အမ မမေငြိမ်းရဲ့ အချစ်အကြောင်းပြောရအောင်… ကို စထွက်ကထဲက အခုအချိန်အထိ ဖတ်လို့ ဘယ်တော့မှ မရိုးနိုင်၊ ပြန်ဖတ်လိုက်တိုင်း ချစ်ခင်နှစ်သက်စွာ…။ အဲဒါလေးကို ဖတ်ပြီးတော့ စိတ်ကူးရလို့ ချရေးထားတဲ့ စာစုလေးတခုရှိတယ်။ ရေးထားတာတော့ ကြာပါပြီ… အခုတော့ အဲဒါလေးကို နည်းနည်း ပြန်ပြင်ပြီး အချစ်အကြောင်း ပြောရအောင်လို့ ခေါင်းစဉ်တပ်ပြီး တင်လိုက်ပါတယ်။ အချစ်အကြောင်း ပြောရအောင် ဆိုတဲ့ တက်ဂ်ပိုစ့်လေး ဖြစ်ဖို့ အားပေးပြီး ခေါင်းစဉ်လေးပါ သုံးခွင့်ရတဲ့အတွက် အမ မမေငြိမ်းကို ကျေးဇူး အများကြီးတင်ပါတယ်…။ (အမှန်ကတော့ ခွင့်တောင်းတာက နောက်… သုံးတာက အရင်… အဟိ)
သက်ဝေရဲ့ အချစ်အကြောင်းကတော့ ဒီမှာ နဲ့ ဒီမှာ ပြောပြထားဖူးပါတယ်။ တချို့လဲ ဖတ်ဖူးကြပါလိမ့်မယ်။ နောက်ပိုင်းရေးဖြစ်တဲ့ တချို့ပိုစ့်တွေမှာလဲ အချစ်ရဲ့ အကြောင်းတွေ ဘာညာ ဘာညာတွေ ရေးဖူးပါသေးတယ်။ ဒီတော့ အခုအချိန်မှာ အချစ်အကြောင်း ရေးပါဆို အဲဒါတွေပဲ ပြန်ရေးပြရမှာဆိုတော့ ပျင်းစရာ…။
ဒါကြောင့် ဒီစာစုလေးကိုပဲ တင်လိုက်ပါတယ်… နှစ်သက်ကြဖို့ မျှော်လင့်ပါတယ်…။
အချစ်အကြောင်း ပြောရအောင်
အချစ်ကို စတင်တွေ့ရှိခဲ့သောအချိန်သည် ကြည်နူးလွမ်းဆွတ်စရာကောင်းအောင် မိုးစက် မိုးမှုန်များ ဖြိုးဖြိုးဖျောက်ဖျောက် ရွာသွန်းမနေပါ။ ကဗျာဆန်ဆန် နှင်းပွင့်လေးတွေလည်း တဖွဲဖွဲ ကျမနေပါ။ ကျွန်တော် နှင့် အချစ် စတွေ့သော အချိန်သည် ပူပူလောင်လောင်နှင့် ခြောက်သွေ့သော နွေရာသီတခုမှာ ဖြစ်သည်။ ပြီးတော့ အချစ်နှင့် ကျွန်တော် ဆုံတွေ့ခဲ့သော နေရာသည် ကန်ထရိုက်တိုက်ခန်းတခု၏ ခပ်ကျဉ်းကျဉ်း မှောင်ပြပြ လှေခါးထစ်များတွင် ဖြစ်သည်။ အချစ်က ကျူရှင်တက်ရန် အလာ၊ ကျွန်တော်က ဆရာမ အလစ်ကို ချောင်းပြီး ကျူရှင်မှ အပြေး… ပြောပြရရင် ရယ်စရာအတော်ကောင်းသည်။ သို့သော် ထိုအကြောင်းကို ပြန်ပြောတိုင်း အချစ်က မရယ်ပါ။ နွေရာသီ၏ အပူရှိန်နှင့် စာမေးပွဲနီးသောကြောင့် စာခြောက်နေသော အပူရှိန်ရောနှောနေသော အချိန်မှာ အချစ်ကို တွေ့ရှိခဲ့သော ကျွန်တော်တို့ နှစ်ယောက်၏ အချစ်မီး အရှိန်များကြောင့် တကြိမ်မှ မခံစားဖူးသော ပူလောင်မှုမျိုးကို ခံစားရသည်ဟု အချစ်က ဆိုခဲ့သည်။ ပြီးတော့ ထိုနှစ်က ဖြေဆိုသော စာမေးပွဲမှာ ကျွန်တော်တို့ နှစ်ယောက်စလုံး အမှတ်နည်းကာ ခုံနံပါတ်များ ကျသွားခဲ့ပါသည်။
နည်းနည်းမှ မိန်းကလေး မဆန်သော အချစ်သည် ကားမောင်သိပ်ကြမ်းပြီး ရှပ်အင်္ကျီကို အလွန်ကြိုက်သူ ဖြစ်သည်။ ရှပ်အင်္ကျီနှင့် ယောလုံချည်၊ ကျောပိုးအိတ် နှင့် ဦးထုပ်အနက်ရောင်တို့သည် အချစ်နှင့် လွန်စွာ လိုက်ဖက်ညီကြသည်။ သို့သော် ထိုအရာများနှင့် လားလားမှ မလိုက်ဖက်သော အချစ်၏ နက်မှောင် လှပသော ဆံပင်အရှည်ကြီးကို ကျွန်တော် ချစ်ခဲ့သည်။ ချစ်သူတွေ ဖြစ်သွားကြသောအခါ ထိုဆံပင်ရှည်တွေကို ကျွန်တော် ဖြီးပေးခဲ့ဖူးသည်။ အချစ်ကို ကျွန်တော်က ကလေးလေး ဟု ခေါ်ပြီး အချစ်က ကျွန်တော့ကို မောင် ဟု ခေါ်လေ့ရှိသည်။ အရွယ်တူ အတန်းတူ သူငယ်ချင်းများဖြစ်သောကြောင့် မကြာခဏ ငြင်းခုန်တတ်ကြသည်။ သချာင်္တွက်ရင်း အဖြေတိုက်ရင်း ငြင်းတတ်သည်က ပိုများသည်။ ထိုအချိန်မျိုးတွင် တယောက်ကို တယောက် ဟေ့ကောင် ဟု ခေါ်တတ်ကြသည်။
အချစ်သည် စိတ်မကောက်တတ်ပါ။ ကျွန်တော်ကသာ အချစ်ကို အကြောင်းအမျိုးမျိုးကြောင့် စိတ်ကောက်ရသည်။ အများအားဖြင့်တော့ အချစ် ကျောင်းနောက်ကျသောအချိန်မျိုးတွင် စိတ်ကောက်မိသည်။ အချစ်က အအိပ်မက်သောကြောင့် ကျောင်းချိန် ကျူရှင်ချိန်များမှာ ဘယ်တော့မှ စောစော ရောက်မလာတတ်ချေ။ ထိုအခါ ကျွန်တော် စိတ်ကောက်ရသည်။ သောကြာသားက စိတ်ကောက်တတ်သလား ဟု အချစ်က မေးလာသောအခါ ကျွန်တော် မဖြေပါ။ စိတ်ကောက်နေသောကြောင့် ဖြစ်သည်။ ထိုအချိန်မျိုးတွင် ကျွန်တော် စိတ်ဆိုးဆိုးနှင့် ချိုးထားသော ကော်ပေတံ အပိုင်းအစများ၊ ခဲတံချွန်ဓါးဖြင့် ညီညီညာညာ လှီးဖြတ်ထားသော ခဲဖျက် အပိုင်းအစများ၊ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲထားသော ကျောင်းစာအုပ်မှ စာရွက်များကို အချစ်က တိတ်တိတ်ဆိတ်ဆိတ် ကောက်ယူ သိမ်းဆည်းနေတတ်သည်။ ထို့ထက်ပို၍ စိတ်ဆိုးသောအချိန်မျိုးမှာ ကျွန်တော်က သူငယ်ချင်းများနှင့်အတူ ကျောင်းအနောက်ဖက်က ထူး မှာ ဘီယာ သွားသောက်နေတတ်သည်။ သို့သော် ဘီယာဆိုင်ကိုတော့ အချစ်က လိုက်မလာပါ။ အဆောင်မှာ စာဖတ်ရင်း စောင့်နေတတ်သည်။
အချစ်က ဗဒင်ကို ကြိုက်သည်။ ဆောင်းဦးလှိုင်ကို ကြိုက်သည်။
“ဟိုင်းဝေးလမ်းမကြီးထဲ မင်းလက်ဆွဲခေါ် ပြေးသွား… အားလုံးထားခဲ့ပစ်လိုက်စမ်းပါ အချစ်လေး… ဝေးကြဖို့တော့ သတ္တိမရှိပါ… တို့မဝေးဘူး အတူတူဆို ပျော်မယ်သိတယ်… အားလုံးအဝေးပြေးချင်တယ်…” ဟူသော သီချင်းကို အချစ် မကြာခဏ ဆိုတတ်သည်။
တရက်ကတော့ နှစ်ဦးသဘောတူ ကျောင်းပြေးပြီး မြို့ပြင်က ဟိုင်းဝေးလမ်းမများပေါ်ကို တကယ်ပဲ ရောက်အောင်သွားခဲ့ကြသည်။ ကြားလေသွေးရင် ဝေးသလို ခံစားနေရသော အချိန်မျိုးဖြစ်သောကြောင့် ကားမောင်းနေရင်းမှာတောင် ကျွန်တော့ ဘယ်ဖက်လက်ဖြင့် ဂီယာထိုးရင်း အချစ်၏ ညာဖက် လက်သန်းလေးကို အတူတူ ဆွဲယူထားခဲ့မိသည်။ လမ်းမတလျှောက် ကားပေါ်မှာ အဲဒီသီချင်းတပုဒ်ထဲကို အကြိမ်ကြိမ် ရစ်ပြီး ဖွင့်ခဲ့ကြသောကြောင့် နောက်တနေ့မှာ အဲဒီအခွေ ပျက်သွားခဲ့တာ အမှတ်ရစရာ။ ပြီးတော့ လမ်းမကြီးဘေးက ထုံးဖြူဖြူနဲ့ ဘုရားလေးတွေကို အတူ ဖူးခဲ့ ဆုတောင်းခဲ့ကြသည်။ ကျွန်တော်က ဆုတောင်းခြင်းကို ယုံသော်လည်း အချစ်က မယုံကြည်တတ်ပါ။ သို့သော် အလှူငွေ ထည့်ကြပြီး ပြန်ရလာသော ဖြတ်ပိုင်းငယ်လေးများကိုတော့ အချစ်က သေသေချာချာ သိမ်းထားတတ်ပြန်သည်။
ပြီးတော့ ကျွန်တော်တို့ ဗေဒင်မေးခဲ့ကြသည်။ သည်တခါမှာလဲ ကျွန်တော့ အချစ်က ဗေဒင်တွေဘာတွေကို မယုံကြည်တတ်ပါ။ မမေးချင်ပါဘူးကွယ် ဟု ညည်းတွားသည်။ သို့သော် အတင်းတော့ ငြင်းဆန်တာမျိုးတော့ မလုပ်။ ဗေဒင်ကတော့ ကျွန်တော်တို့ နှစ်ယောက်ကို ကောင်းတာတွေချည်း ဟောလိုက်သည်။ ပြီးတော့ ယတြာလဲ ချေခိုင်းသည်။ သို့သော် အချစ်က ဒါတွေ မလိုပါဘူး... လူသာ အဓိကပါ.. ဟု ဆိုလေသောကြောင့် ကျွန်တော်တို့ ယတြာ မချေဖြစ်ခဲ့ပါ။ မိန်းကလေး မဆန်သော၊ လဘက်သုတ် မကြိုက်သော၊ မုန့်ဟင်းခါး မကြိုက်သော၊ ဘုရားရှိခိုးတိုင်း ဆု မတောင်းတတ်သော၊ ဗေဒင်ကို မယုံတတ် ယတြာ မချေတတ်သော၊ ပန်း မကြိုက်သော၊ နှုတ်ခမ်းနီ မဆိုးတတ်သော ကျွန်တော့ အချစ်မှာ အပြင်ပန်းက မာကျောကျောနိုင်လှသော်လည်း နူးညံ့နွေးထွေးကာ ချစ်တတ်သော နှလုံးသားလေးတစုံ ရှိနေသည်မှာ ကျွန်တော့အတွက် အလွန်တရာ ကံကောင်းလှပါသည်။
အချစ်နဲ့ ကျွန်တော် ကျောင်းဝင်းအတွင်းရှိ ခရေပင်တွေ တန်းစီနေသော လမ်းကလေးမှာ အတူတူလျှောက်ရင်း အချစ်အကြောင်း ပြောခဲ့ကြသည်။ အဆောင်နံပါတ် (၃) မှ လက်တွေ့စာသင်ခန်းများမှာ အတူတူ စာကျက်ရင်း အချစ်အကြောင်း ပြောခဲ့ကြသည်။ စာကြည့်တိုက်မှာ စကားတိုးတိုးပြောပါ ဟူသော စာတမ်းကြောင့် အချစ်အကြောင်းကို စာရေးပြီး ပြောခဲ့ကြသည်။ ကျူရှင်အချိန်၊ လက်ချာချိန်များတွင် ဆရာ ဆရာမများ အလစ်မှာ တယောက်ကို တယောက် မသိမသာ ခိုးကြည့်ရင်း၊ စာရွက် အပိုင်းလေးများပေါ်မှာ စာရေးရင်း အချစ်အကြောင်း ပြောခဲ့ကြသည်။ အများအားဖြင့် ကျွန်တော်မေးလေ့ရှိသော စကားများမှာ ကျူရှင်ပြီးရင် ညနေစာ ဘာစားမှာလဲ တို့… မနက်ဖြန် ကျူရှင်ကို စောစောလာခဲ့နော် တို့… အချစ်ရဲ့ ခေါင်းလျှော်ရည်က သိပ်မွှေးတာပဲ တို့… ဖြစ်ပြီး အချစ် ပြောလေ့ရှိသော စကားများမှာ ဆေးလိပ်တွေ လျှော့သောက်နော်… ညကျရင် ဆယ်နာရီမှာ ဖုန်းဆက်နော် တို့… ဒီည အဆောင်မှာ အိပ်မှာလား (သို့မဟုတ်) ထူး ကို သွားအုံးမှာလား တို့… ဖြစ်နေတတ်သည်။
စာမေးပွဲအပြီး ကျောင်းပိတ်သွားချိန်များမှာ တယောက်နဲ့ တယောက် စာတွေ ရေးပြီး အချစ်အကြောင်း ဆက်ပြောခဲ့ကြသည်။ စာပို့သမားကြီးကို စာတွေ မှန်မှန်လာပို့အောင် လက်ဆောင်တွေ၊ မုန့်ဖိုးတွေ ပေးထားသည်ဟု အချစ်က ပြောပြသောအခါ ကျွန်တော့ရင်ထဲမှာ လှုပ်ခတ် နွေးထွေးသွားအောင် ကြည်နူးရသည်။ ချစ်သူများနေ့မှာ နှင်းဆီပန်းလေးတွေပါသော ပိုစ့်ကဒ် တခု အချစ်ကို ဝယ်ပေးရင်း အချစ်အကြောင်း ပြောခဲ့ဖူးသည်။ အချစ်က ကျွန်တော့ကို နက်ပြာရောင် ဘောလ်ပင်လေးတချောင်း ဝယ်ပေးခဲ့သည်။ နှလုံးသားနှင့်အနီးဆုံးနေရာမှာ ထားနိုင်သော ပစ္စည်းလေးမို့ အချစ်၏ စိတ်ကူးကို ချီးကျူးခဲ့ရသေးသည်။ ထိုနေ့က အိမ်အပြန် နောက်ကျသောကြောင့် အချစ် အဆူခံရသည် ဟု သိရသည်။
သို့သော် နောက်လအနည်းငယ်ကြာသောအခါ ကျွန်တော်တို့ အချစ်အကြောင်းကို ဆက်ပြောရန် အခွင့်မသာတော့…။ အချစ်နဲ့ ကျွန်တော် ဝေးခဲ့ကြဖို့ အကြောင်းဖန်လာသည်။ အချစ်က မဝေးခင်မှာ အခက်အခဲများကြားမှ ကျွန်တော့ဆီကို အရောက်လာကာ နှုတ်ဆက်ခဲ့သည်။ ထိုနေ့က ကျွန်တော့မှာ ပိုက်ဆံ တသိန်းပါခဲ့သည် ပြီးတော့ ဆီအပြည့် ဖြည့်ထားသော ဗင်ကားလေးလဲ ပါခဲ့သည်။ ထို့အတူ အချစ်၏ ဘယ်ဖက် လက်သူကြွယ်မှာ လက်စွပ်လေး တခု ပါလာခဲ့သည်။ ထိုနေ့က YKKO မှာ ကြေးအိုးသွားသောက်ပြီးတော့ ဟိုင်းဝေးလမ်းမတွေဆီ သွားကြစို့လေ ဟု ကျွန်တော်ပြောသောအခါ အချစ်က ပြုံးရင်း ခေါင်းကို ညင်သာစွာ ခါယမ်းခဲ့သည်။ မှတ်ပုံတင် ယူလာခဲ့ဟု ကျွန်တော် သေသေချာချာ မှာကြားလိုက်သော်လည်း အချစ်က ယူမလာပါ။ ဟိုတခါ ဗေဒင်မေးတုန်းက ပေးခဲ့သော ယတြာကို မလုပ်သောကြောင့် ဟု ကျွန်တော်က စွပ်စွဲသောအခါ အချစ်က မျက်ရည်တွေ ပြည့်နေသော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ကြည့်နေခဲ့သည်။ သည်လိုနှင့် အချစ်အကြောင်း ပြောစရာ အချစ်က ကျွန်တော့ အနားမှ ဖယ်ခွာသွားခဲ့သည်…။
အနားမှာ အချစ်မရှိတော့သော်လည်း အချစ်အကြောင်းကို ကျွန်တော် တယောက်တည်း ဆက်ပြောနေဆဲ…။ သတိရသောအချိန်များတွင် ကျောင်းထဲကို သွားလည်ကာ အချစ်၏ အရိပ်များကို တိတ်တဆိတ် ဖွေရှာမိသည်။ ကျောင်းကြီးက ဟောင်းနွမ်းကာ အေးစက် တိတ်ဆိတ်ပြီး အထီးကျန်လှသော်လည်း ကျွန်တော့နှလုံးသားကို အချစ်နဲ့ ပတ်သက်သော နွေးထွေးခြင်းတွေ ပေးခဲ့သည်။ ထို့ကြောင့် ကျောင်းထဲကို ကျွန်တော် မကြာခဏ သွားလေ့ရှိသည်။ ဘယ်သူမှ မကြားနိုင်သော အချစ်အကြောင်းတွေ တယောက်ထဲ တီးတိုး ပြောနေခဲ့သည်။
သို့သော် ကျွန်တော်ပြောနေသော အချစ်အကြောင်းကို အချစ်ကိုယ်တိုင် နားဖြင့် မကြားနိုင်သော်လည်း နှလုံးသားဖြင့် ကြားနာနိုင်သည်။ မျက်စိဖြင့် မမြင်နိုင် တယောက်ကိုတယောက် မထိတွေ့နိုင်သော်လည်း နှလုံးသားချင်းမှတဆင့် မြင်နိုင် ထိတွေ့နိုင်သည်။ အချစ်နဲ့ ကျွန်တော် လူချင်း ဝေးနေသော်လည်း အချစ်တွေက မပျယ်မပျက်ပဲ နီးစပ်နေနိုင်သေးသည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေဆဲ…။
အကယ်၍များ တစုံတယောက်က အချစ်အကြောင်း ပြောရအောင် ဟု ဆိုလာခဲ့လျှင် အခုလိုပဲ မမောနိုင် မပမ်းနိုင်အောင် အချစ်အကြောင်းတွေကို အဖန်တလဲလဲ ကျွန်တော် ပြောနေမိဦးမည်သာ…။
ဆောင်းဦးလှိုင် - ဟိုင်းဝေးလမ်းများပေါ်မှာ
သြော်.... အချစ်အကြောင်းကို လွမ်းစရာလေးပြောသွားတာပေါ့... အမလိုတော့ မရေးတတ်ဘူး... ဒါပေမဲ့ ကြိုးစားရေးပါ့မယ်.... :)
ReplyDeleteအချစ်အကြောင်းက ပန်းချီကားချပ်လေးက အရောင်တွေစုံတယ်၊ စုတ်ချက်တွေ မြူးတယ်၊ နောက်ဆုံးမှာ အလွမ်းဆေးစက်လေးတွေ ဖိတ်ကျသွား တာတောင် perspective က ဖမ်းစားနိုင်လွန်းပါတယ်..။
ReplyDeleteအခု ရေးတဲ့ ၀တ္ထုတိုလေးရော၊ အရင်က အစ်မသက်ဝေ ရေးခဲ့တဲ့ ဘ၀လက်တွဲဖော်နဲ့ အချစ်ဆိုသည်မှာ ပို့စ်လေးတွေရော အကုန် ဖတ်သွားတယ်ရှင့်။ ရို့စ်က အစ်မသက်ဝေ ဖွင့်ဆိုတဲ့ အချစ်အကြောင်းကို ၀တ္ထု ပုံစံ မပာုတ်ဘဲ ရင်တွင်းဖြစ် ကိုယ်တွေ့လေးတွေ ထပ်ဖတ်ချင်တား)
ReplyDeleteI love it, Ma Ma TW. I want to know about her side of the story too.
ReplyDeleteမကြီးမငယ်ကြီးကျမှ ငါ့ကို ငိုချင်အောင် လုပ်ပြန်ပြီ...
ReplyDeleteသက်ဝေရေ ကောင်းကောင်းလေး မန့်ချင်ပါတယ်
ဒါပေမဲ့...
အမှန်အတိုင်း မန့်သွားတာပါ
အချစ်ဟာတခါတလေ မထုတ်ပြပဲ အထဲမှာပဲ သိမ်းထားဖို့ကောင်းတဲ့အခါတွေ ရှိတယ် မမသက်ဝေ...ထုတ်ပြလိုက်ခါမှ အချစ်တွေ မသာမယာ ဖြစ်ကုန်တတ်လို့....
ReplyDeleteမကြီးသက်ဝေ လုပ်မှပဲ ရဲကျော်ကျော်ဦးကို သိပ်လွမ်းသွားတယ်.. သြော်.. အချစ်အကြောင်း ဆိုလို့လေ.. =)
ReplyDeleteအချစ်ကိုယ်စားပြောပေးပါ.. :D
ReplyDeleteမမသက်ဝေရဲ့ အချစ်အကြောင်းကချစ်စရာလေး....။
ReplyDeleteညီမလေးရေးမယ့် အချစ်အကြောင်းတော့ အဲလောက်ချစ်စရာကောင်းမယ်မထင်ဘူး..။
ခင်တဲ့
မိုးငွေ့
သက်ဝေ ပြောပြတဲ့ အချစ်အကြောင်းလေးက သိပ်လှတယ်... ဒါပေမယ့် လွမ်းစရာ...
ReplyDeleteထိုနေ့က ကျွန်တော့မှာ ပိုက်ဆံ တသိန်းပါခဲ့သည် ပြီးတော့ ဆီအပြည့် ဖြည့်ထားသော ဗင်ကားလေးလဲ ပါခဲ့သည်။ ထို့အတူ အချစ်၏ ဘယ်ဖက် လက်သကြွယ်မှာ လက်စွပ်လေး တခု ပါလာခဲ့သည် ဆိုတာလေးက ပိုစ့်တခုလုံးရဲ့ အသက်လိုပဲ...
ခံစားရတယ်...
ဒီအချစ်ကလည်း ချစ်စရာကောင်းတဲ့ အချစ်ပါ။
ReplyDeleteဒါပေမယ့် မရိုးနိုင်တဲ့ ကိုယ်ပိုင်ဇာတ်လမ်းကိုပဲ ကြားချင်သေးတာ.. :)
သြော်..
ReplyDeleteအချစ်အကြောင်း တဲ့လား..။
အချစ်က မုန်းဖို့ကောင်းတယ်..။
ပုံ...
အမျိုးတယောက်
Plz let me know the name of ur song “ဟိုင်းဝေးလမ်းမကြီးထဲ မင်းလက်ဆွဲခေါ် ပြေးသွား… အားလုံးထားခဲ့ပစ်လိုက်စမ်းပါ အချစ်လေး… ဝေးကြဖို့တော့ သတ္တိမရှိပါ… တို့မဝေးဘူး အတူတူဆို ပျော်မယ်သိတယ်… အားလုံးအဝေးပြေးချင်တယ်…"
ReplyDeleteအစ်မ သက်ဝေလို နူးနူးညံ့ညံ့လေး မရေးတတ်တော့ခက်တယ်..
ReplyDeleteအချစ်အကြောင်းဆိုတော့ ကိုယ်ချစ်တဲ့ ဘာအကြောင်းဘဲဖြစ်ဖြစ် ရမယ်ထင်ပါတယ်နော်..း)
ဒီတော့ ကျွန်မရဲ့ အချစ်အကြောင်းတော့ မနက်ဖန် မနက် ဖတ်လို့ရပါပြီလို့......
ဒီည အားတက်သရော မအိပ်စတမ်း ရေးနေပါတယ် လို့..း)
ဖတ်လို့ ကောင်းတယ်အစ်မ။ ငိုချင်လျက်မို့လားမသိ။ ဖတ်ရင်း ဘယ်လွမ်းရမှန်းမသိ.. လွမ်းစရာကောင်းတယ်။ ဒါပေမယ့် မချစ်တဲ့သူကို လက်ခံလိုက်တာကတော့ အချစ်သိပ်ညံ့တာပဲနော်။
ReplyDeletemm
အချစ်အကြောင်းပြောပြတာနားထောင်ပြီး..
ReplyDeleteနွေးနွေးထွေးထွေးနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ
စာရေးတကယ်ကိုပိုကောင်းလာပါတယ်....
ဟုတ်... :D
ReplyDeleteဖတ်ရင်းနဲ့ လွမ်းတောင်လာတယ်။ အစ်မ သက်ဝေ အရေးကောင်းလို့။ ညက်နေတာပဲ။ ပုံရိပ်ကို tag ထားတာတွေ့တယ်။ အတော်ပဲ ရေးဖို့ အကြောင်း စဉ်းစားလို့ မရသေးတော့ အစ်မပေးတဲ့ ခေါင်းစဉ်နဲ့ပဲ စဉ်းစားလိုက်ဦးမယ်။
ReplyDeleteကဗျာဆန်လိုက်တာတီသက်ရယ်...လွမ်းစရာကောင်းတယ်..ဟိုင်းဝေးလမ်းမကြီးသီချင်းကိုညည်းရင်းအချစ်နဲ့အတူအဝေးကိုပြေးထွက်ချင်တယ်..ဘ၀အမောတွေကြားမှာမွမ်းကျပ်လွန်းလို့း(
ReplyDeleteအဲဒိသီချင်းပေါ်ခါစ လူပျိုပေါက်စနအရွယ်(၈တန်း၊၉တန်း)လောက်က နားထောင်ပြီး တအားကြိုက်ခဲ့တဲ့ သီချင်း၊ ဒီသီချင်းလေးပါမဲ့ ဇာတ်ဝင်ခန်းက ရိုမန်တစ်ဆန်ဆန်လေး သိပ်ကို အသက်ဝင်မှာဆိုပီး အခုလို ဆင်တူလေး ခံစားကြည့်ဖူးတယ်...
ReplyDeleteအစ်မသက်ဝေ သိပ်တော်လွန်း...း))
ဖတ်ပြီးတော့ မျက်စိပျက် မျက်နှာပျက်နဲ့ ငိုင်ကျန်ခဲ့တယ် အစ်မသက်ဝေရယ်...
ReplyDeleteသြော်..အချစ်..အချစ်...ဟင်းးးးးး သင်းတော့လားကွာ...(လို့ပဲကြိမ်းမောင်းသာပြောချင်လိုက်တော့တယ် အစ်မရယ်...ဟီးးး)
ReplyDeleteမရဲ့ရင်တွငိးဖြစ် ကိုယ်တွေ့လေးနားထောင်ချင်တား)
လေးစားချစ်ခင်စွာ
ပန်းချီ
ကျွန်တော့မှာ ကွမ်းယာ ဆယ်ထုပ် ပါခဲ့သည်၊ပြီးတော့လေအပြည့်ထိုးထားသော ဆိုက်ကားတစီးပါခဲ့သည်။....ထို့အတူ အချစ်၏ ဘယ်ဖက်လက်သူကြွယ်မှာလဲ ဆင်မြီးလက်စွပ်ပါခဲ့သည် (ကလေးမွေးလို့ လွယ်အောင်နေမှာ)
ReplyDeleteအ...ဟင်း..ဟင်း..ကိုယ်လဲ ဘဝသရုပ်ဖေါ် အချစ်အကြောင်းရေးကြည့်တာ..
ဖတ်ပြီးရင်ထဲမှာ လှိုက်ကျန်ခဲ့တယ်။ အရေးတော်လိုက်တာ မမသက်ဝေ... :))
ReplyDeleteအဲဒီသီချင်းကို အရမ်းကြိုက်ခဲ့ဖူးတယ်။ ရအောင်ပြန်ရှာလိုက်ဦးမယ်။ :)
ဂျင်း
ချစ်တဲ့သက်ဝေရေ... စာမရေးတာကြာတဲ့သူတယောက်ကို စာရေးချင်စိတ်ပြန်ပေါ်လာအောင် အင်ဂျင်နှိုးတတ်လွန်းတဲ့ သူငယ်ချင်းကြောင့် အချစ်အကြောင်းပြောဖြစ်တော့မယ်... ကျွန်တော်ပြောတဲ့ ရှပ်အကျီင်္လေးတွေအမြဲဝတ်တဲ့...ယောထမီလေးတွေဝတ်တဲ့... ဆံပင်အထူကြီးနဲ့ ချစ်သူကို မြင်ဖူးသလိုလိုပဲနော်... သိပ်ချစ်ကြတဲ့ချစ်သူ၂ယောက် အဲဒီလိုဝေးသွားရတော့... ရင်ထဲမှာ ဆို့ နင့်ကြေကွဲစွာနဲ့ ပဲ ခံစားကြေကွဲနားထောင်သွားတယ် သက်ဝေ...
ReplyDelete