Tuesday, July 16, 2013

တန်းစီခြင်းနဲ့ နေသားတကျ ဖြစ်နေသူများ

အပူပင် အကြောင့်ကြမဲ့စွာနဲ့ အေးအေးလူလူ ရှေ့ဆင့် နောက်ဆင့် တန်းစီနေကြတဲ့ လူတန်းရှည်ရှည်တွေကို တွေ့တိုင်း ကျွန်မစိတ်ထဲမှာ တစ်ခုခု အလိုမကျသလို ခံစားရစမြဲပါ။ တန်းစီနေကြတယ် ဆိုတဲ့နေရာမှာ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေအတွက် မဖြစ်မနေ တန်းစီနေတဲ့သူတွေကို အသာ ဖယ်ထားပြီး အခု လတ်တလောမှာ ဟိုနားတစ်စု၊ ဒီနားတစ်စု တွေ့နေ မြင်နေရတဲ့ လူတန်းရှည်တွေဟာ ဘာအတွက်များပါလဲ လို့ ကျွန်မ စပ်စပ်စုစု လေ့လာမိတယ်။ ကျွန်မကိုယ်တိုင်ကတော့ ကိုယ်ပိုင်အချိန်နည်းလွန်းသူ၊ စောင့်ဆိုင်းခြင်းကို အကြောင်းမဲ့ ပျင်းရိတတ်သူ ပီပီ တမျှော်တခေါ် တန်းစီယူမှ ရလာမဲ့ အရာတွေကို တတ်နိုင်သမျှ ရှောင်လေ့ရှိတယ်။ ဒါတင်မက အေးအေးလူလူ စီတန်းနေကြတဲ့သူတွေကို ကြည့်ပြီး သူတို့နှယ့် အချိန်တွေ ပိုနေရန်ကော လို့ မနာလိုဖြစ်မိလား… ဖြစ်မိပါရဲ့…။


ဒါပေမဲ့လည်း ကျွန်မရောက်နေတဲ့ ဒီကျွန်းပိစိလေးမှာက နေရာတကာမှာ တန်းစီကြရတယ်။ တန်းစီခြင်းဟာ နေ့စဉ်ဘ၀ထဲက အစိတ်အပိုင်းတစ်ခုလို့ ဆိုရမလောက်ကို နေရာတိုင်းမှာ တန်းစီကြရပါတယ်။ စည်းကမ်းရှိတယ် လို့ ပြောရင် ရသားပေါ့…။ ဘယ်လိုတွေ တန်းစီသလဲ ဆိုရင်တော့ ပြောမကုန်ပါပဲ…။ လှေခါးတက်ဖို့က စလို့ တန်းစီရတယ်။ ကားစီးဖို့လည်း တန်းစီရတယ်။ ကားငှားဖို့လည်း တန်းစီရတယ်၊ အစားစားဖို့လည်း တန်းစီရတယ်၊ ယုတ်စွအဆုံး အများသုံးအိမ်သာတွေမှာလည်း အခန်းအပြင်လျှံနေတဲ့အထိ တန်းစီပြီး စောင့်ရတတ်ပါတယ်။ ဘယ်လို ၀န်ဆောင်မှုကိစ္စမျိုးမဆို လူနည်းနည်း များလာတာနဲ့ အလိုလိုနေရင်း လူတန်းရှည်ကြီးတစ်ခုဖွဲ့လို့ စောင့်ဆိုင်းကြရတဲ့ အဖြစ်ပါ။ တချို့နေရာတွေမှာတော့ တိုကင်လေးတွေ ပေးထားတာမို့ ကိုယ့်အလှည့်မရောက်ခင်မှာ အဆင်ပြေတဲ့ တစ်နေရာမှာ သက်တောင့်သက်သာ ထိုင်စောင့်နေရတတ်တာမျိုးတွေလည်း ရှိပါသေးတယ်။

မနက်စောစော အခမဲ့ ဝေငှတဲ့ သတင်းစာတစ်စောင် ရဖို့အတွက် တန်းစီရတယ်။ ရထားဘူတာ အဝင်ဝမှာ တစ်ရှူးပေပါ အထုတ်ကလေးတွေ အခမဲ့ ဝေနေတာကို ရဖို့အတွက် တန်းစီရတယ်။ ရထားဘူတာနဲ့ မနီးမဝေးက ကုန်တိုက်တွေကို ပြေးဆွဲတဲ့ အခမဲ့ ဘတ်စ်ကားကြီးတွေ စီးရဖို့အတွက် တန်းစီရတယ်။ ဒါတွေက ကိုယ် အခမဲ့ ရဖို့ အတွက် စီရတာတွေမို့ အသာ ထားလိုက်ကြစို့…။ သူ့ထက် ဆိုးတာတွေက… ရိုးရိုး Food Center တွေမှာ စားစရာ တစ်ခုခု ဝယ်ဖို့အတွက် တန်းစီရတယ်။ စားစရာ ရပြီး ပြန်တော့ ထိုင်စားစရာ နေရာ တစ်နေရာစာလေး အတွက်လည်း တန်းစီ စောင့်ဆိုင်းရတယ်။ ဈေးကြီးကြီး ပေးစားရတဲ့ နာမည်ရ ဆိုင်မျိုးမှာတောင်မှ ဆိုင်အဝင်ဝက Wait to be Seated လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေး ရှေ့မှာ တန်းစီ စောင့်ဆိုင်းရပါသေးတယ်။ အဝတ်အစား ဝယ်မယ်ဆိုလည်း ကိုယ်နဲ့ သင့် မသင့်၊ တော် မတော် အရင် စမ်းဝတ်ကြည့်ဖို့လိုတယ် မဟုတ်လား… ဆိုတော့ အဲဒီလို အဝတ်လဲခန်းအတွက်လည်း တန်းစီရတယ်။ ဝတ်ကြည့်ပြီးလို့ နှစ်သက်လို့ ဝယ်မယ် တန်ရာတန်ဖိုး ပေးချေတော့မယ် ဆိုလည်း Cashier ရှေ့မှာ အဝတ်လေးတွေ ကိုယ်စီ ပိုက်လို့ တန်းစီကြရပြန်တယ်။ ဘယ်နေရာမှာမဆို တန်းစီစောင့်ဆိုင်းနေရတဲ့ အချိန်တွေဟာ ကျွန်မ အမုန်းဆုံး အချိန်တွေပါပဲ…။ ဒါကြောင့် အလွန်အမင်း မလွှဲသာ မရှောင်သာ အချိန်မျိုးကလွဲရင် တန်းစီရတဲ့ နေရာတွေကို ကျွန်မ ရှောင်လေ့ရှိပါတယ်။

အဲဒီလို တန်းစီနေကြသူတွေကို လေ့လာလိုက်တဲ့အခါမှာ တစ်စုံတစ်ခုကို လိုအပ်လို့ စီကို စီမှ ဖြစ်မှာမို့လို့ တန်းစီကြရတာမျိုးနဲ့ သိပ် အရေးမပါတာတွေအတွက် (သို့မဟုတ်) တစ်ခုခုကို အခမဲ့ လိုချင်တာတွေ အတွက် အချိန်နဲ့ ငွေကြေးကို အလဲအလှယ်လုပ်လို့ တန်းစီတာမျိုးရယ်လို့ နှစ်မျိုး တွေ့ရပါတယ်။ ဒါက ကျွန်မရဲ့ ပုဂ္ဂလိက ဆန်တဲ့ ထင်မြင်ချက် သက်သက်ပါ။ အမှန်ကတော့ တန်းစီနေတဲ့သူတိုင်းမှာ ကျွန်မ သေသေချာချာ မသိနိုင်တဲ့ အရေးပါမှုတွေ ကိုယ်စီ ရှိနေကြမှာ မလွဲပါ။

တနေ့က အိမ်နားက ဈေးလေးကိုအသွား… ပိတ်ထားတဲ့ အလူမီနီယံတံခါးရှေ့မှာ စီတန်းနေတဲ့ လူတန်းရှည်တစ်ခုကို တွေ့ရတယ်။ ကြည့်လိုက်တော့ အသက်ကြီးကြီး အမျိုးသမီး အချို့နဲ့ အသက်ငယ်ငယ် အမျိုးသမီးတွေ အများဆုံးပါဝင်တယ်။ အချိန်ကတော့ မနက် ဆယ်နာရီနီးနီး...။ ဒါနဲ့ ကျွန်မ သူတို့အနား ကပ်သွားပြီး အခြေအနေကို အကဲခတ်မိတယ်။ သူတို့ စီနေတာ ဆိုင်တစ်ဆိုင်ရဲ့ အရှေ့ မှာ ဆိုတော့ ဆိုင်နာမည်ကို မော့ကြည့်မိတယ်။ ဆိုင်နာမည်ကို တွေ့တော့ သိလိုက်တယ်၊ ဒါ ရွှေငွေ လက်ဝတ်လက်စားတွေ ရောင်းတဲ့ ဆိုင်ပဲ။ ဒီဆိုင်ရှေ့မှာ ဒီလို လူတန်းရှည်ကြီး စီနေတာ ဘာကြောင့်လဲ… တယောက်ကို ပုလဲ တစ်လုံး ဒါမှမဟုတ် စိန်တစ်လုံးစီ ပေးမှာ မို့လို့လား…။ မဖြစ်နိုင်လိုက်တာ…။ စပ်စုလက်စနဲ့ ဆိုင်တံခါးနားအထိ ကျွန်မ တိုးကပ်သွားမိတယ်။ အဲဒီမှာ တွေ့လိုက်ရတာက ဆိုင်ဖွင့်ဖွင့်ချင်း လာတန်းစီတဲ့သူ အယောက်ငါးဆယ်ကို ဈေးဝယ်အိတ် တစ်လုံးစီ လက်ဆောင်ပေးမယ်ဆိုတဲ့ ကြော်ငြာပဲ…။ ပြထားတဲ့ ဈေးဝယ်အိတ် ဆိုတာကလည်း ခပ်ညံ့ညံ့ ပလတ်စတစ်သား လက်ဆွဲ ဈေးဝယ်အိတ်လေးရယ်ပါ။ သူတို့ဆိုင်က ပစ္စည်းကို ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ လာတန်းစီရင်ကိုပဲ ဈေးဝယ်အိတ် တစ်လုံးစီ ရမယ် လို့ ကြော်ငြာထားတာ။ သူတို့ဆိုင်ကို လူတွေ ဂရုပြုမိအောင်ဆိုတဲ့ ရည်ရွယ်ချက်ကလွဲရင် ဘာများ ရှိအုံးမှာပါလဲ။ ကျွန်မလို လူမျိုးတွေချည်းသာဆိုရင်တော့ အဲဒီဆိုင်ရှေ့ လူတစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။ အခုတော့ တွန့်လိမ် ကွေ့ကောက်နေတဲ့ လူတန်ရှည်းကြီးဟာ အကြံပိုင်လှတဲ့ စီးပွားရေးသမားတို့ရဲ့ လှည့်ကွက်တစ်ခုထဲ အချိုးတကျ စီးမျောပါဝင်လို့..။

အဲဒီလို အဖြစ်မျိုးတွေ နေရာတိုင်း လက်ညှိုးထိုး မလွဲဘူး ဆိုတာ တဖြည်းဖြည်းနဲ့ သိလာရတယ်။ ဟိုတလောက အုံးအုံးကြွက်ကြွက် ဖြစ်သွားတဲ့ Mc Donald က Hello Kitty အရုပ်ကလေးတွေရဖို့ တန်းစီရင်းမှာ ကြားဖြတ်ကြ၊ နေရာလုကြနဲ့ ရဲကားတွေ၊ လုံခြုံရေးတွေ ရောက်လာတဲ့အထိ ဖြစ်သွားတဲ့ အကြောင်းကလည်း သတင်းစာထဲမှာ စာလုံးအမဲတွေနဲ့ အထင်အရှား နေရာယူ လို့…။

တခါကတော့ တန်းစီတာနဲ့ ပတ်သက်လို့ ရယ်စရာကောင်းတဲ့ အဖြစ်တစ်ခု ကျွန်မ ကြုံခဲ့ဖူးတယ်။ အောချတ်ရဲ့ စနေနေ့ ညနေစောင်း ငါးနာရီဟာ လင်းလက်တဲ့ နေရောင်တွေအောက်မှာ လှပစွာ စည်ကားနေခဲ့တယ်။ ဟိုငေး ဒီငေးနဲ့ လမ်းလျှောက်လာရင်း တစ်နေရာ အရောက်မှာ ပလက်ဖေါင်းတလျောက် စီတန်းနေတဲ့ လူတွေကိုကြည့်ပြီး စိတ်ထဲ ဘာများ ပါလိမ့်ပေါ့။ သူတို့ ဦးတည်နေတဲ့ နေရာတလျောက်လုံးမှာက နာမည်ကြီး ကုန်တိုက်တွေချည်းပဲ…။ ဒီတော့ ဘယ်နေရာမှာ ဘာတွေများ ဈေးလျှော့နေတာလဲ လို့ မိန်းမပီပီ ကျွန်မ တွေးမိတယ်။ အဲဒီနေ့က ကိုယ်တိုင်ကလည်း ဈေးဝယ်ချင်လို့ လာတဲ့သူဆိုတော့ လျှော့ဈေးလေး ဘာလေးများ ရှိရင် ဆိုတဲ့ စပ်စုချင်စိတ်၊ သက်သာချင်စိတ်ကလေး တပိုင်းတစကလည်း ပါဝင်နေသေးသပေါ့။

အဲဒီလိုနဲ့ အစရှာမရတဲ့ လူတန်းကြီးနား ကျွန်မ အသာ တိုးကပ်သွားရင်း အေးစက်စက် မျက်နှာနဲ့ အမျိုးသမီးတွေ ကြားထဲမှာ အနည်းငယ်လေး ဖေါ်ရွေမယ် (သို့မဟုတ်) ကျွန်မ မေးတာလေးကို အရေးတယူ ပြန်ဖြေပေးနိုင်မယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်အနားကို ချဉ်းကပ်သွားမိပါတယ်။ ဘာကို တန်းစီနေကြတာလဲ လို့ မေးခွန်းထုတ်လိုက်တော့ သူလည်း မသိပါဘူးတဲ့ ရှေ့မှာ လူတွေ တန်းစီနေတာ တွေ့တာနဲ့ တခုခုတော့ ထူးခြားလို့သာ စီနေတာ ဖြစ်ရမယ်လို့ ယူဆတဲ့ အတွက်ကြောင့် သူလည်း တွေ့တဲ့နေရာကနေ ၀င်စီနေလိုက်တာပါတဲ့…။ ဘုရားရေ… တန်းစီခြင်းမှာ သက်တောင့်သက်သာ ပျော်မွေ့နေသူမျိုးလည်း လောကမှာ ရှိပါသေးလား လို့ ရယ်ချင်စိတ်တ၀က်နဲ့ ကျေးဇူးတင်စကား ဆိုပြီး ကျွန်မ ပြန်လှည့်လာခဲ့ပါတယ်။ နောက်မှ ပြန်သိရတာကတော့ အဲဒီနေ့က တန်းစီတဲ့သူတွေဟာ Road Show တခုမှာ စီနေကြတာ ဖြစ်ပြီး တစ်ယောက်ကို ခေါက်ထီး တစ်ချောင်းစီ ရခဲ့ပါတယ် တဲ့…။

အမှန်ဆိုရရင် တန်းစီခြင်းဟာ စောင့်ဆိုင်းခြင်းပါပဲ… ပြီးတော့ ဒါဟာလည်း ဒီခေတ် ဒီအချိန်မှာ ရှိသင့်တဲ့၊ ကောင်းမွန်တဲ့ စနစ်တစ်ခုပါ။ ကိုယ့်အလှည့်ကို ရောက်ဖို့အတွက် နေရာလုရ တိုးရ ကြိတ်ရတာမျိုး မရှိပဲ အိနြေ္ဒရရနဲ့ စီတန်း စောင့်ဆိုင်းနိုင်တာမို့ လက်ခံသင့်၊ ကြိုဆိုသင့်တဲ့ စနစ်တစ်ခုလည်း ဖြစ်နေပါတယ်။ ဒါကို ကျွန်မ စိတ်မရှည်နိုင်သရွေ့ကတော့ မဖြစ်မနေ တန်းစီမှရမဲ့ အရေးကိစ္စတွေမှာ သေချာပေါက် ဒုက္ခတွေ ရောက်နေအုံးမှာပါပဲ…။ အကြောင်းအကျိုး ညီညွတ်တဲ့ တန်းစီခြင်းမျိုးမှာ အကျွမ်းတ၀င်၊ ပြီးတော့ နေသားတကျဖြစ်လာဖို့ကိုတော့ ကျွန်မ တဖြည်းဖြည်းချင်း ကြိုးစားနေဆဲပါ…။



စာကြွင်း - စာဖတ်သူ မိတ်ဆွေတို့ရော… တန်းစီခြင်းနဲ့ နေသားတကျ ဖြစ်ကြပါသလား… တန်းစီတာနဲ့ ပတ်သက်လို့ အကောင်း အဆိုး ဘာတွေများ အတွေ့အကြုံ ရှိကြပါသလဲ… ဘယ်လို အတွေးမျိုးတွေ တွေးမိကြပါသလဲ… ပြီးတော့ တစ်နေရာမှာ ဆယ့်ငါးမိနစ်ကျော် တန်းစီစောင့်ဆိုင်းခဲ့ဖူးတာ ဘယ်တုန်းက နောက်ဆုံးလဲ ဆိုတာရော မှတ်မိကြပါသလား ဆိုတာလေးတွေ သိချင်မိပါတယ်… ပိုစ့်တခု အနေနဲ့ ရေးဖြစ်ရင်လည်း ဖတ်ချင်ပါတယ်… မှတ်ချက်မှာလည်း ရေးထားခဲ့လို့ ရပါတယ်နော်…

မှတ်ချက် - 2013 September - Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။

25 comments:

  1. I really hate in waiting. But you know sometime we need to. I feel not comfortable on someone is standing beside the table while I am eating.

    ReplyDelete
  2. တန်းစီခြင်းနဲ့အခုထက်ထိနေသားမကျသေးပါ
    တစ်နေရာရာမှာအကြာကြီးရပ်ပြီးစောင့်နေရတာလောက်မုန်းတာမရှိဘူး ။ ဆုမြတ်ကတော့ Q ရှည်ရင်ဝေးဝေးကရှောင်ပါတယ် ။ mac donald က ကစ်တီလည်းမလိုချင်ဘူး ၊ ခေါက်ထီး ၊ တစ်ရှုးဘာမှမလိုချင်ဘူး ။ ခေါက်ထီးတစ်ချောင်းပိုက်ဆံတစ်ဆယ်တောင်မရှိဘူး ။ တစ်ရှုးတစ်ပက်ကင်မှ နှစ်ကျပ်ကျော်ပဲရှိတယ် ။ သူဌေးမဖြစ်လဲနေပါစေတော့ မတန်းစီပါရစေနဲ့..။ food court မှာတန်းစီရမှာပျင်းလို့ cup noodle ကို 7 11 ကိုဝယ်စားမိတယ်..ဒါတောင် ပိုက်ဆံပေးဖို့သုံးမိနစ်လောက်ကျူလိုက်ရသေးတယ် ။ ဟင့်အင်း လုံးဝတန်းမစီချင်ဘူးး) :P

    ReplyDelete
  3. တန်းစီတဲ့အလေ့အကျင့်ကကောင်းပါတယ် ဦးရာလူစနစ်ပေါ့ ရန်ကုန်မှာတုန်းက uniကျောင်းအပ်လို့ ကျောင်းလခသွင်းရင် ဘာမှန်းမသိလူတွေပြုံတိုးနေကြရတယ်
    အရင်ဘဲရောက်ရောက် နောက်မှဘဲရောက်ရောက် တိုးနိုင်တဲ့သူအရင်ပြီးတာဘဲ ယောက်ကျားလေးတွေအတွက်အကြောင်းမဟုတ်ပေမဲ့ မိန်းကလေးတွေကျ တိုးလဲမဟုတ် မတိုးတာ့လဲ ညသန်းခေါင်ရောက်သွားမယ်
    စလုံးကလူတွေ တန်းစီပြီးစောင့်နိုင်တဲ့ ဝရိယ ကလက်ဖျားခါလောက်တယ် ကျွန်မကိုယ်တိုင်ကတော့ စောင့်ရမှာကိုစိတ်မရှည်တဲ့သူဆိုတော့ လူတွေအများကြီးတန်းစီနေတဲ့နေရာကိုရှောင်ဖြစ်တယ် တချို့ပုံမှန်ဈေးနဲ့အနားမကပ်နိုင်ဘဲဈေးလျှော့တဲ့အချိန်ကိုစောင့်ဝယ်ရတဲ့ နေရာလောက်ဘဲ စိတ်ကိုမနဲဆွဲဆန့်ပြီး တန်းစီဖြစ်တယ်

    ReplyDelete
  4. ကျွန်တော်တို့ ဒီမှာကတော့ တန်းစီတာနဲ့ အကျွမ်းတဝင် မဖြစ်သေးဘူး။ ကားတွေတန်းစီတာပဲ ဖြစ်ဖြစ်၊ ဆေးခန်းမှာ တန်းစီရတာပဲ ဖြစ်ဖြစ်၊ တနည်းနည်းနဲ့ ရှေ့ကို ကျော်သွားအောင် ဉာဏ်နီဉာဏ်နက် မျိုးစုံသုံးပြီး လုပ်ကြတုန်းပဲလေ။ တကယ်ဆိုရင် စနစ်တကျ တန်းစီတာ ကောင်းပါတယ်။

    ReplyDelete
  5. ဂျပန် လေဆိပ် အင်မင်ဂရေရှင်းမှာ တန်းစီတာ နာရီဝက် တစ်နာရီကြာလေ့ရှိပါသည်

    ReplyDelete
  6. isn't standing in the queue better than pushing. We need to learn to make a line and wait in our country. we are so used to pushing in the crowd and it's so ugly.
    mi mi.

    ReplyDelete
  7. When I went to Thailand first time my senior told me to line up if I see something lining up. He said they were giving some sample. So we went out one day and saw some line up. We run into line and hope to get something. At the end only I knew that it was for paper work to do for Thai people (like မှတ်ပုံတင်). Ha ha so funny..It was 20 years ago.

    ReplyDelete
  8. သက်ဝေရေ... တချို့ က ဘ၀အတွက် တန်းစီကြပါတယ်.. အဲဒီအကြောင်းပို့ စ်ရေးဖို့ ဓာတ်ပုံလေးတွေတောင် စုဆောင်းထားပါသေးတယ်... သက်ဝေဒီပို့ စ်လေးဖတ်ပြီး အဲဒါလေးရေးဖြစ်တော့မယ်.. ရေးပြီးရင် လက်တို့ လိုက်မယ်နော်... တန်းစီတဲ့သူတွေတွေ့ တိုင်း Mr Bean လူလည်ကျတာသွားသတိရပြီးပြုံးမိပါတယ်... အကြာဆုံးတန်းစီဖူးတာတော့ အိုဂျီနှစ်ပတ်လည်member sale တုန်းကပါ... ဟီး... အဲဒီတုန်းက ဘယ်လောက်ကြာသလဲဆို ဒင်နာစားရင်းနဲ့ တောင် စီရတာပါ... fast food dinner ပေါ့...အိမ်ကလူက ဘယ်တော့စိတ်မရှည်ပေါက်ကွဲမလဲလို့  သူ့ မျက်နှာကြည့်ရတာလဲ အမော... သူ့ ခမျာ ကိုယ့်စောင့်ပေးရတယ်ဆို အလျော်အစားနဲ့  အကျီတွေဘောင်းဘီတွေ အများကြီးဝယ်ပေးလိုက်ရတယ်... အဲဒီတုန်းက အိမ်ကအဝေးကြီးလာတာ တန်အောင်စီတာ... တကယ်ကျတော့ ကိုယ်ကိုယ်တိုင်လဲ အတော်ကို စိတ်မရှည်ဘူး... on line shopping လုပ်လို့ ရလာတော့ အတော်သက်သာသွားတယ်နော်

    ReplyDelete
  9. တစ်ခါက Expo မှာ ရည်ရွယ်ချက်မရှိရောက်သွားရင်း ပစ္စည်းလေးတွေ ဈေးသက်သာလို့ ကောက်ထည့်.. cashier နားရောက်မှ ငွေရှင်းဖို့ တန်းစီနေတဲ့ လူတန်းကြီးက ဟော ၃ ပုံ ၁ ပုံလောက်ထိ ထိ ဇစ်ဇက်ပုံ ရှည်လျားလွန်းလို့ မဝယ်ဖြစ်ပဲ ပြန်လာရတာ မှတ်မိတယ်


    pifpif

    ReplyDelete
  10. တန်းစီရတာတရားမျှတမှုရှိတယ်လို့ ထင်တယ်။
    ကိုယ့်နောက်မှလာပြီးရှေ့ ကဖြတ်ဝင်သွားတာမျိုးမကြုံရဘူးပေါ့။
    ကိုယ်ကတော့တစ်ခုခုသက်သာအောင်ရဘို့  အတွက်တန်းစီရမယ်ဆိုရင်အဲဒါကိုမ၀ယ်တော့ဘူး။
    စောင့်ရတဲ့အလုပ်မှန်သမျှမလုပ်ချင်ဘူး။
    ရွေးချယ်ခွင့်ရှိရင်မစောင့်ဘူး။
    အိုင်အိုရာ

    ReplyDelete
  11. ရီးစားရဘို့ တန်းစီရမယ်တဲ့လေ….မုန်းလိုက်တာ

    ReplyDelete
  12. မမသက်ဝေပြောမှ "ငါဘယ်တုန်းက နောက်ဆုံး ၁၅မိနစ်ကျော် ကြာအောင် တန်းစီခဲ့ပါလိမ့်" လို့စဉ်းစားမိတယ်။ မှတ်မိတာကတော့ အင်ဒိုနီးရှား ဂျာကာတာကိုအလည်သွားတုံးက လူဝင်မှုကြီးကြတ်ရေး မှာပါ။ တန်းစီနေတဲ့သူ မများပါဘဲနှင့် ဘာလို့ကြာမှန်းမသိ စောင့်ရတာ တော်တော်ကြာပါတယ်။ ပစည်းတခုခု အလကား ရဖို့အတွက်တော့ စိတ်ရှည်လက်ရှည် မစောင့်ဖူးပါဘူး။ အစားမက်တဲ့သူဆိုတော့ စားချင်တဲ့မုန့်တွေရှိတဲ့ ဆိုင်မျိုးမှာတော့ ဗိုက်သိပ်မဆာရင် တန်းစီပြီး ထိုင်စောင့်ဘူးပါတယ်။

    မမပြောသလို ဘာမှန်းမသိပဲ တန်းစီနေတဲ့ အန်တီကြီးတွေတော့ ခဏခဏတွေ့ဖူးတယ်။ စလုံးရောက်ခါစကဆို အံ့ဩလို့။ ခုတော့ ရိုးနေပြီ။

    ReplyDelete
  13. တန်းစီတာ စည်းကမ်းရှိတဲ.၊ယဉ်ကျေးမှုပြတဲ. လုပ်ရပ်တခုလို.မြင်ပါတယ်။ မြန်မာပြည်မှာလို တခုခုဆိုတာနဲ. အကုန်စုပြုံတိုးနေကြတဲ.မြင်ကွင်းတွေကိုမြင်ရတာ ၊ကိုယ်.နိုင်ငံသားတွေ စည်းကမ်းရှိဖို.တော်တော်.ကိုလိုသေးတယ်လို.ဘဲ မချင်.မရဲဖြစ်မိပါတယ်။
    အခုအများဆုံးတွေ.နေတာကတော. Myanmar Celebrities's Gossip ထဲမှာ ခဏခဏတွေ.နေရတာက အဆိုတော်တွေရဲ.ဗီစီဒီတို.ဘာတို.ပရိုမိုးရှင်းပွဲတွေကို ရှော.ပင်မောလ်တွေမှာလုပ်ရင်၊ အဆိုတော်တွေကလဲ လက်မှတ်ထိုးပေးဖို. စားပွဲရှည်တွေနဲ.ထိုင်နေကြတယ်။အဲဒီမှာ အဆိုတော်တွေရဲ.လက်မှတ်ကိုလိုချင်လို. တိုးနေကြတာတွေက မြင်မကောင်းဘူး။ ဘယ်.နှယ်. အဲဒီအဆိုတော်ရဲ.လက်မှတ်က (ကိုယ်.တယောက်ထဲရဲ.အမြင်နဲ.ဆိုရင်တော.) ဘယ်နားမှာမှ သုံးစားလို.မရတဲ.ဟာကို ဘာလို.များ အဲ.လောက်တောင်တိုးဝှေ.နေကြပါလိမ်.လို.။ ဆယ်ကျော်သက်လေးတွေ မို.လို.ကိုယ်ကြိုက်တဲ.နှစ်သက်တဲ.အဆိုတော်ရဲ.လက်မှတ်ကိုလိုချင်လို.ဆိုရအောင်လဲ တခြားအရွယ်အမျိုးသမီး အမျိုးသားကြီးတွေလဲတွေ.ရတယ်။ ထားပါ၊ လိုချင်တာသူ.အပိုင်း၊ အခုဟာက တန်းစီပြီး အိဒြေရရ မစောင်.ကြတာ ကြည်.ရတာတော်တော်ဆိုးတာပေါ.။ အဲဒီလိုမြင်ကွင်းတွေနဲ.စာရင် စလုံးမှာလို၊ ဂျပန်မှာလို လူတိုင်း ကိုယ်လိုချင်တာကိုရဖို. စိတ်ရှည်လက်ရှည် တန်းစီပြီး ငြိမ်ငြိမ်သက်သက်တန်းစီပြီးစောင်.နေကြတာကိုမြင်ရတာ ပိုကောင်းပါတယ်။
    (ဒါပေမယ်. ကိုယ်ကိုယ်တိုင်လဲ မသက်ဝေလိုဘဲ တန်းစီမှရလာမယ်. မဖြစ်ညစ်ကျယ်ပစည်းလေးတွေအတွက် ဘယ်တော.မှ စိတ်မရှည်ခဲ.ပါ )

    ReplyDelete
  14. ဂျပန်မှာ 2011 မတ်လ 11 ရက်မှာ ငလျင်အကြီးကြီးလှုပ်တော. ရထားလိုင်းတွေ၊ elevator တွေပိတ်ကုန်တယ်။ elevator တွေက ငလျင်လှုပ်တော. သူ.အလိုလိုပိတ်သွားတော. ၊အထပ်အမြင်.ကြီးမှာအလုပ်လုပ်နေတဲ.သူတွေက ရိုးရိုးလှေခါးတွေကနေ မြေညီထပ်ကိုဆင်းကြရတယ်။တန်းစီပြီးစနစ်တကျဆင်းကြတယ်။အထပ်40ကျော်ကနေ မြေညီထပ်ကိုရောက်ဖို. အတွက် ရိုးရိုးemergency stairs ကနေဆင်းတာ တနာရီကျော်ကြာတယ်။
    အဲဒီအချိန်မှာ လူတိုင်းကကြောက်ပြီးတုန်လှုပ်နေပေမယ်.လို.တိုးဝှေ.ဆင်းမနေကြဘူး၊ တည်တည်ငြိမ်ငြိမ်နဲ.တန်းစီပြီးစနစ်တကျဆင်းကြတယ်။
    နေ.လည် ၂နာရီ၄၀လောက်က ငလျင်လှုပ်လို. ရထားလိုင်းတွေပိတ်သွားတာ ည၁၁နာရီ၄၀လောက်မှာရထားလိုင်းတွေပြန်ဖွင်.တော.၊ လူတွေက ရထားစီးဖို.လဲ တန်းစီပြီးဘဲ စနစ်တကျသွားကြတယ်။အဲဒါကတော. ဂျပန်ရဲ. မဖြစ်မနေ တန်းစီကြရတဲ. စနစ်ပါဘဲ။

    ReplyDelete
  15. ဟုတ်ပ, တနင်္ဂနွေနေ့က IMM shuttle bus ကို တန်းစီရတာ ၄၅ မိနစ်လောက်ကြာတယ်, အပြန်ကျတော့ ဘတ်စကားနဲ့ဘဲ ပြန်လာတော့တယ်..

    ReplyDelete
  16. မြန်မာပြည်ကသူတွေကျတော့ တန်းစီခြင်းနဲ့ နေသားမကျသူများ ဖြစ်နေတယ် ... နေရာတကာ ကျော်တက်ဖို့ ၀န်မလေးဘူး ... ရောသမရမယ် ...
    ဟီးဟီး သာမီးလဲ ဗိုက်ဆာတဲ့အချိန်နဲ့ ဗိုက်နာတဲ့အချိန် တန်းစီရတာ ကြိုက်ဝူး

    ReplyDelete
  17. မမရေ အရင်ကတော့ စလုံးတွေ တစ်ရှုးတထုတ်အတွက်အားနေတန်းစီတယ်ပဲထင်ခဲ့တယ်၊၊
    ရန်ကုန်ပြန်တော့ passport လုပ်တာ တန်းမစီပဲ လုဝင်တယ်၊ ကိုယ်ကတန်းစီနေလည်းအလကားပဲ ၊ ဘယ်သူ့ မှလိုက်မစီပဲလုဝင်တယ်။ စိတ်မရှည်လို့  တန်းစီပါလို့  ပြောတော့စိတ်
    ဆိုးကြတယ်၊၊ အဲ့ဒီတော့မှ စလုံးက အကျင့်ကောင်းလေးတွေကို ပြန်သတိရမိတယ်။ အကြာဆုံးတန်းစီဖူးတာ 5နာရီကျော်
    ( အိုင်ဖုန်းစပေါ်တုန်းက singtel building ကိုသက်စေ့ပတ်တာ
    စင်ကာပူရဲ့ ချစ်စရာလည်းကောင်း တခါခါ အမြင်ကတ်စရာလည်းကေင်း( ကျားစူးတချို့  ) တဲ့ စနစ်တခုပါ။။ .
    တစ်ဒေါ်လာ burger king ကို လွန်ခဲ့တဲ့ 4နှစ်လောက် တန်းစီပီး ဖတ်ဖတ်မောထဲက လိုအပ်မှ/ မလုပ်လို့ မရ / မစီလို့ မရ မှပဲတန်းစီတော့တယ် .daily life ကတော့ Mrt Q တာနဲ့စရတာပါပဲ .. hee

    ReplyDelete
  18. ရန်ကုန်ပြန်ပြီး ဖုန်းဘီလ်ရုံး... လျှပ်စစ်မီတာခွန်ရုံးတို့မှာ လာတန်းစီကြည့်ပါလား.... ပျော်စရာကောင်းတယ်....

    ReplyDelete
  19. ရုံးပြန်ဆင်းတဲ့အချိန် မှတ်တိုင်နားနီးမှ..ကားလမ်းကြပ်နေရင်..မြန်မာပြည်က ဘတ်စ်ကား ဒရိုင်ဘာတွေကို သတိရတယ်..မြန်မာပြည်မှာဆို..လှည်းတန်းမီးပွိုင့်မှာ ကားတန်းရှည်နေပြီဆို..ရောက်တဲ့နေရာမှာ..ဆင်းချင်တဲ့သူရှိရင်..ချပေးလိုက်တာဘဲ..ကောင်းထှာ..ဒီမှာတော့ မှတ်တိုင်က လမ်းဆင်းလျှောက်ရင် ၅ လှန်းလောက်ဆိုရောက်ပြီ..ဒါပေမဲ့..ကားဒရိုင်ဘာက တံခါးဘယ်တော့မှ ဖွင့်မပေးဘူး..( နေ့တိုင်း Joo Koon MRT ) နားရောက်ရင်..စိတ်တိုရတယ်..

    ReplyDelete
  20. လိုဘတစ်ခုစီကြောင့် တန်းတွေကတော့စီနေရဦးမှာပဲ ကြားဖြတ်တဲ့သူတွေကိုမုန်းတယ်.. ဖေဖေ..

    ReplyDelete
  21. စာဖတ်သူ မိတ်ဆွေတို့ရဲ့ မှတ်ချက်များအတွက် ကျေးဇူးတင်ပါတယ်... မှတ်ချက်တွေ တစုတစည်းထဲ ဖြစ်သွားအောင် ဖဘက မှတ်ချက်တွေကို စိတ်လက်ရှည်ရှည် ကူးပေးသွားတဲ့ အမည်မသိ စာဖတ်သူကိုလည်း ကျေးဇူးတင်ပါတယ်...

    ကျွန်မရဲ့ အရေးအသား ညံ့ဖျင်းမှုကြောင့် စာရဲ့ ဆိုလိုရင်း မပေါ်တာ ကို တောင်းပန်ပါတယ်... ကျွန်မဆိုလိုချင်တာက တန်းစီခြင်းမှာ ပျော်မွေ့နေကြတဲ့ သူတွေအကြောင်းကို ရေးတာ... တန်းစီတာကို မကောင်းပြောသလို ဖြစ်သွားပါတယ်... အမှန်ကတော့ တန်းစီတာ ဖြစ်သင့်တဲ့ ကိစ္စ စည်းကမ်းတကျ ဖြစ်တဲ့ ကိစ္စမို့ ကြိုဆိုပါတယ်... ကျွန်မပြောချင်တဲ့ တန်းစီခြင်း အကြောင်းတွေကို နောက်တပိုစ့်မှာ ဆက်ရေးပြဖို့ ကြိုးစားပါအုံးမယ်...း-)

    ReplyDelete
  22. တူတူပဲ။ တန်းစီရတာကို မဖြစ်မနေ လုပ်ရမှာကလွဲလို့ မကြိုက်ဘူး။

    ReplyDelete
  23. တန်းစီ တာနဲ့ပါတ်သက်လာရင် တွဲပြီးပြောလေ့ရှိတာ သွား သတိရတယ်.. "စနစ်တကျ တန်းစီပါ" ဆိုတာလေ..။

    ReplyDelete
  24. ၁၅မိနစ်ထက်မနည်းအချိန်ပေးပြီးတန်းစီခဲ့ရတာက စလုံးရောက်မှတော့မဟုတ်ပါဘူး။ မြန်မာနိုင်ငံက စလုံးသံရုံးမှာ ဗီဇာလျှောက်တဲ့အချိန်ကတည်းကဆိုပါတော့။ နေသားမကျသေးတဲ့ အလေ့အထတစ်ခုဟာ လူတိုင်းကို စိတ်ကသိကအောက်ဖြစ်စေတာအမှန်ပါ။ ပုံစံကျတာ၊ စနစ်ကျတာ၊ လုပ်ငန်းဆောင်ရွက်ရမြန်ဆန်တာ ဘယ်လိုပင် အားသာသော်လည်း နေသားမကျတဲ့စိတ်နဲ့ အလေ့အထတစ်ခုကို ချက်ချင်းလက်ခံဖို့ခက်နေတတ်ပါတယ်။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝပါ။ ဘယ်အလေ့အထမဆို အလေ့အကျင့်မရှိတုန်းသာ သက်တောင့်သက်သာမဖြစ်တာပါ။ လေ့ကျင့်ပါများလာတော့ ဒီလိုလုပ်မှဖြစ်မယ် ဒီလိုလုပ်မှသင့်တော်တယ် ဒါမျိုးလုပ်သင့်တယ်ဆိုပြီး ချိန်ထိုးစဉ်းစားမနေဘဲ သူလိုငါလို လိုက်လျောညီထွေဖြစ်အောင်နေရင်း လိုက်လုပ်ရင်း သမရိုးကျအလေ့အထတစ်ခုလိုဖြစ်လာတယ်။ စည်းကမ်းတစ်ခုကို လိုက်နာတတ်ဖို့ အရင်သင်ပေးရတယ်။ ဒီနေရာမှာ ဒီလိုတန်းစီပါ။ ဒီလိုနေပါ။ ဒီလိုထိုင်ပါစသဖြင့်ပေါ့။ တန်ဖိုးထားတတ်အောင် လေ့ကျင့်ပေးရတယ်။ လိုက်နာတတ်အောင် ဆုပေး၊ ဒဏ်ပေးစနစ်တွေကျင့်သုံးရတယ်။ ကျွန်တော်လည်း အရေးမပါတဲ့ကိစ္စရပ်တွေမှာ အကြောင်းမဲ့အချိန်အလဟဿဖြစ်မယ့် တန်းစီစောင့်ဆိုင်းခြင်းမျိုးကို မနှစ်သက်ပေးမယ့် စည်းကမ်းတစ်ခုအနေနဲ့တော့ ကြိုက်နှစ်သက်ပါကြောင်း Pho Sweet ရဲ့ Concerns on queuing ကို ဝေမျှလိုက်ပါတယ်ခင်ဗျာ... :)

    ReplyDelete
  25. ရွှေပြည်မှာတော့ ... " တာဝန်ရှိသူမှ အပ မ၀င်ရ " တို့ ၊ " ဌာနဆိုင်ရာ ၀န်ထမ်းများသာ " တို့ ဆိုင်းဘုတ် ကပ်စွဲထားတဲ့ အခန်းတွေထဲ ၀င်ဖို့ တန်းစီနေရတွေ က.ည.န တို့ ဘာတို့ မှာ အများဆုံး တွေ့ဖူးသလိုပဲ ... :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...