Sunday, May 1, 2011

ကိုကြီးကျောက်... R.I.P.


၂၀၁၀ အောက်တိုဘာ ၉ ရက်နေ့မှာ ကိုကြီးကျောက် စပြီး နေမကောင်းဖြစ်တဲ့ သတင်းကို စပြီး သိခဲ့ရတယ်။ သူရေးတဲ့ ယမမင်းသို့ ခြေလှမ်း ၁၈၀ ပိုစ့်ကို ဖတ်ပြီး ဘာပြောလို့ ပြောရမှန်းမသိအောင် စိတ်မကောင်းဖြစ်မိတယ်။ အမြဲတမ်း နောက်ပြောင်နေကျ သူ့ထုံးစံအတိုင်း သူ နောက်နေတာပဲ ဖြစ်ပါစေလို့ ဆုတောင်းပေမယ့်… …

သူ့အတွက် ဆရာဝန်က ကန့်သတ်ပေးလိုက်တဲ့ သိပ်မဝေးလှတော့တဲ့ အချိန်တွေကို လှမ်းရေတွက်ကြည့်မိပြီး ကိုယ် ဘာများလုပ်ပေးနိုင်ပါ့မလဲ လို့ တွေးလိုက်တော့ ကိုယ်လုပ်ပေးနိုင်တာ တခုပဲ တွေ့ရပါတယ်။ အဲဒါကတော့ ဆုတောင်းခြင်းပါပဲ။ ဒါကြောင့် ကိုကြီးကျောက်အတွက် ဆုတောင်း ပေးခဲ့ပါတယ်။

ကိုယ့်လိုပဲ ကိုကြီးကျောက်ကို ချစ်ခင်ကြတဲ့ ရပ်နီး ရပ်ဝေးက တယောက်နဲ့တယောက် မတွေ့ဖူး မမြင်ဖူးကြတဲ့ စာရေးဖေါ် မောင်နှမတွေအားလုံးက သူ့အတွက် ဆုတောင်းကြတယ်။ အားပေးစကားတွေ ဆုတောင်းစကားတွေကို သူ့ဘလော့ဂ်မှာ သွားရေးကြတယ်။ ဆက်သွယ်စရာ ဖုန်းနံပါတ်ရလာပြန်တော့ ဖုန်းနဲ့ စကားပြောပြီး အားပေးခဲ့ကြတယ်။ အစာလည်းဆေး ဆေးလည်းအစာ ဆိုတဲ့အတိုင်း တချို့မောင်နှမတွေကလည်း ကိုကြီးကျောက်အတွက် ဆေးဖက်ဝင်မယ့် ကောင်းနိုးရာရာ စားသောက်ဖွယ်ရာတွေကို လှမ်းပို့ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ကိုကြီးကျောက်ကို ၆ လ ကနေ ၉လ အထိလို့ ဆရာဝန်တွေက ခန့်မှန်းခဲ့ကြတယ်… ဒါကြောင့် ကိုကြီးကျောက်ကိုယ်တိုင်က ၂၀၁၀ ကုန်ရင် စာရေးနိုင်တော့မယ် မထင်ဘူးလို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့် ကိုကြီးကျောက်ရဲ့ အခြေအနေဟာ ဆရာဝန်တွေ ကိုယ်တိုင် အံ့သြရလောက်အောင် တိုးတက်လာတယ်လို့ သိရတော့ အဲဒီ ရက်ပေါင်း ၁၈၀ ဆိုတဲ့ အချိန်အကန့်အသတ်ကြီးကို တခဏတော့ မေ့ပျောက်သွားစေတာ အမှန်ပဲ။

ကိုကြီးကျောက်ကိုယ်တိုင်ကလည်း သူ့အတွေ့အကြုံတွေ သူ့အခြေအနေတွေကို တလကို ပိုစ့်အသစ် ၅ ခု၊ ၆ ခုလောက်နဲ့ အဆက်မပြတ် မျှဝေလို့…။ မောင်နှမတွေအားလုံးရဲ့ စာမျက်နှာတွေဆီကိုလည်း အသစ်တင်တိုင်း အမြဲတမ်း အရောက်လာပြီး ပျော်စရာ ပြုံးစရာ နောက်လို့ ပြောင်လို့ ရယ်မောစရာ စကားလုံးတွေ ချန်ထားနေကျ…။

၂၀၁၁ မတ်လအကုန်လောက်မှာ ဆေးစစ်တော့ ကိုကြီးကျောက်ရဲ့ တိုးတက်မှုတွေကို ကြည့်ပြီး ဆရာဝန်တွေ မျက်စေ့လည်ကုန်ကြတာ ဖတ်ရတော့ စိတ်ထဲ ကျေနပ်…။ အဲဒီရက်တွေမှာ တုံးကျော်ကျောက်လို့ သူ့ကို နောက်ပြောင်ပြီး ခေါ်ခဲ့ကြသေးတာ...။ သူ Las Vegas ကို သွားလာ လည်ပတ်တဲ့ အကြောင်းတွေကိုလည်း စာတွေ ဓါတ်ပုံတွေနဲ့ ဝေဝေဆာဆာ ဖတ်ရလေတော့ အင်း… ကိုကြီးကျောက်တော့ တကယ် နေကောင်းနေတာပဲရယ်လို့ စိတ်ချလက်ချ…။ ကိုယ် Tag လုပ်တဲ့ Daily Likes ပိုစ့်မှာ “ကျောက်အကြိုက် ကိုတော့ ပြန်လာမှ ရေးတော့မယ် ငါ့နှမရေ…. ခု Las Vegas သွားမှာမို့.. ၁၃ ရက်နေ့မှ ပြန်ရောက်မယ်...” လို့တောင် ပြောသွားခဲ့သေးတာ…။

သူ့ ဘလော့ဂ်မှာ Status အနေနဲ့ “Grand Canyon နဲ့ Red Rock Canyon မှာ တောင်တက် တောင်ဆင်းတွေ လုပ်တာ နဲနဲပန်းသွားလို့ စာမရေးနိုင် အိမ်မလည်နိုင် သင်္ကြန်မကဲနိုင် ဖြစ်နေပါတယ်၊ နောက်တပါတ်တော့ recover ဖြစ်ရင် ဘလော့ဂ်ထဲ ပြန်ရောက်ပါမယ်…” လို့ ပြောထားခဲ့ပေမယ့်… ...

သူ ပြန်မလာတော့ပါဘူး…။
သူ့ကို ချစ်ခင်ကြတဲ့ ညီအကို မောင်နှမတွေကို သူသံယောဇဉ်ရှိတဲ့ ဘလော့ဂ် စာမျက်နှာတခုနဲ့အတူ ချန်ထားခဲ့ပြီ။ ဆရာဝန်တွေ ကြိုတင်မှန်းဆထားခဲ့တဲ့ ရက်ပေါင်း ၁၈၀ ထက် ရက် ၃၀ လောက် ပိုနေသွားခဲ့တယ်…။ နှေးနှေးပဲ သွားသွား မြန်မြန်ပဲ သွားသွား အားလုံး တနေ့နေ့မှာ မလွဲမသွေ သွားကြရမယ့်လမ်းလို့ သိနေပေမယ့် တကယ့်လက်တွေ့မှာ ဒီသတင်းကို ကြားသိရတော့ အလွန် ဝမ်းနည်း တုန်လှုပ်မိပါတယ်။ နေမကောင်းတာကို စသိစဉ်အခါတုန်းက ဆုတောင်းပေးခဲ့ဖူးသလို အခုလည်း ဆုတောင်းပေးဖို့ပဲ တတ်နိုင်ပါတယ်။

ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ…။



14 comments:

  1. ထပ်တူ ၀မ်းနည်းမိပါတယ်
    ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ

    ReplyDelete
  2. ကိုကြီးကျောက် ကောင်းရာ သုဂတိလားပါစေ။ ရုတ်တရက် သိလိုက်တော့ တော်တော် တုန်လှုပ်မိတယ်။ လွန်ခဲ့တဲ့ ၆ ရက်ကပဲ ဘလော့ဂ်မှာ ပို့စ်တွေ တင်နေသေးတယ် မပာုတ်လား။ သတင်းကောင်း ဖြစ်တဲ့ "ပြန်နေကောင်းလာပြီ၊ ကင်ဆာ မပာုတ်တော့ဘူး" ဆိုတာ ဖတ်ခဲ့ရလို့ တဖြည်းဖြည်း ထူထူထောင်ထောင် ဖြစ်လာမယ်ပဲ ထင်ထားခဲ့တာ။ အခုတော့........ ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ပြီ။

    ReplyDelete
  3. ဖတ်မိတိုင်း ၀မ်းနည်းစိတ်မကောင်း ဖြစ် မိတယ် ...

    mie nge

    ReplyDelete
  4. recover ပြန်ဖြစ်ရင် ဘလော့ထဲ ပြန်ရောက်ပါမယ်တဲ့ အစ်မရာ..... စိတ်မကောင်းလိုက်တာ

    ReplyDelete
  5. nya nay ka pae ...friend tayout si ka phone ya tal. ma yone thay woo. yatayar chay nay tal mhat tal. PC ka lae format nay lo. khu mha zawgyi down pe pe chin . myin lite ya talt blog tway mharrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrr..............................

    :((((((((:(:(:(:(:(:(:(:((:

    ReplyDelete
  6. ကိုကြီးကျောက် ကောင်းရာဘုံဘ၀ရောက်ရှိပါစေ။
    သိပ်စိတ်မကောင်းဖြစ်မိသလို..
    ကိုယ်တွေလည်းနေ့ စဉ်ဒီလမ်းမှာဘဲလျှောက်နေကြတာဘဲလို့ သတိရမိပြန်ပါတယ် မသက်ဝေရယ်။
    အိုင်အိုရာ

    ReplyDelete
  7. မသက်ဝေရေ မမျှော်လင့်ဘဲ ဖြစ်သွားတာ တကယ်ကို ပြောစရာ စကားတောင် ရှာမတွေ့ဖြစ်သွားတယ်။ ကိုကြီးကျောက်၊ အန်ကယ်နိုင် ကောင်းရာသုဂတိလားပါစေ ရောက်ရာဘုံဘ၀မှာ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀ကိုပိုင်ဆိုင်ပါစေလို့ ဆုတောင်းဖို့ပဲ ကျန်တော့တယ်။

    ReplyDelete
  8. ဘလော့မောင်နှစ်မတတွေအားလုံးကို အရယ် အရွှမ်းလေးတွေနဲ့ အားပေးနေကျ ဘကျောက် ..
    နောက်ဆုံးချိန်ထိ ပျော်ရွှင်စွာနေထိုင်သွားခဲ့တဲ့ ဘကျောက်..
    သေမယ်မှန်းသိရင် ဗမာပြည်ပြန်နေချင်သေးတယ်လို့ ပြောသွားခဲ့တဲ့ ဘကျောက်...
    ကောင်းရာသုဂတိရောက်ပြီး အေးချမ်းနိုင်ပါစေ...
    နောင်ဘဝဆိုတာကြီးမှာ ရောဂါဆိုးကြီးမှ ကင်းဝေးနိုင်ပါစေ..

    ReplyDelete
  9. အရမ်းဝမ်းနည်းမိတယ်...။
    R.I.P ကိုကြီး....။

    ReplyDelete
  10. It's really sad to hear about ကိုကြီးကျောက် , I believed he gave and left many lesson thru his blog post.
    ကောင်းရာသုဂတိလားပါစေ…။
    tin htoo

    ReplyDelete
  11. ကိုကြီးကျော်ရဲ့ ပို.စ်များကိုဖတ်ဖူးပါသည်၊ သိပ်မခင်မိပေမဲ့ ပျော်ပျော်နေတတ်တဲ့သူ၊ ဘလော့ဂါတော်တော်များများကလည်း သူ.ကိုချစ်ခင်ကြကြောင်းကိုလည်း သတိပြုမိပါတယ်၊

    စိတ်မကောင်းပါ ...

    ReplyDelete
  12. စကားတစ်ခါမှ တိုက်ရိုက်မပြောဖူးပေမဲ့ အွန်လိုင်းမှာ နာမည်ကို မြင်ဖူးတွေ့ဖူးရှိနေတော့ စိတ်မကောင်းဖြစ်မိပါတယ်။

    ReplyDelete
  13. အဖြူရောင်နတ်သမီးMay 3, 2011 at 3:27 AM

    ဘကျောက်တယောက် ကောင်းရာသုဂတိလားပါစေရှင်...

    ReplyDelete
  14. အားလုံး နဲ့ ထပ်တူ ဝမ်းနည်း ကျေကွဲမိပါတယ်
    အေးချမ်းရာ ဘုံဘဝ ရောက်နေပြီလို့ ယုံကြည်ပါတယ် ကိုယ်လည်း သွားရမှာဘဲလေ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...