Sunday, September 12, 2010

တံခါးတချပ်နှင့်အတူ အလည်လာခြင်း…

ရက်အတော်ကြာ ပျောက်နေရာက အခု ခဏလာလည်ပါတယ်။ ခဏ လာလည်တယ် ဆိုတာက ပြီးရင် ပြန်ပျောက်အုံးမယ်လို့ သဘောရတယ်…။ ဒီနေရာကို အလည်မလာရရင် မနေနိုင်အောင် C Box က နှုတ်ဆက်စကားတွေနဲ့ Side Bar က ပိုစ့်အသစ်တွေက ဆွဲဆောင်တယ်။ iMyanmar ရဲ့ ကျေးဇူးကြောင့် ဖုန်းထဲကနေ မြန်မာစာ ဖတ်လို့ရတာမို့ ပိုစ့်အသစ်တွေကို အချိန်ရရင် ရသလို ဖတ်ဖြစ်တယ်။ (ဘလော့ဂ်တိုင်းတော့ ဖတ်လို့မရပါ တချို့ဟာတွေက လေးထောင့်ကွက်ပဲ မြင်ရတယ်)။ အဲဒီလို ပိုစ့်အသစ်တွေ ဖတ်ရတော့ ကိုယ်လဲ မရေးရရင် မနေနိုင်အောင် ရေးချင်လာတယ်။ ဘလော့ဂ်ပိုးဆိုတာ အတော် မသေးဘူးပဲ…။

ဒီရက်တွေမှာ အစစ မျက်ခြေပြတ်နေတာမို့ ဟိုအရေး သည်အရေးတွေလဲ ဖတ်ရုံသာဖတ်ပြီး ကိုယ်တိုင် ကိုယ်ကျ ဝင်ရောက် မဆွေးနွေးနိုင်ပါ။ ချက်ပြထားသမျှ ဖွယ်ဖွယ်ရာရာ အစားအသောက်တွေကိုလဲ ကြည့်ရုံသာ ကြည့်သွားပြီး ပြန်လှန်မေးခွန်းများ မထုတ်နိုင်ခဲ့ပါ။ ချက်လဲ မစားကြည့်နိုင်ခဲ့ပါ။ ခရီးသွားမှတ်တမ်းအချို့ကိုလဲ အသာငဲ့ကြည့်င်္ရုသာတတ်နိုင်ပြီး ကိုယ်တိုင် အတူလိုက်ပါ မသွားနိုင်ခဲ့ပါ။ သီချင်းများကိုလဲ စစဆုံးဆုံး နားမထောင်ဖြစ်ခဲ့ပါ။ ခံစားချက်တွေအပြည့်ပါဝင်တဲ့ စာစုတွေကိုလဲ ဖတ်ရုံသာ ဖတ်လိုက်ပြီး ကိုယ်တိုင် အပြည့်အဝ စီးမျောပါဝင် မခံစားနိုင်ခဲ့ပါ။ ခွင့်လွှတ်ကြပါ…။

သို့သော် တံခါးချပ်တွေကို စိတ်ဝင်စားတတ်တာကြောင့် ရသမျှ အချိန်တွေတိုင်းမှာ၊ ရောက်တဲ့ နေရာတွေတိုင်းမှာ အစဉ်အမြဲ မရိုးနိုင်အောင် တွေ့ရတတ်တဲ့ အရောင်အသွေး အရွယ်အစား အသွင်အပြင် အမျိုးအမည်စုံလင်လှတဲ့ တံခါးတွေနဲ့ တံခါးတွေရဲ့ နောက်ကွယ်ကို အမှတ်တမဲ့ရော အမှတ်တရပါ သေသေချာချာ လှမ်းကြည့်လေ့ရှိတတ်ပါတယ်။

လောကကြီးမှာ ဖွင့်ထားတာလား ပိတ်ထားတာလား မသေချာတဲ့ တံခါးတွေ အများကြီး ရှိကြသလို ဖွင့်ထားရက်နဲ့ အထဲကို ကြည့်လို့ မမြင်နိုင်၊ မြင်လို့မရတတ်ကြတဲ့ တံခါးတွေလဲ ရှိပါတယ်။ ထို့အတူပဲ ပိတ်ထားသော်ငြားလည်း စိတ်အာရုံချင်း ဆက်သွယ်ပြီး အတွင်းကို လှမ်းမြင်နိုင်တဲ့ တံခါးမျိုးတွေလဲ သေချာပေါက် ရှိကို ရှိနေပါတယ်။



တံခါးနဲ့ ပတ်သက်လို့ ဟိုတလောက ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးကိုကြည့်ရင်း တွေးမိတဲ့ အတွေးစတချို့ကို ရေးပြချင်ပါတယ်။ အပေါ်က ပုံထဲမှာတွေ့တဲ့ အတိုင်းပါပဲ…။ တင်းတင်းစေ့ပြီး ပိတ်ထားတဲ့ တံခါးတချပ်ပါ။

သို့သော် မှန်ချပ်တွေကြောင့် အထဲကို အတားအဆီးမဲ့ ကြည်ကြည်လင်လင် ထွင်းဖေါက် မြင်နေနိုင်ပါရက်၊ ဖွင့်ကြည့်မယ်ဆိုရင်လဲ လက်ကိုင်ရှည်တွေ အဆင်သင့်နဲ့ အလွယ်တကူ ဖွင့်ကြည့်လို့ရနိုင်စရာ အခွင့်အလမ်းတွေရှိနေပါရက် နဲ့ ဘယ်သူမှ မဖွင့်ကြည့်ကြတာမို့ အလှသက်သက်အတွက် ဆင်ထားတဲ့ တံခါးတခု ဖြစ်နေခဲ့ပါတယ်။

ဘာဖြစ်လို့ပါလိမ့်…
အပြင်ဖက်က ထူထဲ ကြီးမား ခိုင်ခံ့တဲ့ အကာအရံ အတားအဆီးတွေကြောင့်လား၊ တံခါးအနားကိုရောက်ဖို့ လှမ်းရမယ့် ခြေလှမ်းတွေနဲ့ အဆင့်ဆင့် လှေခါးထစ်တွေကြောင့်လား၊ လိုတာထက် ပိုနေတဲ့ အလင်းရောင်တွေအောက်မှာ ဒီတံခါးအနားကို အထင်တရှား ရောက်မလာချင်လို့ပဲလား၊ တံခါးရဲ့ အပေါ်နားဆီမှာ တပ်ဆင်ထားတဲ့ လုံခြုံရေး အစောင့်အရှောက် စက်ကလေးကြောင့်ပဲလား၊ ဒါမှမဟုတ် ခြယ်သ ပြင်ဆင် အလှအပ စီရင်ထားတဲ့ ခန်းနားတဲ့ အရှိန်အဝါတွေကြောင့်ပဲလား… … အဲဒီလို လား ပေါင်းများစွာနဲ့ အတူ အတွေးနယ်ချဲ့နေမိတယ်…။ စိတ်ထဲမှာလဲ ဒီတံခါးချပ်ဟာ ဘယ်တော့မှ ပွင့်လာရဖို့ အခွင့်အလမ်း မရှိတော့ဘူးလို့ သေချာပြီး တခုခုကို ဝမ်းနည်း ခံစားနေမိပါတယ်။ တကယ်ကို အလှကြည့်ထားခံရတဲ့ တံခါးတချပ်ပါပဲ…။


*****

စိတ်ရော လူရော မအားတဲ့ကြားက အပေါင်းအသင်း ရောင်းရင်းတွေကို လွန်စွာမှ သတိတရရှိလှတာမို့ ရတဲ့ အချိန်လေးမှာ တွေးမိတာတွေ ရေးပြီး မျက်နှာလာပြပါတယ်…။ မျက်နှာမြင် ချစ်ခင်ကြစေဖို့ ရည်ရွယ်ပါတယ်…။ ဒါပေမယ့် မျက်နှာမြင် ရိုက်ချင်သူများလဲ ရှိကောင်း ရှိနေနိုင်ပါတယ်…။ အဲဒီလူတွေကိုတော့ အကြွေးသာ မှတ်ထားပါ… နောက်များမှ တွေ့ကြတာပေါ့… လို့ ပြောရင်း ရူးချင်ယောင်ဆောင်ပြီး လစ်သွားပါပြီ………။



23 comments:

  1. တချို့တံခါးတွေက ပိတ်ထားတာပဲကောင်းပါတယ်

    မဟုတ်ရင် တံခါးဆိုတဲ့ အနက်တခုပျောက်ဆုံးသွားမှာစိုးလို့ပါပဲ

    ReplyDelete
  2. အလုပ်များနေလို့လား အစ်မသက်ဝေ..

    ReplyDelete
  3. Anonymous...
    တံခါးလို့ ဆိုလိုက်ထဲက ဖွင့်လို့လဲ ရဖို့ကောင်းသလို ပိတ်လို့လဲ ရဖို့ကောင်းပါတယ်...။ လူတွေရဲ့ သဘာဝကလဲ ခက်သားလား...။ ပိတ်ထားတော့ တံခါးရဲ့နောက်ကွယ်ကို မြင်ချင် တွေ့ချင်တတ်ကြတယ်... ဖွင့်ထားပြန်တော့လဲ မြင်အောင်ကြည့်တတ်ကြတာ မဟုတ်ဖူး...

    :P
    ဟုတ်တယ် ညီမ... အလုပ်များနေပါတယ်... သတိရလို့ ရတဲ့ အချိန်လေးမှာ လာလည်တာပါ။

    မမ...
    သက်ဝေဆီမှာ ဘာပဲ ရေးရေး ရေးလို့ရပါတယ် မမရဲ့ အရင်းကြီးတွေပဲဥစ္စာ... နောက်ဆို ရေးပြီးမှ ပြန်ဖျက်မသွားပါနဲ့နော်... နှမြောပါတယ်...း))

    ReplyDelete
  4. အိုကေပါဗျာ...
    စာအသစ်လေး တွေ့ရလို့ ၀မ်းသာသွားတယ် အချိန်ရရင် ရသလို ဆက်ရေးပါအုံး...
    ချမ်းမြေ့ပါစေ...

    ReplyDelete
  5. အလုပ်များတဲ့ကြားက လာရေးသွားတယ်ပေါ့။ တံခါး ... ပြီးတော့ပိတ်ထားတယ်ဆိုတော့ နဲနဲ စိတ္တဇ ဆန်သလိုပဲနော် ...

    ReplyDelete
  6. ပိတ်ထားတဲ့ တံခါးပဲဖြစ်ဖြစ် ဖွင့်ထားတဲ့ တံခါးပဲ ဖြစ်ဖြစ် တံခါးမြင်ရင် သွားတော့ရပ်ကြည့်ချင်သေးတယ်.

    လာလည်တဲ့အချိန် တွေ့ရတာပဲ ၀မ်းသာနေပါပြီ အစ်မသက်ဝေ..း)))

    ReplyDelete
  7. စေ့ရုံလေး စေ့ထားတဲ့ တံခါးဆိုရင်ရော သက်ဝေရေ...ငယ်တုန်းက တွေ့ဖူးနေကျ ဆင်နားရွက် တံခါးကို မျက်စိထဲ ပြေးမြင်လိုက်မိတယ်..လုံခြုံဖို့အတွက်မဟုတ်ပဲ အကန့်အသတ်တခုအတွက်သာ တပ်ဆင်ထားတဲ့ တံခါးမျိုး...

    တို့လည်း တံခါးတချပ်နဲ့အတူ သက်ဝေဆီ တခါတခေါက် အလည်ရောက်လာပြန်ပါတယ်... :)

    ReplyDelete
  8. စက်တင်ဘာမှာ ပြန်လာမလား.
    အောက်တိုဘာမှာ ပြန်လာမလား..♫
    ♫♥ ရွှေရင်ဖိုကာ တမ်းတမိတယ်...♫

    နိုဝင်ဘာ ဒီဇင်ဘာ အထိတော့ မကြာစေနဲ့အေ
    :)

    ReplyDelete
  9. ပိတ်တဲ့အခါလည်း ပိတ်၊ ဖွင့်တဲ့အခါလည်း
    ဖွင့်ပေါ့ အမရယ်၊ တံခါးပေါက် လုပ်ပြီးမှ
    အမြဲပိတ် အမြဲဖွင့်လို့တော့ မရဘူးလေ။

    ReplyDelete
  10. လာလည်ပါတယ်။ အိမ်ရှင်မအားဘူးဆိုလို့ အားနာတာနဲ့ ပြန်လစ်သွားပါပြီ ခွိခွိ

    ReplyDelete
  11. မျှော်လိုက်ရတာအေ ဘာတွေများ အလုပ်ရှုပ်နေသတုန်း...။ ပိတ်ထားတဲ့ တံခါးမပြောနဲ့ ဖွင့်ထားတဲ့ တံခါးတောင် အထဲ လှမ်းမမြင်ဘူး...အဝေးမှုန်အေ့...:)

    ReplyDelete
  12. ဒေါက်...ဒေါက်..ဒေါက်..
    တံခါးလာခေါက်တာပါ..။
    ပျော်ပျော်လည်ပါ။


    ပေါက်

    ReplyDelete
  13. စာအသစ်တွေ့လို့ တံခါးအကွယ်ကနေ လာချောင်းပါတယ်။

    ReplyDelete
  14. ဟိုတုန်းက ပိတ်ထားတဲ့ တခါးတစ်ချပ်ကို အလုပ်သဘောအရ ဆွဲဖွင့်ခဲ့ဘူးတယ်။ ကောက်ပြီးစုထည့်.ထားတဲ့ ဖိနပ် အဟောင်းတွေဗြုန်း...ကနဲဆို ပြုတ်ကျလာရော..း)

    green fingers

    ReplyDelete
  15. ရူးချင်ယောင်ဆောင်တဲ့ essay မို့သာ အကောင်းအတိုင်းသာရေးရင် တံခါးအပြင် ပြူတင်းပေါက်ပါ ပါမယ်ထင်တယ်...

    ReplyDelete
  16. တံခါးဆိုတာကို ဖွင့်စရာလို့သာ ရိုး၂လေးတွေးထားတာ အမဖွင့်ပြထားတဲ့ အနက်တွေက လေးနက်လိုက်တာ ကျေးဇူး ။

    ReplyDelete
  17. တစ်ခါတစ်လေကျတော့ အမြဲတမ်းပိတ်ထားတဲ့ တံခါးတွေက စိတ်ဝင်စားဖို့ကောင်းတယ်နော်
    အမြဲဖွင့်ထားရင် ဘယ်သူကမှ စိတ်ဝင်တစား မရှိပြန်တော့ဘူး
    ခံစားချက်နဲ့ တင်စားရရင် တစ်ချို့ခံစားချက်တွေက ရင်ထဲမှာ သိမ်းထားတာ ကောင်းပြီး အကုန်ဖွင့်ချလိုက်ရင် လေးလေးနက်နက်မရှိတော့ဘဲ ပေါ့သွားတတ်တာမျိုးနဲ့ တူတယ် လို့ ယူဆမိတယ်..

    ReplyDelete
  18. မမငြိမ်နေလို့ အလုပ်များနေလို့လား နေများမကောင်းဘူးလား ဆိုပြီးတွေးနေတာ.. အကြာကြီး ပြန်မပျောက်သွားနဲ့နော်..

    ReplyDelete
  19. အခုအချိန်မှာတော့ တံခါးလေးပိတ်ထားချင်မိတာ..

    (မမ ရန်ကုန် ပြန်နေတာလား)

    ReplyDelete
  20. ဘာလေးပဲ ရေးရေးပါ သက်ဝေ...
    လာနေကျနေရာမှာ တခုခုလေး တွေ့လိုက်ရရင် ပျော်ပြီး ဖတ် မန့်သွားလိုက်တာပါပဲ...။

    အလုပ်များတာတွေ ရော့ပါစေ...
    နေကောင်းကျန်းမာပါစေ...

    ReplyDelete
  21. တံခါးကို အမြဲတမ်း ပိတ်ထားရင် ဘယ်တော့မှ ဖွင့်မရတော့ပဲ ဖြစ်သွားမှာပေါ့.. နောင်တစ်ချိန် ဖွင့်ချင်လာရင် ဘယ်လိုလုပ်မလဲ.. :)

    ReplyDelete
  22. စေ့ရုံလေးပဲ စေ့ထားမယ်ဗျာ....

    ReplyDelete
  23. အဲဒီစေ့ထားတဲ့တံခါးလေးကို သေချာလာကြည့်သွားပါတယ် ..... Take care အစ်မ........ :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...