Tuesday, May 14, 2013

အနီရောင်ကြိုး


ကမ်းစပ်သို့ တဝုန်းဝုန်း လာရောက်ရိုက်ခတ်နေသော ရေလှိုင်းများကို ငေးမောကြည့်နေရင်း သူ့စိတ်တွေသည်လည်း ထိုရေလှိုင်းများလို လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်ကို သတိထားလိုက်မိသည်…။ အတိတ်ဆိုသည်မှာ အချိန်ကာလ မည်မျှပင် ကြာမြင့်စေကာမူ မေ့ပျောက်စေနိုင်သောအရာတခု မဟုတ်မှန်း အချိန်ကြာလာသည်နှင့်အမျှ သူ ပိုနားလည် လာခဲ့သည်။ ရေလှိုင်းများကို တလှည့် လက်ထဲမှာ ကိုင်ဆောင်ထားသော အနီရောင် လက်ပတ်ကြိုးလေးကို တလှည့် ကြည့်ရင်း နောက်ဆုံးမှာ ထိုကြိုးလေးကို နှုတ်ခမ်းဖျားဖြင့် အသာ ထိကပ် နမ်းလိုက်ပြီး ရေလှိုင်းတွေကြားထဲကို လွှတ်ချလိုက်တော့သည်…။ အရာအားလုံးကို ပြီးဆုံးသွားစေခဲ့ပြီ…

တချိန်ကတော့ ထို အနီရောင် လက်ပတ်ကြိုးလေးသည် သူ့ဘဝ၏ တစိတ်တပိုင်း၊ သူ့ဘဝ စာအုပ်၏ စာမျက်နှာ တချို့ဆိုလျှင်လည်း ဟုတ်သည်။ သူ့ အဖေါ်ဆိုလျှင်လည်း ဟုတ်သည်။ သူ့ကို အထောက်အပံ့ပြုသော သူ့ကို အကူအညီများစွာ ပေးခဲ့သောအရာလေးတခုဆိုလျှင်လည်း မမှား…။ သူ ထိုအနီရောင်ကြိုးလေးနှင့် အတူတူရှိခဲ့သော ညနေခင်းများစွာထဲမှ တခုသော မှောင်ရီရီညနေခင်းကို ယခုအချိန်မှာ ပြင်းပြင်းပြပြ အမှတ်ရနေမိသည်…

*****

ဖွင့်ကာစ ကုန်တိုက်ကြီးတခု၏ အဝင်ဝနားမှ ပန်းအလှစိုက်သော စဥ့်အိုးအကြီးကြီးသည် သူ့အတွက် ပြည့်စုံ လုံလောက်သော အကာအကွယ်တခု ဖြစ်သည်။ ထိုစဥ့်အိုးကြီးနားမှ ခုံတန်းရှည်လေးတွင် ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး သူ ထိုင်လေ့ရှိသည်။ ဝင်လာသမျှ လူများ ရုတ်တရက်ဆိုလျှင် သူ့ကို အလွယ်တကူ မမြင်နိုင်ချေ။ ထိုနေရာမှာ ထိုင်လိုက်ပြီး ပထမဆုံး လုပ်သော အလုပ်မှာ လက်ပတ်ကြိုး နီနီလေးကို လက်ကောက်ဝတ်မှာ ပတ်လိုက်ခြင်းဖြစ်သည်။ ဒါဆို အလုပ် စ ပြီ ဟု ဆိုနိုင်ပေပြီ။

ညနေခင်းအချိန်ဖြစ်သောကြောင့် ကုန်တိုက်ကြီးထဲမှ ဆိုင်ခန်းများမှာ ဈေးသည် ဈေးဝယ်များလည်း တစထက် တစ စည်ကားလို့လာပြီ။ လူ အများစုကတော့ သူရှိရာနေရာကို မည်သူမျှ သေသေချာချာ ဂရုမပြုကြပဲ ဖြတ်သွား ဖြတ်လာပြုကြသည်။ ထိုစဉ် တဒေါက်ဒေါက်နှင့် စည်းချက်ညီညာသော ခွာမြင့်ဖိနပ်သံ တစုံသည် သူ့အနီးတွင် အသံတိတ်သွားသည်။ သူ မော့ကြည့်လိုက်သည်။ လှပစွာ ဆင်ပြင်ထားသော အမျိုးသမီးတယောက်… အတွေ့အကြုံအရ ထိုအမျိုးသမီး၏ အသက်ကိုတော့ ၃၅ နှစ်လောက်ဟု ခန့်မှန်းမိသည်။ သေချာသည်ကတော့ ထိုအမျိုးသမီးကို သူ တခါမှ မတွေ့ဖူးသေး… ထိုစဉ်မှာ အမျိုးသမီးက သူ့ကို ခေါင်းတချက် ဆတ်ကာ လှစ်ကနဲ ပြုံးပြသည်။ ထိုအခါ သူ ထိုင်ရာမှ ထ လိုက်သည်။ ဦးထုပ်ကို ပိုမို ငိုက်အောင် ဆွဲချရင်း ကျောပိုးအိပ်ကို လွယ်ကာ ထိုအမျိုးသမီး၏ ခြေလှမ်းများနောက်မှ ခပ်ခွာခွာ လိုက်လာခဲ့သည်။ မြေထပ်ထဲမှ ကားရပ်နားရာနေရာသို့ ရောက်လာသောအခါ အမျိုးသမီးက ကားသော့ကို လှမ်းပစ်ပေးလိုက်သည်။ ဟား… ကားက တကယ် အပျံစားပါလား…။ ထိုစဉ် နာမည်ကြားရုံဖြင့် ခန်းနားမှုကို သိနိုင်သော ဟော်တယ်ကြီးတခု၏ အမည်ကို အမျိုးသမီးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အိုးကေ… သူ တစုံတရာကို တွေးရင်း ရွှီကနဲ လေတချက် ချွန်လိုက်သည်။ ကားမောင်းနေစဉ်တလျောက်လုံး ထိုအမျိုးသမီးက သူ့ကို စကားတခွန်းမှ မပြော၊ အကဲခတ်ဟန် စပ်စုဟန်လည်း လုံးဝ မပြပါ။ ရင်းနှီးကျွမ်းဝင်နေပြီးသော သူငယ်ချင်း မိတ်ဆွေတယောက် မောင်းသောကားကို စီးလာလေဟန်ဖြင့် အေးအေးဆေးဆေး သက်တောင့်သက်သာ…။ ဘယ်လို မိန်းမပါလိမ့်…

ထိုဟော်တယ်ကြီး၏ အခန်းနံပါတ်မှာ ၃၀၇၆ မှာ တမြို့လုံးကို အပေါ်စီးက လှလှပပမြင်နိုင်ပြီး ခန်းနား ကျယ်ဝန်းသော အခန်းတခန်း ဖြစ်သည်။ အနက်ရောင် သားရေ ဆိုဖါပေါ်တွင် ခြေထောက်ကို ချိတ်၍ ခပ်မတ်မတ် အနေအထားဖြင့် ထိုင်နေသော အမျိုးသမီးကို သူ တချက်ကြည့်ပြီး ဘာလုပ်ရမှန်းမသိလျှင် လုပ်နေကျ အမူအရာအတိုင်း ခေါင်းကို မော့ကာ ဆံပင်ကို တချက်သပ်လိုက်သည်။ သူ့အခြေအနေကို သိနေသည့်အလား အမျိုးသမီးက “ထိုင်လေ…” ဟု ဆိုကာ မျက်နှာချင်းဆိုင်မှ ဆိုဖါကို မေးဆတ်ပြသည်။ သူ ဝင်ထိုင်လိုက်ပြီး အတန်ကြာသည်အထိ အမျိုးသမီးက ဘာစကားမှ မဆိုတော့။

အရင်က တွေ့ဖူးနေကျ အမျိုးသမီးများလို မင်း အသက်ဘယ်လောက်ရှိပြီလဲ… ဒီလိုလုပ်နေတာ ဘယ်လောက်ကြာပြီလဲ… ဘာလို့ ဒီအလုပ်မျိုး လုပ်တာလဲ… ကျောင်းတက်သလား… ဒီအလုပ်လုပ်တာ ကျောင်းချိန်တွေကို မထိခိုက်ဖူးလား… စသော မိန်းမပီပီ စပ်စပ်စုစု မေးခွန်းများကို မျှော်လင့်ထားသော်လည်း ဘာမှ မမေးပါ။ ထို့အပြင် အရင်က တွေ့ဖူးနေကျ အမျိုးသမီးများလို သူ့အနီးကို တိုးကပ်လာကာ တွတ်တီးတွတ်တာ စကားများလည်း မပြောဆိုပါ၊ ပွတ်သီးပွတ်သပ်လည်း လာမလုပ်ပါ။ တချို့တချို့သော အမျိုးသမီးများလို သူတို့၏ လွမ်းခန်း ဆွေးခန်းများ၊ သူတို့၏ မလှပသော ဇာတ်လမ်းများကို ဝမ်းနည်းစွာဖြင့် တဖွဲ့တနွဲ့ ပြောမည့်ပုံလည်း မရပါ။ ဆိုဖာပေါ်တွင် သက်သက်သာသာ ထိုင်နေရင်းက ခပ်တည်တည်ပင် သူ့ကို လှမ်းကြည့်နေလေသည်…။ ကြာတော့ သူ စဉ်းစားရကြပ်လာသည်။ အနေခက်လာသည်။ ဒီမိန်းမ ဘာအတွက်ကြောင့် ငါ့ကို ခေါ်လာတာပါလိမ့်…

“အဝတ်တွေ ချွတ်လိုက်ပါလား…”

မျှော်လင့်မထားသော စကားမို့ အငိုက်မိသွားပြီး ခင်ဗျာ… ဟု တအံ့တသြ ပြန်မေးလိုက်သံကြောင့် အမျိုးသမီးက နောက်တကြိမ် ထပ်ပြောရသည်။ သူ့ကိုယ်ပေါ်မှ နောက်ဆုံးလက်ကျန် အဝတ်ကို ချွတ်မည်အလုပ်မှာ…

“အိုကေ… အိုကေ… တော်ပါပြီ… ဒီလောက်ဆို ရပါပြီ…” ဟု ထိုအမျိုးသမီးက ရယ်မြူးရိပ်ပါသော လေသံတိုးတိုးဖြင့် ပြောသည်။

ခက်လိုက်တာ… သည်အလုပ်လုပ်နေသည်မှာ ကာလ အတန်ကြာပြီဖြစ်သော်လည်း ဘာကြောင့် ဒီမိန်းမရှေ့မှာ ရှိုးတိုး ရှန်းတန်း ဖြစ်နေသည်ကို ကိုယ်တိုင် နားမလည်နိုင်…။ ခပ်ပြုံးပြုံး မျက်နှာပေးနှင့် သူ့ကို စိုက်ကြည့်နေသော အမျိုးသမီးကို တချက်ကြည့်ပြီး မျက်နှာလွှဲလိုက်သည်။ ချောတော့ တော်တော်ချောတဲ့ မိန်းမတယောက်ပဲ… ဒါပေမယ့် ဒီမိန်းမ အကြည့်က တဆိတ်တော့ ခပ်ကြောကြောနဲ့ အထက်စီး ဆန်လှချည့်…။ ငါ ပိုက်ဆံပေးရမှာပဲ ငါ လုပ်ခိုင်းချင်တာ ခိုင်းမယ်ဟူသော အချိုးမျိုးလား…။ ဒေါသ၊ ခံပြင်းစိတ်နှင့် ရှက်စိတ်တို့ကြောင့် သူ့ သွေးတွေ ရုတ်ချည်း ဆူဝေလာသည်။

“တော်တော်ကြည့်လို့ကောင်းတဲ့ ယောက်ျားတယောက်ပဲ… မင်းသား လုပ်ရင် ကောင်းမယ်… ဘယ်လိုလဲ… မင်းသားလုပ်မလား…” ထိုစကားအဆုံးမှာ သူမ၏ မှတ်ချက်ကို သူမဖာသာ သဘောကျသွားလေဟန်ဖြင့် အသံထွက် ရယ်မောနေသေးသည်။ ဒီမိန်းမ မေးတာကို ပြန်ဖြေရမှာလား… ဒါမှမဟုတ် ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောရမှာလား… မပြောဘူးကွာ… မပြောဘူး… သူ့အတွေးနှင့်သူ တယောက်တည်း ရှုပ်ရှက်ခတ်နေသည်။

“ကိုယ့်ကို ဟိုဖက်စားပွဲပေါ်က ရေပုလင်းလေး ယူပေးပါလား…”

ဒါ သူ့ကို ထိုင်နေရာမှ ထခိုင်း၊ လမ်းလျှောက်ခိုင်းလိုက်တာပဲပေါ့…။ သူ ထိုင်နေသော နေရာနှင့်ဆိုလျှင် ခြေလှမ်း ဆယ်လှမ်းစာခန့် ဝေးသော စားပွဲဆီသို့ သွားရန် ထိုင်နေရာမှ လေးတွဲ့စွာ ထရပ်လိုက်သည်။ ထိုအခိုက်အတန့်လေးမှာပင် တခါမှ မရှက်စဖူး ထူးထူး ခြားခြား ရှက်စိတ်ဝင်လာခဲ့သည်။ သို့သော်လည်း… စားပွဲရှိရာကို ခပ်သွက်သွက် လျှောက်ပြီး ရေပုလင်းကို ယူပေးလိုက်သည်။ ပုလင်းထဲမှ ရေကို သက်တောင့်သက်သာ မော့သောက်နေသော အမျိုးသမီးကို ကြည့်ရင်း သူ အာခေါင်တွေ ခြောက်သွေ့လာခဲ့သည်။ ပြဿနာပဲ…။ လက်ထဲမှ နာရီကို ငုံ့ကြည့်လိုက်မိသည်။

သူ ဒီနေရာကို ရောက်နေတာ တနာရီနီးပါး ကြာခဲ့ပြီပဲ…။ ဒီမိန်းမ ဘာမှ ဆက်လက် မလှုပ်ရှားတော့ရင်၊ ဘာမှ မထူးခြားတော့ရင် ဒီအလုပ်ကို တနာရီနှင့် သူ ဖြတ်ချင်ပြီ…။ ဒီမိန်မးရှေ့က သူ အမြန်ဆုံး ထွက်သွားချင်လှပြီ…။

“ကျွန်တော့ အချိန် တနာရီ ကုန်သွားပြီ… နောက်ထပ် ဘာမှ မလိုအပ်တော့ရင် ကျွန်တော် ပြန်မယ်…”

စက္ကန့်ဝက်ခန့် စောင့်နေသော်လည်း သူမထံမှ မည်သည့် တုံ့ပြန်မှုကိုမှ မကြားရသောကြောင့် အဝတ်များကို ခပ်သွက်သွက် ယူဝတ်လိုက်မိသည်။ ရှက်စိတ် ခံပြင်းစိတ်တို့ကြောင့် လူက ထူထူပူပူလည်း ဖြစ်နေခဲ့သည်။ ထိုစဉ်မှာပင် သူမထံမှ စကားသံ ထွက်လာတာဖြစ်သည်။

“ဟုတ်ပြီ… မင်းအတွက် တနာရီစာ လုပ်အားခ ပေးမယ်… နောက်ပြီး မင်းလက်ထဲက လက်ပတ်ကြိုး အနီရောင်လေး ကိုယ့်ကို ဘယ်လောက်နဲ့ ပြန်ရောင်းနိုင်မလဲ ပြောပါလား… တသက်လုံး ပြန်မဝတ်တော့ဘူး ဆိုတဲ့ ကတိနဲ့ အတူပေါ့…”

ရုတ်တရက် သူ ကြောင်သွားသည်။ နောက်မှ တဖြည်းဖြည်း သဘောပေါက်လာသည်။ သူ အံကိုကြိတ်၍ ခပ်တိုးတိုး ဆဲရေးလိုက်သည်။ ပြီးမှ…

“ဒီမှာ… ခင်ဗျား ကျုပ်ကို ဒီနေရာအထိ ခေါ်လာပြီး ဒီနည်းနဲ့ စော်ကားစရာ မလိုဘူး.. ခင်ဗျားမှာ ပိုက်ဆံတွေ သိပ်ပေါပြီး ထားစရာ နေရာမရှိရင် မျက်မမြင်ကျောင်းတို့ မိဘမဲ့ ကလေးများ ဂေဟာတို့ကို သွားလှူပစ်လိုက်ပါ… ကျုပ်ကိုတော့ ဒီလိုနည်းနဲ့ ဆွယ်တရားဟောဖို့ မစဉ်းစားနဲ့… ကျုပ်လုပ်နေတဲ့အလုပ်ဟာ အောက်တန်းကျတယ်လို့ ခင်ဗျား ထင်ချင် ထင်နေလိမ့်မယ် ဒါပေမယ့် ဘယ်သူ့ကိုမှ မထိခိုက်ဖူး… အလုပ်ရှင်နဲ့ အလုပ်သမား တန်ရာ တန်ကြေးပေးပြီး ဆက်ဆံကြတယ်… ရလာတဲ့ အခကြေးငွေဟာ ကျုပ်အတွက်တော့ သန့်ရှင်း စင်ကြယ်တယ်… ကျုပ်ကလည်း အဲဒီလုပ်အားခကိုပဲ မြတ်နိုးတယ်… သမာအာဇီဝမကျပဲ လူလူချင်း ကတုံးပေါ် ထိပ်ကွက်ပြီး ပေါပေါလောလော ရထားတဲ့ ငွေထဲက ပိုလျှံလို့ ပေးလာမယ့် ငွေတထပ်ကို ကျုပ် မမက်မောဘူး… အလကားရတိုင်း လိုချင်တဲ့ လူတန်းစားထဲမှာ ကျုပ် မပါဘူး… ကျုပ်ပေးခဲ့တဲ့ အချိန် တနာရီအတွက် တန်ရာ တန်ကြေးကို ပေးပါ… ကျုပ်ပြန်မယ်…”

စကားအဆုံးမှာ သူ့ကို အနည်းငယ်အံ့သြသွားသော မျက်နှာဖြင့် စိုက်ကြည့်နေသော ထိုမိန်းမကို စားပွဲပေါ်ရှိ ရေဗူးဖြင့် လွှဲ၍ ပစ်ပေါက်လိုက်ချင်စိတ်ကို ကြိုးစား ထိန်းချုပ်ရင်း ထိုမိန်းမကို စူးစူးဝါးဝါး ပြန်ကြည့်နေလိုက်သည်။ ထိုမိန်းမက သူ့ဒေါသနှင့် သူ့စကားလုံးများကို ဘာမှ ထူးထူးခြားခြား မခံစားရလေဟန်ဖြင့် သူမကိုင်လာသော ပိုက်ဆံအိပ်ထဲမှ ငွေစက္ကူတထပ်ကို ဆွဲထုတ်ကာ သူ့ထံသို့ ကမ်းပေးလိုက်သည်။ တချက်လှမ်းကြည့်လိုက်ရုံဖြင့် လိုအပ်သည်ထက် ပိုများနေမှန်း သိသာသော ငွေစက္ကူများထဲမှ သုံးပုံတပုံခန့်ကို ဆွဲထုတ်ကာ ကျန်ငွေများကို ထိုမိန်းမထိုင်နေသော သားရေဆိုဖါပေါ်သို့ ပြန်ပစ်တင်ပေးလိုက်သည်။ ပြီးတော့ အခန်တံခါးကို အသံမြည်အောင် ဆွဲပိတ်ကာ သူ ထွက်လာခဲ့သည်။ လုံးဝ နောက်သို့ ပြန်လှည့်မကြည့်ခဲ့…။ နားထဲမှာ ထိုမိန်းမ၏ ရယ်သံ တိုးသဲ့သဲ့ကို မကောင်းဆိုးဝါး အသံတခုလို ပြန်လည် ကြားယောင်နေမိသည်။ ရုပ်ကလေးလှသလောက် လူတဖက်သားကို သိပ်စော်ကားတတ်တဲ့ မိန်းမပဲ…

ဟိုတယ်ဝင်းအပြင်ဖက် လမ်းမပေါ်ရောက်သောအခါ ဒေါ်သအရှိန်ကြောင့် တွေ့ရာ ကျောက်ခဲတလုံးကို အားဖြင့် လွှဲကန်လိုက်မိသည်…။ ထိုစဉ် မျက်လုံးထဲမှာ ထိုမိန်းမ၏ အကြည့်စူးစူးတို့ကို ပြန်လည် မြင်ယောင်လာပြန်သည်။ သူ ခေါင်းကို ခပ်ပြင်းပြင်း ခါထုတ်လိုက်ပြီး လက်ထဲမှာ ပတ်ထားသော အနီရောင် လက်ပတ်ကြိုးလေးကို တချက် ငုံ့ကြည့်ရင်း မှောင်စပျိုးနေသော ညနေခင်းထဲသို့ ခြေလှမ်း စိတ်စိတ်ဖြင့် ခပ်သွက်သွက် တိုးဝင်သွားလိုက်သည်…။

*****

ကမ်းစပ်သို့ တဝုန်းဝုန်း လာရောက်ရိုက်ခတ်နေသော ရေလှိုင်းများနှင့်အတူ အနီရောင်ကြိုးကလေး မျက်စိအောက်မှ ပျောက်သွားခဲ့သည်…။ အတိတ်ဆိုသည်မှာ အချိန်ကာလ မည်မျှပင် ကြာမြင့်စေကာမူ မေ့ပျောက်စေနိုင်သောအရာတခု မဟုတ်မှန်း အချိန်ကြာလာသည်နှင့်အမျှ သိရှိနားလည်လာသော်လည်း အတတ်နိုင်ဆုံးတော့ ကြိုးစားမေ့ဖျောက်ကာ မှန်ကန်သော စိတ်အစဉ်တို့ဖြင့် ရှေ့ခရီးကို ဆက်လှမ်းဖို့ သူ သေချာနေခဲ့သည်…။ တချိန်တည်းမှာ သူ့ကို မခံချင်စိတ်တို့ဖြင့် လမ်းမှန်ပေါ်ရောက်အောင် တွန်းပို့ပေးလိုက်သော သွေးမတော် သားမစပ် မိန်းမတယောက်၏ အထက်စီးဆန်ဆန် အကြည့်စူးစူးတချို့တွင် စေတနာ အငွေ့အသက်များ များစွာပါဝင်နေကြောင်း သူ သေသေချာချာ နားလည်သွားခဲ့ပြီဖြစ်သည်…။



- ၂၀၁၂ ဧပြီလ - အပြာရောင်ဝန်ဆောင်မှု (Bluish Business) E Book
- ၂၀၁၃ ဧပြီလ - Idea Magazine


6 comments:

  1. မဂ္ဂဇင်းမှာတော့မဖတ်ဖြစ်ဘူး ဒီမှာပဲဖတ်လိုက်တယ်အစ်မ...။ ခုတလော အမနှစ်ယောက်အပြိုင်ကျဲနေကြတယ်..။

    ReplyDelete
  2. Ebook မှာထဲက ကြိုက်ခဲ့တာ...
    ရေးထားတာ စိတ်ကူးလေးကောင်းလှတယ်..

    ReplyDelete
  3. ဘယ်လိုမှကြိုတင်တွေးလို့ မရတဲ့ဇာတ်လမ်းလေးနဲ့ ဇာတ်သိမ်းလေး. ဇာတ်ကောင်၂ယောက်နဲ့ တင် ပြီးပြည့်စုံသွားတဲ့တင်ပြပုံလေးကလှလိုက်တာ.

    ReplyDelete
  4. တစ်ကယ့်ကို ဇာတ်သိမ်းကို မခန့် မှန်းနိုင်လိုက်ဘူး..။ ဝတ္ထုရှည်ကြီးရေးပြီး ဇာတ်ကားရိုက်လိုက်ရင် အရမ်းကို မိုက်မှာပဲ..နော်..။

    ReplyDelete
  5. ဖတ်လို့သိပ်ကောင်း...။

    ReplyDelete
  6. ဖတ်ဘူးတယ်... ကြိုက်တယ်...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...