည့်သူများသည် ဖေ့ဘုတ်တဖက် ကြည့်တချက် မကြည့်တချက် စားလိုက် ပြောလိုက် လုပ်နေသည်မှာ ဘောပွဲကြည့်နေသည်မဟုတ်ပါ။ (ကျနော်ကတော့ အထက်ကအတိုင်းကြည့်ပါတယ်ဖေ့ဘုတ်လဲမဝင်နိုင်ပါ တွစ်တာလဲမရှိပါ။ )
    ဘောပွဲကြည့်တာ စိတ်နှစ်ပါသည်။ အစားအသောက်သည် အားလပ်ချိန်မှာစားခြင်းပါ။ ထို့ကြောင့် အမသည် ယောင်္ကျားများ ဖေ့စ်ဘုတ်တွင်ဝင်မဆွေးနွေးသည်ကို နားလည်သင့်သည်။ ပြောနေခြင်းထက် လက်တွေ့တကယ်သူတို့လုပ်နေကြခြင်းဖြစ်သည်။

    ဂျာမဏီကို ကျနော်ဆလိုက်ထိုးပီး လူချသည်ကို သိပ်ကြိုက်သည်။ ထို့ကြောင့် ဂျာမဏီသည် ကျနော့် ဒုတိယ အကြိုက်အသင်းဖြစ်သည်။

    ကျနော်လည်း ရေဘဝဲကို အမြင်ကတ်သည်။ သူ့နေရာ သူမနေ။ ပြုတ်ပီးနုတ်နုတ်စင်းပစ်ချင်သည်။

    Myatnoe

    ReplyDelete
  17. ကျွန်မကတော့ စပိန်ရဲ့ အမာခံပရိသတ်မို့ စပိန်နိုင်တော့ လှိုက်လှိုက်လှဲလှဲ ၀မ်းသာမိပါတယ်..
    နောက်၎နှစ်ဆိုတာ အမြန်ရောက်လာရင်သိပ်ကောင်းမယ်လို့ ထင်မိတယ်.. အစ်မရော ဘယ်လိုထင်သလဲ ဟင်..း)

    ReplyDelete
  18. ပြီးသွားတော့ပြီးသွားတာပါပဲ.... Myatnoe ပြောတာ ထောက်ခံပါသည်။ ဘောလုံးပွဲကြည့်နေလျှင် ဘာမှမလုပ် သေချာစူးစိုက် အာရုံစိုက်ပါသည်။ ဖုန်းမှာရိုက်လိုက် ဘောပွဲကြည့်လိုက်ဆိုရင်တောင် အာရုံခံစားလို့မရလို့..

    ReplyDelete
  19. အမား..သက်ဝေ... တဂ်လေး ရေးပြီးပါကြောင်းးးးးးးးးးးး

    ReplyDelete
  20. I think Ma Thet Wai wrote it for fun to her friends from Facebook. Why other people thinking in other way...?
    I don't understand. Anyway, that is their choice.

    Ma Thet Wai...
    Thank you for your hilirous post. I like it.
    And I always see your fun words & fun activities on Facebook. Keep it up.

    ReplyDelete
  21. သဒ္ဓါလည်းကိုယ်အားပေးတဲ့အသင်းပြုတ်သွားကထဲကစိတ်မကောင်း
    တော့တာမသက်ဝေ..။ရင်မောလိုက်ရတာနော်မ...

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  22. မမသက်ဝေ..ကျနော်ကတော့ ကွန်ပျူတာဘေးချပြီး ဘောပွဲကြည့်တာ.. သူတို့ကန်တာ ကြည့်ပြီး အသည်းယားလာရင် ပြောစရာ လူမရှိတော့ ၀ါသနာတူ အမတွေ သူငယ်ချင်းတွေ နဲ့ FB မှာ ပြောတာ.. အဲဒါလည်း အရသာတစ်မျိုးနော်အမ.. World Cup 2010 ကတော့ ပျော်လည်း ပျော်တယ်.. စိတ်လည်း လှုပ်ရှားရတယ်.. ပြီးတော့ မမတို့နဲ့လည်း ပိုရင်းနှီးတယ်လို့ ခံစားရလို့ နောက် ၄ နှစ်မှာ လာတဲ့ World Cup ကျရင်လည်း အခုလိုပဲ အတူတူ အားပေးနိုင်ပါစေလို့ အမနဲ့ ထပ်တူ ဆုတောင်းတယ်နော်.. :D

    ReplyDelete
  23. အဲသလို ရင်မမောချင်လို့ အသင်းစွဲ သိတ်မထားတာဟ....ပွဲစကြည့်လို့ ခြေသာတယ် ကောင်းတယ် ထင်တဲ့အသင်းကို နိုင်စေချင်လိုက်တာပဲ၊ ဟော်လန်က လူချလို့ ရှုံးတာတောင် နဲသေး...။ စပိန် ဂိုလီဗာလေး ပီတိမျက်ရည်နဲ့ ငိုတော့ သူများမှာ ဝမ်းတွေ နဲလို့...အ ဟိ ဟိ...:P

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...