Sunday, March 27, 2011

သူမပြောသော အချစ်အကြောင်း (မောင်)

ကျွန်မ မောင့်ကို စတွေ့သော အချိန်မှာ ကြည်နူးလွမ်းမောဖွယ်ရာ မိုးစက် မိုးမှုန်များ ဖြိုးဖြိုးဖျောက်ဖျောက် ကျနေသော အချိန်လည်းမဟုတ်၊ နှင်းပွင့်ဖြူဖြူတွေ တဖွဲဖွဲ ကျနေသော အချိန်လည်း မဟုတ်ပါ။ ခြောက်သွေ့ပြီး ပူလောင်အိုက်စပ်လှသော နွေနေ့လည်ခင်း တခုမှာ… ပြီးတော့ လူနှစ်ယောက် ရှောင်လို့ လွတ်ရုံသာ ရှိသော ကန်ထရိုက်တိုက်ခန်းတခု၏ ခပ်ကျဉ်းကျဉ်း မှောင်ပြပြ လှေခါးထစ်များတွင် ဖြစ်သည်။ ကျွန်မက မောင်ရှိရာ ကျူရှင်ကို ကျောင်းသူအသစ်အဖြစ် အလာ၊ မောင်က ဆရာမ အလစ်ကို ချောင်းပြီး ကျူရှင်မှ အပြေး…။ ကျွန်မ မောင့်ကို စတွေ့လိုက်သော အချိန်မှာ မောင့်မျက်နှာပေါ်က နေကာမျက်မှန်ကြောင့် မောင့်မျက်လုံးတွေကို မမြင်ရသော်လည်း နှုတ်ခမ်းက လက်ကနဲ တောက်ပသွားသော မောင့်အပြုံးကို ကျွန်မ မြင်လိုက်ရသည်။ နွေအပူနှင့် စာမေးပွဲ အပူများအပေါ် ထပ်ဆင့်ဖိစီးသော အပူတခု ရင်ထဲကို ရောက်လာသည်ဟု ကျွန်မ သိလိုက်သည်။ ပြီးတော့ ထိုအရာသည် ကျွန်မ မျှော်လင့်မထားခဲ့သော အချစ် ဖြစ်နေလေသည်။ ထိုနေ့က ကျူရှင်ကို မောင်ပြန်လာလိမ့်နိုး မျှော်နေရင်း ဆရာမ စာသင်နေတာကို နည်းနည်းမှ အာရုံစိုက်၍ မရခဲ့။ သို့သော် မောင် ပြန်မလာပါ။ အမှန်ဆိုလျှင် ကျောင်းပြေးတတ်၊ ကျူရှင်ပြေးတတ်သောသူများကို ကျွန်မ မုန်းပါသည်။ သို့သော် အချစ်သည် မျက်နှာလိုက်တတ်သည်လေ။

သည်လိုနှင့် နောက်ရက်အနည်းငယ်အကြာမှာ မောင်နှင့် ကျွန်မတို့ အချစ်အကြောင်း ပြောဖြစ်ခဲ့ကြသည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အသားဖြူဖြူ၊ နှုတ်ခမ်းနီနီ၊ အပြုံးအရယ် နည်းသော်လည်း သဘောကောင်းသော မျက်နှာပိုင်ရှင် ကောင်ကလေးတယောက်သည် အင်မတန်မှ စိတ်တို စိတ်ဆိုးလွယ်တတ်သည်ဟု ကျွန်မ နည်းနည်းမှ မရိပ်မိခဲ့ပါ။ ကျွန်မကိုက လူအကဲခတ် ညံ့၍ ဖြစ်ပါလိမ့်မည်။ အရောင်ဖျော့ဖျော့ ရှပ်အင်္ကျီနှင့် ချည်ပုဆိုး အကွက် စိတ်စိတ်လေးများကို သပ်ရပ်စွာ ဝတ်ဆင်တတ်သော မောင့်ကို အရင်က စာသင်ခန်းထဲမှာ တခါတလေလေးမျှပင် မတွေ့မိခဲ့ပါ။ ကျွန်မနှင့် ချစ်သူတွေ ဖြစ်ပြီးမှ မောင်က စာသင်ခန်းထဲကို ရောက်ဖူးသူ ဖြစ်ပါသည်။ ပြီးတော့ မောင်က နေကာမျက်မှန် နှင့် ဆေးပေါ့လိပ်ကို သိပ်ကြိုက်သူဖြစ်သည်။ ချစ်သူတွေ ဖြစ်ပြီးသွားသောအခါ မောင့်မျက်လုံးတွေကို အချိန်တိုင်း မြင်နေချင်တယ် ဟု ကျွန်မပြောမှ ထိုမျက်မှန်အမည်းကို ချွတ်ဖေါ်ရသူ ဖြစ်သည်။ သို့သော် တခြားမိန်းကလေးတွေလို မောင် ကျွန်မကို ချစ်ရင် ဆေးလိပ် မသောက်ရဘူးနော်... ဟု မပြောခဲ့ပါ။ မောင်က ရေမွှေးမသုံးတတ်သောကြောင့် ဆေးလိပ်နံ့သည် မောင့်အမှတ်အသားတခု ဖြစ်ခဲ့သည်။ ကလေးလေး ဟု ခေါ်လေ့ရှိသော မောင့်အသံသည် ကျွန်မအတွက် အချိုမြဆုံး ဂီတသံစဉ်တခု ဖြစ်ပါသည်။ စိတ်ဆိုးသောအခါ ခေါ်တတ်သော ဟိတ်ကောင်လေး ဆိုသည့် မောင့်အသံမာမာသည်ပင် ကျွန်မနားထဲသို့ ချိုသာ ငြိမ့်ညောင်းစွာ စီးဝင်တတ်ပါသည်။

ချစ်သူဘဝမှာ မောင်က မကြာခဏ စိတ်ဆိုးတတ် စိတ်ကောက်တတ်သည်။ မောင်အများဆုံး စိတ်ဆိုးရသော အကြောင်းရင်းမှာ ကျွန်မ ကျောင်းနောက်ကျခြင်းကြောင့် ဖြစ်သည်။ မောင်က နေ့တိုင်း ကျောင်းကို အစောကြီးရောက်နေတတ်ပြီး ကျွန်မကိုလဲ ကျောင်းစောစောလာဖို့ အမြဲမှာတတ်သည်။ ကျွန်မက ကျောင်း အချိန်ဇယားကို အိမ်မှာ ကပ်ထားရသူ၊ အချိန်အတိအကျ အိမ်က လိုက်ပို့ပေးမှ ကျောင်းလာရသူ ဆိုတာ မောင့်ကို အကြိမ်ကြိမ် ပြောပြထားသော်လည်း မောင်က သူ လာစေချင်သောအချိန်မှာ ရောက်မလာတိုင်း ဘယ်တော့မှ မရိုးနိုင်အောင် စိတ်ဆိုး စိတ်ကောက်မြဲ…။

ကျွန်မက အလွယ်တကူ စိတ်မကောက်တတ်၊ စိတ်မဆိုးတတ်ပါ။ သို့သော် မောင့်ရည်းစားဟောင်း ကျောင်းကို အလည်လာသောနေ့ကတော့ စိတ်ဆိုးသည်လည်း မဟုတ်၊ စိတ်ကောက်သည်လဲ မဆိုနိုင်ပဲ ဝမ်းနည်း အားငယ်စိတ်တို့ဖြင့် ကျွန်မ တယောက်တည်း စာကြည့်တိုက်မှာ သွားထိုင်နေခဲ့ဖူးပါသည်။ နေ့လည် ထမင်းစားချိန်လွန်တော့မှ မောင်ရောက်လာပြီး အနားမှာ ငူငူငိုင်ငိုင်ဖြင့် လာထိုင်ပါသည်။ စကားတော့ တခွန်းမှ မပြော..။ အနားမှာ မောင်ရှိနေလျက်နှင့် တိတ်ဆိတ်နေခြင်းကို ကျွန်မ သည်းမခံနိုင်ပါ။ ထို့ကြောင့် ကျွန်မကပင် စတင်ကာ ထမင်းစားပြီးပြီလားဟု မေးမိပါသည်။ တခြားသူငယ်ချင်းတွေလဲ ပါလာလို့ ထမင်းလိုက်ကျွေးရင်း စားခဲ့ပြီးပြီ… ဟု မောင်ပြောလာသောအခါ ဝမ်းနည်းသော်လည်း မျက်ရည်မဝဲပဲ ပြုံးပြ ခေါင်းညိတ်နိုင်ခဲ့ပါသည်။ အို… အရင်တုန်းက ချစ်ခဲ့ဖူးတာပဲ အခုမှ မချစ်တော့တာ ဟု မောင်ပြောလာသည်အထိ စောင့်မနေတော့ပဲ ကိုယ့်ဖာသာ ကောက်ချက်ဆွဲပြီး စိတ်ပြေတတ်သူမှာ ကျွန်မသာ ဖြစ်ပါသည်။

ပြီးတော့ မောင့်ကို ဖွင့်မပြောရက်သော်လည်း ကျွန်မက နောင်လာမယ့် ကံကြမ္မာကို ကြိုမြင်ပြီးသားသူတယောက်၊ ရှေ့ရေးကို ဗေဒင် မေးစရာ မလိုအပ်။ ထို့ကြောင့် မောင်နဲ့ ချစ်ရသမျှ အချိန်လေးမှာ စိတ်ချမ်းသာ ပျော်ရွှင်မှုကသာ အရေးကြီးသည်ဟု တွေးထားသည်။

တပတ်ကို ကျောင်းတက်ရက် ငါးရက်၊ စနေ တနင်္ဂနွေ ကျူရှင် နှစ်ရက်… ထို့ကြောင့် နေ့တိုင်း မောင်နှင့် တွေ့ရသည်။ မောင်နဲ့အတူတူရှိနေချိန်များသည် ကျွန်မဘဝ၏ စိတ်အချမ်းသာဆုံးနှင့် အပျော်ရွှင်ဆုံး အချိန်များဖြစ်ကြသည်။ စာအတူတူ ကျက်ကြသည်။ ခက်ခဲသော ပုစ္ဆာများကို အတူတူ စဉ်းစားကြသည်။ ငြင်းခုန်ကြသည်။ အဖြေရသွားလျှင် ပျော်ရွှင်ကြသည်။ လက်တွေ့အချိန်များတွင် နေရာကွဲသွားသောကြောင့် တယောက်ကို တယောက်က ခပ်လှမ်းလှမ်းမှ ခိုးကြည့်ကြသည်။ အကြည့်ချင်းဆုံသွားလျှင် မောင်က မျက်စိမှိတ်ပြတတ်သည်။ ပုံဆွဲအချိန်များတွင်တော့ စားပွဲကို ဘေးချင်းကပ် နေရာယူပြီး အတူတူဆွဲကြသည်။ စကားတွေ ပြောကြသည်၊ ရယ်မောကြသည်၊ ကွန်ပတ်စ်တွေ ခဲတံတွေ လုကြသည်…။ ထိုပုံဆွဲအချိန်များ ဘယ်တော့မှ မကုန်ပါစေနဲ့ဟု ကျွန်မက ဆုတောင်းတတ်၏။ ဤသို့ မောင်နှင့်အတူ ကျောင်းမှာ ပျော်နေတတ်သော ကျွန်မကို ကျောင်းပြေးရန် စကားစလာသူမှာ မောင်ဖြစ်သည်။

သည်လိုနှင့် ကျွန်မတို့ နှစ်ယောက် ကျောင်းပြေးကြသည်။ မြို့နှင့် ခပ်လှမ်းလှမ်းကို ကားမောင်းသွားကြသည်။ လမ်းမကြီးဘေးမှ ယာခင်းတွေနားမှာ ကားရပ်ပြီး စကားတွေပြောကြသည်။ သစ်သီးများရောင်းသော ဆိုင်သေးသေးလေးတွေမှာ ဖရဲသီများ ဝယ်စားကြသည်။ ကျွန်မ မကြိုက်သော ဖရဲသီးသည် မောင့်ကြောင့် ချိုနေသည်…။ ထုံးဖြူဖြူနှင့် ဘုရားတွေ တွေ့လျှင် ဝင်ဖူးကြသည်။ အလှူခံပုံးတွေတွေ့လျှင် အလှူငွေ ထည့်ကြသည်။ တချို့အလှူခံသော နေရာများမှာ ကျွန်မတို့နှစ်ဦး၏ အမည်နာမကို ဦးတွေ ဒေါ်တွေ တပ်ကာ စပီကာဖြင့် အော်ပြီး သည်ဇနီးမောင်နှံ အိုအောင် မင်းအောင် ပေါင်းရပါစေ ဟု ဆုတောင်းပေးသောအခါ နှစ်ယောက်သား ရှက်ရှက်နှင့် ပျော်ရွှင်ကြရတာ မှတ်မိသေးသည်။ သည်လိုနှင့် ပျော်စရာ ရက်တွေ တရက်ပြီး တရက် ကုန်လွန်လာခဲ့သည်။ တရက် ကုန်သွားပြီးတိုင်း နောက်တရက်ကို ရောက်ရန် စိတ်စောတတ်ကြသည်…။ ညနေစောင်းလို့ အိမ်ပြန်ရချိန်တွေတိုင်းမှာ မောင်က မျက်နှာပျက်တတ်သည်။

စနေ တနင်္ဂနွေ ကျူရှင်ချိန်များမှာ ဘာသာ တခုနှင့်တခု ကြား သူငယ်ချင်းတွေ မုန့်သွားစားနေကြချိန်များတွင် ကျွန်မက အအေးတဗူး၊ ပေါင်မုန့် တချပ်နှင့် မောင့်အနားမှာ နေကျန်ခဲ့မြဲ…။ ထိုအချိန်များတွင် မောင်က ဂီတာတီးပြတတ်သည်။ သီချင်းတော့ မဆို၊ ဂီတာသံ သက်သက်သာ၊ မောင်တီးလေ့ရှိသော သီချင်းမှာ “ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး…” ဟူသော သီချင်း ဖြစ်သည်။ ကြာလာတော့ အင်ထရိုလေး စဝင်လိုက်သည်နှင့် ကျွန်မက ထိုသီချင်းကို အလွတ်မှတ်မိနေတော့သည်…။ ပြီးတော့ မောင်က ပြောသေးသည်။ ဟိုး စစချင်း လှေခါးတဆစ်ချိုးလေးမှာ တွေ့တဲ့နေ့က ကျွန်မ မသိအောင် ဆံပင်အဖျားလေးကို ထိကိုင်လိုက်သတဲ့…။ အဲဒါကို မသိလိုက်ဖူး မဟုတ်လား… လို့ မေးလာသည်။ ထိုအခါ ကျွန်မက မောင် ရှက်သွားမှာစိုးပြီး ဟင့်အင်း မသိလိုက်ပါဘူး လို့ ငြင်းတာ… အမှန်ကတော့ ကျွန်မ မသိပဲ နေပါ့မလား…။

မောင်နှင့် ကျွန်မတို့၏ အချစ်အကြောင်းကို ပြောပြပါဆိုလျှင် ဘာကိုမှ ထူးထူးခြားခြား ပြောစရာမလို။ အချိန်တိုင်းသည် အချစ်အကြောင်းတွေသာ ဖြစ်နေ၏။ မောင့် အပြောအဆို၊ အပြုအမူ၊ မောင့် လှုပ်ရှားမှုတွေတိုင်းသည် အချစ်ဖြစ်သည်။ မောင် ကျွန်မကို စာရှင်းပြနေချိန်များ၊ မောင် ကျွန်မကို ခေါင်းဖြီးပေးနေချိန်များ၊ မောင် ဂီတာတီးပြနေချိန်များ၊ နောက်ဆုံး မောင် စိတ်ဆိုး စိတ်ကောက်နေချိန်များ… ဒါတွေအားလုံးသည် အချစ်အကြောင်းတွေသာ ဖြစ်သည်။

စာမေးပွဲအပြီး ကျောင်းပိတ်ရက်ရှည်တွေမှာ မောင်က မွေးရပ်မြေကို ပြန်သွားသောကြောင့် လွမ်းရပြန်သည်။ စာတွေ အပြန်အလှန် ရေးကြသည်။ ဖုန်းတော့ သိပ်မဆက်ဖြစ်၊ ဖုန်းဘေလ်လာလျှင် အိမ်က သိသွားမှာ ကြောက်ရသောကြောင့် ဖြစ်သည်။ တခါတခါတော့ မောင်က ဆက်တတ်သည်။ လူကြီးများ နည်းနည်းလစ်လျှင် စကားတိုးတိုး ပြောဖြစ်ကြသည်။ သည်လိုနှင့် သိပ်မကြာခင်မှာ ကျွန်မ ကြိုတင်မျှော်လင့်ပြီး ဖြစ်သည့်အတိုင်း မောင်နဲ့ အဝေးဆုံးကို ဝေးသွားဖို့ သေချာသွားခဲ့သည်။ ကျွန်မမှာ ရွေးချယ်ပိုင်ခွင့် မရှိခဲ့ပါ။ ထိုအကြောင်းကို မောင့်ထံ စာရေးပြီး ပြောပြသောအခါ မောင်က မိဘတွေကို ခေါ်လာပြီး လာရောက် တောင်းရမ်းမည်ဟု ဆိုသည်။ ကျွန်မက တွေဝေစွာဖြင့် သတ္တိနည်းခဲ့သလို မောင်ကိုယ်တိုင်ကလည်း ရှေ့ဆက်တိုးလာဖို့ အားငယ်နေခဲ့သည်။ ရွှေလက်စွပ် မောင်းကွင်းလေး တကွင်း ကျွန်မလက်ထဲသို့ ရောက်လာချိန်တွင် ပြင်းပြင်းပြပြ သတိရ တမ်းတမိသူမှာ မောင်သာ ဖြစ်သည်။

အောင်စာရင်းထွက်သောနေ့က မောင် ကျောင်းကို ပြန်ရောက်လာသည်။ မောင့်ကို သွားတွေ့မှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ သည်လိုအခြေအနေတွေ ကြားမှပင် ကျွန်မ မောင့်ကို တကယ်ချစ်ကြောင်း မောင် ယုံကြည်စေချင်သေးသည်။ အတ္တကြီးသူ၊ တကိုယ်ကောင်းဆန်သူ၊ သတ္တိနည်းပြီး သွေးကြောင်သူ စသော ဝေါဟာရများကိုသုံးပြီး မောင် အပြစ်တင်လျှင်လည်း ခေါင်းငုံ့ခံလိုက်မည်။ မောင် စကားနာထိုးလျှင်လည်း ပြုံးနေလိုက်မည်။ မောင် စိတ်ကောက်လျှင်တော့ မောင့်ပုခုံးကို မှီတွယ်ရင်း နှုတ်ဆိတ်နေလိုက်မည်။ သည်လိုတွေးပြီး မောင့်ဆီကို ဖုန်းဆက်ကာ လာတွေ့မည်ဟု ပြောလိုက်သည်။ ထိုအခါ မောင်က စကားတခွန်းကို တိုးတိုးညင်သာ ပြောခဲ့ပါသည်…။ မှတ်ပုံတင် ယူလာခဲ့နော် တဲ့…။

ထိုနေ့က အိမ်မှ ထွက်ခါနီးအထိ ကျွန်မစိတ်ထဲမှာ ဒွိဟ ဖြစ်နေပါသည်။ တကယ်တော့ မှတ်ပုံတင်လေးက ကျွန်မရဲ့ ပိုက်ဆံအိတ်ထဲမှာ ရောက်နှင့်နေပြီးသား… ပြီးတော့ လက်မှာ ဝတ်ထားသော လက်စွပ်ကလေး…။ သည်အရာနှစ်ခုအနက်က တခုသာ ယူသွားသင့်သည်ဟု တွေးရင်း ဘယ်အရာကို ပြန်ထားခဲ့ရမှန်း မဝေခွဲတတ်…။ တညလုံးလဲ အိပ်မပျော်၊ နောက်တနေ့ကိုရောက်ဖို့ စိတ်စောနေခဲ့သည်။

တကယ်တမ်း မောင်နှင့်တွေ့ကြသောအခါ ဘယ်တုန်းကမှ ဘာမှ ဖြစ်မထားခဲ့ကြသော သူတွေလို၊ သာမန် တွေ့နေကျပုံစံမျိုးနှင့် သက်တောင့် သက်သာ ရှိနေခဲ့သည်။ ထူးထူးခြားခြား ဘာစကားမှ မဆိုဖြစ်ကြ။ ရန်ကင်းမှာ နေ့လည်စာ သွားစားကြပြီး မောင်က မြို့ပြင်ဖက်သွားရန် ပြောသည်။ ကျွန်မက ခေါင်းခါပြလိုက်မိသည်။ နောက်တော့ မောင် ဘာမှ ထပ်မပြောတော့ချေ။ မှတ်ပုံတင်ပါသလားလို့လည်း မောင်က မမေးတော့ ကျွန်မလည်း မပြောဖြစ်ခဲ့။ ကျွန်မ လက်ထဲက လက်စွပ်ကလေးကို မောင်က လာကိုင်ကြည့်နေသေးသည်။ ဆုတ်သာ တက်သာ ဆိုသော အခြေအနေမှာ မရှိတော့သည်ကို မောင် ရိပ်မိပုံရသည်။ ကျွန်မချစ်သော မောင်က အခါများစွာမှာ စိတ်ဆိုးလွယ်သော်လည်း ဒီအချိန်လေးမှာတော့ စိတ်ဆိုးမနေခဲ့၊ တဇွတ်ထိုးမဆန်ခဲ့၊ အနိုင်မယူခဲ့၊ လူကြီးဆန်ပြီး ကျွန်မကို ငဲ့ညှာခဲ့သည်။

အိမ်ရောက်တော့ အိတ်ထဲမှာ ပြန်ပါလာသော မှတ်ပုံတင်ကဒ်ပြားလေးကို ထုတ်ယူရင်း ခုနကသာ ဒါလေးကို မောင့်ကို ပြခဲ့မိလျှင် အခြေအနေတွေ တမျိုးတဖုံ ပြောင်းလဲသွားနိုင်ကြောင်း တွေးရင်း နောင်တ မျက်ရည် ကျမိပါသည်။ ပြီးတော့ မောင့်ကို ချစ်ခင် မြတ်နိုးစိတ်၊ သနားကြင်နာစိတ်တို့နှင့်အတူ ကျေးဇူးတင်မိပါသည်။

နီးစပ်ဖို့ ခက်ခဲသော ဘဝနှစ်ခု ဖြစ်မှန်း အစထဲက ကျွန်မ သိခဲ့ပါသည်။ သို့သော် အချစ်ဆိုသည်ကား ဖန်တီး၍ မရသလို အချစ်တခု ဖြစ်တည်လာခဲ့သောအခါတွင်လည်း တားဆီး ဖျောက်ဖျက်၍ မရပါ။ သူ့အလိုလို ချစ်မိလေသောအခါ ထိုအချစ်ကို ထိန်းသိမ်း ချုပ်နှောင် မထားချင်ခဲ့ပါ။ မောင် ချစ်တာကို လက်ခံချင်သလို ကျွန်မ အချစ်ကိုလည်း မောင်သိစေချင်ပါသည်။ အနည်းဆုံးတော့ မောင် ကျေနပ်စေချင်သည်လေ။

ဘဝ၏ အချိန် အပိုင်းအခြားကလေး တခုမှာ မောင်နှင့် နှစ်ဦးသား ချစ်ရည် တူမျှစွာ ချစ်ခဲ့ဖူးသည် ဟူသော အချက်က တဘဝလုံးစာ ဆက်လက်ရှင်သန်ရန် လုံလောက်သော ခွန်အားတွေ ပေးစွမ်းနိုင်လိမ့်မည်ဟု ကျွန်မ သေသေချာချာ ယုံကြည်ခဲ့ပါသည်။



(၂၇ မတ် ၂၀၁၁)

16 comments:

  1. ဘဝ၏ အချိန် အပိုင်းအခြားကလေး တခုမှာ မောင်နှင့် နှစ်ဦးသား ချစ်ရည် တူမျှစွာ ချစ်ခဲ့ဖူးသည် ဟူသော အချက်က တဘဝလုံးစာ ဆက်လက်ရှင်သန်ရန် လုံလောက်သော ခွန်အားတွေ ပေးစွမ်းနိုင်လိမ့်မည်ဟု ကျွန်မ သေသေချာချာ ယုံကြည်ခဲ့ပါသည်။

း( တကယ်ပဲ အဲဒီလို ခွန်အားတွေ ရှိချင်ပါရဲ့

    ReplyDelete
  2. စာကို ကြိုက်လွန်းလို့ ၃ခေါင်ဖတ်မိတယ်။မမသက်ဝေ
    သိပ်တော်တာပဲ..အစအဆုံးစာဖတ်သူကိုမျော နေအောင်ကိုဆွဲခေါ်သွားနိုင်တယ်။

    ReplyDelete
  3. ဟင်. အချစ်ကိုမုန်းတယ်။ ဘာလို့ သူမျးကို..လက်ခံရတာလဲ..။
    mm

    ReplyDelete
  4. ညီလင်းသစ်March 27, 2011 at 5:36 AM

    အခုလို ဟိုဖက်ကော၊ ဒီဖက်ပါ နားထောင်ရတော့မှပဲ ဟန်ချက်ညီသွားတော့တယ်...။း)

    ReplyDelete
  5. အဲဒါလဲ အချစ်တစ်မျိုးပေါ့နော်...

    ReplyDelete
  6. အတင်းပြောချင်တဲ့ များကျောက်ကျောက်March 27, 2011 at 8:03 AM

    ကိုင်း...မောင် ကလဲရေးပြီးပြီ
    ကျွန်မ ကလဲရေးပြီးပြီ..
    ဘေးကနေ အတင်းပြောမဲ့ သူတွေ ရေးဖို့ကျန်သေးတယ်..

    ReplyDelete
  7. ညီမလေးMarch 27, 2011 at 9:11 AM

    အဲ့ဒါကြောင့် အချစ်နဲ့အဝေးကြီးမှာ နေချင်တာ....

    ReplyDelete
  8. ပန်ဒိုရာMarch 27, 2011 at 9:58 AM

    လက်မထပ်ဖြစ်တဲ့ အချစ်တစ်ခုအကြောင်းပေါ့။
    ကိုယ်လျှောက်ခဲ့တဲ့ လမ်းကိုယ်စီနဲ့ အချိန်တွေ ကြာသွားတဲ့အခါ ချစ်ခဲ့ဖူးတဲ့ အဖြစ်တွေဟာ ပူလောင်တဲ့ တမ်းတလွမ်းဆွတ်မှုမျိုးထက် ချစ်ခင်နှစ်သက်ခဲ့ကြဖူးတယ်ဆိုတဲ့ နှစ်သိမ့်ကျေနပ်စရာ အမှတ်တရတစ်ခုအဖြစ် အေးချမ်းစွာ ဆက်တည်ရှိနေရင် အကောင်းဆုံးဖြစ်မှာပါ။

    ReplyDelete
  9. တချို့လူတွေရဲ့အမှတ်တရအချစ်အကြောင်းတွေနဲ့
    ၊မျှော်လင့်ထားသလိုဘယ်တော့မှမရနိုင်တဲ့စွန့်စားရဲတဲ့အချစ်တွေအားလုံးအတွက်
    ဒီဝတ္ဘုတိုလေးကိုဖြေဆေးတခုလိုထပ်ခါထပ်ခါ၊
    ကျနော်ဖတ်သွားတယ်နော်
    စာရေးတကယ်တက်လာတယ်၊အခုလို၊အလုပ်တပိုင်း
    ၊မိသားစုတာဝန်တဖက်ကြားက...ဒီဘလောက်ကိုဖြည့်နေနိုင်တာလေးစားပါတယ်
    စာရေးတဲ့လက်တချောင်းထပ်ဆောင်းတိုးလာပါစေ.. :)

    ReplyDelete
  10. သနားပါတယ်...း(
    မဖြစ်နိုင်ရင် အစထဲက မချစ်ခဲ့မိရင် ကောင်းမှာပဲနော်..
    ချစ်ခဲ့ပီးမှတော့ လမ်းမခွဲရဲဘူး


    နောင့်

    ReplyDelete
  11. ချော(အစိမ်းရောင်လွင်ပြင်)March 27, 2011 at 5:27 PM

    အို.. ဖတ်ရတာ တကယ့် Romantic လေးဘဲ။
    ကြည်နူးစရာကောင်းလိုက်တဲ့ အချစ်အကြောင်းလေးပါ မသက်ဝေရယ်။ အချစ်ရေလျဉ်ကြောမှာ စီးမြောသွားပြီး အဆုံးသတ်စာသားလေးနဲ့ ရေစီးကြောကို ရပ်တန့်ခံလိုက်ရတယ်။
    ပြီးတော့ အချစ်ဆိုတာကို ပိုပြီး ပီပြင်အောင် မီးမောင်းထိုးပြနေတာက မညားဖြစ်ကြရင်တောင် ချစ်ခဲ့တာလေးတွေကို ပြန်တွေးပြီး ကြည်နူးနိုင်တာဘဲ ဆိုတဲ့ အချက်လေးဘဲ မဟုတ်လားနော်
    မျှဝေခံစားမိပါတယ်။

    ReplyDelete
  12. အချစ်က ဘာလို့အဲလိုဆုံးဖြတ်ရတာလဲ။
    မခံစားနိုင်ဘူး.... :(

    ReplyDelete
  13. အစ်မ အရမ်းဖတ်လို့ ကောင်းတယ် ။

    ReplyDelete
  14. ကမ္ဘာပေါ်မှာအဲလိုအချစ်မျိုးတွေ အများကြီးနေမှာ...

    ReplyDelete
  15. မမသက်ဝေ


    အဲ့လို အချစ်မျိုးတွေ များကြီးပဲနော်။
    နားလည်မှု့ တွေ ကျေနပ်မှု့ တွေ နဲ့ ဝေးခဲ့ကြတဲ့
    အချစ်ဟာ ဘယ်အချိန်ပြန်တွေးတွေး စေတနာ ဖက်
    မေတ္တာမပျက်ပဲ မုဒိတာပွားမိတဲ့ အခါရှိတယ်။
    အမုန်းမပါတဲ့ လမ်းခွဲခြင်းဟာ တွေးတိုင်းကြည်နှူးရတယ်။

    မယ်ညို

    ReplyDelete
  16. အချစ်အကြောင်း ပြောရအောင်နဲ့ ဒီပို့စ် ရေးထားတာ အရမ်း ကောင်းပါတယ်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...