Thursday, July 25, 2013

ရေပတ်လည် ဝိုင်းရံလျှက်ရှိသော ကုန်းမြေကို ကျွန်းဟု ခေါ်သည်


ထိုမြို့လေးကို ကျွန်မရောက်သွားတော့ လေယာဉ်ကွင်းမှ ထွက်ထွက်ချင်း အေးမြသော လေငွေ့ကို သတိထားလိုက်မိသည်။ နေပူပူ နေ့လည်ခင်းပင်ဖြစ်သော်လည်း တိုက်ခတ်လာသော လေငွေ့က အေးမြမြနှင့် ချစ်စရာကောင်းစွာ ဆီးကြိုသော မြို့ကလေး ဖြစ်သည်။ ငယ်ငယ်က သင်ခဲ့ရသော ရေပတ်လည် ဝိုင်းရံလျှက်ရှိသော ကုန်းမြေကို ကျွန်းဟု ခေါ်သည် ဆိုသော စာသားလေးကို သတိရပြီး ကျွန်မ ပြုံးရယ်မိပါသည်။ ကားရပ်နားရာ နေရာတွင် ကျွန်မ တည်းခိုနေထိုင်မည့် ဟိုတယ်အမည်ကို ရေးသားထားသော မီနီဘတ်စ်တစ်စီးက အသင့် စောင့်ကြိုနေပါသည်။ ထိုကားဖြင့် ဟိုတယ်သို့ အသွားလမ်းတလျှောက်တွင် ဘေးဘီဝဲယာကို မျက်တောင်မခတ် ကြည့်ရှုရင်း လိုက်ပါသွားခဲ့ပါသည်။ အများအားဖြင့်တော့ ညီညာစွာ စီတန်းစိုက်ပျိုးထားသော ရော်ဘာစိုက်ခင်းများကို တွေ့မြင်ရပါသည်။ မြို့ထဲသို့ အရောက်တွင် လုံးချင်း အိမ်ကလေးများရှေ့တွင် သစ်ပင် ပန်းပင်လေးများ စိုက်ပျိုးထားသည်ကိုလည်း ချစ်စဖွယ် တွေ့မြင်ရပါသေးသည်။ ထို့နောက်တွင်တော့ ကျွန်မ အလွန် တွေ့ချင် မြင်ချင်လှသော စိမ်းပြာပြာ ရေပြင်ကျယ်ကြီးကို မျက်စိတဆုံး တွေ့လိုက်ရပါတော့သည်။



ရေစပ်တလျောက်တွင် ထီးရောင်စုံများကိုလည်း ဓါတ်ပုံတွေထဲမှာလိုပင် အစီအရီ တွေ့ရပါသည်။ ကျွန်မကို ခေါ်ဆောင်လာသော ကားသည် ထိုကမ်းစပ်တလျောက် ဖြတ်မောင်းပြီး တောင်ကုန်းကလေးတစ်ခုပေါ် တက်သွားပါသည်…။ မကြာခင်မှာပင် ကျွန်မနေထိုင်မည့် ဟိုတယ်သို့ ရောက်လာပါသည်။ လေဆိပ်မှ ဟိုတယ်ကို အရောက် စုစုပေါင်း နှစ်နာရီနီးပါး မောင်းနှင်ရပါသည်…။





ဟိုတယ်ဝန်ထမ်းများက ဆောင်ရွက်စရာကိစ္စများကို လက်အုပ်ကလေး တချီချီဖြင့် ပြုံးချိုဖေါ်ရွေစွာ ကူညီကြပါသည်။ ကျွန်မ နေရမည့် အခန်းမှာ ပထမထပ် ထောင့်ခန်းဖြစ်ပြီး ရေကူးကန်ကို တိုက်ရိုက် ဆင်းစရာ လှေခါးလေးလည်း ပါရှိပါသည်။ အခန်းထဲအရောက် ပစ္စည်းများ ချ၊ ရေချိုး အဝတ်အစားလဲပြီး မြို့ထဲ သွားရန် ပြင်ဆင်ပါသည်။ ကျွန်မနေထိုင်ရာ ဟိုတယ်မှ မြို့ထဲသို့ ကားအကြိုအပို့ လုပ်ပေးပါသည်။ မြို့ထဲသို့ ကျွန်မရောက်သွားသောအခါ လမ်းမတခုလုံး ဈေးဆိုင်တန်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရပါသည်။ သစ်သီးများ၊ အကင်များ၊ ရေခဲချောင်း ရေခဲမုန့်များ၊ ပြောင်းဖူးမီးဖုတ်များ ရောင်းသော လက်တွန်းလှည်းများကလည်း နေရာအနှံ့…။ အံ့သြစရာကောင်းသော အချက်မှာ ဆိုင်တိုင်းလိုလိုတွင် ဈေးဝယ်သူများနှင့် စားသုံးသူများ အပြည့်အနှက် ရှိနေခြင်းပင်…။ ကျွန်မ အကြိုက် ကော်ဖီဆိုင်ကို တွေ့လိုက်သောအခါ ဟန်မဆောင်နိုင်တော့ပဲ ကော်ဖီ တစ်ခွက်ကို အမြန်ဆုံးဝယ်ယူပြီး ထိုကော်ဖီဆိုင်လေးရှေ့မှ စားပွဲတစ်လုံးတွင် ထိုင်ရင်း မြင်ကွင်းထဲ ဝင်လာသမျှကို သူ့အတိုင်းသော်လည်းကောင်း၊ ကင်မရာ မှန်ဘီလူးမှ တဆင့်သော်လည်းကောင်း ငေးမော နေမိပါတော့သည်။


ထိုမြို့လေးမှာ ကျွန်မကဲ့သို့ အလည်လာသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များဖြင့် အလွန် စည်ကားလှပါသည်။ လတ်ဆတ်သော ပင်လယ်စာများ၊ သစ်သီးများကိုလည်း ဈေးနှုန်းချိုသာစွာ ပေါပေါများများ စားသုံးနိုင်သောကြောင့် ခရီးသွားဧည့်သည်များ အနေဖြင့် သဘောကျ နှစ်သက်စရာ ကောင်းလှပါသည်။ ထိုကော်ဖီဆိုင်လေးတွင် နေစောင်းသည်အထိ ကျွန်မ ထိုင်နေပြီးမှ ညစာစားရန် ထိုဈေးတန်းလေးကို လျှောက်လာခဲ့မိပါသည်။

စားစရာများမှာ အမျိုးအမည် စုံလင်လှပြီး စားချင်စဖွယ်ရှိလှသောကြောင့် ကျွန်မ ဘယ်နေရာမှာ ဘယ်လို စားရမည်ကိုပင် မဝေခွဲတတ်အောင်ပင်…။ နောက်ဆုံးတွင် ပင်လယ်စာများ ရောင်းသော ဆိုင်တဆိုင်ကို ရောက်ပြီး ပုဇွန်ကင်တစ်ပွဲ၊ ခေါက်ဆွဲကြော်တစ်ပွဲနှင့် ဝက်သားကင် တစ်ပွဲ၊ အုန်းသီးစိမ်းတစ်လုံးတို့ကို မှာယူလိုက်ပါသည်။ ပိုက်ဆံပေးသောအခါ မျှော်လင့်ထားသည်ထက် များစွာ ဈေးချိုနေသည့်အပြင် စားကြည့်သောအခါ အရသာလည်း အလွန်တရာ ကောင်းမွန်ကြောင်း သိလိုက်ရပါသည်။




ညစာ စားအပြီး ထိုဈေးတန်းတလျှောက် လှည့်ပတ်ကြည့်နေရင်း တနေရာအရောက်တွင် ထိုမြို့ကလေး နာမည် စာတန်းပါ တီရှပ်ရောင်စုံများရောင်းသော ဆိုင်ကလေးကို တွေ့ရပါသည်။ လက်ဆောင်ပေးရန်ဖြစ်စေ အမှတ်တရ ဝတ်ဆင်ရန် ဖြစ်စေ ထိုတီရှပ် အနည်းငယ် ဝယ်ယူရန် ဆိုင်ထဲသို့ ၀င်သွားမိပါသည်။ ဆိုင်ထဲအရောက်တွင် အမျိုးသား ခပ်ငယ်ငယ်တစ်ဦးနှင့် အမျိုးသမီး တစ်ဦးက လှိုက်လှဲဖေါ်ရွေသော အပြုံးဖြင့် ဆီးကြိုကာ ကျွန်မ အလိုရှိသည်များကို စိတ်ရှည်စွာ ပြသပါသည်။ အထည်များကို ကြည့်ရင်း ရွေးချယ်ရင်း ဈေးမေးသောအခါ အမျိုးသမီးက သူတို့ ဘာသာစကားဖြင့် ပြောပါသည်။ ကျွန်မက နားမလည်ကြောင်း လက်ခါပြရင်း အမူအယာဖြင့် ပြောသောအခါမှ ဂဏန်းပေါင်းစက်ကို ယူလာကာ ဈေးနှုန်းများကို ရေးပြပါသည်။ ဘေးနားမှ ကြည့်နေသော အမျိုးသားလေးက အစ်မက မြန်မာလား ဟု မေးလာသောအခါ ရုတ်တရက် ကျွန်မ လန့်သွားပါသည်။ ဟုတ်တယ် အစ်မ မြန်မာပါ… ဟု ပြန်ဖြေသော် ကျွန်မကို ဂဏန်းပေါင်းစက် တပြင်ပြင်ဖြင့် ဈေးပြောနေသော အမျိုးသမီးကို သူတို့ ဘာသာစကားဖြင့် တစုံတခု လှမ်းပြောလိုက်ပါသည်။ ထိုအခါ အမျိုးသမီးက ကျွန်မတို့ အနားမှ ဖယ်ခွာပြီး ဆိုင်ခန်းထဲသို့ ဝင်သွားပါသည်။

ထို့နောက် ဈေးရောင်းသူ အမျိုးသားလေးက ကျွန်မ ရွေးချယ်ထားသော တီရှပ်များကို ကျသင့်ငွေ တွက်ပေးပါသည်။ အစ်မ အလည် လာတာပဲလား…ဘယ်လောက်ကြာအုံးမှာလဲ… စသည့် မေးခွန်းများကို ဖြေဆို… အလ္လာပ သလ္လာပ စကားများ ပြောဆိုပြီး ကျသင့်ငွေကို ပေးချေမည်အလုပ်တွင်… စုစုပေါင်း ကျသင့်ငွေထက် တဝက်မက လျှော့ချထားသောကြောင့် ကျွန်မ အံ့သြသွားပြီး မဟုတ်တာ… နည်းနည်းပါးပါး လျှော့ရင် ရပါပြီ အခုက ခေါက်ချိုးတောင် မကဘူး… ယူပါ… ကျသလောက် ယူပါ.. ဟု ပြောလိုက်ရာ… သူက ရပါတယ် အစ်မရယ်.. ကျွန်တော်က အလည်လာတဲ့အထဲ ကိုယ့်လူမျိုးတွေ တွေ့ရရင် ပျော်လို့ပါ… အခုကလည်း ကျွန်တော် လျှော့ပေးနိုင်တဲ့ အတိုင်းအတာထဲကမို့ လျှော့ပေးတာပါ… ယူပါ အစ်မ.. အားမနာပါနဲ့… ဟု ပြောလေသည်။ အားနားနာဖြင့် ကျသင့်ငွေကို ပေးရင်း ကျေးဇူးတင်စကားဆိုကာ ထိုဈေးတန်းလေးမှ ထွက်၊ တည်းခိုရာ ဟိုတယ်ဆီသို့ ပြန်လာခဲ့ပါသည်။ ညနက်စပြုလာပြီ ဖြစ်သောကြောင့် ဘားများ ကလပ်များလည်း အတော် လူစည်ကားနေကာ သီချင်းသံများမှာ လမ်းမပေါ်သို့ လျှံထွက်နေပါသည်။




ဒုတိယနေ့… ဟိုတယ်မှ ကျွေးသော မနက်စာများအနက် ကျွန်မ အကြိုက်ဆုံး ကွေ့တီယိုကိုသာ တဝ စားပြီး ကြိုတင်စီစဉ်ထားသည့်အတိုင်း မနီးမဝေးမှ ကျွန်းကလေးကို အလည်သွားရန် လာကြိုသည့် ကားကို စောင့်ဆိုင်းနေခဲ့သည်။


ချိန်းဆိုထားသော အချိန် အတိအကျတွင် ကား လာကြိုပါသည်...။ ထို့နောက် သင်္ဘောဆိပ်သို့ရောက်… အသင့်စောင့်ဆိုင်းနေသော သင်္ဘောကို စီးကာ ပြာလဲ့နေသော ရေပြင်တလျောက် ခရီးဆန့်ခဲ့ပါသည်။ နာရီဝက်ခန့် မောင်းပြီးသောအခါ အလွန်လှပသော သဘာဝ ကျောက်တောင်များနှင့်အတူ အရင်နေရာများထက် အဆပေါင်းများစွာ ပိုမိုကြည်လင် စိမ်းပြာသော ရေပြင်ကျယ်ကို တွေ့လိုက်ရပါသည်။ ရေအောက်တွင် လူးလာခေါက်ပြန် ကူးခတ်နေကြသော အရောင်စုံ အသွေးစုံ အရွယ်စုံ ငါးများကိုလည်း ဝေးဝေးမှ လှမ်းမြင်နိုင်လောက်အောင်ပင် ရေက ကြည်လင် စိမ်းမြလေသည်။ အချို့သော ခရီးသွားများက ပစ္စည်းကရိယာ အစုံအလင် တပ်ဆင်ကာ ရေအောက်တွင် ငုတ်လျှိုးကာ သဘာဝ အလှအပများကို ကြည့်ရှုနေချိန်တွင် ကျွန်မက လှပသော… ပြီးတော့ ခိုင်ခံ့မာကျောလှပါသည်ဆိုသော ကျောက်တောင်များပင် ရေတိုက်စားခြင်းခံရသောကြောင့် အောက်ခြေတွင် အရစ်လိုက် နစ်ဝင် ပါးလျလာပုံကို ကြည့်ရင်း စိတ်ထဲတွင် စာတစ်ပုဒ်ကို စီနေမိသေးသည်။





ထိုကျွန်းလေးမှ အပြန်တွင် လက်မှုပစ္စည်းများနှင့် ချည်ထည်များ၊ ဆွဲကြိုး လက်ကောက်များ၊ အသင့် ထုတ်ပိုးပြီးသော လက်ဆောင်ပေးနိုင်သော စားဖွယ်သောက်ရာများကို ရောင်းသော ရေပေါ်ကျွန်းလေး တခုကို ရောက်ခဲ့ပါသေးသည်။ ချည်အင်္ကျီလေးများ၊ ပုတီးစေ့ ဆွဲကြိုးများနှင့် ပုဝါသုံးထည်ကို ဝယ်ယူပြီး ဆက်လျှောက်လာသောအခါ သစ်သီးခြောက်အမျိုးမျိုးနှင့် သစ်သီးယိုအမျိုးမျိုး ရောင်းသော ဆိုင်လေး တစ်ဆိုင်ကို တွေ့ရပါသည်။


ဆိုင်ရှေ့တွင် အမြည်းပေးထားသော သစ်သီးခြောက် အမျိုးမျိုးကို စားကြည့်ပါ… ဟု ခေါ်ယူနေသော ကောင်မလေး၏ ချိုမြသော ပြုံးမျက်နှာကို တွေ့ရသောအခါ စိတ်ထဲတွင် ရင်းနှီးနေသလို ဖြစ်ပြီး ထိုဆိုင်ထဲသို့ ရောက်ခဲ့ပါသည်။ ထိုကောင်မလေး ယူလာသော အမြည်းများကို အနည်းငယ်စီ မြည်းစမ်းကြည့်ရင်း တစ်ယောက်နှင့်တစ်ယောက် ဘာစကားမျှ မဆိုရသေးခင်မှာပင် သူက ကျွန်မကို အစ်မက မြန်မာလား… ဟု မေးလာပါသည်။ ကျွန်မ မျက်လုံးအဝိုင်းသားဖြင့် စားလက်စ အမြည်းကို အမြန် မျိုချကာ ကျွန်မ မြန်မာလူမျိုးဖြစ်ကြောင်း ခေါင်းကို တွင်တွင်ညိတ်ပြလိုက်ပါသည်။ သူက တွေ့ရတာ ဝမ်းသာလိုက်တာ အစ်မရယ်.. အစ်မ အလည်လာတာပဲလား… ဘယ်မှာ တည်းလဲ… ဘယ်နှစ်ရက် နေမှာလဲ… စသည်ဖြင့် မေးခွန်းများ ထုတ်ပါတော့သည်။ သူ မေးသမျှကို ပြန်လည် ဖြေကြားရင်း ကျွန်မ ဝယ်လိုသော အသီးခြောက်များကိုပါ တလက်စတည်း လက်ညှိုးညွှန်ပြလိုက်ရာ ကောင်မလေးက သွက်လက်စွာဖြင့် အသီးခြောက်များကို တစ်ထုတ်ပြီး တစ်ထုတ် ချိန်တွယ် ထုတ်ပိုးပါတော့သည်။ စတော်ဘယ်ရီသီးခြောက်၊ ကီဝီသီးခြောက်၊ အုန်းသီးခြောက် များမှာ အလွန် အရသာ ရှိသောကြောင့် ကျွန်မ တော်တော်များများ ဝယ်ဖြစ်ပါသည်။

ကျသင့်ငွေ ရှင်းသောအခါ ကျွန်မ တွက်ထားသည်ထက် အတော် နည်းနေသောကြောင့် ကောင်မလေးအား ပြန်မေးသောအခါ မည်သည့် အသီးခြောက်မဆို ငါးရာဂရမ် သုံးထုတ် ဝယ်လျှင် နောက်တစ်ထုတ် အပိုပေးသည် ဟု ဆိုပါသည်။ ထို့အပြင် ကျွန်မ စားဖို့ လက်ဆောင်… ဟု ဆိုကာ စတော်ဘယ်ရီသီးခြောက်တစ်ထုတ် သပ်သပ် ပေးပြန်ပါသည်။ ကျွန်မ ဝယ်ထားသမျှကို အလေးချိန် ပိုပိုသာသာ ချိန်တွယ်သည်သာမက အပိုလည်းပေး၊ လက်ဆောင်လည်း ပေးနှင့် ကျွန်မဆီမှာ အသီးခြောက်များ တပုံတပင်…။ ကျသင့်သလောက် ယူပါ ဟု အထပ်ထပ် ပြောသော်လည်း မရ…။ သည်လိုနှင့် ကျွန်မလည်း မကြာခင်က ဝယ်လာသော ပုဝါများထဲမှ တစ်ထည်ကို ထုတ်ယူကာ ထိုကောင်မလေးကို လက်ဆောင်အဖြစ်ပေးရင်း၊ ကျေးဇူးတင်စကားပြောရင်း နှုတ်ဆက်ရပါသည်။ ကောင်မလေးမျက်ဝန်းတွင် တွဲခိုလာသော မျက်ရည်စများကိုမူ ဝမ်းသာမျက်ရည်လား ဝမ်းနည်းမျက်ရည်လား… ကျွန်မ ကောင်းကောင်း မခွဲခြားနိုင်ခဲ့ပါ။

တည်းခိုရာ ဟိုတယ်သို့ အပြန်လမ်းတွင် အမေ့အိမ်နှင့် အဝေးတနေရာမှာ နေထိုင်ရင်း ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်နေကြသော ကိုယ့်လူမျိုးကလေးများ၏ တန်ဖိုးမဖြတ်နိုင်သော စိတ်ကောင်း စေတနာကောင်းလေးများကို ဝမ်းသာ ကြည်နူးစွာ အသိအမှတ်ပြု တွေးတောရင်း ကျွန်မကိုယ်တိုင်လည်း ဝမ်းသာ ဝမ်းနည်း ခံစားရပါသည်။



တတိယနေ့တွင်မူ ဟိုတယ်မှာပင် မနက်စာ စားပြီး ဟိုတယ်ရှေ့တွင် မြင်နေရသော ကမ်းစပ်တလျောက် အေးအေးလူလူ လမ်းလျှောက်ရင်း… အသက်ဝဝရှူရင်း… အနားယူခဲ့ပါသည်။ ညနေစောင်းတွင်မှ ကမ်းစပ်သို့ ဆင်းကာ ပင်လယ်ရေနှင့် ထိတွေ့ခဲ့ပြီး… သဲသောင်ပြင် ပင်လယ် ပြာပြာ တောင်တန်းညိုညို ကောင်းကင်ပြာပြာ တိမ်တိုက် ဖြူဖြူ… ဟိုး…. မိုးကုတ်စက်ဝိုင်း အဆုံးအထိ မြင်နေရသော မြင်ကွင်းများကို ဓါတ်ပုံရိုက်ယူရင်း.. နေဝင်ချိန်ကို စောင့်ကြည့်ရင်း… မြို့ကလေးကို နှုတ်ဆက်ရင်း…. နောက်တနေ့ မနက် အစောကြီးတွင် ကျွန်မ ချစ်သော ထိုကျွန်းမြို့ကလေးမှ ပြန်လာခဲ့ပါတော့သည်။



စာကြွင်း - ဟိုးအရင်တုန်းကလို စာနဲ့ ဓါတ်ပုံလေးတွေ ဝေဝေဆာဆာ တွဲတင်ချင်စိတ်ပေါ်လာလို့ ဖူးခက်သွား တောလား ပိုစ့်လေးကို ရေးပါတယ်။ ပုံတချို့ကို ကင်မရာအကြီးနဲ့ ရိုက်ပြီး တချို့ပုံတွေကတော့ အိုင်ဖုန်းနဲ့ ရိုက်ထားတာ ဖြစ်ပါတယ်။


Bonus - ဒါလေးကတော့ ဟောလီးဒေးက ပြန်လာပြီး ရုံးပြန်တက်ရတော့မှာမို့ ငှက်နာလေး လည်လိမ်နေတဲ့ပုံ ဖြစ်ပါတယ်...။ ဝမ်းနည်းစရာပါ....

15 comments:

  1. ဖူးခက်က စားသောက်ဆိုင်တော်တော်များများ ဆိုင်ရှင်တွေက အဖြူတွေ ဆိုင်အလုပ်သမား မြန်မာတွေများတယ်။ မြန်မာတွေ အဲလောက်များတာ တွေ့တော့ အံ့တောင်သြတယ်။
    ဖူးခက်က အပြင်ထွက်ပြီး ဖီဖီကျွန်းတွေဖက်သွားမှ ပိုလှတာ။ နောက်တစ်ခါသွားဖြစ်ရင အမလို သင်္ဘောအနှေးစီးပြီးသွားမယ်။

    ReplyDelete
  2. သွားသမျှတွေထဲ ဖူးခက်ကိုအကြိုက်ဆုံး
    နောက်တစ်ခေါက်ထပ်သွားချင်သေးတဲ့နေရာပေါ့

    ReplyDelete
  3. ဓာတ်ပုံတွေလှလိုက်တာ အစ်မသက်ဝေ...
    ဈေးဆိုင်မှာကိုယ့်မြန်မာအချင်းချင်း ဈေးလျှော့ပေး၊ ကူညီပေးတာလေးတွေ ဖတ်လိုက်ရတော့ မျက်ရည်တောင် လည်မိတယ်.. တကယ်

    ReplyDelete
  4. ပျော်စရာခ၇ီးလေးဖြစ်ခဲ့တာပေါ့ ဖန်တာစီ ကြည့်ခဲ့ရမှာ၊

    ReplyDelete
  5. မင်္ဂလာပါ အသက် ရေ
    အတွ့ အကြုံတွေကိုခေါင်းထဲမှာမှတ်သွားရင်းနဲ့ 
    ကော်ဖီတိုက်ရဦးမည့်အကြွေးကိုလည်းသတိရသွားပါတယ်

    ReplyDelete
  6. ပုံတွေ အကုန်လှတယ်...အစ်မ



    မယ်ဆင်

    ReplyDelete
  7. Amazing shots...
    You are really professional photographer...
    ကော်ဖီဗူးပုံလေးကို အကြိုက်ဆုံး....
    အပြင်မှာတွေ့ရင် ဖြူ့ကို ဓါတ်ပုံ တပုံလောက် ရိုက်ပေးပါလား...

    ReplyDelete
  8. အိမ်ကလူသွားတုန်းကပြောတယ်. မြန်မာတွေအများကြီးပဲလို့  သက်ဝေရေးတာလေးဖတ် ဓာတ်ပုံလေးတွေကြည့်ပြီးပိုသွားချင်သွားတယ်

    ReplyDelete
  9. Dear Ma Thet Wai,
    Thanks for the post.
    I love to read your blog, ma chit kyi aye, ma naing naing, Ko Di ko lar and all are blocking user now. I hope you wont do this.

    ReplyDelete
  10. When we went to Malaysia, most of the casher, waiters r burmese. They always reduce the price or sometimes gave extra drinks/ food for us. Burmese in Singapore dont have this habit. :P

    ReplyDelete
  11. မနေ့ကဖတ်ပြီး မန့်မရလို့ ခုပြန်လာတာပါ...း) ပုံလေးတွေအားလုံးလှတယ်... ကွေ့သယိုစားချင်တယ်အမ

    ReplyDelete
  12. ဓါတ်ပုံတွေ အရမ်းကောင်းတယ်၊

    ReplyDelete
  13. နောက်တစ်ခေါက် ပြန်သွားချင်သေးသော ဖူးခက် :)
    အမရေးတော့ ပိုလွမ်းသွားတယ်။


    နောင့်

    ReplyDelete
  14. အလည်တစ်ခေါက် အရောက်ပို့ပေးခဲ့တဲ့ မသက်ကို ကျေးဇူးအများကြီးတင်လိုက်ပြီ...
    ဓာတ်ပုံတွေပီပြင်ပြီး လှလိုက်တာ မသက်ရေ...
    သက်မွေးဝမ်းကြောင်းပညာရှင်တစ်ယောက်လိုပဲ (ကွတ်မှာသာနောက်တာနော် အခုအတည်ပြောတာ)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. အမ သက်...

    hotel နာမည်လေးများ ပြောပြလို့ ရမလားဟင်?
    လာမဲ့ CNY တွက်ကြို booking လုပ်ချင်တာ အဲလို beach နဲ့ဆက်နေတဲ့ hotel နေရာမျိုးဆို အဆင်ပြေလို့ပါ..

    ကျေးဇူးပါ...

    ဆု

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...