Saturday, August 23, 2014

လက်ကိုင်မဲ့တံခါး

ညနေဟာ တဖြည်ဖြည်းနဲ့ အရောင်မှိန်လာတယ်။ ကောင်းကင်ဟာ မီးခိုးရောင် ဖျော့ဖျော့ ၀တ်ရုံကို အကျအန လှလှပပ ဆင်မြန်းလို့။ ရောင်စုံငှက်တွေဟာ ညနေတိုင်း သူတို့ ဆိုနေကျ ညနေခင်းတေးသွားကို အတူတူ သီဆိုရင်း အိပ်တန်းတက်ကြတယ်။ အဲဒီအချိန်မှာ ပုံတုံးတုံး သားရည်အိတ်အနက်ရောင်ကို လွယ်ပိုးထားတဲ့ မိန်မးတစ်ယောက်ကတော့ အိမ်ပြန်ချိန် မာကျူရီမီးရောင်တွေရဲ့ အောက်မှာ ခြေလှမ်းသွက်သွက်နဲ့ ရထားဘူတာဆီကို ဦးတည် လျှောက်လှမ်းလို့။ လျှောက်နေရင်းက စိတ်ပြောင်းသွားပြီး လမ်းမှာ တွေ့နေကျ စတိုးဆိုင်ကြီးထဲကို တခဏ ၀င်ရောက် ငေးမောလိုစိတ်နဲ့ ခြေလှမ်းတွေကို နောက်ပြန်လှည့်လိုက်တယ်။ တကယ်ဆို ဈေးဝယ်ကဒ် မပါ၊ အကြွေးဝယ်ကဒ် မပါ၊ လုံလောက်တဲ့ ငွေကြေးပမာဏလည်း မပါပါပဲနဲ့၊ ဘာဖြစ်လို့ ဒီလိုစိတ်ကူးရတယ်ဆိုတာ ကိုယ်တိုင် မသိလိုက်ဘူး။

ဆိုင်ကြီးထဲ ၀င်လိုက်တယ် ဆိုရင်ပဲ အေးစိမ့်နေတဲ့ လေအေးပေးစက်ရဲ့ အငွေ့အသက်နဲ့အတူ အမွှေးနံ့ ခပ်သင်းသင်းလေးက ဆီးကြိုနှုတ်ဆက်တယ်။ အပူထဲက လာခဲ့ရသူတစ်ယောက်အဖို့ တဒင်္ဂတော့ စိတ်ကျေနပ်မှုရသွားစေတာ အမှန်ပဲ။ ခန်းနားတဲ့ ဈေးဆိုင်ခန်းတွေရဲ့အ၀င်ဝ လှေခါးကြီးအရှေ့မှာ မဟော်ဂနီရောင်တောက်ပနေတဲ့ စန္ဒရားကြီးတစ်လုံးကို တွေ့ရတယ်။ သာယာငြိမ့်ငြောင်းတဲ့ တေးသွားတွေကို ကြားနာရတယ်။ အဲဒီတေးသွားတွေကို ဖန်တီးနေတဲ့သူက အနောက်တိုင်းဝတ်စုံကို အပြည့်အစုံဝတ်ထားတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက်။ စိတ်ရော ကိုယ်ပါ နှစ်မြှုပ်ပြီး သံစဉ်တွေကို လှလှပပ လွှင့်ထုတ်နေတယ်။ သူကသာ စိတ်ဝင်တစားနဲ့ ခံစားချက်အပြည့်နဲ့ တီးနေတာ၊ အနီးအပါးက ဖြတ်သန်းသွားလာနေကြတဲ့ ကြီးကြီးငယ်ငယ် အရွယ်စုံ အရောင်စုံ လူသားတွေကတော့ သူ့ကို တချက်ကလေးမှ ဂရုစိုက်မိဟန် မတူဘူး။ ကိုယ့်လိုရာတွေ ပြည့်ဝဖို့၊ ကိုယ့်ဆန္ဒတွေ ပြည့်ဝဖို့အတွက်သာ ဦးတည်နေတဲ့ ခြေလှမ်းတွေ ကိုယ်စီနဲ့။

ကြည့်ပါအုံး… ပီဇာဆိုင်က ဆိုင်ရှင်ကလည်း မှန်ပုံးထဲက သူ့ပီဇာချပ်တွေ နောက်တစ်နေ့ မကူးပဲ ဒီနေ့ အကုန်ရောင်းရဖို့ ၀ယ်သူကို ငေးမျှော်လို့။ ရေမွှေးဆိုင်က ကောင်မလေးကလည်း ရေမွှေးနမူနာပြ စက္ကူချပ်လေးတွေကိုင်ရင်း ဆိုင်ရှေ့ကနေ ဖြတ်သွားတဲ့သူတွေကို ကြော်ငြာသဘောမျိုး လှမ်းပေးလို့။ ဖိနပ်ဆိုင်က အရောင်းစာရေး ကောင်ကလေးတစ်ယောက်ကတော့ ဖိနပ်တွေကို ဖုန်သုပ်သလိုလိုနဲ့ ဆိုင်ရှေ့က ဖြတ်သွားတဲ့ စကပ်တိုဝတ် အမျိုးသမီးလေးရဲ့ အနောက်ပိုင်းကို မရဲတရဲ လှမ်းကြည့်လို့။ မိန်းကလေးဝတ်အင်္ကျီတွေ အပြည့် ချိတ်ဆွဲထားတဲ့ ဆိုင်ထဲက ဇာအင်္ကျီ အနီရောင်ဝတ် ခပ်၀၀အမျိုးသမီးကတော့ ဈေးရောင်းမကောင်းသူတို့ ထုံးစံအတိုင်း ပျင်းရိပျင်းတွဲအမူအရာနဲ့၊ တစ်ချက်တောင် သန်းဝေလိုက်သေးတယ်။ ကိုယ်တိုင်ကတော့ အဲဒီ ဈေးဆိုင်ခန်းတွေထဲ ၀င်တော့မဲ့ဆဲဆဲ ခြေလှမ်းတွေကို အသာရပ်တန့်ပြီး စန္ဒယားသံကို တခုတ်တရ နားစိုက်ထောင်နေမိတယ်။ တချိန်ထဲမှာပဲ အပြင်က ကြားခဲ့တဲ့ ငှက်လေးတွေရဲ့ အိပ်တန်းတက် ညနေခင်းတေးသွားနဲ့ ယှဉ်ပြီး ဘယ်ဟာက ပိုသာယာပါလိမ့်လို့တောင် တွေးနေမိသေးတာ။

အဲဒီအချိန်မှာ စန္ဒရားဆရာဟာ ဗြုန်းဆို တေးသွားကို ပြောင်းလိုက်တယ်။ ခပ်သွက်သွက် ခပ်ကြမ်းကြမ်း တီးလုံးတွေဟာ ဆိုင်ခန်းတွေ အားလုံးနဲ့ ကျန်တဲ့ အသံတွေအားလုံးကို ဖုံးလွှမ်းသွားသလား မှတ်ရတယ်။ စန္ဒရားခလုတ်တွေပေါ်မှာ ပြေးလွှားနေတဲ့ လက်ချောင်းတွေနဲ့အတူ စန္ဒရားဆရာရဲ့ ကိုယ်ခန္ဒာ လှုပ်ရှားးပုံကလည်း စည်းချက်နဲ့အညီ တစထက် တစ လှုပ်ခါ ယိမ်းထိုးလို့၊ တီးနေတဲ့ တီးလုံးကလည်း ပိုပိုသွက်လာတယ်။ မြူးကြွ ဆန်းသစ်တဲ့ တေးသွားရဲ့ ဖမ်းစားမှုကြောင့် အနီးအပါးက ဈေးဝယ်လာကြသူ တော်တော်များများ စန္ဒရားဆရာကို သတိထားမိသွားကြတယ်။ တချို့ကလည်း ခြေလှမ်းတွေကို ရပ်တန့်ပြီး နားထောင်ကြတယ်၊ တချို့ကလည်း အချင်းချင်း လက်တို့ပြီး သံစဉ်တွေကြားထဲ စိတ်ရောကိုယ်ပါ နစ်မျောပါဝင်နေတဲ့ စန္ဒရားဆရာကို ကွက်ကြည့် ကွက်ကြည့်နဲ့။

သိပ်မကြာလိုက်ဘူး၊ အပြင်က အိပ်တန်းတက်နေတဲ့ ငှက်တွေ တောင်ပံခတ်သံ တဖျတ်ဖျတ်နဲ့ အုပ်စုလိုက်ကြီး ပျံလာကြတာကို လှမ်းတွေ့လိုက်ရတယ်။ သူတို့ ဦးတည်လာတာက အဲဒီစတိုးဆိုင်ကြီးရဲ့ အ၀င်က မှန်တံခါးချပ်ကြီးတွေဆီကို တည့်တည့်။ အုပ်စုလိုက် တဟုန်ထိုး ၀ဲပျံလာတဲ့ ငှက်တွေကိုတွေ့တော့ ဆိုင်တွေထဲမှာ ငေးမော ဈေးဝယ်နေကြတဲ့ လူတချို့က ဘာမှန်း ညာမှန်းမသိ၊ ကြောက်အားလန့်အားနဲ့ မှန်တံခါးကို တွန်းဖွင့်ပြီး သူ့ထက်ငါ အပြင်ရောက်အောင် ပြေးထွက်ဖို့ ကြိုးစားကြတော့တယ်။ သူတို့တွေ မှန်တံခါးကြီးကိုလည်း ဖွင့်လိုက်ရော… အိုး… ဘာပြောကောင်းမလဲ… ငှက်တွေ… ငှက်တွေဆိုတာ…။ သဘောတွေ့ မနောခွေ့ပြီး စိတ်တိုင်းကျ အထဲကို အလုအယက် တိုးဝှေ့ဝင်လာလိုက်ကြတာ အဲဒီအဆောက်အဦးထဲ ငှက်မုန်တိုင်းကြီး ၀င်မွှေနေသလိုပဲ။ ငှက်တွေဆီက အော်မြည်သံ၊ အတောင်ပံ ခတ်သံတွေကလည်း ခန်းမထဲမှာ ကျွက်ကျွက်ကိုညံလို့။ ဒီလိုနဲ့ ဘယ်လောက်မှမကြာလိုက်တဲ့ အချိန်တိုလေးအတွင်းမှာ အဲဒီ စတိုးဆိုင်ကြီး အ၀င်ခန်းမရဲ့ မျက်နှာကြက်တွေမှာ၊ တလက်လက်တောက်ပနေတဲ့ မီးဆိုင်းတွေပေါ်မှာ၊ အလှတပ် နံရံကပ် မီးလုံးတွေပေါ်မှာ၊ ခြေကုပ်လို့ရတဲ့ အစွန်အဖျား နေရာတွေတိုင်းမှာ အရောင်စုံ အရွယ်စုံ ငှက်တွေ အပြည့် နေရာယူပြီးသား ဖြစ်သွားတယ်။ ဈေးသည် ဈေးဝယ်တွေ အားလုံးလည်း ပြေးတဲ့သူတွေက ပြေး၊ ကျန်တဲ့သူတွေကလည်း တအံ့တသြနဲ့ ကြက်သေသေပြီး အဲဒီငှက်တွေကို မော့ပြီး ကြည့်နေလိုက်ကြတာဆိုတာ တကယ့်ကို ခေါင်းမော့နေတဲ့ ကျောက်ရုပ်ကြီးတွေအတိုင်းပဲ။ အားလုံးထဲမှာ စန္ဒရားဆရာတစ်ယောက်ပဲ ဟန်မပျက် အရှိန်မပျက် သူ့တီးလုံး တီးကွက်တွေကို စိတ်ပါလက်ပါ ဆက်တီးနေတာ တွေ့ရတယ်။ လူတွေ ၀ရုန်းသုန်းကား ထွက်ပြေးလို့ ပွင့်နေတဲ့ မှန်တံခါးချပ်ကြီးတွေကတဆင့် ငှက်တွေကတော့ ၀င်လာမစဲ တသဲသဲ။

စန္ဒရားဆရာဟာ တီးလုံးတစ်ခုကနေ တစ်ခု အကူးအပြောင်းမှာ မျက်တောင် တစ်ခတ်စာလေး စန္ဒရားသံ ပျောက်သွားတယ်။ အဲဒီလို အသံတိတ်သွားတဲ့အချိန်မှာ ငှက်တွေအားလုံးဟာ သူတို့အချင်းချင်းသာ နားလည်နိုင်လောက်တဲ့ မာဂဓဘာသာစကားနဲ့ သံစဉ်တစ်ခုကို အနိမ့်အမြင့် အတက်အကျမရှိ တညီတညာထဲ ရေရွတ်လိုက်ကြတယ်။ စန္ဒရားဆရာက သူ့တီးလုံးကို ပြန်လည် အစပျိုးလိုက်ချိန်မှာတော့ ငှက်တွေအားလုံး တိုင်ပင်ထားသလို တပြိုင်နက်ထဲ တိတ်ဆိတ်သွားကြပြန်တယ်။ ကြည့်နေတဲ့ လူတွေလည်း အရမ်းကို အံ့သြ ထူးဆန်းနေကြတယ်။ အပြင်ထွက်ဖို့ တံခါးဆီကို ခြေလှမ်းနေကြတဲ့သူတွေတောင် သိချင်စိတ်တွေပြည့်နှက်နေတဲ့ မျက်နှာတွေနဲ့အတူ နောက်ကြောင်း ပြန်လှည့်လာတာ တွေ့ရတယ်။ အဲဒီလိုနဲ့ စန္ဒရားဆရာဟာ တီးလုံး တစ်ပိုဒ် တီးလိုက်၊ သူ အတီးရပ်သွားတဲ့ အချိန်မှာ ငှက်တွေက သံစဉ်တစ်ခုကို ဖန်တီးလိုက်နဲ့၊ တစ်ဖက်နဲ့ တစ်ဖက် စိတ်တူ ကိုယ်တူ အပေးအယူမျှနေလိုက်ကြတာဆိုတာ။ ဒါပေမဲ့ သိပ်တော့ မကြာလိုက်ဘူး၊ ငှက်တွေဟာ သူတို့အလှည့်မှာ သံစဉ်တွေကို မရပ်မနား ဟစ်ကြွေးနေတယ်၊ စန္ဒရားဆရာအတွက် အလှည့်မပေးတော့ဘူး။ စန္ဒရားဆရာကလည်း တစက်ကလေးမှ အလျှော့ မပေးလေဘူး။ ဆန်းပြားသစ်လွင်တဲ့ တီးကွက်တွေကို အပြင်းအထန် ဆက်တီးနေတယ်။ အဲဒီအချိန်မှာပဲ ငှက်တွေဟာ သူတို့ ခိုနားနေရာ နေရာတွေကနေ စန္ဒရားကြီးနားကို ထိုးဆင်းလာကြပြီး စန္ဒရားကိုရော တီးနေသူကိုပါ ၀ိုင်းရံလိုက်ကြတော့တယ်။

ငှက်တွေ… ငှက်တွေ… မဟော်ဂနီရောင်တလက်လက် တောက်ပနေတဲ့ စန္ဒရားကြီးပေါ်မှာ ငှက်တွေ အပြည့် နားလိုက်တော့ စန္ဒရားဟာ ရောင်စုံငှက် အထွေးကြီး ဖြစ်သွားတယ်။ ပြီးတော့ စန္ဒရားဆရာရဲ့ ပုခုံးပေါ်မှာ၊ လက်မောင်းမှာ၊ လက်ဖျံမှာ၊ နောက်ပြီး စန္ဒရားပေါ်မှာ တင်ထားတဲ့ ကြွေပန်းအိုးထဲက နှင်းဆီပွင့် အဖြူရောင်တွေပေါ်မှာ ငှက်တွေ လာနားကြတယ်။ ဒါတင်မက ပြေးလွှားရွေ့လျားနေတဲ့ စန္ဒရားဆရာရဲ့ လက်ချောင်းတွေကို ငှက်တွေဟာ သူတို့ နှုတ်သီးချွန်တွေနဲ့ ထိုးနှက် ရပ်တန့်စေတယ်။ ကြိုးစားပမ်းစားတီးနေတဲ့ စန္ဒရားဆရာဆီက မညီမညာ၊ ပြီးတော့ အနိမ့်အမြင့် အတက်အကျ မမှန်မကန် သံစဉ်တွေ တောင်တစ်ချက် မြောက်တစ်ချက် ထွက်လာပြီး နောက်ဆုံးမှာတော့ စန္ဒရားဆရာလည်း ကျဆုံး၊ တီးလက်စ စန္ဒရားသံဟာလည်း လုံးဝကို ပျောက်ဆုံးသွားတယ်။ အဲဒီနောက်မှာ စန္ဒရားဆရာလည်း ထိုင်နေရာကနေ ဝုန်းကနဲ ထ၊ ငှက်တွေကြားထဲကနေ အတင်း တိုးဝှေ့ပြီး ကမူးရှူးထိုး ထွက်ပြေးသွားတော့တာပဲ။ ပြေးတာမှ မှန်တံခါးကြီးရဲ့ ဟိုးအပြင်ဖက်ရောက်အောင်ကို သုတ်ခြေတင်ပြီး ထွက်ပြေးသွားတာ…

အဲဒီအချိန်ကစပြီး ငှက်တွေရဲ့ အောင်ပွဲခံ တေးသံတွေ ခန်းမကြီးထဲမှာ တညီတညာထဲ ထွက်ပေါ်လာတော့တာပဲ။ သူတို့ဘာသာနဲ့ တေးဆိုသူက ဆို၊ စန္ဒရားခလုတ် အဖြူရောင်တွေပေါ်မှာ နားပြီး အသံထွက်အောင် လုပ်သူက လုပ်၊ စန္ဒရားခလုတ် အနက်ရောင်တွေပေါ် တစ်လှမ်းချင်း နင်းလျှောက်သူတွေက နင်းနဲ့၊ ခန်းမကြီးထဲမှာ မညီမညာ စန္ဒရားသံရော ငှက်တွေရဲ့ တေးသံတွေပါ အထိန်းအကွတ်မဲ့စွာ ဖုံးလွှမ်းနေတော့တယ်။ စောစောက ကျောက်ရုပ်တွေလို ကြက်သေသေပြီး ကြည့်နေတဲ့သူတွေလည်း တဖြည်းဖြည်းနဲ့ စိုးရွံ့ ထိတ်လန့်လာပုံရတယ်။ အထူးအဆန်းမြင်ကွင်းကို ကြည့်လည်း ကြည့်ချင်၊ ကြောက်လည်း ကြောက် ဖြစ်နေကြပုံပဲ။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် နောက်ဆုတ် နောက်ဆုတ်နဲ့ အပြင်ဖက်ကို ထွက်သွားဖို့ ကြိုးစားနေကြတာ တွေ့ရတယ်။ မှန်တံခါးချပ်ကြီးကတော့ ပွင့်လျက်သား။ စန္ဒရားသံကပဲ ဆွဲဆောင်သလား၊ အထဲရောက်နေပြီးသား ငှက်တွေက သူတို့ အချင်းချင်းသာ နားလည်တဲ့ ဘာသာစကားတွေနဲ့ လှမ်းခေါ်ကြသလား မသိနိုင်ဘူး။ အမျိုးအမည်စုံလင်တဲ့ ငှက်တွေ မရေမတွက်နိုင်အောင် အပြင်ကနေ ဆက်တိုက် ၀င်လာနေကြတုန်းပဲ။ အဲဒီမြင်ကွင်းတွေမှာ နစ်မျောနေလိုက်တာ၊ နောက်ဆုံးမှာ ခန်းမထဲ လူနည်းနည်းပဲ ကျန်တာ တွေ့တော့မှ ကိုယ်တိုင်လည်း အပြင်ထွက်ဖို့ သတိရသွားတယ်။

တံခါးဝကနေ အပြင်ကိုရောက်တော့ အနောက်ကနေ နောက်ထပ် လူ လေး ငါးယောက်လောက် ထပ်ထွက်လာတယ်။ အဲဒီထဲမှာ ပီဇာဆိုင် ပိုင်ရှင်လည်း ပါတယ်၊ ပီဇာချပ်တွေ ထည့်ထားတဲ့ သူ့ မှန်ပုံးကို သံယောဇဉ်မပြတ်သလို စိတ်မကောင်းတဲ့မျက်နှာနဲ့ တလှည့်ကြည့်ကြည့်။ အင်္ကျီဆိုင်ပိုင်ရှင် အနီဝတ် အမျိုးသမီးကတော့ ပတ်ဝန်းကျင်မှာ တွေ့သမျှ လူတွေကို ငှက်တွေအကြောင်း အားပါးတရ ပြောပြနေပုံပဲ။ ခန်းမဖက်ကို လက်ညှိုးထိုးကာ ထိုးကာနဲ့။ ဆိုင်ကြီးထဲမှာ လူတွေ အကုန် ကုန်တဲ့အထိ အဲဒီမှန်တံခါးချပ်ကြီးအရှေ့မှာ မကြောက်မရွံ့ ရပ်နေသေးတဲ့ ကျွန်မကို လမ်းသွားလမ်းလာတွေက အကြည့်တစ်မျိုးနဲ့ ကြည့်ကြတယ်။ ထားပါလေ… စန္ဒရားသံကို မက်မောသူတစ်ယောက်အဖို့ ငှက်တွေကို တစ်ခုခု လက်တုန့်ပြန်ချင်စိတ် ပေါ်နေမိတာ။ စိတ်ထဲမှာ ရုတ်တရက်ပေါ်လာတဲ့ အတွေးကတော့ မှန်တံခါးချပ်တွေကို ပိတ်ပလိုက်ဖို့ပဲ။ ဟုတ်တယ်… မှန်တံခါးချပ်တွေကို ပိတ်လိုက်ရမယ်၊ ဒါမှ ဒီငှက်တွေ အပြင်ကို ပြန်မထွက်နိုင်မှာ။ သူတို့ကို အထဲမှာ ပိတ်ထားလိုက်ရင် ဘာတတ်နိုင်သေးလဲ၊ သူတို့ ဘယ်နှစ်ရက် အသက်ဆက်ရှင်နိုင်မှာလဲ။

အဲဒီလို အတွေး တွေးနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် လူစွမ်းကောင်းကြီးတစ်ယောက်လို ဘာလိုလို စိတ်ထဲ ၀င့်ဝင့်စားစားရှိလှတယ်။ အဲဒါနဲ့ မှန်တံခါးချပ်ကို တွန်းပိတ်ဖို့ ကြိုးစားတယ်၊ ပြဿနာက တံခါး လက်ကိုင်ကို ရှာမရတာပဲ။ ဟုတ်တယ် တံခါးချပ်ကြီးမှာ လက်ကိုင် လုံးဝ မပါဘူး။ ထူးဆန်းလိုက်တာ၊ တံခါးချပ်တွေတိုင်းမှာ လက်ကိုင်ကိုယ်စီ ရှိကြရတာ မဟုတ်လား။ ဘယ်လောက်သေးတဲ့ တံခါးချပ်မှာမဆို လက်ကိုင်ဖုကလေး တစ်ခုဖြစ်ဖြစ်တော့ ရှိရစမြဲ မဟုတ်လား။ ဘာမှားနေပါလိမ့်…

လက်ကိုင်မတွေ့တဲ့အဆုံး မှန်ချပ်ရဲ့ အစွန်းကိုကိုင်ပြီး တွန်းလိုက်တယ်၊ တံခါးက တုတ်တုတ်မှ မလှုပ်ဘူး။ အိုး… ခုနက လူတွေ တိုးထွက်ဖို့ မှန်ချပ်တွေကို တွန်းဖွင့်တုန်းက အလွယ်တကူ ပွင့်သွားတာကို မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရတာပါ။ ဒါနဲ့ အားစိုက်ပြီး ထပ်တွန်းတယ်၊ တစ်ချပ်ကို တွန်းမရတော့ တစ်ခုခုများမှားနေသလား ဆိုပြီး နောက် တစ်ချပ်ကို တွန်းပြန်တယ်။ ခက်လိုက်တာ၊ တံခါးတွေက တစ်ချပ်မှ မလှုပ်ကြဘူး။ ခေါင်းပေါ်ကနေ ၀ှီးကနဲ ၀ှီးကနဲနေအောင် ဖြတ် ပျံသွားတဲ့ ငှက်တွေကို ရှောင်ရင်း တိမ်းရင်း တံခါးကို အထပ်ထပ် တွန်းကြည့်တယ်။ မရဘူး။ ခဏ နားတယ်၊ ပြီးတော့ အားယူတယ်၊ ပြီးတော့ တံခါးကို တွန်းတယ်။ ဘယ်လိုမှ မရဘူး။ လူတွေက ဒီမိန်းမ နည်းနည်း စိတ်မမှန်ဘူးလား ဆိုတဲ့ အတွေးမျိုးတွေနဲ့ လှမ်းကြည့်နေကြတယ်။ ဘာပဲဖြစ်ဖြစ် ခေါင်းမာတဲ့ စိတ်၊ အညံ့မခံချင်တဲ့ စိတ်မျိုးနဲ့ ဒီတံခါးကို မရ ရအောင် ပိတ်လိုက်ချင်တယ်။ ထပ်ကြိုးစားတယ်။ ဒါပေမဲ့ အချည်းနှီးပဲ။

မှန်တံခါးချပ်ကြီးနားမှာ ခြေကုန်လက်ပမ်းကျပြီး လဲပြိုမတတ်ဖြစ်နေတဲ့ ကျွန်မကို ငှက်တွေ သတိထားမိသွားတယ်။ ငှက်တွေဟာ သူတို့ကို အသားလွတ် မုန်းတီးနေမိသူတစ်ယောက်ရဲ့ အတွင်းစိတ်ကိုပါ သတိထားမိသွားသလား မဆိုနိုင်ဘူး။ စတင်ရန်မူဖို့ ကြိုးစားလာကြတယ်။ ပုံဆိုးဆိုး ခပ်ဟောင်းဟောင်း သားရေအိတ်ကို လာပြီး ထိုးဆိတ်ကြတယ်။ ပထမတော့ ရှိသမျှ အားလေးနဲ့ ခုခံသေးတယ်။ ငှက်အုပ်ကြီးက တဖြည်းဖြည်း ကြီးလာတယ်။ ခုနက စန္ဒရားကြီးတစ်ခုလုံး ရောင်စုံငှက် အထွေးကြီး ဖြစ်သွားတဲ့ပုံကို မျက်လုံးထဲ ပြန်မြင်မိတော့ တစ်ကိုယ်လုံး အေးစက် တောင့်တင်းလာတယ်။ ခန္ဒာကိုယ် ပတ်ပတ်လည်မှာ ငှက်တွေ မရေမတွက်နိုင်အောင် သိပ်များနေပြီဆိုတာပဲ နောက်ဆုံး သိလိုက်တယ်။ မူးဝေလာတယ်… သတိ မေ့မတတ် ဖြစ်လာတယ်။

အဲဒီအချိန်မှာပဲ… ၀တ်စုံအနက်နဲ့ လူတစ်ယောက်က ကျွန်မကို ငှက်တွေကြားထဲက လာ ဆွဲထုတ်သွားတာ။ အဲဒီလူ ဆွဲခေါ်သွားတဲ့နောက်ကို မျက်စိစုံမှိတ်ပြီး ပါသွားလိုက်တာ ပေါ့ပေါ့လေးရယ်။ ပြီးတော့ သတိလက်လွတ်နဲ့ ကိုယ်တိုင် ဘယ်လောက်ဝေးဝေးကို ရောက်လို့ ရောက်သွားမှန်း မသိဘူး။ သတိရတဲ့ အချိန်မှာ ကတ္တီပါစလေး တစ်စလို နူးညံတဲ့ အထိအတွေ့ကြောင့် မျက်စိဖွင့်ပြီး ဘေးဘီကို မော့ကြည့်လိုက်တော့ မီးရောင်စုံ ထိန်ငြီးနေတဲ့ ပန်းခြံတစ်ခုထဲ ရောက်နေမှန်း သိလိုက်ရတယ်။ အခု ထိုင်နေတဲ့နေရာက အစိမ်းရောင် မြက်ခင်းနုနုပေါ်မှာပဲ။ တဆက်တည်းမှာ ငှက်တွေကြားကနေ ကူညီပြီး ဆွဲခေါ်လာတဲ့ အနက်ရောင် ၀တ်စုံပိုင်ရှင်ကို လှည့်ပတ်ပြီး လိုက်ရှာတာ၊ ဒါပေမဲ့ ရှာလို့ မတွေ့ဘူး။ ဘေးပတ်ဝန်းကျင်မှာတော့ အားကစား လေ့ကျင့်တဲ့သူတွေ၊ ကလေးငယ်လေးတွေ လက်ဆွဲရင်း အေးအေးလူလူ လမ်းလျှောက်နေတဲ့ မိသားစုတွေ အပြင် စွန်လွှတ်နေတဲ့သူတစ်ချို့ နဲ့ မြက်ခင်းပေါ်မှာ စာထိုင်ဖတ်နေတဲ့သူ တချို့ကို တွေ့ရတယ်။

ချက်ချင်းသတိရသွားတာကတော့ အလုပ်က အိမ်အပြန် လမ်းမှာ ရုတ်တရက် ၀င်ကြည့်ခဲ့တဲ့ စတိုးဆိုင်ကြီးရယ်၊ မဟော်ဂနီရောင်တောက်ပနေတဲ့ စန္ဒရားကြီးတစ်လုံးနဲ့ အနက်ရောင် အနောက်တိုင်းဝတ်စုံကို အပြည့်အစုံဝတ်ထားတဲ့ စန္ဒရားဆရာရယ်၊ ခန်းမကြီး တစ်ခုလုံး ပြည့်လုလုဖြစ်နေတဲ့ အရောင်စုံ အရွယ်စုံ ငှက်တွေရယ်၊ ပိတ်လို့မရ လက်ကိုင်မရှိတဲ့ မှန်တံခါးချပ်ကြီးရယ်ကိုပဲ။ မြက်ခင်းပေါ်မှာ အကျအန ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်တယ်။ မျက်နှာချင်းဆိုင်မှာ အရောင်လင်းလင်းတွေ ပြိုးပြိုးပျက်ပျက် တလက်လက်တောက်ပနေတဲ့ စတိုးဆိုင်ကြီးကို လှမ်းတွေ့လိုက်ရတယ်။ သေချာပါတယ် ညနေက ငှက်တွေ ၀င်သွားတာ အဲဒီဆိုင်ပါ။ အခုတော့ သူက မီးရောင်တွေအောက်မှာ အိနြေ္ဒရရ ခန်းနား လှပလို့။

မယုံနိုင်စရာ… ညနေက ငှက်တွေနဲ့ ကမ္ဘာပျက်မတတ် ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ စတိုးဆိုင်ကြီး၊ လူတွေ ကြောက်လန့်တကြား ပြေးလွှားနေကြတဲ့ မြင်ကွင်း၊ ဘာဆို ဘာမှ မရှိတော့ဘူး။ တစ်ခုခုတော့ မှားနေပြီ… ဘေးဘီဝဲယာမှာ မေးကြည့်စရာ လူတစ်ချို့ကို လိုက်ရှာပြီး ညနေက အဲဒီ စတိုးဆိုင်ကြီးကို ငှက်တွေ ၀င်စီးတဲ့ အကြောင်း ပြောပြတော့ ဘယ်သူမှ မသိကြဘူး။ အားလုံးက ခေါင်းခါပြတယ်။ အမျိုးအမည် ဖေါ်ပြလို့ မရနိုင်တဲ့ အကြည့်တစ်မျိုးနဲ့ ပြန်ကြည့်ကြတယ်။ တကယ်ဆို ဒီအနီးအနားတ၀ိုက်မှာ ရှိနေကြတဲ့သူတွေထဲက တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ညနေက ငှက်တွေအကြောင်း သိနေသင့်တယ် မဟုတ်လား။ အခုတော့ တစ်ယောက်မှ မသိကြတာ သိပ်ထူးဆန်းတဲ့ကိစ္စပဲ။

အိမ်ပြန်ဖို့ သိပ်နောက်ကျနေပြီလို့ သတိထားမိလိုက်တော့ ရထားဘူတာရုံဆီကို ဦးတည်ပြီး လျှောက်လာခဲ့တယ်။ စောစောက စတိုးဆိုင်ကြီးရှေ့ကို ရောက်တော့ စိတ်မကြေပွဲအဖြစ်နဲ့ သေသေချာချာ ထပ်ကြည့်တယ်။ ရွှေအိုရောင် ကနုတ်ပန်းတွေ စီခြယ်ထားတဲ့ လက်ကိုင် အကြီးကြီးနဲ့ မှန်တံခါးချပ်ကြီးဟာ ထယ်ဝါခန့်ညားလို့ပဲ။ မီးအလင်းရောင်ကြောင့် အထဲကို လှမ်းမြင်နေရတယ်။ လူတွေစည်ကားနေတဲ့ ဈေးဆိုင်ခန်းတွေရဲ့ ရှေ့နားက လှေခါးကြီး၊ သူ့အနီးမှာ မဟော်ဂနီရောင် စန္ဒရားတစ်လုံး၊ သူ့အပေါ်မှာတင်ထားတဲ့ နှင်းဆီဖြူအပြည့်နဲ့ ကြွေပန်းအိုးကြီး။ အရာရာဟာ စနစ်တကျ၊ နေသားတကျ။

ညနေက ကြုံခဲ့ရတာတွေဟာ အိပ်မက်ဆိုရင်လည်း နေ့အိပ်မက်တစ်ခုပဲ ဖြစ်ရမယ်။ မျက်လှည့်ဆိုရင်လည်း တစ်ယောက်တည်းကို သေသေသပ်သပ် ကွက်ပြီး ပြတဲ့ မျက်လှည့်ပဲ ဖြစ်ရမယ်လို့ တတွတ်တွတ် ရေရွတ်ရင်း အိမ်အပြန် နောက်ဆုံး ရထားပေါ်တက်လာခဲ့တယ်။ ဖြစ်ချင်တော့ ရထားတစ်စီးလုံးဘယ်သူမှ မပါ၊ ကိုယ်တစ်ယောက်တည်းမှ တစ်ယောက်ထဲ။ ကိုင်လာတဲ့ သားရေအိတ်အနက်ကို ခပ်တင်းတင်းဆုတ်ပြီး ညနေကလို ရောင်စုံငှက်တွေ တောင်ပံတဖျတ်ဖျတ်ခတ်ပြီး ခေါင်းပေါ်ကို ပျံကာ ၀ဲကာနဲ့များ ရောက်လာအုံးမလားလို့ ဟိုမော့ကြည့် ဒီမော့ကြည့်နဲ့…


သက်ဝေ
(၂၆ ဇွန် ၂၀၁၄)

- ၂၀၁၄ စက်တင်ဘာလ - Idea Magazine တွင် ဖေါ်ပြပြီးဖြစ်သည်။

5 comments:

  1. ခေါင်းပေါ်မှာ အနားမှာ ငှက်တွေရောက်နေသလား မှတ်ရအောင် အရေးအသားက ဆွဲဆောင်နိုင်တယ်...
    စာများများရေးပါ သက်ရဲ့...

    ReplyDelete
  2. စာေ ရး သူ သ က်ေ ဝ ရဲ့ လ က် ရာ လို့ မှ တ် မိေ စ တဲ့ စာ တ စ် ပု ဒ် ပါ ပဲ
    စိ တ် ကူး နဲ့ အေ တွး ကို အံ့ သြ မိ ပါ တ ယ်
    အ မ် ာ း ႀကီ း ေ ရ း နို င် လိ မ့် မ ယ် လို့ ယုံ ကြ ည် ပါ တ ယ်
    မ် ာ း မ် ာ း ဖ တ် ခွ င့် ရ ဖို့ေ မျှာ် လ င့် ပါ တ ယ်

    ReplyDelete
  3. Such a nice essay, sis!

    Happy Blog Day To You! :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...