Wednesday, January 5, 2011

ယူနီကုဒ် နဲ့ အင်နားရှား

(Photo from Google)


အခုတလော စာမျက်နှာတွေပေါ်မှာ ယူနီကုဒ် (Unicode) နဲ့ပတ်သက်လို့ ပြောထား ဆိုထားကြတာတွေ တော်တော်များများ တွေ့ရ ဖတ်ရ သိရပါတယ်။ ယူနီကုဒ်ရဲ့ အားသာချက်တွေ ကောင်းကွက်တွေအပြင် မြန်မာစာပေ အဆင့်အတန်း တိုးတက် မြင့်မားရေးတို့၊ မြန်မာစာပေရဲ့ တန်ဖိုးနဲ့ စံ တို့၊ မြန်မာအက္ခရာတွေရဲ့ အဆွဲအငင် အမှန်တွေ သိဖို့တို့၊ ယူနီကုဒ်မှာ သင်ပုန်းကြီး ရေးနည်းအတိုင်း ရေးနိုင်တာတို့တွေအပြင် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ နိုင်ငံရေး၊ ပုဂွိုလ်ရေး… စုံလို့ စုံလို့ အများကြီးပဲ ဖတ်မိပါတယ်…။ အဲဒါတွေ ဖတ်ပြီး စိတ်ထဲမှာ အတော် နောက်ကျိ ရှုပ်ထွေးသွားတာ ဝန်ခံပါတယ်။

အရင်ကတော့ ကိုယ်ဖတ်နေကျ ဘလော့ဂ်တွေထဲမှာ ယူနီကုဒ်နဲ့ပတ်သက်ရင် ကိုဇက်တီရဲ့ ဖူးနုသစ် တခုလောက်ပဲ သတိထားမိပါတယ်။ အဲဒီနေရာမှာ အမှန်အတိုင်းပြောရရင် IE နဲ့ဖတ်လို့ရတဲ့ တခြားသူငယ်ချင်းတွေရဲ့ စာမျက်နှာတွေကို နေ့တိုင်းနီးနီး ရောက်တတ်ပေမယ့် အလွယ်တကူ ဖတ်မရတဲ့ ကိုဇက်တီဆီကိုတော့ (Mozilla Fire Fox ကနေတဆင့်) တပတ်တခါလောက်ပဲ ရောက်ဖြစ်ပါတယ်။ အဲဒီအခါကျမှပဲ ပိုစ့်တွေ သုံး လေးခု စုဖတ်ပြီး ကော်မန့်ရေး ဖြစ်ပါတယ်။

အခုတော့ ဇော်ဂျီကနေ ယူနီကုဒ်ကို ပြောင်းလဲရေးက စာမျက်နှာတွေပေါ်မှာ အတော်လေး နေရာယူလာတယ်။ အခုဆို ကိုယ် သတိထားမိသလောက် ကိုကိုဒီဘီဖြိုးမော်ထူးတေဇာ နဲ့ ရွှန်းမီ တို့ ဘလော့ဂ်တွေမှာ ယူနီကုဒ် ပြောင်းသွားပြီ။ TZA (ဒီဂိုလာ) ကလည်း ပြောင်းမယ်လို့ ပြောထားတယ်…။ နောက် ကိုယ်သိပ်မသိတဲ့ ဘလော့ဂ်တချို့မှာလဲ ပြောင်းထားတာ တွေ့ရတယ်။ မနေ့ကတော့ WeSheMe မှာ ကိုAndy ရေးထားတာ ဖတ်လိုက်ရတယ်။ သူက ယူနီကုဒ် ပြောင်းကြစို့ လို့ ခေါင်းစဉ်တပ်ထားတာကြောင့် ပြောင်းများ ပြောင်းသွားပြီလားလို့ အပြေးအလွှား သွားကြည့်မိပါတယ်။ သူ့ဆီရောက်မှ မပြောင်းရသေးပဲ ဇော်ဂျီပဲ ရှိသေးတာ တွေ့ရတယ်…။ ကိုAndy က မကြာခင်မှာ ယူနီကုဒ်ကို အတူတူပြောင်းကြဖို့ ဖိတ်ခေါ်တဲ့ အကြောင်း ရေးထားတာပါ။ သူကိုယ်တိုင်ကလည်း လူအများစုက လက်ခံပြီး ပြောင်းမှ (ပိုစ့် ၇၅၀၀ ပြည့်မှ) ပြောင်းမယ်ဆိုလို့ (ချက်ချင်းကြီးပြောင်းမှာ မဟုတ်သေးလို့) နည်းနည်းတော့ စိတ်သက်သာရာရမိတယ်။

မပြောင်းမဖြစ် ပြောင်းကြရမယ့် အချိန်တခုကျရင်တော့ အားလုံး အတူတူ ပြောင်းရမယ် ထင်ပါတယ်…။ အဲဒီလို ပြောင်းတဲ့အခါမှာလည်း Font တွေသာမက လက်ကွက်နဲ့ စာရိုက်နည်းပါ ပြောင်းကြရမှာ… တဲ့…။ ဒီလိုဆိုတော့ ဒီကိစ္စတွေကို နားလည် တတ်ကျွမ်းတဲ့သူတွေမှာ ဘာမှ ပြဿနာ ကြီးကြီကျယ်ကျယ် မရှိနိုင်ကြပေမယ့် ကိုယ့်လို ဘာမှ သေသေချာချာမသိ မတတ်တဲ့သူမျိုးမှာတော့ တော်တော်ကြီး ဒုက္ခရောက်မှာ သေချာပေါက်ပါ။ ကိုယ် ဒီ Blogspot လေး စလုပ်ခါစကတောင် သုံးလလောက် အချိန်ပေးပြီး စာတွေလိုက်ဖတ်၊ အစမ်း ဘလော့ဂ်တွေ ဖွင့်ကြည့်၊ အိမ်က ရုံးက နောက်ဆုံး သူငယ်ချင်းအိမ်က ကွန်ပျူတာတွေမှာပါ မကျန် လေးထောင့်တွေ မြင်ရလား မြန်မာစာတွေ မြင်ရလား လိုက်ကြည့်… အဲဒီလို နည်းအမျိုးမျိုးနဲ့ စမ်းသပ်ပြီးမှ ရခဲ့တာပါ။ ဒါကြောင့် အခုလဲ ဘန်နာလေး ဘာလေး နည်းနည်းပါးပါး ပြောင်းတာကလွဲလို့ တခြားဘာမှ ထူးထူးခြားခြား မပြောင်းရဲခဲ့တာ၊ HTML Code တွေကိုလဲ မတို့ မထိရဲခဲ့တာ ဒီနေ့အထိပါပဲ။

နောက်တခု စဉ်းစားမိတာကတော့ စာဖတ်သူတွေဖက်ကပါ။ ဘလော့ဂါအချင်းချင်း သူ့ဆီ ကိုယ့်ဆီ သွားလာ လည်ပတ် စာဖတ်ကြတဲ့အခါ၊ ကော်မန့်ပေးကြတဲ့မှာ သူလဲ ယူနီကုဒ် ကိုယ်လဲ ယူနီကုဒ်ဆို အဆင်ပြေပြေဖတ်နိုင်၊ ရေးနိုင်ကြပေမယ့် ဘလော့ဂါမဟုတ်တဲ့ ပုံမှန် စာဖတ်သူတွေအဖို့မှာ အခက်အခဲတွေ့နိုင်ပါတယ်။ ဒီကိစ္စကို အင်တာနက်ကရော လက်ကိုင်ဖုန်းနဲ့ပါ ဘလော့ဂ်ဖတ်တဲ့ မိတ်ဆွေ စာဖတ်သူ နှစ်ယောက်နဲ့ စကားပြောမိတဲ့အခါ သူတို့နှစ်ယောက်လုံးဆီက လေသံက တလေသံတည်း ထွက်လာပါတယ်။

“တနေရာမှာ Link တွေ့လို့ဖြစ်စေ၊ Link တွေမှာပါတဲ့ ဓါတ်ပုံ Thumbnail တွေကြောင့် ဖြစ်စေ စိတ်ဝင်စားစရာ စာမျက်နှာတခုကို ဖွင့်လိုက်ပြီး Font မတူလို့ ဖတ်လို့မရတဲ့ စာမျက်နှာတွေဆို လုံးဝ မဖတ်ဖြစ်ပါဘူး…” တဲ့။

အဲဒါကြောင့် ယူနီကုဒ် ပြောင်းဖို့ စဉ်းစားကြတဲ့အခါမှာ ဘလော့ဂါတွေက ကိုယ့်အချင်းချင်း သဘောတူ ပြောဆိုပြီး ပြောင်းလိုက်ကြရုံတင် မဟုတ်ပဲ စာဖတ်သူတွေအတွက်လဲ စဉ်းစားပေးသင့်တယ်လို့ ထင်ပါတယ်။ သူတို့ကရော ကိုယ်တို့ရေးတဲ့ စာတွေဖတ်ဖို့ ယူနီကုဒ်ကို အလွယ်တကူ လိုက်ပြောင်းကြမှာလား… တချို့က ယူနီကုဒ် တချို့က ဇော်ဂျီ... ဒီတော့ သူတို့ ဘယ်လို စာဖတ်ကြမလဲ…။

ပြီးတော့ ကိုယ်ရေးတဲ့ (ကိုယ် = သက်ဝေ) ဟိုမရောက် ဒီမရောက် စာတွေလိုက်ဖတ်ဖို့ စာဖတ်သူတွေမှာ အဆင်မပြေဘူးဆိုရင် မကောင်းဘူးလေ…။ အားနာစရာကြီး…။ ဘယ်သူမဆို အွန်လိုင်းမှာ စာရေးတယ် ဆိုထဲက အဖိုးတန်တာတွေပဲ ရေးရေး၊ အပျော်ဖတ်စာပေတွေပဲ ရေးရေး၊ သုတတွေ ရသတွေပဲ ရေးရေး အနည်းဆုံး စာဖတ်သူတော့ ရှိနေစေချင်ကြတာ သဘာဝပဲ မဟုတ်လား…။ (စာဖတ်သူ မလိုချင်ရင် ကိုယ့်ဟာကိုယ် နေ့စဉ်မှတ်တမ်းလို ရေးပြီး စာအုပ်လိုက်ပဲ သိမ်းထားတော့မှာပေါ့)

ပြောရမယ်ဆိုရင် နေ့စဉ် အလည်လာတဲ့သူတွေထဲမှာ ကိုယ့်ဘလော့ဂါ အချင်းချင်းထဲက စာလာဖတ်သူက လက်ချိုးရေလို့ရတယ်။ သို့သော် ဘလော့ဂါမဟုတ်တဲ့ စာဖတ်သူ သက်သက်က ဘလော့ဂါ အရေအတွက်ထက် အများကြီး ပိုပါတယ်။ ဒါကြောင့် စာဖတ်သူတွေရဲ့ အဆင်ပြေမှုကို မလွဲမသွေ ထည့်စဉ်းစားချင်တာပါ။

နောက်တခုက သူတို့ ကော်မန့် ရေးကြတဲ့အခါ…
“ဇော်ဂျီနဲ့ သုံးနှစ် သုံးမိုးမက ချစ်ကျွမ်းဝင်ပြီးသားမို့ ဒီကော်မန့်လေး ပေးဖို့အရေး စာရိုက်တော့ ပြန်မကျင့်နိုင်ဘူး… ရေးလို့မရရင် မရေးရုံပေါ့... ကိုယ်က ဇော်ဂျီနဲ့ ကော်မန့်ရေးတာ ယူနီကုဒ်ဘလော့ဂ်တွေမှာ ကိုယ့်ရေးတာတွေ ကပြောင်းကပြန် ပေါ်နေတာ တွေ့ရတာ နည်းနည်းတော့ စိတ် ကသိကအောက်ဖြစ်မိတယ်… အခုဆို ဖဘ မှာလဲ တချို့စာတွေ ကော်မန့်တွေကို ဖတ်လို့ မရတော့ဘူး...” လို့ ကိုယ့်ဆီမှာရော တခြား နှစ်သက်ရာ ဘလော့ဂ်တွေမှာ၊ ဘလော့ဂါတွေရဲ့ မျက်နှာစာအုပ်တွေမှာပါ အမြဲစာဖတ်ပြီး တခါတခါမှာ ကော်မန့်တွေရေးလေ့ရှိသူ တယောက်က ပြောပါတယ်။

ဒီတော့ ကိုယ်တိုင်က နည်းပညာတွေကို မတတ်ကျွမ်းတာက တကြောင်း၊ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း စာဖတ်သူတွေအတွက် စဉ်းစားမိတာကတကြောင်း၊ ကိုယ့်ကို ဘယ်သူကမှ ရိုက်ပြီး ပြောင်းခိုင်းနေတာ မဟုတ်တာက တကြောင်း၊ မပြောင်းရကောင်းလားလို့ ဘယ်သူကမှ လာပြီး အပြစ်ဆိုမနေတာက တကြောင်း တို့ကြောင့် အခုလောလောဆယ်မှာ ဒီယူနီကုဒ် ဆိုတာကြီးကို အလွယ်တကူ ပြောင်းပစ်ဖို့၊ အချိန်တိုတိုအတွင်းမှာ ပြောင်းဖြစ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုချင်တာပါပဲ…။ စာမျက်နှာ အများစု (အများစု) က မပြောင်းမချင်းတော့ ကိုယ်လဲ မပြောင်းသေးဘူးလို့ စဉ်းစားမိတယ်။ အဲ… တချိန်မှာ စာရေးသူတွေရော စာဖတ်သူတွေ အားလုံးကပါ တက်ညီလက်ညီ လက်ခံပြီး ပြောင်းလဲကြတော့မှသာ ကိုယ်လဲ မဖြစ်မနေ လိုက်ပြောင်းဖြစ်ပါလိမ့်မယ်…။

ကျောင်းတုန်းက သင်ခဲ့ဖူးတဲ့ အင်နားရှား (Inertia) ဆိုတဲ့ စကားလုံးကို မှတ်မိကြမှာပါ။ အဲဒီ အင်နားရှား ဆိုတဲ့ စကားက လက်တင်ဘာသာစကား Iners ကနေ ဆင်းသက်လာတာဖြစ်တယ်။ အဓိပ္ပါယ်ကတော့ Idle သို့မဟုတ် Lazy တဲ့…။ ကျောင်းမှာ သင်ခဲ့ဖူးတဲ့ အင်နားရှားရဲ့ အဓိပ္ပါယ်က ရွေ့လျားနေတဲ့ အရာတွေဟာ ရွေ့မြဲ ရွေ့နေချင်တဲ့ သဘောရှိပြီး ရပ်နေတဲ့ အရာတွေဟာ ရပ်မြဲ ရပ်နေချင်တတ်တယ်... သူတို့အတွက် ပြင်းထန်တဲ့ တွန်းအားတခုမပါပဲ ရွေ့လေ့မရှိဘူး လို့ ဆိုတယ်…။

ကိုယ်လဲ အဲဒီလိုပါပဲ…
ဒီယူနီကုဒ်နဲ့ ပတ်သက်ပြီး အများစုဆီက ပြင်းထန်တဲ့ တွန်းအား တစုံတရာမပါပဲနဲ့တော့ အခုရပ်နေတဲ့နေရာကနေ တော်တော်နဲ့ ရွေ့ဖြစ်အုံးမယ် မထင်သေးပါဘူး…။



43 comments:

  1. မရွေ့တာကို အားပေးပါတယ်။ ဆက်လက်ပျင်းမြဲ ပျင်းတော်မူပါ ... :D

    ReplyDelete
  2. အခုထိတော့ ဖတ်လို့မရရင် ကျော်ပစ်လိုက်တယ်..... (ဖတ်ချင်ရက်နဲ့)
    အဲလိုကျော်ဖတ်လိုက်ရတဲ့ဘလော့တွေ များလာမှပဲ လိုက်ပြောင်းတော့မယ်... :)

    ReplyDelete
  3. အဲလိုတွေ ဖြစ်နေဘီလား.. တိတေးဝူး.. တို့ကတော့ ဇော်ပဲသတိတယ်.. ကိုကိုဝေ ရယ်:)

    ReplyDelete
  4. ယူနီကုဒ်ဆိုတာ ဘာမှန်းကို မသိသေးဘူး.. မနေ့က We She Me မှာ မမသက်ဝေပြောတဲ့ ပို့စ်တော့ တွေ့တယ်.. အခုလောလောဆယ်တော့ ယူနီကုဒ်နဲ့ ရေးထားတဲ့ ဘလော့တွေဆို ဖတ်လို့မရတော့ မဖတ်ဖြစ်သေးဘူး.. font လည်း အသစ်မသွင်းချင်ဘူး.. နောက် ယူနီကုတ်နဲ့ရေးတဲ့လူတွေ များလာမှပဲ ပြောင်းတော့မယ်..

    ReplyDelete
  5. အစ်မသက်ဝေ.. ညီမက ဘလော့တစ်ခုလုံး မပြောင်းရသေးပါဘူး.. နောက်ဆုံးစာတစ်ပုဒ်ကိုပဲ မြန်မာ၃နဲ့ ရေးထားတာပါ။ မြန်မာ၃နဲ့ ဆက်ရေးဖြစ်ဖို့တော့ များပါတယ်။ စာရေးရတာ ခေါင်းမရှုပ်လို့ပါ။

    မသက်ဝေတို့ ဖတ်လို့ရမရတော့ မသိဘူး။ ညီမဘာသာတောင် ဖတ်မရလို့ တော်တော်စိတ်ညစ်သွားသေးတယ်။ မြေကြီးပေါ်ပဲ တုတ်နဲ့ခြစ်ပြီး စာရေးမယ်တွေဘာတွေတောင် ဖြစ်ကုန်တယ်။ နောက်မှ ဖြိုးမော်ပေးလို့ မှန်တဲ့ဖောင့် သွင်းလိုက်တော့ အိုကေသွားပါတယ်။ အဲ့ဒါလေး လက်ဆင့်ကမ်းလိုက်မယ်.. http://myanmar3source.googlecode.com/files/mm3.ttf

    Myanmar3 font စက်ထဲရှိပြီးသားဆိုရင် Google Chrome ကနေ ဖတ်လို့ရပါတယ်။

    ReplyDelete
  6. ညီမသက်ဝေနဲ့ သဘောထားချင်းထပ်တူပါပဲ။
    အမခင်မင်းဇော်

    ReplyDelete
  7. ယူနီကုတ်က မြန်မာဖွန့်မရှိတဲ့ကွန်ပြူတာကနေ ကြည့်လို့ရသလား။ ဇော်ဂျီလက်ကွက်အတိုင်း၊ ရိုက်နည်းအတိုင်း ရိုက်လို့ရလား။ မဟုတ်ရင်တော့ ပြောင်းမနေတော့ပါဘူးဗျာ။ ဘလော့ဂ်သိတ်မဖတ်ဖြစ်တော့လဲ အချိန်ပိုထွက်လာတာပေါ့။ ခုတော့ တချို့ဘလော့ဂ်တွေ လက်လွှတ်လိုက်ရပြီ။

    ဒါမှမဟုတ် စာမပါတဲ့ ဘလော့ဂ်လုပ်မယ်။ ငါတွ

    ReplyDelete
  8. လုပ်ပါ အသံဖိုင်လေးနဲ့ကလူသစ်

    ReplyDelete
  9. စာဖတ်သူတွေကို စဉ်းစားပေးတာ လေးစားပါတယ် မသက်ဝေ... ကျွန်တော်တို့လဲ အလွယ်တကူ ဖတ်လို့ရသလောက်ပဲ လက်လှမ်းမှီသလောက်ပဲ လိုက်ဖတ်ဖြစ်နေတယ်
    ပြောင်းရင်လဲ အားလုံးဖတ်လို့ရအောင် ပြောင်းကြပါလို့ ပြောချင်ပါတယ်...

    ReplyDelete
  10. မရေ... Microsoft က မြန်မာ Unicode ကို အတည်ပြုပြီး Widows Operating System မှာ တရားဝင် ထည့်သွင်းလိုက်တဲ့အခါကျရင် အားလုံး မဖြစ်မနေပြောင်းသုံးရမယ့် အနေအထားတစ်ခုကို ရောက်လာမှာပါ။ အဲ့ဒီအခါကျမှ ပြောင်းနိုင်ပါတယ်။
    ယူနီကုတ်နဲ့ဆို မြန်မာ font install မလုပ်ထားဘဲနဲ့လည်း ဖတ်လို့ရသွားမှာ သူ့ရဲ့ အားသာချက်တစ်ခုပါ။

    ဇွန်က အဲဒီပြဿနာကို အရင်ကတည်းက ကြိုတွေးမိပေမယ့် web မှာ တော်တော်များများ ဇော်ဂျီကိုပဲ သုံးနေကြတော့ လိုက်သုံးဖြစ်သွားတယ်။

    အခြေအနေပေါ်ကြည့်ပြီး အားလုံးအတူတူ ပြောင်းကြတာပေါ့နော်။း)

    ReplyDelete
  11. ဟုတ်ပါ့.. ကိုအန်ဒီ သွားဖတ် တော့...နည်းလည်း ရတော့ မလိုလို နဲ့ ကွန်မန့် တွေ ဖတ်တော့ မော
    အင်းလေ..ဗမာ ထုံးစံ ပဲလို့ ပြောရတော့မလား...

    ကျမ ထင်တာတော့.. ယူနီ ကုဒ် သမားတွေ အနေနဲ့.ပိုပြီးကျယ်၂ပြန့်၂ မီဒီယာတွေ နဲ့ ဆက်သွယ်ပြီး
    ပညာပေး ကြော်ငြာသင့်တယ်

    စံ ဆိုတာ လေး တခု နဲ့.. ဘယ်သူ ကမှတော့.. အဆင်မပြေတပြေ ကြီးကို မျက်စိမှိတ် မလုပ်ချင်ကြသေးဘူး..ကျမ အပါအ၀င်

    ကိုလူသစ် က.. ဘာနဲ့ ဘလော့ မှာလည်း.. အနံ့နဲ့ လား..း)) လူနောက်

    ReplyDelete
  12. တခါတလေကျ စိတ်ပေါက်ပေါက်နဲ့ ဘလောက်၂ခုတောင် လုပ်ပြစ်လိုက်ချင်တယ်.. စိတ်ရှုတ်လိုက်တာ…

    ReplyDelete
  13. ဟုတ်တယ် လောလောဆယ်တော့ ယူနီကုဒ်ကိုမြင်ရတာ မျက်စိနောက်နေတယ် .... ပြောင်းလိုက်ရင်လဲပြီးတော့သွားမှာပါပဲ ဒါပေမဲ့ မမသက်ဝေလိုပဲ စိတ်က အင်နားရှားသဘောဆောင်နေတယ်း))

    စကားမစပ်..ဒီတလော လက်တွေသိပ်သွက်နေပါလားးးပို့စ်တွေ အဆက်မပြတ်နီးပါး ဖတ်နေရတယ် နိုက်စ် မမသက်ဝေး)

    ReplyDelete
  14. ကလူသစ်နဲ့ တသဘောထဲပဲ ခွိခွိ...စာမပါတဲ့ ဘလော့ဂ် ဖွင့်ကြစို့ရဲ့...။

    စိတ်မပူပါနဲ့ သူငယ်ချင်း ဇော်ဂျီနောက်ဆုံး သုံးလို့ရသလောက်ထိ သုံးကြသေးတာပေါ့ :)

    ReplyDelete
  15. ချစ်စရာ သက်ဝေ...
    စာဖတ်သူတွေအတွက် စဉ်းစားပေးတယ် ကျေးဇူးပါ စိတ်တော့မပူပါနဲ့ သက်ဝေ ယူနီကုတ်ပြောင်းတော့ တို့တွေလဲ လိုက်ပြောင်းဖတ်မှာပေါ့လို့

    ReplyDelete
  16. စာလည်မဖတ်နိုင်တော့ တာနဲ့ အတော်ပါပဲ..
    ခုတော့..ကျွဲ.....ကျွဲ....ကျွဲ.....
    မ ..ဤ...သေးဘူး...

    ReplyDelete
  17. ဇွန်မိုးစက် ပြောတာသဘောတူတယ်...

    ReplyDelete
  18. (စာဖတ်သူ မလိုချင်ရင် ကိုယ့်ဟာကိုယ် နေ့စဉ်မှတ်တမ်းလို ရေးပြီး စာအုပ်လိုက်ပဲ သိမ်းထားတော့မှာပေါ့)
    Totally agree it!

    Thank you so much for your post!
    You can understand Readers' mind

    ReplyDelete
  19. ကျွန်တော်က စာဖတ်သူသက်သက်သမားပါ၊ဘလော့ပေါင်း
    စုံကို တနေ့ ၄နာရီထက်မနည်းဖတ်တာပါ၊အခုတော့ ဘလော့ ၆ပုံ၁ပုံလောက် ဖောင့်ပြောင်းသွားလို့ ဘလော့
    ဖတ်ချိန်လျှော့လာနိုင်ပြီး အင်နာရှားသဘောအရဘဲ
    သူ့သဘောသူဆောင်နေကြောင်းပါ၊ဖတ်လို့မရတဲ့ ဘလော့ကို မျက်စိပျက် လက်ညောင်းယုံဘဲအဖတ်တင်မှာ
    မို့ ဟစ် တောင် လှမ်းမပစ်တော့ပါ။

    ReplyDelete
  20. ဇွန်မိုးစက် said...
    ယူနီကုတ်နဲ့ဆို မြန်မာ font install မလုပ်ထားဘဲနဲ့လည်း ဖတ်လို့ရသွားမှာ သူ့ရဲ့ အားသာချက်တစ်ခုပါ။

    အဲဒါ ဘယ်မှာဟုတ်လို့လဲ... font သွင်းထားတာတောင် ဖတ်လို့ကိုမရတာ...း((

    ReplyDelete
  21. ဇော်ဂျီထွင်တဲ့ မိတ်ဆွေတွေကို တောင်းပန်ပါရစေဗျာ။ ဇော်ဂျီကို ယူနီကုဒ် ဖြစ်အောင် upgrade လုပ်ပေးကြပါ။ ဇော်ဂျီကို အသားကျနေတာရယ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်လို ရင်းနှီးပြီး ကျေးဇူးတင်နေတာရယ်၊ ငွေအကျိုး မျှော်မြင်တဲ့ သူတွေက ဇော်ဂျီကို တိုင်းရင်းသားကိစ္စတွေနဲ့ မဆီမဆိုင် လုပ်ကြံပြီး နှစ်ပြားမတန်အောင် အတိုက်ခိုက် အထိုးနှက်ခံခဲ့ရတာတွေကို အားနည်းတဲ့ဖက်က ကိုယ်ချင်းစာတာကြောင့် ဇော်ဂျီပဲ ဆက်သုံးချင်ပါတယ်။ အခမဲ့ ပေးခဲ့တာ၊ စေတနာ ထားခဲ့တာတွေအတွက် ကျေးဇူးတင်လျက်ပါ။ ဇော်ဂျီကို ယူနီကုဒ် လုပ်ပေးရင် အကုန်လုံးနီးပါးက ဇော်ဂျီပဲ သုံးချင်ကြမှာပါ။

    ReplyDelete
  22. မောင်မျိုးJanuary 5, 2011 at 11:00 PM

    ဘလော့က ခဏခဏ ပျက်နေတာဆိုတော့ ငြိမ်၂လေး နေမလားလို့ ဇော်၈ျီပဲ သုံးတာကြာတော့ ဇော်ဂျီပဲ သုံးချင်တယ် ဘလော့ဂါတွေအများကြီးပြောင်းရင်တော့ ကိုယ်လည်း လိုက်ပြောင်းမှဖြစ်မှာပေါ့း) ဒါမယ့် အဲ့တာလည်း မကျွမ်းသေး ။ အင်းး စောင့်ကြည့်လိုက်အုံးမယ်ဗျး)

    ReplyDelete
  23. ဒီကိစ္စကို လုံခြုံရေးကောင်စီမှာ မဲခွဲပြီး ဘန်ကီမွန်းထံ ဆက်လက် တင်ပြမယ် ... :P

    ReplyDelete
  24. မမသက်ဝေရေ... ကိုအန်ဒီ ဘလော့ဂ်မှာ သွားဖတ်ပြီး ကတည်းက စိတ်ရှုပ်နေတာ။ ပြောင်းရမလား မပြောင်းရဘူးလား အခုထိ ဆုံးဖြတ်လို့ မရသေးတာနဲ့။ ဒါပေမယ့် ဇော်ဂျီနဲ့ ရင်းနှီးနေတာ နှစ်ပေါင်း မနည်းတော့လို့ မပြောင်းမဖြစ် ပြောင်းရမှာပဲ လုပ်တော့မလားလို့။ အခုလောလောဆယ်တော့ မပြောင်းသေးဘူးရှင်။

    ReplyDelete
  25. သဘောတူပါတယ်..။ သဘောတူပါတယ်..။ သဘောတူပါတယ်ခင်ဗျား..။ ယူနီကိုတော့ မကုတ်ပါရစေနဲ့ဦး။ ဇော်ဂျီလေးနဲ့ပဲ ဆက်ပြီးနှစ်ပါးသွားပါရစေ။ အုပ်စုမကွဲခင် ညှိကြပါဦး။ ညှိလို့မရမှ ချကြတာပေါ့။ ဘယ်ဘက်က သာမလဲဆိုတာ။း )

    ReplyDelete
  26. :)
    မသက်ဝေပြောတာ သဘောတူတယ်။
    mm

    ReplyDelete
  27. လောလောဆယ် ဇော်ဂျီနဲ့ ယူနီကုတ် တိုက်ပွဲက တော်တော်လေး ဖြစ်နေကြတယ် . . . .

    မမပြောသလိုပဲ သုံးနှစ်မက အကျွမ်းဝင်နေတဲ့ ဇော်ဂျီကို ရုတ်တရုက်ပြောင်းသုံးဖို့က စိတ်မရှည်တာတော့ အမှန်ပဲ

    လက်ကွက်ပြောင်းမယ် ဆိုကတည်းက တစ် ကပြန်စရတော့မည် . . . .

    လောလောဆယ်တော့ ကျွန်တော်လည်း ဇော်ဂျီနဲ့ပဲ နေနေမိတယ် . . .

    အယ် တစ်ခုပြောချင်တာက ယူနီကုတ်ပြောင်းတဲ့သူများ မိမိ ဘလော့မှာ ဇော်ဂျီဖောင့်သမားတွေ ဖတ်လို့ရတဲ့ ယူနီကုတ် to ဇော်ဂျီ ကွန်ဗက်တာလေး ခံထားပေးမယ်ဆိုရင်တော့ အဆင်ပြေကြမှာပါ . . . နောက်ပိုင်းမှ မိုက်ခရိုဆော့က ယူနီကုတ်ကို လက်ခံပြီးဆိုရင်တော့ အားလုံး ပြောင်းသင့်ရင်ပြောင်းကြတာပေါ့ လို့ ကျွန်တော် ထင်တယ်

    ဇော်ဂျီမှာလည်း သူ့အားသာချက် အားနည်းချက်ရှိသလို ယူနီကုတ်မှာလည်း အားသာချက် အားနည်းချက်တွေ ရှိတယ်လို့ သုံးတဲ့ သူငယ်ချင်းတွေတော့ပြောကြတယ် . . . .

    ဘယ်လိုပဲဖြစ်ဖြစ် ယူနီကုတ်သုံးတဲ့ သူတွေကိုတော့ မိမိဆိုဒ်မှာ ကွန်ဗက်တာလေး ခံထားပေးပါလို့ အထူးတောင်းဆိုချင်တာပါပဲ . . အခုဆို ကိုမင်းယွန်းသစ် http://www.lynnkhitdeno.net/ ဆိုဒ်မှာလည်း ယူနီကုတ် to ဇော်ဂျီ ကွန်ဗက်တာကို ခံထားပေးတော့ ဇော်ဂျီသမားတွေ အနေနဲ့ အတော်လေး အဆင်ပြေနေတာတွေ့ရပါတယ်

    ခင်မင်တဲ့
    ဗညား

    ReplyDelete
  28. ဇော်ဂျီလေးလောက် ဘယ်သူ့ကိုမှ အဆင်ပြေတယ်.. လှတယ်လို့ မထင်မိသေးတဲ့အတွက်
    ဇော်ဂျီကို မက်မက်မောမော ဖက်တွယ်ထားပါဦးမယ်..
    စာဖတ်သူစာရေးသူ အားလုံးပြောင်းပြီဆိုရင်တော့ လိုက်ပြောင်းပါမယ်... ခုတော့ အရင်အတိုင်း နေပါဦးမယ်ရှင်။

    ReplyDelete
  29. မမသက်ဝေနဲ့ သဘောတူတယ်။
    ခက်တာပဲနော်။ စိတ်ညစ်ပါ့။

    ReplyDelete
  30. ကျွန်တော် ဘလော့ဂ်စရေးတော့ ယူနီကုဒ် (မြန်မာ၃) နဲ့ပါ။ ကိုမောင်လှ စတဲ့သူတွေ ဆီကနေ နည်းလမ်းတွေ ရှာဖတ်ပြီး ယူနီကုဒ် ဖောင့်မရှိလည်း ဖတ်လို့ ရတဲ့ ကွန်ဗာတာလေးပါ တင်ထားလိုက်သေးတယ်။ ဒါပေမယ့် ကွန်မန့် ရေးရတာမှာ အဆင်မပြေဘူး။

    သူငယ်ချင်း တော်တော်များများက အဆင်မပြေဘူး ပြောတာနဲ့ပဲ ဇော်ဂျီ နဲ့ ပြောင်းရေးနေတာ။ ကျွန်တော့် အနေနဲ့ကတော့ ယူနီကုဒ်ကို ပိုကြိုက်ပါတယ်။ ရိုက်ရတာလည်း ကောင်းတယ်။ ယူနီကုဒ်မှာ ဖောင့်ကသက်သက် လက်ကွက်က သပ်သပ်ပါ။ လက်ကွက်က ကိုယ်အဆင်ပြေတာ ပြောင်းသုံးလို့ ရပါတယ်။ ဝင်းလက်ကွက်နဲ့၊ ဘားဂလစ်ရှ်နဲ့ စသည်ဖြင့်။

    တကယ်တန်းတော့ ကျွန်တော်လည်း ထဲထဲဝင်ဝင် မသိပါဘူး။ ရေရှည်မှာ ယူနီကုဒ်က ပိုကောင်းမှာပါ။ ဒါပေမယ့် လူသုံးများလာမယ့်၊ အထိတော့ စောင့်လိုက်ဦးမယ်။ ဖောင့်ဆိုတက မီဒီယာ တခုပါပဲ။ ကိုယ်ရေးတာကို ဖတ်တဲ့သူတွေ ဖတ်လို့ ရနေသမျှ အဆင်ပြေပါတယ် :)

    ReplyDelete
  31. စာဖတ်သူJanuary 6, 2011 at 11:15 AM

    ဇော်ဂျီနဲ့ ချစ်ကျွမ်းဝင်နေတာ ၃ နှစ် ၃ မိုးမက ကြာနေပြီ… ဟုတ်တယ်
    ဒီတော့ ယူနီကုတ် ရဲ့အားသာချက်တွေကို သိချင်တယ်
    ကောင်းရင် ပြောင်းရုံပေါ့
    ဂျီတော့ အိုင်ဖုန်း ဖေ့စ်ဘွတ် အဲဒါတွေမှာ သုံးလို့ရရင် ပြောင်းဖို့ အသင့်…

    ReplyDelete
  32. စာဖတ်သူတွေအတွက်ပါစဉ်းစားပေးတဲ့ အမသက်ဝေကို တကယ်ကျေးဇူးတင်တယ်..

    ပို့စ်ထဲက ဟိုဘလော့ဆို မဖတ်ဖြစ်တော့တာ အဲ့fontအသစ်ပြောင်းပြီးကတည်းက.. တခါတလေ တခြားဘလော့မှာ အဲ့ဒီ ကအကြောင်းပြောထားရင် comment ဘဲသွားဖတ်တော့တယ်...ကိုယ်တိုင်ကတော့ commentတောင် မရေးဖြစ်တော့...

    ကလူသစ် ပြောသလို တချို့ဘလော့ဂ်တွေ လက်လွှတ်လိုက်ရတော့ အချိန်ပိုထွက်လာတယ်...

    ReplyDelete
  33. အိုး.. ဖတ်ချင်လာလိမ့်မယ်.. မဖတ်ချင်ပြန်သွားလိမ့်မယ်.. ရေးချင်တာနဲ့သာချ..။

    ReplyDelete
  34. အမရေ.. အခုတလော မအားတာရယ် နေမကောင်းတာရယ်နဲ့ ... ဘာမှမဖတ်ဖြစ်ဘူး။
    ဒီနေ့မနက်မှ အမခဥမ ရဲ့ ဦးနီဆိုတာရယ် မမွန်ရဲ့ ပို့စ်ရယ်ဖတ်ပီး ဘာတွေလဲ ဘာတွေဖြစ်နေသလဲလို့ မျက်ကလဲဆန်ပျာနဲ့... ဖြစ်နေတုန်း အမ ပို့စ်လေးတွေ့တော့... ကမန်းကတန်းလာဖတ်ဖြစ်တယ်။

    အမပြောသလိုပဲ အားလုံးပြောင်းမှ ပြောင်းမှာပဲ..
    ကျနော်လဲ သူတို့ပြောသလို font သွင်းဖူးတယ်။ အဲ့မှာဘာဖြစ်လဲဆိုတော့ သူတို့ဘလော့တွေအဆင်ပြေပီး အခြားဇော်ဂျီနဲရေးထားတဲ့ ဘလော့တွေ ဖတ်မရဘူး။ ကြည့်ရတာလဲမကောင်းဘူး ဖြစ်နေတာနဲ့ လက်လျှော့လိုက်တယ်။
    အပေါ်ကသူတွေပြောသလိုပဲ ကျနော်လဲ အတော်ဖတ်တဲ့အထဲပါပေမဲ့ ဖတ်မရတဲ့ဘလော့တွေဆို ဖတ်ချင်ရက်နဲ့ပဲ .. မသွားဖြစ်တော့ဘူး။ စိတ်ထဲကတော့ မဖတ်ရလို့ မချင့်မရဲ ဖြစ်မိတာကလွဲလို့...ဖတ်မရတော့လဲ ဘာမှမတတ်နိုင်ဘူးလေ...

    အားလုံးပြောင်းတဲ့တနေ့ကျမှ လိုက်ပြောင်းတာပေါ့..ဒါမှမဟုတ်လဲ ရေးချင်လို့ရေးနေတာပဲလေ.. ဇော်ဂျီနဲ့ပဲရေးပီး ကိုယ့်ဘာသာကိုယ် ပြန်ဖတ်မှာပေါ့..။


    မြတ်နိုး..

    ReplyDelete
  35. To M Soe:

    အခုလောလောဆယ် ဖတ်လို့မရသေးဘူးဆိုတာ Microsoft က Operating System ထဲကို officially install မလုပ်ရသေးလို့ပါ။ နောက်ပိုင်း စက်အသစ်တွေမှာ မြန်မာ ယူနီကုတ်က font option ထဲမှာ ပါလာတဲ့အခါကျရင် တကူးတက font ပြောင်းစရာမလိုဘဲ ဖတ်လို့ရတယ်လို့ ဆိုလိုတာပါ။

    ဇွန်မိုးစက်

    ReplyDelete
  36. ပိုစ့်နဲ့ ကွန်မန့်တွေ ဖတ်ပြီးတော့
    ကိုယ့်ကိုယ့်ကို သတိထားမိသွားတာက
    ဟူး... ဆိုတဲ့ သက်ပြင်းချလိုက်မိတာပဲ၊

    တချို့ဘလော့ဂ်တွေက စမ်းသုံးနေတာ တွေ့တော့ ဘာဖြစ်လို့များပါလိမ့်နဲ့ ယူနီကုဒ်အကြောင်း
    လိုက်လျှောက်ဖတ်ဖြစ်နေတယ်၊

    ReplyDelete
  37. ကျွန်မလည်း Win-Burmese ကနေ ဇော်ဂျီကို ပြောင်းတာ လက်အကျင့်ရရုံပဲ ရှိသေးတယ်။ ဘယ်စာလုံး ဘယ်နားမှာ ရှိတယ်ဆိုတာ ဥပမာ ကကြီးက u ဆိုတာ ဒီအတိုင်း စိတ်ကမသိပေမဲ့ ညာဘက်လက်ညိုးနဲ့ ရိုက်ရတဲ့ အပေါ်တန်းက စာလုံးဆိုတာ လက်ကသိနေပြီ။အခု နောက်တမျိုးထပ်ပြောင်းရမယ်ဆိုတော့ ဘယ်ကနေ ဘယ်လို ပြောင်းရမှန်းတောင် မသိတော့ဘူး။ တချို့ပြောသလိုပဲ မပြောင်းရင် မရတော့ဘူးဆိုမှပဲ ပြောင်းဖြစ်မယ်ထင်တယ်။

    ReplyDelete
  38. ဟုတ်တယ် အမ.. မြန်မာဘလော့ဂ်တစ်ခုလုပ်ဖို့ အစပိုင်းမှာ အရမ်းကို အခက်တွေ့ခဲ့ရတယ်လေ။ ဒါပေမယ့် အဲဒါတွေကိုတောင် ရင်ဆိုင်ခဲ့ပြီးပြီ။ ဘလော့ဂ်ဂါ တစ်ယောက် ဖြစ်လာပြီဆိုတော့ ယူနီကုဒ် ပြောင်းရတာ မြန်မာ ဘလော့ဂ် စရေးသလောက်တောင် မခက်တော့ပါဘူးပြောရင် ယုံမလား? :-) တကယ်ပြောတာ။ အမ စိတ်နောက်ကျိ ရှုပ်ထွေးနေတာတွေ လျော့သွားအောင်လို့ပါ။

    ဇော်ဂျီနဲ့ရေးတဲ့ မြန်မာဘလော့ဂ်တွေ စပြီး ခေတ်စားကာစ ၂၀၀၆ ခုနှစ်ကုန်ပိုင်းလောက်ကို ပြန်သတိရသွားတယ်။ အဲတုန်းက အားလုံးရဲ့ စက်ထဲမှာ ဇော်ဂျီဆိုတဲ့ ဖောင့်လည်း မရှိသေးဘူး။ ကီးဘုတ်လည်း မရှိသေးဘူးလေ။ စာလည်း မရိုက်တတ်သေးဘူး။ ဒီလိုဘဲ တစ်ဆင့်ချင်း လေ့လာပြီး ဘလော့ဂ်ဂါ ဖြစ်ခဲ့ကြတာ။ :)

    အမပြောသလိုဘဲ အဓိကကတော့ တွန်းအားတစ်ခုပါဘဲ။ ပြောင်းသင့်တယ်လို့ ယူဆမိတဲ့တစ်နေ့ တကယ်ပြောင်းမယ်ဆိုရင် ထင်သလောက် မခက်တာကို ပြောချင်တာပါ။ ကီးဘုတ်ကလည်း သိပ်မကွာပါဘူး။ ဇော်ဂျီလက်ကွက် ကျွမ်းပြီးသားဆို ပို့စ် ၂ခုလောက် ရိုက်ပြီးတာနဲ့ ကြိုက်သွားမှာပါ။ ဝလုံးရယ် ယပလက်ရယ် ဂငယ်ရယ် ခဏခဏပြန်ရှာရတာကလွဲရင် :-D

    ခုတော့ ရေးသူရော ဖတ်သူရော အဆင်ပြေနေသရွေ့ မပြောင်းလည်း ဘာမှတော့ မဖြစ်ပါဘူး။ :-)

    ReplyDelete
  39. ကျော်မင်းJanuary 7, 2011 at 8:32 PM

    ကျနော်ကတော့ စာဖတ်သူ သက်သက်ပါ။ ကျနော့်စက်ထဲမှာလဲ ဇော်ဂျီ ဘဲရှိတာဆိုတော့ ကျန်တာတွေကဖတ်မရဘူး။ ဖတ်လို့ရတဲ့ဘလော့တွေဘဲလိုက်ဖတ်ပါတယ်။

    ReplyDelete
  40. ဇော်ဂျီ၊ကကျယ်ပြန့်ဆဲပါဘဲ၊အများစုဆဒ္ဒ.. :)
    သိလားအန်ကယ်သက်ဝေ.. :)

    ReplyDelete
  41. အန်ကယ်သက်ဝေဆိုလို. ရယ်မိတယ် ၊ ကျွန်တော်လည်း အရင်က မသက်ဝေ ကို ယောကျာင်္းကြီးလို. ထင်မိတယ် ..

    လောလောဆယ်တော့ ဇော်ဂျီပဲ ကောင်းပါတယ်

    ReplyDelete
  42. ကိုအန်ဒီမှာ မန့်ခဲ့သလိုပဲ ကွန့်မန့်တောင် သူများနောက်မှ ပေးနိုင်သူဆိုတော့ သူများပြောင်းမှပဲ လိုက်ပြောင်းဖြစ်မှာပါ။ ခုလောလောဆယ် ဖတ်လို့မရတာတွေက ယူနီကုဒ်တွေပါလားလို့ သိလိုက်ရတယ်။ ကိုယ်လဲ ပြောင်းလိုက်ရင် ဖတ်လို့မရတဲ့ ဘလော့ဂ်စာရင်းထဲ ရောက်သွားမှာတော့ ကြောက်သား။

    ReplyDelete
  43. သဘောတူပါတယ် အမ။ ကျွန်တော်လည်း ပြောင်းမယ်ဆိုပြီး ဖုတ်ဖတ်ခါ ပြောင်းသွားကြတာကို သဘောမကျတာ။ သူတို့ကတော့ ကြေငြာထားပြီးသားပါ။ ၂၀၁၁ မှာ ပြောင်းကြမယ်တဲ့။ ခက်တာက ဘယ်မှာ ဘယ်လို ကြေငြာလိုက်လဲမသိရတာ။ ပီအာပိုင်းပါ အားနည်းတာပါ။ ကျွန်တော်လည်း ပြောင်းရမှာ ကြောက်လို့မဟုတ်သလို၊ ဇော်ဂျီကို ချစ်လွန်းလို့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျန်တဲ့သူတွေကို ဒီအတိုင်း ထားသွားရမှာ မလုပ်ချင်လို့ပါ။း)
    ကျွန်တော့်အမြင်က လိုအပ်ချက်လေးတွေ ပြင်ဖို့ အချိန် ၆ လ၊ ၁ နှစ် ထပ်ပေး။ အဲဒီအတွင်းမှာ ပြင်၊ ပြီးရင် သုံးစွဲသူ အနည်းငယ် (ဆယ်ဂဏန်း) လောက်ကို ချပြ၊ သုံးခိုင်း၊ စခန်းသွားလို့ အဆင်ပြေလောက်ပြီဆိုရင် နည်းပညာသမားအတွက် ပြောင်းချင်တဲ့သူအတွက် သာမဟုတ်ဘဲ တနိုင်ငံလုံး ပြောင်းဖို့ ဘယ်ရက် ဘယ်လ ဘယ်နှစ် အားလုံးပြောင်းမယ်ဆိုပြီး အတိအကျ ကြေငြာလိုက်ရင် ပိုကောင်းမယ်။ ဒီအကြံလည်း ပေးတာကြာပြီ၊ ဘာသံမှ ပြန်မကြားရဘူး၊ နည်းနည်းတော့ စိတ်နာချင် နာလို့ရပြီ။း)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...