အရင်ပိုစ့်… တန်းစီခြင်းနဲ့ နေသားတကျ ဖြစ်နေသူများ ရဲ့ နောက်ဆက်တွဲပါ…။ တန်းစီခြင်းနဲ့ နေသားတကျ ဖြစ်တယ် ဆိုတဲ့နေရာမှာ တကယ်ပဲ တန်းစီရတာကို နည်းနည်းမှ မတွန့်ဆုတ်ပဲ အသားကျ ပျော်မွေ့တဲ့သူများရဲ့ အကြောင်းကို ပြောပြချင်တာ၊ ဒါပေမဲ့ ကျွန်မ တင်ပြပုံ ညံ့ဖျင်းသွားလို့ တန်းစီတာဟာ တစ်စက်မှ နှစ်သက်စရာ မကောင်းတဲ့ လုပ်ရပ်ကြီး လိုလို၊ အပိုအလုပ်ကြီးတစ်ခု လိုလို ဖြစ်သွားခဲ့တယ်။ အမှန်က လူအများနဲ့ အတူ ဆောင်ရွက်ရတဲ့ ကိစ္စတွေတိုင်းမှာ တန်းစီပြီး စောင့်ဆိုင်းခြင်းဆိုတာ သိပ်ကောင်းပါတယ်… စည်းကမ်းရှိရှိ စနစ်တကျ တန်းစီတာ အင်မတန်ကောင်းတဲ့ လုပ်ရပ်ပါ။
တကယ်တမ်း ကျွန်မ ပြောပြချင်တဲ့ တန်းစီပုံ တန်းစီနည်းက ဒီလိုပါ…။
လွယ်တာလေး ဥပမာ ပြရရင် iPhone (သို့) iPad စတဲ့ ပစ္စည်း အသစ်ထွက်တဲ့နေ့ဆို မနက် ဆယ်နာရီမှာ ဖွင့်မဲ့ ဆိုင်ကို ည အိပ်ပြီး တန်းစီကြတယ်။ တစ်ရက်လေးမှ မစောင့်နိုင်ပဲ ထွက်ထွက်ချင်း ကိုင်ချင်ကြတဲ့ ရောဂါပါ…။ ဝယ်လိုအားနဲ့ ရောင်းလိုအားနဲ့ကလည်း အမြဲတစေ မမျှတလေတော့ ဒီလိုမှ တန်းမစီရင် နောက်ထပ် တစ်ရက် နှစ်ရက် ကနေ တစ်ပတ်လောက်အထိ စောင့်ရမှာ ဆိုတော့ ဒီလိုပဲ ညအိပ် တန်းစီကြတာပါ။
တလောက ဒီမှာ H & M ဆိုတဲ့ အဝတ်အစားတွေ ရောင်းတဲ့ဆိုင် ဖွင့်ပါတယ်။ ပထမဆုံး စဖွင့်တဲ့နေ့မှာ ဝယ်တဲ့သူ တွေကို ဒေါ်လာ နှစ်ဆယ်တန် Gift Voucher ပေးမယ် လို့ ကြေငြာတယ်…။ ဒီက လူသားအပေါင်းတို့ဟာ အဲဒီ နှစ်ဆယ်တန် Gift Voucher ရဖို့အတွက် ညလုံးပေါက် ဆိုင်တံခါးရှေ့မှာ အိပ်ပြီး တန်းစီကြပါတယ်…။ အဲဒီလိုပါ…
စားသောက်ဆိုင်တွေထဲမှာ ကောင်းတယ်လို့ နာမည်ကြီးတဲ့ဆိုင် ဒါမှမဟုတ် တခုခု လျှော့ဈေး၊ ပရိုမိုးရှင်းရှိတဲ့ဆိုင်… စားဖို့ စဉ်းစားလိုက်ရင် အနည်းလေး နာရီဝက်ကနေ တနာရီ တန်းစီ စောင့်ရတယ်။ တန်းမစီနိုင်၊ မစောင့်နိုင်ရင် မစားရုံပဲလေ…။ သူတို့ကတော့ စိတ်ရှည်တယ်ဗျား… ဖုန်းလေးတွေ ကိုယ်စီ ကိုင်လို့ ဂိမ်းကစားရင်း ကိုယ့်အလှည့်ရောက်တဲ့အထိ စောင့်ကြတယ်…။
နာမည်ရ လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တခုဆို ဆိုင်ဖွင့်ချိန် မနက် ရှစ်နာရီမှာ ၄၂ လက်မ တီဗွီက ဘယ်နှစ်လုံး… ဟုမ်းသီရေတာ က ဘယ်နှစ်လုံး… အဝတ်လျှော်စက် ရေခဲသေတ္တာ ဘယ်နှစ်လုံး… စသည်ဖြင့် ဦးရာလူစနစ်နဲ့ ရောင်းမယ်လို့ ကြော်ငြာတယ်။ ဈေးကလည်း တော်တော်လေး သက်သက်သာသာ ရောင်းပါတယ်။ လျှပ်စစ် ရေနွေးအိုးတို့ ပေါင်မုန့်ကင်စက်တို့ ဘာတို့ဆို ကိုးဒေါ်လာ ဆယ်ဒေါ်လာလောက်နဲ့ကို ချရောင်းတာပါ။ အဲဒီမှာလည်း အပေါ်မှာ ပြောခဲ့သလို နောက်တနေ့ ဖွင့်မဲ့ ဆိုင်တံခါးရှေ့မှာ ညအိပ် ညနေ တန်းစီပြီး စောင့်ဆိုင်း ဝယ်ယူကြပါတယ်။ အဲဒီမြင်ကွင်းတွေအတွက် ကျွန်မမှာသာ ရင်သပ်ရှုမော ဖြစ်ရတာ သူတို့ကတော့ တကယ့်ကို နေသားတကျ၊ မမောမပန်း၊ အေးအေးလူလူ နဲ့ သက်သက်သာသာ တန်းစီကြတာပါ…။
စကားကြုံလို့ ဆက်ပြောပါအုံးမယ်…
တလောက Mc Donald မှာ အပတ်စဉ် ကြာသာပတေးနေ့တိုင်း Hello Kitty တစ်မျိုးကျစီ ရောင်းပါတယ်။ တစ်ပတ် တစ်ကောင်… ငါးပတ်စာအတွက် ငါးကောင်နဲ့ အိမ်ကို မှာစားရင် ရနိုင်တဲ့ Delivery Kitty လေးက တကောင်၊ စုစုပေါင်း ခြောက်ကောင်ပါတဲ့ Hello Kitty Set ပါ…။ အပတ်စဉ် ကြာသာပတေးနေ့မှာ ဆိုင်တိုင်းမှာ လူကြိတ်ကြိတ်တိုး တန်းစီရပါတယ်။ ပြောရရင် ဆိုင်အပြင်ကို လျှံထွက်အောင် စီနေတဲ့ လူတန်းကြီးထဲမှာ ကလေးသူငယ် တယောက်မှ မပါပါဘူး။ အားလုံး လူကြီးတွေပါ။ အဲဒီမှာမှ နောက်ဆုံးတစ်ပတ်မှာ ရောင်းတဲ့ Singing Bone အမည်ရ အမည်းရောင်အကောင်လေးကို သူတို့က Limited Edition လို့ ကြော်ငြာလိုက်ပါတယ်။ ပွဲကြီးပွဲကောင်းပါပဲ…။
အဲဒီ အရုပ်လေးကို ၂၄ နာရီဖွင့်တဲ့ Mc Donald ဆိုင်တွေမှာ ဗုဒ္ဗဟူးနေ့ ည ၁၂ နာရီက စပြီး ရောင်းမှာ ဖြစ်သလို ပုံမှန် ဆိုင်တွေကတော့ ကြာသာပတေးနေ့ မနက် ၆ နာရီမှာ စ ရောင်းမှာ ဖြစ်ပါတယ်။ ဒီတော့ Hello Kitty Crazy တွေဟာ ဗုဒ္ဗဟူးနေ့ည မှာ စပြီး တန်းစီကြရမှာ ဖြစ်ပါတယ်။
အမှန်ကို ဝန်ခံရရင် ကျွန်မလည်း အဲဒီ Hello Kitty အရုပ်လေး တွေကို သိပ်ချစ်ပါတယ်။ အရင်အပတ်တွေက ရောင်းသမျှ အကုန်ရပြီးသားပါ…။ ကျွန်မ ဝယ်လို့မရတဲ့ တတိယအပတ်မှာ ညီမလေး မေဇင်က ဝယ်ပြီး လက်ဆောင်ပေးပါတယ်၊ နောက်တစ်ပတ်မှာတော့ အမျိုးသားက သူ့ အလုပ်ထဲက Hello Kitty Crazy တွေနဲ့ အတူတူ စုမှာပြီး ဝယ်ထားပေးပါတယ်...။ ဒီတော့ Collection တစ်စုံလုံး အပြည့်ဖြစ်ရလေအောင် နောက်ဆုံးအရုပ်ကိုလည်း ကျွန်မ တော်တော်လေး လိုချင်ပါတယ်။ သဘောကောင်းတဲ့ အမျိုးသားက အိမ်နားက ၂၄ နာရီဖွင့်တဲ့ ဆိုင်မှာ ဗုဒ္ဗဟူးနေ့ည ၁၂ နာရီမှာ လိုက်ဝယ်ပေးမယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ အဲဒီညမှာ ညစာ စားသောက်ပြီး အေးအေးဆေးဆေးပေါ့… ည ၁၁ နာရီလောက်ကျ သွားလိုက်မယ်ပေါ့.. တန်းစီရလည်း ခဏပေါ့လို့ တွေးထားတုန်း… ည ကိုးနာရီ မထိုးခင်မှာ ဘဝတူတွေဆီက ဖုန်းဝင်လာပါတယ်။ ဆိုင်တွေမှာ တန်းစီနေတဲ့ လူတန်းတွေ အရှည်ကြီး ဖြစ်နေပြီတဲ့… ဝယ်မယ်ဆို မြန်မြန် သွားကြတော့တဲ့…။ ဘုရားရေ အခါ တစ်သိန်း တ ပြီး အိမ်နဲ့ တော်တော်လေး လှမ်းတဲ့… လူသွားလူလာ နည်းမယ်လို့ ထင်ရတဲ့ (ဆိုလိုတာက MRT ရထား ဘူတာနဲ့ ဝေးလို့ အလွယ်တကူ လူမလာနိုင်တဲ့) ဆိုင်ကို သွားပါတယ်…။ ကိုယ့်ကိုယ်ကိုယ်တော့ လည်လှပြီပေါ့…။
အဲဒီဆိုင်ရောက်တော့ ကားပါ့ကင် အဝင်မှာ တန်းစီနေရထဲက သိလိုက်ပြီ… အခြေအနေမကောင်းပါလားလို့…။ ကားရပ်ပြီး ဆိုင်နားသွားလိုက်တော့ ထင်ထားတာထက် ပိုဆိုးနေပါတယ်…။ ကိုယ့်ရှေ့မှာ ဘယ်အချိန်ထဲက စီနေမှန်းမသိတဲ့ လူ နှစ်ရာလောက် ရှိနေပါပြီ…။ ဒါနဲ့ ဟိုဟို ဒီဒီ ဖုန်းဆက်ကြည့်တော့ မိတ်ဆွေတွေက အိမ်နဲ့ နီးတဲ့ Park တခုမှာ ကားနဲ့ Drive Through ဝယ်ဖို့ အကြံပြုကြပါတယ်…။ ရရင် သူတို့အတွက်လည်း ပိုဝယ်ခဲ့ပါ… သူတို့ရနိုင်ရင်လည်း ကျွန်မအတွက် ပိုဝယ်လာခဲ့မယ်လို့ ညှိနှိုင်း သဘောတူကြပါတယ်။ အဲဒီအချိန်အထိ ကိုယ်တွေ တော်တော်လေး လည်လှပြီ လို့ တွေးနေမိတုန်းပါ…။
Park ထဲက ဆိုင်ကို သွားတော့ ဆိုင်နဲ့ အဝေးကြီးမှာထဲက ကားတွေ တန်းစီနေပါပြီ…။ ပြီးတော့ အဲဒီ ကားတန်းဟာ လုံးဝ မရွေ့ပါဘူး။ ကားနဲ့ ဝင်ဝယ်လို့ရရင် ကားနဲ့ဝယ်… ကျွန်မကတော့ လူတွေ အခြေအနေကြည့်မယ်ဆိုပြီး ကားပေါ်က ဆင်းလာခဲ့ပါတယ်။ တွေ့ပါပြီ… လူတွေ တန်းစီနေတဲ့နေရာ… ခုနက နေရာထက် နှစ်ဆ လောက် ပိုများပါတယ်။ ပြီးတော့ ရဲကားရော၊ လုံခြုံရေးကားတွေနဲ့ ယူနီဖေါင်းဝတ်လူတွေ လည်း ရောက်နေပါပြီ…။ ကားနဲ့ စီတဲ့သူတွေကိုလည်း တစ်နေရာမှာ ရဲကားနဲ့ ပိတ်ပြီး ဖြတ်ချထားပါတယ်… လုံးဝ အဝင်မခံ၊ အရှေ့ကို လည်း လုံးဝ ပေးမတိုးတော့ပါဘူး။
နာရီကြည့်တော့ ည ဆယ်နာရီတိတိပါ။ သေချာတာက နောက် နှစ်နာရီ ဒီနေရာမှာ တန်းစီနေရမယ်… Limited Edition ဆိုတော့ ရမယ် မရဘူးလည်း မသေချာ…။ ဒီတော့ အောင်မြင်စွာ ဆုတ်ခွာခဲ့ပါတယ်။ ကျွန်မထက် စိတ်ရှည်တဲ့ အမျိုးသားက နောက်တစ်နေရာကို လိုက်ပို့ပြန်ပါတယ်…။ အဲဒီနေရာက ရုံးတွေနားဆိုတော့ ရုံးချိန်မဟုတ်ရင် လူနည်းလိမ့်မယ်လို့ သူ တွေးပုံရပါတယ်…။ အထင်နဲ့ အမြင် တက်တက်စင်အောင် လွဲပါတယ်။ ကားတန်းရှည်တွေဟာ ဆိုင်ဝင်း အဝင်ဝရဲ့ ဘယ်ဖက်ကရော ညာဖက်ကပါ တန်းစီနေတာ မြင်မကောင်းပါပဲ…။ လူတန်းကြီးကလည်း တွန့်လိမ်ခွေခေါက်နေတာ အရှည်ကြီးမှ အရှည်ကြီးပါ။ လုံခြုံရေးတွေ ရဲတွေကလည်း ခုနနေရာကထက် ပိုများပါတယ်…။
ပတ်ဝန်းကျင်မှာ ကိုယ့်ထက် လည်တဲ့သူတွေ အများကြီး ရှိနေပါလားလို့ ကောင်းကောင်း သဘောပေါက်သွားပါပြီ။ ဒါနဲ့ပဲ ပြန်ကြပါစို့ လို့ ပြောပြီး ပြန်လာတာ…။ အိမ်နဲ့ အနီးဆုံး ဆိုင်နားအရောက်မှာ အပြင်က လှမ်းကြည့်တော့ လူသိပ်များပုံမရဘူး… တစ်ချက်ဝင်ကြည့်လိုက်လေ ဆိုလို့ ကျွန်မ ဆင်းကြည့်ပါတယ်။ လူတန်းရှည်ကြီးပဲ တွေ့ရပါတယ်။ တန်းစီနေတဲ့ လူတန်းရှည်ကြီးနောက်မှာ ကျွန်မ မယောင်မလည် ဝင်ရပ်တော့ အရှေ့ကပ်လျက်က တရုတ်လေးက နောက်ဆုံးအခြေအနေမှာ ဖြစ်သွားတဲ့ တိုကင်စနစ်အကြောင်း ရှင်းပြပါတယ်။ သူတို့က ရှိနေတဲ့ အရုပ် အရေအတွက်အရ တစ်ယောက်ကို အများဆုံး လေးခုပဲ ရောင်းနိုင်မယ် ဆိုပြီး ရှေ့ဆုံးက တန်းစီနေသူတွေက စပြီး တိုကင်တွေ ဝေလိုက်တယ်တဲ့…။ လူ တစ်ရာလောက်မှာ တိုကင်တွေ ကုန်သွားပါတယ် တဲ့။ ဒီတော့ တိုကင်ရတဲ့သူတွေသာ ဝယ်ခွင့်ရှိမှာပါ။ ပြီးတော့ တရုတ်ကလေးက ဆက်ပြောပါတယ်… No more token.. Hopeless.. တဲ့…။ သူ့ရဲ့ စိတ်ပျက်လက်ပျက်ပုံစံကို ရယ်ချင်နေတဲ့ ကျွန်မက ခေါင်းညိတ်ပြပြီး ဟုတ်ပါပြီ… ဒါဆို နင်ကရော ဘာလို့ တန်းစီနေတုန်းပဲလဲ ဆိုတော့ သူက Try my luck… ခပ်တိုးတိုး လို့ ပြန်ပြောပါတယ်။ ဝယ်လို့ မရနိုင်တော့ပါဘူး ဆိုတာတောင် မျှော်လင့်ချက်ကို မစွန့်လွှတ်ပဲ ဆက်ပြီး တန်းစီနေချင်တဲ့ သူပါလားရယ်လို့ လေးစားမိပါတယ်…။
-001.JPG)
နောက်တနေ့မနက် သတင်းစာထဲမှာ မျက်နှာဖုံးမှာ စာလုံး အမဲကြီးနဲ့ ပါလာတာလည်း Hello Kitty အကြောင်းပါပဲ….။ စီရင်း တန်းရင်း နေရာလုကြ ရန်တွေဖြစ် အော်ကြ ဟစ်ကြ နဲ့ ဗီဒီယိုတွေလည်း အင်တာနက်ပေါ် တက်လာပါတယ်။ အဲဒီညက အချိန်မီ တန်းမစီနိုင်လို့ မရခဲ့တဲ့ Singing Bone အကောင်လေးကို နောက်တနေ့မှာ အမျိုးသားက eBay က နေ ၄၅ ဒေါ်လာနဲ့ မှာပြီး ဝယ်ပေးပါတယ်။ ပုံမှန်ဈေးက တစ်ကောင်ကို လေးဒေါ်လာနဲ့ ပြား ခြောက်ဆယ်ပါ…။ ဘာပဲပြောပြော နောက်ဆုံးတော့ ကျွန်မမှာ Hello Kitty တစ်စုံစာ ရှိသွားပါတယ်။ မနေ့ကလည်း Despicable Me ရုပ်ရှင်ထဲက အရုပ်လေးတွေကို ကြိတ်ကြိတ်တိုး တန်းစီကြပြန်ပါသေးတယ်…။ အရုပ်မရလို့ စိတ်ပျက်လက်ပျက် ဖြစ်နေသူတွေလည်း ဒုနဲ့ ဒေးပါ။
တကယ်တမ်း ကျွန်မ ပြောပြချင်တဲ့ တန်းစီခြင်းမှာ နေသားတကျ ဖြစ်နေသူများ နဲ့ သူတို့ရဲ့ တန်းစီပုံ တန်းစီနည်းက အဲဒီလိုပါ…။ ကြားရတာ အံ့အားသင့်စရာလည်း ကောင်း၊ ရယ်ချင်စရာလည်း ကောင်းမှန်း သိပေမဲ့ တခါတရံမှာ မသိမသာနဲ့ ကိုယ်တိုင်တောင် ရောနှော ပါဝင်သွားတတ်သေးတာမျိုး….
အပူပင် အကြောင့်ကြမဲ့စွာနဲ့ အေးအေးလူလူ ရှေ့ဆင့် နောက်ဆင့် တန်းစီနေကြတဲ့ လူတန်းရှည်ရှည်တွေကို တွေ့တိုင်း ကျွန်မစိတ်ထဲမှာ တစ်ခုခု အလိုမကျသလို ခံစားရစမြဲပါ။ တန်းစီနေကြတယ် ဆိုတဲ့နေရာမှာ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေအတွက် မဖြစ်မနေ တန်းစီနေတဲ့သူတွေကို အသာ ဖယ်ထားပြီး အခု လတ်တလောမှာ ဟိုနားတစ်စု၊ ဒီနားတစ်စု တွေ့နေ မြင်နေရတဲ့ လူတန်းရှည်တွေဟာ ဘာအတွက်များပါလဲ လို့ ကျွန်မ စပ်စပ်စုစု လေ့လာမိတယ်။ ကျွန်မကိုယ်တိုင်ကတော့ ကိုယ်ပိုင်အချိန်နည်းလွန်းသူ၊ စောင့်ဆိုင်းခြင်းကို အကြောင်းမဲ့ ပျင်းရိတတ်သူ ပီပီ တမျှော်တခေါ် တန်းစီယူမှ ရလာမဲ့ အရာတွေကို တတ်နိုင်သမျှ ရှောင်လေ့ရှိတယ်။ ဒါတင်မက အေးအေးလူလူ စီတန်းနေကြတဲ့သူတွေကို ကြည့်ပြီး သူတို့နှယ့် အချိန်တွေ ပိုနေရန်ကော လို့ မနာလိုဖြစ်မိလား… ဖြစ်မိပါရဲ့…။
ဒါပေမဲ့လည်း ကျွန်မရောက်နေတဲ့ ဒီကျွန်းပိစိလေးမှာက နေရာတကာမှာ တန်းစီကြရတယ်။ တန်းစီခြင်းဟာ နေ့စဉ်ဘ၀ထဲက အစိတ်အပိုင်းတစ်ခုလို့ ဆိုရမလောက်ကို နေရာတိုင်းမှာ တန်းစီကြရပါတယ်။ စည်းကမ်းရှိတယ် လို့ ပြောရင် ရသားပေါ့…။ ဘယ်လိုတွေ တန်းစီသလဲ ဆိုရင်တော့ ပြောမကုန်ပါပဲ…။ လှေခါးတက်ဖို့က စလို့ တန်းစီရတယ်။ ကားစီးဖို့လည်း တန်းစီရတယ်။ ကားငှားဖို့လည်း တန်းစီရတယ်၊ အစားစားဖို့လည်း တန်းစီရတယ်၊ ယုတ်စွအဆုံး အများသုံးအိမ်သာတွေမှာလည်း အခန်းအပြင်လျှံနေတဲ့အထိ တန်းစီပြီး စောင့်ရတတ်ပါတယ်။ ဘယ်လို ၀န်ဆောင်မှုကိစ္စမျိုးမဆို လူနည်းနည်း များလာတာနဲ့ အလိုလိုနေရင်း လူတန်းရှည်ကြီးတစ်ခုဖွဲ့လို့ စောင့်ဆိုင်းကြရတဲ့ အဖြစ်ပါ။ တချို့နေရာတွေမှာတော့ တိုကင်လေးတွေ ပေးထားတာမို့ ကိုယ့်အလှည့်မရောက်ခင်မှာ အဆင်ပြေတဲ့ တစ်နေရာမှာ သက်တောင့်သက်သာ ထိုင်စောင့်နေရတတ်တာမျိုးတွေလည်း ရှိပါသေးတယ်။
မနက်စောစော အခမဲ့ ဝေငှတဲ့ သတင်းစာတစ်စောင် ရဖို့အတွက် တန်းစီရတယ်။ ရထားဘူတာ အဝင်ဝမှာ တစ်ရှူးပေပါ အထုတ်ကလေးတွေ အခမဲ့ ဝေနေတာကို ရဖို့အတွက် တန်းစီရတယ်။ ရထားဘူတာနဲ့ မနီးမဝေးက ကုန်တိုက်တွေကို ပြေးဆွဲတဲ့ အခမဲ့ ဘတ်စ်ကားကြီးတွေ စီးရဖို့အတွက် တန်းစီရတယ်။ ဒါတွေက ကိုယ် အခမဲ့ ရဖို့ အတွက် စီရတာတွေမို့ အသာ ထားလိုက်ကြစို့…။ သူ့ထက် ဆိုးတာတွေက… ရိုးရိုး Food Center တွေမှာ စားစရာ တစ်ခုခု ဝယ်ဖို့အတွက် တန်းစီရတယ်။ စားစရာ ရပြီး ပြန်တော့ ထိုင်စားစရာ နေရာ တစ်နေရာစာလေး အတွက်လည်း တန်းစီ စောင့်ဆိုင်းရတယ်။ ဈေးကြီးကြီး ပေးစားရတဲ့ နာမည်ရ ဆိုင်မျိုးမှာတောင်မှ ဆိုင်အဝင်ဝက Wait to be Seated လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေး ရှေ့မှာ တန်းစီ စောင့်ဆိုင်းရပါသေးတယ်။ အဝတ်အစား ဝယ်မယ်ဆိုလည်း ကိုယ်နဲ့ သင့် မသင့်၊ တော် မတော် အရင် စမ်းဝတ်ကြည့်ဖို့လိုတယ် မဟုတ်လား… ဆိုတော့ အဲဒီလို အဝတ်လဲခန်းအတွက်လည်း တန်းစီရတယ်။ ဝတ်ကြည့်ပြီးလို့ နှစ်သက်လို့ ဝယ်မယ် တန်ရာတန်ဖိုး ပေးချေတော့မယ် ဆိုလည်း Cashier ရှေ့မှာ အဝတ်လေးတွေ ကိုယ်စီ ပိုက်လို့ တန်းစီကြရပြန်တယ်။ ဘယ်နေရာမှာမဆို တန်းစီစောင့်ဆိုင်းနေရတဲ့ အချိန်တွေဟာ ကျွန်မ အမုန်းဆုံး အချိန်တွေပါပဲ…။ ဒါကြောင့် အလွန်အမင်း မလွှဲသာ မရှောင်သာ အချိန်မျိုးကလွဲရင် တန်းစီရတဲ့ နေရာတွေကို ကျွန်မ ရှောင်လေ့ရှိပါတယ်။
အဲဒီလို တန်းစီနေကြသူတွေကို လေ့လာလိုက်တဲ့အခါမှာ တစ်စုံတစ်ခုကို လိုအပ်လို့ စီကို စီမှ ဖြစ်မှာမို့လို့ တန်းစီကြရတာမျိုးနဲ့ သိပ် အရေးမပါတာတွေအတွက် (သို့မဟုတ်) တစ်ခုခုကို အခမဲ့ လိုချင်တာတွေ အတွက် အချိန်နဲ့ ငွေကြေးကို အလဲအလှယ်လုပ်လို့ တန်းစီတာမျိုးရယ်လို့ နှစ်မျိုး တွေ့ရပါတယ်။ ဒါက ကျွန်မရဲ့ ပုဂ္ဂလိက ဆန်တဲ့ ထင်မြင်ချက် သက်သက်ပါ။ အမှန်ကတော့ တန်းစီနေတဲ့သူတိုင်းမှာ ကျွန်မ သေသေချာချာ မသိနိုင်တဲ့ အရေးပါမှုတွေ ကိုယ်စီ ရှိနေကြမှာ မလွဲပါ။
တနေ့က အိမ်နားက ဈေးလေးကိုအသွား… ပိတ်ထားတဲ့ အလူမီနီယံတံခါးရှေ့မှာ စီတန်းနေတဲ့ လူတန်းရှည်တစ်ခုကို တွေ့ရတယ်။ ကြည့်လိုက်တော့ အသက်ကြီးကြီး အမျိုးသမီး အချို့နဲ့ အသက်ငယ်ငယ် အမျိုးသမီးတွေ အများဆုံးပါဝင်တယ်။ အချိန်ကတော့ မနက် ဆယ်နာရီနီးနီး...။ ဒါနဲ့ ကျွန်မ သူတို့အနား ကပ်သွားပြီး အခြေအနေကို အကဲခတ်မိတယ်။ သူတို့ စီနေတာ ဆိုင်တစ်ဆိုင်ရဲ့ အရှေ့ မှာ ဆိုတော့ ဆိုင်နာမည်ကို မော့ကြည့်မိတယ်။ ဆိုင်နာမည်ကို တွေ့တော့ သိလိုက်တယ်၊ ဒါ ရွှေငွေ လက်ဝတ်လက်စားတွေ ရောင်းတဲ့ ဆိုင်ပဲ။ ဒီဆိုင်ရှေ့မှာ ဒီလို လူတန်းရှည်ကြီး စီနေတာ ဘာကြောင့်လဲ… တယောက်ကို ပုလဲ တစ်လုံး ဒါမှမဟုတ် စိန်တစ်လုံးစီ ပေးမှာ မို့လို့လား…။ မဖြစ်နိုင်လိုက်တာ…။ စပ်စုလက်စနဲ့ ဆိုင်တံခါးနားအထိ ကျွန်မ တိုးကပ်သွားမိတယ်။ အဲဒီမှာ တွေ့လိုက်ရတာက ဆိုင်ဖွင့်ဖွင့်ချင်း လာတန်းစီတဲ့သူ အယောက်ငါးဆယ်ကို ဈေးဝယ်အိတ် တစ်လုံးစီ လက်ဆောင်ပေးမယ်ဆိုတဲ့ ကြော်ငြာပဲ…။ ပြထားတဲ့ ဈေးဝယ်အိတ် ဆိုတာကလည်း ခပ်ညံ့ညံ့ ပလတ်စတစ်သား လက်ဆွဲ ဈေးဝယ်အိတ်လေးရယ်ပါ။ သူတို့ဆိုင်က ပစ္စည်းကို ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ လာတန်းစီရင်ကိုပဲ ဈေးဝယ်အိတ် တစ်လုံးစီ ရမယ် လို့ ကြော်ငြာထားတာ။ သူတို့ဆိုင်ကို လူတွေ ဂရုပြုမိအောင်ဆိုတဲ့ ရည်ရွယ်ချက်ကလွဲရင် ဘာများ ရှိအုံးမှာပါလဲ။ ကျွန်မလို လူမျိုးတွေချည်းသာဆိုရင်တော့ အဲဒီဆိုင်ရှေ့ လူတစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။ အခုတော့ တွန့်လိမ် ကွေ့ကောက်နေတဲ့ လူတန်ရှည်းကြီးဟာ အကြံပိုင်လှတဲ့ စီးပွားရေးသမားတို့ရဲ့ လှည့်ကွက်တစ်ခုထဲ အချိုးတကျ စီးမျောပါဝင်လို့..။
အဲဒီလို အဖြစ်မျိုးတွေ နေရာတိုင်း လက်ညှိုးထိုး မလွဲဘူး ဆိုတာ တဖြည်းဖြည်းနဲ့ သိလာရတယ်။ ဟိုတလောက အုံးအုံးကြွက်ကြွက် ဖြစ်သွားတဲ့ Mc Donald က Hello Kitty အရုပ်ကလေးတွေရဖို့ တန်းစီရင်းမှာ ကြားဖြတ်ကြ၊ နေရာလုကြနဲ့ ရဲကားတွေ၊ လုံခြုံရေးတွေ ရောက်လာတဲ့အထိ ဖြစ်သွားတဲ့ အကြောင်းကလည်း သတင်းစာထဲမှာ စာလုံးအမဲတွေနဲ့ အထင်အရှား နေရာယူ လို့…။
တခါကတော့ တန်းစီတာနဲ့ ပတ်သက်လို့ ရယ်စရာကောင်းတဲ့ အဖြစ်တစ်ခု ကျွန်မ ကြုံခဲ့ဖူးတယ်။ အောချတ်ရဲ့ စနေနေ့ ညနေစောင်း ငါးနာရီဟာ လင်းလက်တဲ့ နေရောင်တွေအောက်မှာ လှပစွာ စည်ကားနေခဲ့တယ်။ ဟိုငေး ဒီငေးနဲ့ လမ်းလျှောက်လာရင်း တစ်နေရာ အရောက်မှာ ပလက်ဖေါင်းတလျောက် စီတန်းနေတဲ့ လူတွေကိုကြည့်ပြီး စိတ်ထဲ ဘာများ ပါလိမ့်ပေါ့။ သူတို့ ဦးတည်နေတဲ့ နေရာတလျောက်လုံးမှာက နာမည်ကြီး ကုန်တိုက်တွေချည်းပဲ…။ ဒီတော့ ဘယ်နေရာမှာ ဘာတွေများ ဈေးလျှော့နေတာလဲ လို့ မိန်းမပီပီ ကျွန်မ တွေးမိတယ်။ အဲဒီနေ့က ကိုယ်တိုင်ကလည်း ဈေးဝယ်ချင်လို့ လာတဲ့သူဆိုတော့ လျှော့ဈေးလေး ဘာလေးများ ရှိရင် ဆိုတဲ့ စပ်စုချင်စိတ်၊ သက်သာချင်စိတ်ကလေး တပိုင်းတစကလည်း ပါဝင်နေသေးသပေါ့။
အဲဒီလိုနဲ့ အစရှာမရတဲ့ လူတန်းကြီးနား ကျွန်မ အသာ တိုးကပ်သွားရင်း အေးစက်စက် မျက်နှာနဲ့ အမျိုးသမီးတွေ ကြားထဲမှာ အနည်းငယ်လေး ဖေါ်ရွေမယ် (သို့မဟုတ်) ကျွန်မ မေးတာလေးကို အရေးတယူ ပြန်ဖြေပေးနိုင်မယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်အနားကို ချဉ်းကပ်သွားမိပါတယ်။ ဘာကို တန်းစီနေကြတာလဲ လို့ မေးခွန်းထုတ်လိုက်တော့ သူလည်း မသိပါဘူးတဲ့ ရှေ့မှာ လူတွေ တန်းစီနေတာ တွေ့တာနဲ့ တခုခုတော့ ထူးခြားလို့သာ စီနေတာ ဖြစ်ရမယ်လို့ ယူဆတဲ့ အတွက်ကြောင့် သူလည်း တွေ့တဲ့နေရာကနေ ၀င်စီနေလိုက်တာပါတဲ့…။ ဘုရားရေ… တန်းစီခြင်းမှာ သက်တောင့်သက်သာ ပျော်မွေ့နေသူမျိုးလည်း လောကမှာ ရှိပါသေးလား လို့ ရယ်ချင်စိတ်တ၀က်နဲ့ ကျေးဇူးတင်စကား ဆိုပြီး ကျွန်မ ပြန်လှည့်လာခဲ့ပါတယ်။ နောက်မှ ပြန်သိရတာကတော့ အဲဒီနေ့က တန်းစီတဲ့သူတွေဟာ Road Show တခုမှာ စီနေကြတာ ဖြစ်ပြီး တစ်ယောက်ကို ခေါက်ထီး တစ်ချောင်းစီ ရခဲ့ပါတယ် တဲ့…။
အမှန်ဆိုရရင် တန်းစီခြင်းဟာ စောင့်ဆိုင်းခြင်းပါပဲ… ပြီးတော့ ဒါဟာလည်း ဒီခေတ် ဒီအချိန်မှာ ရှိသင့်တဲ့၊ ကောင်းမွန်တဲ့ စနစ်တစ်ခုပါ။ ကိုယ့်အလှည့်ကို ရောက်ဖို့အတွက် နေရာလုရ တိုးရ ကြိတ်ရတာမျိုး မရှိပဲ အိနြေ္ဒရရနဲ့ စီတန်း စောင့်ဆိုင်းနိုင်တာမို့ လက်ခံသင့်၊ ကြိုဆိုသင့်တဲ့ စနစ်တစ်ခုလည်း ဖြစ်နေပါတယ်။ ဒါကို ကျွန်မ စိတ်မရှည်နိုင်သရွေ့ကတော့ မဖြစ်မနေ တန်းစီမှရမဲ့ အရေးကိစ္စတွေမှာ သေချာပေါက် ဒုက္ခတွေ ရောက်နေအုံးမှာပါပဲ…။ အကြောင်းအကျိုး ညီညွတ်တဲ့ တန်းစီခြင်းမျိုးမှာ အကျွမ်းတ၀င်၊ ပြီးတော့ နေသားတကျဖြစ်လာဖို့ကိုတော့ ကျွန်မ တဖြည်းဖြည်းချင်း ကြိုးစားနေဆဲပါ…။

စာကြွင်း - စာဖတ်သူ မိတ်ဆွေတို့ရော… တန်းစီခြင်းနဲ့ နေသားတကျ ဖြစ်ကြပါသလား… တန်းစီတာနဲ့ ပတ်သက်လို့ အကောင်း အဆိုး ဘာတွေများ အတွေ့အကြုံ ရှိကြပါသလဲ… ဘယ်လို အတွေးမျိုးတွေ တွေးမိကြပါသလဲ… ပြီးတော့ တစ်နေရာမှာ ဆယ့်ငါးမိနစ်ကျော် တန်းစီစောင့်ဆိုင်းခဲ့ဖူးတာ ဘယ်တုန်းက နောက်ဆုံးလဲ ဆိုတာရော မှတ်မိကြပါသလား ဆိုတာလေးတွေ သိချင်မိပါတယ်… ပိုစ့်တခု အနေနဲ့ ရေးဖြစ်ရင်လည်း ဖတ်ချင်ပါတယ်… မှတ်ချက်မှာလည်း ရေးထားခဲ့လို့ ရပါတယ်နော်…
မှတ်ချက် - 2013 September - Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။
အရင်တလက ကလေးငယ်တွေ ဂိမ်းကစားတာနဲ့ ပတ်သက်ပြီး ဘယ်လို ထိန်းချုပ်သင့်တယ်… ဘယ်လို သတိထားသင့်တယ်ဆိုတဲ့အကြောင်းကို ရေးခဲ့ပါတယ်…။ ဒီတခါတော့ ကျွန်မ ကစားဖြစ်တဲ့ ဂိမ်းတွေ၊ ပြီးတော့ ကျွန်မ ဘာကြောင့် ဂိမ်းကစားဖြစ်တယ် ဆိုတာနဲ့ ကစားနေတဲ့ ဂိမ်းတွေထဲက တခုဖြစ်တဲ့ Hay Day ဆိုတဲ့ ဂိမ်းအကြောင်းလေး ရေးပြချင်ပါတယ်…။
မှတ်မိသလောက် ပြောရရင် ပထမဆုံး ဂိမ်းကစားဖြစ်တော့ ကျွန်မ အသက် နှစ်ဆယ်ကျော်ပါပြီ။ အခွေထည့်ရတဲ့ စက်ကလေးကို တီဗီနဲ့ ချိတ်ဆက်ပြီး ကစားရလို့ တီဗီဂိမ်းလို့ ခေါ်ကြတယ်။ ကျွန်မ ကစားတဲ့ ဂိမ်းနာမည်ကတော့ မာရီယို တဲ့…။ မာရီယိုဆိုတဲ့ ကောင်ကလေး သွားရာလမ်းတလျှောက်မှာ ပိုက်ဆံလေးတွေ ခေါင်းနဲ့ တိုက်ယူ၊ အခက်အခဲတွေကို ကျော်နိုင်လွှားနိုင်တဲ့ အားအင်တွေရအောင် မှိုပွင့်လေးတွေကို ခူးစားရင်း တတောက်တောက်နဲ့ လျှောက်သွားနေတဲ့ ဂိမ်းလေးပါ။ အင်မတန်မှ ရိုးစင်းပြီး ချစ်စရာကောင်းပါတယ်။ နောက်တခုကတော့ Tetris ဆိုတဲ့ ဂိမ်းလေးပါ။ သူကတော့ နည်းနည်း ပညာသားပါပါတယ်။ ပုံသဏ္ဍာန်စုံ လေးထောင့်တုံးလေးတွေကို နေရာကျအောင် ချပေးရတာပါ။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ မဖြစ်တာတွေ များလာရင် တဖြည်းဖြည်းနဲ့ ရှုံးတာပါပဲ…။
အဲဒီနောက် ကွန်ပျူတာတွေ အသုံးများလာတဲ့အချိန်မှာ ကစားဖြစ်တာကတော့ Mine Sweeper ဆိုတဲ့ ဗုံးဖေါက်တဲ့ ဂိမ်းလေးပါ။ သူလည်း စဉ်းစားပြီး ကစားရတော့ နည်းနည်းတော့ အပျင်းပြေပါတယ်။ သူများတွေ ကစားကြတဲ့ ဖဲချပ်တွေတော့ စိတ်ကို မ၀င်စားတာမို့ မကစားဖြစ်ပါဘူး။ ကြာလာတော့လည်း အဲဒီ ကွန်ပျူတာ ဂိမ်းတွေက ရိုးသွားတာမို့ ဂိမ်းတွေကို အရှင်း မကစားဖြစ်တော့သလောက်ပါပဲ…။ အဲဒီနောက်ပိုင်း Facebook မှာ တော်တော်များများ ကစားကြတဲ့ Pet Society ကို ခဏ ကစားဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဂိမ်းလေးပါ။ ဒါပေမဲ့ သိပ်တော့ စွဲစွဲလမ်းလမ်း မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်မှာ တက်ပလက်တွေ အိုင်ပက်တွေ ပေါ်လာတော့ အရောင်တွေ အရုပ်တွေ သိပ်လှတဲ့ ဂိမ်းတွေရဲ့ ဆွဲဆောင်မှုကြောင့် ကျွန်မ ဂိမ်းတွေ ပြန်ကစားဖြစ်ပါတယ်။ တခြားလူကြီးတွေအတွက်တော့ မသိဘူး… ကျွန်မမှာတော့ အဲဒီလို ဂိမ်းတွေ ပြန်ကစားဖြစ်ဖို့အတွက် လုံလောက်တဲ့ အကြောင်းပြစရာ တချို့ ရှိနေပါတယ်။
တခုခုကို စောင့်ဆိုင်းနေရချိန်တွေဟာ လိုအပ်တာထက် ပိုပြီး ရှည်ကြာလွန်းတဲ့အခါမှာ ဂိမ်းကစားရင်း အချိန်တွေကို စောင့်ပါတယ်။ ကောင်းသလား ဆိုးသလား ကြိုတင် မသိနိုင်တဲ့ အဖြေတခုကို စိတ်တထင့်ထင့် ရင်တမောမောနဲ့ စောင့်နေရတဲ့ အချိန်မျိုးမှာ စိတ်ကို တည်ငြိမ်အောင် မထားနိုင်တဲ့အခါ အနည်းအကျဉ်းတော့ မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ဂိမ်းကစားပါတယ်။ အာရုံတွေ ပျံ့လွင့်လို့ အတွေးတွေ စုစည်းလို့မရတဲ့ အချိန်မျိုးမှာ ဂိမ်းကစားပါတယ်။ စိတ်က တွေးချင်ရာတွေးနေတဲ့ မျက်လုံးက ဟိုငေး ဒီငေး မဖြစ်ရလေအောင်၊ တခုခု လုပ်စရာရှိတယ် ဆိုရုံလေး ရှိနေအောင် ဂိမ်းကစားပါတယ်။ ပတ်ဝန်းကျင်မှာ လှုပ်ရှားနေကြတဲ့သူတွေကို ဟိုကြည့် ဒီကြည့်နဲ့ လိုက်မကြည့်လိုတဲ့ အချိန်မျိုးမှာ စိတ်ဝင်စားစရာ အလုပ်တခု လုပ်နေသလို ဂိမ်းကစားပါတယ်။ အဓိက ကတော့ တခုခုကို စောင့်ဆိုင်းနေရတဲ့ အချိန်တွေအတွက် ဂိမ်းကစားဖြစ်တယ်လို့ ဆိုချင်တာပါ။ ဆင်ခြေတွေလို့ ပေးတယ်လို့ ပြောရင်လည်း ခံရမှာပါပဲ…
ကျွန်မ ကစားဖြစ်တဲ့ ဂိမ်းတွေက တော်တော်လေး များပါတယ်…။ ၀က်တွေကို ပစ်ခတ် ထုနှက်ရတဲ့ Angry Birds ၊ ဈေးတန်းလေးဖွင့် ဆိုင်ခန်းလေးတွေ ဖွင့်ပြီး ပိုက်ဆံသိမ်း ရတဲ့ Snoopy’s Street Fair ၊ ရုပ်ရှင်တောင် ရိုက်ကြတဲ့ Smurfs အကောင်လေးတွေ၊ နောက်ပြီးတော့ ဓါတ်လှေခါးနဲ့ တထပ်ပြီး တထပ် အိမ်လည်ထွက်လို့ရတဲ့ Dream Heights ၊ အခုနောက်ပိုင်းမှာ လူတိုင်းလိုလို ကစားကြတဲ့ Candy Crush နဲ့ Hay Day…
အဲဒီလို ကစားဖြစ်တဲ့အထဲမှာ ကျွန်မကို လှလှပပလေး ဆွဲဆောင်တဲ့ ဂိမ်းကတော့ Hay Day ပါ။
တကယ်တော့ အဲဒီ Hay Day ဆိုတဲ့ ဂိမ်းလေးက ရိုးရှင်းပါတယ်။ ကလေးကြိုက်လို့တောင် ပြောနိုင်ပါတယ်။ သို့သော်လည်း သူ့မှာ သိမ်မွေ့လှပတဲ့ ပညာလေး ခပ်ပါးပါး ပါပါတယ်။ ကျွန်မတို့ လက်တွေ့ဘ၀နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာ တော်တော်များများ Hay Day မှာ ပါဝင်နေတယ်။ အဲဒါတွေသာမက ကိုယ်နဲ့ အတူ ကစားကြတဲ့ အိမ်နီးချင်း မိတ်ဆွေတွေရဲ့ စိတ်ဓါတ်နဲ့ အမူအကျင့်တွေကိုလည်း ဒီဂိမ်းလေးကနေ တဆင့် ခပ်ပါးပါးလေး တွေ့နိုင် မြင်နိုင်ပါသေးတယ်။
ဂိမ်းရဲ့ သဘောကတော့ ခြံကလေးနဲ့ စိုက်ပျိုးရေး မွေးမြူရေး လုပ်တာပါ။ နွားမွေးမယ် နွားနို့ရမယ်… ရတဲ့ နွားနို့နဲ့ ထောပတ်တို့ ချိစ်တို့ လုပ်ရောင်းမယ်…။ ပြောင်းဖူး စိုက်မယ်… ပြီးရင် ပြောင်းဖူး ပေါက်ပေါက်တွေ လုပ်မယ် ရောင်းမယ်။ သိုးလေးတွေ မွေးမယ်… သိုးမွေး ညှပ်ပြီး ဆွယ်တာလေးတွေ ထိုးရောင်းမယ်။ ၀က်ကလေးတွေ မွေးမယ်… ပြီးရင် ဟမ်တို့ ဘေကွန်တို့ ရလာတဲ့အခါ ဟမ်ဘာဂါတို့၊ ဘေကွန်နဲ့ လုပ်တဲ့ မုန့်တွေ လုပ်ရောင်းမယ်။ အဲဒီလို ရောင်းလို့ရတဲ့ ပိုက်ဆံကို စုထားပြီး သူ့ထက် အဆင့်မြင့်တဲ့ ကိတ်မုန့်ဖုတ်စက်တို့၊ အချိုရည်စက်တို့၊ ဒီ့ထက် အဆင့်မြင့်လာရင် ရေခဲမုန့်လုပ်တဲ့စက်၊ သကြားလုံး လုပ်တဲ့စက်… အဲဒီလို စက်တွေ ၀ယ်မယ်…။ အဲဒီလိုပါ…
အို… အဲဒီလို ဂိမ်းများ စိတ်ဝင်စားစရာ ဘာရှိလို့လဲ… လို့ ပြောရင်လည်း ရပါတယ်။ ဒါပေမဲ့ စိတ်ကို အပန်းပြေစေပြီး အချိန်တွေ ကုန်လို့ ကုန်မှန်းမသိအောင် တကယ်ကိုပဲ ပျော်စရာ ကောင်းပါတယ်။ ပြောရရင် အစပိုင်းမှာတော့ တော်တော်လေး ရုန်းကန်ရပါတယ်။ ကိုယ့်မှာ ရှိတဲ့ ကြက်ဥလေး နွားနို့လေးနဲ့ ဂျုံပင်လေးတွေ ပန်းသီးပင်လေးတွေကနေပြီး အရောင်းအ၀ယ် စ ရပါတယ်။ ရောင်းလို့ ရသမျှ ပိုက်ဆံလေးတွေကို စုဆောင်းပြီး စက်တွေ ၀ယ်ရပါတယ်…။ အဲဒီအချိန်မှာ ပိုက်ဆံ ရှာရတာ တော်တော် ခက်ပါတယ်။ ရသမျှလေးတွေကိုလည်း အဆင့်မြင့် စက်ကရိယာတွေ ၀ယ်နိုင်ဖို့ ကျစ်ကျစ်ပါအောင် စုဆောင်းရပါတယ်။ ကိုယ့်ထက် အဆင့်မြင့်နေတဲ့သူတွေရဲ့ ခြံကျယ်ကျယ် လှလှတွေကို သွားသွားပြီး သွားရည်ကျရပါတယ်။ ကိုယ့်ဆီမှာ လွယ်လွယ်ကူကူ မရနိုင်သေးတဲ့ ပစ္စည်းမျိုး သူတို့ရောင်းတဲ့အခါဆို ၀မ်းပမ်းတသာနဲ့ သွားဝယ်ရပါတယ်။ အဲဒီလိုခြံတွေမှာကျတော့ စက်ကရိယာ ပစ္စည်းတွေ အမျိုးအမည် စုံလင်ပြီး ဖြစ်နေလေတော့ ပိုက်ဆံအတွက် ပူစရာ မလိုတာကြောင့် သူတို့ ခြံထွက်ပစ္စည်းတွေနဲ့ အသီးအနှံတွေကို ဈေးပေါပေါနဲ့ ချရောင်းနိုင်တာကိုလည်း အားကျစဖွယ် တွေ့ရပါတယ်။
အဲဒီ ဂိမ်းမှာ ပျော်စရာကောင်းတာ နောက်တခုကတော့ ကာဂို သဘောင်္ကြီးက ပစ္စည်းတွေကို လေးနာရီ ကြိုတင် အော်ဒါမှာထားပြီး လာဝယ်တာပါပဲ…။ ကုန်ပစ္စည်းတမျိုးကို ကွန်တိန်နာ သုံးခု လေးခု နဲ့ ပစ္စည်း သုံးမျိုး တင်ပေးရပါတယ်။ ကိုယ့်မှာရှိတဲ့ ပစ္စည်းနဲ့ သဘောင်္မှာ ကုန်အပြည့် မဖြည့်နိုင်တဲ့အခါ အိမ်နီးချင်းတွေကိုလည်း အကူအညီတောင်းနိုင်ပါတယ်။ ပြည့်စုံပြီး ပိုလျှံတဲ့ အိမ်နီးချင်း မိတ်ဆွေတွေက အကူအညီတောင်းနေတဲ့ သဘောင်္တွေကို ကုန်တွေ လာဖြည့်ပေးတတ်ပါတယ်။
နောက်ပိုင်းမှာ ကိုယ့်မှာ ပိုက်ဆံ လုံလုံလောက်လောက်ရှိလာပြီ… စက်တွေလည်း ၀ယ်ပြီးပြီ ဆိုတဲ့ အချိန်မှာ အရင်က ရှားပါးခဲ့တဲ့ ပစ္စည်းတွေဟာ လိုရင် လိုသလို ရနိုင်အောင် အလျှံအပယ် ပေါများလာပါတယ်။ အဲဒီလိုအချိန်မှာ သင်္ဘောတင်ဖို့ ကုန်ပစ္စည်း အကူအညီတောင်းသူတွေကို လိုက်ရှာပြီး သူတို့ လိုအပ်တဲ့ ပစ္စည်းတွေကို လိုက် ကူညီဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း လည်လည်ပတ်ပတ်ရှိလာတော့ လူမှုရေးလုပ်ငန်းတွေဖက်ကို လှည့်နိုင်တဲ့ သဘောပါပဲ…။ ငွေကြေးကိစ္စ ပူစရာမရှိတော့တဲ့အတွက် ခြံထဲမှာ သီးပင် စားပင်လေးတွေကို အရင်ကလို ခူးမရောင်းတော့ပဲ အသီးအပွင့်တွေ ဝေေ၀ဆာဆာနဲ့ လှလှပပ စိုက်ပျိုးထားရင်း၊ အကောင်လေးတွေကို အစာရေစာ မပြတ်အောင် ကျွေးမွေးရင်း၊ ခြံထွက်ပစ္စည်းလေးတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချရင်း၊ အိမ်နီးချင်း သူငယ်ချင်းတွေကို ကူညီရင်း နဲ့ ဘ၀ကို အေးအေးသက်သာ ဖြတ်သန်းလာတတ်ကြတဲ့ သဘောပါ။
နောက်တခုက အဲဒီဂိမ်းကနေတဆင့် ကစားသူတွေရဲ့ စိတ်နေ စိတ်ထားနဲ့ သူတို့ရဲ့ အမူ အကျင့်လေးတွေကို မသိမသာ တွေ့နိုင် မြင်နိုင်တယ် ဆိုတဲ့ အကြောင်းလေးကိုလည်း ပြောပြချင်ပါသေးတယ်။ အရာရာကို စနစ်တကျ သပ်သပ်ရပ်ရပ် စီစဉ်တတ်တဲ့သူတွေရဲ့ ခြံကလေးတွေဆို အပင်လေးတွေကို စနစ်တကျ စီတန်း စိုက်ပျိုးလို့… တနေရာနဲ့ တနေရာ ဖြတ်သန်း သွားစရာ လာစရာ လမ်းကလေးတွေ ခင်းလို့… သကြားစက် ကိတ်မုန့်ဖုတ်စက် အချိုရည်ထုတ်တဲ့စက် ရေခဲမုန့် လုပ်တဲ့စက်… စတဲ့ စက်တွေကို တနေရာထဲမှာ စုပြုံပြီး ပြီးစလွယ် ချထားတာမျိုးမဟုတ်ပဲ သူ့နေရာနဲ့သူ ခြံကလေး ၀င်းကလေး ခတ်ပြီး ထားလို့… သီးပင် စားပင်လေးတွေနဲ့ အလှစိုက် ပန်းပင်လေးတွေကိုလည်း စီစီရီရီ လှလှပပ စိုက်ပျိုးလို့… အချို့ဆို ရွှေငွေ လက်ဝတ်လက်စား လုပ်တဲ့နေရာမှာဆို အုတ်တံတိုင်း အခိုင်အခံ့နဲ့ ကာထားပြီး အစောင့် တပ်သားလေးတွေတောင် ချထားတတ်သေးတာမျိုး… အဲဒီလို လူသားဆန်တာလေးတွေကို တွေ့ရတတ်ပါတယ်။
တချို့ကျတော့ သူများလိုအပ်နေတာ၊ အကူအညီတောင်းနေတာကို တွေ့သော်လည်း အလွယ်တကူ ကူညီလေ့မရှိတတ်ပါဘူး။ ဆိုလိုတာက အိမ်နီးချင်း တယောက်က သဘောင်္အတွက် စတော်ဘယ်ရီ ကိတ် သုံးလုံး အကူအညီတောင်းထားတယ်။ တကယ်ဆို သူ့မှာ စတော်ဘယ်ရီကိတ်တွေ သုံးလုံးမက ရှိနေမယ်… ဒါပေမယ့် သူ မကူညီလိုက်ပါဘူး။ သူ့မှာ ရှိနေတဲ့ ပစ္စည်းတွေကို သူ့ဟာသူပဲ သိမ်းထား ဆောင်ထားတတ်တာမျိုး…။ ဟော… သူ့သင်္ဘောလည်း လာရော.. အကုန် သူ့ဟာသူ ဖြည့်ပြီး တင်လိုက်ရော…။ အဲလို သူများကိုလည်း မကူညီ… သူ့အတွက်လည်း သူများကို အကူအညီမတောင်းခံလိုတဲ့ All by myself လူစားမျိုးတွေ ရှိနေတာကိုလည်း ပြုံးချင်စရာ တွေ့ရပါတယ်။ တချို့ကတော့ ကစားတာ Level အတော်ကြီး မြင့်နေသောလည်း ပစ္စည်းတွေ ရောင်းတဲ့အခါ ဈေးလျှော့ရောင်းတာ မတွေ့ရပါဘူး။ ပုံမှန်ဈေး အမြင့်အတိုင်းပဲ ရောင်းပြီး ပိုက်ဆံတွေ စုထားတတ်ကြတဲ့ လောဘမျိုးတွေလည်း ပြုံးချင်စဖွယ် တွေ့ရပြန်ပါတယ်…။
တရက်က ကျွန်မမှာရှိတဲ့ ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ချရောင်းလိုက်ပါတယ်။ နောက်တနေ့ကျတော့ ကျွန်မရဲ့အကောင့်ထဲမှာ follower တွေ အများကြီး ရောက်နေတာ တအံ့တသြ တွေ့လိုက်ရပါတယ်။ ဆိုလိုတာက ဈေးသက်သက်သာသာနဲ့ ရောင်းတဲ့ ဆိုင်ကို နောက်လည်း လာဝယ်ရအောင် တန်းစီဖို့ ရောက်လာကြတဲ့ သဘောပါ။ ကြည့်ပါအုံး… ဘယ်လောက် လူသားဆန်လိုက်သလဲနော်…။
အစပိုင်းမှာ ရုန်းကန်ရတဲ့ အခြေအနေ.. တဖြည်းဖြည်းနဲ့ လုပ်ငန်း လည်ပတ်လာတဲ့အခါမှာ တော်တော်လေး ချောင်လည်လာတဲ့ အခြေအနေ… နောက်ပိုင်းကျတော့ သက်တောင့် သက်သာလေးနဲ့ လိုအပ်နေတဲ့နေရာတွေမှာ လိုက်ကူညီ… သိးပင်စားပင်လေးတွေကို အလှစိုက် ခြံကလေးကို အဖိုးတန် ပစ္စည်းလှလှတွေနဲ့ အလှဆင်ပြီး နေသွားနိုင်တဲ့ အခြေအနေ… အဲဒီလို အခြေအနေ အဆင့်ဆင့်တွေဟာလည်း လက်တွေ့ဘ၀မှာ ဖြစ်နေတာတွေနဲ့ တထပ်တည်း တူညီနေပါသေးတယ်။ လောကကြီးမှာ တွေ့လေ့ တွေ့ထ ရှိတဲ့ လူအမျိုးမျိုးရဲ့ အမူအကျင့် အမျိုးမျိုး၊ စရိုက် အမျိုးမျိုးတွေဟာ ဒီ Hay Day ဆိုတဲ့ ဂိမ်းမှာ လှလှပပလေး ထင်ဟပ်နေတယ်လို့ ကျွန်မ ထင်ပါတယ်။
နောက်တခုက ဒီဂိမ်းကို အတူတူ ကစားနေကြတဲ့ သူငယ်ချင်းတွေဟာ လောလောဆယ်မှာ အပြင်မှာ ကိုယ်စီ ဘ၀တွေအတွက် ရုန်းကန် လှုပ်ရှားနေကြရင်း အဲဒီလို ကိုယ်တိုင် ကိုယ်ကျ စိုက်ပျိုးရေး မွေးမြူရေး မလုပ်နိုင်ကြသေးတဲ့ သူတွေ ချည်းပါပဲ…။ ဒါပေမဲ့လည်း စိတ်ကူးအတွေးထဲမှာတော့ အသက်ကြီးလာတဲ့ တနေ့ကျရင် အခုလို ခြံကလေး ၀င်းကလေးနဲ့ နားနားနေနေ နေရင်း တနိုင်တပိုင် စိုက်ပျိုးရေး မွေးမြူရေးလေးတွေ လုပ်ပြီး ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းလိုစိတ်ရှိကြတဲ့သူတွေ ဖြစ်တာမို့ အခု ဒီဂိမ်းကလေးကို စွဲစွဲလမ်းလမ်း ဖြစ်နေကြတာ သေချာပါတယ်။ ဒါကြောင့် စာဖတ်သူ မိတ်ဆွေတို့လည်း အခါအခွင့်ကြုံရင် အဲဒီ Hay Day ဆိုတဲ့ ဂိမ်းကလေးကို ခဏဖြစ်ဖြစ် တစေ့တစောင်း အကဲခတ်ရင်း ကစားကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

မှတ်ချက် - 2013 July - Gamers Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။
ဒီနေ့ ဇူလိုင်လ တစ်ရက်နေ့မှာ သူသာ သက်ရှိထင်ရှား ရှိနေခဲ့မည်ဆိုလျှင် အသက် ငါးဆယ်ပြည့်… ရွှေရတု မွေးနေ့ ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း ထူးထူးခြားခြား မွေးနေ့ပွဲများကို သူ ကျင်းပနေလိမ့်မည် မထင်၊ ဖယောင်းတိုင်နှင့် ကိတ်မုန့်တွေလည်း ပါမည် မထင်…။ ဂစ်တာလေး တလက်ဖြင့် သီချင်းများကို သံစဉ်ရှာ ရေးစပ်သီကုံးနေမည်လား… သို့မဟုတ် ဂစ်တာကို တိုးတိုးညင်သာ တီးခတ်ရင်း အမေ့ရဲ့ဒုက္ခအိုးလေး… သီချင်းကို ဆိုညည်းနေမည်လား… သို့တည်းမဟုတ် မိသားစုနှင့် အတူတူ ရိုးရှင်းသော ညစာစားရင်း ရယ်မော ပျော်ရွှင်နေမည်လား…
ထိုအတွေးစတချို့နှင့်အတူ… ဝေးသွားတဲ့ အခါ သီချင်းကို ခပ်တိုးတိုး ဖွင့်ရင်း ဆရာ နိုင်ဇော် ရေးသားခဲ့သော အဆုံးအစမဲ့ မိုးသားထဲ သွားရအုံးမယ် (ထူးအိမ်သင် ပုံတူ ကောက်ကြောင်း) စာအုပ်ကို ပြန်ဖတ်ဖြစ်ပါသည်…။ သူ၏ ကောက်ကြောင်းဆိုသည့် အတိုင်း… သည်စာအုပ်ထဲတွင် ထူးအိမ်သင် - ငယ်နာမည် ဘဲဥ မှ အစချီကာ ကျော်မြင့်လွင် ၊ သျှပ်မှူးကျော်၊ ကဗျာဆရာ စာရေးဆရာ လင်းထင် အလယ်… ကိုငှက် ဟု ချစ်စနိုး ခေါ်ကြသော ထူးအိမ်သင် ရယ်လို့ ဖြစ်လာချိန်အထိ… အားလုံးကို ပြည့်ပြည့်စုံစုံ မြင်တွေ့နိုင်ခဲ့သည်။
.JPG)
*****
ဒုတိယတန်း ကျောင်းသားလေး ကျော်မြင့်လွင်…
စာမေးပွဲမှာ အမှတ်တွေ မနည်းစဖူး နည်းသွားခဲ့သည်။ ရီပို့ကဒ်ကို စစ်ကြည့်လိုက်သောအခါ လစဉ်စာမေးပွဲတွေမှာ အမှတ်တွေ ထိုးကျနေခဲ့သော်လည်း ပထမအစမ်း၊ ဒုတိယ အစမ်းတွေမှာ အမှတ်တွေက ကောင်းနေပြန်သည်…။ ဘယ်လိုဖြစ်တာလဲ… ဘာကြောင့်လဲ ဟု အကြောင်းရင်းကို သေသေချာချာ မေးမြန်းကြည့်သော အခါ မျက်စိ အဝေးမှုန်နေသည့် အကြောင်း မိဘတွေ သိလာခဲ့ရသည်…။
လစဉ်စာမေးပွဲများမှာ စာမေးပွဲမေးခွန်းကို အတန်းထဲက ကျောက်သင်ပုန်းပေါ်မှာ ရေးပေးထားသောကြောင့် သူ့နေရာကနေ မမြင်ရ… အရှေ့ကို ထ ထ ပြီး သွားကြည့်၊ ပြီးမှ နေရာကို ပြန်လာပြီး ဖြေရသည်။ ထိုအခါ အချိန်မမှီ…။ သင်္ချာဆိုလျှင် ကျတောင် ကျနေခဲ့သည်။ ပထမအစမ်း၊ ဒုတိယ အစမ်း စာမေးပွဲများမှာတော့ မေးခွန်းကို စာရွက်ဖြင့် တယောက် တရွက်စီ ဝေငှပေးသောကြောင့် သူ့ အတွက် အဆင်ပြေခဲ့သည်။ ထိုအခါ အမှတ်တွေက ထိပ်ဆုံးမှာ… သည်လိုနှင့် သူသည် အသက် ငယ်ငယ်လေးထဲက မျက်မှန် ထူထူနဲ့ ကျောင်းသားလေး တယောက် ဖြစ်ခဲ့တော့သည်။
*****
သူ့အသက် ၁၉ နှစ်တွင် သူ ပထမဆုံး ရေးဖွဲ့ခဲ့သော ကိုယ်ပိုင်သံစဉ် သီချင်းက ဝေးသွားတဲ့ အခါ….
"ဝေးသွားတဲ့အခါ မင်းအနားမှာ မောင့်ရဲ့ ချစ်လိပ်ပြာ ဟိုသည် ပျံဝဲလို့ နေချင်တာ…
ကြင်နာသူ မေ့ရင်ထဲမှာ နားခိုခွင့်ပြုပါ… ဟိုတုန်းက တို့များရဲ့ ချိုမျက်ဝန်းလွှာ…
နွေအိပ်မက်များထဲမှာ… တွေ့ကြမယ်နော် သီးခြားကမ္ဘာတခုမှာ…"
*****
ရှုမဝ မဂ္ဂဇင်းကို ကဗျာများ ဝတ္ထုတိုများ ရေးပို့သောအခါ သူ့ ကလောင်နာမည်က လင်းထက်… သူ့ ခံစားချက်တချို့ကို အမေ့ထံ တိုင်တည်ဟန်ဖြင့် တစွန်းတစ ရေးသားခဲ့သော ကဗျာလေးက…
အမေ… သားတော့ မီးလောင်နေပြီ…
လူတွေကတော့ ရယ်မှာပဲ…
သားရင်ထဲမှာ ကဗျာ… ကဗျာ… ကဗျာ…
သက်သာရာ ရမလားလို့ပါ…
(ဒီတခါတော့ဖြင့်) ဝမ်းရည်စပ်ရင်လည်း
နည်းနည်း ခွင့်လွှတ်ပါ အမေ…
သားတော့ မီးလောင်နေပြီ…
ပထမဆုံး ဝတ္ထုတိုဖြစ်သော "မြတ်နိုးခြင်းအားဖြင့် ကြင်နာသည် ဖြစ်၍..." ရှုမဝ မဂ္ဂဇင်းမှာ ဖေါ်ပြခြင်းခံရချိန်မှာ သူ့အသက်က ၁၉ နှစ်…
*****
တကယ်တော့ သူ့ရဲ့ စိတ်ဆန္ဒက အဆိုတော်ဖြစ်ဖို့ မဟုတ်ခဲ့… သူရေးထားတဲ့ သီချင်းတွေကို သီဆိုမဲ့သူ ရှာတွေ့ဖို့သာ…။ ဆိုတဲ့သူ ရှိလျှင် ရောင်းမည်… လူတွေ ကြားထဲ သူ့သီချင်းလေးတွေ ပျံ့နှံ့သွားရင် ကျေနပ်ပြီ ဆိုတာမျိုးသာ…။ သို့သော်လည်း ကံကြမ္မာက သူ့ကို သီချင်းတွေ ဆိုဖြစ်အောင် တွန်းပို့ ခဲ့သည်..။ နာရီပေါ်မှ မျက်ရည်စက်များ ၏ အစ… အိုအေစစ် စတူဒီယိုတွင် သူ အရင်ဆုံး စသွင်းခဲ့သော သီချင်းက သီချင်းလေး သက်သေ…
"သာယာချိုမြန်ပါစေ သူ့စိတ်မှာ…
ကိုယ်လေ ရည်ရွယ်ပါတယ် သူတယောက်သာ….
ရင်မှာ ဆိုနေမယ် သီချင်းလေးများ နားဆင်ပါ…"
ထူးအိမ်သင်၏ နာမည်အကျော်ကြားဆုံး သီချင်းများထဲမှ တပုဒ်က အမေ့အိမ်…
အဲဒီသီချင်းကို သူ သုဝဏ္ဏအိမ်မှာ နေထိုင်စဉ် အချိန်… မီးရထားလမ်းနှင့် နီးနေသောကြောင့် မီးရထား အဝင်အထွက် ဥသြသံကို နေ့စဉ် နားထောင်ရင်း ရေးဖြစ်ခဲ့…။
"မွန်းကြပ်တဲ့ မြို့ပြ လူနေမှုစနစ်မှာ စီးမျောရင်းလေ…
မပြီးသေးတဲ့ ခရီးတခု အဆုံးအထိရောက်ဖို့ ကြိုးစားနေသူမှာ...
ရိုးသားတဲ့ ကျေးလက်က အမေ့အိမ်လေးအကြောင်း တွေးမိနေလို့….
မြင်ယောင်ကာ အိပ်မက်ရင်… အလိုလို ငိုချင်တယ်…
အိမ်ပြန်ချင်တယ်… ဟူး… အငြိမ်းချမ်းဆုံး အမေ့အိမ်…
အိမ်ပြန်ချင်တယ်… ဟူး… အနွေးထွေးဆုံး အမေ့အိမ်…
အိပ်မရတဲ့ ညများစွာထဲ…. အိုး… ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး…."
နာရီပေါ်က မျက်ရည်စက်များ၊ မှော်ဆရာ အိပ်မက် နှင့် သက်ငြိမ် တေးစီးရီးစ် သုံးခွေ ထွက်ပြီးချိန်… မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ သူ့ သီချင်းသံတွေ နေရာယူ လွှမ်းမိုးနေသော အချိန်တွင် ထို သီချင်းခွေများအတွက် သူရခဲ့သည်ကတော့ ငွေ ငါးထောင်ကျပ်ရယ်… ဆယ့်လေးလက်မ တီဗွီ တလုံး ရယ်… ဟု ရယ်စရာ ပြောခဲ့သည်…။
*****
တနေ့တွင် ဆရာ စိုင်းခမ်းလိတ်က သူ့ကို အော်တိုရေးခိုင်းဖူးသည်…။ သူက ဆရာ ကျွန်တော့ကို မနောက်ပါနဲ့.. ဟု ပြောတော့ ဆရာ စိုင်းခမ်းလိတ်က ပြုံးစိစိဖြင့် သူ့ အော်တို မဟုတ်… သူ့ သမီး အော်တိုစာအုပ် ဖြစ်ကြောင်း ရှင်းပြ… အမှတ်တရအဖြစ် တခုခု ရေးပေးစေလိုကြောင်းပြောလေသည်…။
ထိုအခါ ထူးအိမ်သင်က
"ကြွေနေတဲ့ ပန်းလေးများ လိုက်ကောက်ခြင်းမှာ ကျေနပ်မှု အပြည့်အဝရတဲ့ ချစ်သမီးလေးရယ်…
ဒီလိုသာ အမြဲ ရောင့်ရဲ နေတတ်ရင် ဘယ်လောက်ကောင်းမလဲ…" အစချီသော နန်းခမ်းနွဲ့အတွက် သီချင်းတပုဒ် ကို အစအဆုံး တလုံးမကျန် ရေးပေးကာ သူ့ လက်မှတ် ထိုးပေးလိုက်သည်။
ထိုသီချင်းကို အစအဆုံး တလုံးမကျန် အလွတ်ရနေခြင်းသည် ဆရာ စိုင်းခမ်းလိတ်နှင့် ဆရာ့ အနုပညာကို သူ မည်မျှ လေးစား တန်ဖိုးထားကြောင်း ဖေါ်ပြပြီးသား ဖြစ်သွားခဲ့သည်သာမက ဖခင်တယောက် သမီးအပေါ် ထားရှိသော မေတ္တာကိုလည်း ပိုမို ထင်ရှား သွားစေခဲ့သည်…။
*****
အဲဒီနောက်တွင်…………….. ဂီတငှက် အမြင့်ပျံ ခရီးကို ပျံသန်း ခရီးနှင်သွားခဲ့သည်…။
အိပ်မက်ထဲက ရထားကြီး ခုတ်မောင်း သွားခဲ့…. ဘယ်တော့မှ ပြန်လာမည် မဟုတ်တော့…
"အိပ်မက်ဆန်းတခု ညစဉ်တွေ့မြင်… ကိုယ်လေ ရထားကြီး တစင်းနဲ့ပေါ့…
ဘယ်ဆီမှန်းလည်း မသိတဲ့ ခရီးစဉ်… အမှောင်မှာ ခုတ်မောင်းရင်း…
ကိုယ်ဟာ တဦးတည်းသော အမြဲတမ်း ခရီးသည်…
နေရာ အချိန် ပညတ်ချက်မဲ့… ဆူညံ ကွဲအက်တဲ့ နှလုံးသား ခေါင်းလောင်း မြည်သံတွေ…
အမှောင်နဲ့ အလင်း မကွဲပြားတဲ့ ကောင်းကင်… ညလွင်ပြင်ကို ဖြတ်သန်းတိုးဝင်…
မီးရထားကြီးတစင်း ကိုယ့်ဝိညာဉ်ကို သယ်ဆောင် ခုတ်မောင်းရင်း…
သံသရာ ရှည်မယ့် ခရီး… ဘယ်မှာ ဆုံးမယ် ကိုယ်လည်း မသိ….
ဒီအိပ်မက်က နိုးတိုင်း ရင်မှာ ကြေကွဲမိ…
အိပ်မက်ထဲက ရထားကြီး ခေါ်သံ ကိုယ် ကြားမိ…"
*****
ဝေးသွားသော်လည်း ယနေ့ထက်တိုင် သူ့သီချင်းတွေကို နှစ်ခြိုက်မက်မောစွာ နားထောင်နေဆဲ… တီးတိုး ရေရွတ် သီဆိုနေဆဲ…
အဆုံးသတ်တွင် ဆရာနိုင်ဇော်က ထူးအိမ်သင် ကိုယ်တိုင်ရေးသားခဲ့သော ကဗျာတိုလေး တပုဒ်ဖြင့် နှုတ်ဆက်ခဲ့သည်…။
သက်တံ့မြစ်
ညနေခင်း တစ်ခု
မိုးစဲလင်းပွင့် ကောင်းကင်မှာ
ဟာ…
လှလိုက်တဲ့
သက်တံ့ကြီး တစ်စင်း
စီးဆင်းနေတာ တွေ့တယ်…
ရုတ်တရက်ပဲ
ငါ ကြေကွဲခဲ့ရပေါ့
ဘဝဆိုတာ
သက်တံ့လိုပါလား….
ရှိတော့ ရှိရဲ့
ဒါပေမယ့်
အရှိမဲ့…..
*****
ထူးအိမ်သင် ဟူသော အမည်နာမ တခုအတွက် သူ ဖြတ်သန်းခဲ့ရသော နေ့စွဲများအကြောင်းကို ပြည့်ပြည့်စုံစုံ ဖတ်ခွင့်ရသည့်အတွက် ပုံတူ ကောက်ကြောင်း ဖန်တီးရှင် ဆရာနိုင်ဇော်ကို အထူး ကျေးဇူးတင်ပါသည်။ ထို ပုံတူ ကောက်ကြောင်းကလေးကို ဖတ်ရှုရင်း... စိတ်ကူးထဲတွင် ပြန်လည် ခေါ်ယူ တွေးတော ပုံဖေါ်ရင်း... သူ သီဆိုခဲ့သော သီချင်းများထဲတွင် တီးတိုးညင်သာ စီးမျောလိုက်ပါရင်း… သူ့မွေးနေ့ အမှတ်တရ အဖြစ် သည်ပိုစ့်ကို ရေးပါသည်။
Happy Birthday to You…!!