Thursday, July 4, 2013

ကျွန်မ ကစားဖြစ်သော ဂိမ်း (သို့) Hay Day

အရင်တလက ကလေးငယ်တွေ ဂိမ်းကစားတာနဲ့ ပတ်သက်ပြီး ဘယ်လို ထိန်းချုပ်သင့်တယ်… ဘယ်လို သတိထားသင့်တယ်ဆိုတဲ့အကြောင်းကို ရေးခဲ့ပါတယ်…။ ဒီတခါတော့ ကျွန်မ ကစားဖြစ်တဲ့ ဂိမ်းတွေ၊ ပြီးတော့ ကျွန်မ ဘာကြောင့် ဂိမ်းကစားဖြစ်တယ် ဆိုတာနဲ့ ကစားနေတဲ့ ဂိမ်းတွေထဲက တခုဖြစ်တဲ့ Hay Day ဆိုတဲ့ ဂိမ်းအကြောင်းလေး ရေးပြချင်ပါတယ်…။


မှတ်မိသလောက် ပြောရရင် ပထမဆုံး ဂိမ်းကစားဖြစ်တော့ ကျွန်မ အသက် နှစ်ဆယ်ကျော်ပါပြီ။ အခွေထည့်ရတဲ့ စက်ကလေးကို တီဗီနဲ့ ချိတ်ဆက်ပြီး ကစားရလို့ တီဗီဂိမ်းလို့ ခေါ်ကြတယ်။ ကျွန်မ ကစားတဲ့ ဂိမ်းနာမည်ကတော့ မာရီယို တဲ့…။ မာရီယိုဆိုတဲ့ ကောင်ကလေး သွားရာလမ်းတလျှောက်မှာ ပိုက်ဆံလေးတွေ ခေါင်းနဲ့ တိုက်ယူ၊ အခက်အခဲတွေကို ကျော်နိုင်လွှားနိုင်တဲ့ အားအင်တွေရအောင် မှိုပွင့်လေးတွေကို ခူးစားရင်း တတောက်တောက်နဲ့ လျှောက်သွားနေတဲ့ ဂိမ်းလေးပါ။ အင်မတန်မှ ရိုးစင်းပြီး ချစ်စရာကောင်းပါတယ်။ နောက်တခုကတော့ Tetris ဆိုတဲ့ ဂိမ်းလေးပါ။ သူကတော့ နည်းနည်း ပညာသားပါပါတယ်။ ပုံသဏ္ဍာန်စုံ လေးထောင့်တုံးလေးတွေကို နေရာကျအောင် ချပေးရတာပါ။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ မဖြစ်တာတွေ များလာရင် တဖြည်းဖြည်းနဲ့ ရှုံးတာပါပဲ…။

အဲဒီနောက် ကွန်ပျူတာတွေ အသုံးများလာတဲ့အချိန်မှာ ကစားဖြစ်တာကတော့ Mine Sweeper ဆိုတဲ့ ဗုံးဖေါက်တဲ့ ဂိမ်းလေးပါ။ သူလည်း စဉ်းစားပြီး ကစားရတော့ နည်းနည်းတော့ အပျင်းပြေပါတယ်။ သူများတွေ ကစားကြတဲ့ ဖဲချပ်တွေတော့ စိတ်ကို မ၀င်စားတာမို့ မကစားဖြစ်ပါဘူး။ ကြာလာတော့လည်း အဲဒီ ကွန်ပျူတာ ဂိမ်းတွေက ရိုးသွားတာမို့ ဂိမ်းတွေကို အရှင်း မကစားဖြစ်တော့သလောက်ပါပဲ…။ အဲဒီနောက်ပိုင်း Facebook မှာ တော်တော်များများ ကစားကြတဲ့ Pet Society ကို ခဏ ကစားဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဂိမ်းလေးပါ။ ဒါပေမဲ့ သိပ်တော့ စွဲစွဲလမ်းလမ်း မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်မှာ တက်ပလက်တွေ အိုင်ပက်တွေ ပေါ်လာတော့ အရောင်တွေ အရုပ်တွေ သိပ်လှတဲ့ ဂိမ်းတွေရဲ့ ဆွဲဆောင်မှုကြောင့် ကျွန်မ ဂိမ်းတွေ ပြန်ကစားဖြစ်ပါတယ်။ တခြားလူကြီးတွေအတွက်တော့ မသိဘူး… ကျွန်မမှာတော့ အဲဒီလို ဂိမ်းတွေ ပြန်ကစားဖြစ်ဖို့အတွက် လုံလောက်တဲ့ အကြောင်းပြစရာ တချို့ ရှိနေပါတယ်။

တခုခုကို စောင့်ဆိုင်းနေရချိန်တွေဟာ လိုအပ်တာထက် ပိုပြီး ရှည်ကြာလွန်းတဲ့အခါမှာ ဂိမ်းကစားရင်း အချိန်တွေကို စောင့်ပါတယ်။ ကောင်းသလား ဆိုးသလား ကြိုတင် မသိနိုင်တဲ့ အဖြေတခုကို စိတ်တထင့်ထင့် ရင်တမောမောနဲ့ စောင့်နေရတဲ့ အချိန်မျိုးမှာ စိတ်ကို တည်ငြိမ်အောင် မထားနိုင်တဲ့အခါ အနည်းအကျဉ်းတော့ မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ဂိမ်းကစားပါတယ်။ အာရုံတွေ ပျံ့လွင့်လို့ အတွေးတွေ စုစည်းလို့မရတဲ့ အချိန်မျိုးမှာ ဂိမ်းကစားပါတယ်။ စိတ်က တွေးချင်ရာတွေးနေတဲ့ မျက်လုံးက ဟိုငေး ဒီငေး မဖြစ်ရလေအောင်၊ တခုခု လုပ်စရာရှိတယ် ဆိုရုံလေး ရှိနေအောင် ဂိမ်းကစားပါတယ်။ ပတ်ဝန်းကျင်မှာ လှုပ်ရှားနေကြတဲ့သူတွေကို ဟိုကြည့် ဒီကြည့်နဲ့ လိုက်မကြည့်လိုတဲ့ အချိန်မျိုးမှာ စိတ်ဝင်စားစရာ အလုပ်တခု လုပ်နေသလို ဂိမ်းကစားပါတယ်။ အဓိက ကတော့ တခုခုကို စောင့်ဆိုင်းနေရတဲ့ အချိန်တွေအတွက် ဂိမ်းကစားဖြစ်တယ်လို့ ဆိုချင်တာပါ။ ဆင်ခြေတွေလို့ ပေးတယ်လို့ ပြောရင်လည်း ခံရမှာပါပဲ…

ကျွန်မ ကစားဖြစ်တဲ့ ဂိမ်းတွေက တော်တော်လေး များပါတယ်…။ ၀က်တွေကို ပစ်ခတ် ထုနှက်ရတဲ့ Angry Birds ၊ ဈေးတန်းလေးဖွင့် ဆိုင်ခန်းလေးတွေ ဖွင့်ပြီး ပိုက်ဆံသိမ်း ရတဲ့ Snoopy’s Street Fair ၊ ရုပ်ရှင်တောင် ရိုက်ကြတဲ့ Smurfs အကောင်လေးတွေ၊ နောက်ပြီးတော့ ဓါတ်လှေခါးနဲ့ တထပ်ပြီး တထပ် အိမ်လည်ထွက်လို့ရတဲ့ Dream Heights ၊ အခုနောက်ပိုင်းမှာ လူတိုင်းလိုလို ကစားကြတဲ့ Candy Crush နဲ့ Hay Day…

အဲဒီလို ကစားဖြစ်တဲ့အထဲမှာ ကျွန်မကို လှလှပပလေး ဆွဲဆောင်တဲ့ ဂိမ်းကတော့ Hay Day ပါ။


တကယ်တော့ အဲဒီ Hay Day ဆိုတဲ့ ဂိမ်းလေးက ရိုးရှင်းပါတယ်။ ကလေးကြိုက်လို့တောင် ပြောနိုင်ပါတယ်။ သို့သော်လည်း သူ့မှာ သိမ်မွေ့လှပတဲ့ ပညာလေး ခပ်ပါးပါး ပါပါတယ်။ ကျွန်မတို့ လက်တွေ့ဘ၀နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာ တော်တော်များများ Hay Day မှာ ပါဝင်နေတယ်။ အဲဒါတွေသာမက ကိုယ်နဲ့ အတူ ကစားကြတဲ့ အိမ်နီးချင်း မိတ်ဆွေတွေရဲ့ စိတ်ဓါတ်နဲ့ အမူအကျင့်တွေကိုလည်း ဒီဂိမ်းလေးကနေ တဆင့် ခပ်ပါးပါးလေး တွေ့နိုင် မြင်နိုင်ပါသေးတယ်။

ဂိမ်းရဲ့ သဘောကတော့ ခြံကလေးနဲ့ စိုက်ပျိုးရေး မွေးမြူရေး လုပ်တာပါ။ နွားမွေးမယ် နွားနို့ရမယ်… ရတဲ့ နွားနို့နဲ့ ထောပတ်တို့ ချိစ်တို့ လုပ်ရောင်းမယ်…။ ပြောင်းဖူး စိုက်မယ်… ပြီးရင် ပြောင်းဖူး ပေါက်ပေါက်တွေ လုပ်မယ် ရောင်းမယ်။ သိုးလေးတွေ မွေးမယ်… သိုးမွေး ညှပ်ပြီး ဆွယ်တာလေးတွေ ထိုးရောင်းမယ်။ ၀က်ကလေးတွေ မွေးမယ်… ပြီးရင် ဟမ်တို့ ဘေကွန်တို့ ရလာတဲ့အခါ ဟမ်ဘာဂါတို့၊ ဘေကွန်နဲ့ လုပ်တဲ့ မုန့်တွေ လုပ်ရောင်းမယ်။ အဲဒီလို ရောင်းလို့ရတဲ့ ပိုက်ဆံကို စုထားပြီး သူ့ထက် အဆင့်မြင့်တဲ့ ကိတ်မုန့်ဖုတ်စက်တို့၊ အချိုရည်စက်တို့၊ ဒီ့ထက် အဆင့်မြင့်လာရင် ရေခဲမုန့်လုပ်တဲ့စက်၊ သကြားလုံး လုပ်တဲ့စက်… အဲဒီလို စက်တွေ ၀ယ်မယ်…။ အဲဒီလိုပါ…

အို… အဲဒီလို ဂိမ်းများ စိတ်ဝင်စားစရာ ဘာရှိလို့လဲ… လို့ ပြောရင်လည်း ရပါတယ်။ ဒါပေမဲ့ စိတ်ကို အပန်းပြေစေပြီး အချိန်တွေ ကုန်လို့ ကုန်မှန်းမသိအောင် တကယ်ကိုပဲ ပျော်စရာ ကောင်းပါတယ်။ ပြောရရင် အစပိုင်းမှာတော့ တော်တော်လေး ရုန်းကန်ရပါတယ်။ ကိုယ့်မှာ ရှိတဲ့ ကြက်ဥလေး နွားနို့လေးနဲ့ ဂျုံပင်လေးတွေ ပန်းသီးပင်လေးတွေကနေပြီး အရောင်းအ၀ယ် စ ရပါတယ်။ ရောင်းလို့ ရသမျှ ပိုက်ဆံလေးတွေကို စုဆောင်းပြီး စက်တွေ ၀ယ်ရပါတယ်…။ အဲဒီအချိန်မှာ ပိုက်ဆံ ရှာရတာ တော်တော် ခက်ပါတယ်။ ရသမျှလေးတွေကိုလည်း အဆင့်မြင့် စက်ကရိယာတွေ ၀ယ်နိုင်ဖို့ ကျစ်ကျစ်ပါအောင် စုဆောင်းရပါတယ်။ ကိုယ့်ထက် အဆင့်မြင့်နေတဲ့သူတွေရဲ့ ခြံကျယ်ကျယ် လှလှတွေကို သွားသွားပြီး သွားရည်ကျရပါတယ်။ ကိုယ့်ဆီမှာ လွယ်လွယ်ကူကူ မရနိုင်သေးတဲ့ ပစ္စည်းမျိုး သူတို့ရောင်းတဲ့အခါဆို ၀မ်းပမ်းတသာနဲ့ သွားဝယ်ရပါတယ်။ အဲဒီလိုခြံတွေမှာကျတော့ စက်ကရိယာ ပစ္စည်းတွေ အမျိုးအမည် စုံလင်ပြီး ဖြစ်နေလေတော့ ပိုက်ဆံအတွက် ပူစရာ မလိုတာကြောင့် သူတို့ ခြံထွက်ပစ္စည်းတွေနဲ့ အသီးအနှံတွေကို ဈေးပေါပေါနဲ့ ချရောင်းနိုင်တာကိုလည်း အားကျစဖွယ် တွေ့ရပါတယ်။

အဲဒီ ဂိမ်းမှာ ပျော်စရာကောင်းတာ နောက်တခုကတော့ ကာဂို သဘောင်္ကြီးက ပစ္စည်းတွေကို လေးနာရီ ကြိုတင် အော်ဒါမှာထားပြီး လာဝယ်တာပါပဲ…။ ကုန်ပစ္စည်းတမျိုးကို ကွန်တိန်နာ သုံးခု လေးခု နဲ့ ပစ္စည်း သုံးမျိုး တင်ပေးရပါတယ်။ ကိုယ့်မှာရှိတဲ့ ပစ္စည်းနဲ့ သဘောင်္မှာ ကုန်အပြည့် မဖြည့်နိုင်တဲ့အခါ အိမ်နီးချင်းတွေကိုလည်း အကူအညီတောင်းနိုင်ပါတယ်။ ပြည့်စုံပြီး ပိုလျှံတဲ့ အိမ်နီးချင်း မိတ်ဆွေတွေက အကူအညီတောင်းနေတဲ့ သဘောင်္တွေကို ကုန်တွေ လာဖြည့်ပေးတတ်ပါတယ်။

နောက်ပိုင်းမှာ ကိုယ့်မှာ ပိုက်ဆံ လုံလုံလောက်လောက်ရှိလာပြီ… စက်တွေလည်း ၀ယ်ပြီးပြီ ဆိုတဲ့ အချိန်မှာ အရင်က ရှားပါးခဲ့တဲ့ ပစ္စည်းတွေဟာ လိုရင် လိုသလို ရနိုင်အောင် အလျှံအပယ် ပေါများလာပါတယ်။ အဲဒီလိုအချိန်မှာ သင်္ဘောတင်ဖို့ ကုန်ပစ္စည်း အကူအညီတောင်းသူတွေကို လိုက်ရှာပြီး သူတို့ လိုအပ်တဲ့ ပစ္စည်းတွေကို လိုက် ကူညီဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း လည်လည်ပတ်ပတ်ရှိလာတော့ လူမှုရေးလုပ်ငန်းတွေဖက်ကို လှည့်နိုင်တဲ့ သဘောပါပဲ…။ ငွေကြေးကိစ္စ ပူစရာမရှိတော့တဲ့အတွက် ခြံထဲမှာ သီးပင် စားပင်လေးတွေကို အရင်ကလို ခူးမရောင်းတော့ပဲ အသီးအပွင့်တွေ ဝေေ၀ဆာဆာနဲ့ လှလှပပ စိုက်ပျိုးထားရင်း၊ အကောင်လေးတွေကို အစာရေစာ မပြတ်အောင် ကျွေးမွေးရင်း၊ ခြံထွက်ပစ္စည်းလေးတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချရင်း၊ အိမ်နီးချင်း သူငယ်ချင်းတွေကို ကူညီရင်း နဲ့ ဘ၀ကို အေးအေးသက်သာ ဖြတ်သန်းလာတတ်ကြတဲ့ သဘောပါ။

နောက်တခုက အဲဒီဂိမ်းကနေတဆင့် ကစားသူတွေရဲ့ စိတ်နေ စိတ်ထားနဲ့ သူတို့ရဲ့ အမူ အကျင့်လေးတွေကို မသိမသာ တွေ့နိုင် မြင်နိုင်တယ် ဆိုတဲ့ အကြောင်းလေးကိုလည်း ပြောပြချင်ပါသေးတယ်။ အရာရာကို စနစ်တကျ သပ်သပ်ရပ်ရပ် စီစဉ်တတ်တဲ့သူတွေရဲ့ ခြံကလေးတွေဆို အပင်လေးတွေကို စနစ်တကျ စီတန်း စိုက်ပျိုးလို့… တနေရာနဲ့ တနေရာ ဖြတ်သန်း သွားစရာ လာစရာ လမ်းကလေးတွေ ခင်းလို့… သကြားစက် ကိတ်မုန့်ဖုတ်စက် အချိုရည်ထုတ်တဲ့စက် ရေခဲမုန့် လုပ်တဲ့စက်… စတဲ့ စက်တွေကို တနေရာထဲမှာ စုပြုံပြီး ပြီးစလွယ် ချထားတာမျိုးမဟုတ်ပဲ သူ့နေရာနဲ့သူ ခြံကလေး ၀င်းကလေး ခတ်ပြီး ထားလို့… သီးပင် စားပင်လေးတွေနဲ့ အလှစိုက် ပန်းပင်လေးတွေကိုလည်း စီစီရီရီ လှလှပပ စိုက်ပျိုးလို့… အချို့ဆို ရွှေငွေ လက်ဝတ်လက်စား လုပ်တဲ့နေရာမှာဆို အုတ်တံတိုင်း အခိုင်အခံ့နဲ့ ကာထားပြီး အစောင့် တပ်သားလေးတွေတောင် ချထားတတ်သေးတာမျိုး… အဲဒီလို လူသားဆန်တာလေးတွေကို တွေ့ရတတ်ပါတယ်။

တချို့ကျတော့ သူများလိုအပ်နေတာ၊ အကူအညီတောင်းနေတာကို တွေ့သော်လည်း အလွယ်တကူ ကူညီလေ့မရှိတတ်ပါဘူး။ ဆိုလိုတာက အိမ်နီးချင်း တယောက်က သဘောင်္အတွက် စတော်ဘယ်ရီ ကိတ် သုံးလုံး အကူအညီတောင်းထားတယ်။ တကယ်ဆို သူ့မှာ စတော်ဘယ်ရီကိတ်တွေ သုံးလုံးမက ရှိနေမယ်… ဒါပေမယ့် သူ မကူညီလိုက်ပါဘူး။ သူ့မှာ ရှိနေတဲ့ ပစ္စည်းတွေကို သူ့ဟာသူပဲ သိမ်းထား ဆောင်ထားတတ်တာမျိုး…။ ဟော… သူ့သင်္ဘောလည်း လာရော.. အကုန် သူ့ဟာသူ ဖြည့်ပြီး တင်လိုက်ရော…။ အဲလို သူများကိုလည်း မကူညီ… သူ့အတွက်လည်း သူများကို အကူအညီမတောင်းခံလိုတဲ့ All by myself လူစားမျိုးတွေ ရှိနေတာကိုလည်း ပြုံးချင်စရာ တွေ့ရပါတယ်။ တချို့ကတော့ ကစားတာ Level အတော်ကြီး မြင့်နေသောလည်း ပစ္စည်းတွေ ရောင်းတဲ့အခါ ဈေးလျှော့ရောင်းတာ မတွေ့ရပါဘူး။ ပုံမှန်ဈေး အမြင့်အတိုင်းပဲ ရောင်းပြီး ပိုက်ဆံတွေ စုထားတတ်ကြတဲ့ လောဘမျိုးတွေလည်း ပြုံးချင်စဖွယ် တွေ့ရပြန်ပါတယ်…။

တရက်က ကျွန်မမှာရှိတဲ့ ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ချရောင်းလိုက်ပါတယ်။ နောက်တနေ့ကျတော့ ကျွန်မရဲ့အကောင့်ထဲမှာ follower တွေ အများကြီး ရောက်နေတာ တအံ့တသြ တွေ့လိုက်ရပါတယ်။ ဆိုလိုတာက ဈေးသက်သက်သာသာနဲ့ ရောင်းတဲ့ ဆိုင်ကို နောက်လည်း လာဝယ်ရအောင် တန်းစီဖို့ ရောက်လာကြတဲ့ သဘောပါ။ ကြည့်ပါအုံး… ဘယ်လောက် လူသားဆန်လိုက်သလဲနော်…။

အစပိုင်းမှာ ရုန်းကန်ရတဲ့ အခြေအနေ.. တဖြည်းဖြည်းနဲ့ လုပ်ငန်း လည်ပတ်လာတဲ့အခါမှာ တော်တော်လေး ချောင်လည်လာတဲ့ အခြေအနေ… နောက်ပိုင်းကျတော့ သက်တောင့် သက်သာလေးနဲ့ လိုအပ်နေတဲ့နေရာတွေမှာ လိုက်ကူညီ… သိးပင်စားပင်လေးတွေကို အလှစိုက် ခြံကလေးကို အဖိုးတန် ပစ္စည်းလှလှတွေနဲ့ အလှဆင်ပြီး နေသွားနိုင်တဲ့ အခြေအနေ… အဲဒီလို အခြေအနေ အဆင့်ဆင့်တွေဟာလည်း လက်တွေ့ဘ၀မှာ ဖြစ်နေတာတွေနဲ့ တထပ်တည်း တူညီနေပါသေးတယ်။ လောကကြီးမှာ တွေ့လေ့ တွေ့ထ ရှိတဲ့ လူအမျိုးမျိုးရဲ့ အမူအကျင့် အမျိုးမျိုး၊ စရိုက် အမျိုးမျိုးတွေဟာ ဒီ Hay Day ဆိုတဲ့ ဂိမ်းမှာ လှလှပပလေး ထင်ဟပ်နေတယ်လို့ ကျွန်မ ထင်ပါတယ်။

နောက်တခုက ဒီဂိမ်းကို အတူတူ ကစားနေကြတဲ့ သူငယ်ချင်းတွေဟာ လောလောဆယ်မှာ အပြင်မှာ ကိုယ်စီ ဘ၀တွေအတွက် ရုန်းကန် လှုပ်ရှားနေကြရင်း အဲဒီလို ကိုယ်တိုင် ကိုယ်ကျ စိုက်ပျိုးရေး မွေးမြူရေး မလုပ်နိုင်ကြသေးတဲ့ သူတွေ ချည်းပါပဲ…။ ဒါပေမဲ့လည်း စိတ်ကူးအတွေးထဲမှာတော့ အသက်ကြီးလာတဲ့ တနေ့ကျရင် အခုလို ခြံကလေး ၀င်းကလေးနဲ့ နားနားနေနေ နေရင်း တနိုင်တပိုင် စိုက်ပျိုးရေး မွေးမြူရေးလေးတွေ လုပ်ပြီး ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းလိုစိတ်ရှိကြတဲ့သူတွေ ဖြစ်တာမို့ အခု ဒီဂိမ်းကလေးကို စွဲစွဲလမ်းလမ်း ဖြစ်နေကြတာ သေချာပါတယ်။ ဒါကြောင့် စာဖတ်သူ မိတ်ဆွေတို့လည်း အခါအခွင့်ကြုံရင် အဲဒီ Hay Day ဆိုတဲ့ ဂိမ်းကလေးကို ခဏဖြစ်ဖြစ် တစေ့တစောင်း အကဲခတ်ရင်း ကစားကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။



မှတ်ချက် - 2013 July - Gamers Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။

9 comments:

  1. အဲဒီ ဂိမ်းအကြောင်းကြားဖူးတာ ကြာပြီ.. တစ်ခါမှတော့ မဆော့ဖူးသေးဘူး...:)

    ReplyDelete
  2. ကျနော်က အဲဒီဂိမ်းကစားတာကိုရပ်ထားတာ ၃ လ ကျော်သွားပြီ။။ စကစားတုန်းက သဘောင်္ပေါ်ကို အကုန်ကူညီတောင်းလို့ရတယ်.. နောက်ပိုင်းကျတော့ ကွန်တင်နာ ၃ လုံးပဲ တောင်းလို့ရတော့ အလုပ်မအားတဲ့ချိန်ဆို သဘောကလွတ်လွတ်သွားရေ.. သူငယ်ချင်းတွေကလည်း သူတို့မှာ ရှိပေမယ့် ၃ လုံးထက် ကူမရဖြစ်လို့ :)
    TZN

    ReplyDelete
  3. လယ်ဗယ်နှစ်ဆယ်ကျော်မှာတစ်နေတုန်းပါပဲ .. မပြည့်စုံသေးတဲ့အပြင် ဖုန်းက စက်ရုပ်ဖုန်းဖြစ်နေတော့ သမီးကောင်လေးဆီကငှားဆော့ရပါတယ်း(
    မိုင်း ကို ပိုက်ဆံအများကြီးနဲ့ဝယ်ထားပေမယ့် ဗုံးတွေ ၊ ဂေါ်တွေမရှိလို့စိန်တွေမရှာနိုင်သေးဘူး ပြီးတော့ေ၇ွှထုတ်စက်ဝယ်ဖို့ပိုက်ဆံစုတုန်း ငါးဖမ်းလှေကဈေးကြီးလွန်းလို့ ပိုက်ဆံစုတုန်းပါပဲ တီသက်ရယ်..။ စကားမစပ် သာမီး hay day မှာ တီသက်မပေါ်တာထောက်ရင် တခြား facebook နဲ့များဆော့သလားလို့ပါ :P

    ReplyDelete
  4. အော..မေ့လို့ ခွေးလေးတစ်ကောင်လည်းရှိနေပြီး)

    အသည်းအသန်ကြိုးစားနေရတဲ့လယ်သမလေး ဆုညတ်

    ReplyDelete
  5. အင်တာနက်ရမှ ကစားလို့ရတာလည်း ထည့်ပြောဦးလေ.. အဲ့ဟာကို ဆော့ချင်လျက်နဲ့ အဲ့တခုကြောင့် ဆော့မရဘူး. မုန်းတာ =(

    ReplyDelete
  6. ထင်မြင်ချက်နဲ့ယူဆချက်တူလို့ပါ

    ReplyDelete
  7. ကြည့်စမ်း.. မိဘက အင်ဂျင်နီယာ ပညာတတ်ကြီးဖြစ်အောင် ပညာသင်ပေးထားတာ.. သူက နိုင်ငံခြားရောက်မှ လယ်စိုက် ကြက်မွေး နေတယ်ပေါ့ :P

    ReplyDelete
  8. အပေါ်က ပန့် ကော်မန့် ကို ပြုံးမိတယ်. သက်ဝေ ရေ အညွှန်းကောင်း အရေးလေးလဲကောင်းတော့ ကစားချင်သွားတယ်. ခုလောလောဆယ် ဂိမ်းတွေဖြတ်ထားတာ တခါတခါပဲ သားလိုတာလေးတွေပေးချင်လို့  dragon story ကစားဖြစ်တယ်. ဖုန်းထဲကစားတာမို့  ဖုန်းလဲရင်သက်ဝေလို ချစ်ချစ်ကုတ်ကုတ်စုဆောင်းတာလေးတွေပြောင်ပြောင်သွားလို့  စိတ်နာပြီးခဏရပ်ထားတာ

    ReplyDelete
  9. ဘာရယ်မဟုတ်ဘူး ဆော့ကြည့်လိုက်တာ ခုတော့ ဆွဲနေပြီ :D

    ZaunG

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...