Thursday, January 20, 2011

လှသထက် လှမယ်ဆိုရင်

မြန်မာစကားထဲမှာ ဝလို့ လှလို့ ဟူသော စကားကို လူတိုင်း ကြားဖူးကြမည်…။ ထိုစကားသည် အရင်ဟိုး ရှေးရှေးခေတ်ကတော့ မှန်ကောင်း မှန်ပါလိမ့်မည်…။ သို့သော် ဒီနေ့ခေတ် ဒီနေ့အခါမှာတော့ ဘယ်လိုနည်းနှင့်မျှ မမှန်နိုင်တော့ပါချေ။ မမှန်ပုံ မမှန်နည်းကို အခု ပြောပြပါမည်။

အခုတလော တွေ့နေရသမျှ လူတိုင်း ကြီးကြီး ငယ်ငယ် လူမျိုးမရွေး၊ ဘာသာမရွေး၊ အရွယ်မရွေး တွင်တွင်ရေရွတ်နေကြသော စကားမှာ ငါ ဝနေတယ် ဟူ၏။ တယောက်နှင့်တယောက် တွေ့ဆုံကြသောအခါများမှာလဲ နင်တော့ဖြင့် ဝလာတယ်… ငါတော့ဖြင့် ဝလာတယ်… စသည်ဖြင့် အခြား အခြားသော အရေးများထက် ဝရေး ပိန်ရေးတွေကိုသာ အရင်ဆုံး ပြောဆိုဖြစ်ကြသည်လေ။ တွေ့ရသမျှ ကျားကျား မမ ဘယ်သူမှ မဝချင်ကြ…။ ပြီးတော့ နည်းနည်းဝသောသူများကလည်း ဝိတ်ချကြသည်။ များများဝသောသူများကလည်း ဝိတ်ချကြသည်။ ပြောရရင် လူတိုင်းလိုလို ဝိတ်ချရန်သာ ကြိုးစားနေကြသည်။ ထို့ကြောင့် ဝနေခြင်းနှင့် ဝိတ်လျှော့နေကြခြင်း တို့သည်သာ နေရာတကာမှာ Hot Topic ဖြစ်နေလေ၏။

သည်လိုနှင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဝိတ်ကို concern ဖြစ်လာကြသူ အများအပြားတွေ့နေရသောကြောင့် ကိုယ်လည်း ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်လိုက်မိသည်…။ ထိုအခါ ငါလဲ ဝနေပြီ ဟု အဖြေထွက်ပေ၏။ အရင်ကတော့ အရပ်ကလေး ကယ်နေသောကြောင့် နည်းနည်းပါးပါး ဝလာလဲ ဝလို့ ဝနေမှန်း သိပ်မသိသာ…။ အခုမှ တွေးမိသည်မှာ သည်အရပ်နှင့်သာ ဝချင်းမက ဆက်ကာ ဆက်ကာ ဝလာပါက Ms. Giant ဖြစ်သွားနိုင်သည်။ သည်လိုတော့ မဖြစ်ချေ… အများနည်းတူ… ကိုယ်လဲ ဝိတ်ချရန် စဉ်းစားရတော့၏။

ဝိတ်ချရန် ဟူသော ခေါင်းစဉ်နောက်တွင် လေ့လာစရာရှိသည်များကို အဆောတလျှင် လိုက်လံ ဖတ်ရှုလေ့လာ၏။ တိုတိုပဲ ပြောကြပါစို့…။ ဝိတ်ချသည့်နေရာမှာ အဓိက အကျဆုံးမှာ ကိုယ်နေ့စဉ် စားသုံးနိုင်သော ကယ်လိုရီပမာဏ (Daily Calorie Needs) ကို သိရန် ဖြစ်သည်။ ထို့ကြောင့် ကိုယ်လိုချင်သော၊ ကိုယ် Target ထားသော ဝိတ်ကို ရောက်ရန်အတွက် မိမိ၏ တနေ့တာ လှုပ်ရှားမှုပေါ်တွင် မူတည်ပြီး နေ့စဉ် စားသုံးနိုင်သော ကယ်လိုရီပမာဏကို
ဒီနေရာမှာ တွက်နိုင်သည်။

ထိုနည်းဖြင့် နေ့စဉ် စားသုံးနိုင်သော (လိုအပ်သော) ကယ်လိုရီပမာဏကို သိပြီးသောအခါ နေ့စဉ်စားသုံးသော အစားအစာများတွင် ပါဝင်သော ကယ်လိုရီတွေကို သိရန်မှာ ပို၍ပင် အရေးကြီးသေးသည်။ ကိုယ် ထင်မထားသော အချို့စားစရာများသည် မထင်မှတ်သော ကယ်လိုရီပမာဏများ ရှိနေကြသည်။ ကြောက်စရာ…

စပျစ်သီးသေးသေးလေး ၈ လုံးသည် ပန်းသီး ခပ်ရွယ်ရွယ်တလုံး (သို့) ကီဝီသီး နှစ်လုံးနှင့် ညီမျှပြီး ကယ်လိုရီ ၆၀၊ Almond Nut ၈ စေ့သည် ကယ်လိုရီ ၁၂၀၊ Cashew Nut ၁၀ စေ့သည် ကယ်လိုရီ ၁၂၀၊ လက်သီးဆုပ်တခုစာ ထမင်းဖြူသည် ကယ်လိုရီ ၁၇၀ ရှိနေသည်ဟု ဘယ်သူ သတိထားမိမှာလဲ…။ ထို့ထက်ပိုဆိုးသည်က ဒီမှာ လူအများ နေ့စဉ်စားသုံးဖြစ်နေကြသော ကြက်ဆီထမင်းတပွဲမှာ ကယ်လိုရီ ၆၀၀၊ Minced Meat Noodle တပွဲမှာ ကယ်လိုရီ ၅၅၀၊ ပြီးတော့ Curry Fish Head တပွဲမှာ ကယ်လိုရီ ၁၃၅၀ (လူ ၄ ယောက်ပဲ အတူတူ share စားအုံး တယောက်ကို ၃၀၀ ကျော်… တခြား ဘာမှ မပါသေး…)၊ ရှမ်းခေါက်ဆွဲ ၁၀၀ ဂရမ်သည် ကယ်လိုရီ ၃၆၀၊ အဆီနှင့်တွဲလျှက် ဝက်သား ၁၀၀ ဂရမ်သည် ကယ်လိုရီ ၄၅၀၊ မြေပဲလှော် ၁၀၀ ဂရမ်သည် ကယ်လိုရီ ၅၆၀… ဘုရား… ဘုရား… သည်လိုနှင့် ကိုယ် မသိလိုက်ပဲ မလိုအပ်သော ကယ်လိုရီတွေ စားသုံးမိခြင်းကြောင့် ဝသည်ထက် ဝလာရခြင်း ဖြစ်မည်ဟု တွေးမိသည်။

ခန္ဒာကိုယ်အတွက် တနေ့တာ လိုအပ်သော ကယ်လိုရီ အတိုင်းစားပါက မိမိ၏ လက်ရှိ ကိုယ်အလေးချိန်ကို ဒီအတိုင်း ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ လက်ရှိ ကိုယ်အလေးချိန်ကို လျှော့ချလိုပါက တနေ့တာလိုအပ်သော ကယ်လိုရီထဲမှ ရာခိုင်နှုန်းအနည်းငယ်ကို လျှော့ချသင့်သည်။ ကိုယ်ကတော့ လိုချင်သော Target တခုကို မရောက်မချင်း တနေ့တာ ကယ်လိုရီ၏ နှစ်ဆယ် ရာခိုင်နှုန်းကို လျှော့စားဖို့ စဉ်းစားသည်။ ထို့ကြောင့် အခု ဘာပဲစားစား ကယ်လိုရီကို ကြည့်ပြီး တွက်ပြီးမှ စားသော အကျင့်လုပ်နေသည်။ ဘာပဲ စားစား အထုတ်ပေါ်မှာ (သို့) ဗူးပေါ်မှာ ရေးထားသော စာပိစိလေးတွေမှာ ကယ်လိုရီကို အရင် ရှာဖတ်သည်။ Mc Donald တို့ KFC တို့ စာဖြစ်လျှင်လဲ မစားခင်မှာ Nutrition Chart မှာပါသော Information တွေ အရင် ကြည့်ဖြစ်သည်။ တချို့ဟာတွေကို ဂူဂယ်၏ အကူအညီယူပြီး ရှာမိသည်။ အရင်က စားခါနီး သောက်ခါနီးတိုင်း ကင်မရာတလုံးနှင့် ရှုပ်ရှက်ခတ်ပြီး စားအံ့ဆဲဆဲမှာ လူတွေကို ဒုက္ခပေးတတ်သော မသက်ဝေ၊ အခုတော့ တခုခု စားဖို့အရေး ဂူဂယ်မှာ ကယ်လိုရီ ရှာရပြန်သည်။ ရူးတယ်လို့ ပြောချင်လဲ ပြောကြပါစေတော့… ပုံပျက်ပန်းပျက် ဝလာမှာတော့ အနည်းငယ်မျှ မလိုလားပါလေ…။

သူများတွေလို လေ့ကျင့်ခန်းတွေ ဘာတွေ လုပ်ရမှာလဲ သေမတတ် ပျင်းသောကြောင့် နေ့စဉ် ပုံမှန် ထမင်းဟင်းကို အဟာရဖြစ်အောင်၊ လိုအပ်သော ကယ်လိုရီ ရောက်အောင်၊ ကျန်းမာရေးကို မထိခိုက်အောင် စားသည်။ တီဗွီကြည့်ရင်း ကွန်ပျူတာကြည့်ရင်း အချိန်မရွေး မျက်စိရှေ့ တွေ့ရာ မြင်ရာ snacks တွေကို ကြုံရင် ကြုံသလို ကောက်စားတတ်သော အကျင့်ကို ဖျောက်ရသည်။ ဘာရယ်မဟုတ် ဗိုက်မဝပဲ အလကားနေရင်း ကယ်လိုရီတွေများနေစေသော အစားအစာများကို ရှောင်ရှားသည်။

အရင်က တဗူးလုံး တထိုင်ထဲ ကုန်အောင် စားမိတတ်သော Pringles အာလူးကြော်မှာ တဗူးကို ကယ်လိုရီ ၈၀၀ ကျော်ပါတာ တွေ့ရတော့ အတော်လေး လန့်သွားသည်။ KFC စားလျှင် Thigh ပေးပါ ဟု မှာမိသည်။ ပြန်ကြည့်လိုက်တော့ Thigh တခုမှာ ကယ်လိုရီ ၂၅၀ ရှိနေသည်။ သူ့ထက်စာလျှင် Breast က တော်သေးသည်… ၂၀၀ ကယ်လိုရီတဲ့…။ ရေခဲမုန့် one scoop မှာ ကယ်လိုရီ ၁၆၀… ထမင်းစားပြီးမှာ ရေခဲမုန့်ကို အချိုတည်းသလို စားလိုက်လျှင် ဘယ်နှစ် scoop ဝင်လို့ ဝင်သွားမှန်းမသိ ထမင်းတခါစားသလောက် ထပ်ဝင်သွားတာ အသေအချာ… ဒါမျိုးကို ရှောင်ရသည်။ အလွယ်တကူ လိမ်မော်ရည်ဗူးလေးတွေ မကြာခဏ ဝယ်သောက်မိသည်… အခုမှ ကြည့်လိုက်တော့ 250 ML ဗူးသေးလေး တဗူးကို ၁၃၀ ကယ်လိုရီ တဲ့…။ အလကားနေရင်း ရေလိုဝင်သွားပြီး ဘာမှလဲ အဟာရမပေးသော လိမ်မော်ရည်တွေ အချိုရည်တွေကိုလည်း ရှောင်ရသည်။

အဓိက ကိုယ့်ရဲ့အသည်းကျော်
ကော်ဖီ… ဘလက်ကော်ဖီမှာ ကယ်လိုရီ လုံးဝမရှိ…။ သို့သော် ကိုယ်က ကော်ဖီကို နို့နဲ့ သကြားနဲ့ သောက်တာလေ… ကော်ဖီတခွက်ကို မရှိဘူးဆို ကယ်လိုရီ ၁၀၀ တော့ အနည်းလေးရှိသည်။ တနေ့ကို သုံး လေး ခွက် သောက်မိနေတော့… အခြေအနေက မကောင်း။ Starbucks က Mocha တခွက်မှာ Cream မပါရင်တောင် ကယ်လိုရီ ၃၀၀ ဆိုတော့ တကယ့်ကို ကြေကွဲမိသည်။ သို့သော် Green Tea မှာ ကယ်လိုရီ လုံးဝမရှိ… ဒီတော့ တချို့ ကော်ဖီချိန်တွေမှာ Green Tea ကို အစားထိုးရသည်။

သည်လိုနှင့် တပတ်လောက်အတွင်းမှာ လူက နေရတာ အနည်းငယ်ပေါ့ပါးလာသလို ခံစားရသည်… အဝတ်တွေ ဝတ်ရတာ ပိုပြီး သက်သာ ချောင်ချိလာသလို ခံစားရသည်။ အမျိုးသားကတော့ စိတ် စိတ်ပါကွယ်... ဟု ခပ်တိုးတိုး (မကြားတကြား) ရေရွတ်နေလေသည်။ အခုလောလောဆယ်မှာ ဝိတ်ကိုတော့ ချိန်မကြည့်… ချိန်မကြည့် ဆိုတာထက် မချိန်ရဲ မချိန်ချင်… ဆိုလျှင် ပိုမှန်မည်။ (အိမ်က ပေါင်ချိန်စက်အကြောင်း နောက်တပိုစ့်မှာ ရေးပြပါမည်။)

ဘာပဲဖြစ်ဖြစ်လေ… Something is better than None… မဟုတ်ပါလား..။
ဘာမှမလုပ်ပဲ ဒီအတိုင်းနေနေမည့်အစား သတိလေးနဲ့ နေ၊ သတိလေးနဲ့ စားလိုက်တော့ ဘယ်သူ ဘာပြောပြော ကိုယ့်ကိုယ်ကိုယ်တော့ ကျေနပ်နေတာ အမှန်။ လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်စွာ နေတတ်ဖို့လည်း အရေးကြီးသည်သာ။ သည်တော့ ဝလို့ လှလို့ ဟူသော ရှေးစကားကို ပျော်ပျော်ကြီး ဆန့်ကျင်ပြီး ကိုယ့်လိုပဲ ဝနေသူများ၊ ဝ စပြုလာသူများ၊ ဝ မလာအောင် ထိန်းသိမ်းချင်သူများအတွက် ရည်ရွယ်၍ သည်ပိုစ့်လေးကို ရေးလိုက်သည်။ သည်ပိုစ့်လေးကို ဖတ်မိပြီး တနေ့ တနေ့ ငါဘာတွေ စားမိပါလိမ့်၊ စားမိသမျှ စားစရာတွေမှာ ကယ်လိုရီ ဘယ်၍ ဘယ်မျှ ပါဝင်နေပါလိမ့် ဆိုတာကို သတိလေး ထားမိပြီး အနည်းအကျဉ်း ဆင်ခြင်နိုင်ကြလျှင် ကိုယ် ရေးရကျိုးနပ်ပြီပေါ့…။


နောက်ဆက်တွဲ...
သူငယ်ချင်းတယောက်က ဒီပိုစ့်ကို ဖတ်ပြီး ဘီယာဆိုရင်ရောလို့ မေးလာတဲ့အပြင် ကော်မန့်မှာ ကိုဘွိုင်းဇ်ကပါ လာမေးထားလို့ မထင်မှတ်ပဲ ဘီယာမှာပါတဲ့ ကယ်လိုရီ အကြောင်း သွားဖတ်မိပါတယ်…။ ဖတ်ပြီးတော့ ငါးပါးတွေမက သံဃာစင်ပါ မှောက်သွားတာပါပဲ…။ မမှောက်ခံနိုင်မလား… ကြည့်ပါအုံး... Alcohol Full Strength ရှိတဲ့ ဘီယာတခွက်မှာပါတဲ့ ကယ်လိုရီက ကော်ဖီတခွက်မှာပါတဲ့ ကယ်လိုရီနဲ့ တူတူပါပဲ... ၇၅ ကယ်လိုရီ ပါတဲ့…။ Light Beer ဆိုရင် သူ့မှာရှိတဲ့ ကယ်လိုရီက ကော်ဖီတို့ နို့တို့ Coke တို့မှာပါတဲ့ ကယ်လိုရီထက်ကို နည်းနေသေး ဆိုပဲ။ ဒီမှာ လဲ ဖတ်လို့ရသေးတယ်...။ ကဲ… ကိုဘွိုင်းဇ်ရေ… ဘီယာက ကယ်လိုရီ နည်းတယ်ဆိုတိုင်းလဲ စိတ်တိုင်းကျတွေ သောက်မနေနဲ့အုံးနော်…
မေးလို့သာ ပြောရတယ် တရားခံဖြစ်မှာတော့ ကြောက်သား…း))




38 comments:

  1. i-Gallop ဝယ်ထားပြီး ဆော့ပါလား အစ်မသက်ဝေ။ လေ့ကျင့်ခန်း လုပ်စရာ မလိုတော့ဘူးပေါ့။ :D

    ReplyDelete
  2. ♫ စားမှာပဲ ၀ါးမှာပဲ ငါ့ကိုလာ မတားနဲ့ ♪♪♪

    ReplyDelete
  3. သက်ဝေက သူ့ကိုသူ ၀နေတယ်ဆိုပါလား...
    မဟုတ်တာတွေ မပြောရဘူးနော် ဒေါ်သက်ဝေ
    အဟဲ... သိနေတယ်လေ

    ကယ်လိုရီတွက်တာလေးတော့ သဘောကျတယ်
    မှတ်သွားတယ် ကျေးဇူး...

    ReplyDelete
  4. ဂဏန်းတွက်ယုံနဲ့ပိန်ချင်လာပါပြီ... :)

    ReplyDelete
  5. ၀ိတ်ချခြင်းကို အားပေးပါသည်.. လေ့ကျင့်ခန်းလေးပါလုပ်ပေးမမ.. ညီမလဲ အစားလျှော့ လေ့ကျင့်ခန်းလုပ်နဲ့ တော်တော်ဟုတ်လာပြီ..း)

    ReplyDelete
  6. ကိုယ့်ကို ကိုယ်ကျေနပ်နေဘို့ဘဲ လိုတယ်... ဟုတ်တယ်နော်... မှန်မကြည့်ဘဲ ငါလှတယ်လို့ သတ်မှတ်လိုက်မယ်.. :P

    ReplyDelete
  7. ဗိုက်ပူတာ ကယ်လိုရီများတာနဲ့ ဆိုင်လား မသိ...
    ဆိုင်ရင် လျှော့မယ်။
    မဆိုင်ရင် ဒီပို့စ် ကျော်ဖတ်မယ်။
    စကားမစပ် ဘီယာတစ်ဂျားမှာ ကယ်လိုရီ ဘယ်လောက်ပါတယ်ဆိုတာ တွက်ပြပါ။ (၁၅မှတ်)

    ReplyDelete
  8. စာဖတ်သူJanuary 20, 2011 at 2:26 PM

    သက်ဝေရဲ့ ဖေ့စ်ဘွတ်က ကော်မန့်တွေ ရယ်ရလို့ ကူးလာပေးသည်...

    Aye Aye Sann - ကျေးဇူး မမ.. ဒီနေ့ ည Curry Fish Head သွားစားမလို့  ဒီ post လေး ဖတ်ပြီး သွားမစားတော့ပါဘူး :((

    Yuki Kaze - အမ.. ကမန်းကတမ်းဖတ်သွားတာတောင် သိစရာတွေ အများကြီးပါနေတယ်.. အိမ်က လူကို ပေးဖတ်ရမယ်.. သူကလေ ကယ်လိုရီများတာမှန်သမျှ အကုန်စားတယ်.. အာလူးကြော်ဆို အရမ်းစားတယ်.. computer သုံးရင်း အထုပ်ဘေးချပြီးကို စားတာ.. medical checkup လုပ်တိုင်း ၀ တာပဲ အပြောခံရတာလည်း ၀ိတ်လျော့ဖို့ မစဉ်းစားဘူး.. ကိုယ့်မှာတော့ ပိန်လို့ စိတ်ညစ်ရတယ်.. စောစောကလေးတင်ပဲ မရှင်လေး ပို့စ်မှာလည်း ၀တာနဲ့ ပတ်သက်ပြီး comment တစ်ခါ ရေးခဲ့ပြီးပြီ.. :D

    Swe Zin Htun - ဒီနေ့ နေ့လည် ကြက်သားပြုတ်နဲ့ ဘရိုကိုလီပဲ စားပြီး စိတ်ဓာတ်ကျနေတာ။ ဒီပို့စ်လေးကြောင့် ပျော်သွားပြီ.. :D

    Yuki Kaze မရေ..ပြောဖို့မေ့သွားလို့.. အမက အရမ်းမ၀ပါဘူး.. ကြည့်ကောင်းပါတယ်ဆို.. :)) Ms. Giant မဟုတ်ပါဘူး..

    Peach Mon - ‎:) လျော့ဖို့ကြိုးစားရင်း လျော့ဖို့အားထုတ်ရင်း..ဒီမှာ ပို၀၀လာတယ်..အချစ်ရေ့..အချစ်ရေ့.. လျော့ဖို့ကြိုးစားမလွယ်ပါဘူး။

    ReplyDelete
  9. ပိန်တော့ ၀ချင်
    အခု ၀တော့ ပိန်ချင် ပြန်ပြီ
    အရပ်ကလေး အားကိုးနဲ့
    အခုတော့ မရတော့ဘူး
    ဒေါ်ဂျီးသက် ရိပ်သာလိုက်ခဲ့လေ


    ခင်တဲ့
    seesein

    ReplyDelete
  10. အရင်ကတော့ ၀လို့ လှတယ်ပဲ ရှိတယ်နော့် အခုကတော့ ပိန်မှ လှကြသလို ဒီမှာလည်း ရုံးက အစ်မတွေတစ်နေ့နေ့ ပိန်သွားလားပဲမေးနေကြတာပဲး) သူတွေများဖြင့် ပိန်ချင်လို့ အစားငတ်ခံရတယ် ကျနော်ကတော့ ဘာစားစားကို မ၀တာ စိတ်ညစ်တယ်း( ။

    ReplyDelete
  11. ဘီယာနှစ်လုံးနဲ့ ဘဲကင် တစ်ခြမ်းဆို ဘယ်လောက်များ ပါမလဲ သိချင်လိုက်တာ။ :)

    ReplyDelete
  12. Healthy Life Style!!!
    သိပ်ကောင်းတဲ့ အကျင့်လေးပဲ အစ်မသက်ဝေ...

    အရင်က အဲဒိလို မစစ်ခဲ့ဘူး၊ အစ်မသက်ဝေ အရေးအသားက ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းလို့ ကိုယ်စားမယ့်အစားတွေကို လိုက်တွက်ကြည့်ချင်စိတ်ဖြစ်သွားပီ...

    ဒီပို့စ်လေးရဲ့ ကုသိုလ်အကျိုးကြောင့် သတိတွေပိုပိုထားမိပြီး ဝနေတာလေးတွေရှိရင် လျော့သွားမှာတော့ အသေအချာပဲ...း))

    ReplyDelete
  13. ပိုစ့်လေးကို လာဖတ်ကြသူများ မှတ်ချက်များအတွက် ကျေးဇူးပါ…

    ဖဘက ကော်မန့်တွေ ကူးလာပေးတဲ့ စာဖတ်သူကိုလည်း ကျေးဇူးပါ…

    ကိုဘွိုင်းဇ်မေးထားတာ ပိုစ့်ထဲမှာ ဖြေလိုက်ပါပြီ…

    ကိုကိုဒီဘီ အတွက်ကတော့ ဒီမှာပါ…

    ဘီယာတခွက် ၇၂ ကယ်လိုရီ
    ဘဲကင်တကောင် (အကြမ်းချင်း) ၂၅၀၀ ကယ်လိုရီ
    ကျန်တာတော့ ကိုယ့်ဟာကိုယ် ဆက်တွက်ပါလေ…း))

    ReplyDelete
  14. ကျွန်တော့် ကျတော့ ရွှေနိုင်ငံ က လာတယ် ဆိုတာ ပြောစရာ မလို အောင် ပိန်ညောင်ညောင် ကလေးဖြစ်နေတယ် ခင်ည။ ဘယ်လို နည်းနဲ့ အမြန်ဆုံးဝ နိုင် မလဲ ဆိုတာလေး တဆိတ်လောက် ဖြေကြားပေးပါ လားခင် ညာ။

    ReplyDelete
  15. ဒါများ အလွယ်လေးပဲဟာ ကိုကြီးကို ရေခဲသေတ္တာမှာ ပါတ့်စ်ဝပ် ထည့်ခိုင်းထားလိုက်၊ သက်ဝေ ဆိုတာနဲ့ Access Denied ဖြစ်နေအောင် ခွိခွိ....:P

    ReplyDelete
  16. မမေ၇.... ဖတ်ပြီးတော့ ကိုယ့်ကိုကိုယ်တော်တော်စိတ်ညစ်သွားတယ်။ ပုံပျက်အောင်ကို ဝ ဝ လာလို့လေ ။ ခု ချမ၇သေးပေမဲ့ ချတော့ ချ၇မှာပါဘဲ ။ သတိပေးတဲ့ အဖိုးတန် ပို့စ်လေးအတွက် ကျေးဇူးပါ ။

    ReplyDelete
  17. ကော်ဖီမသောက်ဘဲဘီယာပြောင်းသောက်ပါလားကွယ်
    .... :)

    ReplyDelete
  18. သက်ဝေ ရေ

    ကျနော် တွေ့ တဲ့ အများစုမိန်းခလေး တွေကတော့ ဝလာတယ် နော် ပိန်သွားတယ် နဲ့ အဲဒါဘဲ ပြောနေကြတာဘဲ

    အားလုံးကတော့ ပိန်ချင်ကြတယ်နော်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  19. အမြန်ဆုံးနဲ့ အထိရောက်ဆုံး ပိန်ဆေးရှိတယ်။ အန်တီသက်ဝေ အမျိုးသားဖုံးနံပါတ်ကိုသာ ကလူသစ်ကိုပေးလိုက်။ သူ့ကို ပြောပြလိုက်မယ်။

    ReplyDelete
  20. ဇွန်မိုးစက်January 20, 2011 at 10:42 PM

    ဇွန့်ကို အတည့်ထားပြီး ရေးသလား အောက်မေ့ရပါတယ်။ ဒီမှာ ၀ိတ်ချမယ်လို့ ကြွေးကြော်နေတဲ့သူကို။ :D

    တစ်နေ့ကို ပေါင်ချိန်စက် အနည်းဆုံး တစ်ခါလောက် ချိန်ကြည့်တယ်။ တလောက ဒီဂျစ်တယ်လ်နဲ့ စက်လေးသဘောကျလို့ ၀ယ်ထားပြီးတော့ ကြုံရင်ကြုံသလို တက်ချိန်တာ။ အဟက်...

    စားခါနီး ကယ်လိုရီတွက်ရမှာပျင်းလို့ ထီပေါက်ရင်တော့ Personal Trainer တစ်ယောက်ငှားပြီး ကိုယ်စားဖို့ ကယ်လိုရီကို တွက်ချက်ခိုင်း၊ လေ့ကျင့်ခန်းအတူလုပ်ခိုင်းဖို့ စိတ်ကူးယဉ်ခဲ့တာ ကြာလှပေါ့။ ထီမပေါက်သေးတော့လည်း အကောင်အထည်က မပေါ်နိုင်ဘူးဖြစ်နေတာ အစ်မရေ။ :D

    ReplyDelete
  21. အစ်မသက်ဝေ... ရို့စ်လည်း အစား စားရင် အထုတ်လေးတွေ အပေါ်မှာ ရေးထားတဲ့ ကယ်လိုရီ ဘယ်လောက် ဆိုတာလေးတွေ အမြဲ ဖတ်ဖြစ်တယ်။ သေချာ ဖတ်ပြီးမှ ရို့စ်က စားတာ ခစ် ခစ်း) မမက မ၀ပါဘူး။ အရပ်ရှည်ရှည်နဲ့ ကြည့်ကောင်းသားပဲ။

    ReplyDelete
  22. Thanks. Now I got good reason to drink beer than coffee. :-)
    Hehehege

    ReplyDelete
  23. စာဖတ်သူJanuary 21, 2011 at 8:54 AM

    Mie Nge - ကျမလည်း လျော့တော့လျော့နေတာဘဲ weekday ကျရင် လျော့သွားတဲ့ ပေါင်ချိန်လေးက weekend ကျရင်
    (သူများအလှုတွေ သွားသွားစားဖြစ်လို့ ) ပြန်ပြန်တက်သွားတာ နဲ့ဘဲ ရှိတဲ့ပေါင်ချိန်နားတင် လည်လည်နေတာဆိုးတယ် ...း)
    diet လုပ်ရတာလည်း အသီးအရွက်ဖိုးတွေနဲ့ ပိုက်ဆံပိုကုန်သလို နေ့တိုင်း တနေ့သုံးလေးခါ လောက် ၀ိတ်ချိန်ကြည့်ရတာလည်းအမောဘဲ (ပေါင်ချိန်စက်ကို ထမင်းစားခန်းထဲ ထားထားတယ်) ကိုယ့်ကိုယ်ကို နေ့တိုင်းပေါင်ချိန်ချိန်ကြည့်ခြင်းကလည်း diet လုပ်နေတဲ့အချိန် မဖြစ်မနေလုပ်သင့်တဲ့ အလုပ်တခု ထင်တယ် မသက်ဝေ.. နို့မို့ဆို စားချင်တိုင်းစားလိုက်ပြီး ၀ိတ်တွေတက်လို့ တက်မှန်းမသိ ဖြစ်သွားရော အဲဒီကျတော့ အများကြီးတက်သွားပြီး လျော့ရပိုခက်သွားတယ်.. မသက်ဝေရဲ့ ပေါင်ချိန်စက်အကြောင်း မျှော်နေမယ် နော် .. ဒီပို့စ်လေးအတွက်ကျေးဇူးပါ ။

    ReplyDelete
  24. မသီတာပြောသလိုပဲ...။

    လာမတားနဲ့နော်..။
    ဟင်း...ဒီကစိတ်ကြီးတယ်..ပိုစားပလိုက်မယ်။

    ReplyDelete
  25. အနော်တို့ ကျတော့လည်း စားထားတဲ့ ကယ်လိုရီတွေဘယ်များရောက်ကုန်သလဲဟင်။
    high metabolism သမားမို့ လို့ ထင်ရဲ့ 

    ReplyDelete
  26. ညီမလေးက ၀လို့ နေလို့ထိုင်လို့မကောင်းတာနဲ့ ခုမနက်မနက်လမ်းပြန်ထလျှောက်နေတာ ....။ သွားပါပြီ ကော်ဖီဆို နို့ထည့်သောက်တတ်သေးတာ ..ပိန်တော့မှာပဲ...။ ဘီယာကတော့မတည့်လို့သောက်ဘူး...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  27. ထည့်သလောက် ပုံမှန်ပြန်ထွက်နေရင် အခြေအနေမဆိုး ဘူးထင်ပါတယ်။ ပြန်မထုတ်နိုင်သူတွေ၊ ပြန်မထုတ် တတ်သူတွေ၊ ပြန်ထုတ်ဖို့ ပျင်းသူတွေတော့ ပွလာ ဖေါင်းလာမှာပေါ့။ ဒို့စက်ဘီးက လေမကြာခဏလျှော့ တတ်တော့ ဒီသဘောကို ဆင်ခြင်မိတာပါ။ အာရောဂျံနဲ့ ဆိုင် မဆိုင် မသိပါ။

    ReplyDelete
  28. ကိုဘီလူးကမျက်နှာရောကိုယ်လုံးပါ၊
    ပိန်ပိန်နေသလိုလို...
    ခွိခွိ..

    ReplyDelete
  29. ကော်ကော်လျော့ပြီး ဘီဘီ ပိုသောက်တော့မယ်.....:)

    ReplyDelete
  30. အသက်ကြီးလာတော့ အဆီတွေကစုလာပြီး ၀ လာကြတာများတယ်။ တို့လျှော့နည်းကတော့ နဲနဲကြမ်းတယ်။ ကာဘိုဟိုက်ဒြိတ်လုံးဝမစားသောလျှော့ချနည်း။ နောက် အားဆေးလဲစားပေးရတယ်။ ၂ပတ်အတွင်း ၃ကေဂျီကျော်ကျပါတယ်။ ၀ိတ်တက်လာတိုင်း အဲဒီနည်းနဲ့ပြန်ချရတယ်။

    ReplyDelete
  31. အပေါ်က ကွန့်မန့်က TTSweet ပါရှန့် ... သမီးအကောင့်ဝင်ထားလို့ မွှားသွားတယ်း)

    ReplyDelete
  32. First I've middle east problem,then upper back....then around thigh.Finally,I labeled myself"I'm TAW LAY WA WIN"now.Living in land of cheese n chocolate......Hoooo....it's difficult to count the calorie(just as excuse)....:(
    Gyidaw

    ReplyDelete
  33. တကထဲ..စားချင်တာစားဖို့အရေး ကယ်လိုရီကြည့်နေရတာနဲ့..လူလဲ အီသီယိုပီးယားရောက်တော့မယ်..

    ReplyDelete
  34. If we can not control, we could become like Michelin Tyre advertisement. :P

    ReplyDelete
  35. မီးမီးလဲ ကျသွားတယ် .. ဝိတ်တော့မဟုတ်ဘူးးးးး စိတ် ..ဟဟဟဟားးးးး ဒါပေမဲ့ သေချာလဲ ချမယ်လို့ လုပ်ကိုမလုပ်ဖူးးးးး မစားရတာလောက်စိတ်ဆင်းရဲစရာကောင်းတာ ဘယ်ရှိပါ့မလဲ မမသက်ဝေရယ် ..... ။ အဲ့တော့.....ချမရတဲ့ အဆုံး ဝတာ စိတ်ချမ်းသာတယ် စားနိုင်တယ်ဆိုတဲ့ သင်္ကေတပဲလို့ ပျော်ပျော်ပဲတွေးယူလိုက်တယ် ဟိဟိ

    ReplyDelete
  36. ကိုယ့်ကိုယ်ကိုတော့ မ၀ဘူးလို့ထင်တာပဲမမသက်ဝေ.
    ....ကယ်လိုရီတော့ တွက်ကြည့်အုံးမှပါ...
    ခင်မင်စွာ
    သဒ္ဓါလှိုင်း

    ReplyDelete
  37. ကျွန်တော်လဲ ဝိတ်လျှော့နေပါတယ်။ ဆာရင်တော့ စားတယ်ဗျာ

    ReplyDelete
  38. ညီမလည်းဝိတ်လျော့လေ ပိုဝလေ။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...