ပြီးခဲ့သော တနင်္ဂနွေနေ့က စင်္ကာပူနိုင်ငံ ဒုတိယအကြိမ် စာပေဟောပြောပွဲကြီး စည်ကား သိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင်စွာ ပြီးဆုံးသွားချေပြီ…။ သည်နှစ် လာရောက်ဟောပြောကြသူများမှာ ဆရာ လယ်တွင်းသား စောချစ်၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) နှင့် ဆရာ အော်ပီကျယ် တို့ဖြစ်ကြသည်။ ထိုစာပေဟောပြောပွဲကို သွားဖြစ်သူ များလည်းရှိ၊ မသွားဖြစ်သူများလဲ ရှိကြလိမ့်မည်။ ကိုယ်တိုင်ကတော့ ကိစ္စတခုရှိနေ၍ အဆုံးအထိ မနေနိုင်ခဲ့။ ပထမပိုင်းမှာ ဟောပြောခဲ့သော ဆရာ လယ်တွင်းသား စောချစ်နှင့် ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) တို့၏ ဟောပြောချက်များအပြီး ညစာစားရန် ခေတ္တအနားပေးသော အချိန်မှာ ပြန်ခဲ့ရသည်။
ဆရာများ၏ ဟောပြောချက်များနှင့် အခန်းအနားတခုလုံး၏ အကြောင်းစုံကို အင်တာနက် စာမျက်နှာ အတော်များများမှာ စာများ၊ ဓါတ်ပုံများ၊ အသံဖိုင်လ်များနှင့် ဝေဝေဆာဆာ ဖတ်ကြ မြင်ကြ တွေ့ကြ ကြားကြ ရပြီး ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် အထက်ပါ အကြောင်းအရာများကို မရေးပြတော့ပါ။ ထိုနေ့က မျက်စေ့ထဲ မြင်ခဲ့ တွေ့ခဲ့သည်များထဲမှ တချို့ကိုသာ ကိုယ် မြင်သလို ရေးပြချင်ပါသည်။
ခန်းမနေရာကို မြေပုံထဲမှာ အသေအချာ ရှာကြည့်ထားပြီးသော်လည်း တရုတ်တန်း၏ တလမ်းမောင်း ယာဉ်စည်းကမ်းကြောင့် အတော်လေး ရွာလည်ပြီး နေ့လည် ၂ နာရီထိုးခါနီးမှ ရောက်သွားခဲ့သည်။ ကားရပ်စရာ တနေရာကို ခက်ခက်ခဲခဲရှာပြီး ခန်းမရှေ့ကို အရောက်… တွေ့လိုက်ရသည်က ခန်းမထဲဝင်ရန် တခဲနက် တန်းစီနေကြသော ရောင်စုံ လူအုပ်ကြီး… ဘုရားရေ… ၂ နာရီထိုးတောင် ပေးမဝင်သေးတာ ဘာကြောင့်ပါလိမ့်ဟု တွေးနေစဉ်မှာပင် ထိုလူအုပ်ကြီး ဖြည်းဖြည်းချင်း ရွေ့လျားသွားတာ တွေ့လိုက်ရသည်။ အထဲ ဝင်လို့ရပြီ…
ခန်းမထဲမဝင်ခင် အချိန်လေးမှာ စာအုပ်ဝယ်ရန် စာအုပ်ရောင်းသောနေရာကို လိုက်ရှာမိသည်..။ ဟော… တွေ့ပါပြီ… နောက် လူတန်းရှည် တတန်း… ရောက်သွားသောအချိန် နောက်ကျနေ၍လားတော့ မသိ၊ ဒီနှစ်အဖို့ ဝယ်စရာ စာအုပ် နည်းသည်။ သို့သော်လည်း အမှတ်တရအနေဖြင့် ဆရာတယောက်စီ၏ စာအုပ် တအုပ်စီကို ဝယ်လိုက်သည်။ ဆရာများ အမှတ်တရ လက်မှတ်ရေးထိုးသော နေရာကိုကြည့်လိုက်မိတော့ ဘုရား တသိန်း တ ကာ အသာ ပြန်လှည့်ထွက်ခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာကို ကင်မရာအလုံးပေါင်း များစွာဖြင့် ချိန်ရွယ်ထားကြခြင်းကြောင့်ပင်…။ ကိုယ်တိုင်က ကင်မရာတလုံးဖြင့် နေရာတကာ လူတကာကို အလိုက်ကန်းဆိုးမသိစွာ ချိန်ရွယ် ရိုက်နှက်ခဲ့လေသော်လည်း ကိုယ့်ကို လာချိန်နေတာကိုတော့ဖြင့် မခံချင်ပြန်… ။ ဝဋ်ဆိုသည်မှာ နောင်ဘဝကို မကူး… ချက်ချင်း လည်တတ်သည်ပဲ…။ သည်လိုနှင့် ဆရာတွေရဲ့ လက်မှတ်တွေ မရခဲ့...
ပြီးတော့ အဝင်ဝမှာ ပေးနေသော ရေသန့်ဗူး တဗူးနှင့် Goodie Bag တခုကိုယူကာ အခန်းထဲ ဝင်ခဲ့သည်။ ရုတ်တရက် နေရာအတွက် အခက်ကြုံ… ခဏနေတော့မှ အဆင်ပြေ…။ သည်လိုနှင့် ပွဲစလေသည်။ ခုနက ရလာခဲ့သော Goodie Bag ထဲကြည့်လိုက်တော့ ကြော်ငြာစာရွက်များ၊ ကော်ဖီမစ် တထုပ်၊ Feed Back Form နှင့် ဘောပင်တချောင်း ကို တွေ့ရသည်။ အော်… လက်စသတ်တော့ Goodie Bag ဆိုသည်မှာ ဒါမျိုးပါလား ဟု နားလည် သဘောပေါက်ရသည်။
မိတ်ဆွေ သူငယ်ချင်း ဘလော့ဂ်ဂါ အပေါင်းအသင်း ရောင်းရင်းများကို တွေ့ချင် မြင်ချင်သော်လည်း ကိုယ်တိုင်က နောက်ကျ၊ နေရာရတော့ ရှေ့နားက၊ ပြီးတော့ အဝေးမှုန်… သည်လိုနှင့် အနီးအနားက သူငယ်ချင်း တယောက်စ၊ နှစ်ယောက်စမှ လွဲ၍ ဘယ်သူ့ကိုမှ မတွေ့လိုက်ရ။ မီးတွေမှိန်ကာ အခန်းအနားစတင်သည်။ ရှေ့ပြေး မိတ်ဆက်တွေကို အချိန်ပေးတာ များသည်ဟု မြင်မိသည်။ နေ့လည် နှစ်နာရီမှ ဆယ်နာရီ ဟူသော ပွဲချိန်ကို အနည်းငယ် ထပ်ချုံ့လို့ ရသေးသည်ဟုလည်း တွေးမိသည်… ရှိပါစေတော့…။
ဆရာ လယ်တွင်းသား စောချစ်၏ ချစ်စဖွယ် အေးချမ်းသော အပြုံးမျက်နှာနှင့် “လွမ်းလိုက်တာ…” ဟူသော လေယူ လေသိမ်းလေးကို နားထဲ စွဲနေသည်။ ဆရာက မီးထိုးထားသောကြောင့် ပရိတ်သတ်က သူ့ကို မြင်နေရပြီး မီးမှောင်ထဲမှ ပရိတ်သတ်ကို သူက မမြင်ရသည်မှာ မတရားပါ ဟု ဆိုလေသောကြောင့် ခန်းမထဲမှာ ရုတ်ချည်း မီးတွေ ပြန်လင်းလာသည်။ သတ္တိခဲ ကိုယ်က တယောက်တည်းဆိုလျှင် အမှောင်ကို အသေအကြေ ကြောက်တတ်သော်လည်း အခုလို လူတအုပ်ကြီးနဲ့ကတော့ မကြောက်ရေးချ မကြောက်… မှောင်မှောင်လေးမှာ နေရင်း နားထောင်ရတာ ပိုကောင်းသည်ဟုတောင် ခံစားရသည်။ အခုတော့ လင်းလင်း ရှင်းရှင်းကြီး…။
လူ ၁၂၀၀ ဆံ့ ခန်းမထဲမှာ ပရိတ်သတ်က ပြည့်ရုံမက လျှံနေသည်။ စီတန်းချထားသော ကုလားထိုင်များမှာ ရှေ့နောက် အနည်းငယ် ကျဉ်းသည်။ ထိုအခါ အဝင်အထွက် အတော်ခက်လှသည်။ ကိုယ့်အရပ်နှင့်တောင် ခြေညောင်း လက်ဆန့် လုပ်၍ မရ… ကိုယ့်ထက် အရပ်ရှည်သူများ ရှေ့ခုံ၏ ကျောမှီနှင့် ဒူးတိုက် ဆွေးနွေးခဲ့ကြရသည် ဟူ၏။ ပြီးတော့ ခုံတန်းတွေကို နေရာလပ်မရှိ ဆက်တိုက် ချထားသည်… ထိုအခါ အရေးဆို ဟိုးရှေ့ဆုံးတန်းနှင့် စင်မြင့်အကြား လွတ်နေသော နေရာမှသာ ဖြတ်သန်း သွားလာရချေ၏။ အတော်လေး အဆင်မပြေ…။ ထို့ကြောင့် နောင်နှစ်ခါကျရင် စာပေဟောပြောပွဲကို Esplanade က Theatre တခုခုမှာ ကျင်းပဖို့ ပွဲစီစဉ်သူများကို အကြံပေးရန် တေးထားလိုက်သည်…။ (သဘောတူလျှင် လက်ခုပ်တီးပါ…)
ဆရာ လယ်တွင်းသား စောချစ် ဟောပြော၍ အပြီး ဆရာ မောင်စိန်ဝင်း အလှည့် မရောက်သေးခင်မှာ ရှေ့ပြေး မိတ်ဆက်သူများ ရောက်လာကြပြန်သည်။ ထိုအချိန်တွင် ပရိသတ်ကြီးများ အတော်လေး ယောက်ယက်ခတ်စွာဖြင့် အခန်းငယ်တခုကို ဦးတည်ကြသည်။ ဖြစ်ချင်တော့ ထိုအခန်းငယ်သည် ပရိတ်သတ်များနှင့် မျက်နှာချင်းဆိုင်၊ စင်မြင့်၏ ညာဖက် ထောင့်တွင် တည်ရှိလေသည်။ ထိုအခါ စင်မြင့်ကို မျက်နှာမူနေသော ဘယ်ဖက်ပိုင်းနှင့် အလယ်ပိုင်းအရပ်မှ အရောင်စုံ အသွေးစုံ၊ အရွယ်စုံ ဆိုဒ်စုံ ပရိတ်သတ်အပေါင်းတို့သည် အပေါ်မှာ ပြောခဲ့သလို ခန်းမအတွင်း တခုတည်းသော လမ်းလိုဖြစ်နေသည့် ခန်းမ၏ ရှေ့ဆုံးတန်းနှင့် စင်မြင့်အကြား လွတ်နေသော နေရာကွက်လပ်မှ ဖြတ်သန်းကာ ထိုအခန်းဆီသို့ သွားလာရလေ၏။ ခန်းမတခုလုံး၏ မျက်စေ့ရှေ့၊ လူကြီးများ၏ မျက်စေ့ရှေ့မှနေ၍ တဦးချင်း တယောက်ချင်း သော်လည်းကောင်း၊ နှစ်ဦးသား ပူးတွဲ၍သော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း အလျှို အလျှို ထိုနေရာကို သွားနေကြသည့်မြင်ကွင်းမှာ ကြည့်ရတာ တဆိတ်တော့ သိပ်အဆင်မပြေလှ။ သွားကြသူများကို အဆင်မပြေဟု ပြောခြင်းမဟုတ်… နေရာထိုင်ခင်း၏ အားနည်းချက်ကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြောပြခြင်းမျှသာ ဖြစ်သည်။
ထို့နောက် ရုပ်ရည် အမူအရာ အသံသာမက ဟန်ပန်ပါ မိုက်လှသော ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၏ အလှည့် ရောက်လာသည်။ အရင်ကထက်စာလျှင် အနည်းငယ် ပိုပိန်သွားသော်လည်း နီညိုရောင် ရင့်ရင့် ယောလုံချည် နှင့် နံ့သာရောင် တိုက်ပုံနှင့် ဆရာက လိုက်ဖက်စွာ ကြည့်ကောင်းနေဆဲပါ…။ ကိုယ်တို့ရဲ့ စီနီယာ ကျောင်းတော်သားကြီးဟူသော အသိကလဲ စိတ်ကို အလွန်အမင်း မျက်နှာလိုက်တတ်သေးသည်ပဲ...။ သုတ ဆိုတာ ဒီထဲကို တိုက်ရိုက်ပို့ပေးတာ ဟုဆိုကာ နားထင်ကို လက်နှင့် ထောက်ပြသောဟန်၊ ရသ ဆိုတာ ဒီထဲကို အရင်ဝင်တာ ဟုဆိုကာ ရင်ဘတ်၏ လက်ဝဲဖက်နေရာကို ညွှန်ပြသော ဆရာ့ဟန်ကို အလွန် သဘောကျမိသည်။ ကဗျာရွတ်ပြသော ဆရာ့အသံကတော့ တကယ့်ကို ရှယ်ပါပဲ…
ပွဲချိန်အတွင်း ကင်မရာကြီးများဖြင့် ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ကြသည်ကို တွေ့ရသည်။ ဤမြင်ကွင်းမျိုးကို မနှစ်က စာပေဟောပြောပွဲမှာ တွေ့ခဲ့ရပြီး ကင်မရာလိုချင်သော ရောဂါ ရခဲ့ပုံနှင့် ရေးခဲ့ဖူးသော နှစ်ကျပ်ခွဲဇာတ်လမ်းပိုစ့်ကို သတိရသွားသောကြောင့် ပြုံးမိသေးသည်။ သို့သော် ထိုနေ့ကတော့ အိမ်မှ အလောသုံးဆယ်နှင့် ထွက်လာခဲ့ရာ ကင်မရာယူလာရန် မေ့သွားသည်။ ထို့ကြောင့် ဘာပုံမှ မရိုက်ခဲ့ရ…။
မျက်နှာစာအုပ်ထဲမှာ၊ ဘလော့ဂ် တချို့မှာ ဘယ်သူတွေက ဘယ်သူတွေကို တွေ့ခဲ့သည်… ဘယ်သူတွေက ဘယ်သူတွေကို လာရောက်နှုတ်ဆက်သည်... ဘယ်သူကတော့ဖြင့် တွေ့ရက်နှင့် လှမ်းမခေါ်… ဘယ်သူကတော့ဖြင့် အင်္ကျီဘာအရောင်နှင့်… စသည်ဖြင့် ရေးသားထားသည်ကို ဖတ်ရင်း ကိုယ်ကတော့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ရခြင်းအပေါ် မချင့်မရဲ…။
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၏ ဟောပြောချက်များအပြီးမှာ ထမင်းစားချိန် ၄၅ မိနစ် ပေးသည်။ ကိုယ်နှင့် ကိုယ့်အမျိုးသားကတော့ အိမ်ပြန်ရန် ခြေလှမ်းပြင်ရသည်။ သည်လိုနှင့် ခန်းမထဲက အထွက်မှာ ဒန်ပေါက်ထမင်းဗူးများ ဝေငှသည်။ အအေးကတော့ လက်မှတ်ပြမှ ယူလို့ရမည်ဟု ပြောသည်။ သည်တခါကျွေးသော ညနေစာကိုတော့ များစွာ စိတ်တိုင်းကျကြသည်ဟုလည်း သတင်းကြားရသည်။ တချို့တွေကတော့ ဒီတဗူးနှင့် မဝနိုင်ပါဟု ရင်းနှီးပွင့်လင်းစွာ ပြောဆိုကာ တယောက်လျှင် နှစ်ဗူးကျစီ ယူသွားသူများလည်း ရှိသေးသည်ဟု တဆင့်စကားဖြင့် ကြားသိရသည်။ စားနိုင် သောက်နိုင် ရှိကြသည်မှာ ဝမ်းမြောက်ဖွယ်ရာ…
ကိုယ်တိုင်ကတော့ လက်ထဲရောက်လာသော ဒန်ပေါက်တဗူးကို ကိုင်ကာ မပြန်ခင် ခန်းမအပြင်ဘက်မှာ ဟိုဟိုဒီဒီ လိုက်ပြီး မျက်စေ့ကစားရင်း ဘယ်သူ့များ တွေ့ရအုံးမလဲ ရှာမိသေးသည်။ ဒန်ပေါက်ဗူးများ အအေးဗူးများ ကိုယ်စီ ကိုင်ဆောင်ကာ ဟိုနေရာတစု သည်နေရာတစု စုဝေးစားသောက်ရန် ပြင်ဆင်နေကြသူများကို တွေ့ရသည်။ သို့သော် ကိုယ်နှင့် သိသူ ဘယ်သူ့မှ မတွေ့ရ…။ သည်လိုနှင့် မပြတ်ချင်သော သံယောဇဉ်ကို ဇွတ်အတင်းဖြတ်ကာ ထိုနေရာမှ မခွာချင့် ခွာချင်နှင့် ခွာခဲ့ရသောကြောင့် ကိုယ် မြင်သမျှ စာပေဟောပြောပွဲ မြင်ကွင်းများလဲ ဤနေရာတွင် တဝက်တပျက်နှင့် အဆုံးသတ်သွားလေတော့သတည်း…။
စာကြွင်း ။ ။ အများ သူငါတွေ ရေးကြသလို စာပေဟောပြောပွဲအကြောင်းကို ဆရာသမားတွေရဲ့ ဟောပြောချက်တွေကို ကိုးကားပြီး လေးလေးစားစား မရေးပဲ ထင်ရာတွေ လျှောက်ရေးတယ်လို့ အပြစ်မမြင်ကြပါနဲ့…။ ကိုယ်လဲ သူများတွေလို ရေးချင်စိတ်ပေါ်လာလို့ ကိုယ်မြင်တာတွေကို မြင်သလို ရေးပြတာပါလေ… လာမဆူရဘူးနော်… ဒါပဲ…။
ဒါဆို မသက်ဝေကို ဘယ်သူမှ မတွေ့လိုက်ဖူးပေါ့။
ReplyDeleteမသီတာတို့ သွားတယ်ဆို..သူတို့နဲ့ရော မတွေ့ဘူလား။
စပေဟောပြောပွဲမြင်ကွင်းကို မြင်မိသွားပါတယ်..။
ဒီလိုရေးတာ သဘောကျပါတယ်..။
တော်သေးတယ်နော် ကင်မရာ မပါသွားလို့။
မဟုတ် ပုံတွေ မကြည့်ချင်ပဲ ကြည့်ပေးနေရအုန်းမယ်..။
ဟီးးဟီးး...ကျလိ ကျလိဖြစ်သွားပြီလားး.။
အမျိုး
စာပေဟောပြောပွဲတွေ တစ်ခါမှ နားမထောင်ဖူးသေးဘူးး တစ်ခါလောက်တော့ ကိုယ်ကြိုက်တဲ့ ဆရာကြီးတွေရဲ့ ဟောပြောပွဲတွေနားထောင်ချင်သေးတယ် ။ စလုံးကျဉ်း၂လေးမှာ အဲ့ပွဲကို ဘလော့ဂါတွေအများကြီးသွားကြမှာပဲနော့် အစ်မကတော့ ကလာကာနောက်ကွယ်က မင်းသမီးလေးပေါ့း)
ReplyDeleteအစ်မက ဆရာနှစ်ယောက်ဟောတာပဲ နားထောင်သွားတာဆိုရင် ၅ ကျပ် ပြန်ထုတ်လို့ရပါတယ်တဲ့ ။ :P
ReplyDeleteစာပေဟောပြောပွဲ သွားခဲ့တဲ့ အမတို့ကို
ReplyDeleteတကယ်ပဲ အားကျလိုက်တာ။
ဆရာလယ်တွင်းသား စောချစ်နဲ့ ဆရာအောင်သင်းရဲ့ စာပေဟောပြောပွဲကို နားထောင်ခဲ့ဘူးတာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်နီးပါးလောက်က အမ.. ပထမဆုံးနားထောင်ဖူးတာပါပဲ.. အခုလည်း ဆရာတို့ ဓာတ်ပုံတွေကို FB မှာမြင်တော့လေ အဲဒီက စာပေဟောပြောပွဲကို လာပြီး နားထောင်ချင်မိတယ်.. အမတို့ကို အားကျတယ်.. တနေ့နေ့ပေါ့ အမရယ်..:((
ReplyDeleteစာပေဟောပြောပွဲမှာ လူများ လူစည်တဲ့သဘောမို့ အင်မတန် ၀မ်းသာမိတယ်။ ဒီမှာတော့ စာနဲ့ ဝေးတဲ့သူတွေ များလို့ ထင်ပါရဲ့၊ စာပေဟောပြောပွဲကို ၀င်ကြေး မကောက်၊ အစားအသောက် အလကားကျွေးတာတောင် ကြောက်လို့ တဲ့။ လာသူ နည်းပါတယ်။ မြန်မာပြည်ကနေ စာရေးဆရာတွေ ဖိတ်ပြီး ဟောပြောစေချင်သေးတယ်။
ReplyDeleteမျက်မှန်လေးနဲ့အစ်မကို တွေ့လိုက်တယ်...
ReplyDeleteအစ်မရေးသွားတာလေးကို သဘောကျမိတယ်။ ဘလော့ဂါတစ်ယောက်စီက အမြင်တစ်မျိုးစီနဲ့ရေးကြတာမို့ အားလုံးဖတ်လို့ကောင်းတယ်။
ReplyDeleteအစ်မနဲ့အတူ လက်ခုပ်တီးလိုက်တယ်။
ရှေ့နှစ်ကျရင်တော့ ခုရုံမှာထပ်မလုပ်လောက်တော့ဘူး။ တစ်ချို့က နောက်နှစ်အတွက် Expo မှာလုပ်ဖို့ အကြံပေးကြတာ ဖဘမှာ ဖတ်လိုက်ရတယ်။
ပုံ/
အစ်မသက်ဝေနဲ့ကိုကြီးကို အင်္ကျီအနက်ရောင်ဆင်တူ ၀တ်ထားတာ မြင်လိုက်သူး)
္ခအဝေးမှုံတယ်တဲ့၊ဒုက္ခ.....
ReplyDeleteအပြောခံရတော့မှာဘဲ၊...
ဆရာမောင်စိန်ဝင်းကိုအပြောခံရမှာ..
ိုပြောတာပါတာပါခင်ဗျာ.... :)
အများ သူငါတွေ ရေးကြသလို စာပေဟောပြောပွဲအကြောင်းကို ဆရာသမားတွေရဲ့ ဟောပြောချက်တွေကို ကိုးကားပြီး လေးလေးစားစား မရေးပဲ ထင်ရာတွေ လျှောက်ရေးတယ်လို့
ReplyDeleteဒါဘယ်သူ့ကို စောင်းပြောတာလဲ
ပုံ/
ဂျင်ကြိုး၏ သူငယ်ချင်း
စာတွေပေတွေနဲ့ ဝေးတဲ့နေရာ စာပေတွေဟောပြောဖို့လိုတာပေါ့ တို့ အင်ဂလန်မှာတော့ အဲတာတွေမလိုဘူး အားလုံးစာဖတ်ကြတယ် ဟက်ဟက်...
ReplyDeleteမှတ်ချက်။ ။ Facebook မှ ကူးလာပေးသည်...
ပုံ/
စေတနာရှင်တဦး
လက်ခုပ်တီးသွားပါတယ်... :)
ReplyDeleteစီတန်းချထားသော ကုလားထိုင်များမှာ ရှေ့နောက် အနည်းငယ် ကျဉ်းသည်။ ထိုအခါ အဝင်အထွက် အတော်ခက်လှသည်။
ReplyDeleteသက်ဝေအရပ်နဲ့တော့ ဟုတ်တာပေါ့... တို့နဲ့ကတော့ ချောင်ချောင်ချိချိပါ... ချောင်ဆို တို့က ဂျပုလေ...
ဒီလို မြင်ကွင်းမျိုး ရေးတဲ့သူ မရှိသေးဘူး...
ဒါကြောင့် ကြိုက်တယ်...။
တူများလည်း မသက်ဝေကို တွေ့လိုက်တယ်။ လှလှလေးနော်..
ReplyDeleteအားကျစရာပဲ မမသက်ဝေရယ်... ဆရာတွေဟောတာလေးကို ဗီဒီယိုလေးနဲ့ မျက်နှာစာအုပ်မှာ တင်ပေးနိုင်ရင် သိပ်ကောင်းမှာ..
ReplyDeleteခင်တဲ့
မိုးငွေ့
ပျော်စရာကြီးနေမှာ.... ဒီက စာပေ ဟောပြောပွဲ တွေတော့ မသိလိုက်တာနဲ့... မအားတာနဲ့ ... တခါမှ မရောက်ဖူးဘူး။:P
ReplyDeleteဒါမျိုး ရေး တာ လည်း လိုအပ် တာပဲ..။
ReplyDeleteခံစား လို့ ရတယ်။ အဆင်မပြေ မူ တချို့ကို...
း)
ဒါ လည်း ရသ စာ ပေ တ မိုး ပါ လား။
ReplyDeleteအစ်မ မြင်သမျှကို အစ်မမျက်လုံးအဌားနဲ့ စိတ်ဝင်တစား လိုက်ကြည့်သွားပါတယ်..။ ဆရာကြီးတွေရဲ့ ဟောပြောပွဲ စိတ်ဝင်စားစရာကောင်းတာရော၊ အဲ ဒံပေါက်တွေက စားချင်စရာကောင်းတာရော မြင်သွားတယ်။ ပြီးတော့ ဒံပေါက်ကိုင်တဲ့ လက်လှလှလေးတွေ လက်၀၀လေးတွေကိုပါ မြင်သွားတယ်း)))
ReplyDeleteltn